Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့ပေါ်တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းဈေးကွက်

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြေသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ယောဒေသများတွင် ဆောင်းစိုက်၊ ပင်စိုက်များနှင့် (မိုးစိုက်၊ ဥစိုက်)များကို ဧက(၂၀၀၀၀)ခန့်စိုက်ပျိုးခဲ့ကြောင်းသိရသည်။ ယခုစက်တင်ဘာလတွင် ကြက်သွန်နီဈေးနှုန်းများ ဈေးငြိမ်နေပြီး ကြက်သွန်နီအဝင်မှာနည်းနေကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှ သိရှိရပါသည်။ ပခုက္ကူကြက်သွန်နီကုန်ဝယ်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများသာမက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုလဲနယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦးခရိုင်အတွင်းကျေးရွာမှ ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်းကုန်စည်ဒိုင်မှသိရှိရပါသည်။

          ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ် (၁၉၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၆၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၁၃၀၀)ဖြစ်ပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့သည့်ကုန်ချိန်မှာ တစ်နေ့လျှင် ပိဿာချိန် (၃၀၀၀၀) မှ (၈၀၀၀၀) ထိဖြစ်နေကြောင်း၊ မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင်ရောင်းချနေသော ကြက်သွန်နီ လက်ကားဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၄၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၂၀၀၀)၊ အနိမ့်တစ်ပိဿာလျှင်ကျပ် (၁၆၀၀-၁၈၀၀)တို့ဖြင့်ရောင်းချနေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန် ဘုရင့်နောင်၊ မြဝတီမြို့များသို့တင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

အရှိန်အဟုန်မပြတ် ဈေးကွက်သွက်လျက်ရှိတဲ့ နှမ်းနက်(စမုန်)

       မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်မှ ၂၀၂၄ခုနှစ်အတွင်း စိုက်ပျိုးထွက်ရှိသည့် သိပ္ပံနှမ်းနက်(ခေါ်)နှမ်းနက်(စမုန်)များသည် ဩဂုတ်လလယ်ပိုင်းမှစ၍ အောင်လံမြို့ပေါ်ဈေးကွက်သို့ စတင်ဝင်ရောက်လာခဲ့ကြောင်းသိရသည်။ ယခင်၂၀၂၃ခုနှစ် နှမ်းစိုက်ဧကမှာ (၅၈၈၃၃)ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် စိုက်ဧကမှာ(၅၈၉၀၅)ခန့်ရှိကြောင်း၊ ရိတ်သိမ်းချိန်တွင်လည်း (၁)ဧကလျှင် (၆)တင်းမှ (၁၀)တင်းထိထွက်ရှိကြောင်းသိရသည်။

         ဈေးကွက်စတင်ချိန် ဩဂုတ်လ(တတိယပတ်)တွင် (၄၅)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၅၁၂၀၀၀) ဈေးရရှိခဲ့ပြီး စက်တင်ဘာလ(ပထမပတ်)တွင် ကျပ်(၆၁၂၀၀၀)ထိဈေးမြင့်ခဲ့ကြောင်း၊ (တတိယပတ်)တွင် ကျပ်(၅၇၀၀၀၀)ထိဈေးကျဆင်းခဲ့ကြောင်းသိရသည်။ သိပ္ပံနှမ်းနက်(ခေါ်) နှမ်းနက်(စမုန်)များကို ဂျပန်သို့တင်ပို့မည့်  Triple Fish၊ အောင်ကျွန်းသာ၊ တိုးတက်လင်း၊ ပြည့်ဖြိုးအောင်ကုမ္မဏီများမှဝယ်ယူကြပြီး တရုတ်ဝယ်လက် မန္တလေးကုန်သည်ကြီးများကလည်းဝယ်ယူကြောင်းသိရှိရသည်။

          ဈေးကွက်အနေဖြင့် တောင်တွင်းကြီး၊ ဆင်ပေါင်ဝဲ၊ သရက်မြို့နယ်များမှ အောင်လံဈေးကွက်သို့ နေ့စဉ် နှမ်းဝင်ရောက်မှုများရှိပြီး အောင်လံမှ ရန်ကုန်မြို့တင်ပို့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများသို့တင်ပို့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၌ အာလူးဈေးနှုန်းမြင့်တက်လျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ဇေယျာသီရိဈေး၌ မကွေးမြို့၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် တောင်ကြီးမြို့တို့မှ အာလူးများဝင်ရောက်ပြီး ယခုအပတ်တွင်  အရောင်းအဝယ်အနေဖြင့် အေးလျက်ရှိကြောင်းသိရသည်။

          ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် ကျပ်(၈၀၀၀)ဖြင့်ရောင်းချလျက်ရှိရာ ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကျပ်(၄၀၀၀)မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိသည့်အတွက်  သယ်ယူစရိတ်မြင့်မားလာပြီး အာလူးဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပုသိမ်မြို့တွင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဈေးကွက်

         ပုသိမ်မြို့အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရောင်းအဝယ်ပြုလုပ်နေသော ဈေးကွက်တွင် ယခင်ဩဂုတ်လပိုင်း ကြံနီတံဆိပ်၊ အယ်လ်ဖာတံဆိပ် ဘိလပ်မြေဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ် (၁၁၀၀၀)၊ သဲတစ်ကျင်းလျှင် ကျပ် (၁၀၀၀၀)၊ အုတ်တစ်လုံးလျှင် ကျပ် (၂၀၀) ဈေးနှင့် ထုံးတစ်အိတ်လျှင် ကျပ် (၄၅၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်မှသိရသည်။

         စက်တင်ဘာလတွင် ကြံ့နီတံဆိပ်၊ အယ်လ်ဖာတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်၁၂၈၀၀၊ သံတစ်ကျင်းလျှင် ကျပ်၂၀၀၀၀၊ အုတ်တစ်လုံးလျှင် ကျပ်၂၅၀နှင့် ထုံးတစ်အိတ်လျှင် ကျပ် (၄၈၀၀) ဖြစ်သွားသည့်အတွက် ဩဂုတ်လဈေးနှုန်းနှင့် စက်တင်ဘာလဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဘိလပ်မြေတစ်အိတ်လျှင် ကျပ် (၂၈၀၀)၊ သဲတစ်ကျင်းလျှင် ကျပ် (၁၀၀၀၀)၊ အုတ်တစ်ကျင်းလျှင် ကျပ် (၅၀) နှင့် ထုံးတစ်အိတ်လျှင် ကျပ် (၃၀၀) ဈေးနှုန်းဖြင့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ ပြည်ပဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော ပီလောပီနံမှုန့်

         ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ ပြည်ပဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော စက်မှုကုန်ကြမ်းသီးနှံ ပီလောပီနံကို ကျုံပျော်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ လေးမျက်နှာ မြို့နယ်များတွင် အများဆုံးစိုက်ပျိုးထုတ်လုပ်၍ တိုင်းအတွင်း ပီလောပီနံစိုက်ဧက (၃၀၀၀၀) ခန့်ရှိပြီး ယခင်နှစ် ကျုံပျော်ခရိုင်တွင် စိုက်ဧက (၂၀၀၁၅) ရှိခဲ့ပြီး ပိဿာချိန် (၁၁၂၉၃၇၅၉၃) ထွက်ရှိခဲ့ကြောင်းသိရသည်။

        ကျုံပျော်ခရိုင်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် ပီလောပီနံစိုက်ဧက ၂၀၀၁၅လျာထား၍ ယခုအချိန် ၁၉၆၅၆ဧကစိုက်ပျိုးပြီးစီးကြောင်း ပီလောပီနံကို မေလမှ ဇွန်လအတွင်း စိုက်ပျိုးလျက်ရှိပြီး ဒီဇင်ဘာလမှ မတ်လအတွင်းတူးဖော်၍ ပီလောပီနံအမှုန့်ကြိတ်ခွဲသည့် စက်ရုံများမှ ကုန်ချော (ပီလောပီနံမှုန့်) ပြုလုပ်၍ ပြည်ပနှင့်ပြည်တွင်းဈေးကွက်တွင် ရန်ကုန်၊ မန္တလေး၊ အခြားမြို့များသို့ မုန့်လုပ်ငန်းနှင့် စက်မူဇုန်ုများသို့ ချိတ်ဆက်ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

          ပီလောပီနံအမှုန့်ကို သာကူစေ့ပြုလုပ်ခြင်း၊ မုန့်အမျိုးမျိုးတွင် ထည့်သွင်းအသုံးပြုခြင်းနှင့် အရက်ချက်လုပ်ငန်းများတွင် သုံးစွဲလျက်ရှိပြီး ပီလောပီနံမှ ကလောမှုန့်ပြုလုပ်၍ ကျန်ရှိသည့် ပီလောပီနံစစ်ဖတ်များကို လက်တစ်ဆုပ်စာအလုံးများပြုလုပ်ပြီး အခြောက်လှမ်းကာ တိရစ္ဆာန်အစာအဖြစ် အသုံးပြုလျက်ရှိကြောင်းသိရသည်။

         ယခင် ၂၀၂၃ခုနှစ်တွင် ပီလောပီနံမှုန့် (၁) ပိဿာလျှင် (၂၇၀၀/၂၈၀၀) ကျပ်ဈေးမှ ယခု ၂၀၂၄ခုနှစ်တွင် ပီလောပီနံမှုန့် ၁ပိဿာလျှင် (၂၃၅၀/၂၄၀၀) ကျပ်ဖြစ်သွား၍ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ယခင်နှစ်  ပီလောပီနံစစ်ဖတ်အလုံး ၁တင်းလျှင် (၃၅၀၀/၃၈၀၀) ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခု၂၀၂၄ခုနှစ်တွင် (၁၇၀၀/၁၈၀၀) ကျပ်ဈေးနှုန်းဖြစ်သွားသည့်အတွက် ယခင်နှစ်ထက် ဈေးနှုန်းလျော့နည်းသော်လည်း ပီလောပီနံကြိတ်ခွဲသည့်စက်များနှင့် ကုန်သည်များမှာ ထိုက်သင့်သလောက် အကျိုးအမြတ်ရရှိပြီး ပီလောပီနံအမှုန့်မှာ ဈေးကွက်ဝယ်လိုအားနည်းပါးခြင်း၊ တိရစ္ဆာန်အစာဝယ်လိုအားနည်းပါးခြင်းကြောင့် ဈေးကွက်တွင် အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြမြို့နယ်တွင် ပြည်တွင်းပြည်ပ အရောင်းအဝယ်သွက်နေသည့် ကွမ်းသီးဈေးကွက်

         ဧရာဝတီတိုင်းဒေသကြီးအတွင်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသော ကွမ်းသီးစိုက်ဧက ၂၁၈၆၂ဧကရှိပြီး မြောင်းမြမြို့နယ်တွင် ကွမ်းသီးစိုက်ဧက ၃၅၆၉ဧကစိုက်ပျိုးလျက်ရှိရာ ကွမ်းသီးထွက်ရှိချိန် ကွမ်းသီးအနု (အရည်သောက်) များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ကွမ်းသီးအရင့်များမှာ ဒေသတွင်းစားသုံးရန် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

       တရုတ်နိုင်ငံဈေးကွက်တွင် မြောင်းမြကွမ်းသီးကို ကြိုက်နှစ်သက်မှုရှိပြီး ဝယ်လိုအားရှိသည့်အတွက် မြောင်းမြမြို့မှာ ကွမ်းသီးနု (အရည်သောက်) အဓိကအရောင်းအဝယ်ဖြစ်သည့် ဒေသတစ်ခုဖြစ်၍ ကွမ်းသီးအနု (အရည်သောက်) ထွက်ရှိချိန် မတ်လမှ ဩဂုတ်လအတွင်း မြောင်းမြမြို့ပေါ်တွင် အဝယ်ဒိုင်များဖွင့်လှစ်ဝယ်ယူလျက် ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး ယခင်နှစ် ကွမ်းသီအနု (အရည်သောက်) တစ်ပိဿာကို ကျပ်၃၃၀၀ဈေးဖြင့် ဝယ်ယူလျက်ရှိသော်လည်း ယခုနှစ် ကွမ်းသီးအနု (အရည်သောက်) တစ်ပိဿာလျှင် ကျပ် ၁၀၆၀၀ဈေးရရှိ၍ ကွမ်းသီးစိုက်ပျိုးသည့်တောင်သူများ တွက်ချေကိုက်လျက်ရှိပြီး ကွမ်းသီးအရင့်ဈေးနှုန်းမှာ ယခင်နှစ်က တစ်ပိဿာလျှင် ကျပ် (၆၀၀၀) ဈေးရှိခဲ့ပြီး ယခုနှစ်တွင် ကျပ်၁၀၀၀၀ဈေးရရှိသည့်အတွက် ကွမ်းသီးစိုက်ပျိုးသောတောင်သူများ ဈေးကောင်းရလျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့ရှိ ကွန်စွန်းဥဈေးနှုန်း

       ကန်စွန်းဥကို မြန်မာပြည်ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ကန်စွန်းဥသည် မြေကြီးထဲတွင်   အမြစ်တွယ်ကာ ပေါက်ရောက်တတ်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး  မြန်မာလူမျိုးများ နှစ်ခြိုက်စွာစားသုံးလေ့ရှိသော   သစ်ဥ၊ သစ်ဖု၊  သစ်မြစ်များထဲတွင် ကန်စွန်းဥလည်း   တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကန်စွန်းဥတွင် အာဟာရဓာတ်များနှင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိကြကာ ၎င်းဓာတ်များက လူသားတို့အတွက် ကျန်းမာရေးတော်တော်များများကို ကောင်းကျိုးပြုပေးနိုင်သည်။ မြန်မာပြည်တွင်း ဌာနေကန်စွန်းဥမျိုးမှာ  လိမ္မော်ရောင်နှင့် အဖြူရောင်တို့ဖြစ်ကြပြီး ဂျပန်နိုင်ငံမျိုးကန်စွန်းဥမှာ ခရမ်းရောင်ဖြစ်သည်။ ထိုခရမ်းရောင်ကန်စွန်းဥထဲတွင် antioxidant နှင့်  anti-inflammatory  ဓာတ်များ ကြွယ်ဝစွာပါရှိသဖြင့် ကျန်းမာရေးအတွက် ပိုမိုအစွမ်းထက်မြက်စေပါသည်။ ကန်စွန်းဥကိုစိုက်ပျိုးရာတွင် သဲမြေ၊ နုန်းမြေများတွင်စိုက်ပျိုးကြပြီး ကန်စွန်းညွန့်ကိုယူ၍ စိုက်ပျိုးကြပါသည်။ အပင်များအား စိုက်ပျိုးရာတွင် ပေါင်များပြုလုပ်ပြီး မြေများအားပြုပြင်၍ ၅ပေအကျယ်တွင် စိုက်ပျိုးရပါသည်။ အပင်များအား စိုက်ပျိုးပြီး မြေပြင်မှ အပင်များထွက်ပေါ်လာသည့်အခါ အပင်ခြေတွင် မြေများဖို့ပေးရပါသည်။ အပင်စိုက်ပြီး အစောပိုင်းတွင် ပေါင်းမြက်များ မကြာခဏရှင်းပေးရပါသည်။ အပင်စိုက်ပြီး နှစ်လခွဲအကြာတွင် အပင်ခြေရင်း၌ မြေများဖို့ပေးရပါသည်။ ကန်စွန်းဥများအား ဈေးကောင်းရရန်အတွက် မရင့်မီ အရွယ်ရောက်သောဥများကို စောစွာတူးဖော်၍ ရောင်းချရပါသည်။

          ကန်စွန်းဥကို ပြုတ်စားခြင်း၊ ကြော်စားခြင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသောက်၍ရပါသည်။ ကန်စွန်းဥများအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သဲမြေ၊ နုန်းမြေရရှိသောဒေသများတွင်  အများအပြားစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ကန်စွန်းဥများအား ဒေသဈေးကွက်အတွင်း တင်ပို့ရောင်းချလျက်ရှိပြီး ပုသိမ်မြို့ပေါ်ရှိ ဈေးများတွင် ကန်စွန်းဥတစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

နတ်တလင်းမြို့နယ်တွင် ဩဇာသီးများထွက်ရှိလာ

       နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်တင်ဘာလ ပထမပတ်မှစတင်၍ ဩဇာသီးများ စတင်ထွက်ရှိလျက်ရှိပါသည်။ ဩဇာပင်ကို နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဧကလိုက်စိုက်ပျိုးခြင်းမရှိဘဲ စီးပွားဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ မျိုးစေ့ကို ပျိုးထောင်၍စိုက်ပျိုးကြပြီး ဒေသမျိုးများကိုသာစိုက်ပျိုးကြပါသည်။

          နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ရာသီဥတုနှင့် မြေဩဇာကောင်းမွန်မှုအပေါ်မူတည်၍ အရွယ်ရောက်ပြီး ဩဇာပင်တစ်ပင်လျှင် တစ်နှစ်လျှင် ပျမ်းမျှအလုံးရေ (၁၀၀)ခန့်ထွက်ရှိကြောင်း သိရသည်။ ယခင်နှစ်ဩဇာသီး စတင်ထွက်ရှိချိန်တွင် အလုံးအရွယ်အစားကိုလိုက်၍ ဩဇာသီးတစ်လုံးလျှင် ငွေကျပ် (၄၀၀­-၅၀၀)နှုန်းပေါက်ခဲ့သော်လည်း ယခုနှစ်ဩဇာသီး စတင်ထွက်ရှိချိန်တွင် အလုံးအရွယ်အစားကိုလိုက်၍ ဩဇာသီးတစ်လုံးလျှင် ငွေကျပ် (၇၀၀­-၁၀၀၀)နှုန်းဖြင့် ဈေးကောင်းရရှိခဲ့ပြီး ယခုစက်တင်ဘာလ တတိယပတ်တွင် ဩဇာသီးများ လှိုင်လှိုင်ထွက်ရှိလာသဖြင့် ဩဇာသီးတစ်လုံးလျှင် ငွေကျပ် (၃၀၀-၅၀၀)နှုန်းပေါက်ဈေးရှိသဖြင့် ဈေးအနည်းငယ်ကျဆင်းသွားကြောင်းသိရပါသည်။ ဈေးနှုန်းအနည်းငယ်ကျဆင်းသွား၍ လက်ဆောင်ပေးရန်နှင့် စားသုံးရန် ဝယ်ယူမှုများရှိသဖြင့် အရောင်းသွက်လျက်ရှိကြောင်းသိရပြီး ဒေသတွင်းမြို့နယ်များနှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

စက်မှုလုပ်ငန်းများမှ လယ်ယာသုံး စက်ကိရိယာများအား တောင်သူလိုအပ်ချက်နှင့်အညီ ထုတ်လုပ်ပေးလျက်ရှိ

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်လမ်းရှိ  ဦးလှကြိုင်နှင့်သားများ  “ အားမာန်ခေတ်” စက်မှုသံဂဟေဆက်လုပ်ငန်း၊ လုပ်ငန်းရှင် ဦးစိုးပိုင်နှင့်တွေ့ဆုံ၍  လယ်ယာသုံးစက်ကိရိယာများထုတ်လုပ်နေမှုအခြေအနေများအား မေးမြန်းခဲ့ပါသည်။

         “အားမာန်ခေတ်” စက်မှုသံဂဟေဆက်လုပ်ငန်းမှထုတ်လုပ်နေသော လယ်ယာသုံးစက်ကိရိယာများသည် တောင်သူများ၏ စိုက်ပျိုး၊ ရိတ်သိမ်းမှုနှင့် ကိုက်ညီအဆင်ပြေသည့် စပါးခြွေ စက်၊ ပဲခြွေစက်၊ ကောက်ရိတ်စက်၊ လယ်ယာသုံးထွန်စက်၊ စပါးသယ်ယူသည့်ပုံးများအား ထုတ်လုပ်ရောင်းချခြင်းအပြင် ပြင်ဆင်ပေးမှုများပြုလုပ်ခြင်းတို့ကို  ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

          ယခုနှစ် ပဲ၊ စပါးရာသီအတွက် လယ်ယာသုံးစက်ကိရိယာ အစီး(၂၀)ထုတ်လုပ်ပြီး အများအားဖြင့် ပဲခြွေစက်နှင့် စပါးသယ်ပုံးများဖြစ်ပါသည်။ ယခုစက်တင်ဘာလတွင် ရောင်းချနေသော လယ်ယာသုံးစက်ကိရိယာဈေးနှုန်းများမှာ ပဲခြွေစက်တစ်စီးလျှင် ငွေကျပ် သိန်း (၁၅၀) ဖြစ်ပြီး ယခင်နှစ်ဈေးနှုန်းမှာ ငွေကျပ် သိန်း (၇၀-၈၀)သာရှိကြောင်း၊ စပါးပုံးတစ်ခုလျှင် ငွေကျပ် (၁၆)သိန်းဖြင့် ထုတ်လုပ်ရောင်းချနေကြောင်းသိရပါသည်။ စပါးရိတ်သိမ်းကာလတွင် စပါးသယ်ယူရာ၌ တောင်သူအများစု၏ လယ်ယာများထွန်စက်ဘီးကျွံမှုကြောင့် မြောင်းများဖြစ်ပေါ်ကာ လယ်ယာပျက်စီးခြင်းမှသက်သာစေပြီး အချိန်မီသယ်ယူမှုမြန်ဆန်သည့် ချိန်းဘီး၊ ချပ်ပြားဘီးများပါဝင်သည့်  စက်တွဲပုံးများတီထွင်ပြီး စမ်းသပ်ထားမှုအား အငှားစနစ်ဖြင့် ဆောင်ရွက်နေကြောင်းသိရပါသည်။ လာမည့်စပါးစိုက်ပျိုးကာလ၌ ထွန်ပြီး၊ အစေ့ချ၊ ပြန်ဖုံးစနစ်အားတီထွင်၍ စမ်းသပ်သွားမည်ဖြစ်ကြောင်းနှင့် ပင်ကြား၊ တန်ကြား ပေါင်ပင်များ တောင်သူများ တမန်းပြင်အချိန်ကုန်သက်သာ၍  တောင်သူများကြိုက်နှစ်သက်သည့် ခေတ်စနစ်နှင့်အညီထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်းသိရပါသည်။

         ထိုကဲ့သို့ စွန့်ဦးတီထွင်စမ်းသပ်မှုတွင်  ရင်းနှီးရသောငွေကြေး၊ လုပ်သား၊ အချိန်တို့အတွက်  ခေတ်မီစက်ကိရိယာများဖြစ်သည့်  (ဥရောပ၊ စပိန်) နိုင်ငံထုတ်ဖြတ်စက်၊ ဖောက်စက်တို့အတွက် ငွေကျပ် သိန်း(၁၅၀၀)ခန့်ကုန်ကျခံ၍ ရင်းနှီးရမှုအပေါ်  လုပ်ငန်းတွင်ကျယ်စွာဆောင်ရွက်နိုင်ကြောင်းသိရပါသည်။

       တောင်သူများအသုံးပြုနေသည့် တန်ဖိုးကြီးလယ်ယာသုံးစက်ကိရိယာများ ပျက်စီးမှု၏ စက်အစိတ်အပိုင်းများပြုပြင်ရာတွင် စက်အပိုပစ္စည်းများကို  တရုတ်နိုင်ငံမှ မှာယူရင်းနှီးရသည့်  အခက်အခဲများရှိကြောင်းနှင့် သံဂဟေ၊ တွင်ခုံ၊ စက်မှုလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်လာသည်မှာ   နှစ် (၃၀)ခန့်ဖြစ်၍ စွန့်ဦးတီထွင်မှု၊ စမ်သပ်မှုများ ဒီဇိုင်းများအားလည်း လုပ်ငန်းရှင်များကိုယ်တိုင်ဖန်တီးမှုများရှိနေ၍ အခြားသောလုပ်ငန်းတူများမှ  တုပမှုများမပြုနိုင်ရေး မူပိုင်ခွင့်ရယူသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေး ငွေကြေးရင်းနှီးမှုများလည်းလိုအပ်ကြောင်း လုပ်ငန်းရှင်ထံမှသိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့ထွက် ဩဇာသီးဈေးနှုန်းဈေးကွက်

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ ဩဇာသီးများသည် ကျွန်းကုန်းကြီးကျေးရွာ၊ ရွာသာကုန်းကျေးရွာနှင့် နှစ်ရွာကျေးရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။

         ဩဇာသီးပင်များသည် နှစ်ရှည်သီးနှံဖြစ်သဖြင့် အိမ်တိုင်းနီးပါး၏ ခြံနှင့် အိမ်ခြံစည်းရိုးများတွင်လည်းစိုက်ပျိုးကျပါသည်။ ယခုလအချိန် ဩဇာသီးပေါ်ချိန်ဖြစ်သည့်အတွက် ပြန်ရောင်းသမားများက အပင်ပြတ်ဝယ်ယူကြသကဲ့သို့ ခြံများတွင် လိုက်လံကြည့်ရှုကာ အသီးများလိုက်ကောက်၍ ဝယ်ယူကြကြောင်းသိရပါသည်။ ကြို့ပင်ကောက်မြို့တွင် ခွန်နှစ်ရွာဩဇာသီးဟု နာမည်ကြီးပြီး ၎င်းရွာမှ အများဆုံးထွက်ရှိပါသည်။ ခွန်နှစ်ရွာရွာသည် ရန်ကုန်ပြည်ကားလမ်းဘေး၊ အရှေ့အနောက်ဘက်များတွင်တည်ရှိပြီး ဩဇာသီးပေါ်ချိန်တွင်  အိမ်ရှေ့ကားလမ်းဘေးများ၌ တဲဆိုင်များထိုး၍ ရောင်းချကြပါသည်။ ခြင်းအလိုက်(၁၀)လုံးတစ်ခြင်း၊ (၁၅)လုံးတစ်ခြင်းဖြင့်ရောင်းချပါသည်။

          ယခုစက်တင်ဘာလ၊ ဒုတိယအပတ်မှစ၍ ဩဇာသီးပေါ်ချိန်တွင် အလုံးအကြီး/အသေးပေါ်မူတည်၍ (၁၂၀၀/၁၀၀၀/၉၀၀/၇၀၀) ကျပ်နှုန်းအထိဈေးရကြောင်း၊ လက်ဆောင်ပေးရန်နှင့် ခရီးသွားကားများကလည်း ဝယ်ယူကြကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် ဩဇာသီးများ လှိုင်လှိုင်မပေါ်သေးသဖြင့် ဈေးကောင်းရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း