Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် ရောင်းချလျက်ရှိသည့် ရှမ်းပြည်ထွက်ကန်စွန်းဥများ

    တောင်ငူမြို့ ညောင်ပင်ဈေးသို့ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်နယ်ဒေသထွက် ကန်စွန်းဥများလည်း လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။

     ကန်စွန်းဥကို ပြုတ်၍သော်လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း၊ အခြောက်လှန်းပြီး ဆီနှင့်ကြော်စား၍သော်လည်း‌ကောင်း စားသုံးနိုင်ပါသည်။ ကန်စွန်းဥကိုပြုတ်၍ ဆီဆမ်းကာ သရေစာ အဖြစ် စားသုံးခြင်းကို အများကနှစ်ခြိုက်ကြပါသည်။

     ကန်စွန်းဥတွင် ရွှေဝါနှင့် ငချိပ်ဟူ၍ (၂)မျိုးရှိပြီး ၂၀၂၄ခုနှစ် စက်တင်ဘာလတတိယအပတ်တွင် ရွှေဝါကန်စွန်းဥ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်နှင့် ငချိပ်တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း ညောင်ပင်ဈေးရှိ ကန်စွန်းဥအရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

 

မင်းလှမြို့ တူးမြောင်းကျေးရွာရှိ တနိုင်တပိုင် ဗုံလုံသီးစိုက်ခင်း

     ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးသည် အိန္ဒိယတွင် စတင်ပေါ်ပေါက်လာသည်ဟု ယူဆကြသည်။ အမျိုးအစားများကို အတိအကျခွဲခြားထားခြင်းမရှိပေ။ ပူနွေးသောရာသီဥတုရှိသောဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းပြီး အအေးဒဏ်ခံနိုင်သောကြောင့် တောင်ဒေါ်ဒေသတွင်စိုက်ပျိုး၍ မဖြစ်ထွန်းပေ။ ပဲလင်းမြွေသီး(ခေါ်) ဗုံလုံသီးသည် မြေဩဇာအသင့်အတင့်ရှိပြီး ရေစီးရေလာကောင်းသော သဲမြေ၊ နုန်းမြေများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးသည် ပူနွေးသောရာသီဥတုကို နှစ်သက်သဖြင့် မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် စိုက်ပျိုးဖြစ်ထွန်းသည်။

      သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဗုံလုံသီးအား စိုက်ပျိုးလျက်ရှိရာ တူးမြောင်းကျေးရွာတွင်လည်း တနိုင်တပိုင်စိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးရာတွင် အလျား(၃၂)ပေ အနံ(၃)ပေအကျယ်ရှိသောမြေကွက်အား တူးဆွ၍ မြေဆွေးနှင့် မြေသားရောကာ စိုက်ဘောင်အမြင့် (၁)ပေပြုလုပ်၍ စိုက်ပျိုးကြောင်း သိရသည်။ ကျင်းဖြင့်စိုက်ပျိုးခြင်းလည်းရှိပြီး တကျင်းနှင့်တကျင်း (၅)ပေခွာ၍ တူးရသည်။ ကျင်းအနက်ကို (၁)ပေ - (၁)ပေခွဲ၊ ကျင်းအကျယ်(၂)ပေ ပတ်လည်တူးပြီး မြေဆွေးကိုကျင်းထိပ်အထိ ဖြည့်ရသည်။ ဗုံလုံသီးကို မျိုးစေ့အား ကျင်းသို့တိုက်ရိုက်ချ၍ စိုက်ပျိုးနိုင်ပြီး မြေပြုပြင်ထားသော စိုက်ဘောင်(သို့မဟုတ်) စိုက်ကျင်းတွင် မျိုးစေ့(၃-၄)စေ့ကို တစ်ကျင်းနှင့်တစ်ကျင်း (၅)ပေခွာထည့်၍ စိုက်ပျိုးရသည်။ (၁၀)ရက်ခန့်ကြာလျှင် အပင်ငယ်စတင်ပေါ်ထွက်လာမည်ဖြစ်ပြီး အပင်ငယ်များနွယ်တက်ရန် ဝါးခြမ်းစိုက်ပေးပြီး စင်တင်ပေးရမည်။  ကုန်ကျစရိတ်အနေဖြင့် အသီးမှ အစေ့များ မျိုးစေ့အဖြစ် ပြန်လည်စိုက်ပျိုးခြင်းကြောင့် ကုန်ကျမှုနည်းပါးခြင်း၊ မြေဆီမြေနှစ်မှာ ကောင်းမွန်၍ မြေဩဇာအနည်းငယ်ထည့်ရုံဖြင့် လုံလောက်ခြင်းကြောင့် ကုန်ကျစရိတ် နည်းပါးခြင်း၊ အပင်နွယ်တက်ရန် စင်တင်ရာတွင်အသုံးပြုသော ဝါးကပ်ခြမ်းကုန်ကျစရိတ် စသည်ဖြင့် (၅၀၀၀၀၀)ခန့် ကုန်ကျကြောင်း မင်းလှမြို့နယ်၊ တူးမြောင်းကျေးရွာရှိ တောင်သူတစ်ဦးထံမှ သိရှိရသည်။

       အသီးများကွေးကောက်မှုမရှိပဲ ဖြောင့်တန်းရန်အတွက် အသီး၏အောက်ဖျားတွင် ခဲဆွဲပေးရပါ မည်။ ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးသည် ဖြောင့်တန်းပါက (၅)ပေအထိရှည်လျားနိုင်သည်။ ထို့ကြောင့် ဗုံလုံသီးကို စင်ကိုအမြင့်တင်စိုက်ပျိုးရန် လိုအပ်ပါသည်။ ဗုံလုံသီးကို မိုးဦးကာလ မေလ၊ ဇွန်လများတွင် စိုက်ပျိုးပြီး အောက်တိုဘာလ၊ နိုဝင်ဘာလများတွင်လည်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၇)ပတ် (၈)ပတ်ခန့်တွင် အသီးများကို ဆွတ်ခူးတိုင်ပြီး အပင်များမနာစေရန် အသီး၏အညှာကို ဓား၊ ကတ်ကြေး တို့ဖြင့် ဖြတ်တောက်၍ ခူးရပါသည်။ ဗုံလုံသီးရာသီပေါ်ချိန်တွင် တစ်ဧကလျှင် အထွက်နှုန်းမှာ အတောင့် (၄၀၀၀၀)မှ (၅၀၀၀၀)နီးပါးခန့်အထိ ထွက်ရှိကြောင်း သိရှိရသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလ တတိယအပတ်တွင် လက်ကားဈေးအနေဖြင့် ဗုံလုံသီးအတောင့်(၁၀၀)လျှင် (၇၅၀၀)ကျပ်၊ လက်လီဈေးအနေဖြင့် မင်းလှမြို့မဈေးတွင် ဗုံလုံသီးငါးတောင့်ပါ တစ်စည်းလျှင် (၂၅၀၀)ကျပ်၊ တစ်တောင့်လျှင် (၇၀၀-၈၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) မင်းလှမြို့နယ်မှ ဗုံလုံသီးများကို ရန်ကုန်မြို့ သီရိမင်္ဂလာဈေး၊ မင်းလှမြို့တွင်းနှင့် အနီးနားရှိ မြို့နယ်၊ ကျေးရွာများသို့တင်ပို့လျက်ရှိကာ ဗုံလုံသီးစိုက်ပျိုးတောင်သူများ တွက်ခြေကိုက်သဖြင့် တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲတောင့်ရှည်သီးအကြောင်း

     ပဲ‌‌တောင့်ရှည်တွင် အပင်ပုမျိုး(နွယ်မဲ့)မျိုးနှင့် အပင်ရှည်မျိုး (နွယ်တတ်မျိုး)ဟူ၍ နှစ်မျိုးရှိပါသည်။  အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြရသည်။ အတောင့်အရောင်အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍  အမျိုးမျိုးရှိပါသည်။ ရာသီဥတုသင့်တင့်သောဒေသတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါ သည်။ ပဲတောင့်ရှည်ပင်စိုက်ပျိုးရာတွင် ရေမဝပ်စေရန် မြေကိုပြုပြင်ပေးရသည်။ မျိုးစေ့စိုက်ပျိုးရာတွင် အစိုဓာတ်များလွန်းလျှင် အစေ့များပုပ်သွားတတ်သည်။ ပဲစေ့စိုက်ပြီး(၇)ရက်အကြာတွင် အပင်စတင် ထွက်ပေါ်လာပြီး တစ်ပင်နှင့်တစ်ပင် တစ်ပေခြား၍ စိုက်ပျိုးရပါသည်။ အပင်ပေါက်ပြီး (၂၀)ရက်အကြာ တွင် မြေသြဇာထည့်ပေးရပါသည်။ ပေါင်းမြက်များကို နှိမ်နှင်းပေးရသည်။ အပွင့်ပွင့်ချိန်တွင် ပိုးမကျစေ ရန် ဂရုစိုက်ရသည်။ ပဲတောင့်ရှည်သီးတွင် သီးလုံးဖောက်ပိုးများ ကျရောက်တတ်သည့်အတွက် ပိုးသတ်ဆေးများ ပက်ဖြန်းကာကွယ်ရပါသည်။ ပဲတောင့်ရှည်ကို တစ်ရက်ခြား တစ်ခါခူးပေးရပါသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလတတိယအပတ်တွင် ပဲတောင့်ရှည် လက်ကားဈေးမှာ  တစ်တောင့်လျှင် (၁၂)  ကျပ်ဖြစ်ပြီး လက်လီဈေးမှာ (၁၅)ကျပ်ဖြင့် ပေးပို့ရောင်းချကြောင်း သီးနှံစိုက်ပျိုးသည့်တောင်သူများထံမှ သိရှိရပါသည်။ ပဲတောင့်ရှည်ပင်သည်  မိသားစုအတွက် အပိုဝင်ငွေရရှိသည့်အတွက် တောင်သူများအတွက် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။

DOCA(ပဲခူး)

 

ပဲခူးတိုင်းဒေသကြီးအတွင်း ဘဲဥများ အရောင်းသွက်နေ

     ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကမာစဲမြို့နယ်များရှိ ဘဲမွေးမြူရေးခြံများမှ ဘဲဥများအား သနပ်ပင်မြို့နယ်ရှိ ဘဲဥဒိုင်များသို့ နေ့စဥ် ဘဲဥ အလုံး (၃၀၀)တွဲ (၁၀)တွဲ၊ (၁၅)တွဲ ပေးပို့ရာ၌ ၂၀၂၄ခုနှစ် စက်တင်ဘာလတတိယအပတ်တွင် ဘဲဥတစ်လုံးလျှင် (၄၂၀)ကျပ်နှုန်းဖြင့် ဘဲဥအလုံး(၃၀၀)တွဲ တစ်တွဲလျှင် လက်ကားဈေး ကျပ် (၁၂၆၀၀၀) ဖြင့် ဖြန့်ဖြူးရောင်းချခဲ့ကြောင်း၊ နေ့စဉ်ဒိုင်ခွဲများသို့ ပေးပို့နေရသည့်အတွက် အရောင်းသွက်နေသဖြင့် လက်ကျန်မရှိကြောင်း ၊ ပဲခူးမြို့ပေါ်ရှိ ဘဲဥဒိုင်များမှ လက်ကားဈေးနှင့် လက်လီဈေးများအတွက် ဘဲဥတစ်လုံးလျှင် (၄၈၀)ကျပ်နှုန်းဖြင့် ရောင်းချခဲ့ပြီး  ပဲခူးမြို့ပေါ်ရှိ အိမ်ဆိုင်၊ ဈေးဆိုင်များက ဘဲဥတစ်လုံး လျှင် (၅၀၀) ကျပ်မှ (၅၅၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

 

DOCA(ပဲခူး)

ကဝမြို့နယ် ဒေသထွက် ငါးရံ့ငါးပိ ဈေးကွက်အတွင်း ဈေးကောင်းရရှိနေ

    မြန်မာလူမျိုးတို့၏ ထမင်းဝိုင်းများတွင် မပါမဖြစ်စားသုံးကြသည့်ငါးပိသည် မြစ်ဝကျွန်းပေါ် ဒေသများနှင့် ပင်လယ်ကမ်းရိုးတမ်းဒေသများတွင် ပေါများစွာ ထွက်ရှိလေ့ရှိရာ မြစ်ချောင်းများ ပေါများသည့် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်အတွင်း ထွက်ရှိသည့် ငါးပိအမျိုးအစားများစွာထဲမှ ငါးရံ့ ငါးပိသည် ဈေးကွက်အတွင်းဈေးကောင်းရရှိလျက်ရှိပြီး ဝယ်လိုအား အင်မတန်ကောင်းသည့် ထုတ်ကုန် ပစ္စည်းတစ်ခုအနေဖြင့် ရပ်တည်လျက်ရှိသည်။ ကဝမြို့နယ်တွင် ငါးရံ့ငါးပိကို ရေကျိုငါးပိနှင့် ငါးရံ့ငါးပိ ကောင်ဟူ၍ (၂)မျိုး ပြုလုပ်လေ့ရှိပြီး ဈေးကွက်အတွင်း ရောင်းချမှုအားကောင်းမှုနှင့် လူကြိုက်များ လေ့ရှိသည်မှာ ငါးရံ့ရေကျိုငါးပိဖြစ်ရာ ၎င်းရေကျိုငါးပိအား ငါးပိကြော်အဖြစ်လည်းကောင်း၊ ငပိချက်အဖြစ်လည်းကောင်း၊ ဟင်းခပ်အဖြစ်သော်လည်းကောင်း အမျိုးမျိုးစားသုံးလေ့ရှိကြသည်။

    ငါးရံ့ငါးပိပြုလုပ်ရန် ငါးရံ့ကောင်များကို ရေချိုအရပ်များဖြစ်သည့် အင်း၊ အိုင်၊ ချောင်း၊ မြောင်းများ  ၊ လယ်ကွင်းများထဲမှ ရရှိလေ့ရှိပြီး နှစ်ဆယ်သား၊ နှစ်ဆယ့်ငါးကျပ်သားရှိသည့် အကောင်များကို ရေကျိုငါးပိပြုလုပ်လေ့ရှိကြောင်းနှင့် အရွယ်အစားကြီးမားသည့် ငါးများအား ငါးပိကောင်အဖြစ် ပြုလုပ်လေ့ရှိကြောင်း ငါးရံ့ငါးပိပြုလုပ်သူတစ်ဦးထံမှ သိရသည်။

    ငါးရံ့ငါးပိပြုလုပ်သူများသည် ငါးရံ့ပေါများချိန် ဆောင်းဦးကာလခန့်က တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူ၍ ငါးပိပြုလုပ်ထားရှိခဲ့ပြီး ယခုစက်တင်ဘာလတတိယအပတ်တွင် ဈေးကွက် အတွင်း ငါးရံ့ရေကျိုငါးပိ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်နှုန်းနှင့် ငါးပိကောင်(၁)ပိဿာလျှင် (၁၀၀၀၀) ကျပ်နှုန်းအထိ ဈေးကွက်အတွင်း ဈေးကောင်းရရှိလျက်ရှိကြောင်းနှင့် မြန်မာလူမျိုးများ၏ ထမင်းဝိုင်းများတွင် ထမင်းကို အသား၊ ငါး၊ ဟင်းကျွေး ဟင်းလျာဖြင့် တွဲဖက်၍ စားသောက်ရသည့်တိုင်အောင် ငါးပိ၊ တို့စရာမပါရှိပါက တင်းတိမ်ကျေနပ်မှုမရှိကြသဖြင့် အခြားငါးပိများထက် အနံ့၊ အရသာလွန်စွာ ကောင်းမွန်ပြီး အာဟာရမျှတလှသည့် ငါးရံ့ငါးပိမှာ ဈေးကွက်အတွင်း၌ ဝယ်လိုအား၊ ရောင်းလိုအား ကျဆင်းသွားမှုမရှိဘဲ ဈေးကွက်အတွင်း ခိုင်မာစွာရပ်တည်နိုင်သည့် ကုန်ပစ္စည်းတစ်ခုဖြစ်ကြောင်း ငါးပိပြု လုပ်သူများနှင့် ငါးပိကုန်သည်များထံမှ သိရသည်။

DOCA(ပဲခူး)

 

ပဲခူးမြို့တွင် ငါးရံ့ခြောက်များ တစ်နိုင်တစ်ပိုင်ထုတ်လုပ်လျက်ရှိ

     ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးမြို့နယ်တွင် စက်တင်ဘာလအတွင်း ငါးရံ့ခြောက်ကို ဒေသထွက်ကုန် တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်ကို ခရီးသွားပြည်သူများအနေဖြင့် လက်ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိကြပါသည်။

      ၂၀၂၄ခုနှစ် စက်တင်ဘာလတတိယအပတ်တွင် ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့အစို တစ်ပိဿာကို ၇၀၀၀၀ကျပ်ဈေးမှ ၇၂၀၀၀ဈေးအထိ အကောင်ကြီး၊ သေးပေါ်မူတည်၍ ဝယ်ယူရပြီး အဆိုပါငါးအစိုကို ခွဲခြမ်းပြီးနေလှန်းရာတွင် ငါးခြောက်အဖြစ် ၃၅ ကျပ်သားသာ ထွက်ရှိပါသည်။ ငါးရံ့ခြောက်ထုတ်လုပ်သူများအနေဖြင့် ငါးရံ့အစိုတစ်ပိဿာကို အခြောက်ပြုလုပ်ရာ၌ ခန့်မှန်းကုန်ကျ ငွေ ၂၅၀၀၀ ကျပ်ဖြစ်ပြီး ငါးရံခြောက်တစ်ပိဿာ ၇၇၀၀၀ကျပ် မှ ၈၀၀၀၀ကျပ်ဈေးဖြင့်ရောင်းချရသည့် အပေါ် စီးပွားဖြစ်လုပ်ကိုင်သူများအတွက် တွက်ခြေကိုက်ပြီး တစ်ပိုင်တစ်နိုင် ထုတ်လုပ်သူများအတွက် အမြတ်အစွန်းအနည်းငယ်သာကျန်ရှိမည်ဖြစ်သော်လည်း ပဲခူးမြို့အတွင်း ငါးရံ့ခြောက်လုပ်ငန်းမှာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးခရိုင် စပါးအခြောက်ခံစက်လုပ်ငန်းအကြောင်း တစေ့တစောင်း

    ပဲခူးခရိုင်၊ ဘုရားကြီးမြို့တွင်တည်ရှိသောဦးဉာဏ်ထွန်း လုပ်ငန်းလုပ်ကိုင်နေသည့် စပါးအခြောက်ခံစက်လုပ်ငန်းအား မြေပြင်ကွင်းဆင်းတွေ့ဆုံလေ့လာခဲ့ရာတွင် ယခင်ကဦးဉာဏ်ထွန်းမှာ ဟာလာဆန်စက်များ ကြိတ်ခွဲထုတ်လုပ်နိုင်ရန် တပ်ဆင်ပေးသော လုပ်ငန်းလုပ်ကိုင်သည့် စက်ဆရာတစ်ဦးဖြစ်ပြီး သူ၏ကြိုးစားအားထုတ်မှု၊ လုပ်ငန်းကိုရိုးသားစွာလုပ်ကိုင်ဆောင်ရွက်ခဲ့သဖြင့် ယခုလုပ်ငန်း အား၂၀၁၅ခုနှစ်ခန့်တွင်စ၍လုပ်ကိုင်ခဲ့ပြီး နေရာထိုင်ခင်းအပါအဝင် မတည်ရင်းနှီးငွေကျပ်သိန်း၅၀၀ဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး တဖြည်းဖြည်းလုပ်ငန်းတိုးချဲ့လုပ်ကိုင်ခဲ့ကြောင်း၊ ယခုအခါတွင် လုပ်ငန်း လုပ်ကိုင်သည့်အဆောက်အဦ၊ စက်ပစ္စည်းများရင်းနှီးမြှုပ်နှံမှုတန်ဘိုးငွေအနေဖြင့် ကျပ်သိန်း၃၀၀၀ခန့် ရှိပါကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်မှုအနေဖြင့် မှာယူလိုသည့်ပစ္စည်းများကို မိမိ၏ကိုယ်ပိုင်အလုပ်ရုံတွင်သာ လုပ်ကိုင်ပြီး လုပ်ငန်းပြီးစီးမှသာမှာယူသောနေရာသို့ သွားရောက်တပ်ဆင်ပေးပါကြောင်း ထုတ်လုပ်မှုအနေဖြင့် ၁၅တန်(စပါးတင်း၆၅၀)အခြောက်ခံနိုင်သောစက်ပစ္စည်းတစ်မျိုးတည်းသာ ထုတ်လုပ်ပြီး အသုံးပြုသောကုန်ကြမ်းသံပြားကို ပြည်တွင်းရန်ကုန်မြို့ တောင်ဒဂုံစက်မှုဇုံမှ ဝယ်ယူရရှိပါကြောင်း၊ ယခုအခါတွင်လုပ်သားအခက်အခဲအနည်းငယ်ရှိပြီး လက်ရှိလုပ်သား (၁၀)ဦးခန့်ရှိကြောင်း လုပ်အားခအနေဖြင့်တစ်ရက် ထမင်းနှစ်နပ်ကျွေး ၉၀၀၀ကျပ်နှင့် ၁၀၀၀၀ကျပ်ခန့်ပေးရပါကြောင်း တစ်လလျှင် အခြောက်ခံစက်(၄)ခုပြီးစီးထုတ်လုပ်နိုင်ပြီး ကုန်ကျငွေမှာ တစ်ခုလျှင် ကျပ်သိန်း(၂၈၀)ခန့် ကုန်ကျပြီး စက်တစ်ခုလျှင်ကျပ်သိန်း(၃၂၀)ဖြင့် ပြန်လည်တပ်ဆင်ပေးပါသဖြင့် တစ်ခုလျှင် ကျပ်သိန်း (၄၀)ခန့် အကျိုးအမြတ်ရရှိနိုင်ပါကြောင်းနှင့် ယခုလုပ်ငန်းကဲ့သို့   MSMEလုပ်ငန်းများ  ဖွံဖြိုးတိုးတက်လုပ်ဆောင်နိုင်ရေးအတွက် ဆက်လက်လေ့လာ၍ အားပေးဆောင်ရွက်သင့်ပါကြောင်း လေ့လာတွေ့ရမှုအား တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

မြင်းခြံမြို့နယ်၏ ငါးမျိုးစုံဈေးနှုန်းများ

    မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသောငါးမျိုးစုံမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင့်တိုင်မြို့နယ်၊ ဗဟိုစံပြဈေးကြီးမှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ငါးအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ငါးကြင်းမျက်ဆံနီ(အကောင်လိုက်)တစ်ပိဿာလျှင်(၈၅၀၀/၉၅၀၀)ကျပ်၊ ငါးကြင်းဖြူ(အကောင်လိုက်)တစ်ပိဿာလျှင်(၁၀၀၀၀/၁၂၀၀၀)ကျပ်၊ ငါးမြင်း(အကောင်လိုက်) တစ်ပိ ဿာလျှင် (၆၅၀၀/၇၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာ (၈၅၀၀/၉၀၀၀)ကျပ်၊ ငါးကြင်းရွှေဝါတစ်ပိ ဿာလျှင်(၇၀၀၀/၇၅၀၀)ကျပ်၊ ငါးကြင်းဖြူ ခုတ်သားတစ်ပိဿာလျှင်(၁၇၀၀၀/၁၉၀၀၀)ကျပ်၊ ငါးကြင်းခြစ်တစ်ပိဿာ(၁၇၀၀၀/၁၉၀၀၀)ကျပ်၊ ပုဇွန်ထုတ်အလတ်တစ်ပိဿာလျှင်(၃၅၀၀၀/ ၃၉၀၀၀)ကျပ်များဖြင့် အသီးသီးရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

  ယခင်လတတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ငါးအမျိုးအစားအလိုက် ဈေးနှုန်းများမှ ငါးကြင်မျက်ဆံနီ(အကောင်လိုက်) တစ်ပိဿာလျှင်(၈၀၀၀/၉၀၀၀)ကျပ်၊ ငါးကြင်းဖြူ(အကောင် လိုက်)တစ်ပိဿာလျှင်(၁၀၀၀၀/၁၁၀၀၀)ကျပ်၊ ငါးမြင်း(အကောင်လိုက်)တစ်ပိဿာလျှင်(၅၅၀၀ /၆၅၀၀)ကျပ်၊ ငါးခူတစ်ပိဿာ (၇၅၀၀/၈၅၀၀)ကျပ်၊ ငါးကြင်းရွှေဝါ(အကောင်လိုက်) တစ်ပိဿာ လျှင်(၆၀၀၀/၆၅၀၀)ကျပ်၊ငါးကြင်းဖြူ ခုတ်သားတစ်ပိဿာလျှင်(၁၆၀၀၀/၁၈၀၀၀) ကျပ်၊ ငါးကြင်းခြစ် တစ်ပိဿာ(၁၆၀၀၀/၁၈၀၀၀)ကျပ်၊ ပုဇွန်ထုတ်အလတ်တစ်ပိဿာလျှင်(၂၈၀၀၀/ ၃၂၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေ‌ကြောင်း သိရှိရပါသည်။

   ဩဂုတ်လတတိယပတ်နှင့် စက်တင်ဘာလ တတိယပတ်တို့အတွင်း ရောင်းဝယ်မှုဖြစ်ခဲ့သောဈေးနှုန်းများကို ကာလတိုနှိုင်းယှဉ်ပါက ယခုစက်တင်ဘာလတတိယပတ်တွင် ဖြစ်ပေါ်ပြောင်းလဲခဲ့သော ငါးအမျိုးအစားအလိုက် ငါးကြင်းမျက်ဆံနီ၊ ငါးမြင်း၊ ငါးခူးနှင့် ငါးကြင်းရွှေဝါတို့မှာ တစ်ပိဿာလျှင်(၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ ငါးကြင်းဖြူ၊ ငါးကြင်းဖြူခုတ်သားနှင့်ငါးကြင်းခြစ်(အသား)တို့မှာ တစ်ပိဿာလျှင်(၁၀၀၀)ကျပ် မြင့်တက်ခဲ့ကြောင်း၊ ပုဇွန်ထုတ်အလတ်တစ်ပိဿာလျှင်(၇၀၀၀) ကျပ်ထိ အသီးသီးဈေးနှုန်မြင့်တက်ခဲ့ခြင်းမှာ မိုးများ၍ မြစ်ရေကြီးခြင်းကြောင့်ဖြစ်ပြီး၊ ငါးအကြီး၊ အသေးအရွယ်အစားပေါ်လိုက်၍လည်း ဈေးနှုန်းအနည်းငယ်ကွာခြားကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစဉ်းငုံသီးနှံများ ဈေးကောင်းရရှိမှုကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးလာ

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အညာတောင်သူများ၏ အဓိကစိုက်ပျိုးသီးနှံများအနက် တစ်ခုဖြစ်သည့် ပဲစဉ်းငုံသီးနှံများအောင်မြင်ဖြစ်ထွန်းခဲ့၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းခဲ့ကြပြီး၊ ဈေးကောင်းရရှိသဖြင့် ၂၀၂၃ ခုနှစ်၊ ပဲစဉ်းငုံစိုက်တောင်သူများ အဆင်ပြေကြကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်နှင့် အနီးဝန်းကျင်ဒေသ အညာတောင်သူများသည် နှစ်စဉ်မြေပဲသီးနှံ၊ နှမ်းသီးနှံနှင့်ပဲစဉ်းငုံသီးနှံတို့ကို အဓိကထားစိုက်ပျိုးကြပြီး အခြားသီးနှံများဖြစ်သည့် ပြောင်း၊ ပဲတီစိမ်းတို့ကို သီးညှပ်အဖြစ်ထည့်သွင်းစိုက်ပျိုးကြ၍ ပြောင်းသီးနှံကို နွားစာအဖြစ်သာ စိုက်ပျိုးကြကြောင်းသိရသည်။ အဆိုပါစိုက်ပျိုးသည့်သီးနှံများကို မိုးလေမှန်ကန်ပါက ဧပြီလလယ်ခန့်နှင့်မေလဆန်းပိုင်းတို့တွင် မြေပဲ၊ နှမ်းသီးနှံများဖြင့် တချိန်တည်းစိုက်ပျိုးလေ့ရှိကြကြောင်း၊ နှမ်းသီးနှံများ ရိတ်သိမ်း၊ ရောင်းချပြီးချိန်တွင် မြေပဲသီးနှံကို ဆွတ်ချွေကြကြောင်း၊ အဆိုပါနှမ်းသီးနှံနှင့်မြေပဲသီးနှံများ ရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလလယ်ခန့်တွင် တစ်နှစ်တာအတွက် နောက်ဆုံးကျန်ရှိသည့် ပဲစဉ်းငုံကို စတင်ရိတ်သိမ်းလေ့ရှိကြကြောင်းနှင့် ၂၀၂၃ ခုနှစ် ပဲစဉ်းငုံဈေးမှာ ပေါ်ဦးပေါ်ဖျားမှ ယနေ့ထိ တစ်တင်းလျှင် ငွေကျပ်တစ်သိန်းနှင့်တစ်သိန်းအထက် ရရှိနေသဖြင့် တောင်သူများအဆင်ပြေ ကြကြောင်းသိရသည်။ ယခု ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ပဲစဉ်းငုံတစ်တင်း လျှင်(၁၄၇၀၀၀၊ ၁၅၀၀၀၀)ကျပ် ဝန်းကျင်များဖြင့် အရောင်းအဝယ်ပြုလုပ်လျှက်ရှိကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ပဲစဉ်းငုံလက်ကျန်အနေဖြင့် (၉၀၀၀၀)ပိဿာ ကျော်ခန့်သာ လက်ကျန်ရှိကြောင်းသိရသည်။ အညာတောင်သူများသည် ပဲစဉ်းငုံသီးနှံကို ပြည်တွင်းသုံးစွဲရန်သာမက ပြည်ပဈေးကွက်အတွက် အားထားစိုက်ပျိုးကြပြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသအခေါ် ကိုင်းတစ်ရာမျိုးနှင့် မုံရွာရွှေဒင်္ဂါးမျိုးတို့ကို အဓိကစိုက်ပျိုးကြ ကြောင်းသိရှိရပါသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစဉ်းငုံကို တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဧက(၇၅၄၂၇)ဧက စိုက်ပျိုးရန်လျာထားခဲ့သော်လည်း ယခင်နှစ်က ဈေးကောင်းရရှိမှုကြောင့် (၈၄၆၆၆)ဧက စိုက်ပျိုးခဲ့ကြကြောင်း၊ လျာထားချက်ထက် (၉၂၃၉)ဧက ပိုမိုစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နေ့စဉ်ဝင်ငွေရသည့် တစ်နိုင်တစ်ပိုင် ငါးပိခြင်းတောင်း၊ ငါးခြောက်ခြင်းတောင်းလုပ်ငန်း

    ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သံတံတားရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် အိမ်တွင်းလုပ်ငန်းဖြစ်သော ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်းရက်လုပ်သော လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

    အဆိုပါ ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်း ရက်လုပ်ရာတွင် အသုံးပြုရသော ကုန်ကြမ်းမှာ ဝါးဖြစ်ပြီး ကုန်ကြမ်းကို ဒေသတွင်းရှိ ဝါးဆိုင်များမှ ဝယ်ယူရရှိပါသည်။ ခြင်းတောင်းတစ်ခြင်း ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်အနေဖြင့် ၃၅၀ဝကျပ်ခန့်ကုန်ကျပြီး ၂၀၂၄ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် ခြင်းတစ်ခြင်းရောင်းရငွေမှာ ၄၅၀ဝကျပ်ခန့်ရရှိသည့်အတွက် ခြင်းတစ်ခြင်းရောင်းရငွေ အကျိုးအမြတ်မှာ ၁၀၀ဝကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။ တစ်နေ့လျှင် ခြင်း(၁၀)ခြင်းခန့် ထုတ်လုပ်နိုင်ပြီး ဒိုက်ဦးမြို့နယ်အတွင်းရှိ ငါးပွဲရုံများနှင့် ငါးပိပွဲရုံများသို့ ပေးပို့‌ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိတွင် အဆိုပါ ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်း ရက်လုပ်သော လုပ်ငန်းကို လုပ်သား (၅)ဦးခန့်ဖြင့် မိသားစု တစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း