Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သီဟိုဠ်စေ့ထုတ်လုပ်ပုံနှင့် ဈေးနှုန်း

     သီဟိုဠ်ကို မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင်အဓိကထား စိုက်ပျိုးလျက်ရှိပြီး သီဟိုဠ်သီး ရှိ အစေ့ကို  ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြသည်။ ယခင်က အရိပ်ရအပင်အဖြစ် စိုက်ပျိုးခဲ့ကြသော သီဟိုဠ်ပင်ကို ယခုအချိန်တွင် သီဟိုဠ်စေ့ကို အဓိကထုတ်ကုန်အနေဖြင့် စိုက်ပျိုးလာခဲ့ကြသည်။ သီဟိုဠ်စေ့သည် ဗီတာမင်နှင့် သတ္တုဓါတ်များပါဝင်ပြီး ကုန်ကြမ်းအဖြစ် သီဟိုစေ့ကို ကုန်ချော (စားသုံးရန်)အဆင့်ရရှိစေရန် အဆင့်ဆင့်ပြုလုပ်ရကြောင်း သိရှိရပါသည်။

     သီဟိုဠ်စေ့ထုတ်လုပ်ရာတွင် အကြမ်းအားဖြင့် အခြောက်လှန်းခြင်း၊ ပြုတ်ခြင်း၊ အခွံခွဲခြင်း၊ အခြောက်ခံခြင်းနှင့် အချောခြစ်ခြင်းဟူ၍ အဆင့်လေးမျိုးခွဲထားသည်။ အခြောက်လန်းခြင်းအတွက် နေလေးကြိမ်/လေးရက်လှန်းကာ အစေ့ခြောက်သွားသည်နှင့်အမျှ မိနစ်လေးဆယ်ခန့်ပြုတ်ပြီး ရရှိလာသောသီဟိုဠ်စေ့များကို အအေးခံကာ အခွံခွဲ၍သီဟိုဠ်စေ့ရရှိလာကြပါသည်။  ၎င်းသီဟိုဠ်စေ့ တွင် အခွံပါးလေးကျန်ရှိပြီး သီဟိုဠ်စေ့ဖြူ(အချော)ရရှိရေးအတွက်တစ်ရက်ခန့် မီးဖြင့်အခြောက်ခံ ထားရပါသည်။ ထိုနောက်အခြောက်ခံထားသော သီဟိုဠ်စေ့များကို အခွံပါးခြစ်၍ အလုံး၊ အခြမ်း၊ အကြေဟု အရည်အသွေးသုံးမျိုးခွဲပြီး ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ အခြမ်းနှင့် အကြေများကိုမူ မုန့်လုပ်ရာတွင်အဓိကထားအသုံးပြုကြပြီး အလုံးအား နေရာအနှံ့မှ လာရောက်ဝယ်ယူကြကြောင်း သိရှိရပါသည်။

      သီဟိုဠ်စေ့အကြမ်း ၁ပိဿာလျှင် အချော၂၀ကျပ်သားရရှိပြီး သီဟိုဠ်စေ့အကြမ်း တစ်ပိဿာ စျေးနှုန်းမှာ ကျပ်၅၂၀၀ခန့်၊ အချော(အလုံး)တစ်ပိဿာလျှင် ကျပ်၃၂၀၀၀ခန့်၊ အခြမ်း တစ်ပိဿာလျှင် ကျပ်၂၈၀၀၀ခန့်၊ အကြေတစ်ပိဿာလျှင် ကျပ်၂၃၀၀၀ခန့်ရှိကြောင်း သီဟိုဠ်စေ့လုပ်ကိုင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

        အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ မတ်လ(၂၉)ရက်နေ့မှ ဧပြီလ (၄)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၈၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၁၀၀၀ မှ ၅၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၂၁၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၃၀၀ မှ ၂၀၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၀၀၀ မှ ၁၆၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၅၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၃၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၀၀၀ မှ ၁၃၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၄၀၀၀ မှ ၄၅၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၄၃၀၀ မှ ၄၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၂၀၀၀ မှ ၂၅၀၀ အတွင်း၊ ဆလပ်ရွက် (စည်း) ကျပ် ၁၀၀ မှ ၂၅၀ အတွင်း၊ ချဉ်ပေါင်ရွက် (စည်း) ကျပ် ၆၅ မှ ၁၀၀ အတွင်း၊ ခရမ်းသီး  (ရှည်)(ပိဿာ)ကျပ် ၈၀၀ မှ ၁၅၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၈၀ မှ ၃၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၇၀၀ မှ ၂၃၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၀၀၀ မှ ၅၀၀၀ အတွင်းဖြစ်ကြောင်း၊  တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၆၇၇၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၄၇၇၄၀)ကျော်၊ ဘူးသီးအလုံးပေါင်း (၄၀၂၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၆၅၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၆၇၅၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၁၃၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၀၉၉၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၃၂၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝေါ ၊ ကသာ မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၈၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၃၀၀၀ ၊ ဝမ်းတွင်း ၊ ကသာ မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၃၀၀၀၊ အလုံးသေး ကျပ်  ၂၀၀၀၊ ပြင်ဦးလွင်မှ ဗောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၃၀၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ မြစ်သား မှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၃၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၆၀၀၊ အလုံးလတ်ကျပ်  ၅၀၀ မှ ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀ မှ ၂၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၀၀၀ ၊ အလုံးလတ် ကျပ် ၈၀၀ ၊ အလုံးသေး ကျပ် ၅၀၀ ၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီး တစ်ခြင်း ၅ ပိဿာပါ ကျပ် ၂၅၀၀၀၊ တွံတေး မှ သခမသီး အလုံးကြီးတစ်ခြင်း ၂၅ လုံး မှ ၃၅ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၄၀ လုံး မှ ၄၅ လုံးပါ ကျပ် ၁၇၀၀၀၊ အလုံးသေး ၇၀ လုံး မှ ၉၀ လုံးပါ ကျပ် ၁၆၀၀၀၊ ပြင်ဦးလွင်၊ ကျောက်မဲမှ ထောပတ်သီး အလုံးကြီး ကျပ် ၇၀၀ ၊ အလုံးလတ် ကျပ် ၅၀၀ ၊ အလုံးသေး  ကျပ် ၃၀၀ ၊ တောင်ကြီး၊ နောင်ချို မှ ပျားလိမ္မော် တစ်ပိဿာ အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးလတ် ကျပ် ၃၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွှန့်မြို့နယ် ကြက်/ဘဲဈေးဒိုင် ဈေးကွက်စုံစမ်းခြင်း

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

         ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃.၄.၂၀၂၃) ရက်နေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်သို့ သွားရောက်၍ ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းများ စုံစမ်းခြင်းများ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။

         ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှာ အိမ်မွေးကြက် ၁ ပိဿာလျှင် (၁၃၀၀၀/၁၄၀၀၀)ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၆၇၀၀/၆၈၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ ပိဿာလျှင် (၇၅၀၀/၈၅၀၀) ကျပ်၊ ဘဲ ၁ ပိဿာလျှင် (၇၅၀၀/၇၆၀၀) ကျပ်၊ ချယ်ရီ ဘယ်ရီဘဲ ၁ ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြင့် ‌ရောင်းချလျက်ရှိကြောင်းနှင့် တစ်ရက်လျှင် ကုန်ချိန် (၇၁၁၀၀) ပိဿာခန့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူ၊ ကျွန်းလှ ဒေသထွက် ရာသီစာ ဆူးပုတ်ရွက်ဖြင့် မိသားစုဝင်ငွေရရှိ

        ကန့်ဘလူခရိုင်အတွင်း နတ်ပေးကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြသော ဆူးပုပ်ရွက်ကို မိမိတို့ဒေသတွင် သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများကြသော အရွက်တစ်မျိုးဖြစ်ပါသည်၊ ဆူးပုပ်ရွက်ကို အစည်းလိုက်ချက်၍သော်လည်းကောင်း ကန်ဇွန်းရွက် ဂွေးတောက်ရွက်၊ ကြက်ဥ တို့ဖြင့် ကြော်စား/ချက်စား၍သော်လည်းကောင်း ပဲဟင်းချို/ ဟင်းချိုဟင်း များတွင်လည်း ခတ်စားကြပြီး ပိတ်စွယ် ၊ ခရမ်းသီးခြောက် စသည်တို့နှင့်လည်းရောနှော ချက်စား ကြပါသည်။ ဆူးပုပ်ရွက်ဈေးမှာ မတ်လ ပထမအပတ်တွင် ဆူးပုပ်အစည်း (၁)စည်းလျှင် ကျပ်(၃၀၀)၊ (၂)စည်းလျှင် ကျပ်(၅၀၀)နှုန်းဖြင့် စတင်ရောင်းချလျက်ရှိကြောင်း၊ မတ်လ တတိယအပတ် နှင့် စတုတ္ထပတ် တို့တွင်  ဆူးပုပ်အစည်း (၁)စည်းလျှင် ကျပ်(၂၀၀)၊ (၃)စည်းလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိခဲ့ပြီး  ယခု ဧပြီလ ပထမပတ်တွင် ဆူးပုပ်အစည်း (၁)စည်းလျှင် ကျပ်(၁၀၀)နှုန်း အထိ ကျဆင်းလာကာ  လှိုင်လှိုင်ထွက်ရှိလာပြီဖြစ်ကြောင်း၊ ဆူးပုပ်ရွက်ကို တစ်ရက်ခြား ခူးဆွတ်ရပြီး  မိသားစုပုံမှန်ဝင်ငွေ ရရှိနေပြီး အရောင်းအဝယ် ဖြစ်နေကြောင်း  စိုက်ပျိုးထားသူ တစ်ဦးနှင့် အရောင်းအဝယ်လုပ်နေသော ကုန်စိမ်းဈေးသည် တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့နယ် ဒေသတွင် ကွမ်းရွက် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

         စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာတွင် တစ်ပိုင် တစ်နိုင်  အနေဖြင့် လည်းကောင်း ၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း ကွမ်းကို စိုက်ပျိုးကြကြောင်း ၊ ကွမ်းကို စိုက်ပျိုးရာတွင် ဆောင်းရာသီစိုက်နှင့် မိုးရာသီစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးရာသီစိုက်သည် ပိုးကျပျက်စီးလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်ရာသီကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရှိရပါသည်။

         ကွမ်းစိုက်တောင်သူများသည် ကွမ်းအပင်များကို  မြန်မာလအရဆို ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုး ခြင်းမှာ အကောင်းဆုံးအချိန်ဖြစ်ကြောင်း ၊ ကွမ်းပင်တစ်ပင်လျှင် ကျပ်(၆၀၀)နှုန်းပေး၍ ဝယ်စိုက်ရပြီး တစ်ဧကလျှင် အပင်(၃၀၀၀)ခန့် စိုက်ပျိုးနိုင်ပြီး စတင်စိုက်ပျိုးရန် မြေပြုပြင်ခြင်း၊ မျိုးစိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် အလုပ်သမားခများအပါအဝင် ကွမ်းအပင်ရေ (၁၀၀၀)အတွက် စိုက်ပျိုး ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်မှာ သိန်း(၂၅/၃၀)ဝန်းကျင်တွင်ရှိကြောင်း၊ ယခုကွမ်းစိုက်တောင်သူကတော့ အပင်(၂၀၀၀)ကျော်ခန့်သာ စိုက်ပျိုးထားပြီးဖြစ်ကြောင်း ထပ်မံ စိုက်ပျိုးရန် ဆောင်ရွက်နေပါကြောင်း၊ ကွမ်းစိုက်တောင်သူများ အဆင်ပြေသည့်အတွက် ယခုနှစ်တွင် တစ်ရွာလုံးနီးပါး စိုက်ပျိုးလာကြကြောင်း ၊ ကွမ်းစိုက်ပျိုးချိန်မှ (၃)လပြည့်လျှင် စတင်စမ်းသပ် ခူးဆွတ်ရပြီဖြစ်ပြီး ဆောင်းရာသီတွင် (၁)လလျှင် (၂)ကြိမ်ခန့်သာ ခူးဆွတ်ရပြီး၊ မိုးရာသီမှာ ဆိုလျှင် (၁)လကို(၃)ကြိမ် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချန်မှာဆိုလျှင် (၁)လလျှင် ပိသာ(၈၀)ခန့် ထွက်ရှိပြီး (၈)လသား အရွယ်တွင် (၁)လျှင် ကွမ်းပိသာ(၂၅၀)လောက်ထိ ထွက်အားပိုကောင်းလာပြီး မိမိတို့ မြေဆီမြေသား ကောင်းမွန်မှုနှင့် ဂရုစိုက်မှုအပေါ် မူတည်၍ ကွမ်းပင်သက်တမ်းမှာ (၂)နှစ် မှ (၅/၇)နှစ်အထိ တာရှည်ခူးဆွတ်နိုင်ပါကြောင်း ။ ယခု လက်ရှိကွမ်းဈေးနှုန်းဟာ တစ်ပိသာလျှင် ကျပ်(၆၅၀၀)နှုန်း ရောင်းချနေရပြီး ဆောင်းရာသီတွင် ဈေး(၂)ဆလောက်ထိ မြင့်တက်လာ တတ်ကြောင်း ၊ ထွက်ရှိသော ကွမ်းများကို ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့များရှိ ကွမ်းဒိုင်များမှ လာရောက်သိမ်းယူကြောင်း၊ ကွမ်းခူးအလုပ်သမားခ (၁)ရက်လျှင် ကျပ်(၅၀၀၀)နှုန်း၊ နေ့တစ်ဝက် လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် ငှားရမ်းရကြောင်း၊ ဆောင်းတစ်ရာသီခူးဆွတ်လျှင် အရင်းကျေပြီး ကျန်ရာသီများမှာဆိုလျှင် ကွမ်းခူးဆွတ်အလုပ်သမားခနှင့် ဆေးဖျန်းခ ကျပ်(၁၅၀၀၀၀)လောက် သာကုန်ကျပြီး လစဉ် ကွမ်းရောင်းရငွေ  ကျပ်(၁၅)သိန်းကျော်ဝင်ငွေရရှိပြီး  အရောင်းအဝယ်ဖြစ်ကာ မိသားစု အဆင်ပြေလျှက် ရှိကြောင်း လယ်လှကျေးရွာ ကွမ်းစိုက်တောင်သူ ဦးစံဌေး၏ သမီးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းအခြေအနေ

             မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ ခုနှစ် ဧပြီလ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ ဈေးတည်ငြိမ်လျက်ရှိပါကြောင်းသိရပါသည်။

          မုံရွာမြို့၏ ဧပြီလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်းစပါးအသစ် တင်း ၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀ မှ ၁၈၀၀၀၀၀၊ ဧရာမင်းဆန်အသစ်  ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၉၀၀၀ မှ ၇၀၀၀၀ ထိ၊ ဧရာမင်းစပါးအဟောင်း တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀၀၀၀ မှ ၂၀၀၀၀၀၀ ထိ ဧရာမင်းဆန်အဟောင်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၉၀၀၀ မှ ၈၀၀၀၀၊ မနောသုခစပါးအသစ် တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခဆန် အသစ် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၆၀၀၀၊ မနောသုခစပါးအဟောင်းတင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊ မနောသုခအဟောင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၀၀၀၀၊ ပေါ်ဆန်းစပါးအသစ်တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊ ပေါ်ဆန်းအသစ်ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင်ကျပ် ၇၄၀၀၀ မှ ၇၅၀၀၀၊ ပေါ်ဆန်းစပါးအဟောင်းတင်း ၁၀၀ လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်းအဟောင်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၅၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိပါသည်။

          ယခင်လ ပထမအပတ် စပါး/ဆန်ဈေးနှုန်းများ နှင့် ယခုလ ပထမအပတ် ဈေးနှုန်းများ နှိုင်းယှဉ်လျှင် စပါး/ဆန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေဆန်စက်ပိုင်တစ်ဦးထံမှ သိရှိရပါသည်။

ရွှေဘိုဈေးကွက်၌ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေသော ကုလားပဲ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လ(စတုတ္ထပတ်)အတွင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်သည့် သီးနှံများကို တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

      ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထားသော ကုလားပဲများမှာ ဖေဖော်ဝါရီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်လာပြီး မတ်လ(စတုတ္ထပတ်)အထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ရွှေဘိုဈေးကွက်သို့ မူးမြစ်ဝှမ်းဒေသများဖြစ်သည့် ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိပြီး ယခုအပတ်တွင်လည်း ကုလားပဲ(V2) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နောက်ဆုံးပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ကုလားပဲ(V2)တစ်တင်းလျှင် (၆၈၀၀ဝိ/-)ကျပ်ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀)တင်း/(၆)တန် ဖြစ်ကြောင်း၊ ကုလာပဲသီးနှံအနေဖြင့် ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်း မရှိကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန် တို့အား နှိုင်းယှဉ်ပါက ယခင်အပတ်တွင်လည်း ကုလားပဲ(V2)တစ်တင်းလျှင် (၆၈၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုအပတ်တွင်လည်း ယခင်အပတ်ဈေးအတိုင်းသာ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့သည့်အပြင် တောင်သူလက်ထဲတွင်လည်း လက်ကျန်နည်းပါးနိုင်သည်ဟု သုံးသပ်ရကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ အုန်းသီးဈေးနှုန်းဈေးကွက်

       အုန်းသီးပင်များသည် နှစ်ရှည်သီးပင်များဖြစ်ကြပြီး ဒေသမရွေးစိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုးဖြစ်ပါရာ ကန့်ဘလူမြို့နယ်ဒေသတစ်ဝိုက်တွင်  တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ ယခုအခါ ပူပြင်းသောရာသီသို့ ရောက်ရှိလာပြီဖြစ်၍  အုန်းစိမ်းဖျော်ရည်များ အရောင်းသွက်လျက်ရှိပါသည်။  အုန်းသီးများသည် စားသုံးရာတွင် အရသာရှိသည့်အပြင် ကျန်းမာရေးဆိုင်ရာအတွက်လည်း အလွန်အသုံးဝင်လျက်ရှိပါသည်။ လူတို့၏သွေးကြောထဲကို ဂလူးကိုစ့်ကို တိုက်ရိုက်ထည့်နိုင်သော အပင်ထွက်ပစ္စည်းတစ်မျိုးဖြစ်ကာ လတ်ဆတ်သည့် အုန်းစိမ်းရည်တစ်မျိုးလည်းဖြစ်ပါသည်။ အုန်းစိမ်းရည်၏ ထူးခြားချက်မှာ အပင်နှင့် လူတို့အတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်များ၊ အမိုင်နိုအက်ဆစ်များ၊ သတ္တုဓာတ်ဆားများအားလုံး ပါဝင်နေခြင်း ဖြစ်ပါသည်။

      ယခုအခါတွင် အုန်းသီးများကို ကန့်ဘလူမြို့မဈေးတွင် အုန်းသီးအစိမ်းနှင့်အုန်းသီးအခြောက်ဟူ၍ (၂)မျိုး ရောင်းချလျက်ရှိရာ အုန်းသီးအစိမ်းများမှာ ကန့်ဘလူမြို့နယ်အနှံ့အပြားမှ ဝင်ရောက်မှုရှိပြီး အုန်းသီးစိမ်းတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၁၀၀၀) ကျပ်အထိရှိပြီး အုန်းသီးအခြောက်များမှာ ရန်ကုန်ဘက်က ဝင်ရောက်မှုရှိပြီး ဈေးနှုန်းမှာ တစ်လုံးလျှင် (၁၃၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ဈေးအတွင်းရှိ ဈေးသည်တစ်ဦး၏ ပြောပြချက်အရ  အုန်းသီးစိမ်းအလုံးများကို ဖျော်ရည်ဆိုင်များမှလည်းကောင်း၊ သာသနာပွဲထိုးသူများမှလည်းကောင်း ဝယ်ယူကြကြောင်းနှင့် အုန်းသီးအခြောက်များကို ဒေသတွင်း ရိုးရာမြန်မာမုန့်လုပ်သူများ၊ ရွှေရင်အေးဆိုင်များနှင့် အုန်းနို့ခေါက်ဆွဲဆိုင်များမှ ဝယ်ယူကြကြောင်း သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)

မုံရွာ(ငါးဒိုင်)၏ ငါးအရောင်းအဝယ်ဖြစ်မှု အခြေအနေ

           မုံရွာမြို့တွင် ငါးဒိုင်မှ ငါးများကို ရန်ကုန်နှင့်မန္တလေးမြို့တို့မှ ဝယ်ယူ၍လက်လီလက်ကား ရောင်းချလျက်ရှိကြောင်း၊ ငါးများကို သင်္ကြန်အခါရောက်ရှိလာမည်ဖြစ်၍ မုံရွာမြို့ပေါ်အပြင် အထက် ချင်းတွင်း ဟုမ္မလင်း၊ ကလေးဝ၊ နန့်တောရေကြောင်းတစ်လျှောက် ရောင်းချရကြောင်း၊ တစ်နေ့လျှင် ငါး၊ ပုဇွန် ပိသာချိန်ပေါင်း ၁၀၀၀ ကျော်ရောင်းချရကြောင်း၊ ပုဇွန်သေးစျေးနှုန်းမှာ ယခင် တစ်ပတ် (၂၃၀၀၀)ကျပ် ယခုတစ်ပတ်( ၂၅၀၀၀)ကျပ် စျေးမြင့်တက်ခဲ့မှုရှိခဲ့ကြောင်း စျေးအတက်အကျမှာ အရောင်းအဝယ်‌ပေါ်မူတည်၍ အပြောင်းအလဲ အနည်းငယ်ရှိကြောင်း သိရှိရပါသည်။      

        ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်လျက်ရှိသော မုံရွာငါးစျေးနှုန်းများမှာ ငါးကြင်းဖြူ(ဗိုက်လုံး) တစ်ပိသာလျှင်(၂၃၀၀၀)ကျပ် ငါးကြင်းဖြူ(ဗိုက်ခွဲ)တစ်ပိသာလျှင် (၂၅၀၀၀)ကျပ်၊ ပုဇွန်ကြီးတစ်ပိသာ လျှင် (၄၅၀၀၀)ကျပ်၊ ပုဇွန်သေးတစ်ပိသာလျှင် (၂၅၀၀၀) ကျပ်၊ ငါးဖယ်ခြစ် တစ်ပိသာလျှင် (၃၂၀၀၀)ကျပ်၊ ငါးမြင်းတစ်ပိသာ(၈၀၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း