Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူမြို့၏ မြေပဲဆံဈေးနှုန်းနှင့် စားသုံးဆီဈေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဆီထွက်သီးနှံမြေပဲကို နှစ်စဉ်စိုက်ပျိုးလျက်ရှိသော်လည်း ဒေသတွင်းစားသုံးဆီဖူလုံခြင်းမရှိ၍ အခြားမြို့နယ်များဖြစ်သည့် ချောက်၊ ကျောက်ပန်းတောင်း၊ ဆင်ဖြူကျွန်း၊ စလင်း၊ မကွေးမြို့များမှ ဝယ်ယူတင်သွင်း၍ စားသုံးဆီများကြိတ်ခွဲထုတ်လုပ်လျက်ရှိပါသည်။ ‌

   ဒေသတွင်းမြေပဲဆံဈေးကွက်အနေဖြင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် မြေပဲဆီဆံတစ်ပိဿာလျှင် ကျပ်(၅၈၀၀-၆၀၀၀)ဈေးအနိမ့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ရာမှ ဒီဇင်ဘာလတွင် မြေပဲဈေးနှုန်းမြင့်တက်လာခဲ့ပြီး မြေပဲဆီဆံတစ်ပိဿာလျှင် ကျပ်(၆၃၀၀-၆၅၀၀)၊ မြေပဲဆံအခြမ်း အောက်ကျတစ်ပိဿာလျှင် ကျပ်(၄၆၀၀-၄၈၀၀)ပေါက်ဈေးဖြစ်ကြောင်း၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (ပထမပတ်)အထိ မြေပဲဈေးကွက်တည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇန်နဝါရီလ (ဒုတိယပတ်) တွင် မြေပဲဆီဆံဈေးနှုန်းမြင့်တက်လာပြီး တစ်ပိဿာလျှင် ကျပ်(၆၃၅၀-၆၆၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇန်နဝါရီလ(တတိယပတ်)မှ ယခုဖေဖော်ဝါရီလ (ပထမပတ်)ထိ မြေပဲဆီဆံတစ်ပိဿာလျှင် ကျပ်(၆၆၀၀-၆၈၀၀)ဖြင့် ဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ မြေပဲဈေးနှုန်း/ဈေးကွက်မြင့်တက်လာရခြင်းမှာ စိုက်တောင်သူများတွင် မြေပဲလက်ကျန်နည်းခြင်းနှင့် ပဲခွဲစက်ကုန်သည်များတွင်လည်း လှောင်ထားသောမြေပဲများလက်ကျန်နည်းပြီး ဈေးကွက်တွင် မြေပဲဆံအဝင်နည်းခြင်းကြောင့် မြေပဲဆီဆံဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ပြည်တွင်းမြေပဲဈေးကွက်အတက်အကျပေါ်မူတည်ပြီး မြေပဲဆီဈေးနှုန်းမှာလည်းအတက်အကျရှိကြောင်း၊ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်ထံမှသိရပါသည်။

      ဒေသတွင်းမြေပဲဆီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် မြေပဲဆီတစ်ပိဿာလျှင် ဆုံဆီ ကျပ်(၁၆၀၀၀)၊ စက်ဆီ ကျပ်(၁၃၅၀၀-၁၄၀၀၀)၊ ပဲရောဆီ ကျပ်(၈၀၀၀-၁၀၀၀၀) ဈေးနှုန်းတို့ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဖေဖော်ဝါရီလ (ပထမပတ်)တွင် မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၆၅၀၀)၊ ပဲစက်ဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ် (၉၀၀၀-၉၅၀၀) ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုဖေဖော်ဝါရီ(ပထမပတ်)တွင် မြေပဲဆံဈေးနှုန်းအနည်းငယ်မြင့်တက်၍  ဇန်နဝါရီလ(ပထမပတ်)ထက် မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၁၀၀၀) ခန့်ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ဒေသတွင်းပြည်သူများသည် ကျန်းမာရေးနှင့် ညီညွှတ်သည့် မြေပဲဆီကို ယခင်ထက်ဝယ်ယူစားသုံးမှုများပြားလာ၍ ဆီကြိတ်ခွဲထုတ်လုပ်ရောင်းချဖြန့်ဖြူးသည့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများကိုတွင်ကျယ်စွာလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်အတွင်း ဆောင်းသီးနှံကုလားပဲစိုက်ပျိုးမှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၌ နှမ်း၊ စားတော်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ မြေပဲ၊ ပဲစဉ်းငုံ၊ နေကြာ၊ ပြောင်း၊ ဝါ၊ ကြက်သွန်နီနှင့် အခြားသီးပင်စားပင်များ စိုက်ပျိုးထွက်ရှိပြီး ဆောင်းသီးနှံကုလားပဲမှာ ၂၀၂၃-၂၀၂၄ဘဏ္ဏာနှစ်အတွက် စိုက်ဧက(၁)သောင်းကျော်စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

     အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင် ကုလားပဲစိုက်တောင်သူ (၅၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ(၃၀၀)ဧကဝန်းကျင်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင်ထွန်ကြောင်း ဆွဲပြီး မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ မျိုးကို ယခင်နှစ်က ကုလားပဲစိုက်ခင်းမှထွက်ရှိသည့် ကုလားပဲစေ့များကို မျိုးအဖြစ်သီးသန့်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မျိုးတွင် ရေဆင်း-၆၊ ရေဆင်း-၁၂၊ ဟောလန် မျိုးဟူ၍ရှိသည့်အနက် ရေဆင်း-၆ မျိုးကို မိမိအနေဖြင့် ဧက(၉)ဧကခန့် စိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် မျိုး(၂၈)ပြည်ခန့်ကုန်ကျကြောင်း၊ တန်ဆောင်းမုန်းလပြည့်ကျော်တွင် စတင်စိုက်ပျိုးပြီး တပေါင်လတွင်ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က ကျပ် (၁၃၀၀၀၀)သာကုန်ကျခဲ့ပြီး ယခုနှစ်တွင်မူ မြေပြုပြင်ရန်ထွန်စက်မောင်းခမှာ ဈေးမြင့်လာသည့်အတွက် လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၁၅၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် (၃၆)တင်းထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၅၀၀၀၀ မှ ၆၀၀၀၀)ထိ ဈေးရရှိခဲ့ပါကြောင်း၊ ထွက်ရှိသောကုလားပဲများကို အထက်မင်းလှမြို့ပွဲရုံများတွင် ရောင်းချကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းအနေဖြင့် ယခင်နှစ်ကထက်ပိုထွက်ရှိနိုင်မည်ဟု မျှော်မှန်းထားပါကြောင်း ဥယျာဉ်ကျေးရွာနေ ကုလားပဲစိုက်တောင်သူ ဦးဇော်အောင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဆန်လိုဒေသဖြစ်သောကြောင့် ဆန်စပါးအများဆုံးစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်သော အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်များဝယ်ယူတင်သွင်းလျက်ရှိသော မြို့ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရှောက်တောနှင့် တောင်တွင်းကြီးမြို့များနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြမြို့များနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုဒေသများမှလည်း မော်တော်ယာဉ်များဖြင့် ဆန်များဝင်ရောက်လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ဆန်(အသစ်နှင့်အဟောင်း)များဝင်ရောက်လျက်ရှိပြီး ယခင်ဇန်နဝါရီလ(ပထမပတ်)ထက် ဆန်ဈေးနှုန်းများမြင့်တက်လာသည်ကိုတွေ့ရှိရသည်။

       ဖေဖော်ဝါရီလ(ပထမပတ်)တွင် ဆန်ဈေးနှုန်းများမှာ ဆင်ဖြူကျွန်း ဧရာပဒေသာဆန်တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ စလင်းဆန် ဒို့ရွှေအိုး(အဟောင်း) တစ်အိတ်လျှင် ကျပ် (၁၆၀၀၀၀)၊ စလင်းဆန် ဒို့ရွှေအိုး(အသစ်) တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ဆင်ဖြူကျွန်း မနောသုခ ဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ဆင်ဖြူကျွန်း မနောသုခဆန် (အသစ်)  တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ဆင်းသုခ ဆင်ဖြူကျွန်း (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ မနောသုခ ဆင်ဖြူကျွန်းဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ မနောသုခ ဆင်ဖြူကျွန်းဆန် (အသစ်) တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ မြန်မာပြည်အောက်ပိုင်းရှိ မြောင်းမြဧရာပဒေသာဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ မြောင်းမြရာပြည့်ဖန်သီးဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ မြောင်းမြဆန် စိန်ပုလဲသုခဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဖန်သီး အောင်တံခွန်ဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ် (၁၀၀၀၀၀) တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်းမွှေး(အဟောင်း)တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေး (အသစ်) တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ မြောင်းမြပေါ်ဆန်း(အဟောင်း)တစ်အိတ်လျှင် ကျပ်(၁၇၅၀၀၀)၊ မြောင်းမြပေါ်ဆန်း (အသစ်) တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ကောက်ညှင်းဆန်(အသစ်)တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)ဖြင့် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

       ယခင်ဇန်နဝါရီလ(ပထမပတ်)နှင့် ယခုဖေဖော်ဝါရီလ(ပထမပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်ရာ ဆန်ဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ်(၉၀၀၀မှ ၁၅၀၀၀)ခန့်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဆန်ဈေးနှုန်းများမြင့်တက်ရခြင်းမှာ ဆန်တစ်အိတ်လျှင် ယခင်သယ်ယူစရိတ်မှာ ကျပ် (၇၀၀) မှ ယခုအပတ်တွင် ကျပ်(၁၀၀၀)အထိဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်(အသစ်)များပေါ်ချိန်တွင် စားသုံးသူများနှင့် လုပ်ငန်းရှင်များ၏ ဝယ်ယူသိုလှောင်မှုများခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)         

ကံမမြို့နယ်၌ အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးနေမှုအခြေအနေ

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်၊ သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကံမမြို့နယ်၌ (၁-၂-၂၀၂၄)ရက်နေ့နံနက် (၁၀း၀၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများကို အများပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်းသိရပါသည်။

    ထိုသို့ရောင်းချပေးရာတွင် စားအုန်းဆီပိဿာ (၅၅၀)အား ကံမမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများသို့ (၁)ပိဿာလျှင် ကျပ်(၅၀၀၀)နှုန်းဖြင့် ကာလပေါက်ဈေးထက် ဈေးသက်သာစွာရောင်းချပေးခဲ့ကြောင်း၊ ရောင်းချပေးမှုအား ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး) 

ကန့်ဘလူခရိုင်တွင် ပဲစဉ်းငုံသီးနှံ ဈေးနှုန်းမြင့်၍ စိုက်ပျိုးသူများအဆင်ပြေ

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ ကန့်ဘလူခရိုင်အတွင်း အဓိကစိုက်ပျိုးသည့် သီးနှံများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပဲစဉ်းငုံများ ရိတ်သိမ်းချိန်ဖြစ်ရာ ဈေးကွက်အတွင်းဈေးကောင်းရသဖြင့် စိုက်ပျိုးသူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

      ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် ရေမြေသဘာဝနှင့်ပိုမိုကိုက်ညီသည့် ပဲစဉ်းငုံသီးနှံများကို အခြားသီးနှံများထက် ပိုမိုစိုက်ပျိုးလျက်ရှိရာ အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်လျက်ရှိရာ ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်းဖြစ်ပေါ်ခဲ့သော ပဲစဉ်းငုံဈေးနှုန်းများမှာ ပဲစဉ်းငုံနီ (၁)တင်းလျှင် ကျပ် ၁၂၀၀၀၀ ၊ ပဲစဉ်းငုံဖြူ (၁)တင်းလျှင် ကျပ် ၁၁၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်နှစ်တွင် ပဲစဉ်းငုံနီ (၁)တင်းလျှင်ကျပ် ၆၅၀၀၀၊ ပဲစဉ်းငုံဖြူ (၁)တင်းလျှင် ကျပ် ၅၇၀၀၀ သာရှိခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ကြည့်လျှင် ပဲစဉ်းငုံဈေးနှုန်းများမှာ သိသိသာသာဈေးနှုန်းမြင့်တက်လာခဲ့ပြီး ပဲစဉ်းငုံနီ (၁)တင်းလျှင် ကျပ် ၅၅၀၀၀ နှင့် ပဲစဉ်းငုံဖြူ (၁) တင်းလျှင် ကျပ် ၅၃၀၀၀ ခန့်ပိုမိုရောင်းချရသဖြင့် စိုက်ပျိုးသူတောင်သူများ ဝင်ငွေတိုးကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း တောင်သူဦးကျော်မောင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာရောင်းချပေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့်  တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့်  ကန့်ဘလူခရိုင် ဆီလုပ်ငန်းရှင်များအသင်းမှ (၃.၂.၂၀၂၄) ရက်နေ့ နံနက် ၀၈:၃၀ နာရီက ကန့်ဘလူမြို့ ၊ ကန့်ဘလူ ခရိုင်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

    အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် ၆၀၅၀ ကျပ်ဖြင့် ဝန်ထမ်းတစ်ဦးလျှင်(၂)ပိဿာနှုန်း လက်ဝယ်အရောက် ရောင်းချပေးပြီး လူဦးရေ (၁၁၅၅)ဦးအတွက် စားအုန်းဆီ ၂၃၁၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

     ယခုဖေဖော်ဝါရီလ ပထမအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀) ၊ အာပြဲခြောက် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက် (၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်၌ ဖေဖော်ဝါရီလ (ပထမပတ်)တွင် ပဲစဉ်းငုံ(နီ)ဈေးများ မြင့်တက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ဖေဖော်ဝါရီလ၊ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ‌ဇန်နဝါရီလ၊ ဒုတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ၊ ဖြူ)များ စတင်ဝင်ရောက်ခဲ့သော်လည်း ဖေဖော်ဝါရီလ၊ ပထမပတ်တွင် ပဲစဉ်းငုံ(နီ)တစ်မျိုးတည်းသာ ဝင်ရောက်ခဲ့ကြောင်း၊ ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ) တစ်တင်းလျှင် (၁၂၇၅၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀၀)တင်း/(၁၄၇၀)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(နီ) တစ်တင်းလျှင် (၁၂၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲစဉ်းငုံ(နီ) တစ်တင်းလျှင် (၇၅၀ဝိ/-)ကျပ်ဈေးပိုရရှိခဲ့ကြောင်းနှင့် ယခင်အပတ်ထက် အဝင်များပြီး ဈေးနှုန်းလဲပိုလာသည့်အပြင် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မင်းဘူးမြို့နယ်စားသုံးဆီလုပ်ငန်းရှင်များအသင်းသည် အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၃) ရပ်ကွက်၌ မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် (၁-၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် လူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ ကျပ်(၅၀၀၀)နှုန်းဖြင့် စားအုန်းဆီပိဿာ (၅၅၀)ပိဿာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ရောင်းချပေးနေမှုအား မြို့နယ်ကြီးကြပ်ရေးကော်မတီဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စားအုန်းဆီပေပါ (၅) လုံးကုန်အောင်ရောင်းချမှုရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိနှင့် သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချမှုရှိ/မရှိတို့ကို သွားရောက်၍ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းစားအုန်းဆီရောင်းချနေသည့်နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ကလည်း လာရောက်အားပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၇/၂၀၂၄ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း