Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

Nashik မြို့အား အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီ အဓိကတင်ပို့ရေး အမျိုးသားပို့ကုန်ဗဟိုဌာန ဖြစ်စေရေး ဆောင်ရွက်

     အိန္ဒိယနိုင်ငံ၊ Maharashtra ပြည်နယ်ရှိ ကြက်သွန်နီစိုက်တောင်သူများက Palghar ခရိုင်ရှိ Vadhvan ဆိပ်ကမ်းအနီးတွင် ကမ္ဘာ့အဆင့်မီ စိုက်ပျိုးရေးဈေးကွက်တစ်ခု ထူထောင်ရန် ပြည်နယ် အစိုးရ၏ အစီအစဉ်ကို ကြိုဆိုကြသော်လည်း အိန္ဒိယနိုင်ငံအား ကြက်သွန်နီ ကုန်သွယ်မှုပြုသည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ပေါ်ထွန်းလာစေရန် Nashik မြို့အား ကြက်သွန်နီအဓိက တင်ပို့ရေး အမျိုးသားပို့ကုန်ဗဟိုဌာနအဖြစ် တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးရန် အစိုးရအာဏာပိုင်များအား တိုက် တွန်းခဲ့သည်။

     Maharashtra ပြည်နယ်ရှိ ကြက်သွန်နီစိုက်တောင်သူများအသင်းက အဆိုပါ နိုင်ငံတကာ စိုက်ပျိုးရေးဈေးကွက် အဆိုပြုချက်သည် စိုက်ပျိုးရေးပို့ကုန်၊ စားသောက်ကုန်ပြုပြင်ရေး၊ အလုပ် အကိုင်နှင့် ကျေးလက်စီးပွားရေးကို အထောက်အကူပြုမည်ဖြစ်သော်လည်း အဆိုပြုချက်ကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများသည် တောင်သူများထံ တိုက်ရိုက်ရောက်ရှိရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

     အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီမြို့တော်ဟု လူသိများသော Nashik မြို့သည် အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ပို့ကုန်များတွင် သိသာထင်ရှားသော ဝေစုကို ပိုင်ဆိုင် ထားသောကြောင့် Vadhvan ဆိပ်ကမ်းနှင့် ချိတ်ဆက်ထားသော သီးသန့်ပို့ကုန်ဗဟိုဌာနအဖြစ် ဖွံ့ဖြိုးသင့်သည်ဟု အသင်းတည်ထောင်သူဖြစ်သူ ဥက္ကဋ္ဌ Bharat Dighole က ပြောကြားခဲ့သည်။

    ယခုသီတင်းပတ်အစောပိုင်းတွင် ပြည်နယ်အစိုးရက စိုက်ပျိုးရေးပို့ကုန်များ အားကောင်း လာစေရန်နှင့် စိုက်ပျိုးသူများအား ကမ္ဘာ့ဈေးကွက်များနှင့် တိုက်ရိုက်ချိတ်ဆက်ရန်အတွက် Vadhvan ဆိပ်ကမ်းမှ ကီလိုမီတာ ၄၀ ခန့်အကွာ Palghar ခရိုင်တွင် မကြာမီကာလအတွင်း နိုင်ငံ တကာအဆင့်မီ စိုက်ပျိုးရေးဈေးကွက်တစ်ခု ထူထောင်မည်ဟု ကြေညာခဲ့သည်။

     Digholeက ကြက်သွန်နီစိုက် တောင်သူများသည် ဈေးနှုန်းအတက်အကျ၊ ပို့ကုန်ကန့်သတ် ချက်များ၊ သိုလှောင်ရုံအဆောက်အဦ မလုံလောက်မှု၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် မြင့်မား မှုနှင့် ကမ္ဘာ့ဝယ်သူများထံ တိုက်ရိုက်ဆက်သွယ်နိုင်မှု မရှိခြင်းတို့ကို ဆက်တိုက် ကြုံတွေ့ခံစားနေ ရပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အောက် ဈေးနှုန်းဖြင့် ကြက်သွန်နီများကို ရောင်းချခဲ့ရလေ့ရှိ ကြောင်း ပြောကြားခဲ့သည်။

     ကြက်သွန်နီ အဆင့်သတ်မှတ်ခြင်း၊ အလုံးအရွယ်အစား ခွဲခြားခြင်း၊ ထုပ်ပိုးခြင်း၊ အရည် အသွေးစစ်ဆေးခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များပါရှိသော သီးသန့် ကြက်သွန်နီပို့ကုန်ဂိတ်တစ်ခု ထူထောင်ရန်အပြင် Nashik နှင့် Vadhvan ဆိပ်ကမ်းအကြားတွင် ရထားလမ်း၊ ကွန်တိန်နာနှင့် အေးခဲဖြန့်ဖြူးရေး အခြေခံအဆောက်အဦများမှတစ်ဆင့် တိုက်ရိုက် စိုက်ပျိုးရေး ထောက်ပံ့ပို့ဆောင်မှု စင်္ကြံတစ်ခု ဖန်တီးရန်လည်း အသင်းက အကြံပြုခဲ့သည်။

    ထို့အပြင် အိန္ဒိယနိုင်ငံ၏ တည်ငြိမ်သော ၅နှစ်တာ ကြက်သွန်နီပို့ကုန်မူဝါဒတစ်ရပ်၊ တန်ဖိုး မြှင့်ကြက်သွန်နီပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အားပေးမှုများ၊ ထုတ်လုပ်သူ တောင်သူ အဖွဲ့အစည်းများ (FPOs)၏ ကြက်သွန်နီတင်ပို့ရာတွင် တိုက်ရိုက်ပါဝင်မှု၊ ကြက်သွန်နီ ပို့ကုန်မြှင့် တင်ရေးဇုန်တစ်ခု ထူထောင်ရန်နှင့် Nashik မြို့တွင် အဆိုပြုထားသော ကြက်သွန်နီအဓိက တင်ပို့ ရေး အမျိုးသားပို့ကုန်ဗဟိုဌာနကို အမျိုးသားလေ့ကျင့်ရေး၊ သုတေသနနှင့် ပို့ကုန်လမ်းညွှန်မှု ဗဟို အဖြစ် အဆင့်မြှင့်တင်ရန်လည်း တောင်းဆိုခဲ့သည်။

     Dighole က အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင်ဆုံးဖြတ်ချက် ဖြစ်သည့် အတွက် ကြိုဆိုကြောင်း၊ သို့သော်လည်း အဆိုပါစီမံကိန်းသည် ကုန်သွယ်ရေး အဆောက်အအုံ တစ်ခုမျှသာ မဖြစ်သင့်ကြောင်းနှင့် သိန်းချီသော တောင်သူများအတွက် စီးပွားရေးအသွင် ကူးပြောင်း မှု၏ ဗဟိုအချက်အချာ ဖြစ်လာရမည်ဖြစ်ကြောင်း၊ ကြက်သွန်နီအဓိက တင်ပို့ရေး အမျိုးသား ပို့ကုန်ဗဟိုဌာနအဖြစ်သတ်မှတ်ပြီး Vadhvan ဆိပ်ကမ်းနှင့် တိုက်ရိုက်ချိတ်ဆက်ပါက အိန္ဒိယသည် ကြက်သွန်နီ ကုန်သွယ်မှုတွင် ကမ္ဘာတစ်ဝန်း ဦးဆောင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

    အဆိုပါစီမံကိန်း၏ စီမံချက်(မူကြမ်း)ကို ရေးဆွဲရာတွင် ကြက်သွန်နီစိုက် တောင်သူအဖွဲ့ အစည်းများ၊ စိုက်ပျိုးရေးတက္ကသိုလ်များ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ကျွမ်းကျင်သူများနှင့် ထုတ်လုပ်သူ တောင်သူအဖွဲ့အစည်းများ ပါဝင်နိုင်ရန် ကြက်သွန်နီစိုက်တောင်သူများအသင်းက အိန္ဒိယဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်များနှင့် စိုက်ပျိုးရေးနှင့် စျေးကွက်ရှာဖွေရေးဌာနများထံ အယူခံဝင်ခဲ့ကြောင်း သိရှိရသည်။

Source: The Economic Times, 18 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်တန်ချိန် ၅.၂၄ သန်း စုဆောင်းထားရှိသဖြင့် မိုးခေါင်ရေရှားမှုကို ရင်ဆိုင်ရန်ယုံကြည်ချက်ရှိကြောင်း အင်ဒိုနီးရှားအစိုးရပြော

   အယ်လ်နီညို (El Nino) ရာသီဥတု ဖြစ်စဉ်ကြောင့် ကြုံတွေ့ရနိုင်သည့် နွေရာသီအတွက် အရန်စားနပ်ရိက္ခာစုဆောင်းထားရှိမှုမှာ ဘေးကင်းစိတ်ချရသည့် အခြေအနေတွင်ရှိကြောင်း အစိုးရ က အာမခံပြောကြားခဲ့သည်။ စားနပ်ရိက္ခာ ဈေးနှုန်း တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် ပြည်သူများ ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စားနပ်ရိက္ခာ စုဆောင်းထားရှိမှုကို ဆက်လက် တိုးမြှင့်လျက်ရှိသည်။

   အမျိုးသား အစားအသောက် အေဂျင်စီ၏ ဒေတာအချက်အလက်များအရ Perum Bulog မှ စီမံခန့်ခွဲသော အစိုးရ၏ စားနပ်ရိက္ခာ စုဆောင်းမှု ဆန်တန်ချိန်မှာ ဇူလိုင် ၂၀ ရက်အထိ ၅.၂၄ သန်း  အထိ ရောက်ရှိခဲ့ကြောင်း ဇူလိုင် ၂၂ ရက် (ဗုဒ္ဓဟူးနေ့) တွင် Bakom RI က သတင်း ထုတ်ပြန်ခဲ့ သည်။ ယင်းအရန်ဆန်ပမာဏသည် ရာသီဥတုအလွန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိုက်ပျိုးထုတ်လုပ်မှု အနှောင့်အယှက်များကို ကြိုတင်ရင်ဆိုင်ဖြေရှင်းနိုင်ရန် အစိုးရအတွက် အဓိက အင်အားတစ်ရပ် ဖြစ်သည်။

    အရန်ဆန်သိုလှောင်မှုအပြင် အစိုးရအနေဖြင့် ဒေသဆိုင်ရာ စားနပ်ရိက္ခာစုဆောင်းမှုမှ တစ်ဆင့် လည်း စတော့များကို တိုးမြှင့်ခဲ့သည်။ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ ပြည်နယ်အဆင့် စားနပ်ရိက္ခာ စုဆောင်းမှုမှာ တန်ချိန် ၇,၃၅၀ အထိ ရှိခဲ့ပြီး ခရိုင်နှင့် မြို့နယ်အဆင့်တွင်မူ ဒေသပေါင်း ၃၂၃ ခု၌ စုစုပေါင်း တန်ချိန် ၁၃,၁၅၀ မှတ်တမ်းဝင်ခဲ့သည်။

    အဆိုပါ အရန်ရိက္ခာများကို ဒေသအသီးသီးရှိ စားနပ်ရိက္ခာလိုအပ်ချက်များကို လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်ရန်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားချိန်နှင့် ဖြန့်ဖြူးရေးနှင့် ထောက်ပံ့ရေး ကွင်းဆက်တွင် အခက်အခဲများ ဖြစ်ပေါ်သည့်အချိန်များတွင် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင် ထားခြင်းဖြစ်သည်။

    ထို့ပြင် အစိုးရသည် အခြားသော မဟာဗျူဟာအရ အရေးပါသည့် ကုန်စည်များ၏ ရရှိနိုင်မှု ကိုလည်း ဆက်လက်ထိန်းသိမ်းလျက်ရှိသည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်အထိ တိရစ္ဆာန်အစာ အတွက် ပြောင်းအရန်လက်ကျန်မှာ တန်ချိန် ၁၇၆,၀၀၀ ရှိခဲ့ပြီး ကြက်မွေးမြူရေး လုပ်ငန်းရှင်များ ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို ထိန်းညှိပေးကာ ဈေးနှုန်း မြင့်တက်မှုကို လျှော့ချနိုင်ရန် Food Supply and Price Stabilization (SPHP) အစီအစဉ်မှတစ်ဆင့် ဆက်လက် ဖြန့်ဝေလျက်ရှိသည်။

    တစ်ချိန်တည်းမှာပင် Perum Bulog နှင့် ID Food တို့က စီမံခန့်ခွဲလျက်ရှိသည့် စားသုံးဆီ အရန်လက်ကျန်မှာ ကီလိုလီတာ ၁,၀၀၀ ရှိခဲ့သည်။ ထို့အပြင် အစိုးရတွင် အိမ်သုံးသကြား အရန် လက်ကျန်တန်ချိန် ၂,၇၉၀ ခန့် နှင့် ကြက်သားအရန်လက်ကျန် တန်ချိန် ၃၈ တန်ကိုလည်း စုဆောင်း ထားရှိကြောင်း သိရသည်။ ငရုတ်၊ ကြက်သွန်နီနှင့် အသားစားကြက်ဥ အပါအဝင် စားဖိုဆောင်သီးနှံ များအတွက် ပြည်တွင်းထုတ်လုပ်မှုသည် လက်ရှိတွင် နိုင်ငံ၏ စားသုံးမှုလိုအပ်ချက်ထက် ကျော်လွန် နေဆဲဖြစ်သဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ပြည်တွင်း ထုတ်လုပ်မှုဖြင့် ဆက်လက်ဖြည့် ဆည်းပေးနိုင်မည်ဟု အစိုးရက ယုံကြည်ထားသည်။

    အမျိုးသား အစားအသောက် အေဂျင်စီ၏ အကြီးအကဲနှင့် စိုက်ပျိုးရေးဝန်ကြီးလည်းဖြစ်သူ Andi Amran Sulaiman က အင်ဒိုနီးရှား၏ စားနပ်ရိက္ခာလုံခြုံရေးသည် ယခုအခါ ပိုမိုခိုင်မာလာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်အရ မူလက ၄ နှစ်အတွင်း အောင်မြင်ရန် လျာထားခဲ့သည့် စားနပ်ရိက္ခာ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ပန်းတိုင်ကို ၁ နှစ်အတွင်း ရရှိခဲ့ခြင်း ဖြစ်သည်။

     ပြောင်းဖူးနှင့် ဆန် စိုက်ပျိုးထုတ်လုပ်မှုတွင် လုံလောက်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်း များကို သိရှိထားကြောင်း ပြောကြားခဲ့သည်။ အစားအစာအရန် လက်ကျန်များ တိုးမြှင့်ထားရှိနိုင် ခြင်းနှင့် ပြည်တွင်းထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ သည် အယ်လ်နီညို (El Niño) ဖြစ်စဉ်၏ သက်ရောက်မှုများကို ရင်ဆိုင်နိုင်ရန် လုံလောက်သော စားနပ်ရိက္ခာဖူလုံမှု ရှိနေသည်ဟု အစိုးရက ယုံကြည်လျက်ရှိသည်။ ထို့အပြင် နိုင်ငံ၏ စားနပ်ရိက္ခာ ထောက်ပံ့မှုနှင့် ဈေးနှုန်းတည်ငြိမ်မှုကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ထားကြောင်း သိရှိရသည်။

Source: Voice of Indonesia, 22 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရန်ဆန်ဈေးနှုန်းမြင့်မားမှုနှင့် မုတ်သုံမိုးအားပျော့မှုတို့အရ အိန္ဒိယ၏ ဆန်ပို့ကုန်ဈေးနှုန်းများ မြင့်တက်

     အိန္ဒိယနိုင်ငံ၌ အရန်ရိက္ခာဆန်များကို လွတ်လပ်စွာဈေးကွက်တင်ရောင်းချမှုစနစ် (Open Market Sale Scheme - OMSS) ဖြင့် အစိုးရက ရောင်းချပေးလျက်ရှိသော ဆန်ဈေးနှုန်းများ မြင့်မားမှုနှင့်အတူ မုတ်သုံမိုးရွာသွန်းမှု အားပျော့နေခြင်းကြောင့် မိုးစပါးစိုက်ပျိုးမှု နှောင့်နှေးလျက် ရှိသည့် အခြေအနေတွင် ဆန်ပို့ကုန်ဈေးနှုန်းများသည် ရက်သတ္တ သုံးပတ်ဆက်တိုက် မြင့်တက်လာ ခဲ့သည်။ အိန္ဒိယ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ပေါင်းဆန်ဈေးနှုန်းသည် ယခင်သီတင်းပတ်၌ တစ်တန်လျှင် ၃၄၈ - ၃၅၂ ဒေါ်လာနှုန်း ရှိခဲ့ရာမှ ဇူလိုင် ၁၆ ရက် ကြာသပတေးနေ့ ရက်သတ္တပတ် တွင် တစ်တန်လျှင် ၃၅၂ - ၃၅၇ ဒေါ်လာနှုန်းသို့ မြင့်တက်လာခဲ့သည်။ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သော ဆန်ဖြူဈေးနှုန်းမှာ တစ်တန်လျှင် ၃၅၃ - ၃၅၇ ဒေါ်လာနှုန်းထား၌ တည်ရှိနေခဲ့သည်။

     ဈေးကွက်အတွင်း၌ OMSS အစီအစဉ်ဖြင့် ရောင်းချသောဆန်၏ ဈေးနှုန်းများမှာ ကျဆင်း လာမည်ဟု မျှော်မှန်းထားသော်လည်း အစိုးရက ဈေးနှုန်းတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်ဟု ကောလ် ကတ္တားမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောဆိုခဲ့သည်။ ဇူလိုင် ၁၀ ရက်နေ့အထိ လယ်သမား များ၏ စပါးစိုက်ပျိုးပြီးစီးမှုမှာ ဧရိယာဟက်တာ ၁၁.၅ သန်းရှိရာ ယခင်နှစ်ကာလတူ၌ စိုက်ပျိုးထား နိုင်သည့် ဟက်တာ ၁၂.၆ သန်းအောက်သို့ လျော့ကျနေဆဲဖြစ်သည်။

       ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ ရေကြီးနစ်မြုပ်မှုကြောင့် ခရိုင်ပေါင်း ၁၂ ခု၌ သီးနှံစိုက်ပျိုးမှု ဧရိယာ  အနည်းဆုံး ၂၈၆၁၀ ဟက်တာခန့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး စပါးနှင့် စပါးပျိုးခင်းများ ထိခိုက်မှု များပြားခဲ့သည်။ လက်ရှိခန့်မှန်းချက်မှာ ကနဦးမျှသာဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အပြည့် အစုံကို ရေနစ်မြုပ်မှု ပြန်လည်ကျဆင်းသွားချိန်မှသာ ရှင်းလင်းစွာ သိနိုင်မည်ဟု ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးပညာပေးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သော ဆန်ဖြူဈေးနှုန်းမှာ ယခင်သီတင်းပတ်၌ တစ်တန်လျှင် ဒေါ်လာ ၄၅၀ နှုန်း ရှိခဲ့ရာမှ ၄၄၅ - ၄၅၀ ဒေါ်လာ နှုန်းထားသို့ ကျဆင်းခဲ့သည်ဟု ကုန်သည်များက ပြောဆိုကြသည်။ ဗန်ကောက်မြို့ အခြေစိုက် ကုန်သည်တစ်ဦးက ဖိလစ်ပိုင်နိုင်ငံ ၏ ဆန်ကွဲ ၅ မှတ်ပါဝင်သော ဆန်ဖြူတင်သွင်းမှုကို ဆိုင်းငံ့ခြင်းက ဝယ်လိုအားအပေါ် ထပ်မံဖိစီးမှု ဖြစ်ပေါ်စေမှုနှင့်အတူ မဖြစ်မနေလိုအပ်မှသာ ဝယ်ယူသဖြင့် ဆန်ဝယ်ယူမှု အခြေအနေသည် အကန့်အသတ်ဖြင့်သာရှိကြောင်း ပြောဆိုခဲ့သည်။

    ခြောက်သွေ့ရာသီ ရိတ်သိမ်းထွက်ရှိမှုမှ ဆန်များ ဈေးကွက်သို့ ဝင်ရောက်လာသဖြင့် ရောင်း လိုအားအပိုင်းမှာမူ တဖြည်းဖြည်း မြင့်တက်လျက်ရှိသည်။ သို့သော် ကုန်သည်များအနေဖြင့် ယခု နှစ် နှောင်းပိုင်းကာလ၌ ဖြစ်ပေါ်လာနိုင်ခြေရှိသော အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်နိုင်မှုကို ဆက်လက် သတိပြုလုပ်ကိုင်လျက်ရှိသည်။

    ဗီယက်နမ်ဈေးကွက်တွင် ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သော ဆန်ဖြူဈေးနှုန်းမှာ ဇူလိုင် ၁၆ ရက်နေ့၌ တစ်တန်လျှင် ၄၄၅ - ၄၅၀ ဒေါ်လာနှုန်းထား၌ ယခင်ရက်သတ္တပတ်အတိုင်း မပြောင်းလဲ ဘဲ တည်ရှိနေခဲ့သည်။ လက်ရှိ သီးနှံရိတ်သိမ်းရာသီမှ ကုန်ဝင်ရောက်မှုကြောင့် ရောင်းလိုအား မြင့် တက်လာနိုင်မှုကို ဆန်ဝယ်လက်များက စောင့်ကြည့်လျက်ရှိရာ ကုန်သွယ်ရောင်းဝယ်မှုများသည် နှေးကွေးလျက်ရှိသည်ဟု ဟိုချီမင်းမြို့ အခြေစိုက် ကုန်သည်တစ်ဦးက ပြောဆိုခဲ့သည်။ နွေရာသီမှ ဆောင်းဦးရာသီကြား စပါးရိတ်သိမ်းမှုသည် ဇူလိုင်လကုန်မှ ဩဂုတ်လအထိ ကာလအတွင်း အမြင့် မားဆုံးသို့ ရောက်ရှိမည်ဟု လယ်သမားများက ပြောဆိုထားသည်။

Source: The Hindu Business Line, 17 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ ရောင်းလိုအားနည်းပါးမှုအရ သကြားဈေးနှုန်းများ မြင့်တက်

      အိန္ဒိယနိုင်ငံတွင် အစိုးရနှင့် သကြားလုပ်ငန်းနယ်ပယ်မှ အသင်းအဖွဲ့များက ပြည်တွင်း၌ ကုန်လက်ကျန် လုံလောက်စွာရှိကြောင်း ပြောဆိုထားကြသော်လည်း ရောင်းလိုအား နည်းပါးနေမှု အပေါ် စိုးရိမ်မှုများရှိလာခြင်းကြောင့် သကြားဈေးနှုန်းများမှာ စံချိန်တင်မြင့်တက်လာကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

       အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာန၏ စာရင်းများအရ သကြားတစ်ကီလိုဂရမ်၏ လက်လီ ဈေးနှုန်းသည် ဇူလိုင်၁၇ ရက်၊ သောကြာနေ့တွင် ဒေလီမြို့တော်၌ ၄၇ ရူပီးနှုန်းနှင့် အနောက် ဘင်ဂယ်ပြည်နယ်တွင် ၅၀ ရူပီးနှုန်း အသီးသီးဖြစ်ပေါ်လျက် အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။ သကြားစက်ရုံများမှ ရောင်းချသည့် ပျမ်းမျှဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၄၄ ရူပီးနှုန်းရှိပြီး ယင်းသည် ယခင်နှစ်ကထက် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ပြီး မှတ်တမ်းကာလ တစ်လျှောက် အမြင့်ဆုံးပင်ဖြစ်ကြောင်း၊ နိုင်ငံ၏ တောင်ပိုင်းဒေသများတွင်မူ သကြားစက်ရုံများ သည် တစ်ကီလိုဂရမ်လျှင် ၄၅ ရူပီးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သကြားလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူများက ပြောဆိုကြသည်။

       အိန္ဒိယ သကြားနှင့်ဇီဝစွမ်းအင် ထုတ်လုပ်သူများအသင်း (ISMA) နှင့် အမျိုးသား သကြား စက်ရုံများ သမဝါယမအသင်းချုပ်တို့ ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ပြည်တွင်း စားသုံးရန် လိုအပ်ချက်ကို လုံလောက်စွာဖြည့်ဆည်းပေးနိုင်သည့် သကြားလက်ကျန်ပမာဏကို သိုလှောင်ထားရှိပြီးဖြစ်ကြောင်း၊ ပြည်တွင်းသကြားဈေးကွက်၌ ထိတ်လန့်တကြားဝယ်ယူခြင်း သို့ မဟုတ် ဈေးနှုန်းမြင့်တက်မည်ဟုတွက်ဆလျက် ကုန်သွယ်ရောင်းဝယ်ခြင်းကို လုပ်ဆောင်ရန် မည် သည့် အကြောင်းမျှ မရှိကြောင်း၊ မကြာသေးမီက သကြားဈေးနှုန်းများ ပြောင်းလဲမှုသည် ဝယ်လို အားနှင့်ရောင်းလိုအား အခြေခံသဘောတရားအရ ဖြစ်ပေါ်ခြင်း မဟုတ်ဟု ခိုင်မာစွာယူဆကြောင်း၊ ကုန်လက်ကျန် လုံလောက်စွာရှိနေချိန်၌ ကုန်ပစ္စည်းပြတ်လပ်သည်ဟု ထင်မြင်အောင်ဖန်တီးခြင်း သည် မလိုလားအပ်သော ဈေးကွက်လှုပ်ခတ်မှုသို့ ဦးတည်စေနိုင်ပြီး သမားရိုးကျ ကုန်သွယ်မှုကို အနှောင့်မယှက်ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် စားသုံးသူများနှင့် သကြားအသုံးပြုသည့် ကုန်ထုတ် လုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်နိုင်ကြောင်း ဖော်ပြထားသည်။

       သကြားကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်း၌ ပါဝင်လုပ်ကိုင်နေကြသူများအနေဖြင့် သိုလှောင် ဈေးကစားရန် ဝယ်ယူခြင်း၊ သကြားရရှိနိုင်မှုနှင့် ပတ်သက်၍ သတင်းအမှားများ ဖြန့်ဝေခြင်းတို့မှ ရှောင်ကြဉ်ရန် အဆိုပါ အဖွဲ့အစည်းများက တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်လတာအတွင်း ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ပေါ်မှုသည် အထူးသဖြင့် သကြားထုတ်လုပ်မှု ပထမနှင့် တတိယ အကြီး မားဆုံး ပြည်နယ်များဖြစ်ကြသော မဟာရဋ္ဌနှင့် ကာနာတကာတို့တွင်  အခြားပြည်နယ်များထက် ကုန်လက်ကျန် နည်းပါးမှုအရ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြည်နယ်နှစ်ခု၌ ကုန်လက်ကျန် နိမ့်ကျမှုသည် အခြားပြည်နယ်များရှိ သကြားစက်ရုံများအတွက် ဈေးနှုန်းမြင့်တက်လာမှုမှ အကျိုး ဖြစ်ထွန်းစေလိမ့်မည်ဟု Jagjeevan Keshavji သကြားရောင်းဝယ်ရေးကုမ္ပဏီ၏ ဥက္ကဋ္ဌ Praful Vithalani က ပြောဆိုခဲ့သည်။

      စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် ၂၀၂၅-၂၆ ထုတ်လုပ်ရေးနှစ်၌ အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် တန်ချိန် ၂၇.၈ သန်းခန့်ရှိနိုင်ပြီး ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၂၅.၆ သန်း အပေါ် ၈.၅ ရာခိုင်နှုန်းခန့် ပိုမိုမည်ဟု သကြားလုပ်ငန်းအသင်း၏ အချက်အလက်များအရ သိရသည်။ အစိုးရအနေဖြင့်မူ လက်ရှိထုတ်လုပ်ရေးရာသီနှစ်တွင် ကနဦးခန့်မှန်းထားသည်ထက် လျော့နည်းနိုင်ခြေရှိမှုအရ သကြားတင်ပို့မှုပိတ်ပင်ခြင်းကို မေလ၌ ချမှတ်ခဲ့သည်။

       ပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းမပြုမီ၌ မဟာရဋ္ဌပြည်နယ်နှင့် ကာနာတကာပြည်နယ်တို့မှ သကြားစက်ရုံလုပ်ငန်းများသည် မူလက ဥတာပရာဒေ့ရှ်ပြည်နယ်ရှိ စက်ရုံများအတွက် ခွဲဝေချထားပေးသော တင်ပို့ခွင့်ခွဲတမ်း အပါအဝင် သကြားတန်ချိန် ၈၀၀၀၀၀ ခန့်ကို တင်ပို့ထားပြီးဖြစ်သည်။ ပြည်တွင်း သကြားထုတ်လုပ်မှု၌ ဒုတိယအများဆုံးဖြစ်သော ဥတာပရာဒေ့ရှ်ပြည်နယ်ရှိ စက်ရုံများ အနေဖြင့် ပြည်တွင်းဈေးကွက်အတွင်းသို့ ရောင်းချခွင့်ခွဲတမ်းကို အစားထိုးရရှိခဲ့ကြသည်။ မဟာရဋ္ဌနှင့် ကာနာတကာတို့၌ သကြားရောင်းဝယ်ရေး ငွေပေးချေမှုဆိုင်ရာ စည်းကမ်းချက်များ တင်းကျပ်မှုကြောင့် ယင်းပြည်နယ်နှစ်ခုရှိ သကြားစက်ရုံ သမဝါယမအသင်းများသည် ၎င်းတို့ ခွဲတမ်းရရှိသည် ထက် ကျော်လွန်‌ရောင်းချခဲ့ကြသဖြင့် ကုန်လက်ကျန်နည်းပါးမှု ဖြစ်ပေါ်ခဲ့သည်ဟု အမည်မဖော်လိုသော ဈေးကွက်လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားခဲ့သည်။

Source: Economic Times,  21 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ကမ္ဘာ့ဆန်ဈေးနှုန်းမြင့်တက်လာခြင်းနှင့် ပြည်တွင်းဆန်ပိုလျှံမှုကိုအ‌ခြေခံ၍ ဆန်တင်ပို့ရန်ကြိုးပမ်းမည့်အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ဆန်ဈေးနှုန်း မြင့်တက်လာခြင်း၊ ပြည်တွင်းဆန်ထုတ်လုပ်မှု ပိုလျှံခြင်းနှင့် ပြည်တွင်းဈေးကွက်တည်ငြိမ်မှုတို့ကို အခြေခံ၍ ဆန်တင်ပို့ရေးအခွင့်အလမ်းများကို အပြည့်အဝအသုံးချသွားရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ပြောကြားခဲ့ပါသည်။ North Sumatra ပြည်နယ်  Medan မြို့၌ ဇူလိုင် ၁၇ ရက်က ပြောကြားရာတွင် ဝန်ကြီးက ကမ္ဘာ့ဆန်ဈေးနှုန်း မြင့်တက်နေမှုကို အင်ဒိုနီးရှားက အခွင့်အလမ်းအဖြစ် အသုံးချသွားမည်ဖြစ်ပြီး နိုင်ငံအချို့က ဆန်တင်သွင်းလိုကြောင်း တောင်းဆိုထားသည့်အတွက် ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါသည်။ Trading Economics ၏ အချက်အလက်များအရ ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ဇူလိုင် ၁၅ ရက်တွင် metric quintal တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၁၃.၇၅ ရှိခဲ့ပြီး ဇွန် ၂၃ ရက်က မှတ်တမ်းတင်ခဲ့သည့် ၁၂.၄၈ ဒေါ်လာထက် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးက အင်ဒိုနီးရှားအနေဖြင့် နိုင်ငံပိုင်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း Bulog က စီမံခန့်ခွဲထားသည့် အစိုးရအရန်ဆန် တန်ချိန် ၅.၃ သန်း ရှိနေခြင်းနှင့် ပြည်တွင်းဆန်ထုတ်လုပ်မှုကောင်းမွန်နေခြင်းတို့ကိုအခြေခံကာ ထိုအခွင့်အလမ်းကို အပြည့်အဝအသုံးချသင့်ကြောင်း၊ ထို့ပြင် ပြည်တွင်းအခြေအနေကောင်းမွန်မှုကြောင့် အင်ဒိုနီးရှားသည် စားနပ်ရိက္ခာလုံခြုံရေးကို ပိုမိုခိုင်မာစေနိုင်ခဲ့သကဲ့သို့ ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာ ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်နေသည့်ကြားမှ ပြည်သူများအတွက် ဆန်ဈေးနှုန်းကိုလည်း သင့်တင့်မျှတသည့်အဆင့်တွင် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် မလေးရှားနှင့် စင်ကာပူအပါအဝင် နိုင်ငံအချို့ထံမှ ဆန်ဝယ်ယူလိုကြောင်း ကမ်းလှမ်းမှုများ ရရှိထားပြီး ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရပါသည်။ ထို့အပြင် သမ္မတ Prabowo Subianto ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်တွင်းလိုအပ်ချက် ကို အပြည့်အဝဖြည့်ဆည်းနိုင်ရေးအတွက် စားနပ်ရိက္ခာထုတ်လုပ်မှုကို တိုးမြှင့်ကာ ကိုယ်ပိုင်ဖူလုံ မှုရရှိရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပိုလျှံထုတ်လုပ်နိုင်သည့် ပမာဏကိုလည်း ပြည်ပသို့ တင်ပို့သွားရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ အစိုးရသည် ဆန်တစ်မျိုး တည်းသာမက စိုက်ခင်းသီးနှံ၊ ဥယျာဉ်ခြံသီးနှံနှင့် မွေးမြူရေးကဏ္ဍများမှ ထွက်ရှိသည့် ထုတ်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန် Downstream လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အရှိန်မြှင့်ဆောင်ရွက်နေကြောင်း သိရပါသည်။ ဝန်ကြီးက သမ္မတ Prabowo သည် ထုတ်လုပ်မှုတိုးမြှင့်ရန်၊ စားနပ်ရိက္ခာ ကိုယ်ပိုင်ဖူလုံမှုကို ထိန်းသိမ်းရန်နှင့် စိုက်ခင်း၊ ဥယျာဉ်ခြံ၊ မွေးမြူရေးကဏ္ဍများတွင် အရင်းအမြစ်အခြေခံ ထုတ်လုပ်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့ပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အင်ဒိုနီးရှား၏ စားနပ်ရိက္ခာ ကိုယ်ပိုင်ဖူလုံမှုနှုန်းမှာ ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ၉၁.၀၄ ရာခိုင်နှုန်းမှ ၉၈.၈၈ ရာခိုင်နှုန်း အကြား ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ၈၇.၁၄ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ASEAN Food Security Information System ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ၎င်းနှုန်းမှာ ၁၁၀.၂၅ ရာခိုင်နှုန်း အထိ ပြန်လည်မြင့်တက်လာခဲ့ပြီး အင်ဒိုနီးရှားသည် စားနပ်ရိက္ခာ ကိုယ်ပိုင်ဖူလုံမှုကို ပြန်လည်ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ ထိုတိုးတက်မှုမှာ ဆန်ထုတ်လုပ်မှု မြင့်တက်လာခြင်းှိကြောင့် အဓိကဖြစ်ပြီး နိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၃၀.၆၂ သန်း ရှိရာမှ ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၃၄.၆၉ သန်း အထိ တိုးတက်လာခဲ့ကြောင်း သိရပါသည်။ ထိုသို့တိုးတက်လာခြင်းမှာ ရိတ်သိမ်းစိုက်ဧရိယာ ဟက်တာ ၁၀.၀၅ သန်း မှ ဟက်တာ ၁၁.၃၂ သန်း အထိ တိုးချဲ့နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

MSME ၁၄.၉ သန်းအတွက် ချေးငွေအမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံထုတ်ပေးမည့် အင်ဒိုနီးရှားနိုင်ငံ အစိုးရရင်းနှီးမြှုပ်နှံမှုဗဟိုဌာန

         အင်ဒိုနီးရှားအစိုးရသည် အစိုးရရင်းနှီးမြှုပ်နှံမှုဗဟိုဌာန (Government Investment Center – PIP) မှတစ်ဆင့် ဘဏ်ဝန်ဆောင်မှု မရရှိသေးသည့် အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ (MSMEs) ၁၄.၉ သန်းအတွက် ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လအထိ စုစုပေါင်း ရူပီး ၆၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံခန့်) ကို မိုက်ခရိုချေးငွေအဖြစ် ထုတ်ချေးပေးခဲ့ကြောင်း သိရပါသည်။ Yogyakarta မြို့တွင် ကျင်းပသည့် Micro Enterprises People’s Market ဖွင့်ပွဲအခမ်းအနား၌ ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa က PIP ၏ လုပ်ငန်းဆောင်ရွက်မှုများကို ချီးကျူးပြောကြားပြီး ထိုချေးငွေများသည် နိုင်ငံ၏ကြီးမားသည့် အလွတ်တန်းစီးပွားရေးကဏ္ဍအတွက် အရေးပါသည့်ငွေကြေးအထောက်အပံ့ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ ဝန်ကြီးက အခြေခံလူတန်းစားစီးပွားရေးကိုခိုင်မာစေရန် အရင်းအနှီးရရှိရေးသည် အရေးကြီးကြောင်းပြောကြားပြီး လက်ရှိတွင် အင်ဒိုနီးရှား၌ MSMEs လုပ်ငန်းပေါင်း ၆၆.၅ သန်း ခန့် ရှိကြောင်း ပြောကြားခဲ့ပါသည်။ MSMEs ၏ ၆၇ ရာခိုင်နှုန်းကျော်မှာ အငယ်စားစီးပွားရေး လုပ်ငန်းများဖြစ်ပြီး နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၆၀ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးထားသကဲ့သို့ အလုပ်အကိုင် ၁၁၇ သန်းနီးပါးကိုလည်း ဖန်တီးပေးထားကြောင်း သိရပါသည်။ သို့သော် အသေးစားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများသည် ဈေးကွက် အပြောင်း အလဲများ၏သက်ရောက်မှုကိုအခံရလွယ်ဆုံးဖြစ်နေဆဲဖြစ်ကြောင်းလည်း ဝန်ကြီးကဝန်ခံ ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ကုန်ကြမ်းဈေးနှုန်းမြင့်တက်လာခြင်း၊ ဝယ်လိုအားလျော့ကျခြင်း၊ ဖြန့်ဖြူးရေးအနှောင့်အယှက်များဖြစ်ပေါ်ခြင်း သို့မဟုတ် မမျှော်လင့်ထားသည့် ငွေကြေးလိုအပ်ချက်များ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့တွင် ခိုင်မာသည့်ငွေကြေးအရန်အင်အားမရှိကြကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရသည် အသေးစားလုပ်ငန်းရှင်များ၏ ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ရန် PIP မှတစ်ဆင့်ထုတ်ချေးသည့် မိုက်ခရိုချေးငွေအတိုးနှုန်းကို ယခင် ၂၂.၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း အထိလျှော့ချပေးခဲ့ကြောင်း သိရပါသည်။ အဆိုပါချေးငွေထုတ်ချေးမှု ကြေညာချက်သည် အင်ဒိုနီးရှား၏ စီးပွားရေးအခြေအနေကောင်းမွန်နေသည့် ကာလနှင့်တိုက်ဆိုင်နေပြီး ၂၀၂၆ ခုနှစ် ပထမသုံးလ ပတ်အတွင်း နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းမှာ ၅.၆၁ ရာခိုင်နှုန်းရှိခဲ့ကာ ၎င်းသည် ၂၀၁၄ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးတိုးတက်မှုဖြစ်ကြောင်း သိရပါသည်။ Yogyakarta ပြည်နယ်၏ စီးပွားရေးတိုးတက်မှုနှုန်းမှာလည်း ၅.၈ ရာခိုင်နှုန်းဖြင့် နိုင်ငံလုံးဆိုင်ရာပျမ်းမျှနှုန်းထက် ကျော်လွန်ခဲ့ကြောင်း သိရပါသည်။ သို့ရာတွင် စီးပွားရေးကိန်းဂဏန်းများသည် ပြည်သူများ၏နေ့စဉ်ဘဝတွင် အမှန်တကယ် အကျိုးဖြစ်ထွန်းစေရန် လိုအပ်ကြောင်း ဝန်ကြီးကအလေးပေးပြောကြားခဲ့ပါသည်။ ဝန်ကြီးက ထိုကိန်းဂဏန်းများသည် အရေးကြီးသော်လည်း ပြည်သူများက စီးပွားရေးကိန်းဂဏန်းများကို မစဉ်းစားကြကြောင်း၊ ၎င်းတို့စဉ်းစားသည်မှာ ဆိုင်တွင်ဖောက်သည်လာခြင်း၊ စိုက်ပျိုးသီးနှံများ ရောင်းကောင်းခြင်း၊ ဝင်ငွေလုံလောက်ခြင်းတို့ပင်ဖြစ်ကြောင်းနှင့် ထို့ကြောင့် ၂၀၂၆ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်ကို MSMEs များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကဦးတည် သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံတွင် သွေးရည်ကြည်မှ ဆေးဝါးထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံသွားမည့် ဂျပန်ပဋိဇီဝဆေးဝါးကုမ္ပဏီ

      ဂျပန်နိုင်ငံပဋိဇီဝဆေးဝါးကုမ္ပဏီ Takeda သည် အင်ဒိုနီးရှားနိုင်ငံ၌ သွေးရည်ကြည်မှ ထုတ်လုပ်သည့်ဆေးဝါးများ (Plasma-derived Medicinal Products) ထုတ်လုပ်ရေးကွန်ရက် ဖွံ့ဖြိုးတိုးတက်စေရန် အမေရိကန်ဒေါ်လာ သန်း ၃၀ (အင်ဒိုနီးရှားရူပီး ၅၃၉ ဘီလီယံခန့်) အထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုသည် နှစ်နှစ်တာစီမံကိန်း၏ ပထမအဆင့်ဖြစ်ပြီး အမျိုးသားသွေးရည်ကြည်ဘဏ်ကွန်ရက် (National Plasma Bank Network) ကိုတည်ထောင်ကာ ပြည်တွင်းဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၏ စွမ်းဆောင်ရည် ကိုမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေး ဝန်ကြီး Rosan Roeslani က ထိုမဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုသည် အရင်းအနှီးထည့်ဝင် ခြင်းထက်ပိုမိုအရေးပါပြီး နည်းပညာလွှဲပြောင်းပေးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကျွမ်းကျင်မှုမြင့်မားသည့်အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည့် အခွင့်အလမ်းများကိုလည်း ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် မဟာဗျူဟာမြောက်ကဏ္ဍများတွင် တန်ဖိုးမြှင့်ထုတ်လုပ်ရေးမူဝါဒကို အကောင်အထည်ဖော်ရန်၊ အရေးကြီးသောသွေးရည်ကြည်ဆေးဝါးများကို ပြည်သူများပိုမိုလွယ်ကူစွာ ရရှိအသုံးပြုနိုင်စေရန်နှင့် အင်ဒိုနီးရှားနိုင်ငံကို ဒေသတွင်းကျန်းမာရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုဗဟိုချက်အဖြစ် မြှင့်တင်နိုင်ရန် အစိုးရ၏ကြိုးပမ်းမှုများနှင့် ကိုက်ညီကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ ၎င်းအစီအစဉ်အရ ပထမဆုံးသွေးရည်ကြည်ဘဏ်ကို ၂၀၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်လည်ပတ် နိုင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ဂျပန်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအဓိကအရင်းအမြစ်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ၂၀၂၆ ခုနှစ် ပထမသုံးလပတ် အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ပဉ္စမမြောက်အများဆုံးရင်းနှီးမြှုပ်နှံ သည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အထိ ဂျပန်နိုင်ငံ၏ အမှန်တကယ်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး နှစ်စဉ်ပျမ်းမျှ ၁၃ ဒသမ ၂ ရာခိုင်နှုန်းနှုန်းဖြင့် တိုးတက်လာကာ ဒေသခံအလုပ်အကိုင်ပေါင်း ၃၀၀,၀၀၀ နီးပါး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ငါးဖမ်းရေယာဉ်များအတွက် လောင်စာဆီထောက်ပံ့ရန် စားအုန်းဆီအခွန်ငွေများကို အသုံးပြုတော့မည့် အင်ဒိုနီးရှားနိုင်ငံ

        အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆိနှင့် ကိုကိုး တင်ပို့မှုအပေါ် ကောက်ခံရရှိသည့် အခွန်ဘဏ္ဍာငွေများကို အသုံးပြု၍ အလတ်စား ငါးဖမ်းရေယာဉ်များအတွက် ဒီဇယ်ဆီအား ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

        စိုက်ပျိုးရေးကဏ္ဍ ရန်ပုံငွေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Mohammad Alfansyah က ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာ၌ ထောက်ပံ့ငွေပမာဏမှာ(အမေရိကန်ဒေါ်လာ ၈၃.၀၁ သန်း သို့မဟုတ် မလေးရှားရင်းဂစ် ၃၃၇.၇၃ သန်း) အောက်တွင် ရှိမည်ဟု ခန့်မှန်းရကြောင်း သိရပါသည်။

        စိုက်ပျိုးရေးကဏ္ဍ ရန်ပုံငွေအဖွဲ့၏ အချက်အလက်များအရ မေလအထိ ကောက်ခံရရှိသည့် အခွန်ငွေမှာ အမေရိကန်ဒေါ်လာ ၉၆၃.၁၉ သန်းရှိပြီး၊ ၎င်းမှာ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် လျာထားသည့် ပစ်မှတ်၏ ၆၅ ရာခိုင်နှုန်းနီးပါး ရှိနေပြီဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ထောက်ပံ့မှုသည် တန်ချိန် ၃၀ မှ ၂၀၀ ကြားရှိသော ငါးဖမ်းရေယာဉ်များအတွက် ဂက်စ်ဆီ (Gasoil) မက်ထရစ်တန် ၄၀၀,၀၀၀ ကို လွှမ်းခြုံပေးသွားမည်ဖြစ်ကြောင်း၊ ယင်းမှာ လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန်နှင့် ငါးဖမ်းလုပ်ငန်းကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ဖြစ်ကြောင်း စီးပွားရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့ကြောင်း သိရပါသည်။

        အဆိုပါအဖွဲ့သည် ယခုနှစ်အတွက် အင်ဒိုနီးရှားနိုင်ငံ၏ ဇီဝဒီဇယ် (Biodiesel) မဖြစ်မနေ သုံးစွဲရေးလုပ်ငန်းစဉ်အတွက်လည်း ရူပီယာ ၃၂.၃ ထရီလီယံကို ခွဲဝေချထားပေးပြီးဖြစ်သည်။
         လက်ရှိ အခွန်ကောက်ခံမှုနှုန်းထားသည် ဇီဝဒီဇယ်ထောက်ပံ့မှု၊ အသေးစားစိုက်ပျိုးသူများ ပြန်လည်စိုက်ပျိုးခြင်းနှင့် ဆီအုန်းကဏ္ဍအတွက် ပံ့ပိုးကူညီမှု အဆောက်အအုံများ မြှင့်တင်ပေးခြင်း အပါအဝင် အဖွဲ့အစည်း၏ အစီအစဉ်များကို ဘဏ္ဍာငွေ ထောက်ပံ့ပေးရန် လုံလောက်မှုရှိလိမ့်မည်ဖြစ်ကြောင်း Alfansyah က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

ဗီယက်နမ်စားသုံးသူများ အလှကုန်ပစ္စည်းများအပေါ် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံကျော် သုံးစွဲလာ

         ဗီယက်နမ်နိုင်ငံ၏ အလှအပနှင့် တစ်ကိုယ်ရေသုံးပစ္စည်းစျေးကွက်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၇၄ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားပြီး နောက်ပိုင်းတွင် ဒေါ်လာ ၃ ဘီလီယံအထိ ဆက်လက်တိုးတက်လာရန် မျှော်လင့်ရသည်။

           ဂျာမန်အချက်အလက်သုတေသနလုပ်ငန်း Statista ၏ အချက်အလက်များကို ကိုးကား၍ ဟိုချီမင်းစီးတီးတွင် မကြာသေးမီက ကျင်းပခဲ့သည့် အလှကုန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့မှုကွင်းဆက်ဆိုင်ရာ အခမ်းအနားတစ်ခု၌ ကျွမ်းကျင်သူများက တင်ပြခဲ့ကြသည်။ ၂၀၂၉ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်း ၃.၃ ရာခိုင်နှုန်းခန့် ရှိနေခြင်းကြောင့် အလှအပနှင့် တစ်ကိုယ် ရေသုံးပစ္စည်းစျေးကွက်သည် မကြာမီ ဒေါ်လာ ၃ ဘီလီယံအထိ ရောက်ရှိလာတော့မည် ဖြစ်သည်။

         ၂၀၂၅ ခုနှစ်အရောက်တွင် တစ်ကိုယ်ရေစောင့်ရှောက်မှုကဏ္ဍ (Personal care sector) သည် အကြီးမားဆုံးဝေစုအဖြစ် ဒေါ်လာ ၁.၂ ဘီလီယံခန့် ရှိလာမည်ဖြစ်သည်။ ဗီယက်နမ်စားသုံးသူများသည် အရေပြားကျန်းမာရေးနှင့် လူနေမှုဘဝအရည်အသွေးအပေါ် ပိုမိုအလေးထားလာ ကြသဖြင့် အရှိန်အဟုန်အမြန်ဆုံး တိုးတက်လာမည့် ကဏ္ဍမှာ အရေပြားစောင့်ရှောက်မှု (Skincare) နှင့် အလှကုန်ပစ္စည်း (Cosmetics) ကဏ္ဍဖြစ်သည်။

         DKSH Group ၏ တစ်ကိုယ်ရေစောင့်ရှောက်မှုနှင့် ဓာတုဗေဒပစ္စည်းဌာနခွဲ ဒုတိယဥက္ကဋ္ဌ Michelle Delac က ဗီယက်နမ်အလှကုန်စျေးကွက်သည် ကမ္ဘာ့ပျမ်းမျှနှုန်းထက် များစွာကျော်လွန် ပြီး ဂဏန်းနှစ်လုံးနေရာ (Double-digit) တိုးတက်မှုနှုန်းကို ကြုံတွေ့နေရကြောင်း မှတ်ချက်ပြုခဲ့ သည်။

      အလှအပရေးရာ ထုတ်ကုန်များသည် လက်ရှိ၌ အီလက်ထရွန်နစ်ကုန်သွယ်မှု (E-commerce) ပလတ်ဖောင်းများပေါ်တွင် စုစုပေါင်းကုန်စည်တန်ဖိုး အများဆုံးရရှိနေသည့် အမျိုး အစားဖြစ်သည်။ Metric ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်စားသုံးသူများ သည် Shopee, TikTok Shop, Lazada နှင့် Tiki ဟူသော ပလတ်ဖောင်း ၄ ခုပေါ်ရှိ အလှအပရေးရာထုတ်ကုန်များအတွက် ဗီယက်နမ်ဒေါင် ၇၄.၅ ထရီလီယံခန့် သုံးစွဲသွားမည် ဖြစ်သည်။

       ဗီယက်နမ်နိုင်ငံတွင် Clean Beauty ခေတ်ရေစီးကြောင်းသည် သဘာဝပါဝင်ပစ္စည်းများ (Natural ingredients) သုံးစွဲထားသည်ဟု ကြော်ငြာသည့် ထုတ်ကုန်များနှင့် ဒွန်တွဲနေလေ့ရှိ သည်။ သို့သော်လည်း ကျွမ်းကျင်သူက သဘာဝအတိုင်းဖြစ်ခြင်း သည် ဘေးကင်းခြင်း ကို ရာနှုန်းပြည့် မဆိုလိုကြောင်း သတိပေးထားသည်ဟု သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ မြေသြဇာတင်ပို့မှု အရှိန်အဟုန်ဖြင့် မြင့်တက်လာ

        အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့မြေသြဇာထောက်ပံ့မှု ကွင်းဆက်များ ပြတ် တောက် သွားပြီးနောက် ဗီယက်နမ်နိုင်ငံသည် မြေသြဇာတန်ချိန် ၁.၇ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ပမာဏရော တန်ဖိုးပါ သိသာထင်ရှားစွာ မြင့်တက်လာခဲ့သည်။

       ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်သည် ယခုနှစ်ပထမနှစ် ဝက်အတွင်း မြေသြဇာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၃၃ သန်း ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုပမာဏ ၅၂ ရာခိုင်နှုန်းနှင့် ရရှိသည့်တန်ဖိုး ၁၀၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

        ကမ္ဘောဒီးယားနိုင်ငံသည် တန်ချိန် ၃၃၀,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၁၄၆ သန်းဖိုး) ဖြင့် ဗီယက်နမ်မြေသြဇာကို အများဆုံးဝယ်ယူသည့် ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေသည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံက တန်ချိန် ၁၄၉,၀၀၀ နီးပါး (ဒေါ်လာ ၁၀၄ သန်းဖိုး)၊ ဖိလစ်ပိုင်နိုင်ငံက တန်ချိန် ၁၁၈,၀၀၀ (ဒေါ်လာ ၆၄ သန်းဖိုး) နှင့် မလေးရှားနိုင်ငံက တန်ချိန် ၈၈,၀၀၀ (ဒေါ်လာ ၄၉ သန်းဖိုး) အသီးသီး တင်သွင်းခဲ့ကြသည်။

       စီးပွားရေးလုပ်ငန်းရှင်များ၏ အဆိုအရ ပို့ကုန်အင်တိုက်အားတိုက် မြင့်တက်လာရခြင်းမှာ ကမ္ဘာ့မြေသြဇာထောက်ပံ့မှု ပြတ်တောက်သွားခြင်းကြောင့် ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးတင်းမာမှုများသည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ကုန်စည် ပို့ဆောင်မှုကို သက်ရောက်မှုရှိစေခဲ့ပြီး ပါရှန်းပင်လယ်ကွေ့ဒေသရှိ စက်ရုံအများအပြား ကို ထုတ်လုပ် မှုလျှော့ချစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရုရှားနှင့် တရုတ်နိုင်ငံတို့က ပြည်ပတင်ပို့မှုခွဲတမ်းများကို ဆက်လက်တင်းကျပ်ထားခြင်းကြောင့် နိုင်ငံတကာစျေးကွက်တွင် ထောက်ပံ့မှုပမာဏ ပိုမိုကျုံ့သွား စေခဲ့သည်။

        ကမ္ဘာ့ထောက်ပံ့မှု တင်းကျပ်လာပြီး သွင်းကုန်လိုအပ်ချက် မြင့်မားလာချိန်တွင် ဗီယက်နမ် မြေသြဇာလုပ်ငန်းများသည် ပို့ကုန်အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်နိုင်ရန် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို လျင်မြန်စွာ ညှိနှိုင်းပြင်ဆင်ခဲ့ကြသည်။

        ပြည်ပပို့ကုန်စျေးကွက်၏ ကောင်းမွန်သော ဖြစ်ထွန်းမှုများကို ကဏ္ဍတွင်းရှိ ကုမ္ပဏီအများအပြား၏ စီးပွားရေးရလဒ်များတွင် မြင်တွေ့နိုင်သည်။ ပထမခြောက်လပတ် ပဏာမအစီရင်ခံစာအရ PVCFC သည် ဗီယက်နမ်ဒေါင် ၁၁,၈၀၀ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ပြီး ထုတ်ကုန်တန်ချိန် ၉၀၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ကာ နှစ်စဉ်လျာထားချက်၏ ၅၉ ရာခိုင်နှုန်းကျော်ကို ပြီးမြောက်ခဲ့ပြီဖြစ်သည်။

          တစ်ချိန်တည်းမှာပင် Petrochemical Fertilizer and Chemical Corporation (Phu My Fertilizer) သည် ယခုနှစ်ပထမနှစ်ဝက်တွင် မြေသြဇာနှင့် ဓာတုပစ္စည်း တန်ချိန် ၅၅၁,၅၀၀ ခန့် ထုတ်လုပ်နိုင်ခဲ့ကြောင်း ခန့်မှန်းထားသည်။ စုစုပေါင်းရောင်းချရမှုမှာ တန်ချိန် ၉၇၂,၃၀၀ ခန့်ရှိပြီး ထိုအထဲတွင် မြေသြဇာတစ်မျိုးတည်းတင် တန်ချိန် ၉၀၆,၀၀၀ ကျော်ပါဝင်ကာ ၆ လတာ လျာထားချက်ထက် ၃၂ ရာခိုင်နှုန်း ကျော်လွန်ခဲ့သည်။ Phu My NPK မြေသြဇာသည် တန်ချိန် ၁၄၄,၂၀၀ ခန့် ရောင်းချခဲ့ရပြီး ဗီယက်နမ်ဒေါင် ၁,၈၀၀ ဘီလီယံကျော် ဝင်ငွေပံ့ပိုးပေးနိုင်ခဲ့သဖြင့် ထူးခြားသည့် အမှတ်အသားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။

         လက်ရှိတွင် ဗီယက်နမ်ပြည်တွင်း၌ မြေသြဇာစျေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး အထူးသဖြင့် တောင်ပိုင်းဒေသတွင် Urea၊ DAP နှင့် NPK စျေးနှုန်းများ တက်နေသော်လည်း မြောက်ပိုင်းစျေးကွက်မှာမူ ယေဘုယျအားဖြင့် တည်ငြိမ်နေဆဲဖြစ်သည်။

       နိုင်ငံတကာစျေးကွက်တွင်မူ DTN ၏ အဆိုအရ ဇွန်လအတွင်း အမေရိကန်နိုင်ငံရှိ မြေသြဇာ လက်လီစျေးနှုန်းများသည် ယခင်လနှင့်နှိုင်းယှဉ်ပါက အမျိုးအစားအများစုတွင် ကျဆင်းသွားသော်လည်း ယခင်နှစ်ကာလတူထက် ၄ ရာခိုင်နှုန်းမှ ၄၁ ရာခိုင်နှုန်းအထိ ပိုမိုမြင့်မားနေသေးသဖြင့် ကမ္ဘာ့မြေသြဇာစျေးနှုန်းများ မြင့်မားသည့်အဆင့်တွင် ဆက်ရှိနေကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ