Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါက်မြို့နယ် ဆောင်းသီးနှံ ကုလားပဲ စိုက်ပျိုးမှုနှင့်ဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးကျော်စိုးသည် (၁၈.၂.၂၀၂၂) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပေါက်မြို့နယ်၊ ရှားတောကျေးရွာ၊ ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးသော တောင်သူဦးဌေးလွင်နှင့် သွားရောက်တွေ့ဆုံပြီး စိုက်ပျိုးမှုအခြေအနေကို ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ပါသည်။

              ပေါက်မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းတွင် တည်ရှိပြီး စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်သောဒေသဖြစ်ကြောင်း၊ အဓိကသီးနှံအနေဖြင့် ကြက်သွန်၊ စပါး၊ မြေပဲ၊ ပဲတီစိမ်း၊ ဝါ၊ ကုလားပဲတို့ကို စိုက်ပျိုးပြီး (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် ဆောင်းသီးနှံ ကုလားပဲစိုက်ဧက(၃၂၃၅)ခန့်စိုက်ပျိုးထားရှိကြောင်း၊ ရှားတောကျေးရွာတွင် ကုလားပဲ စိုက်တောင်သူ(၅၀)ဦးခန့် စိုက်ပျိုးပြီး စိုက်ဧက(၁၀၀)ခန့်စိုက်ပျိုးထားရှိကြောင်း၊ ယခင်နှစ်က ကြက်သွန်နီဈေးမကောင်းခဲ့သည့်အတွက် ကြက်သွန်နီအစား ကုလားပဲသီးနှံကို ပြောင်းလဲအစား ထိုးစိုက်ပျိုးခဲ့၍ ကုလားပဲစိုက်ဧကပိုများကြောင်း၊ တောင်သူဦးဌေးလွင်အနေဖြင့် ယခုနှစ်တွင်(၅) ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ မိုးစပါးများရိတ်သိမ်းပြီး စိုက်ခင်းများတွင် သီးထပ်အဖြစ် ဆောင်းသီးနှံကုလားပဲကိုစိုက်ပျိုးကြောင်း၊ ကုလားပဲလုံးကြီး(အဖြူ) ထိုင်ဝမ်မျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ဗမာကုလားပဲ လုံးသေး (အနီ) စိုက်ပျိုးသော်လည်း စိုက်ဧကနည်းပါးကြောင်း၊ တစ်နှစ်လျှင် တစ်ရာသီသာစိုက်ပျိုး၍ ကုလားပဲစိုက်ရာသီမှာ အောက်တိုဘာလ (၁၅)ရက်တွင် စတင်စိုက်ပျိုးသော်လည်း ရှားတောကျေးရွာအနေဖြင့် မိုးစပါးပြီးမှ စိုက်ပျိုးရ၍ စိုက်ပျိုးချိန် နောက်ကျကြောင်း သိရှိရပါသည်။

             ယခုနှစ်တွင် ဆောင်းသီးနှံကုလားပဲကို ဒီဇင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး မတ်လကုန်တွင် အသီးရင့်၍ ရိတ်သိမ်းရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပင်သက်တမ်းမှာ (၃)လခန့်ကြာမြင့်ပါကြောင်း၊ (၁)ဧကစိုက်ပျိုးကျဲပတ်လျှင် ကုလားပဲ(၂)တင်းခန့်ကုန်ကျကြောင်း၊ မျိုးကို စိုက်ပျိုးရေးဌာနမှ ဝယ်ယူခြင်းမပြုဘဲ မိမိတို့ဒေသထွက်မျိုးကိုသာ ပြန်လည်စိုက်ပျိုးကြကြောင်း၊ မျိုးဝယ်ယူ စိုက်ပျိုးလျှင် (၁)တင်း(၄၅၀၀၀)ကျပ်ခန့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ တောင်သူအနေဖြင့် ကုလားပဲ လုံးကြီး(အဖြူ) ထိုင်ဝမ်မျိုးကို(၅)ဧကခန့်စိုက်ပျိုးလျှင် မျိုး(၁၀)တင်းခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် ပိုမိုအထွက်နှုန်း ကောင်းမွန်စေရန်အတွက် ရေသွင်းစိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး (၇)ရက်အကြာတွင် အပင်ပေါက်စုံလင်ပြီး (၁)လခန့်အကြာတွင် အပင်မှာ စတင်အပွင့်လိုက်၍ ရေသွင်းပါကြောင်း၊ ရေမသွင်းခင် အပွင့်အသီးများပြီး အထွက်ကောင်းစေရန်အတွက် မိုဆေး၊ အားဆေးကိုအသုံးပြုပြီး ပုလဲအဖြူလုံးကြီး (၁)ဧကလျှင် (၈)ပြည်ခန့်ကြဲပတ်ရပါကြောင်း၊ သီးလုံးဖောက် ပိုးကျရောက်မှုမှ ကာကွယ်ရန်အတွက်လည်း ပိုးသတ်ဆေးများ ပက်ဖြန်းပြီးမှ ရေသွင်းပါကြောင်း၊ (၁)ဧကလျှင် ရေသွင်းချိန်(၃)နာရီခန့်ကြာမြင့်ပြီး (၁)နာရီတွင်(၁၀၀၀၀)ကျပ် ကုန်ကျစရိတ်ရှိကြောင်း၊ မတ်လကုန်တွင် အသီးရင့်၍ ကုလားပဲပင်များကို အလုပ်သမား(၁၅)ဦးခန့်ငှား၍ တစ်မနက်လျှင် လုပ်ခ (၂၅၀၀)ကျပ်နှုန်းဖြင့် ရိတ်သိမ်းပါကြောင်း၊ ရိတ်သိမ်းပြီး(၃)ရက် အကြာအထိ နေလှမ်း၍ ခြောက်လျှင် စိုက်ခင်းအတွင်းရှိ ကွင်းပြင်အလွတ်တွင် မိုးကာခင်း၍ တစ်ပုံတည်းစုပုံထားရှိကြောင်း၊ ကုလားပဲချွေလှေ့စက်ဖြင့် ခြွေပြီး စက်ငှားရမ်းခအနေဖြင့် (၁)နာရီလျှင် ငွေကြေးပေးရနှုန်းသတ်မှတ်ချက်မရှိဘဲနှင့် ကုလားပဲ အဆံ(၁)တင်းရလျှင် (၁)ပြည်နှုန်းဖြင့် စက်ပိုင်ရှင်အား ငှားရမ်းခအနေဖြင့် ပေးရကြောင်းသိရှိရပါသည်။

           အထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် ကုလားပဲ(၈)တင်းမှ (၁၀)တင်းအထိထွက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုအနေအထားကောင်းမွန်ခြင်း၊ ပိုးမွှားကျရောက်မှုအန္တရာယ်မှ ကင်းဝေးခြင်းတို့ကြောင့် ယခင်နှစ်ထက် အထွက်နှုန်းကောင်းမွန်နိုင်၍ (၁၀)တင်းမှ (၁၂)တင်းအထိ ထွက်ရှိမည်ဟု မျှော်မှန်းပါကြောင်း၊ ဈေးကွက်အနေဖြင့်လည်း ယခင်နှစ်ကသီးနှံပေါ်စတွင် ကုလားပဲ(၁)တင်းလျှင် (၂၈၀၀၀)ကျပ်မှ (၃၀၀၀၀)ကျပ်အထိ အမြင့်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် ပဲမျိုးစုံသီးနှံ ဈေးကွက်ကောင်းမွန်၍ သီးနှံပေါ်စကပင်(၁)တင်းလျှင် (၃၆၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်း၊ ယခုနှစ်တွင်(၅) ဧက စိုက်ပျိုးထား၍ ကုလားပဲ တင်း(၆၀)ခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားရှိကြောင်း သိရှိရပါသည်။

           တစ်ဧကကုန်ကျမှုအနေဖြင့် မြေပြုပြင်ခ၊ အလုပ်သမားငှားရမ်းခ၊ သွင်းအားစုအမျိုးမျိုးဝယ်ယူခ စုစုပေါင်း (၂၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ မိမိ၏ မိသားစုဝင်များကိုယ်တိုင် ပါဝင်လုပ်ကိုင်ခြင်းရှိသောကြောင့် ကုန်ကျစရိတ်အနည်းငယ်သက်သာကြောင်း၊ အထွက်တင်းမှာ(၁)ဧကလျှင် (၁၂)တင်းခန့်ထွက်ရှိပြီး ယခုလက်ရှိပေါက်ဈေး(၃၆၀၀၀)ကျပ်ဖြင့် ရောင်းချရမည်ဆိုလျှင် (၄၃၂၀၀၀)ကျပ်ခန့် ဝင်ငွေရရှိ၍ (၂၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိသောကုလားပဲများကို ပြန်လည်ဖြန့်ဖြူးရာတွင် ရှားတောကျေးရွာမှ တောင်သူများ အနေဖြင့် ပခုက္ကူမြို့ပေါ်ရှိ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံရောင်းဝယ်သည့် "ဇောတိက"ပွဲရုံသို့ အများဆုံးတင်ပို့ ရောင်းချကြောင်း တောင်သူဦးဌေးလွင်၏ပြောကြားချက်အရ သိရှိရပါသည်။

           ပြည်တွင်းမှ ထွက်ရှိသောပဲမျိုးစုံများထဲမှ ဆောင်းသီးနှံ ကုလားပဲသည် မြန်မာလူမျိုးများအတွက် ကြိုက်နှစ်သက်ဆုံးပဲဖြစ်ကြောင်း၊ စားသောက်သုံးစွဲရာတွင် အာဟာရရှိမှုအပြင် အရသာမှာလည်း ထူးကဲပြီး ကောင်းမွန်ခြင်းရှိသည့်အတွက် ကုလားပဲကို အိမ်ရှင်မများအနေဖြင့် အခြေခံစားကုန်ဟင်းတစ်မယ်အဖြစ် အသုံးပြုခြင်းအပြင် မုန့်မျိုးစုံပြုလုပ်ခြင်း၊ အလှူ/မင်္ဂလာပွဲများတွင်လည်း မပါမဖြစ်အသုံးပြုခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုလားပဲခြမ်းအစိမ်း၊ ပဲကြော်၊ ပဲမှုန့်၊ ပဲချောင်းလုပ်ငန်းများ ထုတ်လုပ်ရောင်းချခြင်းများရှိပါ၍ ပြည်တွင်းစားသုံးမှုများပြားပြီး ထုတ်လုပ်မှုပိုင်းအနေဖြင့်လည်း စက်များလည်ပတ်နေရခြင်းဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များသာမက အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိပြီးပြည်ပနိုင်ငံများသို့လည်း ပို့ကုန်အဖြစ် တင်ပို့ နိုင်ခြင်းရှိပါ၍ နိုင်ငံတော်၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်ပြီး ရောင်းလိုအားဝယ်လိုအားကောင်းပြီး ဈေးကွက်ကောင်းရရှိသော ဆောင်းသီးနှံကုလားပဲကို ပြည်တွင်းရှိ စိုက်ပျိုးတောင်သူများအနေဖြင့် နှစ်စဉ်မပျက် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်မြစ်ခြေမြို့နယ်အတွင်းရှိ ငရုတ်စိုက်တောင်သူများ၏စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည်  တိုင်းဒေသကြီး/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် (၂.၃.၂၀၂၂)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု ဘဲကြီးကျေးရွာ၊ ငကျော်ကျေးရွာ မြင်းဝင်းကျေးရွာများရှိ ငရုတ်စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ပခုက္ကူခရိုင်မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု ဘဲကြီးကျေးရွာ၊ ငကျော်ကျေးရွာ၊ မြင်းဝင်းကျေးရွာများသည် ငရုတ်သီးကို အဓိကစိုက်ပျိုးပြီး စိုက်ဧကအနေဖြင့် (၂၀၀၀၀) ကျော်ရှိပါသည်။ ငရုတ်သီးကို ပျိုးဘောင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဘောင်လျှင်(၃၅၀၀၀)ကျပ် ပေးရ ကြောင်း၊ (၁)ဧကလျှင် (၅)ဘောင်မှ (၆)ဘောင်စိုက်ပျိုးရကြောင်း၊ ငရုတ်သီးမျိုးအနေဖြင့် မျှားနီမျိုး၊ ပန်းရဲမျိုး၊ အစပ်သီးအမျိုးအစားများကို အဓိကထားစိုက်ပျိုးကြပြီး စိုက်ပျိုးချိန်မှာ စက်တင်ဘာလ မှာစတင်စိုက်ပျိုးပြီး ဒီဇင်ဘာလကုန်တွင် စတင်အသီးတင်ပါကြောင်း၊ မြေဩဇာအနေဖြင့် စတင် စိုက်ပျိုးသည့်နေ့မှ အသီးသီးသည်အထိ ပုလဲမြေဩဇာ(၁၅)လုံး ကျဲပက်ရကြောင်း၊ ငရုတ်သီး(၁) ဧကအထွက်နှုန်းမှာ တင်း(၄၀၀)ထွက်ရှိပါကြောင်း၊ (၁)ဧကကုန်ကျစရိတ်မှာ(၁၅)သိန်း ကုန်ကျကြောင်း၊ လုပ်အားခအနေဖြင့် မနက်ပိုင်းအတွက် အမျိုးသား(၁)ဦးလျှင် (၃၀၀၀)ကျပ်၊ အမျိုးသမီး(၁)ဦးလျှင် (၂၀၀၀)ကျပ်ပေးရကြောင်း သိရှိရပါသည်။

        ယခင်နှစ်၏ ငရုတ်ဈေးမှာ အစိုတစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၄၅၀၀)ကျပ်ဖြစ်ခဲ့ကြောင်း ယခုနှစ်၏ ငရုတ်လက်ရှိပေါက်ဈေးမှာ ငရုတ်သီးအစို (၁)ပိဿာလျှင် (၈၀၀)ကျပ်၊ ငရုတ်စို(၁)တင်းလျှင်(၇၀၀၀)ကျပ် ဈေးဖြင့်ရောင်းချရကြောင်း၊ ငရုတ်ခြောက် တစ်ပိဿာလျှင်(၅၀၀၀)ကျပ် ရောင်းချရကြောင်း (၁)ဧကအထွက် တင်း(၄၀၀)ထွက်ရှိပါက (၂၈)သိန်းခန့်ရရှိပြီး၊ တောင်သူ၏(၁)ဧက အကျိုးအမြတ်မှာ(၁၃)သိန်းခန့်ရရှိကြောင်း၊ ငရုတ်သီး အစို(၁)တင်းမှာ (၈)ပိဿာ(၅၀)ကျပ်သားပါရှိပြီး၊ အခြောက်လှမ်းလိုက်လျှင်(၂)ပိဿာထွက်ရှိပါကြောင်း သိရှိရပါသည်။

        ငရုတ်ဈေးကွက်အနေဖြင့် မြစ်ခြေမြို့နယ် နန်းတော်ရပ်အုပ်စုမှ ထွက်ရှိသော ငရုတ်ခြောက်များကို ရန်ကုန်၊ မန္တလေး၊ မိတ္ထိလာနှင့် မြင်းခြံမြို့များသို့ တင်ပို့ရကြောင်း၊ ငရုတ်ဈေးကွက်အနေဖြင့် တစ်နှစ်လျှင် နှစ်ရာသီလုပ်ကိုင်ကြကြောင်း၊ ငရုတ်စိုက်တောင်သူများအနေဖြင့် ယခင်နှစ်က အကျိုး အမြတ်များစွာရရှိပြီး ယခုနှစ်အနေဖြင့် အသင့်အတင့်သာရရှိကြောင်း  ငရုတ်စိုက်တောင်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

၇.၃.၂၀၂၂ ရက်နေ့ မှ ၁၃.၃.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်း

၇.၃.၂၀၂၂ ရက်နေ့ မှ ၁၃.၃.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်းအား ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

သွင်းကုန်အစားထိုးကျန်းမာရေးအထောက်အကူပြု တန်ဖိုးမြှင့်ဖွဲနုဆီ

          ကုန်ကြမ်းပစ္စည်းတစ်ခုကို ဈေးကွက်တွင် ပို၍တန်ဖိုးမြင့်တက်လာစေရန် သို့မဟုတ် မူလ ကုန်ကြမ်းထက်ပို၍ ထားသိုနိုင်သည့် သက်တမ်း (Shelf-life) ရှည်စေရန် ရည်ရွယ်ပြီး နည်းပညာ သုံးကာ တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခု (Value Added Product) ထုတ်လုပ်နိုင်သည်ဟုဆိုလျှင် ဖွဲနုဆီသည် ကျန်းမာရေးကို အထောက်အကူပြုသော တန်ဖိုးမြှင့် ထုတ်ကုန်တစ်ခုဖြစ်ပေသည်။

          ဖွဲနုဆိုသည်မှာ စပါးခွံနှင့် ဆန်သားအကြားရှိ အလွှာတစ်ခုဖြစ်ရာ စပါးမှ ဆန်သား ဖြစ်လာ စေရန် ဆောင်ရွက်မှုဖြစ်စဉ်တွင် ၎င်းသည် ဘေးထွက်ပစ္စည်းသာဖြစ်ပါသည်။ စက်ကြိတ်အဆင့် အတန်းနှင့် ဆန်သားအရည်အသွေးပေါ်မူတည်၍ ရိုးရိုးဖွဲနု၊ အထူးဖွဲနုနှင့် ပေါင်းဖွဲနုဟူ၍ သုံးမျိုး ရှိရာ ကော်ဓာတ်များသော အထူးဖွဲနုကို ဖွဲနုဆီထုတ်ယူရာတွင် အသုံးမပြုဘဲ ဆီပါဝင်မှု ရာခိုင်နှုန်း ၁၄ မှ ၁၆ ရှိသော ရိုးရိုးဖွဲနုနှင့် ပေါင်းစပါးများကို အဆင့်မြှင့် ကြိတ်ဖွတ်ရာမှ ထွက်ရှိသည့် ဆီပါဝင်မှု ရာခိုင်နှုန်းမြင့်မားသော ပေါင်းဖွဲနုတို့ကို ဖွဲနုဆီ ထုတ်လုပ်ရာတွင် အဓိက အသုံးပြုကြပါသည်။

           ဖွဲနု၏ အရည်အသွေးကောင်းမွန်မှုသည် ဖွဲနုဆီထုတ်ယူရာတွင် အဓိကကျလှပေရာ လတ်ဆတ်ဖွဲနုရရှိစေရန် ဆန်ကြိတ်ပြီး ၂၄ နာရီအတွင်း ဆီစက်သို့သယ်ဆောင်၍ ဆီထုတ် လုပ်ငန်းစဉ် ဆောင်ရွက်ရပါသည်။ စက်မှကျလာစအချိန်၌ ဖွဲနု၏အချဉ်ဓာတ်ကိန်း (Acid Value) သည် ၅ ခန့်သာရှိသော်လည်း တစ်နာရီကြာတိုင်း အချဉ်ဓာတ်ကိန်း ၁ တိုး လေ့ရှိပါသည်။ ဖွဲနုတွင်ပါဝင်သောအစိုဓါတ် (Moisture) သည် ဖွဲနုကို အချဉ်ပေါက်စေသည့်အပြင် ဆီထုတ် လုပ်ငန်းစဉ်ကိုလည်း နှောင့်နှေးစေတတ်သောကြောင့် ဖွဲနု၏ အစိုဓာတ်ကို ၅% အောက်အထိ ဖြစ်လာရန် ပြုပြင်ရပါသည်။

           ဆီထွက်သီးနှံများတွင် ဆီပါဝင်မှုရာခိုင်နှုန်း ၂၅ နှင့်အထက် ရှိပါက သဘာဝအတိုင်း ကြိတ်ချေခြင်းဖြင့် ဆီထုတ်ယူနိုင်သော်လည်း ၂၅% အောက် ဖြစ်နေလျှင် ဓာတုဖျော်ရည် (Organic Solvent) ဖြင့်စိမ်၍ ဓာတုဗေဒနည်းဖြင့် ဆီထုတ်ယူရပါသည်။ ဖွဲနုကို ပြုပြင်ပြီး ဓာတုဖျော်ရည်ဖြင့် စိမ်သောအခါ ဆီများသည် ၎င်း‌ဖျော်ရည်တွင် ပျော်ဝင်သွားပါသည်။ အဆိုပါ ပျော်ရည်အရောကို အပူပေးခြင်းဖြင့် ဓာတုဖျော်ရည်အား အငွေ့ပျံစေကာ ဖွဲနု ဆီကြမ်းကို ရရှိပါသည်။ ဖွဲနုမှ ဖွဲနုဆီကြမ်းထုတ်ယူခြင်းကို ဆီကြမ်းထုတ်စက်ရုံအပိုင်းက ဆောင်ရွက်ပြီး ၎င်းအဆင့်တွင် ဆီထုတ်ပြီးဖွဲဖတ် (Oil Extracted Rice Bran, OERB) ကို ဘေးထွက်ပစ္စည်း (By Product) အဖြစ်ရရှိကာ တိရစ္ဆာန်အစာအတွက် ပြည်တွင်း၌ အသုံးပြုရုံမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်ပါသည်။

          ဖွဲနုဆီကြမ်းတွင် မလိုလားအပ်သော အရောင်ဆိုး၊ အနံ့ဆိုး၊ အချဉ်ဓာတ်နှင့် အချွဲဓာတ် များပါဝင်နေသောကြောင့် ပြန်လည်သန့်စင်ရန် ဆီချောထုတ်စက်ရုံ (Refinery Plant) သို့ ပေးပို့ရပါသည်။ ထိုစက်ရုံတွင် ဖယောင်းကြမ်းဖယ်၍ အချဉ်ချွတ်ခြင်း၊ အချွဲချွတ်ခြင်း၊ အရောင် ချွတ်ခြင်း၊ အနံ့ချွတ်ခြင်း၊ အအေးခံဖယောင်းချ၍ ဖယောင်းချောဖယ်ခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်ရပါသည်။ ဤကဲ့သို့ ဆီသန့်စင်ခြင်းနည်းစဉ်ပါ အဆင့်များကို ပြည့်စုံအောင် ဆောင်ရွက်ပြီးမှသာလျှင် စားသုံးရန်အဆင့်ဖြစ်သော အရောင်ကြည်လင်သည့် ဖွဲနုဆီ (edible rice bran oil) ကို ရရှိလာပါသည်။

          ဖွဲနုဆီကြမ်း၏ အချဉ်ဓာတ်ကိန်း (Acid Value) ၄၀ အထိသာ စားသုံးဆီအဖြစ် ပြန်လည် သန့်စင်သော်လည်း ၎င်းထက် အချဉ်ဓာတ်ပိုမြင့်လာပါက စီးပွားရေးအရ တွက်ချေ ကိုက်ခြင်း မရှိသောကြောင့် စက်မှုလုပ်ငန်းသုံးဆီအဖြစ် ဆပ်ပြာစက်ရုံသို့ ရောင်းချရပါသည်။ ဆီကြမ်း (Crude Oil) မှ ဆီချော (Refined Oil) ထုတ်လုပ်မှုဖြစ်စဉ်တွင် ဖယောင်းကြမ်း၊ ဆပ်ပြာကြမ်း၊ အရောင်ချွတ်ဖတ်နှင့် ဖယောင်းချောတို့ကို ဘေးထွက်ပစ္စည်းများအဖြစ် ပြန်လည်ရရှိရာ ၎င်းတို့ ကို ဆပ်ပြာထုတ်လုပ်သောလုပ်ငန်းနှင့် အလှကုန်ထုတ်လုပ်သောလုပ်ငန်းများတွင် အသုံးပြုနိုင် ပါသည်။

ဖွဲနုဆီ၏ ဓာတုဗေဒဆိုင်ရာ အရည်အသွေး (Chemical Properties) များမှ CODEX STANDARD အရ အိုင်အိုဒင်းတန်ဖိုး (Iodine Value) သည် ၉၀-၁၁၅ ဖြစ်ပြီး ပြည့်ဝအဆီ အက်ဆစ် ၂၀ ရာခိုင်နှုန်းနှင့် မပြည့်ဝအဆီ အက်ဆစ် ၈၀ ရာခိုင်နှုန်းတို့ ပါဝင်ဖွဲ့စည်းထားသော ဆီအရည် (Liquid Oil) အမျိုးအစားဖြစ်ပါသည်။ ဖွဲနုဆီသည် မီးလောင်မှတ် (Smoke Point) မြင့်မားသော ဆီအမျိုးအစားဖြစ်သောကြောင့်လည်း မွှေကြော်(stir-frying) နှင့် နှစ်ကြော်(deep-frying)တို့အတွက် သင့်တော်သော ဟင်းချက်ဆီအမျိုးအစားဖြစ်ပါသည်။ ထို့ကြောင့် အာရှနိုင်ငံ များဖြစ်ကြသော အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံများတွင် လူသိများ ကျော်ကြားသော စားသုံးဆီလည်း ဖြစ်ပါသည်။

          အာဟာရတန်ဖိုးဆိုင်ရာ ပါဝင်မှုများတွင် USDA ၏ဖော်ပြချက်များအရ ဖွဲနုဆီစားပွဲ တင်ဇွန်းတစ်ဇွန်းတွင် အဆီဓာတ် ၁၄ ဂရမ်နှင့် အင်အားဓာတ် ၁၂၀ ကယ်လိုရီရှိပြီး ဆိုဒီယမ်နှင့် သကြားဓာတ်တို့ လုံးဝမပါရှိသောကြောင့် ကျန်းမာရေးအတွက် သင့်တော်ကြောင်း၊ မိုနို မပြည့်ဝ အပိုင်းနှင့် ပိုလီ မပြည့်ဝအပိုင်းဆတူနီးပါးပေါင်းစပ်ပါဝင်နေသောကြောင့် ကိုလက်စထရော မြင့်မားမှုကို ထိန်းသိမ်းပေးနိုင်ကြောင်း စသည်တို့ကြောင့် အမေရိကန်နှလုံး အသင်းနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးတို့က ဖွဲနုဆီကို ကျန်းမာရေး အထောက်အကူပြု စားသုံးဆီဟု ထောက်ခံ ထားကြပါသည်။

          အိန္ဒိယနိုင်ငံရှိ The India Council Medical  Research (ICMR) နှင့် The National Institute of Nutrition (NIS) တို့၏ သုတေသနရလဒ်များအရ ဖွဲနုဆီသည် နှလုံးရောဂါ ရှိသူများအတွက် အလွန်သင့်လျော်သော ''heart-healthy oil'' ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် The Journal of Nutritional Biochemistry ၏ တင်ပြမှုတစ်ခု၌လည်း ဖွဲနုဆီ စားသုံးသူများသည် ဆီးချိုရောဂါပုံစံ(၂)ကို သက်သာစေကြောင်း မှတ်သားခဲ့ရပါသည်။

          ဖွဲနုဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သော Ƴ-oryzanol နှင့် tocotrienol တို့များ စွာပါဝင်နေသောကြောင့် ဆီ၏သက်တမ်းကို ကြာရှည်စေသည့်အပြင် စားသုံးသူတွင်လည်း အရွယ်မတိုင်မီ အိုမင်းခြင်းကို တားဆီးပေးခြင်း၊ ကင်ဆာဆဲလ်များကို ခုခံကာကွယ်နိုင်ခြင်း စသည့်ကောင်းကျိုးများရရှိစေပါသည်။ ဗီတာမင် E နှင့် အိုမီဂါ 3 အဆီအက်ဆစ်ပါဝင်နေသော ကြောင့်လည်း အရေပြားကို တင်းရင်းလှပစိုပြည်စေပြီး ခန္ဓာကိုယ်၏ ကိုယ်ခံအားကို တိုးပွားစေ ပါသည်။

          ဤသို့ဆိုလျှင် စားသုံးသူများအနေဖြင့် စားသုံးဆီအမျိုးအစားပေါင်း များစွာရှိသည့် အနက် မှန်ကန်သော ဟင်းချက်ဆီ အမျိုးအစားရွေးချယ်ရာတွင် အနံ့အရသာအပြင် ကျန်းမာရေး ရှုထောင့်မှလည်း စဉ်းစားရပေလိမ့်မည်။ ထိုနည်းလမ်းအတိုင်း ရွေးချယ်မည်ဆိုလျှင် ကျန်းမာရေး ဆိုင်ရာကျွမ်းကျင်သူ (Health Experts) များ ထောက်ခံထားသည့် စားသုံးဆီမှာ ဖွဲနုဆီပင် ဖြစ်ပါသည်။

          ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးဆိုင်ရာ တွက်ချက်မှုများအရ ဖွဲနုတန် ၁၀၀ မှ ဆီကြမ်း ၁၀ တန်ရရှိနိုင်ပြီး ၎င်းဆီကြမ်း ၁၀ တန်ကို ပြန်လည်သန့်စင်ပြီးပါက စားသုံးရန် အဆင့်ဖွဲနုဆီ ၃ တန်မှ ၃.၅ တန်အထိရရှိနိုင်ပါသည်။ ဖွဲဖတ် ၈၄ တန်ခန့်ထွက်ရှိလာသောကြောင့် ထုတ်လုပ်မှု ဖြစ်စဉ်အရ ဆုံးရှုံးမှု (Process Loss) သည် ၆% ဖြစ်ပါသည်။

          အိန္ဒိယနိုင်ငံတွင် တစ်နိုင်ငံလုံးမှထွက်ရှိသည့် စပါးများ၏ ၉၀% ကို ပေါင်းဆန်အဖြစ် ပြုလုပ်ပြီး ၎င်းကိုအဆင့်မြှင့်ကြိတ်ခွဲရာမှ ထွက်ရှိလာသောပေါင်းဖွဲနုမှ ဖွဲနုဆီထုတ်လုပ်ခြင်း လုပ်ငန်းကို တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ပေါင်းဖွဲနုတွင် ဆီပါဝင်မှု ရာခိုင်နှုန်း ၁၈ မှ ၂၂ ထိရှိပြီး အချဉ်ဓာတ်ကိန်းကိုလည်း တစ်လအထိတည်မြဲအောင် ထိန်း သိမ်းထားနိုင်၍ ဆီချောပိုမိုထုတ်ယူနိုင်သည့်အပြင် ဆီချောစက်ရုံတွင်လည်း ပေါင်းဖွဲနု၏ အနံ့ကုန်စေရန် Temperature Treatment ကိုလုပ်ဆောင်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံ၏ ဖွဲနုဆီထုတ်လုပ်သည့်လုပ်ငန်းမှာ များစွာတိုးတက်နေရခြင်းဖြစ်သည်။

          မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်စပါးတိုးချဲ့စိုက်ပျိုးနေခြင်းနှင့် ပြည်ပသို့ ဆန်တင်ပို့ ရောင်းချ နေသောကြောင့် ဘေးထွက်ပစ္စည်းဖြစ်သော ဖွဲနုကိုလည်း နှစ်စဉ်တိုး၍ ထုတ်လုပ် နိုင်မည်ဟု ခန့်မှန်းရပါသည်။ ၎င်းဖွဲနုများအားလုံးကို စားသုံးဆီထုတ်ယူနိုင်မည်ဆိုပါက နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသော စားသုံးဆီပမာဏကို သိသာစွာလျှော့ချလာနိုင် မည်ဖြစ်သည်။ ထို့ပြင် ထွက်လာသောဘေးထွက်ပစ္စည်းများကိုလည်း ပြည်တွင်းရှိလူသုံး ကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများသို့  ကုန်ကြမ်းအနေဖြင့် ရောင်းချနိုင်သောကြောင့် ဖွဲနုဆီထုတ် လုပ်ငန်းသည် စိုက်ပျိုး ရေးကို အခြေခံ၍ ပြည်တွင်းရှိ စက်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် ကွင်းဆက်မိသော လုပ်ငန်းလည်းဖြစ်ပါသည်။

          သို့ပါ၍ မိမိတို့နိုင်ငံတွင် ဘေးထွက်ပစ္စည်းအနေဖြင့် တိရစ္ဆာန်အစားအစာအဖြစ်သာ  အသုံးဝင်မည့် ဖွဲနုကို ကုန်ကြမ်းအဖြစ် အသုံးပြုကာ ဈေးကွက်ဝင်သော ကျန်းမာရေး အထောက် အကူပြု ဖွဲနုဆီအဖြစ် တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်နိုင်မည်ဆိုပါက သွင်းကုန် အစားထိုး နိုင်ငံခြား ငွေ ချွေတာနိုင်မည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးကိုလည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။

ITQM

ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာရှိ ပိန္နဲခြံများသို့ ကွင်းဆင်းလေ့လာ

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၃.၃.၂၀၂၂ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ ပိန္နဲသီးစိုက်ပျိုးရေးခြံများသို့ သွားရောက် လေ့လာခဲ့ကြသည်။

        ထိုသို့ လေ့လာရာတွင် ပိန္နဲခြံစိုက်ပျိုးသောလုပ်ငန်းရှင်တစ်ဦး၏ ဆွေးနွေးချက်အရ ပိန္နဲပင် မျိုးများကို မြဝတီဘက်မှ မှာယူ၍ ပျိုးပင်တစ်ပင်လျှင် (၅၅၀၀) ကျပ်ခန့် ပေးရကြောင်း၊ ပိန္နဲပင် စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် ပေ (၂၀) ခြားစိုက်ပျိုးလျှင် တစ်ဧကတွင် (၁၀၈) ပင်ခန့် ဝင်ဆန့် ကြောင်း၊ သွင်းအားစုအနေဖြင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို တစ်နှစ်လျှင် (၂) ကြိမ်ခန့် ကျွေးရကြောင်း၊ စိုက်ပျိုးချိန်မှ အသီးသီးချိန်ထိ (၂) နှစ်ခန့်သာ ကြာမြင့်ကြောင်း၊ ပိန္နဲသီး များမှာ စက်တင်ဘာလတွင် စတင်သီးပြီး ဇန်နဝါရီ ၊ ဖေဖော်ဝါရီလများတွင် စတင်မှည့်ကာ ဧပြီ၊ မေလ များတွင် လှိုင်လှိုင်ပေါကြောင်း၊ ပိန္နဲသီး စတင်ပေါ်ချိန် ကာလတွင် အလုံးကြီး မှာ (၉၀၀၀-၉၅၀၀) ကျပ်၊ အလတ် (၈၀၀၀-၈၅၀၀) ကျပ်၊ အသေး (၆၀၀၀) ကျပ်ခန့်ဈေးရရှိကြောင်း၊ အလုံးကြီး (ခေါင်သီး) များကို ရန်ကုန်၊ မန္တလေး သို့ တင်ပို့ပြီး အလတ်၊ အသေးများကို ဒေသတွင်း ရန်ကုန်-မော်လမြိုင်လမ်းဘေးဝဲယာဆိုင်ခန်းများ၌ ရောင်းချကြကြောင်း သိရှိရသည်။

          အဆိုပါ ပိန္နဲသီးမျိုးများမှာ စိုက်ပျိုးချိန်မှ အသီးသီးချိန်ထိ (၂)နှစ် ခန့်သာ ကြာမြင့်ခြင်း၊ ပြုစု ပျိုးထောင်ရာတွင် လွယ်ကူခြင်း၊ အသီးများမှာ ဈေးကောင်းရရှိခြင်း တို့ကြောင့် စိုက်ပျိုးသူ ခြံပိုင်ရှင်များအနေဖြင့် တွက်ခြေကိုက်သဖြင့် ဘီးလင်းမြို့နယ်တွင် ပိန္နဲခြံစိုက်ပျိုးခြင်းကို ပိုမိုလုပ်ကိုင် လာကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

လွိုင်ကော်မြို၌ ခရမ်းချဉ်သီးဈေးကွက်အခြေအနေ

       မတ်လပထမပတ် ဈေးကွက်အတွင်းရောင်းဝယ်လျက်ရှိသော ခရမ်းချဉ်သီးအများစုမှာ ပြည်နယ်အတွင်းဒေသထွက်ခရမ်းချဉ်သီးများဖြစ်ပြီး တစ်ပိဿာလျှင် ( ၆၀၀) ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး  အင်းလေး ၊ ပင်လောင်းမှ ဝင်ရောက်သော ခရမ်းချဉ်သီးမှာ ဈေးကွက်အတွင်း အနည်းငယ်သာ တွေ့ရှိရပြီး ဈေးနှုန်းမှာ တစ်ပိဿာလျှင်  အလုံးကြီး (၁၂၀၀) အလတ်စ (၁၀၀၀)ကျပ်ဖြင့် အသီးသီးဈေးနှုန်းပေါက်လျက်ရှိပြီး ဒေသထွက် ခရမ်းချဉ်သီးများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် သယ်ယူစရိတ်များသောကြောင့် တစ်ပိဿာလျှင် (၆၀၀)၊ (၄၀၀) ကျပ် ကွာဟလျက်ရှိသည်ဟု သိရပါသည်။

DOCA(ကယား)

တနိုင်တပိုင်အာလူးကြော်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းလေ့လာဆွေးနွေး

           ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင်ရှိ ဝန်ထမ်းများသည် ကျောက်မဲမြို့၊ (၇)ရပ်ကွက်၌ ထုတ်လုပ်/ဖြန့်ဖြူး/ရောင်းချလျက်ရှိသည့် အိမ်တွင်းမှုစားသောက်ကုန်လုပ်ငန်းဖြစ်သော “သင်းရနံ့”အမှတ်တံဆိပ်၏ကုန်စည်အား (၃.၃.၂၀၂၂)ရက်နေ့တွင် သွားရောက်၍ ကုန်ကြမ်းမှတစ်ဆင့် ကုန်ချောအဖြစ် ထုတ်လုပ်နေမှုများကို ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြကြောင်း၊ ယင်းသို့စစ်ဆေးခဲ့ရာတွင် ကုန်ကြမ်းပစ္စည်းဖြစ်သော အာလူးကို အောင်ပန်းမြို့မှ တိုက်ရိုက်မှာယူခြင်းဖြစ်ကြောင်း၊ အောင်ပန်းမှအာလူးသည် ယခုလက်ရှိ ဝယ်ဈေးနှုန်းမှာ ပိဿာချိန်(၃၀) ပါ တစ်အိတ်လျှင် သယ်ယူစရိတ်အပါအဝင်(၈၀၀၀ဝိ/-)ကျော်ခန့်ရှိကြောင်း သိရှိရပါသည်။

          ကုန်ချောအဖြစ် ပြန်လည်ထုတ်လုပ်ရာတွင် အာလူးများကို ညီညာအောင်စက်ဖြင့် လှီးဖြတ်၍ ရရှိလာသောအာလူးအဖတ်များကို ဓါတုဆေးဝါးများအသုံးပြုခြင်းမရှိဘဲ သဘာဝရေအေးအေးဖြင့် သုံးကြိမ်ခန့်ဆေးပြီးလျှင် ဆား၊ ငြုပ်သီးမှုန့်၊ ဟင်းခတ်မှုန့်များနှင့် သမအောင်(နယ်/မွှေ)၍ ကြော်ရကြောင်း၊ ထိုသို့ အာလူးများကိုကြော်ရာတွင် ဟင်းသီးဟင်းရွက်ဆီ တမျိုးတည်းကိုသာ အသုံးပြုကြောင်းသိရပါသည်။

        အာလူးပိဿာချိန်(၃၀)ပါတစ်အိတ်လျှင် ကုန်ချောအဖြစ် ထုပ်ပိုးပြီးသောအထုပ်(၂၅၀)ထုပ်ခန့်ရရှိပြီး တစ်ထုပ်လျှင်ဖောက်သည်ဈေး ၄၀၀ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချကြောင်း၊ တစ်ရက်လျှင်ပိဿာချိန် ခြောက်ဆယ်မျှသာ ထုတ်လုပ်နိုင်ကြောင်းနှင့် မြို့တွင်းဈေးကွက်သာရှိကြောင်းသိရှိရပါသည်။

      ထို “သင်းရနံ့”အမှတ်တံဆိပ်အာလူးကြော်လုပ်ငန်းရှင်အား ဌာနမှထုတ်ပြန်ထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်းနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များမှ လိုက်နာရန်လိုအပ်သည့် အချက်များအား သိရှိဆောင်ရွက်နိုင်စေရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

¬သီပေါမြို့၏ အစေ့ထုတ်ပြောင်းနှင့်ဓါတ်မြေဩဇာဈေးကွက်အခြေအနေ

            သီပေါမြို့တွင် ဖေဖော်ဝါရီလအတွင်း အစေ့ထုတ်ပြောင်းဈေးနှုန်းများ မြင့်တက်လျှက်ရှိပြီး အရောင်းအဝယ်ကောင်းလျက်ရှိသည်။ ယခင်လများတွင် အစေ့ထုတ်ပြောင်းတစ်ပိဿာလျှင် (၆၁၀) ကျပ်ပေါက်ဈေးရှိပြီး အစိုဓါတ်(၁၆%)သတ်မှတ်၍ (၁၆%)အထက်ကျော်လွန်ပါက (၁%)လျှင်(၁၀) ကျပ် ဖြတ်တောက်ဝယ်ယူကြောင်း သိရှိရသည်။ ယခုဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် အစေ့ထုတ်ပြောင်းတစ်ပိဿာလျှင် အစိုဓါတ်အနေဖြင့် သတ်မှတ်ထားခြင်းမရှိဘဲ အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင်(၇၉၀)ကျပ် ပေါက်ဈေးဖြင့် ဝယ်ယူလျက်ရှိသောကြောင့် အစေ့ထုတ်ပြောင်းစိုက်ပျိုး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်အတွင်း အစေ့ထုတ်ပြောင်းစိုက်ဧက (၆၉၈၄၇)ဧကရှိပြီး အထွက်နှုန်းမှာ(၇၅.၂၀)ရှိ၍ (၄၈၅၉၉၅၀)တင်း ထွက်ရှိကြောင်းသိရှိရသည်။

             ထို့အပြင် ဓါတ်မြေဩဇာ(၅၀)ကီလိုဂရမ် တစ်အိတ်ဈေးနှုန်းမှာလည်း ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် CP.ဆင်ဖြူတော်(၂၀-၁၂-၁၂)နှင့် ရွှေတောင်ပုလဲ(၄၆.၄%)များမှာ (၈၀၀၀၀)ကျပ်ရှိပြီး၊ ပန်းဖူးပုလဲ(၈၃၀၀၀)ကျပ်၊ မြှားကမ္ဘာ(၁၅း၉း၈)မှာ (၇၀၀၀၀)ကျပ်၊ စိုးမိုးမိုင်မူလလက်ဟောင်း၊ သံကွင်းစိမ်း၊ ပန်းနီဓါတ်မြေဩဇာများမှာ (၆၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။ သီးနှံဈေးနှုန်းများ မြှင့်တက်လာသောအခြေအနေတွင် ဓါတ်မြေဩဇာသွင်းအားစုများမှာလည်း မြှင့်တက်လာသော်လည်း စိုက်ပျိုးရာသီကျော်လွန်၍ တောင်သူများ၏ ဓါတ်မြေဩဇာဝယ်ယူမှု နည်းပါးလာသောကြောင့် အရောင်းအေးလျက်ရှိသည်ဟု သိရှိရပါသည်။

DOCA(ရှမ်း)

 

ရာဘာဈေးနှုန်းအခြေအနေ ကွင်းဆင်းစုံစမ်းမေးမြန်း

           ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ရာဘာများရောင်းချလျက်ရှိသော လှေလှော်အင်းကျေးရွာမှ ရာဘာကုန်စည်ဒိုင်သို့ အပတ်စဉ် တနင်္လာနေ့၊ နံနက်(၁၀) နာရီတွင် ဈေးနှုန်းစုံစမ်းမေးမြန်းလျက်ရှိပါသည်။

          ရာဘာဈေးနှုန်းအခြေအနေစုံစမ်းရာတွင် မတ်လပထမပတ်၏ ရာဘာဈေးနှုန်းမှာ (၁)ပေါင် လျှင် (၁၁၈၀)ကျပ်ဖြစ်ပြီး တစ်နေ့လျှင် ပေါင်(၂၀၀၀)ခန့်ဝယ်ယူပြီး ပဲခူးတိုင်းဒေသကြီး ကုန်စည်ဒိုင် သို့ (၁)ပေါင်လျှင် (၁၂၀၀)ကျပ် ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပါကြောင်း လှည်းကူးရာဘာ ဈေးကွက်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

       အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့မှ မတ်လ(၃)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၅၀၀ မှ ၇၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၈၀၀ မှ ၁၃၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၇၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၉၀၀ မှ ၂၃၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၇၀၀ မှ ၁၇၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၇၀၀ မှ ၁၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၉၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၅၀၀ မှ ၁၂၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၉၀၀ မှ ၁၄၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၂၃၀၀ မှ ၂၉၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၂၀၀ မှ ၃၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၅၀၀ မှ ၁၂၀၀ အတွင်း၊ ဆလပ်ရွက်(စီး) ကျပ်၁၀၀ မှ ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၇၀ မှ ၁၅၀ အတွင်း၊ ခရမ်းသီး(ရှည်)(လုံး)ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(ပိဿာ) ၅၀၀ မှ ၈၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)ကျပ် ၁၄၀၀ မှ ၂၂၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီး အလုံးပေါင်း (၄၁၃၀၀)ကျော်၊ ခရမ်းသီး(ရှည်)(လုံး) (၉၇၀၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၂၅၈၀၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၃၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၂၅၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၅၀၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၇၅၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၁၄၀၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း