Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော ပဲစင်းငုံနီဈေးနှုန်းဈေးကွက်

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲစဉ်းငုံနီဈေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းနေခဲ့သော်လည်း အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ကုန်စည်ဒိုင်တွင်သာမက အပြင်ပွဲရုံများတွင်လည်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

     စက်တင်ဘာလ(ဒုတိယပတ်)တွင်  ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲစင်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၁၆၃၀၀၀)၊ (တတိယပတ်)တွင် ကျပ်(၁၅၈၈၀၀)ဖြစ်နေပြီး (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၄၂၀၀)ကျပ်ခန့်ဈေးကျနေသော်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်၌ အရောင်းအဝယ်သွက်နေသည့်မြေပဲ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ဆီထွက်သီးနှံမျိုးစုံနှင့် ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်သို့ နေ့စဉ်ဆီထွက်သီးနှံမြေပဲစိုက်ပျိုးမှုများသော မြိုင်၊ ပေါက်၊ ရေစကြို၊ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ လောင်းရှည်၊ ရေနံချောင်းမြို့နယ်များနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော မြေပဲ(အသစ်)ပဲများဖြစ်သည့် မြေပဲဆံ(အဖြူ)၊ မြေပဲဆံနီ (လုံးကြီး)များ မြေပဲအတောင့်ခြောက်များ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ပတ်အတွင်း အိတ်ရေ (၃၀၀၀)ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၄ခုနှစ်၊ ဩ‌ဂုတ်လ(ဒုတိယပတ်)မှစ၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာ မြေပဲလုံးဆံ တစ်ပိဿာလျှင် အမြင့်ဈေးကျပ်(၁၁၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဩဂုတ်လ(စတုတ္ထပတ်)တွင် မြေပဲ(အသစ်)များ လှိုင်လှိုင်ပေါ်ချိန်ရောက်ရှိ၍ ဈေးအနည်းငယ်ကျဆင်းလာပြီး မြေပဲလုံးဆံ တစ်ပိဿာလျှင် ကျပ်(၉၈၀၀-၉၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာလ (ပထမပတ်)တွင် ဈေးဆက်လက်ကျဆင်းပြီး မြေပဲလုံးဆံတစ်ပိဿာလျှင် ကျပ်(၈၈၀၀-၈၅၀၀)ထိ အရောင်းအဝယ်ဖြစ်ပြီး (ဒုတိယပတ်)တွင် ဈေးကွက်သို့ မြေပဲဝင်ရောက်မှုနည်းလာ၍ ဈေးအနည်းငယ် ပြန်လည်မြှင့်တက်ခဲ့ကြောင်း၊ (တတိယပတ်)တွင် မြေပဲဆံ(နီ)လုံးဆံ တစ်ပိဿာ လျှင် ကျပ်(၉၅၀၀-၉၁၀၀)၊ ဆီဆံတစ်ပိဿာလျှင်  ကျပ်(၈၅၀၀-၈၂၀၀)၊ မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာလျှင် ကျပ် (၉၂၀၀-၉၀၀၀)၊ ဆီဆံတစ်ပိဿာလျှင် ကျပ်(၈၀၀၀-၇၈၀၀)ဈေး ဖြင့် အရောင်းအဝယ်ဖြစ်ပြီး တစ်လအတွင်း မြေပဲဆံ တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် ဈေးကျဆင်းကြောင်း၊ မြေပဲတောင့် အခြောက်ဈေးကွက်အနေဖြင့် မြေပဲအောင်မြင်မှု အရည်အသွေးမှုတည်၍ မြေပဲ (၈)ပိဿာဝင် တစ်တင်းလျှင် ကျပ်(၃၅၀၀၀-၃၃၀၀၀-၃၀၀၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ပဲခွဲစက်၊ ဆီစက်လုပ်ငန်းရှင်များ၊ မြေပဲဆားလှော်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ ပခုက္ကူဈေးကွက်သို့ရောက်ရှိသည့် မြေပဲအတောင့်နှင့်အဆံများ ဝင်သလောက်အရောင်းအဝယ်ဖြစ်ကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

 DOCA(မကွေး)

ပခုက္ကူဈေးကွက်တွင် ခရမ်းချဉ်သီးဈေးနှုန်းပြန်လည်မြင့်တက်နေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်သို့ ခရမ်းချဉ်သီးများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများတွင် ခရမ်းချဉ်သီး စိုက်ပျိုးရာသီချိန်မဟုတ်၍ သီးနှံထွက်ပေါ်မှုမရှိသေးခြင်းကြောင့် ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများနှင့် ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)မှစ၍ ခရမ်းချဉ်သီးတစ်ပိဿာ ကျပ် (၃၅၀၀-၄၀၀၀)ဈေးဖြင့် ဈေးတက်ပြီးအရောင်းအဝယ်ဖြစ်ခဲ့ရာ ဇူလိုင်(စတုတ္ထပတ်)တွင် ဈေးကွက်သို့ ခရမ်းချဉ်သီးများ ဝင်ရောက်မှုများခြင်းကြောင့် ဈေးအနည်းငယ်ကျဆင်းပြီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုစက်တင်ဘာလ(တတိယပတ်)တွင် မိုးများစွာရွာသွန်း၍ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ခရမ်းချဉ်သီးများ ဝင်ရောက်မှုနည်း၍ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၄၀၀၀-၃၀၀၀)ထိ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှု

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်နီပွဲရုံဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိမှုများသော အနောက်ပိုင်းရွာ သစ်ရပ်ကွက်နှင့် ဂွေးပင်၊ ချတောက်ရွာသစ်၊ ရွာသာအေး၊ အနောက်ကံတွင်း၊ အနောက်ကမ်းဖြူ၊ ပေတောကျေးရွာများနှင့် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်းမြို့များမှ ထွက်ရှိသော ကြက်သွန်နီ များလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊  ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီပိဿာချိန်(၃)သိန်းခွဲခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုများ၍ ဆက်သွယ်ရေးအခက်အခဲများကြောင့် ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းကြောင်း သိရှိရပါသည်။

    ဈေးနှုန်းဈေးကွက်အနေဖြင့် စက်တင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားလိုက်၍ ကြက်သွန်နီတောဈေး(ဂျွန်) တစ်ပိဿာလျှင် ကျပ်(၁၈၀၀ - ၁၄၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံမှ ပြန်လည်သန့်စင်ပြီး ရောင်းချရာတွင် ကြက်သွန်နီ တစ်ပိဿာ လျှင် ကျပ်(၂၄၀၀ - ၂၀၀၀) ဈေးဖြင့် ဒေသတွင်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ကုန်စည်စီးဆင်းမှုအနေဖြင့် ဒေသတွင်းကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တစ်ပတ်အတွင်း ကားအစီး(၃၀)ခန့် တင်ပို့ပြီး မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ စက်တင်ဘာလ(ဒုတိယပတ်)တွင်  ကြက်သွန်နီ ကုန်ချိန်ပိဿာ (၃)သိန်းခွဲ၊ တန်ချိန်အားဖြင့် (၅၇၂)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ  သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့နယ်၌ ပဲကြီးသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကိုးတောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ အောက်ဆိပ်၊ မြင်ကဝ၊ ဆူးလေကုန်း၊ ကမ္ဘားကြီးကျေးရွာများတွင် နှစ်စဉ် ပဲမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲကြီးသီးနှံကိုလည်း (၇၀)ဧကခန့်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ပဲကြီးသီးနှံသည် သဲဆန်သည့် မြေအမျိုးအစားများတွင် စိုက်ပျိုးမှုများကြောင်း၊ ပဲကြီးဖြူ(အလုံးကြီး) မျိုးကို နွားရှဉ်းဖြင့် ထယ်ချောင်းဆွဲ၍ လေးကွက်ကြားစနစ်ဖြင့် စူးထိုးပြီး အစေ့ချ၍ နှစ်တောင်ကြားစိုက်ပျိုးကြောင်း၊ ယခင်နှစ်က အောက်တိုဘာလကုန်ပိုင်းတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် သီးနှံရိတ်သိမ်းကြောင်း၊  စိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် မျိုးစေ့(၈)ပြည်ခန့်ကုန်ကျပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်(၅)သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် တင်း(၂၀ - ၂၂) တင်းခန့် ထွက်ရှိကြောင်း၊ သီးညှပ်သီးနှံအဖြစ် ဗမာပြောင်းဖူးမျိုုးကို စိုက်ပျိုးကြောင်း၊ ပဲကြီးသီးနှံမှာ တစ်ပင်လုံးအသီးရင့်ပြီး ခြောက်သည်အထိထားရှိ၍ သက်တမ်း(၄)လခန့် ကြာမြင့်ကြောင်း သိရှိရပါသည်။

  ဈေးနှုန်းအနေဖြင့် ယခင်နှစ်ကဒေသတွင်းသီးနှံပေါ်ပြီး ဈေးကွက်သို့ရောက်ရှိချိန် မတ်လတွင် ပဲကြီးဖြူ(အလုံးကြီး) တစ်တင်းလျှင် ကျပ်(၇၅၀၀၀)ဖြင့် ရောင်းချရပြီး စက်တင်ဘာလ (ပထမပတ်) တွင် ကျပ်(၈၀၀၀၀)၊ (ဒုတိယပတ်)တွင် ကျပ်(၈၅၀၀၀)ဈေးဖြင့် ရောင်းချရပြီး ဈေးနှုန်း ဆက်လက်မြင့်တက်ခဲ့ရာ စက်တင်ဘာ(တတိယပတ်)တွင် ကျပ်(၉၀၀၀၀) ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၁၁)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဒေသတွင်းပဲကြီးစိုက် တောင်သူများအနေဖြင့် ထွက်ရှိသောပဲကြီးကို သီးနှံပေါ်ချိန်မှစ၍ လက်ကျန်နည်းချိန်အထိ ဈေးနှုန်းဈေးကွက်ပေါ်မူတည်၍ တစ်စုတစ်စည်းတည်း ရောင်းချခြင်းမရှိဘဲ အကြိမ်ကြိမ်ခွဲ၍ ရောင်းချကြောင်း သိရှိရပါသည်။

   ဈေးကွက်အနေဖြင့် ဒေသတွင်းထွက်ရှိသည့် ပဲကြီးများကို မြို့ပေါ်ရှိပဲကြော်ပဲလှော် လုပ်ငန်းရှင်များမှဝယ်ယူကြောင်း၊ ချောက်မြို့ရှိပွဲရုံသို့လည်း ရောင်းချလျက်ရှိပြီး ထိုမှတစ်ဆင့် ဒေသ တွင်းနေရာအနှံ့အပြား ရောင်းချကြောင်း သိရှိရပါသည်။ ပဲကြီးသီးနှံကုန်ကြမ်းမှ တစ်ဆင့်ထုတ်လုပ်ရရှိသော ပဲခြမ်းကြော်၊ ပဲပူးကြော်အမျိုးမျိုးနှင့် ပဲကြီးလှော်စသည့် စားသောက်ကုန်များသည် မြန်မာလူမျိုးများအတွက် ရိုးရာအခြေခံစားကုန်တစ်မျိုးဖြစ်ခြင်းကြောင့် နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်း၊ ယခုအချိန်တွင် ပဲကြီးလက်ကျန်နည်းပြီး ဈေးနှုန်းတရိပ်ရိပ်မြင့်တက်လာ၍ စိုက်တောင်သူများမှာ ရာသီဥတုအပေါ်မူတည်၍ ဆောင်းအဝင် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းတွင် ပဲကြီးသီးနှံများကို စိုက်ပျိုးရရှိသည့်မြေများတွင် တိုးချဲ့စိုက်ပျိုးရန် မြေပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပေါက်မြို့နယ်၌ မြေပဲသီးနှံကို (သီးထပ်)အဖြစ် နှစ်ကြိမ်စိုက်ပျိုးလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ဒေသခံစိုက်ပျိုးရေး တောင်သူများအနေဖြင့် မြေအောက်ရေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီမပြတ် ယောချောင်းနှင့် ကျောချောင်းကို အမှီပြု၍ ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး ဆန်စပါး၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံများအပြင် ဆီထွက်သီးနှံမြေပဲကိုလည်း ဒုတိယအများဆုံး စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရှိရပါသည်။ ယခင်နှစ်က မြေပဲသီးနှံကို တစ်နှစ်လျှင် တစ်ကြိမ်သာစိုက်ပျိုးကြသော်လည်း ယခု၂၀၂၄ခုနှစ်တွင် မိုးမြေပဲနှင့် ဆောင်းမြေပဲကို စိုက်ဧက(၃၅၀၀)ခန့် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

   ဆောင်းမြေပဲကို စက်တင်ဘာလဆန်းတွင် မြေပြန်လည်ပြုပြင်ပြီး ထွန်ချောင်းဆွဲ၍ အလုပ်သမားငှားရမ်းပြီး အစေ့ချစိုက်ပျိုးပြီး ဒီဇင်ဘာလလယ်တွင် ထွက်ပေါ်မည်ဖြစ်ကြောင်း၊ တစ်ဧက လျှင် မျိုးစေ့ (၂)တင်းခန့်ကုန်ကျပြီး (၁)ပြည်လျှင် ကျပ်(၂၅၀၀၀)ဖြင့် ဝယ်ယူရကြောင်း၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် တစ်ဧကလျှင် ကျပ်(၁၂)သိန်းခန့်ကုန်ကျကြောင်း သိရှိရပါသည်။

   မိုးမြေပဲထွက်ရှိသည့် ဩဂုတ်လတွင် မြေပဲတောင့်အခြောက်တစ်တင်းလျှင် ကျပ်(၈၀၀၀၀)၊ မြေပဲလုံးဆံတစ်ပြည်လျှင် ကျပ်(၂၀၀၀၀)၊ မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၄၂၀၀၀)ဈေးဖြင့် ရောင်းချရကြောင်း၊ မြို့ပေါ်ရှိဆီစက် လုပ်ငန်းရှင်များမှ ဝယ်ယူကြောင်း၊ အချို့တောင်သူများမှလည်း မြေပဲအတောင့်ရောင်းချခြင်းမရှိဘဲ ကိုယ်တိုင်ဆီကြိတ်၍ ရောင်းချကြောင်း၊ ဒေသတွင်း၌သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ဧကလျှင် တင်း(၃၂)တင်းခန့်ထွက်ရှိပြီး ကျပ်(၁၃၀၀၀၀) ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ပေါက်မြို့နယ်အတွင်း နယ်မြေအခြေအနေအရ ဈေးနှုန်းကြီးမြင့်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 DOCA(မကွေး)

အထက်မင်းလှမြို့နယ်၌ မိုးမြေပဲများထွက်ရှိ၍ ဈေးကောင်းရလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ တောင်ဦးကျေးရွာ၌ မိုးမြေပဲစိုက်ဧက(၅၀)ဧကခန့်ကို တောင်သူ(၂၅)ဦးမှ ၂၀၂၄ခုနှစ်၊ မေလကုန်တွင် စိုက်ပျိုးခဲ့ပြီး ယခု စက်တင်ဘာလ (ဒုတိယပတ်)တွင် စတင်ခူးဆွတ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

   တောင်ဦးကျေးရွာနေ တောင်သူဒေါပြုံးကြည်က ၎င်းအနေဖြင့် မိုးမြေပဲ(၃)ဧကခန့်ကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးရာ (၁)ဧကလျှင် မျိုး(၂)ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးအနေ ဖြင့် မကွေး(၁၆)မျိုးကို မင်းလှမြို့စိုက်ပျိုးရေးဦးစီးဌာနမှ အခမဲ့ရရှိကြောင်း၊  (၁)ဧကလျှင်  လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ကျပ်(၅)သိန်း ခန့်ကုန်ကျ ကြောင်း၊ အထွက်နှုန်းအနေဖြင့် (၃၅)တင်းထိထွက်ရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်(၉၀၀၀၀၀) ခန့်ရှိပါကြောင်း၊ စက်တင်ဘာလ(တတိယပတ်)အတွင်း မြေပဲတောင့်(၁)တင်း လျှင် ကျပ်(၃၅၀၀၀-၄၀၀၀၀)ဈေးရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချပါကြောင်း၊ ယခုနှစ်တွင် မိုးမြေပဲထွက်ပေါ်ချိန်တွင် ဈေးကောင်းရလျက်ရှိသောကြောင့် မိုးမြေပဲစိုက်တောင်သူ များအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်၌ မိုးခရမ်းချဉ်သီး(ထိုင်ဝမ်မျိုး)စိုက်ပျိုးမှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာ၌ နှမ်း၊ နေကြာ၊ ဝါ၊ ကြက်သွန်နီ၊ မြေပဲနှင့် အခြားသီးပင်စားပင်များကို ရာသီအလိုက် စိုက်ပျိုးကြပြီး မိုးခရမ်းချဉ်သီး (ထိုင်ဝမ်မျိုး) စိုက်ဧက(၁၃)ဧကခန့်ကို တောင်သူ(၁၀)ဦးမှ ၂၀၂၄ခုနှစ်၊ ဩဂုတ်လကုန်တွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

    မယ်ဇလီတောကျေးရွာနေ တောင်သူဦးဝင်းသိန်းက ၎င်းအနေဖြင့် မိုးခရမ်းချဉ်သီး(၂)ဧကခန့်စိုက်ပျိုးထားပြီး (၁)ဧကလျှင် မျိုးစေ့ထုပ်(၆)ထုပ်မှ (၈)ထုပ်ထိကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့အားပျိုးထောင်ပြီး အပင်(၂၅)ရက်သားအရွယ်တွင် မြေချ၍ ဘောင်တင်စနစ်ဖြင့် စိုက်ပျိုးကာ အပင်သက်တမ်း(၉၀)ရက်သားတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ မျိုးစေ့(၁)ထုပ်လျှင် ကျပ်(၂)သောင်း မှ (၃)သောင်းထိပေးရပြီး မင်းလှမြို့စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူပါကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးဖိုး၊ လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၂၈)သိန်း မှ (၃၀)ကြားကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် ပိဿာချိန်(၅)ထောင် မှ(၁)သောင်းထိထွက်ရှိပြီး (၁)ပိဿာလျှင် ကျပ်(၁၂၀၀ မှ ၁၈၀၀)ထိဈေးရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ဈေးနှင့် မန်းသံပုရာကန်ရေနံချက်စက်ရုံ(PIC)ဈေးသို့ တင်ပို့ရောင်းချကြောင်း၊ ခရမ်းချဉ်သီးမှာ မိုးရာသီတွင်စိုက်ပျိုးရာ၌ အပင်ဖြစ်ထွန်းမှုနည်းပြီး အသီးအထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရရှိတတ်ပြီး ဆောင်းရာသီတွင်မူ အထွက်နှုန်းကောင်း၍ ဈေးကောင်းရရှိမှု နည်းပါးကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၌ အရောင်းအဝယ်ဖြစ်နေသော မြေပဲလုံးဆံ ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ မကွေးဈေးကွက်သို့ မကွေး၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်းနှင့် မင်းဘူးမြို့နယ်များရှိ ကျေးရွာများမှ ထွက်ရှိသည့် မြေပဲသီးနှံ(မြေပဲလုံးဆံဖြူ၊ မြေပဲ လုံးဆံနီ၊ မြေပြန့်လုံးဆံ)များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

   ဈေးနှုန်းများအနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)အတွင်း မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ငွေကျပ်(၈၅၀၀-၈၈၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ငွေကျပ်(၈၆၀၀-၈၉၀၀)၊  AK တစ်ပိဿာလျှင် ငွေကျပ်(၆၅၀၀-၆၆၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပြည်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ဒေသတွင်း ဆီကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း၊ မြေပဲအသစ်များ ထွက်ပေါ်ချိန်ဖြစ်သော်လည်း ဈေးကွက်ဝယ်လိုအားကောင်းခြင်းတို့ကြောင့် မြေပဲဈေးနှုန်းများအနည်းငယ်မြင့်တက်လာကြောင်း မကွေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိ ဈေးများတွင် ရာသီစာမျှစ်များထွက်ပေါ်၍ ဈေးကောင်းရနေ

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ကန်သာဈေး၊ မြို့မဈေး၊ ရန်ပယ်ဈေးနှင့် ရန်ကင်းဈေးများတွင် သဘာဝအလျှောက်ပေါက်ရောက်ပြီး မိုးရာသီတွင် ထွက်ပေါ်သည့်မျှစ်များ အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

     မကွေးမြို့ပေါ်ရှိဈေးများသို့ ဒေသတွင်းမှထွက်ရှိသည့်မျှစ်များ နေ့စဉ် ကုန်ချိန် (၅၀၀၀-၇၀၀၀)ခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)အတွင်း မျှစ်ပြုတ် တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၅၀၀၀)၊ မျှစ်ချဉ် တစ်ပိဿာလျှင် ကျပ် (၄၀၀၀-၄၅၀၀)၊ မျှစ်ရေစိမ်ကျ တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၆၀၀၀)ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

  ရာသီပေါ်ချိန်တွင် မျှစ်များ ပို၍စားကောင်းသဖြင့် အိမ်ရှင်မများမှလည်း မျှစ်များကို ကြော်ချက်၍သော်လည်းကောင်း၊ မျှစ်ထောင်းသုပ်၍သော်လည်းကောင်း၊ ငပိရည်တို့စရာအဖြစ် လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးလေ့ရှိကြောင်း သိရှိရပါသည်။

(DOCA)မကွေး

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း