Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မီးသွေးထွက်ရှိရာဒေသနှင့် ဈေးနှုန်း/ဈေးကွက်

       မီးသွေးကို မြန်မာနိုင်ငံအထက်ပိုင်းဖြစ်သည့် ကောလင်း၊ ကသာ၊ ဝန်းသို စသည့်မြို့များတွင်လည်း မီးသွေးထွက်ရှိကြောင်း၊ ရွှေဘိုမြို့နယ်ရှိ (၁၃)မိုင်ကျေးရွာတွင်လည်း မီးသွေးလည်း ထွက်ရှိကြောင်း၊ ခင်ဦးမြို့နယ်ရှိ ရွာများဖြစ်သော ကုန်းကြီးကျေးရွာ၊ ဝက်သဲကျေးရွာ၊ တမာကျေးရွာ၊ သမင်ကျကျေးရွာ၊ ရုံးပင်ရွာ စသည့်ရွာများတွင်လည်း မီးသွေးထွက်ရှိကြောင်း၊ ယခုရောင်းချသည့် မီးသွေးမှာ ရုံးပင်ရွာမှထွက်ရှိကြောင်း၊ ရုံးပင်မီးသွေးသည် ပြာမကျခြင်း၊ မီးသွေးမပေါက်ခြင်း၊ မီးသွေးသားမာ၍ ရုံးပင်မီးသွေးကို အသုံးများကြောင်းသိရှိရပါသည်။

       ရုံးပင်ရွာမှ မီးသွေးကို ကားဖြင့် အိမ်အရောက် လာရောက်၍ပို့ကြောင်း၊ သယ်ယူစရိတ်မြင့်မားခြင်းနှင့် ကုန်ဈေးနှုန်းတက်ခြင်းကြောင့် ယခုနှစ်တွင် မီးသွေးဈေးနှုန်းမြင့်တက်ကြောင်း (၁)တင်းခွဲဝင် မီးသွေး (၁) အိတ်လျှင် (၁၀၀၀ဝိ/-)ကျပ်ဖြင့်ဝယ်ရပြီး (၁၁၀၀ဝိ/-)ကျပ်ဖြင့်ပြန်ရောင်းရကြောင်း၊ မီးသွေးပေါသည့်ပေါ်မူတည်၍ မီးသွေးအိတ်(၁)လုံးလျှင် (၅၀ဝိ/-)ကျပ်မှ (၁၀၀ဝိ/-) ကျပ်သာအမြတ်ယူ၍ ရောင်းချကြောင်း၊ ယခုအချိန်တွင် ကုန်ဈေးနှုန်းမြင့်မားခြင်းကြောင့် အမြတ်များများမယူဘဲ ရောင်းချချကြောင်းသိရှိရပါသည်။

       မီးသွေးရောင်းချရာတွင် (၁)တင်းခွဲဝင်အိတ်ဖြင့်သော်လည်းကောင်း၊ မီးသွေးကို အခဲ၊ အလတ်ကွဲဟူ၍ ရောင်းချကြောင်း၊ မီးသွေး (၁)တင်းခွဲဝင်အိတ်လျှင် (၁)ပြည်ဝင်အိတ်ဖြင့်ထုပ်၍ ရောင်းချရာ (၂၄)ထုပ်ရကြောင်း၊ မီးသွေးအခဲ(၁)ပြည်ဝင်အိတ် (၁)ထုပ်လျှင် (၅၀ဝိ/-)ကျပ်၊ မီးသွေး အလတ်ကွဲ(၁)ပြည်ဝင်အိတ် (၁)ထုပ်လျှင် (၃၀ဝိ/-) ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပုသိမ်မြို့ ခရမ်းကြွပ်သီးဈေးကွက်

     ခရမ်းကြွပ်သီးများသည် အစိမ်းရောင်၊ အဖြူရောင်နဲ့ ခရမ်းရောင်ဆိုပြီး အရောင်အမျိုးမျိုးရှိပြီး ဧရာဝတီတိုင်းဒေသကြီး  ၊ ပုသိမ်ခရိုင် ၊ ပုသိမ်မြို့နယ်တွင် ခရမ်းကြွပ်သီးအပါအဝင် အခြား ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် နှစ်စဉ်မိသားစု အပိုဝင်ငွေရရှိလျက်ရှိပြီး အများအားဖြင့် ခရမ်းကြွပ်သီးကို မြန်မာ့ထမင်းဝိုင်းတွင် မပါမဖြစ်ဖြစ်သည့် ငါးပိရည်နှင့်တွဲဖက်ကာ အတို့အမြှုပ်အနေနှင့် စားကြပြီး သင်္ဘောသီးထောင်းလိုမျိုး ချဉ်ချဉ်စပ်စပ် အထောင်းနှင့်တွဲဖက်၍ စားသုံးလေ့ရှိကြသည်။ ကျန်းမာရေးအနေဖြင့်လည်း ကိုယ်အလေးချိန် ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းချုပ်ပေးခြင်း ၊ အသည်းနှင့် နှလုံးကိုလဲကျန်းမာစေခြင်းနှင့် ကိုယ်ခံအား ကောင်းမွန်စေကာ စိတ်ဖိစီးမှု ပြေလျော့စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

    ယခုနှစ်တွင် ခရမ်းကြွပ်သီးများ အထွက်နှုန်း ကောင်းမွန်သည့်အပြင် ဈေးကွက်လည်း ကောင်းသောကြောင့် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင် ငွေရရှိကာ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများလည်း အဆင်ပြေလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်ကားဈေးနှုန်း (၆၀၀၀) ကျပ် နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၇၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

DOCA(ဧရာဝတီ)

မိုးရာသီ ကြောင်လျှာသီးဈေးကွက်

     ကြောင်လျှာပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်နိုင်ပြီး အသီး ၊အပွင့် ၊ အမြစ် ၊ အခေါက်အားလုံးတို့ကို စားဖွယ် ၊ သောက်ဖွယ်နှင့် ဆေးအဖြစ် အသုံးပြုကြပါသည်။ ကြောင်လျှာသီးသည် မိုးရာသီတွင် လှိုင်လှိုင်ပေါများပြီး ဇွန်လတွင် စတင်ထွက်ရှိပါသည်။ ကြောင်လျှာပွင့်နှင့် အရွက်ကိုပြုတ်၍ဖြစ်စေ ရေနွေးဖျော၍ဖြစ်စေ သုပ်စားခြင်း၊ အတို့အမြုပ်လုပ်စားခြင်းများပြုလုပ်ကြပြီး ကြောင်လျှာသီးကို အစိမ်းသုပ်စားခြင်း ၊ချဉ်ဖက်ထည့်ခြင်း ၊ ကြော်စားခြင်း ၊မီးဖုတ်စားသုံးခြင်းအပြင် အသား/ငါးဟင်းလျာများနှင့်လည်း ရောနှောချက်ပြတ်ကာစားသုံးကြကြောင်း သိရှိရပါသည်။ ကြောင်လျှာသီးသည် ဖန် ၊ချို ၊ခါး စသော အရသာရှိပြီး လူကြိုက်များသော အသီးအနှံတစ်မျိုးလည်းဖြစ်ပါသည်။

      ကြောင်လျှာသီးတစ်ထောင့်လျှင် အရွယ်အစားအပေါ်မူတည်၍ (၇၀၀-၈၀၀)ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး ယခုစက်တင်ဘာလ တတိယပတ်တွင် အသီးများရှားပါးသောကြောင့် ကြောင်ရှာသီးတစ်ထောင့်လျှင် ခြံပေါက်ဈေး(လက်ကားဈေး) (၄၅၀-၅၅၀)ကျပ်နှင့် ဈေးကွက်အတွင်းတွင် လက်လီဈေးနှုန်းအနေဖြင့် (၇၀၀-၈၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ပဲတောင့်ရှည်(တိုင်ထောင်ပဲ)ဈေးနှုန်းမြင့်တက်

        ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းအတွင်း သီးပင်၊ စားပင်းများစိုက်ပျိုးထားလျက်ရှိရာ ပဲတောင့်ရှည်(တိုင်ထောင်ပဲ)များကိုလည်း စိုက်ပျိုးထားပါသည်။  ပဲတောင့်ရှည်(တိုင်ထောင်ပဲ)များကို မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးအချိန်မှစ၍ (၃၅) ရက်ခန့်တွင် ပန်းများဖူးပွင့်လာပြီး (၁၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ဆွတ်ခူးပြီးသော ပဲတောင့်ရှည်များကို စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချကြပါသည်။

          ပဲတောင့်ရှည် အတောင့်(၅၀)ပါ (၁)စည်းလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အတွင်းရှိပြီး (၁၀)တောင့်ပါ (၁)စည်းလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ခန့်ရှိကြောင်းသိရပါသည်။ သို့ပါ၍ ယခင်နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှရောင်းချမည့် စားအုန်းဆီများ‌ရောက်ရှိ

          ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်‌နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ‌ဟိုင်းဝေးစတားယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏စီစဥ်မှုဖြင့် Mahar Phone Let Yone ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီတစ်ပေပါ ၁၁၀ပိဿာပါ စားအုန်းဆီ (၆၀) ပေပါကို ယာဥ်မောင်း  ဦးမျိုးဇော်ဝင်း၊ ယာဥ်အမှတ် 7P-7112/ ISUZU အမျိုးအစားမော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးလွင်(ဦးစီးအရာရှိ)နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါစားအုန်းဆီ (၆၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

အာလူးစိုက်ပျိုးနည်းအကြောင်းသိကောင်းစရာနှင့် ဈေးကွက်

       အာလူးသီးနှံသည် အာဟာရတန်ဖိုးတန်ဖိုးမြင့်မားသောကြောင့် ကမ္ဘာနိုင်ငံအများစုတွင် အဓိကအစားအစာအဖြစ် စားသုံးလျက်ရှိသော သီးနှံဖြစ်ပါသည်။ မြန်မာ့အာလူးစိုက်ဧရိယာ၏ (၇၅)ရာခိုင်နှုန်းကျော်ကို ရှမ်းပြည်နယ်တွင်စိုက်ပျိုးပြီး စိုက်ပျိုးသူအတွက် အကျိုးအမြတ်ရှိသည့် သီးနှံဖြစ်သည့်အပြင် စားသုံးသူတို့အတွက်လည်း အာဟာရတန်ဖိုးမြင့်မားသဖြင့် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးလျက်ရှိသည်။ အခြားစိုက်ပျိုးသောဒေသများမှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း (ဟင်္သာတ) တို့တွင် စိုက်ပျိုးကြပါသည်။

        အာလူးသီးနှံသည် အေး၍ သမရာသီဥတုကိုကြိုက်နှစ်သက်သည်။ အာလူးစိုက်ပျိုးဖြစ်ထွန်းသည့် အသင့်အတော်ဆုံးအပူအချိန်မှာ (၁၆-၂၇) ဒီဂရီစင်တီဂရိတ်ဖြစ်၍ (၂၈)ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ပါက အပင်ကြီးထွားမှုနှေးကွေးသွားပါသည်။ အာလူးပင်၏သက်တမ်းမှာ ပုံမှန်အားဖြင့် ၃လခွဲ/ ၄လအတွင်းရှိပြီး နေ့တာရှည်ပါက သက်တမ်းအနည်းငယ်ပိုရှည်၍ နေ့တာတိုပါက သက်တမ်းအနည်းငယ်တိုပါသည်။ ရှမ်းပြည်နယ်တွင် မိုးအာလူးကို ယာမြေများ၌ မတ်လ၊ ဧပြီလတွင် စိုက်ပျိုးကြပြီး ဩဂုတ်လနှင့် စက်တင်ဘာလများတွင် တူးဖော်ကြပါသည်။ စကအာလူးအဖြစ် ယာမြေများတွင် ဇူလိုင်လ၊ ဩဂုတ်လတွင် စိုက်ပျိုးကြပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် တူးဖော်ကြပါသည်။ ဆောင်းရာသီ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ရေရရှိသောနေရာများ၌ စိုက်ပျိုးကြပြီး၊ ဧပြီလနှင့် မေလများတွင် တူးဖော်နိုင်သည်။ မြေပြန့်ဒေသများဖြစ်သည့် မန္တလေးတိုင်း (ဆင်ဖြူကျွန်း) ဒေသများတွင် ကျွန်းမြေနှင့် သဲချောင်းများ၌ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် တူးဖော်ကြပါသည်။ ထယ်ရေး(၈)လက်မအနက်ရရန် တစ်နှစ်လျှင် နှစ်ကြိမ်ထိုးပေးရသည်။ ထို့နောက် ထွန်(၄)ထယ်အထိထွန်မွှေပေးပြီး ပေါင်း၊ မြက်ကင်းစင်အောင် ကောက်ပစ်ရပါမည်။ နောက်ဆုံးတွင် ကြမ်းတုံးရိုက်၍ မြွေသိပ်ထားရသည်။ တစ်ဧကအတွက် မျိုးလိုအပ်ချက်မှာ- မိုးအာလူး(ယာမြေ) ၅၀၀ပိဿာ၊ ရေအာလူး ၆၀၀ပိဿာ၊ ဆောင်းအာလူး ၇၀၀ပိဿာနှုန်းဖြစ်ပါသည်။ တစ်ဧကအတွက် မြေဩဇာအသုံးပြုရန်မှာ (က) သဘာဝမြေဩဇာ၊ နွားလှည်း (၂၀-၂၅)စီး၊ (ခ) ဓာတ်မြေဩဇာ ယူရီးယား(၂၂၄) ပေါင်၊ တီစူပါ (၃၃၆) ပေါင်၊ ပိုတက်ရှ် (၂၂၄)ပေါင်နှုန်းဖြစ်ပါသည်။

        ယခုမိုးတွင်းအခါတွင် ရေကြီးမှုများကြောင့် အာလူးဈေးနှုန်းများမှာ ဈေးကွက်ထဲ၌ ဈေးကောင်းများရရှိနေလျက်ရှိပါသည်။ ယခင်အပတ်တွင် တစ်ပိဿာလျှင် (၅၅၀၀-၆၀၀၀) ကျပ်ရှိခဲ့ပြီး၊ ယခုအပတ်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၈၅၀၀-၉၀၀၀) ကျပ်ထိရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေတောင်ဒေသထွက် ရေဥ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၏ ဒေသထွက်အစားအစာများထဲတွင် ရေဥသည် ဒေသအကြိုက်အစားအစာတစ်ခုဖြစ်ပါသည်။ ရေဥကို ရေသန့်သောရေကန်များတွင် ပေါက်ရောက်ပြီး ဆယ်ယူရာတွင် ရေမှော်များကိုဖယ်ရှား၍ ဇကာများဖြင့် သယ်ယူရပါသည်။ ဆယ်ယူပြီးသောရေဥများကို သန့်စင်အောင်ရေဆေးကြောပြီး ပီနံအိတ်ထဲသို့ထည့်ကာ တစ်ည ရေစစ်ထားရပါသည်။ ရေစစ်ပြီးသောရေဥများကို ဖြန့်ထားရပါသည်။ ဖြန့်ထားသောအချိန်တွင် ရေဥများသည် လေသလပ်သောအခါ အညိုရောင်သို့ ပြောင်းသွားပြီး ပြန်လည်မွှေပေးလိုက်သောအခါ အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ ရေဥများကို (၅)ရက်တစ်ခါ တစ်ပတ်တစ်ခါဆယ်ယူသည်။ ရေဥများသည် အအေးကြိုက်ပြီး အပူကြောက်သောကြောင့် နွေရာသီတွင်အထွက်နည်းပါသည်။ မိုးရာသီတွင်အများဆုံးထွက်ရှိပြီး အလှငါးမွေးမြူသူများမှလည်း ရေဥကိုငါးစာအဖြစ်ဝယ်ယူသည်။ တခြားမြို့နယ်များသို့သယ်ယူရာတွင်လည်း သေချာထုတ်ပိုးပြီး ရေခဲပုံးများတွင် ရေခဲများထည့်၍ သယ်ယူရပါသည်။ ရေဥကိုရေစစ်နှင့်စစ်ပြီးမှ ဆယ်ယူ၍ချက်စားရာတွင် ရှောက်ရွက်လေးများအုပ်ပေးလျှင် အလွန်ဆိမ့်သောအရသာရှိပါသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလတတိယအပတ်တွင် ရေဥတစ်ပြည်လျှင် (၃၅၀၀)ကျပ်ဖြစ်ပြီး လက်လီဈေးမှာနို့ဆီဘူး (၁)ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။ ရေဥသည်မြန်မာတစ်နိုင်ငံလုံးတွင် ရွှေတောင်မြို့၌သာ ထွက်ရှိသော ဒေသအစားအစာ ဖြစ်ပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့၏တိုင်ထောင်ပဲ

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူဒေါ်စန်းလွင်၏ စိုက်ခင်းသို့ (၁၇.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ စိုက်ပျိုးသော တိုင်ထောင်ပဲမျိုးမှာ မြှားနီမျိုးဖြစ်ပြီး နယုန်လဆန်းတွင် စတင်အစေ့ချစိုက်ပျိုးပြီး (၂)လခွဲအကြာ ဖြစ်သော တော်သလင်းလတွင်စတင်၍ ပဲသီးများကို ခူးဆွတ်ရပါသည်။ စိုက်ပျိုးသော ဧကမှာ တစ်ဧက ဖြစ်ပြီး တိုင်(၂၀၀၀)ခန့် စိုက်ပျိုးထားကြောင်း တိုင်ထောင်ပဲများစတင်ခူးဆွတ်ချိန်တွင် အတောင့် (၇၅၀၀) မှ (၈၃၀၀)ထိ ခူးဆွတ်ရရှိကာ တစ်ရက်ခြား တစ်ခါခူးဆွတ်ရပြီး ခူးဆွတ်ချိန်မှာ (၁)လခွဲ (သို့) (၂)လအထိ ခူးဆွတ်ရောင်းချရပါသည်။ ထွက်ရှိလာသော တိုင်ထောင်ပဲသီးများကို မြို့တွင်းရှိ ပွဲစားများ က လက်လီ/ လက်ကားဝယ်ယူခြင်းနှင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ရောင်းချသော ဈေးနှုန်းများ အနေဖြင့် လက်ကားဈေး(၁၀၀)တောင့်ပါတစ်အိတ်လျှင် (၅၀၀၀)ကျပ်၊ လက်လီဈေး(၁၀)တောင့်ပါတစ်စည်းလျှင် (၇၀၀)ကျပ်နှုန်းဖြင့် ရောင်းချရသဖြင့် အကျိုး အမြတ်အနေဖြင့် ပဲတောင့်အထွက်နှုန်းနှင့် ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပျမ်းမျှ(၁၆)သိန်း (၂၀)သိန်းခန့်ရရှိကြောင်း သိရပါသည်။ တိုင်ထောင်ပဲ တစ်ဧကစိုက်လျှင် ကုန်ကျစရိတ်အနေဖြင့် (၈သိန်း) ကျပ်ခန့်ကုန်ကျ၍ အရင်းအနှီးနည်းပြီး အမြတ်အစွန်းများရသဖြင့် စိုက်ပျိုးသင့်သောသီးနှံတစ်မျိုးဖြစ်ပါသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသ၏ မျှစ်ဈေးကွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ တောထဲနှင့် တောင်ပေါ်ဒေသများတွင် ဒေသခံကျေးလက်နေသူများက မျှစ်များချိုးယူ၍ ရွှေတောင်မြို့ရှိ ဈေးများသို့ လာရောက် ရောင်းချကြပါသည်။ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများတွင် မျှစ်များလှိုင်လှိုင်ပေါ်လျက်ရှိပြီး ပေါ်ခါစတွင် တစ်ပိဿာကို (၈၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။ ယခုအချိန်ဖြစ်သော တော်သလင်းလတွင် မျှစ်များထွက်ရှိမှုနည်းသွားသဖြင့် စက်တင်ဘာလတတိယအပတ်တွင် ဒိုင်သွင်းဈေး တစ်ပိဿာလျှင် ၁၂၀၀ကျပ်ဈေး ထိုမှတစ်ဆင့် မျှစ်ဒိုင်များနှင့် ရွှေတောင်မြို့မဈေးနှင့် နယ်လှည့် ရောင်းချသော ဈေးသည်များအား ဖောက်သည်ဈေး တစ်ပိဿာလျှင် (၁၈၀၀)ကျပ်၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ မျှစ်ဒိုင်များမှ လက်လီ/ လက်ကား ရောင်းချပြီး ပိုသည့်မျှစ်များကို မျှစ်ချဉ်အဖြစ်စိမ်ပြီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ဘုရင့်နောင်ဈေးတွင် ဂန္ဓမာပန်းများဈေးကျ

    ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ နေအိမ်များတွင် ဘုရားစင်အား အမြတ်တနိုးထားရှိပြီး ဘုရားပန်းများမညှိုးနွမ်းအောင် လဲပေးသကဲ့သို့ ဘုရားကျောင်းများတွင်လည်း ဘုရားပန်းများကို ကပ်လှူကြသဖြင့် မြို့တိုင်း၊ ဈေးတိုင်းတွင် ဘုရားပန်းသည်များဖြင့် စည်ကားလျက်ရှိပါသည်။

       တောင်ငူမြို့ ဘုရင့်နောင်ဈေးတွင် အများအားဖြင့် ဒေသတွင်းမှလာရောက်ရောင်းချသော ပန်းသည်များဖြင့် စည်ကားလျက်ရှိပါသည်။ တောင်ငူမြို့တွင် စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းမှာ ဖြတ်သန်း စီးဆင်းလျက်ရှိသောကြောင့် မြစ်များ၊ ချောင်းများနှင့် နီးသော‌ဒေသများမှ ဟင်းသီးဟင်းရွက်နှင့် ပန်းများအား စိုက်ပျိုးရောင်းချလျက်ရှိပါသည်။

      တောင်ငူမြို့ ဘုရင့်နောင်ဈေးနှင့် ညောင်ပင်ဈေးရှိ ပန်းသည်များသည် ဒေသထွက် ပန်းများနှင့် ရှမ်းပြည်မှ တင်သွင်းသော ပန်းများအားလည်း ရောင်းချပေးလျက်ရှိပါသည်။ ယခုအခါတွင် မြန်မာနိုင်ငံရှိ ပန်းတင်ပို့ရာ ရှမ်းပြည်တောင်ပိုင်းတွင်မိုးများ၍ ရေကြီးရေလျှံမှုဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်သွားပြီး ကုန်စည်စီးဆင်းမှု ခက်ခဲသွားသဖြင့် ပန်းများ ဈေးနှုန်းမြင့်တက်လျက် ရှိပါသည်။

     ယခင်ဩဂုတ်လက တစ်စည်းလျှင် (၃၅၀၀) ကျပ်ခန့်ရှိသော အပွင့်ကြီး (၁၀) တံပါ ဂန္ဓမာပန်း တစ်စည်းလျှင် စက်တင်ဘာလတတိယအပတ်တွင် (၅၀၀၀) ကျပ်ဖြင့် ဈေးနှုန်းမြင့်တက် သွားပါသည်။ ဂန္ဓမာပန်းအပွင့်သေး တစ်စည်းလျှင် ယခင်ဩဂုတ်လက (၁၀၀၀)ကျပ်မှ ယခုစက်တင်ဘာလ တတိယအပတ်တွင် တစ်စည်းလျှင် (၂၀၀၀)ကျပ်ဖြင့် ဈေးနှုန်းမြင့် တက်သွားလျက်ရှိကြောင်း ဘုရင့်နောင်ဈေးရှိ ပန်းရောင်းချသူတစ်ဦးထံမှ သိရှိခဲ့ပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း