Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လိမ္မော်သီးဈေးကွက်

    မန္တလေးမြို့တွင်းသို့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါနှင့် ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်း၊ ရပ်ဆောက်၊ ရွာငံဘက်များမှ လိမ္မော်သီးများ ဝင်ရောက်လျက်ရှိပါသည်။ မန္တလေးသစ်သီးပွဲရုံများသို့ ဝင်ရောက်သည့် လိမ္မော်သီးဈေးကွက်အနေနှင့် အလုံးရေ ၁၀၀ မှ ၁၂၅ လုံးပါ ခြင်းတစ်ခြင်းလျှင် ၅၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်များနှင့် ဝယ်ယူမှုရှိပြီး မန္တလေးသစ်သီးပွဲရုံများသို့ တစ်ရက်လျှင် ကားလေးများနှင့် ၁၀ စီးမှ ၁၅ စီးအတွင်း ဝင်ရောက်မှုရှိပြီး သစ်သီးပွဲရုံများမှ လက်လီရောင်းဝယ်သူများဝယ်ယူမှုအနေနှင့် လိမ္မော်သီး တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ၈၀၀၀ ကျပ်များနှင့် ဝယ်ယူရပြီး လုံးကြီးတစ်ပိဿာလျှင် ၁၂ လုံး၊ လုံးသေးတစ်ပိဿာလျှင် ၁၅ ၊ ၁၆ လုံး ရရှိပါသည်။ လက်လီရောင်းဝယ်သူများအနေနှင့် အကြီး ၁၀ လုံးလျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်၊ အသေး ၁၀ လုံးလျှင် ၇၀၀၀ ကျပ်မှ ၇၅၀၀ ကျပ်များနှင့် ရောင်းဝယ်မှုရှိကြောင်း၊ ယခုရာသီ ကာလသည် လိမ္မော်သီးများ ချိုသည့်အတွက် စားသုံးသူများကြိုက်နှစ်သက်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်အားကောင်းနေကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

ချင်းတွင်းရတနာဈေးရှိ ပဲလိပ်ပြာဈေးနှုန်း

          မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများ၊ သစ်သီးဝလံများအပြင် ဒေသထွက် ပဲလိပ်ပြာများ ရောင်းချလျက်ရှိပါသည်။ ပဲလိပ်ပြာသည် ချိုဆိမ့်အရသာရှိပြီး ပဲဟင်းရည်ချက်စားရာတွင်လည်းကောင်း ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ပြီး ရော၍ချက်စားလျှင်လည်း အရသာကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ် ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေသော ပဲလိပ်ပြာဈေးနှုန်းမှာ ပဲလိပ်ပြာ(၁)ဘူးလျှင် (၁၅၀၀)ကျပ်၊  တစ်ပြည်လျှင် (၁၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးရှိ  ဟင်းသီးဟင်းရွက် ဈေးတန်းများ၌ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နှင့် မုန်လာဥဖြူများလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၁၅၀၀ /၂၈၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၂၀၀/ ၃၀၀၀) ကျပ်၊ မုန်လာဥဖြူမှာ အသေးစည်း (၆)ပင်ပါ တစ်စည်းလျှင် (၁၂၀၀) ကျပ်နှင့် အကြီးစည်း (၅)ပင်ပါ တစ်စည်းလျှင် (၁၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက်အသီးအရွက်များဖြစ်သည့်   မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင်  ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေသော  မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ  နို့ဆီဘူး (၁)ဘူးလျှင် (၆၀၀)ကျပ်၊ တစ်ပြည်လျှင် (၄၈၀၀) ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့် အစေ့လွတ်  (၁) ပိဿာလျှင် (၇၀၀၀) ကျပ် မှ (၇၅၀၀) ကျပ်၊ အစေ့ပါ(၁) ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၅၄၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ ကျောက္ကာလမ်းဘေးတစ်လျောက်ရှိ အုန်းသီးနှင့် ရှောက်ပန်းသီးဈေးနှုန်း

          မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများ အဓိက ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  အုန်းပင်ကို  အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။

          မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ဒီဇင်ဘာလ ပထမပတ်၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီး အနု/အရင့်၊  အကြီး/ အသေးပေါ်မူတည်၍  အုန်းသီးတစ်လုံးလျှင် (၂၄၀၀)ကျပ်မှ (၃၃၀၀)ကျပ်အထိလည်း‌ကောင်း၊ ရှောက်ပန်းသီး တစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၂၆၀၀)ကျပ်ဖြင့်လည်းကောင်း မုံရွာမြို့၊ ကျောက္ကာလမ်း‌ဘေး တစ်လျောက်တွင်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

    မုန့်ညှင်းစိမ်းဈေးနှုန်းဈေးကွက်

     အေးမြသောဆောင်းဦးရာသီဖြစ်သည့်နိုဝင်ဘာလအတွင်း အအေးကြိုက်သော သီးနှံတစ်မျိုး ဖြစ်သည့်မုန့်ညှင်းစိမ်းများ မန္တလေးဈေးကွက်အတွင်းသို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပါသည်။ မုန်ညှင်းကို အဓိကအနေဖြင့်မုန့်ညှင်းဖြူ၊မုန့်ညှင်းစိမ်းဟူ၍(၂)မျိုးခေါ်ဝေါ်ကြပြီး မုန့်ညှင်းစိမ်းများကို အချဉ်တည်ခြင်း၊ကြော်စားခြင်း၊အတို့အမြှုပ်အဖြစ်စားသုံးခြင်း၊ မုန့်ညှင်းပေါင်း၊ မုန့်ညှင်းစောများ အဖြစ်အမျိုးမျိုးပြုလုပ်စားသုံးကြပါသည်။မန္တလေးတိုင်းဒေသကြီး၊လာဘ်ကောင်းကျေးရွာတွင် သီးနှံ မျိုးစုံစိုက်ပျိုးလျက်ရှိရာ အာဟာရပြည့်ဝသောသီးနှံတစ်မျိုးဖြစ်သည့် မုန့်ညှင်းစိမ်းများကိုလည်း တစ်နိုင်တစ်ပိုင်စီးပွားဖြစ်စိုက်ပျိုးကြကြောင်း ကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။ဈေးကွက် အနေဖြင့် မုန့်ညင်းစိမ်းပင်ပေါက်လက်ဆုပ်တစ်စီးလျှင်၄၀၀ကျပ်၊ မုန့်ညင်းစိမ်းအကြီးတစ်စီးလျှင် ၈၀၀ကျပ်မှ၁၂၀၀ကျပ်ထိရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တည်သီးဈေးနှုန်းဈေးကွက်

      မန္တလေးတိုင်းဒေသကြီးဈေးကွက်အတွင်း တည်သီးများ အောက်တိုဘာလဆန်းမှစတင် ဝင်ရောက်လာကာ ဒီဇင်ဘာလလယ်အထိ ဈေးကွက်တွင် အဓိကတွေ့ရှိနိုင်ပြီး နိုဝင်ဘာလသည် ရာသီအမြင့်ဆုံးကာလ ဖြစ်သည်။ အဓိကအနေဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးနှင့်အနီးပတ်ဝန်းကျင် ဒေသများတွင်စိုက်ပျိုးကာ မန္တလေးတိုင်းဒေသကြီးအတွင်းလည်း စိုက်ပျိုးကြကြောင်းသိရှိရပါသည်။  ရောင်းချမှုတွင် ဈေးကွက်တွင်း ပြည်တွင်းဈေးကွက်ဝယ်လိုအားကောင်းမွန်ပြီး အရည်အသွေးမြင့် တည်သီးများကို လက်ဆောင်ပေးခြင်းများ၊ သစ်သီးဆွမ်းကပ်လှူခြင်းများတွင် အသုံးပြုကြ ပါသည်။ တည်သီးဈေးသည်ရာသီဥတုဒဏ်၊နေရာဒေသ၊ သယ်ယူပို့ဆောင်မှုကုန်ကျစရိတ်နှင့် ဈေးကွက်ရာသီ အနေအထားပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်ပြောင်းလဲလျက်ရှိသည်။ မန္တလေးမြို့ဈေးကွက် အတွင်း တည်သီးတစ်လုံးလျှင် ကျပ်၃၅၀၀ မှ ၄၀၀၀အထိ ရောင်းချလျက်ရှိပြီး အသီး အရွယ်အစား အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဈေးတည်ငြိမ်သောဂန္ဓာမာပန်း

     မြင်းခြံမြို့နယ်ရှိ ဘုရားပန်းအရောင်းဆိုင်များ၌ ပန်းမျိုးစုံရောင်းဝယ်လျက်ရှိရာ တာရှည်ခံ လှပသော ဂန္ဓာမာပန်းများကို ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချသလို ရေစကြို့မြို့နယ် ဆင်တဲကျေး ရွာတို့မှထွက်ရှိသော ဂန္ဓာပန်းများကိုလည်း တောင်သူများကိုယ်တိုင် မြင်းခြံမြို့သို့ လာရောက်ရောင်း ချကြောင်း၊  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ အေးမြသီတာဈေးတွင်  ရောင်းချနေ သော    ဂန္ဓာမာပန်း တစ်စည်းလျှင် (၂၅၀၀-၃၀၀၀)  ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ပန်းဈေးများ မှာ ယခင်လဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိကြောင်း၊ ပန်းအရည်အသွေး လတ်ဆက် ပေါ်မှုတည်ပြီးဈေးနှုန်း အနည်းငယ် ကွာခြား ကြောင်း၊  ဂန္ဓာမာပန်းများသည် ရက်ကြာရှည်ခံ လှပသောကြောင့် လူကြိုက်များပြီး   အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ပန်းအရောင်းဆိုင်များမှ သိရှိရသည်။ ဂန္ဓာမာပန်းသည် မျိုးကွဲပေါင်း မြောက်မြားစွာရှိပြီး ပြုပြင်စိုက်ပျိုးယူရသော ပန်းများမှာ အထူးပင်လှပ၍ ဈေးကောင်းရရှိပြီး လူကြိုက်များသောကြောင့် စီးပွားဖြစ်အဆင်ပြေကြောင်း၊ ဆင်းတဲကျေးရွာ ပန်းစိုက်တောင်သူ များထံမှ သိရှိရသည်။   

DOCA(မန္တလေး)

 

မြင်းခြံကုန်စည်ဒိုင်(MDCCI)၏ဆီထွက်သီးနှံဈေးနှုန်းများ

       မြင်းခြံကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် ကြက်သွန်နီသီးနှံမျိုးစုံ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် မြေပဲS1 လုံးဆံ တစ်တင်းလျှင် (၁၁၁၅၀၀)ကျပ်၊ ဆီဆံတစ်တင်းလျှင်(၁၀၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၉၀၀၀)ကျပ်၊  ဆီနေကြာတစ်တင်းလျှင် (၆၅၅၀၀) ကျပ်တို့ဖြင့် အ‌ရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက  ယခုလတွင် ဆီထွက်သီးနှံဈေးနှုန်းများအနေဖြင့် (၂၀၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်းသိရှိရသည်။  နေ့စဉ်အိတ်ရေ (၂၀၀-၃၀၀) အိတ်ခန့်အရောင်း အဝယ်ပြုလုပ်ကြကြောင်း၊ တင်ပို့မှုအနေဖြင့် လှိုင်သာယာမြို့၊ ရွှေပြည်သာမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြ ကြောင်းသိရှိရသည်။ အရောင်းအဝယ်ပြုလုပ်ရာတွင် ကုန်စည်ဒိုင်၏ စည်းမျဉ်း စည်ကမ်းများအတိုင်း အရောင်း အဝယ်ပြုလုပ်ကြကြောင်း ပွဲရုံလုပ်ကိုင်သူ တစ်ဦး ပြောပြချက်  အရသိရှိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ နှင်းပန်းဈေးနှုန်း

    နှင်းပန်းပင်သည် အသင့်အတင့်အကြမ်းခံနိုင်သည့် နှစ်ရှည်ခံဥပင်မျိုးဖြစ်သည်။ နှင်းပန်းဥ သည် ကြက်သွန်ဖြူဥကဲ့သို့ အကြေးရွက်များပါသည့်ဥ အမျိုးအစားဖြစ်ကာ ပင်စည်ကို အကြေးရွက် များဖြင့် ဖုံးအုပ်ထားပါသည်။ အမြစ်များသည် မြေပေါ်ပိုင်းတွင်ရှိနေပြီးမြေထဲသို့ နက်နက်ထိုးဆင်းမှု မရှိပါ။ ပန်းပွင့်များသည်အလွန်မွှေးပျံ့၍ စိတ်ကိုကြည်လင်လန်းဆန်းစေပြီး စိတ်ချမ်းမြေ့ မှုကို ရစေပါသည်။ ယခုလို မိုးဦးကျရာသီတွင် နှင်းပန်းဥများမှ ရိုးတံများထိုးထွက် လာပြီး ဖြစ်ပါသည်။ ဒီဇင်ဘာလတွင် မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေးနှင့်မြို့ပေါ်ရှိ ဘုရားစောင်းတန်း ပန်းအရောင်းဆိုင်များတွင် နှင်းပန်းများ စတင်ရောင်းချနေပြီဖြစ်ရာ နှင်းပန်း (၅)ခက်ပါတစ်စည်းလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နှင်းပန်းကို ဘုရားပန်းကပ်လှူရာတွင် လည်းကောင်း၊ အလှပန်းအိုးထိုးရာတွင်လည်းကောင်း၊ရနံ့ကလည်း မွှေးပျံ့နေသာကြောင့်  အသုံးပြုမှု များသဖြင့်  အရောင်းသွက်သောပန်းတစ်မျိုး ဖြစ်ကြောင်း ပန်းအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း