Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြေပဲဆန်အသစ်များ ဈေးကွက်ဝင်ရောက်လာသည့်အတွက် မြေပဲဆန်ဈေးကျဆင်းလာ

       မြင်းခြံခရိုင်၊ မြင်းခြံမြို့အနေဖြင့် မြေပဲစိုက်ဧက (၂၀၀၄၂) ဧကရှိပါကြောင်း၊ ယခင်နှစ် စိုက်ဧက (၁၈၉၈၆) ဧကသာရှိသည့်အတွက် ယခုနှစ်တွင် စိုက်ဧက အနည်းငယ်ပိုမိုစိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ ကိန်းဂဏန်းအချက်အလက်များမှသိရသည်။ မြို့ပေါ်ဈေးကွက်တွင် ယခင်မြေပဲဆန်(ဟောင်း)တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ၁၀၂၀၀ကျပ်ရှိခဲ့ရာမှ ယခုမိုးဦးစိုက် မြေပဲဆန် (တစ်ပေါက်ကျ)များ ဈေးကွက်အတွင်း ဝင်ရောက်လာသည့်အတွက် ယခင်မြေပဲဆန်(ဟောင်း) ဈေးသည် ယခု ၉၁၀၀ကျပ်၊ ၉၂၀၀ကျပ်သာရှိခဲ့ပြီး ကုန်ချိန်ပိဿာ (၄၀၀၊ ၅၀၀) ခန့်သာအရောင်းအဝယ်ရှိခဲ့ကြောင်းသိရသည်။ ဈေးကွက်အတွင်း ဝင်ရောက်လာသော မြေပဲဆန်များသည် ကျောက်ပန်းတောင်းမြို့နယ်မှထွက်ရှိသော မိုးဦးစိုက်မြေပဲဆန်များသာဖြစ်ပြီး တစ်ရက်လျှင် ပိဿာ၄၀၀၀၊ ၅၀၀၀အကြားအဝင်ရှိပြီး မြေပဲဆန် (တစ်ပေါက်ကျ)တစ်ပိဿာလျှင် ၈၆၀၀ကျပ်၊ ၈၇၀၀ကျပ်ဈေးဖြင့်  မြို့ပေါ်ဆီစက်လုပ်ငန်းရှင်များနှင့် အခြားလုပ်ငန်းသုံး လုပ်ငန်းရှင်များမှ ပုံမှန်ဝယ်ယူလျက်ရှိကြောင်းသိရသည်။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် မြင်းခြံဒေသစိုက်မြေပဲများလည်း ထွက်ပေါ်လာမည်ဖြစ်သည့်အတွက် မြေပဲဆန်ဈေးထပ်မံကျဆင်းနိုင်ဖွယ်ရှိကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားမှုအရသိရပါသည်။

DOCA(မန္တလေး)

ရာဘာစိုက်ပျိုး စီးပွားတိုး

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်သည် ပုသိမ်-မုံရွာကားလမ်း ဘေးတွင် တည်ရှိပြီး လမ်းမကြီး၏ ဘေးဝဲယာတစ်လျှောက်တွင် မြေလွတ်မြေရိုင်းများစွာ ပေါများသည့်အလျောက် တောင်ကုန်းတောင်တန်းများတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် နှစ်ရှည်ပင်များ စိုက်ပျိုးလျက်ရှိကြပါသည်။ လေးမျက်နှာမြို့နယ်အတွင်း ကျွန်း၊ ပျဉ်ကတိုး၊ မာန်ဂျန်ရှား စသည့် ရတနာတန်းဝင်သစ်ပင်များ စိုက်ပျိုးကြသည့်အပြင် စက်မှုကုန်ကြမ်းအတွက် အထူးလိုအပ်လျက်ရှိသော ရာဘာကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြရာ (၃၀၄၀)ဧကသည် ကုမ္ပဏီ(၅)ခုမှ စိုက်ပျိုး၍ ကျန်(၁၆၈၀)ဧကသည် ပုဂ္ဂလိကပိုင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး စုစုပေါင်း (၄၇၂၀)ဧက ရှိပါသည်။ ရာဘာ တစ်ဧကလျှင် တန်းကြား(၂၄')နှင့်ပင်ကြား(၁၀')ကြား ထားရှိပြီး ရာဘာပင်(၂၀၁) ပင် စိုက်ပျိုးနိုင်ပါသည်။ အပင်သက်တမ်း(၇)နှစ်တွင် ရာဘာပင်၏ အောက်ခြေမှ(၄၈")အမြင့်တွင်၊ အချင်း(၁၈")ရှိပါက စတင်အစေးခံယူနိုင်ပြီး လက်ရှိရာဘာအစေးခြစ်လျက်ရှိသည့် ဧကပေါင်း (၂၁၂၅) ဧကရှိပါသည်။ လေးမျက်နှာမြို့နယ်တွင် ရာဘာစိုက်ပျိုးထုတ်လုပ်သည့် ကုမ္ပဏီ(၅)ခုရှိပြီး၊ ၎င်းတို့မှာ တိုးတက် ကုမ္ပဏီ၊ ညီပေါင်းကုမ္ပဏီ၊ ကြယ်နီကုမ္ပဏီ၊ 711 ကုမ္ပဏီနှင့် မျိုးကျော်လင်း ကုမ္ပဏီတို့ ဖြစ်ပါသည်။ တိုးတက်ကုမ္ပဏီသည် စိုက်ဧက (၆၀၀) ရှိပြီး လက်ရှိ အစေးခြစ် ဧက (၅၀၀)၊  ကြယ်နီကုမ္ပဏီသည် စိုက်ဧက(၄၄၀)ရှိပြီး လက်ရှိအစေးခြစ် ဧက (၂၅၀)၊ မျိုးကျော်လင်း ကုမ္ပဏီသည် ဧကပေါင်း (၁၂၀၀) ရှိပြီး အစေးခြစ်ဧက (၇၀၀)၊ ညီပေါင်းကုမ္ပဏီသည် ဧက(၃၀၀)ရှိပြီး အစေး ခြစ်ဧက(၂၇၅)နှင့် 711 ကုမ္ပဏီသည် ဧကပေါင်း(၅၀၀)ရှိပြီး လက်ရှိ အစေးခြစ်ဧက(၁၅၀)ရှိပါသည်။   စိုက်ပျိုးသည့် ရာဘာမျိုးများမှာ (BBM-24)၊ (2000-စီးတီး)၊ (39-35) မျိုးနှင့် (260) မျိုးတို့ဖြစ်ပါသည်။ ရာဘာ အစေးခံယူရာတွင် စက်တင်ဘာလ ဒုတိယပတ်မှ မတ်လ ဒုတိယပတ်အထိ (၆)လ ဆက်တိုက် အစေးခံယူနိုင်ပြီး၊ ရာဘာပင်များအရွက်ဟောင်းကြွေ၍ ရွက်သစ်အနုထွက်ချိန်တွင် တစ်လခွဲ ခန့်အစေးခံခြင်းရပ်နားထားပြီး ရာဘာခြံများတွင် မီးတားလမ်းများ ပြုလုပ်ရှင်းလင်းရပါသည်။ ဧပြီလ တတိယပတ်လောက်တွင် ရာဘာအစေးခံခြင်းလုပ်ငန်းကို ပြန်လည်စတင်ခဲ့ပြီး ဇွန်လပိုင်း မိုးများ သောကာလတွင် အစေးခံခြင်းကို ရပ်နားပြီး ရာဘာခြံအတွင်း ပေါင်းမြက်ရှင်းခြင်း၊ ဓါတ်မြေဩဇာ ထည့်သွင်းခြင်းစသည်တို့ကို   ဆောင်ရွက်ကြရပါသည်။

      ရာဘာအပင်မှ အစေးများကို အခဲအဖြစ်ပြုပြင်၍ လူသုံးကုန်ပစ္စည်းများတွင် အသုံးပြုသည့် အတွက် အလွန်အသုံးဝင်သော စက်မှုကုန်ကြမ်းဖြစ်သည့်အလျှောက် ယခုအခါ ရာဘာဈေးနှုန်းမှာ  တစ်ပေါင်လျှင် ( ၃၀၀၀/-ကျပ် )အထိ ဈေးရရှိပြီး၊ ရာဘာမှိုင်းခံပြားများကို Rs-1, Rs-2, Rs-3 ဟူ၍ အမျိုးအစား အဆင့်(၃)ဆင့်ခွဲ၍ သတ်မှတ်ကြပါသည်။ Rs-2 သတ်မှတ်သော မှိုင်းခံပြား တစ်ပေါင်လျှင် (၂၅၀၀/-ကျပ် )၊ Rs-3 သတ်မှတ်သော မှိုင်းခံပြား တစ်ပေါင်လျှင် (၂၄၀၀/-ကျပ်) ဈေးနှုန်းရရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ရာဘာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ များနှင့်ရာဘာကုန်ကြမ်းသုံးစက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ရာဘာပင်သည် နှစ်ရှည်ပင် ဖြစ်၍ နှစ်(၃၀)ခန့် ဆက်တိုက် ရာဘာအစေးခြစ်နိုင်သည်ဖြစ်၍ ရေရှည်စီးပွားရေးအတွက် အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ အဆင့်မှီ ရာဘာပြားများကို တိုးတက်ထုတ်လုပ်ခြင်းဖြင့်ပြည်ပသို့ တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေရရှိစေကာ နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)

 

 

မင်္ဂလာတောင်ညွန့်မြို့နယ်၏ ကြက်ဘဲဈေးဒိုင်ဈေးကွက်အခြေအ‌နေ

       ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမနှင့် သံသုမာလမ်းထောင့်ရှိ ကြက်ဘဲဈေးဒိုင်၏ ၁၇-၉-၂၀၂၄ ရက်နေ့၏ ဈေးကွက်ဈေးနှုန်းများအရ နေ့စဉ်ကြက်ကောင်ရေ ( ၇၀၀၀၀) ခန့်နှင့် ဘဲကောင်ရေ (၁၅၀၀) ခန့်တို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

       စက်တင်ဘာလ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်  အကောင်ပြတ်တစ်ပိဿာဈေးနှုန်းမှာ ဗမာကြက် ၁၈၅၀၀ကျပ်မှ ၁၉၀၀၀ကျပ်၊ ကြက်နီ ( မွေးထီး )  ၁၁၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်နီ (မွေးမ) ၈၀၀၀ကျပ်မှ ၈၅၀၀ကျပ်တို့ရှိပါသည်။ စီပီ အသားတိုးကြက်မှာ တစ်ပိဿာလျှင် ၁၀၅၀၀ကျပ်မှ ၁၁၀၀၀ကျပ်နှင့် ချယ်ရီ / ဘယ်ရီဘဲတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်၊ ဓာတ်ဘဲတစ်ပိဿာလျှင်  ၆၀၀၀ကျပ်တို့ရှိကြောင်းသိရှိရပါသည်။

      ကြက်/ဘဲဈေးဒိုင်ဈေးကွက်အရ ယခင်လဈေးနှုန်းနှင့် ယခုလဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဗမာကြက်တစ်ပိဿာလျှင် ၅၀၀၀ကျပ်ခန့်၊ စီပီ အသားတိုးကြက်မှာ တစ်ပိဿာလျှင် ၃၃၀၀ကျပ်ခန့်၊ ချယ်ရီ / ဘယ်ရီဘဲတစ်ပိဿာလျှင် ၄၀၀၀ကျပ်ခန့်ဈေးမြင့်တက်လာကြောင်း၊ ကြက်နီ(မွေးမ)မှာ ဈေးပြောင်းလဲမှုမရှိကြောင်း၊ ကြက်နီ(မွေးထီး)မှာ ကြက်အကောင်အရွယ်အစားပေါ်မူတည်ပြီး ဈေးအတက်အကျရှိသဖြင့် ပုံမှန်အရွယ်အစားထက် အကောင်ငယ်သောကြောင့် ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း  ဈေးတာဝန်ခံထံမှ ဈေးကွက်သတင်းမေးမြန်းစုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အောင်လံကုန်စည်ဒိုင်၏ နှမ်းဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းနှင့် ပဲမျိုးစုံသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် အနိမ့်စ နှမ်းနက်(စမုန်) (၁)တင်းလျှင် ကျပ်(၁၆၀၀၀၀ မှ ၁၆၆၅၀၀)၊ ထိပ်စ နှမ်းနက်(စမုန်) (၁)တင်းလျှင် ကျပ်(၁၇၀၀၀၀ မှ ၁၉၆၅၀၀) ဖြစ်၍ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အနိမ့်စ နှမ်းနက်(စမုန်) ကျပ်(၁၀၀၀၀) ဈေးနှုန်းမြင့်တက်ခဲ့ပြီး ထိပ်စ နှမ်းနက်(စမုန်) ကျပ်(၃၀၀၀ မှ ၁၃၅၀၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ တစ်ပတ်အတွင်း နှမ်းနက်(စမုန်)တင်းရေ (၂၂၄၀၀)တင်း၊ တန်ချိန်(၂၇၉)တန် အရောင်းအဝယ်ရှိခဲ့ပါကြောင်း သိရသည်။

     နှမ်းနီဈေးနှုန်းမှာ (ဒုတိယပတ်)တွင် (၁)တင်းလျှင် အနိမ့်စ ကျပ်(၁၁၀၀၀၀)၊ ထိပ်စ ကျပ်(၁၁၃၃၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ တစ်ပတ်အတွင်း နှမ်းနီတင်းရေ (၆၆၀)၊ တန်ချိန်(၁၆)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း၊ နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ဖြစ်ပြီး ယခင်တစ်ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တင်းရေ(၂၇၀)၊ တန်ချိန်(၆.၆)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

    ဈေးကွက်အနေဖြင့် နှမ်းနက်(စမုန်)နှင့်နှမ်းဖြူတို့ကို မန္တလေးမြို့သို့တင်ပို့ရောင်းချပြီး နှမ်းနီကို မြို့နယ်တွင်း ဆီစက်လုပ်ငန်းများမှ ဝယ်ယူကြကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

       ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၁၀-၉-၂၀၂၄) ရက်နေ့မှ (၁၆-၉-၂၀၂၄) ရက်နေ့ထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၃၂၀၀၇) အိတ်၊ ပေါ်ကျွဲ (၁၁၂၅၈) အိတ်၊ ဧည့်မထ (၇၃၆၈၆) အိတ်၊ ဆန်ကွဲ (၁၀၁၃၉) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၈၂၂၉) အိတ်နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၂၁၁၇၄) အိတ်၊ ငစိန် (၁၅၅၀) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံမြို့နယ်များမှ ဧည့်မထ (၂၀၉၂၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

မကွေးဈေးကွက်နှင့် ရေနံချောင်းဈေးကွက်၌ ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်အတွင်း ကြက်သွန်နီများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိရာ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၉၀၀-၂၀၀၀-၂၂၀၀) ဖြစ်ပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ကျပ်(၃၀၀-၄၀၀-၃၀၀) ခန့် ဈေးနှုန်းကျဆင်းခဲ့​​ပါသည်။ ဈေးကွက်အနေဖြင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ဝယ်ယူကြကြောင်း၊ တစ်နေ့လျှင် ပိဿာချိန် (၁၀၀၀)ခန့်၊ တန်ချိန်(၉) တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

  ရေနံချောင်းမြို့နယ်မှ ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီဈေးနှုန်းများမှာ စက်တင်ဘာလ (ဒုတိယပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၁၄၀၀-၁၆၀၀-၁၈၀၀) ဖြစ်ပြီး ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ ကြက်သွန်နီများကို ရေနံချောင်းပွဲရုံမှ တစ်ဆင့် ရန်ကုန်၊ ပြည်၊ အောင်လံမြို့သို့ တင်ပို့ရောင်းချကြောင်း၊ တစ်ရက်လျှင် တန်ချိန် (၁၄) တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီနေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအား နေ့စဉ် စုံစမ်းလျက်ရှိပါသည်။ စက်တင်ဘာလ (၁၀) ရက်နေ့မှ စက်တင်ဘာလ (၁၆) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြင်းခြံ(ကံဆင့်)၊ မလိုင်ဒေသတို့မှ ကြက်သွန်နီ (၅၂၈၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၂၁၁၂၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၅၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အကြီးမှာ ကျပ်၂၃၀၀၊ ရှယ်မှာ ကျပ်၂၅၀၀၊  မြင်းခြံ ကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၆၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ မြင်းခြံ (ကံဆင့်) ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၆၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၁၀၀၊ အကြီးမှာ ကျပ်၂၄၀၀၊ ရှယ်မှာ ကျပ်၂၇၀၀၊ မလိုင်ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၄၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၁၈၀၀၊ အကြီးမှာ ကျပ်၂၀၀၀၊ ရှယ်မှာ ကျပ်၂၃၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

အထက်မင်းလှမြို့နယ်တွင် မိုးနှမ်း(နှမ်းနီ)အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရလျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတော ကျေးရွာသည် မြေပဲ၊ နှမ်း၊ ဝါ၊ ခရမ်းချဉ်သီး၊ မေမြို့ပန်း၊ သပြေပန်းနှင့် အခြားသီးပင်စားပင်များကို ရာသီအလိုက်စိုက်ပျိုးကြပြီး မိုးနှမ်းကို ၂၀၂၄ခုနှစ်၊ ဇွန်လကုန်တွင် တောင်သူ(၇၀)ဦးမှ ဧက(၃၀၀) ခန့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

    မိုးနှမ်းစိုက်ပျိုးရာတွင် နှမ်းနီမျိုးကို အဓိကစိုက်ပျိုးကြပြီး တောင်သူ ဦးဝင်းသိန်းက ၎င်းအနေဖြင့် နှမ်းနီ(၅)ဧကခန့်ကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊  မျိုးကို ယခင်နှစ်နှမ်းစိုက်ခင်းမှထွက်ရှိသည့် နှမ်းစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၂)ပြည်ခန့် ကုန်ကျပါကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၇၅)ရက်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြား သွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ကျပ်(၃၅၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၇)တင်းသာ ထွက်ရှိပြီး ယခုစက်တင်ဘာလ(ဒုတိယပတ်)တွင် နှမ်းနီ(၁)တင်လျှင် ကျပ်(၁၁၀၀၀၀) ခန့် ဈေးရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိ ပွဲရုံများသို့ရောင်းချပြီး ထိုမှတဆင့် မန္တလေးမြို့သို့ တင်ပို့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၄၂၀၀၀၀)ခန့် ရရှိကြောင်း၊ ယခုနှစ်တွင် မိုးခေါင်မှုကြောင့် မင်းလှမြို့နယ်အတွင်း နှမ်းအထွက်နှုန်းလျော့နည်းကြသော်လည်း နှမ်းဈေးမှာ ယခင်နှစ်ကထက် ဈေးကောင်းရရှိ၍ တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့နယ်၌ ပဲတီစိမ်းစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတော ကျေးရွာတွင် ပဲတီစိမ်းစိုက်ဧက(၂၀)ဧကကို တောင်သူ(၁၇)ဦးမှ မိုးဦးကျကာလဖြစ်သည့် ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ကိုအသုံးပြု၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

     မယ်ဇလီတောကျေးရွာနေ ပဲတီစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် ပဲတီစိမ်း(၂)ဧကခန့် စိုက်ပျိုးခဲ့ပြီး (၁)ဧကလျှင် မျိုး(၄)ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးကို ယခင်နှစ်စိုက်ပျိုးထွက်ရှိသည့် ပဲတီစိမ်းစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ပြီး စက်တင်ဘာလ(ပထမပတ်)တွင် စတင်ခူးဆွတ်ကြောင်း၊ ပဲတီစိမ်းသီးနှံမှာ ထွက်ရှိချိန်တွင် (၂)ကြိမ်ခွဲ၍ ခူးဆွတ်နိုင်သော သီးနှံ ဖြစ်ပြီး (၁)ဧကလျှင်(၁၅)တင်းထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၃၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ်(၆၀၀၀၀)ဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၆၀၀၀၀၀)ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ပေါ်ရှိ ပွဲရုံများတွင် ရောင်းချပြီး  ၎င်းပွဲရုံများ မှတဆင့် မန္တလေးမြို့သို့တင်ပို့ကာ ထိုမှတဆင့် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၏ ကုလားပဲသီးနှံ ဈေးနှုန်းဈေးကွက်

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)တွင် ကုလားပဲဝါ(929) တစ်တင်းလျှင် ငွေကျပ် (၉၅၀၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင်  ငွေကျပ်(၉၄၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

    စက်တင်ဘာလ(ပထမပတ်) ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက စက်တင်ဘာလ ပထမပတ်တွင် ကုလားပဲ တစ်တင်းလျှင် ငွေကျပ် ၁၀၀ဝ မြင့်တက်လာကြောင်း၊ ဈေးကွက်အတွင်း ဝယ်လိုအားကောင်းသော်လည်း ယခင်နှစ်ကထွက်ရှိသည့် ကုလားပဲများသာ အရောင်းအဝယ်ဖြစ်သောကြောင့် ဈေးနှုန်မြင့်တက်ရခြင်းဖြစ်ကြောင်း မကွေးဈေးကွက်မှ သိရသည်။

    ကုလားပဲကို နေ့စဉ်စားသုံးခြင်းဖြင့်လည်း ပရိုတင်းဓါတ်ရရှိ၍ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသည့်အပြင် နှလုံးကို ကျန်းမာစေခြင်း၊ အရိုးအဆစ်သန်မာစေခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်ပါ၍ စားသုံးသင့်ပါကြောင်း အကြုံပြုအပ်ပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း