Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲပင်ပေါက်ဈေးနှုန်းဈေးကွက်

      ပဲပင်ပေါက်သည်စျေးသက်သာပြီးအလွယ်တကူ ဝယ်ယူရရှိနိုင်၍ ကျန်းမာရေးအတွက် အထောက်အကူများစွာပြုနိုင်သောအစားအစာတစ်ခုဖြစ်သည်။ ပဲပင်ပေါက်သည် အာဟာရဓါတ် ကြွယ်ဝပြီး ဗီတာမင်A,Cနှင့်သတ္တုဓါတ်များ ကြွယ်ဝစွာ ပါဝင်နေသောကြောင့်ခန္ဓာကိုယ်ကို ကိုယ်ခံ အားကောင်းစေပြီး ရောဂါပိုးကူးစက်မှုကို ထိရောက်စွာကာကွယ်ပေးနိုင်ပါသည်။  ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကိုကျန်းမာစေပြီ ဇိဝကမ္မလုပ်ငန်းစဉ်များကို အကောင်းဆုံးလည်ပတ်စေနိုင်ပါသည်။ ဗီတာမင်A ပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးပါသည်။

      ပဲပင်ပေါက် ကိုစီးပွားအဖြစ် ဖောက်၍ရောင်းချကြပြီး ပဲပင်ပေါက် ဖောက်ရာတွင် ပဲတီစိမ်း၊ မတ်ပဲတို့ကို အများဆုံးအသုံး ပြုကြသည်။ များသောအားဖြင့်ဇကာထဲတွင် ထည့်ဖောက်လေ့ရှိပြီး အပင်ပေါက်ချိန်သည် ၄ ရက်မှ ၅ ရက်ခန့်ကြာပါသည်။ ပဲစေ့များမှတဆင့်  အပင်ဖောက်၍ ရရှိလာသောအပင်များကို အထုပ်ငယ်များဖြင့် တစ်ထုပ်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် စည်ပင်သာယာဈေးကြီးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မင်းလှမြို့နယ်ပဲဈေးကွက်အခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ပဲဈေးကွက်အနေဖြင့် ဒီဇင်ဘာလ ပထမပတ်တွင် မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ၉၄၀၀၀ ကျပ်ရှိခဲ့ပြီး၊ဒီဇင်ဘာလ ဒုတိယပတ်တွင် မတ်ပဲ၂၀ပိဿာတစ်တင်းကို ၈၃၀၀၀ ကျပ်၊ပဲငပိ ၂၀ ပိဿာ တစ်တင်းလျှင် ၁၀၃၀၀၀ ကျပ်၊ စားတော်ပဲတစ်ပိဿာကို ၁၅၀၀၀ ကျပ်၊ပဲဖြူလေးတစ်ပြည်ကို ၇၀၀၀ ကျပ်၊ ကုလားပဲတစ်ပြည်ကို ၆၂၀၀ ကျပ်၊ပဲနီစေ့တစ်ပြည်လျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း  အရောင်း အဝယ် ဖြစ်နေကြောင်းပဲမျိုးစုံရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ်ဟင်းသီးဟင်းရွက်ဈေးနှုန်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် ရောင်းချနေသော ဟင်းသီး ဟင်းရွက်များမှာ မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှနေ့စဉ်လာရောက်ရောင်းချနေသည့်အပြင် ပုတီးကုန်း သဲကုန်း၊ ဝက်ပုတ်စသည့်မြို့နယ်များမှလည်း ကုန်များ(၁)ရက်ခြားမှာယူ၍ ရောင်းချ ကြကြောင်း သိရှိရပါသည်။ပဲတောင့်ရှည်အတောင့်(၁၀၀) (၁)စည်း လျှင် ၄၀၀၀ ကျပ်၊ ကြက်ဟင်း ခါးသီး(၁)လုံးလျှင် ၅၀၀ ကျပ်၊ခရမ်းချဉ်သီး(၁)ပိဿာလျှင် ၃၀၀၀ ကျပ်၊ပန်းဂေါ်ဖီ(၁) ထုပ်လျှင် ၃၀၀၀ ကျပ်၊ ပဲစောင်းခါးသီး ငါးတောင့်(၁) စည်းလျှင် ၅၀၀ ကျပ်၊ ချဉ်ပေါင်ရွက် (၁)စည်းလျှင် ၂၀၀ ကျပ်၊ နံနံပင်(၁)ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် ၅၀၀ ကျပ်၊ဖြင့် ရောင်းချ နေကြောင်း ဟင်းသီးဟင်းရွက် ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ပုသိမ်မြို့ နံနံပင်ဈေးကွက်

     မြန်မာပြည်တွင် အထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ ကိုလည်း ဟင်းခပ်မဆလာတွင်သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုတ်စုံတို့တွင်လည်း တွဲဖက်အသုံးပြုသည်။ နံနံပင်ကိုတို့စရာအဖြစ်လည်းစားသုံးကြသည်။ နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး နံနံမျိုးစေ့က အစေ့ပေါက်တာ ကြာပါသည် နံနံပင်စိုက်ပျိုးရာတွင်  နံနံမျိုးစေ့ကို အဝတ်စ သို့မဟုတ် ပလတ်စတစ်အိတ်လေးထဲ ထည့်ပြီး ဖန်ပုလင်းနဲ့ အသာအယာလှိမ့်ပေးပါ နံနံမျိုးစေ့ကို တစ်ည ရေစိမ်ပါ စိုက်မယ့်မြေကို ရေဝအောင် လောင်းထားပါပြီးမှစိုက်ပျိုးပေးရကြောင်းသိရပါသည်။

      ထို့ပြင် ဒီဇင်ဘာလ ပထမ ပတ်တွင် နံနံပင် (၁၀)သားလျှင် (၂၀၀၀၀)ကျပ်၊ အစီးသေးတစ်စီးလျှင် (၅၀၀)ကျပ် ရရှိကြောင်း ပုသိမ်မြို့၊မြို့မဈေးတွင် ဈေးသည်တစ်ဦးထံမှသိရသည်။

DOCA(ဧရာဝတီ)

မင်းလှမြို့နယ်ရှိ ကြက်ဥ/ဘဲဥဈေးနှုန်းများ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဒီဇင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော မြို့မဈေးအတွင်း နေ့စဉ်လက်လီရောင်းဝယ်နေသော ကြက်ဥ/ ဘဲဥဈေးနှုန်း များမှာ ကြက်ဥ (ကြီး)တစ်လုံးလျှင် (၅၀၀)ကျပ်၊အလတ်တစ်လုံးလျှင် (၄၂၀) ကျပ်၊အသေး  တစ်လုံး လျှင် (၃၈၀) ကျပ် တို့ဖြင့်အရောင်းဝယ်ဖြစ်လျက်ရှိနေပါသည်။

          ဘဲဥဈေးနှုန်းများမှာ(ကြီး) တစ်လုံးလျှင် ၇၀၀ ကျပ်၊အလတ်တစ်လုံးလျှင် ၆၅၀ ကျပ်၊အသေး တစ်လုံးလျှင် ၅၈၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။တစ်နေ့လျှင် ရောင်းအားအခြေအနေမှာ (၄၀၀၀) လုံးခန့်မှ(၄၂၀၀)လုံးထိ ရောင်းချရပါကြောင်း  ကြက်ဥ/ဘဲဥရောင်းချသူ လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ဈေးများအတွင်း၌ တွေ့ရသော ခဝဲသီးလေး များဈေးကောင်းရ

     တောင်ငူမြို့ မြို့မဈေးကြီး၊ ညောင်ပင်လေးဈေး၊ ဘုရင့်နောင်ဈေး၊ ဘုရားဈေး နှင့် ကရင်မဈေးများ တွင် ဆောင်းသီးနှံလေးများဖြစ်သည့် ဟင်းသီးဟင်းရွက်များ လာရောက်ရောင်းချရာ ခဝဲသီးများလည်း ဈေးကွက်အတွင်း၌ ဈေးနှုန်းအနည်းငယ်မြှင့်၍ရောင်းကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။

    ခဝဲသီးကို ဟင်းချိုချက်စားခြင်း၊ ကြော်စားခြင်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်များ ကြော်စားခြင်းများဖြင့် နှစ်သက်ရာ စားသုံးနိုင်သည်။ ထို့ပြင်ခဝဲသီးအခြောက်၏ အစေ့ကိုသွေး၍ မီး နှင့်     ပူအောင် ပြုလုပ်ပြီး အပြင်မှ လူးပေးပါက သွေးပွတ်ခြင်း၊ ခဝဲသီး အရွက်စိမ်းကို ရေပြောင်အောင်ဆေးပြီး အရည်ကို မျက်စိစွံခြင်း ကို ပျောက်ကင်းသည်ဟု လေ့လာသိရပါသည်။

    ခဝဲသီးဈေးနှုန်းများအနေဖြင့် ၄ တောင့် မှ ၅ တောင့်ပါ၁ စီး လျှင် ၅၀၀ ကျပ် ပေးရပြီး ၁၀ စီး နှင့် အထက်ဝယ်ယူပါက ဈေးနှုန်းမှာ အပြောင်းအလဲရှိကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ညောင်ပင်လေးဈေးအတွင်းရှိ ငှက်ပျောသီး နှင့် အုန်းသီးများ ဈေးကောင်းလျှက်ရှိ

    တောင်ငူမြို့ ညောင်ပင်လေးဈေးအတွင်းရှိ ငှက်ပျောဆိုင်များတွင် ငှက်ပျောသီးနှင့် အုန်းသီးများ ဈေးနှုန်းကောင်းလျှက်ရှိပြီး ရခိုင်ငှက်ပျောသီးများကို ဝါဝင်/ ဝါထွက် ၊ ဘုရားပွဲ ၊ နတ်ပွဲများ၊ အလှူမင်္ဂလာပွဲများတွင် အသုံးများသလို ဈေးနှုန်းမှာလည်းမြှင့်တက်လျှက်ရှိကြောင်း သိရပါသည်။ ရခိုင်ငှက်ပျောသီးကို အသီး အရွယ်အစားပေါ်မူတည်ပြီး ၁ ဖီးလျှင် ၁၅၀၀ ကျပ် ၊ ၂၀၀၀ ကျပ်၊ ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်ထိ ဈေးနှုန်းများအသီးသီးရှိပြီး၊ ဖီးကြမ်းငှက်ပျောသီး ၁ ဖီး လျှင် ၂၅၀၀ ကျပ်၊ ၃၀၀၀ ကျပ် ၊ ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ်ဈေးနှုန်းများဖြင့်ရောင်းချလျက်ရှိပါသည်။

   သီးမွှေးငှက်ပျောသီး ၁ ဖီးလျှင် ၂၅၀၀ ကျပ် မှ စပြီး ၃၀၀၀ ကျပ် ၊ ၄၀၀၀ ကျပ် မှ အလုံးအရေအတွက် နှင့် အဖီးပေါ်မူတည်ပြီး ၅၀၀၀ ကျပ်ထိဈေးရှိပြီး၊ ရွှေနီငှက်ပျောသီး ၁ ဖီး ၅၀၀၀ ကျပ် မှ စ၍ ၇၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် မှ ၁၅၀၀၀ ကျပ်၊ ပီးကင်းငှက်ပျောခွံစိမ်း ၁ ဖီးလျှင် ၅၀၀၀ ကျပ် ၊ ၆၅၀၀ ကျပ်၊ ၇၅၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ထိဈေးအသီးသီးရှိပြီး၊ အုန်းသီးခြောက် ၁ လုံး လျှင် ၂၀၀၀ ကျပ် မှ ၃၀၀၀ ကျပ် ၊ အုန်းသီးစိမ်း အုန်းရည်သောက် ၁ လုံးလျှင် ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ် ၊ အုန်းသီးကြွက်မြီး ဘုရားပွဲတင်သည့် အလုံး ၁ လုံးလျှင် ၃၅၀၀ ကျပ် ၊ ၄၀၀၀ ကျပ် မှ ၄၅၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီးရှိပြီး အုန်းပင်အပင်ပြတ် ဝယ်ယူရာတွင် သောင်းပြောင်း ၁ လုံးလျှင် ၂၀၀၀ ကျပ် ထိဈေးဖြင့်ပေးဝယ်ရကြောင်း ရောင်းချသည့် ဈေးသည်များထံ မှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ဈေးများတွင် ဆောင်းပြောင်းဖူးများ‌ ဈေးကောင်းရနေ

  တောင်ငူမြို့၏ ကုန်စိမ်းဈေးဖြစ်သည့် ညောင်ပင်လေးဈေးသို့ မြို့၏အနီးတဝိုက်ကျေးရွာများ ဖြစ်သော ရှမ်းဝတီး၊ ဗမာဝတီး ၊ ဒိုးသောင် ၊ ဇီးဖြူသောင် နှင့် အခြားကျေးရွာများမှ ထွက်ရှိသော ဆောင်းသီးနှံ တစ်မျိုးဖြစ်သည့် ပြောင်းဖူးများ ရောင်းချလျက်ရှိနေသည်။

    ပြောင်းဖူးကို ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ မီးကင်၍သော်လည်းကောင်း နှစ်သက်ရာ စားသုံးနိုင်သည့်အပြင် ယနေ့ခေတ် လူငယ်များကြိုက်နှစ်သက်သော အစားအစာဖြစ်သည့် မာလာ ရှမ်းကော ပြုလုပ်ရာတွင်လည်း ပြောင်းဖူးကိုအသုံးပြုလာကြသည်။  ပြောင်းဖူးသည် လူမျိုးဘာသာ မရွေးစားသုံးကြသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။

    ပြောင်းဖူးတွင် အဖြူ နှင့် အဝါ နှစ်မျိုးရှိပြီး အဖူးအရွယ်အစားအလိုက် ဈေးနှုန်းကွာလျှက်ရှိရာ ပြောင်းဖူး အဖြူ အကြီး ၁ ဖူးလျှင် ၇၅၀ ကျပ် ၊ ၁၀ ဖူး ၇၀၀၀ ကျပ် ၊ အသေး ၁ ဖူးလျှင် ၆၀၀ ကျပ် ၊ ၁၀ ဖူးကို ၅၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ပြောင်းဖူး အဝါ အကြီး ၁ ဖူး လျှင် ၈၀၀ ကျပ် ၊ ၁၀ ဖူး ၇၅၀၀ ကျပ် ၊ အသေး ၁ ဖူး ၇၅၀ ကျပ်၊ ၁၀ ဖူး ၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအသီးသီးရှိရာ အဖူး ၁၀၀ နှင့်အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပြီး၊ နေပြည်တော်၊ လယ်ဝေး နှင့် ပျဉ်းမနား ဘက်မှ ပြောင်းဖူးများ ပေါ်ပါက ဈေးနှုန်း လျော့သွားနိုင်ကြောင်း ရောင်းချသည့်ဈေးသည်များထံမှ မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ရောင်းချနေသော လိမ္မော်သီးများ ဈေးအနည်းငယ်ကျဆင်းလျှက်ရှိ

    တောင်ငူမြို့ရှိ ညောင်ပင်လေးဈေးအပါအဝင် အခြားဈေးများတွင် သစ်သီးဝလံမျိုးစုံကို အနယ် နယ်အရပ်ရပ်မှ မှာယူရောင်းချလျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်းဒေသဖြစ်သော ရှမ်းပြည်နယ် ဘက်မှ တင်သွင်း/ မှာယူ ရောင်းချလျက်ရှိသော လိမ္မော်သီးများသည် ယခင်လပေါ်ကာစတွင် ဈေးနှုန်းမြင့်သော်လည်း ယခုအခါ ဈေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။ ယခင်လတွင် လိမေ္မာ်သီးများ  အလုံး အသေး /အလတ်/ အကြီး ခွဲခြားပြီးရောင်းချရာ ဈေးနှုန်းကွာသလို အရသာမှာလည်း အနည်းငယ် ကွာခြားမှု ရှိပါသည်။

    လိမ္မော်သီးသည် အရည်ရွှမ်းပြီး ဗီတာမင်စီ အပြည့်အဝ ပါဝင်သည့်အတွက် အစာအိမ်နှင့် အူလမ်းကြောင်းကို များစွာအထောက်အကူပြုစေပြီး၊ လိမ္မော်အခွံလေးများကို နေလှန်း၍ ယိုများ ပြုလုပ်ရာတွင် အသုံးပြုကြပါသည်။ နိုဝင်ဘာလတွင် လိမ္မော်သီး အသေး ၁ ပိဿာလျှင် ၆၀၀၀ ကျပ်၊ အလတ် ၁ ပိဿာ လျှင် ၇၅၀၀ ကျပ် ၊ အကြီး ၁ ပိဿာလျှင် ၉၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီးရှိခဲ့ပြီး ယခုဒီဇင်ဘာလတွင် လိမ္မော်သီး အသေး ၁ ပိဿာလျှင် ၅၀၀၀ ကျပ်၊ အလတ် ၁ ပိဿာလျှင် ၇၀၀၀ ကျပ် ၊ အကြီး ၁ ပိဿာလျှင် ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီးရှိပြီး လိမ္မော်သီးများလှိုင်လှိုင်ပေါ်ပါက ဈေးနှုန်းမှာကျဆင်းလာနိုင်ကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ညောင်ပင်လေးဈေးတွင် ဟင်းသီးဟင်းရွက်များဈေးနှုန်းအတက်အကျရှိနေ

   တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် တောင်ငူမြို့နှင့်အနီးတဝိုက်ကျေးရွာများနှင့် အခြားဒေသ များမှ ဒေသထွက် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ ရောင်းချလျှက်ရှိရာ  နံနံပင် ဈေးနှုန်းမှာ  ယခင်လက ၁ ပိဿာလျှင် ၄၀၀၀၀ ကျပ် မှ ၅၀၀၀၀ကျပ် ထိဈေးနှုန်းမြင့်တက်ခဲ့သော်လည်း ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်း လာပါသည်။

 ကန်စွန်းရွက်မှာ ယခင်လ က ၁ စီးလျှင် ၂၅၀ ကျပ်၊ ၁၀ စီး ၂၃၀၀ ကျပ်သာ ဈေးရှိခဲ့သော်လည်း ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ စီးလျှင် ၃၅၀ ကျပ်၊  ၃ စီးလျှင် ၁၀၀၀ ကျပ် ၊ ၁၀ စီးလျှင် ၃၀၀၀ ကျပ်ထိ ဈေးနှုန်းမြှင့်တက်လာပြီး၊ ချဉ်ပေါင်ရွက် ၁ စီးလျှင်  ယခင်လက ၁၅၀ ကျပ်၊ ၁၀ စီး ၁၂၀၀ ကျပ် သာ ဈေးနှုန်းရှိခဲ့သော်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ စီးလျှင် ၂၅၀ ကျပ်၊ ၁၀ စီးလျှင် ၂၂၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိနေသည်။ မုံဂျင်းအဝါဖူးများသည်  ပေါ်ခါစတွင် ၇ညွှန့်မှ၈ညွှန့်ပါ ၁စီးလျှင် ၈၀၀ ကျပ် နှင့်  ၂ စီးလျှင် ၁၅၀၀ ကျပ်ထိ ဈေးနှုန်းရှိခဲ့သော်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ စီးလျှင် ၆၅၀ ကျပ်နှင့် ၁၀ စီးလျှင် ၆၀၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလာကြောင်း ရောင်းချသည့်ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း