Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာလတတိယပတ် ပဲမျိုးစုံဈေးနှုန်းပြောင်းလဲမှု

       ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာလတတိယပတ်တွင် မတ်ပဲ၊ ပဲကြီး၊ ပဲတီစိမ်းဈေးများမှာ အေးလျက်ရှိပါသည်။ ပဲစင်းငုံဈေးမှာ ယခုစက်တင်ဘာလတတိယအပတ်တွင် ဈေးကျလျက်ရှိပါသည်။

      ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာလတတိယပတ်တွင် မတ်ပဲတစ်တင်းကို (၁၂၈၅၀၀-၁၂၉၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ် ၂၀၀ခန့် အဝယ်ရှိပါသည်။ ပဲစင်းငုံတစ်တင်းဈေးမှာ (၁၅၁၀၀၀)ကျပ် ဈေးကျနေခဲ့ပြီး တစ်ရက်ကိုအိတ် ၂၅၀ခန့် အဝယ်ရှိပါသည်။ ပဲတီစိမ်းတစ်တင်းကို (၅၀၀၀၀-၆၀၀၀၀)ကျပ်ဖြင့် တခါတရံအိတ် ၁၅၀ခန့် အဝယ်ရှိပါသည်။

    ပြည်ကုန်စည်ဒိုင်တွင် ကုလားပဲ(HL) တစ်တင်းလျှင် (၁၀၀၅၀၀-၁၀၁၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းလျှင် (၁၁၁၅၀၀)ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ်၃၀၀ခန့်ရှိပါသည်။ စက်တင်ဘာလတတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းလျှင် ၉၀၀၀၀ကျပ်၊ ကုန်းပဲ တစ်တင်းလျှင်(၈၅၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး မြို့တွင်းပဲကြော်သမားများနှင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် (၂၅၀-၃၀၀)ခန့် အဝယ်ရှိပါသည်။

     ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာတတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး ရန်ကုန်နှင့်မြို့တွင်း အဝယ်တစ်ရက်လျှင် အိတ် ၂၀၀ခန့် အရောင်းအဝယ် ဖြစ်ပါသည်။

    ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာလတတိယပတ်တွင် မတ်ပဲ၊ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှုမှာ ပုံမှန်သာရှိပြီး ပဲကြီး၊ ကုလားပဲ၊ ဘိုကိတ်ပဲများမှာ အရောင်းအဝယ်သွက်လျက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ရောင်းချနေသောဂျူးမြစ်ဈေးကွက်

      ဂျူးမြစ်ကို တောင်ကြီးနှင့် ပင်းတယမြို့တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ထိုမှတစ်ဆင့် မြို့များနှင့် နယ်များရှိ ဈေးများသို့ တင်ပို့ရောင်းချကြပါသည်။ ပြည်မြို့ရှိ ဈေးကွက်များသို့လည်း တင်ပို့ရောင်းချသဖြင့် စားသုံးသူများလည်း ဝယ်ယူစားသုံးကြပါသည်။ ဂျူးမြစ်ကို အတို့အမြုပ်အနေဖြင့်လည်းကောင်း၊ ချဉ်ရည်ဟင်းချက်၍သော်လည်းကောင်း စားသုံးကြသလို ရှမ်းပြည်ဘက်တွင် မြေပဲ၊ ပဲပုတ်တို့ဖြင့်ရော၍ကြော်ပြီး စားသုံးကြသလို ရောင်းချသည်များလည်း ရှိပါသည်။ ထိုဂျူးမြစ်ကြော်ကို မြေပြန့်ဒေသမှ စားသုံးသူပြည်သူများက ဝယ်ယူစားသုံးကြပါသည်။ ဂျူးမြစ်ကို ထိုသို့တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချသဖြင့် လူအများကရှမ်းပြည်လက်ဆောင်အဖြစ် လက်ဆောင်များပေးခြင်း၊ မိမိကိုယ်တိုင်စားသုံးရန်အတွက်ဖြစ်စေ ဝယ်ယူကြပါသည်။ ဂျူးမြစ်မှ ထုတ်လုပ်နိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များမှာ အအေးခံဂျူးရွက်၊ ဂျူးမြစ်ရှာလကာရည်၊ သီးရွက်စုံဆလတ်၊ ငါးဂျူးမြစ်ခဲပတ်ကင်နှင့် အသင့်သုံးကျန်းမာရေး ဟင်းခတ်အမွှေးအကြိုင်တို့ဖြစ်ပါသည်။ ထိုသို့ ဂျူးမြစ်မှတဆင့်တန်ဖိုးမြှင့် ထုတ်ကုန်များကို ပြည်ခရိုင်အနေဖြင့် ထုတ်လုပ်ရောင်းချနိုင်မည်ဆိုလျှင် အမြစ်အတိုင်း အစိမ်းရောင်းချခြင်းထက် ပိုမိုအကျိုးအမြတ်များစွာ ရရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ စက်တင်ဘာလတတိယအပတ်တွင် ဈေးကွက်အတွင်းရောင်းချသော ဂျူးမြစ်ဈေးမှာ ဂျူးမြစ်အစည်း တစ်စည်းလျှင် (၆၀၀-၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ယခင်နှစ်ဖြစ်သော ၂၀၂၃ခုနှစ်တွင် ဂျူးမြစ်အစည်းတစ်စည်းလျှင် ၅၀၀ကျပ်ဖြင့် ယခုနှစ်တွင် ဈေးအနည်းငယ် မြင့်တက် လာသည်ဟု သိရပါသည်။

DOCA(ပဲခူး)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

       ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ စတုတ္ထအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၅၆၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၄၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၁၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၄၂၅၀၀) ကျပ်တို့ဖြစ်ပါသည်။

       တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၁၀၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၂၆၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၂၆၀၀)ကျပ်တို့ဖြစ်ပါသည်။

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင်စက်တင်ဘာလ တတိယပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းနှင့် ဓာတ်မြေဩဇာဈေးနှုန်းတို့မှာ တည်ငြိမ်လျက်ရှိပါသည်။ တာချီလိတ်မြို့၏ ဘိလပ်မြေဈေးနှုန်းများမှာလည်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပြည်ဈေးကွက်ရှိ ကွမ်းသီးဈေးနှုန်း

     မြန်မာနိုင်ငံတွင် အမျိုးသားအများစုမှာ ကွမ်းစားတက်သူများဖြစ်၍ ကွမ်းစားသူများ အများအပြားရှိသဖြင့် ကွမ်းသီး၊ ကွမ်းရွက်များနေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ခရိုင်၊ ပြည်မြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ကွမ်းသီးများကို ရန်ကုန်မြို့မှတစ်ဆင့် မှာယူတင်သွင်း ရောင်းချနေကြောင်းသိရပါသည်။ ပြည်မြို့တွင်ကွမ်းသီးပင်ကို စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိဘဲ အိမ်ခြံဝန်းများအတွင်းတွင် အလှပန်းပင်အနေဖြင့် စိုက်ပျိုးကြပါသည်။

     စက်တင်ဘာလတတိယအပတ်တွင် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ကွမ်းသီးဈေးနှုန်းများမှာ ကွမ်းသီးစိတ် (အသန့်)တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ကွမ်းသီးအခြမ်း (အသန့်)တစ်ပိဿာလျှင် ၈၀၀၀-၈၅၀၀ ကျပ် နှင့် ကွမ်းသီးခြမ်း(ဂျွန်)တစ်ပိဿာလျှင် ၇၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ကွမ်းသီးဈေးနှုန်းများမှာ ကွမ်းသီးစိတ် (အသန့်) တစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ကွမ်းသီးစိတ် သောင်းပြောင်းရောရာ တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့် ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် ကွမ်းသီးဈေးများ မြင့်တက် လာကြောင်း သိရပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသော ကွမ်းသီးများကို ဒေသတွင်းရှိ ဈေးများတွင် ဖြန့်ဖြူးရောင်းချသကဲ့သို့ အနီးနားရှိနယ်ဈေးများသို့လည်း တင်ပို့ရောင်းချသဖြင့် တစ်နေ့လျှင် ပိဿာချိန် ၁၀၀အထိ အရောင်းအဝယ်ဖြစ်ကြောင်း ကွမ်းသီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသည့် ဘိလပ်မြေဈေးနှုန်းဈေးကွက်

        ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

       ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN”အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ငွေကျပ်၂၀၀၀၀နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ငွေကျပ်၁၉၀၀၀ဖြင့်ရောင်းချကြောင်း၊ စက်တင်ဘာ လတတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း၌ ဈေးနှုန်းများတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်းသိရသည်။

      ကန့်ဘလူခရိုင်၏ စက်တင်ဘာလ တတိယပတ်အတွင်း စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၁၄၅၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၁၂၄၀၀၀)ကျပ်၊ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ (50)kg တစ်အိတ်လျှင် (၂၂၀၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီတစ်ဘူးလျှင် (၁၄၅၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီတစ်ဘူးလျှင် (၄၁၀၀၀)ကျပ်၊ အေမင်း စူပါစပါးပေါင်းသတ်ဆေး (၁)လီတာတစ်ဘူးလျှင် (၃၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအပတ်အတွင်း ဓာတ်မြေဩဇာဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း  ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးရောင်းချသည့် ဆိုင်များထံမှသိရပါသည်။ 

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်တွင် ခရမ်းချဉ်သီးနှင့် အာလူးသီးဈေးနှုန်းမြင့်တက်လာသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိ

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

        စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် ခရမ်းချဉ်သီးနှင့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတစ်ဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့များရှိ လက္ကားကုန်သည်များမှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။

     ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅)ကျပ်သားလျှင် ငွေကျပ် (၁၅၀၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၅၈၀၀)၊ အာလူးသီး(၁)ပိဿာလျှင် ငွေကျပ် (၃၅၀၀-၄၅၀၀)ဖြင့်ရောင်းချကြောင်း၊ စက်တင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါကခရမ်းချဉ်သီး(၁)ပိဿာလျှင် ငွေကျပ်(၁၈၀၀) နှင့် အာလူးသီး(၁)ပိဿာလျှင် ငွေကျပ်(၁၀၀၀) မြင့်တက်လာသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်ဈေးကွက်မှ ရာသီစာကိုင်းဥ

    တစ်နှစ်တွင် ပုံမှန် တစ်လ၊ နှစ်လသာ ရှားရှားပါးပါးပေါ်သော ရာသီစာကိုင်းဥကို ယခုလိုအချိန် မြစ်ကမ်းနားဘေးနားရှိ ကိုင်းပင်များတွင် တွေ့ရတတ်ပါသည်။ ကိုင်းဥဟုခေါ်ဆိုသော်လည်း ဥလည်း မဟုတ်သလို မှိုလည်းမဟုတ်၊ အသီးလည်းမဟုတ်ကြောင်း သိရပါသည်။ ကိုင်းပင်၏ပင်စည်မှ အစေးများစုပြီး ဥကဲ့သို့ဖြစ်တည်နေသော အစားအစာတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အင်ဥကဲ့သို့ ချောမွေ့မှုမရှိဘဲ ကြမ်းတမ်းတမ်းရှိပြီး အရသာမှာဆိမ့်သောအရသာရှိပါသည်။ ကိုင်းဥကိုဆားနှင့် ငရုတ်ကောင်းဖြူး၍ ကင်စားကြသကဲ့သို့ အချို့မှာလည်း ကန်စွန်းရွက်နှင့်ရော၍ ကြော်စားတတ်ကြပါသည်။ ရာသီစာဖြစ်ပြီးလူကြိုက်များသော်လည်း ရှားပါးပြီး အနည်းငယ်သာထွက်ရှိသော ကြောင့် ဈေးကွက်အတွင်းတွင် အနည်းငယ်သာ တွေ့ရတတ်ပါသည်။

    ပြည်ဈေးကွက်တွင် ရောင်းချနေသော ကိုင်းဥဈေးနှုန်းများမှာ ယခင်နှစ်တွင် နို့ဆီဘူးတစ်ဘူးလျှင် ၃၅၀၀ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် နို့ဆီဘူးတစ်ဘူးလျှင် ၈၀၀၀ကျပ်ဈေးဖြင့်ရောင်းချသဖြင့် ယခုနှစ်တွင် ကိုင်းဥဈေးမှာ နို့ဆီဘူးတစ်ဘူးလျှင် ၄၅၀၀ကျပ်ခန့် ဈေးနှုန်းများမြင့်တက်လျက်ရှိ ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချည်သီးဈေးနှုန်း မြင့်တက်လျက်ရှိ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချည်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါ သည်။

     ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ နောက်ဆုံးအပတ်နှင့် စက်တင်ဘာလ လဆန်းပိုင်းတွင်  ခရမ်းချည်သီးဈေးနှုန်းအနေဖြင့် ထိုင်ဝမ်ခရမ်းချည်သီးဈေးမှာ အလုံးအရွယ်အစားအလိုက် တစ်ပိဿာလျှင် (၁၈၀၀/၂၀၀၀)ကျပ်ဖြစ်ခဲ့ပြီး ယခုစက်တင်ဘာလ စတုထ္ထပတ်အတွင်း၌ ခရမ်းချည်သီးဈေးနှုန်းမှာ အလုံးအရွယ်အစားအလိုက် တစ်ပိဿာလျှင် (၅၀၀၀/၆၀၀၀)ဈေးနှုန်းအထိမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

      ခရမ်းချည်သီးဈေးနှုန်းမြင့်တက်ရခြင်းမှာ  ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ မှာယူရောင်းရခြင်းဖြစ်သောကြောင့် ရာသီဥတုနှင့် လမ်းခရီးအခက်အခဲများကြောင့် ကုန်စည်စီးဆင်းမှုများနည်းပါးသဖြင့် ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း ကုန်စိမ်းသီးနှံရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဟင်္သာတခရိုင်တွင် ကောက်စောမိုးစပါးများ စတင်ထွက်ရှိ

      ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၌ ၂၀၂၄ မိုးစပါးကို ဟင်္သာတမြို့နယ်တွင် (၆၆၆၅၄) ဧက၊ ဇလွန်မြို့နယ်တွင် (၃၀၅၄၆)ဧက နှင့် လေးမျက်နှာမြို့နယ်တွင် (၃၀၂၄၅)ဧက၊ စုစုပေါင်း (၁၂၇၄၄၅)ဧက စိုက်ပျိုးကြပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ပဲတီစိမ်းနှင့် နွေစပါးတို့ကို စိုက်ပျိုးကြပါသည်။  စိုက်ပျိုးသော စပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခ၊ GW-11 ၊ GW-18 ၊  မှော်ဘီ ၃ ၊ ရက်(၉၀)၊ ရွှေဧရာ၊ ပခန်း   စသောမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။

          ၂၀၂၄ ခုနှစ် မေလ နောက်ဆုံးပတ်က စိုက်ပျိုးသော မိုးစပါးများသည် ၂၀၂၄ ခုနှစ် စက်တင် ဘာလ ဒုတိယပတ်တွင် စတင်ထွက်ရှိလာကြပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည်  (၂၄.၉.၂၀၂၄)နေ့တွင်  ၂၀၂၄  ခုနှစ်ထွက်  ကောက်စောမိုးစပါး ရိတ်သိမ်းသော ဟင်္သာတမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ(တောင်ပိုင်း)ရှိ၊ တောင်သူ ဦးသိန်းမြင့် ၏ GW-11 စပါးမျိုးစိုက်ပျိုးထားသော  လယ်(၄.၀၀)ဧကသို့  ကွင်းဆင်းလေ့လာခဲ့ပါသည်။ တစ်ဧကလျှင် ပျမ်းမျှအစိုဓါတ် ရာခိုင်နှုန်း(၂၄-၃၀)ကြားရှိပြီး  (၅၅)ပေါင် တင်း(၉၀)မှ(၉၅)တင်းကြား ထွက်ရှိကြောင်း သိရှိရပါသည်။ ကွင်းပေါက်ဈေးမှာ အစို(၅၅)ပေါင် တင်း(၁၀၀)လျှင် (၁၅ သိန်း ကျပ်) ဈေးဖြင့် ရောင်းချရပြီး တစ်ဧကလျှင်(၇ သိန်းကျပ်)ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိကြောင်း တောင်သူဦးသိန်းမြင့်ထံမှ ပြောကြားပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း