Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဆန်အဓိကဝယ်ယူသူ ဖိလစ်ပိုင်အနေဖြင့် ၂၀၂၇ တွင် ဖူလုံစေရေး ရည်မှန်းဆောင်ရွက်

တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယ ဆန်အများဆုံးဝယ်ယူသည့် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် ကောက်ပဲသီးနှံထုတ်လုပ်မှုအား အပြည့်အဝဖူလုံရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက အင်္ဂါနေ့ (ဧပြီ ၁၈)တွင် ပြောကြားခဲ့သည်။

မှားယွင်းသည့် မူဝါဒများနှင့် ဆိုးရွားသောရာသီဥတုဒဏ်တို့ကြောင့် ပြည်တွင်းကုန်ထုတ် စွမ်းအား လျော့နည်းခဲ့သဖြင့် ယခင်အစိုးရများလက်ထက်တွင် ရည်မှန်းချက်အောင်မြင်ရန် ပျက် ကွက်ခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက အဆိုပါကတိကဝတ် ပြုခဲ့ခြင်းဖြစ်သည်။ လက်ရှိကာလတွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်းဆန်ဖူလုံမှု မြှင့်တင်ရန်နှင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် နှစ်စဉ် ဆန်တန်ချိန် ၃ သန်းကျော်ကို ဗီယက်နမ်နိုင်ငံထံမှ အဓိက ဝယ်ယူတင်သွင်းလျက်ရှိသည်။

သမ္မတဖာဒီနန်မာကို့စ်ဂျူနီယာ၏ အစိုးရအဖွဲ့သည် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးအပါအဝင် ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ ထုတ်လုပ်မှုမြှင့်တင်ရန်အတွက် ပြန်လည်မွမ်းမံထားသော ငါးနှစ်စီမံကိန်းတွင် မဟာဗျူဟာများ ထည့်သွင်းရေးဆွဲခဲ့ကြသည်။ သမ္မတ၏ ခြောက်နှစ်သက်တမ်းမကုန်ဆုံးမီ တစ်နှစ်အလို သို့မဟုတ် ၂၀၂၇ ခုနှစ်တွင် ဆန်အပြည့်အဝ ဖူလုံရန် ကြိုးပမ်းနေကြောင်း စိုက်ပျိုးရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအစီအစဉ်အရ ပြည်တွင်း၌ နှစ်စဉ်ဆန်စိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၂၄.၉၉ သန်း မှ ၂၆.၈၆ သန်းအတွင်း တည်ငြိမ်လျက်ရှိပြီး အစိုးရအနေဖြင့် နှစ်စဉ် ဆန်ဈေးနှုန်းများ  ၁% အောက်သာ မြင့်တက်မှုရှိစေရန်၊ တောင်သူများ၏ ဝင်ငွေ ၅၄% တိုးလာရန်နှင့် လုံလောက်သော အရန်ရိက္ခာ သိုလှောင်ထားရှိရန် ရည်မှန်းထားခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းဆန်ဖူလုံမှုမှာ လုံလောက်မှုရှိပါကြောင်း၊ ပြင်းထန်ခြောက်သွေ့သောရာသီဥတုဖြစ်ပေါ်နိုင်သည့် အယ်နီညိုရာသီဥတုဖြစ်စဉ်နှင့်ပတ်သက်၍ စိုးရိမ်မှုများကိုလျော့ပါးစေရန် ကြိုးပမ်းနေကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစားအစာကုန်ကျစရိတ်များကြောင့် ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်းကို ရင်ဆိုင်နေရသည့် ဖိလစ်ပိုင်အစိုးရအနေဖြင့် ဆန်ရရှိမှုကို အဟန့်အတားမဖြစ်စေနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ ဆန်စပါးသိုလှောင်ရေးအေဂျင်စီဖြစ်သည့် အမျိုးသားစားနပ်ရိက္ခာ အာဏာပိုင်အနေဖြင့် အရန်ဆန်သိုလှောင်မှုပမာဏတွင် လိုအပ်ချက်ဖြစ်ပေါ်နေမှုကို ကာမိစေရန်အတွက် ဆန်တန်ချိန် ၃၃၀၀၀၀ တင်သွင်းရန် အဆိုပြုထားကြောင်း၊ သို့ရာတွင် သမ္မတမာကို့စ်အနေဖြင့် အဆိုပါအဆိုပြုချက်ကို အတည်ပြုခြင်း မရှိသေးကြောင်းဖြင့် ရိုက်တာသတင်းကို ကိုးကားလျက် မလေးရှား The Star သတင်းဌာနက ဖော်ပြပါသည်။

Source: The Star, 18 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရန်ရိက္ခာ ဆန်တန်ချိန် ၃ သိန်းကျော် တင်သွင်းရန် ဖိလစ်ပိုင်စားနပ်ရိက္ခာ‌‌အေဂျင်စီက အဆိုပြု

      ဖိလစ်ပိုင်နိုင်ငံ၌ မြင့်တက်လျက်ရှိသော ငွေကြေးဖောင်းပွမှုဖိအားများအား ကန့်သတ်ရန်နှင့် အဓိကစားသုံးသော ကောက်ပဲသီးနှံများ၏ ကုန်ကျစရိတ်ကို ထိန်းသိမ်းရန်တို့အတွက် အစိုးရက  နည်းလမ်းများ ရှာဖွေလျက်ရှိရာ အရန်စားနပ်ရိက္ခာ လျော့ပါးနိုင်ချေရှိမှုကို ဖြည့်ဆည်းနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ပမှ ဆန်တန်ချိန် ၃၃၀၀၀၀ အား တင်သွင်းရန် ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) က အဆိုပြုထားကြောင်း သိရှိရသည်။

        ဖိလစ်ပိုင်အစိုးရက ၁၄-၄-၂၀၂၃ နေ့ သတင်းထုတ်ပြန်ရာတွင် အရေးပေါ်အခြေအနေ၌ ထောက်ပံ့ပေးနိုင်ရန်အတွက် အမျိုးသားစားနပ်ရိက္ခာအေဂျင်စီအနေဖြင့် အရန်ရိက္ခာဆန်ကို ဖြည့်ဆည်းရန် လိုအပ်လျက်ရှိကြောင်း၊ သို့သော် ဒေသခံ လယ်သမားများထံမှ ဝယ်ယူစုဆောင်းပါက ပြည်တွင်းဆန်ဈေးနှုန်းများကို ပိုမိုမြင့်တက်အောင် တွန်းအားပေးမှုဖြစ်ပေါ်စေနိုင်ကြောင်း၊ ယခုနှစ်ကုန်ပိုင်း၌ ကျန်ရှိနိုင်မည့် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်ခန့်မှန်းချက်မှာ တန်ချိန် ၁.၆၉ သန်း ခန့်ရှိပြီး ၄၅ ရက်တာအတွက် အရန်ရိက္ခာပမာဏနှင့်ညီမျှကြောင်း၊ ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး စံသတ်မှတ်ထားရှိသည့် ရက် ၉၀ အတွက် ရိက္ခာဆန်ပမာဏ၏ တစ်ဝက်မျှသာဖြစ်ကြောင်း ဖော်ပြခဲ့သည်။

       အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ ဖိလစ်ပိုင်ပြည်တွင်း၌ ဆန်ဈေးနှုန်းများမှာ တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး ဈေးအသက်သာဆုံး ဆန်အတန်းအစားသည်ပင်လျှင် ယခုနှစ်စပိုင်း၌ ၁ ကီလိုဂရမ်လျှင် ပီဆိုငွေ ၃၅ မှ ၃၈ အကြားရှိရာမှ ယခုအခါ ၃၆ ပီဆိုမှ ၄၄ ပီဆို ဈေးနှုန်း (ဒေါ်လာ ၀.၆၅ မှ ၀.၈၀ အထိ) ဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့ရှိရသည်။ ငွေကြေး ဖောင်းပွမှုမှာ မတ်လတွင် ၇.၆% သို့ ကျဆင်းခဲ့သော်လည်း တရားဝင်လျာထားချက်ဖြစ်သည့် ၂% မှ ၄% အတွင်း တည်ရှိရန်မှာ အလှမ်းကွာဝေးဆဲဖြစ်သည်။ သို့ဖြစ်ရာ ဖိလစ်ပိုင်ဗဟိုဘဏ်က အတိုးနှုန်းများ မြှင့်တင်မှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြောကြားချိန်၌ ဈေးနှုန်းဖိအားများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အစိုးရသည် ငွေကြေးထိန်းချုပ်မှု မဟုတ်သော စီမံဆောင်ရွက်မှုနည်းလမ်းများကို ရှာဖွေလျက်ရှိသည်။

      စိုက်ပျိုးရေးအတွင်းဝန် တာဝန်များကို ပူးတွဲဆောင်ရွက်လျက်ရှိသည့် သမ္မတ ဖာဒီနန်မာကို့စ်ဂျူနီယာက အစိုးရအနေဖြင့် ဆန်ဈေးနှုန်းများကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန် နည်းလမ်းများအားလုံးကို ရှာဖွေလုပ်ဆောင်လျက်ရှိကြောင်း၊ လက်ရှိကာလ၌ လွန်စွာနည်းပါးလျက်ရှိသော NFA ၏ အရန်ဆန်ထားရှိမှုကို မြှင့်တင်နိုင်ရေးအတွက် ပြည်ပမှတင်သွင်းရန် လိုအပ်ပါက အစီအမံများ ချမှတ်လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောဆိုပါသည်။

        ဖိလစ်ပိုင်နိုင်ငံ၌ ပြည်ပမှဆန်တင်သွင်းခြင်းကို ပုဂ္ဂလိကကုန်သည်များသို့သာ ခွင့်ပြုထားကြောင်း၊ အရေးပေါ်စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းရန်အတွက်သာ လုပ်ပိုင်ခွင့်ကန့်သတ်ခံထားရသည့် အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) သည် အစိုးရချင်းညှိနှိုင်းစီစဉ်မှု (G to G) စနစ်ဖြင့် အရန်ဆန် ဝယ်ယူတင်သွင်းရန် မျှော်လင့်လျက်ရှိကြောင်း၊ ဥပဒေအရ နိုင်ငံတော်သမ္မတရုံး သို့မဟုတ် ၎င်း၏ အခွင့်အာဏာအပ်နှင်းခြင်းခံရသော အေဂျင်စီတစ်ရပ်ရပ်သည် NFA ၏ အရန် ရိက္ခာဆန် စုဆောင်းမှုအတွက် ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်ကြောင်း သိရှိရသည်။

Source: Bangkok Post, 14 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့ )

မျိုးစပါးတင်ပို့မှုအပေါ် ကောက်ခံသည့် ပို့ကုန်အခွန်အား အိန္ဒိယအစိုးရက ပယ်ဖျက်

      အိန္ဒိယနိုင်ငံ၌ မျိုးစေ့အရည်အသွေးရှိသော အခွံပါစပါးများ (HS Code 10061010) ပြည်ပ သို့တင်ပို့ခြင်းအပေါ် ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားရှိမှုအား ပယ်ဖျက်သည့် အကောက်ခွန်ဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၂၃ ကို ၁၀-၄-၂၀၂၃ နေ့တွင်  အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

      အိန္ဒိယဗဟိုအစိုးရသည် ပြည်တွင်းဈေးကွက်တွင် ဆန်စပါးလုံလောက်မှုရှိစေရန်နှင့် ဆန်ဈေးနှုန်းများကို လျှော့ချနိုင်ရန်အတွက် အခွံပါစပါးများ၊ အခွံချွတ်ပြီး ဆန်လုံးညိုများနှင့် တစ်ပိုင်းတစ်စ ကြိတ်ခွဲပြီး သို့မဟုတ် အပြည့်အဝကြိတ်ခွဲပြီး ဆန်များအား ပြည်ပသို့တင်ပို့ရာတွင် ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်းကောက်ခံရန် ၂၀၂၂ ခုနှစ် စက်တင်ဘာလ၌ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်လက်ကျန်အခြေအနေကို ပြန်လည်သုံးသပ်ပြီးနောက် ပြည်ပသို့ မျိုးစပါးတင်ပို့မှုအပေါ် အခွန်ကောက်ခံမှုကို ပယ်ဖျက်ပေးခြင်းဖြစ်သည်ဟု အစိုးရဌာနဆိုင်ရာအရာရှိများက ပြောဆိုကြောင်း၊ ယခုကဲ့သို့ ဖြေလျော့ပေးမှုသည် ၁၁-၄-၂၀၂၃ နေ့မှ စတင်သက်ရောက်မည်ဖြစ်ကြောင်း Economic Times သတင်းဌာနက ဖော်ပြထားသည်။

Source: Economic Times, 11 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့ )

ယူကရိန်းနိုင်ငံမှ သကြားတင်ပို့မှု ၅ဆ ခန့်တိုးမြင့်လာခြင်း

        လက်ရှိသကြားရောင်းဝယ်လျက်ရှိသည့်  (၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ) ယူကရိန်းနိုင်ငံမှ သကြားတင်ပို့မှုမှာ ယခင်နှစ်က တင်ပို့ခဲ့သော တန်ချိန် ၂၆၅၀၀၀ ထက် ၄.၈ ဆ တိုးမြှင့်၍ တင်ပို့မည်ဖြစ်ကြောင်း သိရှိရပါသည်။

        Ukrtsukor အဖွဲ့ဥက္ကဋ္ဌ Nazar Mykhailovyn ၏ ပြောကြားချက်အရ ရုရှား-ယူကရိန်း စစ်ပွဲအစတွင် သကြားတင်ပို့မှုကို တားမြစ်ထားပြီး အစိုးရအဖွဲ့က ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ စတင်၍ တင်ပို့ခွင့်ပြုခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် သကြားတန်ချိန် ၅၅ဝဝဝ ကို တင်ပို့ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ တင်ပို့မှုတင်ချိန်မှာ ၂၆၅၀၀၀ အထိ တိုးမြင့်လာခဲ့ကြောင်း၊ ယခုအခါ ယူကရိန်းနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ သကြားတင်ပို့ရာတွင် အကောက်အခွန်များ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် မိုးခေါင်ရေရှား ကပ်ဆိုက်မှုကြောင့် ဥရောပသမဂ္ဂနိုင်ငံများ၏ သကြားအထွက်နှုန်းသည် ယူကရိန်းနိုင်ငံထက် အထွက်နှုန်းလွန်စွာကျဆင်းခဲ့သည့်အတွက်  သကြားဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံအနေဖြင့် တိုက်ပွဲများဖြစ်ပွားခြင်းနှင့် ဆိပ်ကမ်းမြို့များ မရှိခြင်းတို့ကြောင့် ယခုအခါ ဥရောပဈေးကွက်တွင် သကြားများရောင်းချရန် စီစဉ်လျက်ရှိကြောင်း၊ အစိုးရ၏အကူအညီဖြင့် ရထားလမ်းမှတစ်ဆင့် တင်ပို့သွားမည်ဖြစ် ကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံအနေဖြင့် သကြားတန်ချိန် ၁.၃၃ သန်းအထိ ထုတ်လုပ်နိုင်ခဲ့၍ ၂၀၂၁ ခုနှစ်ထက် တန်ချိန် ၁၂၀၀၀၀ လျော့နည်းခဲ့ကြောင်း သိရှိရပါသည်။

Source : Chinimandi , 5 April 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

 

တရုတ်နိုင်ငံသို့ အိန္ဒိယ၏ပဲမျိုးစုံတင်ပို့မှု ပထမဆုံးအကြိမ် ဒေါ်လာသန်း ၁၀၀ ကျော် ရောက်ရှိ

        တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များမှစ၍ အိန္ဒိယနိုင်ငံမှ မြေထောက်ပဲနှင့် ကုလားပဲ ကဲ့သို့သော ပဲများကို အရှိန်အဟုန်မြှင့်ဝယ်ယူခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယထံမှ ပဲမျိုးစုံ ကို အများဆုံးဝယ်ယူသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး တန်ဖိုးအားဖြင့် ယူအေအီးနိုင်ငံ၏ ဝယ်ယူမှုထက် ပိုမိုလျက် ပထမဆုံးအကြိမ်ဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခဲ့ပါသည်။

       အိန္ဒိယလယ်ယာထွက်ကုန်ပြည်ပတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) ၏ အချက်အလက်များအရ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဇန်နဝါရီလအထိ  အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံ သို့ ပဲမျိုးစုံတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၀၂.၄၁ သန်းရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၈၉.၀၃ သန်းကျော်ရှိသဖြင့် ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၇၆ သန်းအထိ တိုးတက်လာခဲ့ပြီး ယခင်ဘဏ္ဍာနှစ်တွင်  အမေရိကန်ဒေါ်လာ ၃၇၉ သန်းဖြစ်၍ ၂၅ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့သည်။

       ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ပိုင်းကာလများတွင် တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ ပဲမျိုးစုံ ပမာဏ အများအပြားဝယ်ယူလာခဲ့ရာ လေးနှစ်တာကာလအတွင်း ပဲမျိုးစုံတင်ပို့မှု ပမာဏ (၅) ဆ ခန့်၊ တန်ဖိုးအားဖြင့် (၃) ဆခန့် ပိုမိုလာခဲ့ပါသည်။

       လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံသည် ပဲမျိုးစုံ ပိုမိုစားသုံးလာခဲ့ပြီး  တရုတ်လူမျိုးများ၏ စားသောက်မှုနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲလာမှုကြောင့် တစ်နှစ်ထက်တစ်နှစ် ပဲစားသုံးမှုများလာကြောင်း၊ တရုတ်နိုင်ငံသည် ယခင်က အိန္ဒိယနိုင်ငံသို့ ဖြူနီကြား မြေထောက်ပဲ (light-speckled kidney beans) ကို တင်ပို့ခဲ့ရာမှ ယခုအခါ တင်သွင်းသည့်နိုင်ငံအဖြစ်သို့ ပြောင်းလဲလာကြောင်း၊ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဖြူနီကြားမြေထောက်ပဲကို တရုတ်နိုင်ငံသို့ အိန္ဒိယနိုင်ငံမှ တင်ပို့ခဲ့သော်လည်း တချိန်တည်းတွင် အိန္ဒိယသည် ပြည်တွင်း မြေထောက်ပဲလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဘရာဇီးနိုင်ငံထံမှ ဝယ်ယူမှုလည်းရှိကြောင်း Mayur Global Corporation ၏ ဒုတိယဥက္ကဋ္ဌ Ms. Harsha Rai က ပြောဆိုပါသည်။

     ထို့အပြင် အစောပိုင်းတွင် တူရကီနိုင်ငံထံမှ ဝယ်ယူလေ့ရှိသော်လည်း တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ  Kabuli Chana ခေါ် ကုလားပဲဖြူကို အရှိန်မြင့်ဝယ်ယူခဲ့ကြောင်း၊ ကာနာတကာ ပြည်နယ်ရှိ Mysore ဒေသတွင် စိုက်ပျိုးထားသော ဘိုကိတ်ပဲများမှာ Covid-19 ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ပဲတီစိမ်းအပါအဝင် ပဲမျိုးစုံကို ဝယ်ယူလျက်ရှိကြောင်း  Ms. Rai ကပြောကြားသည်။ APEDA ၏ ဥက္ကဋ္ဌ Mr. M Angamuthu ကလည်း တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံ တင်သွင်းခွန် လျော့နည်းကြောင်း ပြောဆိုပါသည်။

      အိန္ဒိယနိုင်ငံ၌ ပဲမျိုးစုံထွက်ရှိမှုသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း  ဆက်တိုက် တိုး တက်လာခဲ့ပြီး အခြားသောပဲများ တင်ပို့မှုကို အထောက်အကူဖြစ်ခဲ့ကြောင်း၊ အိန္ဒိယ၏ ပဲမျိုးစုံ ထုတ်လုပ်မှုမှာ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် တန်ချိန် ၁၈.၃ သန်းဝန်းကျင်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၇.၈၁ သန်း ဝန်းကျင်ထိ မြင့်တက်လာခဲ့ကြောင်း၊ သို့ရာတွင် ရာသီဥတုအခြေအနေ ကြောင့် ပဲစဉ်းငုံနှင့်  မတ်ပဲ ကဲ့သို့သော ပဲမျိုးစုံထွက်ရှိမှုမှာ လျော့နည်းခဲ့သဖြင့် အိန္ဒိယအစိုးရက အဆိုပါပဲများကို ၂၀၂၄ ခုနှစ်၊ မတ်လအထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုထားကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 3 April 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ၌ နေကြာသီးနှံ စိုက်ပျိုးရေး အစိုးရကတွန်းအားပေးဆောင်ရွက်

      ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တောင်သူများစွာသည် နေကြာကို ဝင်ငွေရအကောင်းဆုံးသီးနှံအဖြစ်လည်းကောင်း၊ စားအုန်းဆီ သို့မဟုတ် ပဲပုတ်ဆီတို့၏ နေရာ၌ နေကြာဆီကို အစားထိုးအသုံးပြုနိုင်ကြောင်း သိမြင်မှုများ တိုးပွားလာ၍လည်းကောင်း  နိုင်ငံအနှံ့အပြားတွင် နေကြာသီးနှံကို စိုက်ပျိုးလာကြကြောင်း သိရပါသည်။

        ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်တောင်ပိုင်းရှိ Bagerhat ခရိုင်၊ Fakirhat စီရင်စုတွင် မြေလပ် ဧရိယာ ၁၅၀ ဟက်တာအထိ နေကြာသီးနှံ စိုက်ပျိုးမှုရှိလာသဖြင့် Upazila ခေါ် စီရင်စုနယ်မြေ ဒေသများ၌ အလုပ်အကိုင်များ ဖန်တီးနိုင်ကြောင်း၊ တောင်သူများအနေဖြင့် အထွက်နှုန်းမြင့်မားမှုနှင့် အကျိုးအမြတ်များစွာရရှိမှုအပေါ် မူတည်၍ နေကြာသီးနှံအား ပိုမိုရွေးချယ် စိုက်ပျိုးလာခြင်း ဖြစ်သည်ဟု အဆိုပါခရိုင်ရှိ စိုက်ပျိုးရေးပညာပေးဌာနက ပြောဆိုကြောင်း၊ ထို့အပြင် တောင်သူ ၁၀၃၀ ဦးသည် အစိုးရ၏ ဆွဲဆောင်မက်လုံးပေးမှုများကြောင့် မြေဧရိယာ ၁၃၇ ဟက်တာတွင် နေကြာသီးနှံကို စိုက်ပျိုးကြခြင်းဖြစ်ပြီး ယခုနှစ်တွင် အထွက်နှုန်း တိုးတက်ရရှိခဲ့သည်ဟု  စီရင်စုနယ်မြေစိုက်ပျိုးရေးရုံးမှ အရာရှိများ ပြောကြားကြောင်းဖြင့် Dhaka Tribune သတင်းဌာနက ဖော်ပြပါသည်။

          တောင်သူများ၏ ပြောကြားချက်အနေဖြင့် နေကြာစိုက်ပျိုးထားသည့် စိမ်းဝါရောင်လယ်ကွင်းကြီး၏ သဘာဝအလှအပများကို ကြည့်ရှုခံစားရန် လာရောက်လည်ပတ်သူများရှိကြောင်း၊ ရာသီဥတုကောင်းမွန်မည်ဆိုပါက လာမည့်နှစ် နေကြာကြိတ်ခွဲရာသီတွင် အထွက်နှုန်းများပြား လာမည်ဖြစ်ကြောင်း၊ ဆက်လက်အသုံးပြုခြင်းမရှိတော့သည့် မြေလပ်များတွင် နေကြာစိုက်ပျိုးမှု အောင်မြင်ကြောင်း၊ ကျန်းမာရေးနှင့် ဈေးနှုန်းအရ အသင့်တော်ဆုံးဖြစ်သည့် စားသုံးဆီဖြစ်သောကြောင့် နေကြာကို တိုးချဲ့စိုက်ပျိုးရန် စီစဉ်လျက်ရှိကြကြောင်း သိရှိရပါသည်။

         ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများအပေါ် မှီခိုရမှုအား လျှော့ချနိုင်ရန် ရည်ရွယ်၍ တောင်သူများသို့ အမျိုးမျိုးသော ဆွဲဆောင်မက်လုံးပေးမှုများဖြင့် နေကြာစိုက်ပျိုးမှု တိုးတက်များပြားလာစေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မျိုးစေ့များနှင့်မြေဩဇာများ ဖြန့်ဝေပေးခြင်း၊ နေကြာစိုက်ပျိုးမှု နည်း ပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့် Khulna ဒေသရှိ စိုက်ပျိုးရေးပညာပေးဌာန၏ တွဲဖက်ညွှန်ကြားရေးမှူး Mr. Mohon Kumar Ghosh က ပြောဆိုပါသည်။ 

Source: Dhaka Tribune, April 1, 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗြိတိန်နိုင်ငံ၏ ဘာစမာတီး ဆန်အတွက် ကုန်သွယ်မှု စည်းမျဉ်းသစ်ထုတ်ပြန်မှုအား လုပ်ငန်းရှင် များသို့ ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်

      အိန္ဒိယနိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်သောစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့အစည်းသည် အိန္ဒိယနိုင်ငံရှိ ဆန်တင်ပို့သူများအသင်း၊ အဓိကဆန်တင်ပို့သူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်များအား ဗြိတိန်နိုင်ငံ၏ဘာစမာတီးဆန်နှင့်စပ်လျဉ်းသည့် စည်းမျဉ်းသစ်ထုတ်ပြန်မှုနှင့်အိန္ဒိယနိုင်ငံ၏ ဘာစမာတီး ပို့ကုန်အပေါ် ရေတိုနှင့်ရေရှည်ကာလအကျိုးသက်ရောက်မှုအပေါ် အကဲဖြတ်သွားနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါစည်းမျဉ်းသစ်အား ဗြိတိန်နိုင်ငံလက်လီအသင်း နှင့် ဆန်အသင်းအဖွဲ့တို့မှ စတင်၍  အဆိုပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

     စည်းမျဉ်းသစ်ကို ဥရောပ ဆန်ကြိတ်ခွဲထုတ်လုပ်သူများအသင်း၊ အိန္ဒိယနိုင်ငံအဓိကဆန် တင်ပို့သူများအသင်းနှင့် ပါကစ္စတန်ဆန်တင်ပို့သူများအသင်းတို့အကြား ဆွေးနွေးတိုင်ပင်၍  ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ထုတ်ပြန်ရခြင်း၏ရည်ရွယ်ချက်မှာ အဖွဲ့ဝင်များအကြား ဆန်တင် သွင်းမှု၊ ပြုပြင်ထုတ်လုပ်မှုနှင့်ပြင်ဆင်မှု၊ ထုပ်ပိုးမှုနှင့် ဈေးကွက်ရှာဖွေမှုကိစ္စများအပေါ် စိတ်ပါဝင် စားမှု တိုးမြှင့်နိုင်ရန်အတွက် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ အဆိုပါစည်းမျဉ်းသစ်အရ ဗြိတိန် နိုင်ငံတွင် ရောင်းချသောဘာစမာတီးဆန်များသည် ကုန်အညွှန်းအမှတ်အသားပါရှိရမည်ဖြစ်ပြီး စည်းမျဉ်းသစ်ကို မိမိသဘောဆန္ဒအလျောက် လိုက်နာဆောင်ရွက်နိုင်ကြောင်း၊ စည်းမျဉ်းသစ်ကို လိုက်နာနိုင်မှုမရှိပါက အနိမ့်ဆုံးလိုအပ်ချက်အဖြစ် ဘာစမာတီးဆန်သည် အစစ်အမှန်ဖြစ်ရမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

      စည်းမျဉ်းသစ်တွင် အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံအာဏာပိုင်များမှ လက်ရှိကာလတွင် သဘောတူခွင့်ပြုထားသည့် ဘာစမာတီးဆန် အမျိုးအစားများပါဝင်ပြီး အသစ်ထုတ်ပြန်ကြေညာထားသော ဘာစမာတီးဆန်အမျိုးအစားများလည်းပါဝင်ကြောင်းနှင့် အိန္ဒိယနိုင်ငံမျိုးစေ့အက် ဥပဒေ ၁၉၉၆ အရ ထုတ်ပြန်ကြေညာထားသည့် နာမည်ကျော်ကြားသော ဘာစမာတီးဆန်အမျိုး အစားအများစုပါဝင်ကြောင်း သိရှိရပါသည်။ စည်းမျဉ်းသစ်တွင် အိန္ဒိယနိုင်ငံတွင် စိုက်ပျိုးသော ဘာစမာတီးဆန်အမျိုးအစား ၅ မျိုးအနက် ၄ မျိုးကို ပယ်ဖျက်ခဲ့သော်လည်း ပယ်ဖျက်ခဲ့သော အမျိုးအစားများမှာ စိုက်ပျိုးခြင်းမရှိတော့သဖြင့် အိန္ဒိယနိုင်ငံ၏ပို့ကုန်ကို အကျိုးသက်ရောက်နိုင် မည်မဟုတ်ကြောင်း၊ သို့ရာတွင် ပယ်ဖျက်ခဲ့သောစာရင်း၌ အိန္ဒိယနိုင်ငံတွင် အသိအမှတ်ပြု ထုတ်ပြန်ကြေညာထားခြင်းမရှိသော ပန်ဂျပ်ဘာစမာတီးဆန်ပါဝင်နေမှုမှာ မှားယွင်းမှုတစ်ခုဖြစ် ကြောင်း၊ အိန္ဒိယနိုင်ငံတွင် အသိအမှတ်ပြုထုတ်ပြန်ကြေညာထားသော ပန်ဂျပ် ဘာစမာတီး ဆန်များမှာ ဆန်အမျိုးအမည်ရှေ့တွင် ပန်ဂျပ်ဘာစမာတီးဆန် ၁၊ ၂၊ ၃ ဟူ၍ အမျိုး အစားများ ခွဲခြားထားသဖြင့် အိန္ဒိယနိုင်ငံ၏ဘာစမာတီးဆန်တင်ပို့မှုကို အကျိုးသက်ရောက်မည် မဟုတ်ကြောင်း သိရှိရပါသည်။

      အိန္ဒိယနိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်သောစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့အစည်း၏ စည်းမျဉ်းသစ်သည် အစားအသောက်စံချိန်စံညွှန်း အဖွဲ့အစည်းမှ ၂ဝဝ၃ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ဝေခဲ့သည့် စာတမ်းတွင်ပါရှိသည့် “အင်ဒို ဂန်ဂျက်တစ်လွင်ပြင်ဒေသများ” ကို ရည်ညွှန်းထားကြောင်း၊ မိမိတို့အဖွဲ့အစည်းအနေဖြင့် ဗြိတိန် နိုင်ငံတွင် ဘာစမာတီးဆန်ပထဝီအညွှန်းအမှတ်အသားကို မှတ်ပုံတင်ထားကြောင်း ပြောကြားခဲ့ ပါသည်။ အိန္ဒိယနိုင်ငံအစားအသောက်လုံခြုံစိတ်ချရမှုနှင့် စံချိန်စံညွှန်းအာဏာပိုင်အဖွဲ့အစည်းသည် DNA လက်ဗွေ (fingerprint) ဖြင့် ဆန်သန့်စင်မှုအတွက် လိုအပ်ချက်ကို သတ်မှတ်သည့် စနစ်တစ်ရပ်ကိုလည်း မကြာမီအကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဟု သိရှိရပါသည်။

Source: The Hindu Business Line, 3 April 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်တန်ချိန် ၂ သန်း တင်သွင်းမည့် အင်ဒိုနီးရှားဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ပြင်ဆင်ရန် ဗီယက်နမ်နိုင်ငံအစိုးရက ကုန်သည်များသို့ တိုက်တွန်း

         အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၂ သန်းကို ပြည်ပမှ တင်သွင်းရန် စီစဉ်လျက်ရှိရာ ဗီယက်နမ်ဆန်ကုန်သည်များအနေဖြင့် နိုင်ငံတကာဈေးကွက် အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ဖြစ်ပေါ်လာသည့်အခွင့်အလမ်းကို ရယူနိုင်ရေးလိုအပ်သော အစီအမံများ ပြင်ဆင်ဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားပါသည်။

      အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် ၎င်း၏အရန်ရိက္ခာဆန်ကို ယခင်နှစ်၌ တန်ချိန် ၁.၂ သန်းထားရှိရာမှ ယခုနှစ်တွင်နှစ်ဆတိုးလျက် တန်ချိန် ၂.၄ သန်းအထိ စုဆောင်းထားရှိမည်ဖြစ်ရာ ၎င်းပမာဏ၏ ၇၀ ရာခိုင်နှုန်းအား ဖေဖော်ဝါရီလမှ ဧပြီလအထိ သီးနှံရာသီကာလ စိုက်ပျိုးထွက်ရှိမှုမှ ဝယ်ယူမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အဆိုပါသီးနှံရာသီ၌ စပါးတန်ချိန် ၂၃.၈၂ သန်း (ဆန်တန်ချိန် ၁၃.၇၉ သန်း) ထွက်ရှိမည်ဟုခန့်မှန်းရပြီး ယခင်နှစ်ကထက် ၀.၅၆ ရာခိုင်နှုန်း ခန့်တိုးတက်မည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းစပါးတန်ချိန် ၅၄.၅ သန်း တစ်နည်းအားဖြင့် ဆန်တန်ချိန် ၃၂.၀၇ သန်းကို စိုက်ပျိုးထုတ်လုပ်ရန်လျာထား ကြောင်း၊ သို့ရာတွင် အယ်လ်နီညိုဖြစ်စဉ် (El Nino) ကြောင့် ရှေ့လာမည့် မေ-ဇူလိုင် သီးနှံရာသီ တွင် မိုးခေါင်ခြောက်သွေ့မှုနှင့်ကြုံတွေ့ရနိုင်ပြီး ဇူလိုင်-ဩဂုတ်လများ၌ ရိတ်သိမ်းထွက်ရှိမှုအပေါ် သက်ရောက်ဖွယ်ရှိသည်ဟု အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရှိရသည်။

         အင်ဒိုနီးရှားနိုင်ငံအစိုးရ၏ စာရင်းအင်းအချက်အလက်များအရ လက်ရှိကာလသည် သီးနှံ များ ရိတ်သိမ်းချိန်ဖြစ်သော်လည်း ပြည်တွင်းဈေးကွက်မှ ဆန်စပါးဝယ်ယူလျက် အရန်ဆန်ထားရှိရေးမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ယခုသီးနှံရိတ်သိမ်းရာသီအတွင်း ဆန်တန်ချိန် ၆၀၀၀၀ ခန့်သာ အရန်ဆန်အတွက် ဝယ်ယူရရှိထားကြောင်း၊ လက်ရှိအစိုးရက ဝယ်ယူသည့် ဆန် ဈေးနှုန်းမှာ ပုဂ္ဂလိကကုန်သည်များက ဝယ်ယူသည့်ဈေးနှုန်းအောက် နိမ့်ကျလျက်ရှိကြောင်း၊ ထို့အပြင် အင်ဒိုနီးရှား ပြည်တွင်းလက်လီဈေးကွက်၌ ဆန်ဈေးနှုန်းများမှာ မတ်လမှစတင်၍ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

        သို့ဖြစ်ရာ ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် သုံးစွဲလိုက်ရသော လျော့ပါးသွားသည့် အစိုးရအရန်ရိက္ခာဆန်များအား ပြန်လည်ဖြည့်ဆည်းနိုင်ရန်နှင့် ဆန်တန်ချိန် ၅ သိန်းအား စောလျင်စွာ ဖြန့်ဖြူးနိုင်ရန်အတွက် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၂ သန်းကို ပြည်ပမှ ဝယ်ယူတင်သွင်းရန် အင်ဒိုနီးရှားအစိုးရက မတ်လနောက်ဆုံးရက်သတ္တပတ်၌ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

       ဗီယက်နမ်ပို့ကုန်သွင်းကုန်ဦးစီးဌာနက မိမိတို့နိုင်ငံရှိ ဆန်တင်ပို့သည့်လုပ်ငန်းရှင်များ အနေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများရှိနေကြောင်း၊ ၎င်းတို့အနေဖြင့်  ဈေးကွက်ကို အနီးကပ်စောင့်ကြည့်လျက် အခွင့်အလမ်းနှင့်စွန့်စားရမှုများကို သုံးသပ်ပြီး တောင်သူများနှင့်လုပ်ငန်းရှင်များ ကဏ္ဍ ၂ ရပ်လုံး အကျိုးဖြစ်ထွန်းစေမည့် ပို့ကုန်စီမံချက်များကို ထူထောင်လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး မတည်မငြိမ်မှု ဖြစ်စဉ်များအောက်တွင် ငွေပေးချေမှုနှင့် ကုန်စည်ပို့ဆောင်မှုတို့နှင့် သက်ဆိုင်သည့် စွန့်စားရမှုဘေးအန္တရာယ်များကို သတိပြုရမည်ဖြစ်ကြောင်း၊ ထို့အပြင် အင်ဒိုနီးရှားသို့ လက်ရှိဆန်တင်ပို့နေသည့် ကုန်သည်များအနေဖြင့် အင်ဒိုနီးရှား ကုန်သွယ်ရေးအဖွဲ့အစည်းဖြစ်သော Perum Bulog နှင့် တက်ကြွစွာ ပူးပေါင်းလုပ်ကိုင်ရန် လိုအပ်ကြောင်းဖြင့် တိုက်တွန်းနှိုးဆော်ထားသည်။

       ဗီယက်နမ် အကောက်ခွန်ဌာန၏ စာရင်းများအရ ယခုနှစ် ပထမ ၂ လအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၄၃၇၈၀ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၇.၃ သန်း တင်ပို့ခဲ့ရာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အရေအတွက်၌ ၃၃.၇ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၃၀.၃ ရာခိုင် နှုန်း အသီးသီးတိုးတက်ခဲ့ကြောင်း၊ ယင်းကာလအတွက် အင်ဒိုနီးရှားသည် ဖိလစ်ပိုင်နှင့်တရုတ်နိုင်ငံတို့၏နောက်တွင် ဗီယက်နမ်၏ တတိယအများဆုံး ဆန်တင်ပို့ဘက်နိုင်ငံအဖြစ် တည်ရှိနေကြောင်း သိရှိရသည်။

Source: Vietnam News, 4 April 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့အစည်း၏ ထုတ်လုပ်မှုလျော့ချရန် ဆုံးဖြတ်ချက်ကြောင့် ရေနံစည် ဈေးနှုန်းများ မြင့်တက်

       ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့အစည်း (Organization for Petroleum Exporting Countries-OPEC) အိုပက်အဖွဲ့ဝင်နိုင်ငံများက တစ်ရက်လျှင် ရေနံစည်ပေါင်း ၁.၁၆ သန်း လျော့ချ ထုတ်လုပ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့အပြီးတွင် ရေနံစိမ်းဈေးနှုန်းများမှာ ၈% အထိ မြင့်တက်လာကြောင်း သိရှိရပါသည်။

            Brent crude ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၅.၀၇% မြင့်တက်လျက် ၈၃.၉၅ ဒေါ်လာ နှုန်းသို့ ရောက်ရှိခဲ့ပြီး အမေရိကန်နိုင်ငံ၊ အနောက်တက္ကဆက် ကြားခံရေနံစိမ်း (West Texas Intermediate crude) ဈေးနှုန်းမှာ တစ်စည်လျှင် ၅.၁၇% ပိုမိုလျက် ၇၉.၅၉ ဒေါ်လာနှုန်းသို့ မြင့်တက်ခဲ့ကြောင်း CNBC သတင်းဌာနက ဖော်ပြပါသည်။

            ဆော်ဒီအာရေးဘီးယားနိုင်ငံ၏ သတင်းထုတ်ပြန်ချက်တွင် ၎င်းတို့၏ ဆန္ဒအလျောက် ရေနံထုတ်လုပ်မှု လျော့ချရန် ဆုံးဖြတ်ချက်သည် ရေနံစိမ်းဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် ရှေ့ရှုသည့် ကြိုတင်ဆောင်ရွက်ချက်သာဖြစ်ကြောင်း၊ ‌ရေနံထုတ်လုပ်မှုလျော့ချခြင်းကို မေလမှ စတင် လျက် ၂၀၂၃ ခုနှစ် နှစ်ကုန်ဆုံးသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

        ယခုကဲ့သို့ ‌ရေနံထုတ်လုပ်မှု လျော့ချရန် အိုပက်အဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်မှုသည် ရုရှား နိုင်ငံက ၎င်း၏ ရေနံစိမ်းထုတ်လုပ်မှုကို ၂၀၂၃ နှစ်ကုန်ပိုင်းအထိ နေ့စဉ် ရေနံစည်ပေါင်း ၅ သိန်း လျော့ချထုတ်လုပ်မည်ဟု ရုရှားဒုတိယဝန်ကြီးချုပ် Mr. Alexander Novak က ထုတ်ဖော်ပြောဆိုမှု အပေါ်တုန့်ပြန်ဆောင်ရွက်မှုဖြစ်ကြောင်း၊ အိုပက်အဖွဲ့ကိုဦးဆောင်သည့် ဆော်ဒီအာရေးဘီးယားသည် နေ့စဉ်ရေနံစည်ပေါင်း ၅ သိန်းကို လည်းကောင်း၊ အာရပ်စော်ဘွားများပြည်ထောင်စုသည် နေ့စဉ်ရေနံစည်ပေါင်း ၁.၄၄ သိန်းကို လည်းကောင်း၊ ကူဝိတ်၊ အိုမန်၊ အီရတ်၊ အယ်လ်ဂျီးရီးယားနှင့် ကာဇက်စတန်နိုင်ငံများသည် ကျန်ရှိသောပမာဏကိုလည်းကောင်း ထုတ်လုပ်မှုလျှော့ချမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်သူများက ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၀ အထိ မြင့်တက်နိုင်ဖွယ်ရှိ သည်ဟု သုံးသပ်လျက်ရှိကြောင်းဖြင့် CNBC သတင်းဌာနက ဖော်ပြပါသည်။

Source: CNBC News, 2 April 2023, 11:09 PM EDT(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယအစိုးရက ဆောင်းကြက်သွန်နီ တန်ချိန် ၃ သိန်း ဝယ်ယူမည်

           အိန္ဒိယနိုင်ငံ၌ တောင်သူများအနေဖြင့် သင့်တင့်သည့် ဈေးနှုန်းရရှိနိုင်စေရေးအတွက် ယခုနှစ် ဆောင်းသီးနှံရာသီစိုက်ပျိုးမှုမှ ထွက်ရှိမည့် ကြက်သွန်နီသီးနှံ တန်ချိန် ၃ သိန်းကို အစိုးရ၏ ဝယ်ယူရေးအေဂျင်စီများက ဝယ်ယူမည်ဖြစ်ကြောင်း အိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီး Mr. Piyush Goyal က မတ်လ ၃၀ ရက်နေ့တွင် သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။ ထို့အပြင် အိန္ဒိယ စားသုံးသူသမဝါယမအသင်းချုပ်နှင့်အမျိုးသား စိုက်ပျိုးရေးဈေးကွက်သမဝါယမ အသင်းလီမိတက် (NAFED) တို့ကိုလည်း မိုးနှောင်းသီးနှံ ရိတ်သိမ်းမှုမှ ထွက်ရှိသော ကြက်သွန်နီများကို ဝယ်ယူရန်ညွှန်ကြားထားကြောင်း၊ သို့ရာတွင်မိုးနှောင်း ကြက်သွန်နီများမှာ ယခုအခါ ဈေးကွက်အတွင်း ရှာဖွေ၍မတွေ့နိုင်တော့ကြောင်းဖြင့် ၎င်းက ပြောဆိုပါသည်။

         လွန်ခဲ့သောလအတွင်း ကြက်သွန်နီဈေးနှုန်းများ တစ်ဟုန်ထိုးကျဆင်းခဲ့ပြီးနောက် မဟာရက်ရှ်ထရာပြည်နယ်ရှိ ကြက်သွန်စိုက်တောင်သူများက ဆန္ဒပြနေကြဆဲဖြစ်သည်။ နာရှစ်ခရိုင်ရှိ အကြီးမားဆုံး ကြက်သွန်နီဈေးကွက်ဖြစ်သော လာဆယ်ဂွန် အပါအဝင် အဆိုပါပြည်နယ်အတွင်း ကုန်စည်ဈေးကွက်များစွာအား ပိတ်သိမ်းထားရပြီး တောင်သူများက ကြက်သွန်နီများကို စုပုံထားရှိဆဲဖြစ်ပါသည်။ တောင်သူလယ်သမားများက ၎င်းတို့၏ထုတ်ကုန်များအတွက် ရရှိသည့်ဈေးနှုန်းမှာ သွင်းအားစုကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းမျှသာရှိပြီး လွန်စွာနိမ့်ကျလျက်ရှိရာ အခက်အခဲကြီးမားကျယ်ပြန့်စွာဖြစ်ပေါ်နေပြီး အစိုးရဌာနများက ဝင်ရောက်ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုလျက်ရှိကြသည်။

       လွန်ခဲ့သော သီးနှံရာသီ ၂ ခုအတွင်း မိုးနှောင်းသီးနှံများ၏ ဈေးနှုန်းများမြင့်မားမှုနှင့်အတူ ပို့ကုန်အပေါ် ထိခိုက်သက်ရောက်မှုရှိသော သက်တမ်းတိုတောင်းသည့် ကြက်သွန်နီမျိုးများအား စိုက်ပျိုးမှုဖြစ်ပေါ်စေသည့် မုတ်သုံရာသီကာလရှည်ကြာခြင်းအပေါ် တောင်သူများက အပြစ်တင်ပြောဆိုလျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ် ကဲ့သို့သောအဓိကဈေးကွက်နိုင်ငံများ၌ ကြက်သွန်နီများ စတင်စိုက်ပျိုးလာခြင်းကလည်း အိန္ဒိယ၏ ကြက်သွန်နီပို့ကုန်အပေါ် သက်‌ရောက်မှုဖြစ်ပေါ်စေ လျက်ရှိသည်။ ဈေးနှုန်းများ ကျဆင်းခဲ့မှုအပေါ် ကြက်သွန်စိုက်တောင်သူများအား တစ်ကွင်တယ်လျှင် ရူပီးငွေ ၃၀၀ နှုန်း ထောက်ပံ့ပေးရန် ယခုလအစောပိုင်း၌ မဟာရက်ရှ်ထရာပြည်နယ်အစိုးရ က သဘောတူညီခဲ့သည်။

        အိန္ဒိယနိုင်ငံ၌ ဧပြီလမှ ဇွန်လအတွင်း ရိတ်သိမ်းထွက်ရှိမည့် ဆောင်းကြက်သွန်နီများသည် စုစုပေါင်း ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်းရှိပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ရိတ်သိမ်းမည့် မိုးကြက်သွန်နီများ ထွက်ပေါ်သည်အထိ ပြည်တွင်းစားသုံးရန် လိုအပ်ချက်အတွက် လုံလောက်မှုရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကြက်သွန်နီ တန်ချိန် ၂၆.၆၄ သန်း ထွက် ရှိခဲ့ရာမှ ယခုနှစ်၌ တန်ချိန် ၃၁.၇၀ သန်းအထိ တိုးမြင့်ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ယခင်နှစ်တွင် ဗဟိုအစိုးရက ကြက်သွန်နီတန်ချိန် ၂.၅၀ သိန်း ဝယ်ယူခဲ့ကြောင်း သိရှိရသည်။

Source: Economic Times, 30 Mar 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ