Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် သြဂုတ်လ နောက်ဆုံးပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၆၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၅၂၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

       ယခု စက်တင်ဘာလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၃၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၄၆၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၂၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၃၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၆၅)ကျပ်  ဈေးနှုန်းကျဆင်းခဲ့ပြီး၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၅၀)ကျပ်ဖြင့် ဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

မိုးရာသီကာလ ပြောင်းဖူးအထွက်လှိုင်ချိန်ဖြစ်သော်လည်း ဈေးလျော့မသွားသည့် ပြည်ပြောင်းဖူးဈေးကွက်

   ယခုကာလသည် မိုးရာသီဖြစ်သည်နှင့်အညီ အသီးအနှံမျိုးစုံ၊ သစ်သီးဝလံမျိုးစုံပေါများသည့်အချိန်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်မြို့၏ဈေးများအတွင်း ပြောင်းဖူးစိမ်းများ ရောင်းချမှုများရှိနေသကဲ့သို့ ပြောင်ဖူးပြုတ်များလည်းရောင်းချနေကြသည်ကိုတွေ့ရပါသည်။ ဈေးများအပြင် စက်ဘီး၊ ဆိုင်ကယ်များဖြင့် ပြောင်းဖူးစိမ်း၊ ပြောင်းဖူးပြုတ်များလှည့်လည်ရောင်းချကြပြီး လမ်းဘေးတချို့နေရာများတွင်လည်း ပြောင်းဖူးဖုတ်ရောင်းချသည့်ဆိုင်များရှိကြပါသည်။ ပြည်ဈေးကွက်သို့ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာနှင့် အနီးအနားရွာများနှင့် ဆင်မြီးဆွဲ၊ ပုတီးကုန်း၊ သဲကုန်းမြို့နယ်တို့မှ ပြောင်းဖူးစိမ်းများဝင်ရောက်ခဲ့ကြောင်းသိရပါသည်။ ပြည်မြို့မှတစ်ဆင့် ရန်ကုန်သို့လည်း တင်ပို့ရောင်းချမှုများရှိပါသည်။ ပြောင်းဖူးဈေးအနေဖြင့် အဖူးအရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိကြကာ တစ်ဖူးလျှင် (၂၀၀ /၂၅၀) ကျပ်မှ ၄၀၀ကျပ်အထိ ရှိကြောင်း၊ သကြားပြောင်းအမျိုးအစားများမှာလည်း တစ်ဖူးလျှင် ( ၄၀၀/၅၀၀)  ကျပ်အထိ ရှိကြောင်းသိရပါသည်။ ၁၀ဖူးပါ တစ်စည်းလျှင် ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိလည်းကောင်း ရောင်းချကြပါသည်။  ပြောင်းစိုက်တောင်သူများအနေဖြင့် ပြောင်းပင်တစ်ခင်းကုန်လျှင် နောက်တစ်ခင်း ထပ်မံထွက်ရှိအောင် ဆုတ်တက်စနစ်ဖြင့် စိုက်ပျိုးလာကြသည့်အတွက် ယခုအခါ ပြောင်းဖူးသီးနှံအား တစ်နှစ်တာလုံး ဝယ်ယူစားသုံးနေနိုင်ပြီဖြစ်ပါသည်။ သို့သော်လည်း မိုးရာသီကာလတွင် ပြောင်းဖူးများကို ပေါများစွာစားသုံးနိုင်ပြီး ကျန်ကာလတွင်မူ သီးနှံမပြတ်သော်လည်း ယခုကာလကဲ့သို့ ပေါများမှုမရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

                  

ဝင်ငွေကောင်းဖို့ ကညွတ်စိုက်ကြစို့

    ကညွတ်ပင်သည် သမပိုင်းဒေသတွင်ပေါက်ရောက်တဲ့အတွက် မြန်မာနိုင်ငံတွင်လည်း စိုက်ပျိုးသူများပြားလာပြီး ဝင်ငွေကောင်းသော သီးနှံတစ်ခုဖြစ်လာခဲ့ပါသည်။ အရသာရှိပြီး ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်နဲ့ သက်စောင့်ဓာတ်များစွာပါဝင်သော ကညွတ်သည် ကျန်းမာရေးအတွက် မဖြစ်မနေစားသုံးသင့်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ကညွတ်သည် နှစ်ရှည်သီးနှံဖြစ်သောကြောင့် နှစ်ပေါင်း(၂၀)ကျော်အောင် ခူးယူနိုင်ပါသည်။

   ကညွတ်ပင်သည် မြေဆီထက်သန်ပြီး ရေဝင်ရေထွက်ကောင်းသော မြေကြီးအမျိုးအစားကိုနှစ်သက်ပါသည်။ အက်ဆစ်ဓာတ်ဆန်သော (မြေချဉ်သော) အမျိုးအစားကိုမနှစ်သက်ပါ။ နှစ်ရှည်ပင်ဖြစ်သောကြောင့် စတင်စိုက်ပျိုးကတည်းက မြေကိုအကောင်းဆုံးဖြစ်အောင် အချိန်ယူပြီး ပြင်ဆင်ထားသင့်ပါသည်။ ကညွတ်စိုက်ပျိုးရန် မြေကြီးအနက် (၆-၈) လက်မထိ မြေကိုပွနေစေရန် ထွန်ယက်ပေးရပါသည်။ မြေဆွေးကို စိုက်ပျိုးမည့်မြေကြီးအထက် (၂-၃) လက်မထိ ဖြန့်ပေးပြီး မြေကြီးထဲသို့ ရောမွှေပေးရပါသည်။ မြေကြီးကို (၁၂)လက်မအကျယ်၊ (၈-၁၂)အမြင့် ပေါင်ပြုလုပ်ပေးရပြီး တစ်တန်းနှင့်တစ်တန်းလျှင် အနည်းဆုံး (၂)ပေထားပေးရပါမည်။

   စိုက်ပျိုးနည်းအနေဖြင့် အစေ့မှစိုက်ပျိုးခြင်းသည် အပင်ပေါက်ရောက်မှုနည်းသည့်အတွက် ဥမှစိုက်ပျိုးသူများပါသည်။ အစေ့မှစိုကိပျိုးပါက မျိုးစေ့ကို ရေ(၃-၄)ရက်ခန့်အကြာအောင် စိမ်ထားသင့်ပါသည်။ ရေကိုတစ်နေ့လျှင် တစ်ခါလဲပေးရပြီး ပျိုးပေါင်ပေါ်တွင် တစ်စေ့နှင့်တစ်စေ့ (၁)လက်မ၊ (၁)လက်မခွဲခန့် တန်းကြား၌ (၁)ပေခန့်အကွာထားပြီး ပျိုးထောင်ပေးရပါသည်။ (၂)ပတ်နှင့် (၆)ပတ်အကြာတွင် အပင်ပေါက်လာပြီး တစ်လသားခန့်အကြာတွင် ပျိုးအိတ်ထဲသို့ ပြောင်းထည့်ပေးရပါသည်။ ပျိုးပင်(၄)လသားအရွယ်တွင် ရွေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

     ကညွတ်စိုက်ပျိုးမည်ဆိုပါက မိုးဦးပိုင်းတွင်စတင်စိုက်ပျိုးနိုင်ပါသည်။ (၁)ပေမှ တစ်ပေခွဲအထိထားပြီး တန်းကြား(၃-၄)ပေခန့်ထားပေးသင့်ပါသည်။ ကျင်းကို (၈)လက်မအနက်ထိတူး၍ စိုက်ပျိုးနိုင်ပါသည်။  ကညွတ်စိုက်ပျိုးပြီး (၁)နှစ်ကြာသည်အထိ အပင်၏အမြစ်များ အားကောင်းသန်မာစေရန်အတွက် အစို့များကိုခူးဆွတ်ရိတ်သိမ်းခြင်းမပြုလုပ်ရပါ။ ပေါင်းများကို အခါအားလျော်စွာရှင်းပေးရပါမည်။ မြေဩဇာကောင်းမွန်စေရန်အတွက် မြေဆွေး၊ သစ်ရွက်ဆွေးများထည့်သွင်းပေးရပါမည်။

   ရိတ်သိမ်းခြင်းအတွက် (၂)နှစ်သားမှစ၍ ရိတ်သိမ်းနိုင်ပါသည်။ ရိတ်သိမ်းမည့်အစို့များမှာ (၆-၈)လက်မအထိရှိရပါမည်။ အစို့များကိုလက်ဖြင့် အလွယ်တကူချိုးယူနိုင်ပါသည်။ ဓားဖြင့်လှီးဖြတ်ပါက ဘေးနားရှိ အစို့ငယ်လေးများနှင့် ပင်မအမြစ်ဆုံဥများကိုမထိခိုက်စေရန် သတိထား၍လှီးဖြတ်ရပါမည်။

   ထွက်ရှိလာသောကညွတ်များကို ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ပါသည်။ ပြည်ခရိုင်၊ ပြည်မြို့များတွင် အိမ်ခြံဝန်းများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ မြန်မာမျိုးများဖြစ်သောကြောင့် ကညွတ်ပင်များမှာ အနည်းငယ်အပင်သေးသည်။ ဈေးကွက်တွင် ရောင်းချနေသောကညွတ်များမှာ ရန်ကုန်မှ အဝင်များဖြစ်ကြသည်။ ပြည်ဈေးကွက်တွင်မူ ကညွတ်ချောင်း (၂၅)ချောင်းပါ တစ်စည်းလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချနေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဘားအံမြို့ ကန်သာယာ(စနေနေ့)အခွန်လွတ်ဈေးတွင် ရောင်းချနေသော ကုန်ဈေးနှုန်းများအခြေအနေ

         ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သ့ ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှဝယ်သူသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့်ကျဆင်းနိုင်စေရန် ကရင်ပြည်နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့်ကျဆင်းရေး ကော်မတီက ဘားအံမြို့ ကန်သာယာတွင် စနေနေ့အခွန်လွတ်ဈေးအား အပတ်စဉ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

          ကန်သာယာ စနေနေ့အခွန်လွတ်ဈေးတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် သား/ငါး အရောင်းဒိုင်များမှ တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ဝက်သား ၁ ပိဿာ ၁၃၀၀၀ ကျပ်၊ အမဲသား ၁ ပိဿာ၁၄၀၀၀ကျပ်၊ ဆိတ်သား ၁ ပိဿာ ၁၇၀၀၀ ကျပ်၊ ကြက်သား(အိမ်ကြက်)၁၅၀၀၀ ကျပ်၊ မွေးမြူရေးငါးကြင်း ၁ ပိဿာ ၇၀၀၀ ကျပ်၊ တီလားဗီးယား ၁ ပိဿာ ၆၀၀၀ကျပ်၊ ငါးမဲလုံး ၁ ပိဿာ ၆၀၀၀ ကျပ်၊ ယိုးဒယား ငါးခုံးမ ၁ ပိဿာ ၆၀၀၀ကျပ်၊ ငါးခူ ၁ ပိဿာ ၆၃၀၀ ကျပ်၊ ငါးမုတ် ၁ ပိဿာ ၅၀၀၀ ကျပ်၊ ငါတန် ၁ ပိဿာ ၄၆၀၀ ကျပ်၊ ပလာတူး ၁ပိဿာ ၆၀၀၀ကျပ်၊ ဘဲဥ ၁ လုံး ၃၅၀ကျပ်၊ ကြက်ဥ ၁ လုံး ၂၅၀ ကျပ်၊ ကန်စွန်းရွက်၁ စီး ၃၀၀ကျပ်၊ ချဉ်ပေါင်ရွက် ၁ စီး ၃၀၀ ကျပ်၊ ဂေါ်ဖီထုပ် ၁ ထုပ် ၇၀၀ ကျပ်၊ ပန်းဂေါ်ဖီ ၁ ပွင့် ၈၀၀ ကျပ် ၊ သခွားသီး ၁ ပိဿာ ၂၀၀၀ ကျပ်၊ ခရမ်းချဉ် ၁ ပိဿာ ၂၀၀၀ ကျပ်၊ ကြက်သွန်နီ ၁ ပိဿာ ၃၀၀၀ ကျပ် စသည်ဖြင့် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက် ရှိကြောင်းသိရသည်။

          အခွန်လွတ်ဈေးများတွင် ရောင်းချနေသော ဈေးနှုန်းများမှာဈေးနှုန်းချိုသာပြီး စားသုံးသူပြည်သူများအနေဖြင့်လည်းဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် ရောင်းသူဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

 

ကန့်ဘလူမြို့နယ်အတွင်းရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူမြို့နယ်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူးသစ်(50)kg တစ်အိတ်လျှင် (၉၃၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၉၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၆၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၄၅၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဗူးလျှင် (၁၂၀၀၀)ကျပ်၊ မိုရယ်မုန်း (၅၀၀)စီစီ တစ်ဗူးလျှင် (၂၅၀၀၀) ကျပ်၊ ဒီမင်း (၁)လီတာ တစ်ဗူးလျှင် (၂၁၀၀၀)ကျပ် ၊ အမ်မို (၁)လီတာ တစ်ဗူးလျှင် (၂၂၀၀၀)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရာသီစာဆေးဖက်ဝင် စောင်းလျားသီးဈေးကွက်

   မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရာသီဥတု၊ ရေမြေသဘာဝနှင့်ကိုက်ညီကောင်းမွန်ပြီး ဈေးကွက်အတွင်း ရောင်းချနိုင်သောသစ်သီးဝလံများကို ဒေသအလိုက် စိုက်ပျိုးကြခြင်းဖြင့် ဝင်ငွေရရှိနိုင်ပါသည်။ သစ်သီးဝလံများကို လူအများအပြားစားသုံးကြခြင်းမှာလည်း ဓလေ့တစ်ခုပင်ဖြစ်နေပါသည်။ အဓိကစားသုံးသည့် သစ်သီးဝလံများထဲတွင်  စောင်းလျားသီးလည်းတစ်ခုအပါဝင်ဖြစ်သည်။ စောင်းလျားသီးပင်သည် နေရာဒေသမရွေး၊ မြေအမျိုးအစားမရွေး စိုက်ပျိုးဖြစ်ထွန်းပါသည်။ အထူးသဖြင့် မြေဩဇာကောင်းမွန်သောနုန်းမြေများတွင် အပင်ပိုမိုကြီးထွားပါသည်။ စောင်းလျားပင်သည် စိုက်ပျိူးပြီး (၃)နှစ်သားမှ (၄)နှစ်သားအရွယ်တွင် ပန်းများပွင့်ပြီး အသီးစတင်သီးလာပါသည်။ စောင်းလျားပင်သည် တစ်နှစ်ပတ်လုံးတွင် (၂)ကြိမ်ခန့်ပန်းပွင့်ကာ နွေမိုးဆောင်း (၃)ရာသီလုံး မပြတ်ခူးဆွတ်ရပါသည်။ အသီးသီးရာတွင် အသီးအနုမှ အသီးရင့်သည်အထိ ရက်(၆၀)ခန့်ကြာပါသည်။ စောင်းလျားသီးသည် မမှည့်သေးခင်တွင် အစိမ်းရောင်ရှိပြီး ချဉ်ဖန်ဖန်အရသာရှိပါသည်။ အသီးများမှည့်လာလျှင် အဝါရောင်သန်းပြီး အရည်ရွှမ်းလာပါသည်။ အရသာမှာ ချဉ်သောအရသာနှင့် ချိုသောအရသာဟူ၍ (၂)မျိုးရှိပါသည်။ ဝယ်လိုအားအနေဖြင့် စောင်လျားသီးပင်များအား ဈေးကွက်အတွင်းသာမက ကျေးရွာများတွင်လည်း တစ်ပင်လုံးပြတ် အသီးအကြီး၊ အသေး၊ သောင်းပြောင်းအရောရာ လာရောက်ဝယ်ယူကြပါသည်။

    စောင်းလျားပင်များကို ရွှေတောင်မြို့နယ်ဒေသတဝိုက်ရှိ ကျေးလက်ဒေသများတွင်လည်းကောင်း၊ ပြည်မြို့နယ်နှင့် အနီးတဝိုက်ရှိသော ကျေးလက်ဒေသများတွင်လည်း အိမ်ခြံမြေများအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းသိရပါသည်။ စောင်းလျားသီးအမှည့်သည် ကျန်းမာရေးဓာတ်စာအဖြစ် ဆေးဖက်ဝင်အသီးဖြစ်သောကြောင့် ယခုအခါ ရာသီစာအဖြစ် ငါးပြေမငါးများဖြင့် တွဲဖက်၍ချက်ပြုတ်စားသောက်ခြင်းအပြင် ဖျော်ရည်အဖြစ်လည်း သောက်သုံးကြပါသည်။ စောင်းလျားသီးများအား ဈေးကွက်အတွင်း ရောင်းချရာတွင် ယခင်နှစ်များမှာ တစ်ပိဿာလျှင် (၃၀၀-၅၀၀) ကျပ်ခန့်ရှိသော်လည်း၊ ၂၀၂၃နှစ်တွင် စောင်းလျားသီးတစ်ပိဿာလျှင် (၁၀၀၀-၁၅၀၀)ကျပ်နှုန်းဖြင့် ပြည်မြို့နှင့် ရွှေတောင်မြို့ရှိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

                                               

ကန့်ဘလူခရိုင်၏ ဆန်စီးထွက်နှင့် ဈေးနှုန်း၊ဈေးကွက် အခြေအနေ

     “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း  ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

      ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် (၃၅၀၀၀၀၀)၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ကျပ် (၃၀၀၀၀၀၀) နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် (၁၈၀၀၀၀၀)၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် (၁၂၄၀၀၀)၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၁၃၀၀၀၀) နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် (၈၀၀၀၀) ဖြစ်ပြီး  ယခင်အပတ် ထက် ဈေးအနည်းငယ် ကျဆင်းလျက်ရှိပါကြောင်း ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့ အိတ်ရေ ၁၀၀၀ အိတ် စုစုပေါင်းအိတ်ရေ ၁၀၀၀အိတ်၊ တန်အားဖြင့် (၅၀)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                   

                                                                  

ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လအတွင်းဖြစ်ပေါ်နေသော ပဲမျိုးစုံဈေးကွက်အခြေအနေ

   ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိရာ ဩဂုတ်လ (ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသောပဲဈေးနှုန်းများကို ယခင်နှစ်နှင့် ယခုနှစ်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သိရှိရပါသည်။

မတ်ပဲ

    ပြည်ကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ဒုတိယပတ်) တွင် မတ်ပဲတစ်တင်းလျှင် (၇၉၅၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် (ဒုတိယပတ်) တွင် မတ်ပဲတစ်တင်းလျှင် (၆၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး  (၁၈၅၀၀)ကျပ်ခန့်ဈေးပိုလာခဲ့ပါသည်။

ပဲတီစိမ်း

    ယခင်နှစ်၊ ဩဂုတ်လ (ဒုတိယပတ်) တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၈၀၀၀)ကျပ်ဖြင့် မန္တလေးအဝယ်ရှိခဲ့ပါသည်။ ယခုနှစ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၅၅၀၀၀)ကျပ်ဖြင့် မန္တလေးသို့ တစ်နေ့လျှင် အိတ်(၃၀၀)ခန့်တင်ပို့ပါသည်။ ယခင်နှစ်၏ ပဲတီစိမ်းဈေးထက် ယခုနှစ်တွင်  ဖြစ်ပေါ်နေသောပဲဈေးမှာ (၇၀၀၀) ကျပ်ခန့်ဈေးပိုခဲ့ပါသည်။

ပဲစင်းငုံ

    ယခုနှစ်၊ ဩဂုတ်လ (တတိယပတ်) တွင် ပဲစင်းငုံတစ်တင်းကို (၉၉၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀)ခန့်တင်ပို့ပါသည်။ ယခင်နှစ်၊ ဩဂုတ်လ (ဒုတိယပတ်) တွင် ပဲစင်းငုံတစ်တင်းကို (၆၂၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိပြီး ပဲတစ်တင်းလျှင် (၃၇၀၀၀) ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။

ကုလားပဲ

    ယခင်နှစ်၊ ဩဂုတ်လ (ဒုတိယပတ်) တွင် ကုလားပဲ (HL) တစ်တင်းကို (၆၅၀၀၀)ကျပ်၊ မြကြေးမှုံတစ်တင်းကို (၆၅၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်လျှင် အိတ် (၃၀၀)ခန့်အဝယ်ရှိခဲ့ပါသည်။ ယခုနှစ်၊ ဩဂုတ်လ (ဒုတိယပတ်) တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၉၄၀၀၀)ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၉၄၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ယခင်နှစ်ဈေးနှင့်နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်၌ ပဲတစ်တင်းလျှင် (၂၉၀၀၀)ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။

ပဲကြီး

    ယခုနှစ်၊ ဩဂုတ်လ (ဒုတိပတ်) တွင် ပဲကြီး (ကုန်းပဲ)တစ်တင်းကို (၉၈၀၀၀)ကျပ်၊ ပဲကြီး (ရွှေကျွန်း )တစ်တင်းကို (၁၀၀၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ် (၃၀၀)ခန့်အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ်၊ ဩဂုတ်လ (ဒုတိယပတ်) တွင် ပဲကြီး (ကမ်းနား) တစ်တင်းလျှင် (၇၀၀၀၀-၇၂၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် တစ်ခါတရံ၌ ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

စားတော်ပဲ

    ယခင်နှစ်၊ ဩဂုတ်လ (ဒုတိယပတ်) တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို (၁၁၀၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် (၄/၅)အိတ်ခန့်အဝယ်ရှိခဲ့ပါသည်။ ယခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် စားတော်ပဲ (ကျွန်း)တစ်တင်းကို (၁၃၆၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပြီး ပဲတစ်တင်းလျှင် (၂၆၀၀၀)ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။

ဘိုကိတ်ပဲ

    ယခင်နှစ်၊ ဩဂုတ်လ (ဒုတိယပတ်) တွင် ဘိုကိတ်တစ်တင်းကို (၄၃၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်နေ့လျှင် (၁၄/၁၅)အိတ်ခန့်အဝယ်ရှိခဲ့ပါသည်။ ယခုနှစ်တွင် ဘိုကိတ်တစ်တင်းလျှင် (၆၉၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် (၁၄/၁၅)အိတ်ခန့်အဝယ်ရှိပြီး တစ်ခါတရံ၌ ရန်ကုန်အဝယ် (၅၀/၁၀၀)အိတ်ခန့်ရှိခဲ့ပါသည်။

    ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံဈေးနှုန်းများကိုကြည့်လျှင် ယခင်နှစ်၏ ပဲဈေးထက် ယခုနှစ်ပဲဈေးမှာ ပိုမိုကောင်းမွန်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လားရှိုးမြို့ တရုတ်လမုန့်များအရောင်းအဝယ်ကောင်း

  ယခုအချိန်ကာလသည် တရုတ်လူမျိုးများ၏ နှစ်စဉ်နှစ်တိုင်းအမြဲလိုလို ကျင်းပလေ့ရှိသည့် တရုတ်မုန့်စားပွဲ‌တော်အချိန် ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရှိဆိုင်များတွင် တရုတ်လမုန့်များ မြိုင်မြိုင်ဆိုင်ဆိုင်ရောင်းချနေကြောင်း တွေ့ရှိရပါသည်။  အဆိုပါလမုန့်များကိုမူ လမုန့်စားပွဲတော်နှင့် တရုတ်နှစ်သစ်ကူးပွဲတော် အချိန်ခါတွင် တစ်နှစ်မှ တစ်ကြိမ်သာ လမုန့်များကိုပြုလုပ်ရောင်းချသောကြောင့် လမုန့်များသည်ဈေး‌ကောင်းရရှိပြီး  အရောင်းအဝယ်မှာလဲ ရောင်းကောင်းကြောင်း သိရှိရပါသည်။ လမုန့်များကိုမူ အသားနှင့် အချိုဟူ၍ နှစ်မျိုးထုတ်လုပ်ပြီး အချိုကို ပဲနီ၊ မြေပဲ၊ ပဲဖြူ စသည်ဖြင့် အမျိုးအစားများထုတ်လုပ်ကြောင်း သိရှိရပါသည်။ လမုန့်များကို လားရှိုးမြို့အတွင်းသာမက ဟိုပန်၊ လောက်ကိုင်၊ တန့်ယန်း၊ ပန်ဆန်း၊ မိုင်းရှူး၊ မန္တလေး၊ ရန်ကုန်နှင့် အခြားသောအော်ဒါမှာယူသည့် မြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ဈေးနှုန်းများမှာလည်း အမျိုးအစား မုန့်အခုရေပါဝင်သည့်အပေါ်မူတည်၍ ဈေးနှုန်းများမှာ (၈၀၀၀)ကျပ် မှ (၉၀၀၀၀)ကျပ်ထိရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပြည်ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူနှင့်အာလူးဈေးကွက်/ဈေးနှုန်း

    ပြည်ဈေးကွက်ရှိ ကြက်သွန်ဖြူ(ရှမ်းစ)များမှာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ပထမပတ်) တွင် လက်လီတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဈေးရှိခဲ့ပြီး ဒုတိယအပတ်တွင် လက်လီတစ်ပိဿာလျှင် (၉၈၀၀)ကျပ်၊ လက်ကား(ပွဲရုံဈေး) တစ်ပိဿာလျှင် (၉၅၀၀)ကျပ်ဖြစ်ခဲ့ပြီး ဩဂုတ်လ (စတုတ္ထပတ်) တွင် လက်လီတစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်၊ လက်ကား(ပွဲရုံဈေး)တစ်ပိဿာလျှင် (၉၈၀၀)ကျပ်အထိ တဖြည်းဖြည်းမြင့်တက်လာသည်ကိုတွေ့ရပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) မှာလည်း ဩဂုတ်လ (ပထမပတ်) အတွင်း လက်လီဈေးတစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ လက်ကား(ပွဲရုံဈေး) တစ်ပိဿာလျှင် ၇၀၀ကျပ်ဈေးရှိခဲ့ပြီး ဒုတိယအပတ်တွင်မူ လက်လီတစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြစ်ခဲ့ပြီး၊ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်) အထိ လက်လီတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ လက်ကား (၉၀၀၀)ကျပ်ဖြင့် ဈေးငြိမ်နေပါသည်။

   ကြက်သွန်ဖြူဈေးမြင့်တက်လာရခြင်းမှာ ယခင်ကာလများထက် အဝင်နည်းနေပြီး ပြည်ခရိုင်အတွင်း ပစ္စည်းလက်ကျန်နည်းနေသောကြောင့် ဈေးအနည်းငယ်မြင့်တက်လာရခြင်းဖြစ် ကြောင်းသိရှိရပါသည်။

    အာလူးသီးနှံအနေဖြင့် ဇူလိုင်လမှစ၍ ဩဂုတ်လ (နောက်ဆုံးပတ်) ထိ လက်လီတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၃၃၀၀)ကျပ်ဖြင့် ဈေးငြိမ်နေပါသည်။ ရှမ်းပြည်နယ်နှင့် မန္တလေးမှ အဝင်နည်းနေသော်လည်း ပစ္စည်းပြတ်လပ်မှုမရှိသောကြောင့် ဈေးငြိမ်နေရခြင်းဖြစ်ကြောင်းသိရပါသည်။

    ပြည်ခရိုင်အတွင်းရှိ ကြက်သွန်ဖြူသီးနှံနှင့် အာလူးသီးနှံတို့အား တချို့လုပ်ငန်းရှင်များနှင့် အိမ်တွင်းစားသုံးရန် အနည်းငယ်ဝယ်လိုသူများအနေဖြင့် ဈေးများသို့သွားရောက်ဝယ်ယူခြင်းမျိုးမရှိတော့ဘဲ အချိန်ကုန်သက်သာစေပြီး ဈေးကွာဟမှုမရှိသော Online ရောင်းချသူများထံမှ ဝယ်ယူသုံးစွဲလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း