Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့တွင် ဖယောင်းတိုင်၊ ဆီမီးခွက်နှင့် ရေနံဆီမီးခွက်များ အရောင်းဝယ်သွက်လျက်ရှိ

     ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် ပုသိမ်မြို့ရှိ ဈေးနှင့် စတိုးဆိုင်များတွင် ဖယောင်းတိုင်အထုပ်များ အရောင်းအဝယ်သွက်လျက်ရှိရာ ဖယောင်းတိုင်အသေး (၃၂)တိုင်ပါ တစ်ထုပ်လျှင် ၁၃၀၀ ကျပ်၊ ဖယောင်းတိုင်(၃၂)တိုင်ပါ တစ်ထုပ်လျှင် ၂၂၀၀ ကျပ်၊ ဖယောင်းတိုင်အကြီး (၃၆)တိုင်ပါတစ်ထုပ်လျှင် ၄၅၀၀ ကျပ်ဈေးရှိပြီး  အရောင်းဝယ်အသွက်ဆုံးတံဆိပ်များမှာ အုန်းနှစ်ပင်၊ နေလတံဆိပ်တို့ဖြစ်ပါသည်။ ဘုရားမီးပူဇော် ခြင်းနှင့် မီးထွန်းရာတွင် ဆီမီးခွက်နှင့် ရေနံဆီမီးခွက်များကိုလည်း အသုံးပြုလျက်ရှိရာ ဆီမီးခွက်တစ်ခွက်လျှင် ၉၀မှ ၁၀၀ကျပ် ဈေးနှုန်းနှင့် ရေနံဆီမီးခွက် တစ်ခွက်လျှင် ၁၄၀-၁၅၀ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်၏ မတ်ပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ တတိယပတ်အတွင်း၌ ဈေးနှုန်းများမှာ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ၉၅၀၀၀ကျပ်၊ မတ်ပဲထွက်တိုးတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

    မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလ တတိယပတ်အတွင်း မတ်ပဲ(ဂျပန်) တစ်တင်းလျှင် ငွေကျပ်(၂၀၀၀)၊  မတ်ပဲထွက်တိုးတစ်တင်းလျှင် ငွေကျပ်(၂၀၀၀) မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ညောင်ဇင်ကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ တတိယပတ်အတွင်း၌ ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၆၅၀၀၀)ကျပ်၊ ပဲတီစိမ်းထွက် တိုးအလုံးလှတစ်တင်းလျှင် (၇၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးနှုန်းပိုမိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

      စက်တင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလ တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၅၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၃၀၀၀)ကျပ်မြင့်တက်၍ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

                            

ကန့်ဘလူခရိုင်တွင် အစေ့ထုတ်ပြောင်းသီးနှံများ စတင်ရိတ်သိမ်းလျက်ရှိ

         မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ စတင်ရိတ်သိမ်းလျက်ရှိကြောင်းသိရသည်။

          အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစတင်၍ ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး၊ စိုက်ပျိုးမှုအတွက် မျိုး၊သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ်၆၈၀၀၀၀ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၄၉တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ တတိယပတ်တွင် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် ငွေကျပ်၂၆၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

         အကျိုးအမြတ်အနေဖြင့် အစေ့ထုတ်ပြောင်းတစ်ဧကလျှင်ငွေကျပ်၅၉၀၀၀၀ခန့်အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အစေ့ထုတ်ပြောင်းဈေးနှုန်းများသည် ယခင်နှစ်ကာလတူထက် ဈေးကောင်းရရှိသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ နှမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

         မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းများကိုလည်းစိုက်ပျိုးကြကြောင်းသိရသည်။ ယခုအခါ နှမ်းများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသောနှမ်းဈေးနှုန်းများမှာ စက်တင်ဘာလ တတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် ၁၈၀၀၀၀ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင်၁၃၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

         ယခုလအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများသည် ယခင်နှစ်ကာလတူထက် ဈေးကောင်းရရှိသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းအခြေအနေ

         မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်းသိရသည်။

         ၂၀၂၄ခုနှစ်၊ စက်တင်ဘာ တတိယပတ်အတွင်းဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ငွေကျပ်၈၀၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် ငွေကျပ်၃၀၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် ငွေကျပ်၂၀၀၀ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်   ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းရွက်များကို ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး စက်တင်ဘာလ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများနှင့်နှိုင်ယှဉ်ပါက ယခုအပတ်အတွင်း ကွမ်းဝင်ရောက်မှုများပြားသော်လည်း ကွမ်းဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းရွက်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

မြိတ်ဒေသထွက် ကွမ်းသီးစျေးနှုန်းစျေးကွက်

   ကွမ်းသီးသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အများဆုံးထွက်ရှိပြီး အခြားတိုင်းနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြပါသည်။ ကွမ်းသီတင်ပို့ရောင်းချရာတွင် ကွမ်းသီးခြောက်၊ ခွဲခြမ်းနှင့် ကွမ်းသီးအနုများဟူ၍ အမျိုးမျိုးရောင်းချလျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ အဓိကတင်ပို့ရောင်းချလျက် ရှိကြပါသည်။

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ (၁၉.၉.၂၀၂၄)ရက်နေ့ရှိ ကွမ်းသီးစျေးနှုန်းသည် ကွမ်းသီး ခြောက်တစ်ပိဿာလျှင် (၈၅၀၀)ကျပ်ခန့်၊ ခွဲခြမ်းတစ်ပိဿာလျှင်(၄၅၀၀)ကျပ်ခန့်နှင့် ကွမ်းသီးအနု တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ခန့် ဖြစ်ပေါ်နေပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပုသိမ်မြို့ ပြောင်းဖူးဈေးနှုန်းဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပြောင်းဖူးကို အိမ်မဲမြို့နယ် ၊ ရေကြည်မြို့နယ် ၊ ကျောင်းကုန်းမြို့နယ်များတွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ ပြောင်းဖူးမျိုးစေ့အဖြစ် လေယာဉ် အမှတ် တံဆိပ်ကိုအသုံးပြုပြီး တစ်ထုပ်လျှင်(၂၈၀၀)ကျပ်ပေးရကြောင်း၊ တစ်ဧကလျှင် (၆-၇)ထုပ်စိုက်ရပါသည်။ စိုက်ပျိုးပြီး (၇)ရက်အကြာတွင် အပင်ပေါက်၍ ပေါင်းပင်များကို (၁၅)ရက်ကြာလျှင် ပေါင်းမြတ်ရှင်းရပါသည်။ ရက်(၆၀)ခန့်အကြာတွင် စတင်ခုတ်ပြီး ရောင်းချပါသည်။

   ပုသိမ်မြို့တွင် ရောင်းချနေသောပြောင်းဖူးဈေးနှုန်းမှာ စက်တင်ဘာလ ၊ တတိယအပတ်တွင် ပြောင်းဖူး ( အဝါ )တစ်ဖူးလျှင် (၅၀၀)ကျပ်ဖြစ်ပြီး(၁၀) ဖူးဈေးမှာ (၄၀၀၀) ကျပ်ဈေးနှုန်းဖြစ်သည်။ ပြောင်းဖူး(အဖြ)တစ်ဖူးလျှင် (၄၀၀) ကျပ်ဖြစ်ပြီး (၁၀)ဖူးဈေးမှာ (၃၅၀၀) ကျပ်ဖြစ်ပါသည်။

     ပြောင်းဖူးသည် လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ပြောင်းဖူးကိုပြုတ်၍သော်လည်းကောင်း ၊ ကြော်၍သော်လည်းကောင်း ၊ မီးဖုတ်၍သော်လည်းကောင်း စားသုံးကြပါသည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် သတ္တုဓာတ်ကြွယ်ဝခြင်း သွေးအားနည်းရောဂါကာကွယ်ပေးခြင်း နှလုံးကျန်းမာစေခြင်း အမျှင်ဓာတ်ပြည့်ဝခြင်းစသည့် ကောင်းကျိုးများရရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကောင်းရရှိနေသည့် ပုသိမ်မြို့ရှိ ငရုတ်သီးဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ပုသိမ်မြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် ငရုတ်သီးနှံများကို စိုက်ပျိုးမြေအနေအထား အပေါ်မူတည်၍ စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရာတွင် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်တန်း စိုက်ပျိုးခြင်း၊ နှစ်ပင်တန်းစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုး စိုက်ပျိုးကြပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဒေသခေါ်တောင်ယာငရုတ်သီးများ ပေါ်ဦးပေါ်ဖျား ပေါ်ချိန်ဖြစ်၍ ယခုနှစ်တွင် အသီးအထွက်နှုန်းလည်းကောင်းကာ ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိသည်။

    မြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တွဲဖက် ကာ ငရုတ်စိုက်ပျိုးသည့် လုပ်ငန်းကို နှစ်စဉ်လုပ်ကိုင် စိုက်ပျိုးကြကာ ငရုတ်သီးကို ဒေသနေ ပြည်သူများအနေဖြင့် ထမင်းဝိုင်းတွင်မပါမဖြစ် စားသုံးကြကြောင်း၊ ထမင်းလည်းမြိန်ကာ တောင်ယာငရုတ်သီးကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ လူကြိုက်များသည့် မီးဖိုချောင်သုံးသီးနှံဖြစ်ကာ ဈေးကောင်းလည်းရရှိသဖြင့် စိုက်ပျိုးရောင်းချသူများ ယခင်နှစ်ထက် ပိုများလာကြောင်း သိရသည်။

    ငရုတ်သီးမှာလည်း မိုးမျှော်ငရုတ်သီး၊ ငရုတ်သီးအရှည်၊ ငရုတ်သီးအပု၊ငရုတ်သီးအပွဆိုပြီး အမျိုးမျိုးရှိပြီး ဈေးနှုန်းများအနေဖြင့် မိုးမျှာ်ငရုတ်သီးလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၉၀၀၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင်   (၁၀၀၀၀) ကျပ်၊ ငရုတ်သီးအရှည် လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှင့်လက်လီဈေးနှုန်း(၆၀၀၀)ကျပ်၊ ငရုတ်သီးအပု လက်ကား ဈေးနှုန်း တစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှင့် လက်လီဈေးနှုန်း(၅၀၀၀)ကျပ်၊ ငရုတ်သီးအပွ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

DOCA(ဧရာဝတီ)

 

ပုသိမ်မြို့ရှိ ခရမ်းချဉ်သီးဈေးကွက်

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ရှိ ကျေးလက်ဒေသများရှိ ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။

    ဈေးနှုန်းအနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ အလုံးအလတ်ဈေးနှုန်း တစ်ပိဿာ   (၄၀၀၀) ကျပ် ဖြစ်ပြီး ယခုအခါ ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ အလုံးအလတ်ဈေးနှုန်း တစ်ပိဿာလျှင် (၄၅၀၀) ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

       ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဩဂုတ်လ  နောက်ဆုံးပတ်နှင့် စက်တင်ဘာလ ပထမပတ်ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရပါသည်။  

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း