Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့၏ကြက်သွန်ဖြူ စိုက်ပျိုးနည်း

     မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူကို ရှမ်းမျိုး၊ ဗမာမျိုးနှင့် ကြူကုတ်မျိုးဟူ၍စိုက်ပျိုးကြသည်။ ရှမ်းမျိုးနှင့် ဗမာမျိုးသည် အနံ့အရသာမှာ မွှေးကြိုင်ပြီး  ကြူကုတ်မျိုးထက်ပို၍ မွှေးပြီး အလုံးအရွယ် အစား ငယ်သည်။ ကြူကုတ်မျိုးသည် ဥကြီးပြီး အထွက်နှုန်းမြင့်မားသည်။ မြင်းခြံမြို့နယ်သည် အပူပိုင်းဒေသဖြစ်သောကြောင့်  အေးသောရာသီဥကိုကြိုက်နှစ်သက်သော ကြက်သွန်ဖြူများကို ဆောင်း ရာသီတစ်ရာသီသာ အောက်ပါစိုက်ပျိုးနည်း အတိုင်းစိုက်ပျိုးကြသည်။

 စိုက်ပျိုးနည်းစနစ်များ

ကြက်သွန်ဖြူသည် အပူအအေးသင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည် ခြင်းသည် ဥဖြစ်ပေါ်မှုကို အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်တော်ဆုံးအပူချိန်မှာ ဖြစ်ထွန်းကြောင်း၊  ကြက်သွန်ဥဖြူဥဖြစ်ထွန်းရန် အနည်းဆုံးတစ်လမှ နှစ်လအတွင်းဥများ ဖြစ်ထွန်း ပါတယ်။

မြေပြုပြင်ခြင်း

ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင်ထွန်ပြီး ကြမ်းတုံးရိုက်၍ ဘောင်ဖော်စိုက်ပျိုးလေ့ ရှိပါသည်။ ရေအလွန်လိုအပ်သော သီးနှံဖြစ်၍ အစိုဓာတ်ရှိပါက မြေအမျိုးအစားအများစုတွင် စိုက်ပျိုးနိုင်ပါသည်။

မျိုးရွေးချယ်ခြင်း

ရေမြေအလိုက် ကိုက်ညီမှုရှိသော မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ ရောဂါကင်းသောမျိုး၊ အမြွှာကြီး သောမျိုးများ ရွေးချယ်ပြီး တစ်ဧကလျှင် မျိုးနှုန်း ပိဿာ ၂၅၀ မှ ပိဿာ ၃၀၀ အသုံးပြုပါ။

စိုက်ပျိုးခြင်း

ထယ်ရေးကောင်းစွာပြင်ထားသော စိုက်ကွက်များတွင် ဘောင်အမြင့် ရှစ်လက်မ၊ အကျယ်သုံး ပေခန့်ထား၍ ဘောင်ဖော် စိုက်ပျိုးလေ့ရှိပါသည်။ ပင်ကြား၊ တန်းကြား နှစ်လက်မ x လေးလက်မ၊ (သို့မဟုတ်) လေးလက်မမှ x လေးလက်မ အကွာအဝေးဖြင့် စိုက်ပျိုးသည်။ ကြက်သွန်ဖြူ စိုက်ရာတွင် ပေါင်းနှိမ်နင်းရန် အလွန်အရေးကြီးသဖြင့် စိုက်ပျိုးသောနည်းမှာ ကြက်သွန်ဖြူ အမြွှာများကို ဘောင်ထဲတွင် လေးပုံသုံးပုံခန့်သာ မြုပ်စိုက်ပြီး အပေါ်မှ ကောက်ရိုးကို ခြောက်လက်မ ခန့်မြင့်ထိ ညီညာစွာဖုံးပေးထားပါ။ ရေလောင်းလိုက်လျှင် ကောက်ရိုးအမြင့် သုံးလက်မခန့်သာ ကျန်ပြီး ကြက်သွန်ပင်များ တိုးထွက်လာနိုင်သည်။ ကောက်ရိုးကြောင့် ပေါင်းသက်သာပြီး အစိုဓာတ်ထိန်းနိုင်၍ ကောက်ရိုးများ ဆွေးသွားပါကလည်း မြေဆွေးဖြစ်သွားသည်။ စိုက်ပျိုးရာတွင် အမြွှာကြီးပါက ဥအမြွှာသေးပါက ဥတစ်လုံးဥသာရရှိတတ်သည်။

မြေသြဇာထည့်သွင်းခြင်း

မြေသြဇာများကို ပေါင်းလိုက်ချိန်နှင့် ဥဆင်းချိန်တို့တွင် ထည့်ပါ။

 အပင်ပြုစုခြင်း

ကြက်သွန်ဖြူ အောင်မြင်ဖြစ်ထွန်းရန်အတွက် ပေါင်းနှိမ်နင်းခြင်း လုပ်ငန်းသည် အထူးအရေး ကြီးသည်။ စိုက်ပြီးတစ်ပတ်ကြာမှ အပင်နှစ်လသား အရွယ်ထိ တစ်ပတ်တစ်ကြိမ် ပေါင်းနှိမ်ပါ။ တစ်ပတ်လျှင် တစ်ကြိမ်ရေသွင်းပြီး ရာသီဥတုပူပြင်းပါက လေးရက်မှ ငါးရက်တစ်ကြိမ် ရေပေးသွင်းရမည်။ အပင်နှစ်လသား အရွယ်တွင် ရေသွင်းခြင်းကို လုံးဝရပ်ရပါမည်။ ပန်းမပွင့်မီ ကြက်သွန်ဖူးများကို မဖြစ်မနေချိုးပေးပါ။ စိုက်ခင်းတွင် အစိုဓာတ် လုံလောက်မှုရှိစေရန် အမြဲဂရုပြုပါ။ ကြက်သွန်ဖြူတွင် ရောဂါပိုးတို့ကျရောက်တတ်၍ သင့်တော်သောဆေးများကို ပက်ဖျန်းကာကွယ်သင့်သည်။

 နုတ်သိမ်းခြင်း

အပင်သက်တမ်း လေးလမှငါးလအကြာ ကြက်သွန်ဖြူပင်စည်နှင့် အရွက်ဝါလာလျှင် အပင်ကို လက်ဖြင့် ဆွဲနုတ်သိမ်းယူနိုင်သည်။ မျိုးထားရန်အတွက် အပင်လိုက် လက်တစ်ဆုပ်စာခန့် စည်း၍ ဝါးတန်းပေါ်တွင် အခြောက်ခံထားပါ။ နုတ်ယူပြီးအပင်များကို အမြိတ်များဖြတ်တောက်၍နေ နှစ်ရက်ခန့်လှမ်းထားပါ။ တစ်ဧကလျှင် ကြက်သွန်ဖြူ ပိဿာချိန် ၁,၅၀၀ မှ ၃,၀၀၀ ထိ ထွက်နိုင်ပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏မိုးပဲတီစိမ်းစိုက်ပျိုးထားရှိမှု၊တစ်ဧကကုန်ကျစရိတ်နှင့်အကျိုးအမြတ်ရရှိမှု

   မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း၌ တည်ရှိပြီး ဆည်ရေသောက်အသင့်အတင့်ရှိ၍ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီများစိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း(မိုး)သီးနှံ ကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးချိန်မှာ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင် စိုက်ပျိုးပြီး ရိတ်သိမ်းချိန်မှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း၊ အများဆုံး စိုက်ပျိုးသောကျေးရွာများမှာ သိမ်ရွာ၊ ဒါးကျွန်းရွာ၊ ဖိုးတုတ်ဖြူရွာ၊ သဲဖြူဝရွာ၊ ပတ္တာကျေးရွာနှင့် ခေါင်းကွဲကျေးရွာတို့တွင် အများဆုံး စိုက်ပျိုးထားကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၌ ပဲတီစိမ်းစီမံကိန်းသီးနှံ (၂၄၀၀)ဧက လျာထားချက်တွင် စိုက်ပျိုးပြီးစီးမှုဧက (၄၀၃၈)ဧကစိုက်ပျိုးထားရှိပြီး လျားထားဧကထက် (၁၆၃၈) ဧကကျော် ပိုမိုစိုက် ပျိုးထားရှိကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် (၈၀၀၀)ကျပ်ခန့်ရှိကြောင်း၊ စိုက်ပျိုးရာ တွင် မျိုးအနေဖြင့် (၆)ပြီခန့်ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၅၇၀,၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ ရေဆင်း(၁၆)မျိုးကို စိုက်ပျိုးကြောင်း၊ ပဲတီစိမ်းသီးနှံကို ထယ်ကြောင်းဆွဲကာ မျိုးစေ့ကို မြေကြီးအတွင်းအနက် ၁ လက်မမှ ၁.၅ လက်မအတွင်းစိုက်ကြောင်း၊ ယခုနှစ်အထွက်နှုန်းအနေဖြင့် (၁၂)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ထွက်ပေါ်ချိန်ရောင်းဈေးအနေဖြင့် ပဲတီစိမ်း(မိုး)တစ်တင်းလျှင် (၈၈,၀၀၀)ကျပ်ခန့်‌ပေါက်ဈေးရှိကြောင်း၊ ပဲအရည်အသွေးနှင့် အစိုဓါတ် ပါဝင်မှုအပေါ်တွင် ဈေးနှုန်းများကွာခြားကြောင်း၊ တောင်သူများအနေဖြင့်  တစ်ဧကလျှင် (၅၀၀,၀၀၀) ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၌ ပွဲရုံများ၌ ပဲတီစိမ်းတစ်တင်းလျှင် (၈၇,၅၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ ကျေးရွာများမှ ထွက်ရှိသော ပဲများကို တောင်သူများကိုယ်တိုင် မြင်းခြံမြို့ရှိ ပွဲရုံများသို့လာရောက် ရောင်းချကြောင်း၊ အိတ်အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်အိတ်ရေ (၁၀၀-၁၅၀) အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထိုပွဲရုံများမှ တဆင့် မန္တလေးမြို့၊ ပခုက္ကူမြို့နှင့် ရန်ကုန်မြို့ရှိ ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း ပဲပွဲရုံများမှ သိရှိရသည်။

DOCA(မန္တလေး)

သမုန်းကိုင်းကျေးရွာ၌မုန်လာဥဖြူစိုက်ပျိုးထားရှိမှုနှင့်ကုန်ကျစရိတ်အကျိုးအမြတ်ရရှိမှု

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သမုန်းကိုင်းကျေးရွာတွင် မုန်လာဥဖြူစိုက်ပျိုး ထွက်ရှိမှုများမှ ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း မုန်လာဥဖြူ စိုက်ပျိုး ထားသောတောင်သူများထံမှ သိရသည်။

      မုန်လာဥဖြူသည် စနယ်မြေခေါ် လယ်မြေများတွင် ဖြစ်ထွန်းမှုမရှိကြောင်းနှင့် သဲဆန်သောမြေများ၊ ယာမြေများနှင့်မြစ်ရေဝင်ဒေသများရှိနုန်းတင်မြေနုများတွင်ဖြစ်ထွန်းပြီး မျိုးစေ့ချကာ စိုက် ပျိုးရကြောင်း၊  ရောင်းတန်းဝင်အရွယ်အစားရောက်ရှိပါက မုန်လာဥဖြူပင်ကိုနှုတ်ပြီးနောက် နေပြ ထားရကြောင်း၊ အနည်းငယ်နွမ်းသွားပြီး အကိုင်ခံနိုင်သည့်အဆင့်ရောက်မှသာ ရေဆေးပြီး အစည်း များစည်းကာ အိတ်များတွင်ထည့်သွင်းတင်ပို့ရကြောင်း၊ မုန်လာဥဖြူများ လှိုင်လှိုင်ထွက် ရှိသည်မှာ တစ်လကျော် ကြာမြင့်ပြီဖြစ်ပြီး စတင်ထွက်ပေါ်ချိန်မှစ၍ ကုန်စိမ်းပွဲစားများက စိုက်ခင်း အထိ လာရောက်ဝယ်ယူကြောင်း၊ စိုက်ခင်းဈေး(၃)ဥတွဲပါတစ်စည်းလျှင် (၅၀၀) ကျပ်နှုန်းဖြင့် လည်း ကောင်း၊ ဈေးကွက်သို့အရောက် တင်ပို့ရောင်းချရပါက (၈၀၀/၆၀၀)ကျပ်နှုန်းဖြင့် လက်ကား ရောင်းချ လျက်ရှိကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၌ မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ရောင်းချ လျက်ရှိသော မုန်လာဥလက်လီဈေးကွက်တွင် အကြီး(၃)ဥတွဲပါ တစ်စည်းလျှင် (၁၀၀၀) ကျပ်၊ အသေး(၃)ဥ တွဲပါတစ်စည်းလျှင် (၇၀၀) ကျပ်နှုန်းအထိ ဈေးကောင်းရရှိကြောင်း၊ အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း၊ မျိုး၊သွင်းအားစုနှင့်လုပ်အားခများအပါအဝင် တစ်ဧကလျှင် ကျပ်(၃၆) သိန်းခန့် ကုန်ကျပြီး သီးနှံရောင်းရငွေကျပ်(၄၈)သိန်းခန့်ရရှိကြောင်း မုန်လာဥဖြူစိုက်ပျိုးထားသူ သမုန်းကိုင်းကျေးရွာနေ တောင်သူဦးညွန့်ဝင်း၏ ပြောကြားချက်အရ သိရှိရသည်။

          ယခုနှစ်တွင် မုန်လာဥဖြူသည် တောင်သူများအနေဖြင့် ဈေးကောင်းရရှိ၍ အကျိုးအမြတ် ရရှိကြောင်း၊ မုန်လာဥဖြူစတင်စိုက်ပျိုးချိန်မှ သီးနှံထွက်ပေါ်ချိန်အထိ စိုက်ပျိုးကြာမြင့်ချိန် တစ်လခွဲ၊ (၂)လခန့်အတွင်း ကျပ်(၁၂)သိန်းခန့် အကျိုးအမြတ်ငွေရရှိသည့်အတွက် ဆောင်းရာသီသီးနှံများအနက် စိုက်ပျိုးသင့်ကြောင်း၊ မုန်လာဥဖြူစိုက်ပျိုးသည့် တောင်သူများမှာမိသားစု စားဝတ်နေရေး အဆင်ပြေ လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီးထွက် ကြက်သွန်နီ ဈေးကွက်

            စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကြက်သွန်နီ (မိုး)စိုက်ဧကအနေဖြင့် (၂၃၃၂) ဧကစိုက်ပျိုးနိုင်ခဲ့ရာ ယခုအချိန်ထိ စိုက်ဧက၏ ၆၀ ရာခိုင်နှုန်း ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရပြီး ကြက်သွန်နီ (ဆောင်း)စိုက်ဧကအနေဖြင့် (၃၁.၁၂.၂၀၂၅) ရက်နေ့ထိ (၃၇၇၈၄)ဧက စိုက်ပျိုး ပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။

          ကြက်သွန်နီသီးနှံအား တိုင်းအတွင်းရှိ မြို့နယ်များဖြစ်သည့် မော်လိုက်၊ ဖောင်းပြင်၊ တမူး၊ တမူး(မြို့သစ်)၊ ခမ်းပတ်၊ ကလေး၊ ကလေးဝ၊ မင်းကင်း၊ ခန္တီး၊ ဟုမ္မလင်း၊ မိုင်းလွတ်၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ဒိုဟိး၊ ပန်ဆောင်၊ မုံရွာ၊ ဘုတလင်၊ အရာတော်၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲ၊ ရွှေဘို၊ ခင်ဦး၊ ဝက်လက်၊ ကျောက်မြောင်း၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ကန့်ဘလူ၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ကသာ၊ ထီးချိုင့်၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး ဒေသများတွင် စိုက်ပျိုးကြပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးထွက် ကြက်သွန်နီများအား ရန်ကုန်ရှိ ဘုရင့်နောင်ဈေးကွက်သို့ လည်းကောင်း၊ မန္တလေးမြို့မှ တဆင့် လားရှိုး၊ မူဆယ်ဈေးကွက်သို့လည်းကောင်း၊ မြဝတီ-မော်လမြိုင် ဈေးကွက်သို့လည်းကောင်း၊ မြစ်ကြီးနားမြို့ ဈေးကွက်သို့လည်းကောင်း နေ့စဉ် (၆)ဘီးယာဉ်၊ (၁၂)ဘီးယာဉ်များဖြင့် တင်ပို့လျက်ရှိကြောင်းသိရပြီး ကြက်သွန်နီ(မိုး)တစ်ပိဿာ ယနေ့ဈေးနှုန်း အနေဖြင့် အနိမ့်ဆုံး ၂၀၀၀/- မှ အမြင့်ဆုံး ၃၀၀၀/-ကျပ်အထိ အ‌ရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ငါန်းဇွန်မြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းဆိုင်များ၏ ဈေးနှုန်းအခြေအနေ

   ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် (၁၀) ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၄၅၀)ကျပ်၊ 95 Octance(၂၅၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၃၅၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၂၇၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

     စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၆-၁-၂၀၂၆ရက်နေ့တွင် ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance (၂၄၀၅)ကျပ်၊ 95 Octance(၂၄၅၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၂၈၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၂၆၂၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများ သည် ယခင်အပတ် ထက် တစ်လီတာလျှင် 92 Octance တွင် (၃၅)ကျပ်၊ 95 Octance တွင်(၄၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင် (၃၅) ကျပ်တို့ အသီးသီးဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်တွင်(၃၀)ကျပ်ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ထားဝယ်မြို့ရှိ ဂေါ်ဖီထုပ်ဈေးနှုန်း/ဈေးကွက်

     ဂေါ်ဖီထုပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး ဈေးကွက်တွင် တွေ့မြင်ရပြီး နည်းလမ်းမျိုးစုံဖြင့် ချက်ပြုတ် စားသောက် လျက်ရှိကြောင်း သိရှိရပါသည်။

     ထားဝယ်‌ဒေသည် ဂေါ်ဖီထုပ်ထွက်ရှိသည့်‌ဒေသမဟုတ်သည့်အတွက် ရှမ်းပြည်နယ်ဘက်မှ ကားများဖြင့် အဆင့်ဆင့်သယ်ယူရောင်းချကြပြီး ဇန်နဝါရီလအတွင်း ဂေါ်ဖီထုပ်တစ်လုံးလျှင်(၃၅၀၀)ကျပ်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ပန်းသစ်တော်သီးဈေးနှုန်း

   ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီး၊ ကမ်းနားဈေးနှင့် ညနေဈေးတို့ရှိ သစ်သီးဆိုင်များ၌ သစ်သီးမျိုးစုံရောင်းချလျက်ရှိရာ ပန်းသစ်တော်သီးမှာလည်း အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပြီး လူကြိုက်များကြကြောင်း သိရှိရပါသည်။ ရန်ကုန်၊ မော်လမြိုင်ဘက်မှ ကားများဖြင့် ထားဝယ်မြို့ရှိ သစ်သီးဒိုင်များသို့ တင်ပို့ကြပြီး ထိုမှတဆင့် သစ်သီးဆိုင်များသို့ပြန်လည်ဖြန့်ဖြူးလျက်ရှိကြောင်း  လည်းသိရှိရပါသည်။

          ထားဝယ်ဈေးကွက်၌ ဇန်နဝါရီလအတွင်း ပန်းသစ်တော်သီး ဈေးကောင်းလျက်ရှိပြီး  တစ်လုံးလျှင် (၅၀၀၀)ကျပ်အထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ကြံစျေးနှုန်း

    ထားဝယ်မြို့၏ စျေးကွက်အတွင်း ကြံဈေးကွက်မှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပြီး ကြံကို ထားဝယ်မြို့အနီးတစ်ဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင် စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ကြံသည်  ကြံရည်သာမက ဘုရားပွဲ၊ နတ်ပွဲများ၌ပါ မပါမဖြစ် ဖြစ်သည့်အတွက် ဇန်နဝါရီလ၌ ဈေးပိုကောင်းလျက်ရှိကြောင်းလည်း သိရှိရပါသည်။

     ထားဝယ်မြို့ရှိ ဒေသထွက်ကြံစျေးနှုန်းများမှာ (၁)ချောင်းလျှင် (၅၀၀၀)ကျပ်၊ (၁၀) ချောင်းပါ တစ်စည်းလျှင် (၄၅၀၀၀) ကျပ်၊  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ နံနံပင်စျေးနှုန်း/စျေးကွက်

  မြန်မာပြည်တွင် အထင်ရှားဆုံး ဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ကိုလည်း ဟင်းခတ်မဆာလာတွင် သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အသုပ်စုံတို့ တွင်လည်း တွဲဖက်အသုံးပြုကြသည်။ ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှား ပါးကာ စျေးကြီးပေသည်။

           ယခုအခါ ထားဝယ်စျေးကွက်၌ ဇန်နဝါရီလ တတိယပတ်အတွင်း နံနံပင်စျေးကောင်းလျက်ရှိပြီး တစ်စည်းလျှင် (၅၀၀)ကျပ် ခန့်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိမြင်းခွာရွက်ဈေးနှုန်း

   မြင်းခွာရွက်ဟုဆိုသည်နှင့် မြန်မာလူမျိုးတိုင်း သိကြမည်ဖြစ်ပါသည်။ မြင်းခွာပင်သည် အပင်ငယ်လေးဖြစ်ပြီး မြေကြီးတွင်ကပ်လျက် ပေါက်ဖွားကာ အဆစ်အမြစ် ကလေးများထွက်လာပြီး ထို အဆစ်ကလေးများမှ အညွန့်နှာမောင်းထွက်လာပြီး မျိုးဆက်ပွားလေ့ရှိသည်။ ‌နွေ၊ မိုး၊ ဆောင်း သုံးရာ သီပတ်လုံး အလေ့ကျပေါက်ပြီး အပွင့်အဖြူရောင်ရှိကာ အစေ့မှာမူ အပြား၊ အလျားလိုက် သေးငယ်သည့် အမြှောင်းကိုးမြှောင်းပါသည်။ မြင်းခွာပင်တွင် အရိုင်းမျိုး၊ မြင်းခွာရွက်အဖြူမျိုး၊ အနီမျိုးဟူ၍ သုံးမျိုးရှိသည်။

          ထားဝယ်မြို့ရှိစျေးများတွင် မြင်းခွာရွက်စျေးသင့်လျက်ရှိပြီး ‌ဒေသဓလေ့အရ ဗန်းထဲတွင် အပုံ ငယ်များ ပုံ၍ရောင်းချလျက်ရှိကာ တစ်ပုံလျှင် (၅၀၀)ကျပ် ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း