Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကျောက်မီးသွေးမှ မီသနောထုတ်လုပ်မည့်စီမံကိန်း စတင်တည်ဆောက်နေသည့် အင်ဒိုနီးရှား

             အင်ဒိုနီးရှားနိုင်ငံ East Kalimantan ပြည်နယ်တွင် ကျောက်မီးသွေးမှ မီသနောထုတ်လုပ် မည့်စီမံကိန်းကို စတင်တည်ဆောက်နေပြီဖြစ်ပြီး နှစ်စဉ် မီသနော မက်ထရစ်တန် ၁.၃ သန်း ထုတ်လုပ်နိုင်မည်ဟုမျှော်မှန်းထားကြောင်း စွမ်းအင်နှင့် သတ္တုသယံဇာတဝန်ကြီးဌာနက ဩဂုတ် လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ စွမ်းအင်နှင့် သတ္တုသယံဇာတဝန်ကြီးဌာန ဒုတိယဝန်ကြီး Yuliot က အမျိုးသားမဟာဗျူဟာစီမံကိန်းအဖြစ်ဆောင်ရွက်သည့် အဆိုပါစီမံကိန်းသည် low-calorie ကျောက်မီးသွေးများကို မီသနောအဖြစ်ပြောင်းလဲထုတ်လုပ်ကာ ပြည်တွင်းစက်မှုလုပ်ငန်း များအတွက်အသုံးပြုမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ကျောက်မီးသွေးသယံဇာတ၏ တန်ဖိုးကို မြှင့်တင်ပေးနိုင်သည့်အပြင် စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုစီမံကိန်းသည် သဘာဝသယံဇာတများတန်ဖိုးကို မြှင့်တင် ရန်၊ ပြည်တွင်းစက်မှုလုပ်ငန်းကိုခိုင်မာစေရန်၊ သွင်းကုန်အပေါ်မှီခိုနေရမှုကို လျှော့ချရန်နှင့် အမျိုးသားစွမ်းအင်လုံခြုံရေး၊ စွမ်းအင်ဖူလုံရေးတို့ကိုအထောက်အကူပြုရန် ၎င်းတို့ကြိုးပမ်းနေ သည့် အစီအစဉ်များ၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း Yuliot က ဂျကာတာမြို့၌ ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းကို PT Arutmin Indonesia နှင့် PT Kaltim Prima Coal (KPC) တို့ ပူးပေါင်းတည်ထောင်ထားသည့် ဖက်စပ်ကုမ္ပဏီ PT Bumi Etam Chemical (BEC) က East Kalimantan ပြည်နယ်၊ East Kutai ခရိုင်ရှိ Batuta Chemical Industrial Park (BCIP) တွင် မြေဧရိယာ ၉၄၃ ဟက်တာခန့် အသုံးပြု၍ ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ Yuliot သည် East Kutai ခရိုင် Belangon ဒေသ၌ကျင်းပသည့် ကျောက်မီးသွေးဓာတ်ငွေ့ပြောင်းလဲရေးစီမံကိန်း အုတ်မြစ်ချအခမ်းအနားသို့ တက်ရောက်၍ မီသနောထုတ်လုပ်ရေးစက်ရုံတည်ဆောက်မှုကိုစတင်ကြောင်း အတည်ပြုခဲ့ပါသည်။ စီမံကိန်း အနေဖြင့် နှစ်စဉ်ကယ်လိုရီတန်ဖိုး တစ်ကီလိုဂရမ်လျှင် ၃၃၀၀ မှ ၃၄၀၀ ကီလိုကယ်လိုရီရှိသည့် ကျောက်မီးသွေး မက်ထရစ်တန် ၇.၇၀ သန်းမှ ၇.၇၈ သန်းအထိ အသုံးပြုကာ International Methanol Producers and Consumers Association (IMPCA) ၏ Grade စံနှုန်းနှင့် ကိုက်ညီသည့်မီသနောအဖြစ် ပြောင်းလဲထုတ်လုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ယင်းစီမံကိန်းမှ နှစ်စဉ် မီသနောမက်ထရစ်တန် ၁.၃ သန်း ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားပြီး ပြည်တွင်း လိုအပ်ချက်၏ တစ်စိတ်တစ်ပိုင်းကိုဖြည့်ဆည်းပေးကာ မီသနောသွင်းကုန် လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် နှစ်စဉ် နိုင်ငံခြားငွေ အများဆုံး ရူပီး ၇.၁ ထရီလီယံအထိ ချွေတာနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ထိုအုတ်မြစ်ချအခမ်းအနားသည် ကျောက် မီးသွေး တန်ဖိုးမြှင့်ထုတ်လုပ်ရေးအပေါ်အခြေခံသည့် မီသနောစက်မှုလုပ်ငန်း တည်ဆောက်ရေး အတွက် လက်တွေ့ကျသောခြေလှမ်းများ စတင်လိုက်သည်ကို ပြသခြင်းဖြစ်ကြောင်း Yuliot က ပြောကြားခဲ့ပါသည်။ Kalimantan နှင့် ဆူမားတြားဒေသတို့တွင် low-calorie ကျောက်မီးသွေး အမြောက်အမြားရှိနေသည့်အတွက် BEC ၏ စီမံကိန်းသည် အခြားကျောက်မီးသွေးကုမ္ပဏီများ အတွက် စံပြစီမံကိန်းတစ်ရပ်ဖြစ်လာမည်ဟု အစိုးရကမျှော်လင့်ထားကြောင်း ၎င်းကဆိုပါသည်။
သမ္မတ Prabowo Subianto က ၎င်း၏ Asta Cita အစီအစဉ်အောက်တွင် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့် ထိုတန်ဖိုးမြှင့်ထုတ်လုပ်ရေးလုပ်ငန်း ကို ၎င်းတို့ကဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း Yuliot က ပြောကြားခဲ့ပါသည်။  မီသနော စက်ရုံတွင် ဓာတ်ငွေ့ပြောင်းလဲရေးယူနစ်များ၊ ပေါင်းစပ်ဓာတ်ပြုကန်များ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ရေသန့်စင်ရေးအဆောက်အအုံများနှင့် ဆိပ်ကမ်းစက်ရုံတို့ ပါဝင်မည်ဖြစ်ကြောင်း သိရ ပါသည်။ ထို့ပြင် စက်ရုံ၏နည်းပညာပိုင်းကိုလည်း ထုတ်လွှတ်မှုများထိန်းချုပ်နိုင်ရန် ဒီဇိုင်းရေးဆွဲ ထားပြီး ကာဗွန်ဖမ်းယူခြင်းနှင့် သိုလှောင်ခြင်း (CCS) စနစ်နှင့် ပေါင်းစပ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရပါသည်။ ထုတ်လုပ်ရရှိသည့်မီသနောကို အထူးသဖြင့် ရေနံဓာတုစက်မှုလုပ်ငန်း နှင့် ဖော်မယ်လ်ဒီဟိုက်ဒ်ထုတ်လုပ်ရေးလုပ်ငန်းများအပါအဝင် ပြည်တွင်းစက်မှုလုပ်ငန်းများသို့ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် Fatty Acid Methyl Ester (FAME) ထုတ်လုပ်ရေးနှင့် B50 ဇီဝဒီဇယ်အစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုမည် ဖြစ်ကြောင်း သိရပါသည်။ BEC ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Rio Supin က ကုမ္ပဏီ အနေဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် PT Istana Karang Laut (IKL) နှင့် China National Chemical Engineering Co. Ltd. (CNCEC) တို့နှင့် Front-End Engineering Design (FEED) ပြင်ဆင်ရေးနှင့် Engineering, Procurement, Construction and Commissioning (EPCC) Framework Agreement တို့ကိုချုပ်ဆိုခဲ့ပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာအဆင့်သို့ ဝင်ရောက်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား၏ ပထမဆုံး ကျောက်မီးသွေးဓာတ်ငွေ့ပြောင်းလဲ ရေးစီမံကိန်းမှာ အကောင်အထည်ဖော်မှုအဆင့်ကိုဝင်ရောက်ရန် အဆင်သင့်ဖြစ်နေပြီး ဝန်ကြီး၏ လမ်းညွှန်ချက်အတိုင်း ၂၀၂၉ ခုနှစ်တွင် စက်ရုံစမ်းသပ်လည်ပတ်မှုစတင်နိုင်ရန် ရည်မှန်းထားကြောင်းနှင့် BEC အနေဖြင့် အမျိုးသားစွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးကို အထောက်အကူ ပြုရန် အဆင်သင့်ရှိကြောင်း Rio က ပြောကြားခဲ့ပါသည်။ Yuliot က အဆိုပါစီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ဆက်စပ်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေခြင်း နှင့် သက်ဆိုင်သူများအတွက် စီးပွားရေးလှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာစေခြင်းတို့မှတစ်ဆင့် စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို တိုးမြှင့်ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ ကျောက်မီးသွေးမှ မီသနောထုတ်လုပ်သည့် အဆိုပါစီမံကိန်းသည် low-calorie ကျောက်မီးသွေးများကို တန်ဖိုးမြင့် စက်မှုထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန်၊ သွင်းကုန်လျှော့ချရန်နှင့် ပြည်တွင်းစက်မှုလုပ်ငန်းကို ခိုင်မာစေရန် အင်ဒိုနီးရှားအစိုးရ၏ ကြိုးပမ်းမှုများအနက် တစ်ရပ်ဖြစ်ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

ဆော်ဒီအာရေဗျနိုင်ငံသို့ Tankuban Parahu အာရေဗီကာကော်ဖီပထမဆုံးတင်ပို့ခဲ့သည့် အင်ဒိုနီးရှား

            အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် West Bandung ခရိုင် အစိုးရအဖွဲ့သည် Lembang ခရိုင်ခွဲမှထွက်ရှိသည့် ခခကို ဆော်ဒီအာရေဗျ နိုင်ငံသို့ ပထမဆုံးအကြိမ်တင်ပို့နိုင်ရေး အောင်မြင်စွာကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါ သည်။ အဆိုပါဒေသထွက်ကော်ဖီမျိုး ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဒေသအစိုးရ၊ ဒေသခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)၊ ကော်ဖီစိုက်တောင်သူများ၊ အင်ဒိုနီးရှားဗဟိုဘဏ် (Bank Indonesia)၊ ဒေသခံအကောက်ခွန်ရုံးနှင့် အနောက်ဂျာဗား ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။ West Bandung ခရိုင် ဒုတိယ အကြီးအကဲ Asep Ismail က အဆိုပါကော်ဖီကို Arjuna တောင်သူအဖွဲ့က Tona’s Coffee အမှတ်တံဆိပ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဩဂုတ်လ ၃၁ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ ယခုအောင်မြင်မှုသည် West Bandung ဒေသထွက်ကော်ဖီများ ကမ္ဘာ့ဈေးကွက်သို့ တိုးချဲ့ဝင်ရောက်နိုင်ရန် ပထမခြေလှမ်းဖြစ်ကြောင်း ၎င်းကဆိုပါသည်။ လာမည့်နှစ်တွင် ဂျပန် နိုင်ငံကိုလည်း စတင်တင်ပို့ရန် ရည်ရွယ်ထားကြောင်း Ismail က ဆက်လက်ပြောကြားခဲ့ပါသည်။
            Tona’s Coffee ၏ မန်နေဂျာဖြစ်သူနှင့် ဒေသခံလူငယ်ကော်ဖီစိုက်တောင်သူ Dikdik Ramdaniansyah က ၎င်းတို့အဖွဲ့သည် ကော်ဖီပြုပြင်ထုတ်လုပ်မှု နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ် ထားသည့် နမူနာကော်ဖီငါးမျိုးကိုပေးပို့ခဲ့ပြီးနောက် ရီယာဒ်မြို့ရှိဝယ်ယူသူများ၏ စိတ်ဝင်စားမှုကို Tankuban Parahu အာရေဗီကာကော်ဖီကရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အစပိုင်းတွင် အချဉ်ဖောက်ထားသည့် ကော်ဖီနမူနာငါးမျိုးပေးပို့ခဲ့ပြီး နောက်ဆုံးတွင် ဝယ်ယူသူများက နာနတ် သီးနှင့်အချဉ်ဖောက်ထားသည့် ကော်ဖီကိုရွေးချယ်ခဲ့ကြောင်း ၎င်းကရှင်းပြခဲ့ပါသည်။ ပထမဆုံး တင်ပို့သည့်ကော်ဖီမှာ နာနတ်သီးဖြင့်အချဉ်ဖောက်ထားသည့် ကော်ဖီစေ့ကြမ်း (Green Coffee Beans) လေးတန်ဖြစ်ပြီး အရောင်းအဝယ်တန်ဖိုးမှာ ရူပီး သန်း ၈၀၀ ခန့် (အမေရိကန်ဒေါ်လာ ၄၅,၀၇၀ ခန့်) ရှိခဲ့ကြောင်း သိရပါသည်။ ဆော်ဒီအာရေဗျနိုင်ငံမှ ဝယ်ယူသူများ၏ ကနဦးမှာယူမှု မှာ ၂၅ တန်ဖြစ်သော်လည်း ထုတ်လုပ်မှုစွမ်းရည်နှင့် ကုန်ကြမ်းရရှိနိုင်မှု ကန့်သတ်ချက်များ ကြောင့် ပထမအကြိမ်တွင် လေးတန်သာတင်ပို့နိုင်ခဲ့ကြောင်း Ramdaniansyah က ပြောကြား ခဲ့ပါသည်။ ဆော်ဒီဈေးကွက်မှ ဝယ်လိုအားမြင့်တက်လာခြင်းသည် Lembang ဒေသရှိ ကော်ဖီစိုက် တောင်သူများအနေဖြင့် ထုတ်လုပ်မှုတိုးချဲ့ရန် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်လာကြောင်း ၎င်းကအလေးပေးပြောကြားခဲ့ပါသည်။ လက်ရှိတွင် Tona’s Coffee သည် Cibodas ကျေးရွာရှိ ကော်ဖီစိုက်တောင်သူများထံမှ ကော်ဖီတန်ချိန် ၅၀ ခန့် ဝယ်ယူရရှိနေသော်လည်း ပို့ကုန်ဝယ်လို အား ဆက်လက်မြင့်တက်လာပါက အဆိုပါပမာဏဖြင့် လုံလောက်မည်မဟုတ်ကြောင်း သိရပါ သည်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် အဓိကအခက်အခဲမှာ ကုန်ကြမ်းရရှိနိုင်မှုဖြစ်ပြီး အထူးသဖြင့် ကော်ဖီသီးရရှိရန် အခက်အခဲရှိကြောင်း Ramdaniansyah က ပြောကြားခဲ့ပါသည်။ ယင်းအခက် အခဲကိုဖြေရှင်းနိုင်ရန် Tona’s Coffee အနေဖြင့် ထုတ်လုပ်မှုစွမ်းရည်ကို လက်ရှိထက် နှစ်ဆ သို့မဟုတ် သုံးဆအထိတိုးမြှင့်ရန်ရည်ရွယ်ထားပြီး ထိုသို့တိုးမြှင့်ထုတ်လုပ်ပါက လိုအပ်မည့် ကုန်ကြမ်းပမာဏမှာ တန်ချိန် ၁၀၀ ကျော်အထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။
          Tona’s Coffee ၏ B2B အထူးကျွမ်းကျင်သူ Adil Wijayakusumah က နိုင်ငံတကာစံချိန် စံညွှန်းများနှင့်ကိုက်ညီစေရန် သုံးနှစ်ကြာအားထုတ်ကြိုးပမ်းခဲ့ပြီးနောက် ကိုယ်ပိုင်ပို့ကုန်လုပ်ငန်း ကို လွတ်လပ်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   DOCA (ရန်ကုန်)

ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ပိုမိုကောင်းမွန်လာရန်ကြိုးပမ်းနေသည့်အင်ဒိုနီးရှား

          အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးဝန်ကြီးဌာန/ရင်းနှီးမြှုပ်နှံမှုညှိနှိုင်း ရေးဘုတ်အဖွဲ့ (BKPM) သည် နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရန် လိုင်စင် ထုတ်ပေးရေးလုပ်ငန်းစဉ်များ ရိုးရှင်းလွယ်ကူစေရေး၊ဥပဒေရေးရာသေချာမှုခိုင်မာစေရေးနှင့်စီမံကိန်းများတွင်ကြုံတွေ့နေရသည့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာအခက်အခဲများကို ဖြေရှင်းပေး ရေးတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ဩဂုတ် ၂၈ ရက်က ကျင်းပသည့် ၂၀၂၆ ခုနှစ် ဂျကာတာရင်းနှီးမြှုပ်နှံမှုပွဲတော် (JIF) ထိပ်သီးအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးဝန်ကြီး Rosan က ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မျိုးဆက်သစ် စီးပွားရေးကဏ္ဍများဘက်သို့ ပြောင်းလဲရင်းနှီးမြှုပ်နှံလာနေချိန်တွင် ဥပဒေရေးရာသေချာမှုခိုင်မာ စေရေးနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာအတားအဆီးများဖယ်ရှားရေးတို့သည် အဓိကဦးစားပေး လုပ်ငန်းများအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ တန်ဖိုးမြှင့်ထုတ်လုပ် ရေး၏နောက်တစ်ဆင့်သည် သတ္တုတွင်းထွက်ပစ္စည်းများနှင့် ထိုပစ္စည်းများကို ပြုပြင်ထုတ်လုပ် ခြင်းအပေါ်တွင်သာ အာရုံစိုက်မည်မဟုတ်ကြောင်းနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်းများဘက်ကိုပါတိုးချဲ့သွားမည်ဖြစ်ပြီး ၎င်းသည် အနာဂတ်ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း Rosan က ပြောကြားခဲ့ ပါသည်။ စည်းမျဉ်းစည်းကမ်းဆိုင်ရာအထောက်အကူပြုမှုများအပြင် BKPM သည် စီးပွားရေး လုပ်ငန်းများအတွက် ကြိုတင်ခန့်မှန်းနိုင်မှု ပိုမိုကောင်းမွန်စေရေးကိုလည်း ရည်ရွယ်ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။ ခေတ်သစ်ရင်းနှီးမြှုပ်နှံသူများသည် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်အရွယ်အစားတို့အပြင် မူဝါဒတည်ငြိမ်မှု၊ အခြေခံအဆောက်အအုံများ၏ ယုံကြည်စိတ်ချ ရမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်တို့ကိုပါ ထည့်သွင်းစဉ်းစားကြကြောင်း သိရပါ သည်။ Rosan က ဂျကာတာမြို့သည် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိက မောင်းနှင်အားတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နေကြောင်းလည်း အလေးပေးပြောကြား ခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ဂျကာတာမြို့၌ ရင်းနှီးမြှုပ်နှံမှု အကောင်အထည် ဖော်နိုင်မှုတန်ဖိုးမှာ ရူပီး ၁၇၃.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၇ ဘီလီယံခန့်) ရှိခဲ့ပြီး နိုင်ငံတစ်ဝန်းစုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၇.၂ ရာခိုင်နှုန်းရှိခဲ့ကာ ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှု အဆင့်တွင် ဂျကာတာက ထိပ်ဆုံး၌ရပ်တည်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ဒုတိယသုံးလပတ် အတွင်း ဂျကာတာမြို့၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တွင် ပါဝင်မှုမှာ ၁၆.၃ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။ ဂျကာတာမြို့၏ ရင်းနှီးမြှုပ်နှံမှုများအနက် သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရူပီး ၅၄.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၃၅ ဘီလီယံ) ဖြင့် အများဆုံးဖြစ်ကြောင်း သိရပါသည်။ ယင်းနောက် အခြားဝန်ဆောင်မှုလုပ်ငန်း များတွင် ရူပီး ၄၃.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၆၈ ဘီလီယံ)၊ ကုန်သွယ်ရေးနှင့် မော်တော် ယာဉ်ပြုပြင်ရေးလုပ်ငန်းများတွင် ရူပီး ၂၈.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလီယံ)၊ အိမ်ရာနှင့် ရုံးခန်းနေရာကဏ္ဍတွင် ရူပီး ၁၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၆၂ သန်း) နှင့် ဆောက်လုပ်ရေးကဏ္ဍတွင် ရူပီး ၁၂.၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၉၄ သန်း) အသီးသီး ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း သိရပါသည်။ ဂျကာတာသည် အစဉ်အမြဲထိပ်တန်းငါးနေရာထဲတွင် ပါဝင်လေ့ရှိပြီး ယခုနှစ်ပထမနှစ်ဝက်တွင် ပထမနေရာကိုရရှိခဲ့ကြောင်း Rosan က ပြောကြား ခဲ့ပါသည်။ ထို့ပြင် BKPM အနေဖြင့် မဟာဗျူဟာမြောက် စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် အထောက်အကူပြုနိုင်ရန် ဂျကာတာပြည်နယ်အစိုးရနှင့် ဆက်လက်၍အနီးကပ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  DOCA (ရန်ကုန်)

သတ္တုတူးဖော်ရေးကုမ္ပဏီများအားစည်းမျဉ်းသစ်တစ်ရပ်ဖြင့်ဖြေလျှော့ပေးလိုက်သည့် အင်ဒိုနီးရှားအစိုးရ

            အင်ဒိုနီးရှားအစိုးရသည် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် သတ္တုတူးဖော်ရေးကုမ္ပဏီများ အတွက် သဘာဝသယံဇာတပို့ကုန်မှ ရရှိသည့်ဝင်ငွေများကို သုံးလကြာကာလအတွင်း အနည်းဆုံး ၃၀ ရာခိုင်နှုန်း ထိန်းသိမ်းထားနိုင်ရန် စည်းမျဉ်းသစ်တစ်ရပ်ဖြင့် ဖြေလျှော့ပေးလိုက်ကြောင်း သိရ ပါသည်။ အစိုးရစည်းမျဉ်းအမှတ် ၂၁/၂၀၂၆ ၏ ပုဒ်မ ၁၈A အရ သတ်မှတ်ချက်ပြည့်မီသည့် သတ္တုတူးဖော်ရေးပို့ကုန်လုပ်ငန်းရှင်များသည် သဘာဝသယံဇာတပို့ကုန်ဝင်ငွေ၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို သုံးလကြာထားရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ယင်းသည် ယေဘုယျစည်းမျဉ်း အရ ပို့ကုန်ဝင်ငွေ၏ ၁၀၀ ရာခိုင်နှုန်းကို ၁၂ လကြာ ထားရှိရသည့် သတ်မှတ်ချက်နှင့် ကွာခြား ကြောင်း သိရပါသည်။ စီးပွားရေးရာပူးပေါင်းညှိနှိုင်းရေးဝန်ကြီးဌာန အတွင်းဝန် Susiwijono က ယင်းမူဝါဒ၏ အဓိကရည်ရွယ်ချက်သုံးရပ်မှာ မက်ခရိုစီးပွားရေးတည်ငြိမ်မှုနှင့် ပြည်တွင်းဘဏ္ဍာ ရေးဈေးကွက်များကိုခိုင်မာစေရန်၊ တန်ဖိုးမြှင့်ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် လည်ပတ်ငွေကြေးကိုပံ့ပိုးပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်များ တိုးမြှင့်ရန်ဖြစ်ကြောင်း ဩဂုတ် ၃၀ ရက်က ပြောကြားခဲ့ပါသည်။ အကောက်ခွန်နှင့် ယစ်မျိုးဦးစီး ဌာန၏ ပို့ကုန်အကောက်ခွန်ကြေညာစာတမ်းများကိုအခြေခံ၍ ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိကာလအတွင်း အစိုးရက သတ္တုတူးဖော်ရေးပို့ကုန်လုပ်ငန်းရှင်များနှင့် သက်ဆိုင် သည့် အခွန်ထမ်းမှတ်ပုံတင်အမှတ် ၅၃၇ ခုကို ဖော်ထုတ်ခဲ့ကြောင်း သိရပါသည်။ ယင်းအချက် အလက်များကို အထွေထွေဥပဒေစီမံခန့်ခွဲရေးဦးစီးဌာန၏ အချက်အလက်များနှင့် တိုက်ဆိုင် စစ်ဆေးပြီးနောက် အခွန်ထမ်းမှတ်ပုံတင်အမှတ် ၆၄ ခုသည် ပုဒ်မ ၁၈A ပါ အကျိုးခံစားခွင့် အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟု တွေ့ရှိခဲ့ကြောင်း သိရပါသည်။ ယင်းသည် စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ အကျိုးခံစားခွင့်သည် မဖြစ်မနေ အသုံးပြုရမည့်အစီအစဉ်မဟုတ်ဘဲ ဆန္ဒအလျောက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံမှ အစုရှယ်ယာရှင်တစ်ဦးက အနည်းဆုံး အစုရှယ်ယာ ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ကန့်သတ်တာဝန်ယူမှုရှိသောကုမ္ပဏီများအဖြစ် ဖွဲ့စည်းထားသည့် သတ္တုတူးဖော်ရေးပို့ကုန်လုပ်ငန်းရှင်များသည် ယင်းအစီအစဉ်ကို အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အစိုးရက မိတ်ဖက်နိုင်ငံများအဖြစ် အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ ဟောင်ကောင်၊ ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့ကို သတ်မှတ်ထားကြောင်း Susiwijono က ပြောကြားခဲ့ပါသည်။ အဆိုပါနိုင်ငံများသည် အင်ဒိုနီးရှားနိုင်ငံ၏ သတ္တုတူးဖော် ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားသည့် နိုင်ငံများဖြစ်သည့်အပြင် အင်ဒိုနီးရှားနှင့် နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်များ သို့မဟုတ် အခြားကုန်သွယ်ရေးဆိုင်ရာ နားလည်မှု များရှိသည့်နိုင်ငံများဖြစ်ကြောင်း ၎င်းကဆိုပါသည်။ သတ်မှတ်ထားသည့်ပမာဏနှင့် ထားရှိရမည့် ကာလကို ဖြေလျှော့ပေးခြင်းအပြင် သတ်မှတ်ချက်ပြည့်မီသည့် ပို့ကုန်လုပ်ငန်းရှင်များသည် သဘာဝသယံဇာတပို့ကုန်ဝင်ငွေများကို နိုင်ငံခြားငွေဘဏ်များ၌လည်း ထားရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ယင်းအစီအစဉ်အတွက် အထူးအကောင့်များဖွင့်လှစ်နိုင်ရန် နိုင်ငံခြားငွေဝန်ဆောင် မှုပေးသည့် ဘဏ် ၁၅ ခုကို အစိုးရက သတ်မှတ်ထားပြီး နိုင်ငံပိုင်ဘဏ် ငါးခုနှင့် ပုဂ္ဂလိကဘဏ် ၁၀ ခု ပါဝင်ကြောင်း သိရပါသည်။ သဘာဝသယံဇာတပို့ကုန်ဝင်ငွေ အထူးထားရှိရေးအစီအစဉ် သည် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရပါသည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသော်လည်း ယင်းအစီအစဉ်ကို အသုံးမပြုလိုသည့် ပို့ကုန်လုပ်ငန်းရှင် များအနေဖြင့် ပို့ကုန်လုပ်ငန်းရှင်စာရင်း ထုတ်ပြန်ပြီးနောက် အလုပ်လုပ်ရက် ငါးရက်အတွင်း အင်ဒိုနီးရှား ဗဟိုဘဏ်သို့ အကြောင်းကြားစာတင်ပြ၍ အစီအစဉ်မှ နုတ်ထွက်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါအကြောင်းကြားစာကို တင်ပြခြင်းမရှိသည့် ပို့ကုန်လုပ်ငန်းရှင်များသည် အထူးအစီအစဉ်ကို အသုံးပြုရန် ရွေးချယ်ထားပြီးဖြစ်သည်ဟု အလိုအလျောက် သတ်မှတ်ခံရမည် ဖြစ်ကြောင်း သိရပါသည်။ အထူးအစီအစဉ်ကိုအသုံးမပြုသည့် ပို့ကုန်လုပ်ငန်းရှင်များသည် အစိုးရစည်းမျဉ်း အမှတ် ၂/၂၀၂၆ အရ ယေဘုယျစည်းမျဉ်းများကို ဆက်လက်လိုက်နာရမည်ဖြစ်ကြောင်း သိရပါ သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့မဟုတ်သည့် သတ္တုတူးဖော်ရေးပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ဝင်ငွေ၏ ၁၀၀ ရာခိုင်နှုန်းကို ၁၂ လကြာ ထားရှိရမည်ဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ပို့ကုန်လုပ်ငန်းရှင်များမှာမူ အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို သုံးလကြာ ထားရှိရမည် ဖြစ်ကြောင်း သိရပါသည်။  

 DOCA (ရန်ကုန်)

အိန္ဒိယနိုင်ငံ၏ စီးပွားရေး ပိုမိုလျင်မြန်စွာ တိုးတက်လာ

           အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် ၇.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဈေးကွက်၏ မျှော်မှန်းချက်များကို ကျော်လွန်ခဲ့သည်။ယင်းတိုးတက်မှုမှာ ရင်းနှီးတိုးတက်မှုနှင့် ထုတ်လုပ်မှု ကဏ္ဍတို့  အားကောင်းခဲ့ခြင်းကြောင့် ဖြစ်သည်။

          ပြီးခဲ့သည့် သုံးလပတ်တွင် GDP တိုးတက်မှုနှုန်း ၇.၈ ရာခိုင်းနှုန်း ရှိခဲ့ပြီး Reuters ၏ စစ်တမ်းအရ ခန့်မှန်းထားသည့် ၇.၁ ရာခိုင်နှုန်းထက် သိသိသာသာ မြင့်မားခဲ့သည်။ သို့သော် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွက် ခန့်မှန်းထားသည့် ၈.၆ ရာခိုင်နှုန်းထက် လျော့နည်းခဲ့သည်။

          အိန္ဒိယနိုင်ငံ စာရင်းအင်းနှင့် အစီအစဉ်အကောင်အထည်ဖော်ရေး ဝန်ကြီးဌာန၏ အချက် အလက်များအရ စိုက်ပျိုးရေးနှင့် ဆက်စပ်ကဏ္ဍများ၏ တိုးတက်မှုနှုန်းမှာ နှေးကွေးခဲ့သော်လည်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်ကဏ္ဍများမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

          အိန္ဒိယဗဟိုဘဏ် RBI က ဘဏ္ဍာနှစ်၏ ပထမသုံးလပတ်ဖြစ်သည့် ဧပြီလမှ ဇွန်လအထိ စီးပွားရေးတိုးတက်မှုကို ၇ ရာခိုင်းနှုန်းသာ ရှိမည်ဟု ခန့်မှန်းခဲ့သည်။ အကြောင်းအရင်းမှာ ကမ္ဘာ့စီးပွားရေး အခြေအနေ မတည်ငြိမ်မှုများကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှု ရှိနိုင်ခြင်းကြောင့်ဖြစ်သည်။

          Mumbai အခြေစိုက် Axis Bank ၏ သုတေသနဌာနမှ ဒုတိယ ဥက္ကဌ Tanay Dalal က မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သော ရလဒ်များသည် အိန္ဒိယစီးပွားရေး၏ ခံနိုင်ရည် အားကောင်းမှုကို ပြသနေကြောင်း ပြေားကြားခဲ့သည်။ အစိုးရ၏ ထောက်ပံ့ကြေးများနှင့် ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်များကလည်း စီးပွားရေးကို ထောက်ပံ့ပေးနေသည်။

          ထုတ်လုပ်မှု၊ လျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများသည် ၉ ရာခိုင်နှုန်းနီးပါး တိုးတက်ခဲ့သည်။ ထိုးအပြင် ဘဏ္ဍာရေး၊ အိမ်ခြံမြေနှင့် ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုကဏ္ဍသည် ၁၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။

          ယခုအချိန်တွင် အန္တရာယ်အများစုမှာ ပြည်တွင်ဝယ်လိုအား လျော့နည်းသွားနိုင်ခြင်း မဟုတ်ဘဲ ရေနံဈေးနှုန်း ဆက်လက်မြင့်မာနေခြင်း၊ ရူပီးငွေတန်ဖိုး အားနည်းလာခြင်းနှင့် ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေ ပိုမိုတင်းကျပ်လာခြင်းတွေက အဓိကအန္တရာယ်များ ဖြစ်ကြောင်း သိရသည်။    

   DOCA (ရန်ကုန်)

 

 

၂၀၂၆ ခုနှစ် ပထမ (၇) လအတွင်း တရုတ်နိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းကြီးများ၏ အမြတ်ငွေ မြင့်တက်လာ

           ၂၀၂၆ ခုနှစ် ပထမ (၇) လအတွင်း တရုတ်နိုင်ငံ၏ သတ်မှတ်ပမာဏထက် ကျော်လွန်သော အဓိက စက်မှုလုပ်ငန်းကြီးများ၏ အမြတ်ငွေသည် လွန်ခဲ့သောနှစ် တူညီသည့်ကာလထက် ၁၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရို၏ ဩဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန် ချက်အရသိရသည်။ တစ်နှစ်လျှင် ပင်မစီးပွားရေး ဝင်ငွေ အနည်းဆုံး ယွမ် သန်း ၂၀ (အမေရိကန် ဒေါ်လာ ၂.၉၅ သန်းခန့်) ရှိသော အဆိုပါ စက်မှုလုပ်ငန်းကြီးများသည် ဇန်နဝါရီလမှ ဇူလိုင်လအထိ ကာလအတွင်း စုစုပေါင်း အမြတ်ငွေ ယွမ် ၄.၅၈ ထရီလီယံ ရရှိခဲ့ကြောင်း ဒေတာများအရ သိရသည်။

          အဓိက ကဏ္ဍကြီး (၃) ခုအနက် သတ္တုတူးဖော်ရေး ကဏ္ဍ၏ အမြတ်ငွေမှာ ၃၄.၉ ရာခိုင်နှုန်း မြင့်တက်ကာ ယွမ် ၆၆၆.၀၅ ဘီလီယံ ရရှိခဲ့ပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍ၏ အမြတ်ငွေမှာ ၁၈.၈ ရာခိုင်နှုန်း မြင့်တက်ကာ ယွမ် ၃.၄၄ ထရီလီယံနီးပါး ရရှိခဲ့သည်။ သို့သော် လျှပ်စစ်ဓာတ်အား၊ အပူစွမ်းအင်၊ ဓာတ်ငွေ့နှင့် ရေ ထုတ်လုပ်ဖြန့်ဖြူးရေး ကဏ္ဍ၏ အမြတ်ငွေမှာမူ ၅.၈ ရာခိုင်နှုန်း လျှော့ကျခဲ့ပြီး ယွမ် ၄၇၈.၄၂ ဘီလီယံသာ ရှိခဲ့သည်။

       အဓိက စက်မှုလုပ်ငန်းများအနက် ကွန်ပျူတာ၊ ဆက်သွယ်ရေးနှင့် အခြား အီလက်ထရွန်နစ် ပစ္စည်း ထုတ်လုပ်မှု ကဏ္ဍ၏ အမြတ်ငွေမှာ ၁၁၀ ရာခိုင်နှုန်းထိမြင့်တက်ခဲ့သည်။ အရောင်မဲ့ သတ္တုကျိုချက်ခြင်းနှင့် အပြားကြိတ်ခြင်း လုပ်ငန်းမှာ ၉၁.၈ ရာခိုင်နှုန်း၊ ဓာတုဗေဒ ကုန်ကြမ်းနှင့် ထုတ်ကုန်များ ထုတ်လုပ်မှုမှာ ၅၆.၆ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေး တူးဖော်သန့်စင်မှု လုပ်ငန်းမှာ ၅၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ရေနံ၊ ကျောက်မီးသွေးနှင့် အခြား စွမ်းအင်သစ် ထုတ်လုပ်ရေး ကဏ္ဍမှာမူ အရှုံးမှ အမြတ်သို့ ပြန်လည် ကူးပြောင်းနိုင်ခဲ့သည်။

     အမျိုးသား စာရင်းအင်းဗျူရို၏ ဒေတာများအရ ပထမ (၇) လအတွင်း အဆိုပါ စက်မှုလုပ်ငန်း ကြီးများ၏ စုစုပေါင်း ဝင်ငွေမှာ ယွမ် ၈၀.၉၂ ထရီလီယံ ရှိခဲ့ပြီး လွန်ခဲ့သောနှစ်ထက် ၆.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ လုပ်ငန်းလည်ပတ်မှု စရိတ်မှာမူ ၅.၉ ရာခိုင်နှုန်း မြင့်တက်၍ ယွမ် ၆၈.၇၉ ထရီလီယံ ရှိခဲ့သည်။

            အမျိုးသား စာရင်းအင်းဗျူရိုမှ စာရင်းအင်းပညာရှင် Yu Weining က အမြတ်ငွေ ပုံမှန်ထက် ပိုမို လျှင်မြန်စွာ တိုးတက်လာခြင်းမှာ ငြိမ်ဝပ်သော စက်မှုကုန်ထုတ်လုပ်မှုနှင့် မောင်းနှင်အားသစ် များ၏ လျှင်မြန်စွာ တိုးတက်လာမှုကြောင့်ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။ Yu က အီလက်ထရွန်နစ် ကဏ္ဍသည် အဓိက ဒေါက်တိုင်ဖြစ်ကြောင်း၊ ယင်း၏ အမြတ်ငွေ ၁၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စက်မှုလုပ်ငန်း တစ်ခုလုံး၏ အမြတ်ငွေ တိုးတက်မှုတွင် ၉.၃ ရာခိုင်နှုန်းအထိ ပါဝင် ပံ့ပိုးပေးခဲ့ကြောင်း အလေးပေး ပြောကြားခဲ့သည်။ နည်းပညာမြင့် ကုန်ထုတ်လုပ်မှု ကဏ္ဍသည်လည်း အားကောင်းသော အရှိန်အဟုန်ကို ပြသခဲ့ပြီး အမြတ်ငွေ ၅၀.၁ ရာခိုင်နှုန်း မြင့်တက်ကာ စက်မှုလုပ်ငန်း တစ်ခုလုံး တိုးတက်မှုတွင် ၉.၆ ရာခိုင်နှုန်း ပံ့ပိုးပေးခဲ့သည်။ ကုန်ကြမ်း ထုတ်လုပ်မှု ကဏ္ဍ၏ အမြတ်ငွေမှာ ၅၅.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၇.၁ ရာခိုင်နှုန်း ပံ့ပိုးပေးခဲ့သည်။

      ပထမ (၇) လအတွင်း ဝင်ငွေအပေါ် အမြတ်ငွေ ရရှိမှု ရာခိုင်နှုန်းမှာ ၅.၆၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်း တူညီသည့် ကာလများအနက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း Yu က မှတ်ချက်ပြုခဲ့သည်။

         သို့သော် နိုင်ငံတကာ ပတ်ဝန်းကျင်မှာ ဆက်လက် ရှုပ်ထွေး၍ စိန်ခေါ်မှုများ ရှိနေသေးသလို ပြည်တွင်း၌ ရောင်းလိုအား အားကောင်းပြီး ဝယ်လိုအား အားနည်းသည့် မမျှတမှုများလည်း သိသာ နေသေးကြောင်း Yu က သတိပေးခဲ့သည်။ ၎င်းက စက်မှုလုပ်ငန်းများ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအုတ်မြစ်ကို ခိုင်မာစေရန်အတွက် ပြည်တွင်း ဝယ်လိုအား တိုးချဲ့ခြင်း၊ ရောင်းလိုအားကို မြှင့်တင်ခြင်း၊ ရိုးရာ စက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ခြင်း၊ ပေါ်ထွက်ခါစ ကဏ္ဍများကို တိုးတက်စေခြင်းနှင့် အနာဂတ် စက်မှုလုပ်ငန်းများကို ပျိုးထောင်ပေးခြင်းတို့ကို ပိုမို ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့သည်။ ဇူလိုင်လ တစ်လတည်းတွင်ပင် အဓိက စက်မှုလုပ်ငန်းကြီးများ၏ အမြတ်ငွေမှာ လွန်ခဲ့သောနှစ် တူညီသည့်ကာလထက် ၁၁.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရိုအရ သိရသည်။

  DOCA (ရန်ကုန်)

အရောင်းအဝယ်တန်ဖိုး ရူပီး ၁၅ ဘီလီယံခန့် ရှိခဲ့သည့် အင်ဒိုနီးရှား၏ Dieng ကော်ဖီပွဲတော်

               အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားပြည်နယ် Banjarnegara ခရိုင်၌ ဩဂုတ် ၂၈ ရက်မှ ၃၀ ရက်အထိကျင်းပခဲ့သည့် Dieng ကော်ဖီပွဲတော်တွင် အရောင်းအဝယ်တန်ဖိုး ရူပီး ၁၅ ဘီလီယံခန့် ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၄၆,၀၀၀ ခန့်နှင့်ညီမျှကြောင်း သိရပါသည်။ အဆိုပါကော်ဖီပွဲတော် သည် ၁၆ ကြိမ်မြောက် Dieng ယဉ်ကျေးမှုပွဲတော် (DCF) ၏ အစီအစဉ်တစ်ရပ်အဖြစ် ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Banjarnegara ခရိုင် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုရုံး အကြီးအကဲ Tursiman က ဩဂုတ် ၃၀ ရက်တွင် Dieng Kulon ကျေးရွာ၌ ပြောကြားရာတွင် အဆိုပါအရောင်းအဝယ်တန်ဖိုးသည် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွဲတော်၏ ကြီးမားသည့် အလားအလာကိုဖော်ပြနေကြောင်း ပြောကြားခဲ့ပါသည်။ ထိုပမာဏသည် အလွန် ထူးခြားသည့်ပမာဏဖြစ်ပြီး ကော်ဖီပွဲတော်တစ်ခုတည်းမှရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြား ပြီး DCF ပွဲတော်၏ အခြားအစီအစဉ်များမှ အရောင်းအဝယ်တန်ဖိုးများကိုမူ လက်ရှိတွင် စုစုပေါင်း တွက်ချက်ခြင်းမပြုရသေးကြောင်း ဆိုပါသည်။ Dieng ကော်ဖီပွဲတော်တွင် ဥပဒေရေးရာဝန်ကြီး ဌာန၏ ဉာဏပစ္စည်းမူပိုင်ခွင့်အထွေထွေညွှန်ကြားရေးမှူးရုံး၏ ပံ့ပိုးကူညီမှုဖြင့် ဒေသခံကော်ဖီ စိုက်ပျိုးထုတ်လုပ်သူ ၁၄ ဦးက ထုတ်လုပ်သည့်ကော်ဖီများအပြင် Banjarnegara ခရိုင်ရှိ မြို့နယ်ခွဲ အများအပြားမှထွက်ရှိသည့် ဒေသထွက်ကုန်ပစ္စည်း ၃၅ မျိုးကိုလည်း ခင်းကျင်းပြသခဲ့ကြောင်း သိရပါသည်။ ကော်ဖီသည် တန်ဖိုးမြင့်ကုန်စည်တစ်ရပ်ဖြစ်ပြီး ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်သည့် ကုန်စည်တစ်မျိုးဖြစ်ကြောင်း အဆိုပါ အရောင်းအဝယ် တန်ဖိုးကသက်သေပြနေသည်ဟု Tursiman က ပြောကြားခဲ့ပါသည်။ Banjarnegara ခရိုင်အနေဖြင့် ဒေသစီးပွားရေးတိုးတက်ရေးအတွက် ကော်ဖီကဏ္ဍကို အမြင့်ဆုံးအလားအလာရရှိ စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် အပြည့်အဝအားထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါသည်။ ထို့ပြင် ယင်းပွဲတော်မှတစ်ဆင့် ဒေသထွက်ကော်ဖီများ၏ ဈေးကွက်တန်ဖိုး ပိုမိုမြင့်တက်လာမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းကဆိုပါသည်။
          Banjarnegara ခရိုင်အစိုးရအဖွဲ့သည် အင်ဒိုနီးရှားဗဟိုဘဏ်နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ် Dieng ယဉ်ကျေးမှုပွဲတော်၏အစီအစဉ်အားလုံးမှရရှိသည့် စုစုပေါင်းအရောင်းအဝယ်တန်ဖိုးကို တွက်ချက် သွားမည်ဖြစ်ကြောင်း သိရပါသည်။ Dieng ကော်ဖီပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ Alif Zain Fahmi က အဆိုပါပွဲတော်ကို အင်ဒိုနီးရှားဗဟိုဘဏ်နှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း ဩဂုတ် ၂၈ ရက် ပွဲတော်ဖွင့်ပွဲတွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားဗဟိုဘဏ်သည် Banjarnegara ၏ ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုမှသည် ထုတ်ကုန်ပြုပြင် ထုတ်လုပ်ခြင်းနှင့် ဈေးကွက်တင်ရောင်းချခြင်းအထိတစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည့်အစီအစဉ်အမျိုးမျိုးဖြင့် အစဉ်တစိုက်ပံ့ပိုးပေးလျက်ရှိကြောင်း Fahmi က ပြောကြားခဲ့ပါသည်။ Dieng ကော်ဖီပွဲတော်အပြင် ၁၆ ကြိမ်မြောက် Dieng ယဉ်ကျေးမှုပွဲတော်တွင် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန်ရည်ရွယ်သည့် ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် ဖန်တီးမှုစီးပွားရေးဆိုင်ရာ အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရ ပါသည်။

DOCA (ရန်ကုန်)

အမေရိကန် ဒေါ်လာ ၂၅၀၀ တန်ဖိုးရှိသည့်သန္တာကျောက်များအား အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့သည့်အင်ဒိုနီးရှား

          အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso သည် ဩဂုတ် ၂၈ ရက်တွင် အမေရိကန် ဒေါ်လာ ၂၅၀၀ တန်ဖိုးရှိသည့်သန္တာကျောက်များအား အမေရိကန်နိုင်ငံသို့ တင်ပို့မှုကို ဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါသည်။ အဆိုပါသန္တာကျောက်များကို အရှေ့ဂျာဗားပြည်နယ်၊ Banyuwangi ခရိုင်၊ Ketapang မြို့အခြေစိုက် ပြည်တွင်းရေထွက်ပစ္စည်းမွေးမြူရေးကုမ္ပဏီ PT Sri Kandi Aquarium က မွေးမြူထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီး Santoso က အစိုးရအနေဖြင့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေး ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ဈေးကွက်ရှာဖွေရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အထောက်အပံ့များကိုလည်း အပြည့်အဝ ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိတွင် အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး ဌာနသည် နိုင်ငံပေါင်း ၃၃ နိုင်ငံ၌ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးများနှင့် အင်ဒိုနီးရှားကုန်သွယ်မှု မြှင့်တင်ရေးစင်တာ (ITPC) များ ဖွင့်လှစ်ထားကြောင်း သိရပါသည်။ ယင်းရုံးများ၏ အဓိက တာဝန်မှာ အလားအလာရှိသည့် ဝယ်ယူသူများနှင့် ချိတ်ဆက်ပေးခြင်း၊ အင်ဒိုနီးရှားထုတ်ကုန် များကို ကမ္ဘာ့ဈေးကွက်၌မြှင့်တင်ပေးခြင်းတို့ဖြစ်ပြီး Banyuwangi ဒေသရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (MSMEs) မှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများလည်း ပါဝင်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ ရေထွက်ပစ္စည်းမွေးမြူရေးကုမ္ပဏီပိုင်ရှင် I Ketut Sukandi က အမေရိကန်နိုင်ငံသို့တင်ပို့သည့်ကုန်ပစ္စည်းတွင် မွေးမြူထားသည့်  အလှမွေး သန္တာကျောက် အလုံးရေ ၂၀၀ ခန့် ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီအနေဖြင့် ဥရောပ နိုင်ငံအချို့သို့လည်း တစ်လလျှင် ပျမ်းမျှ ခြောက်ကြိမ်မှ ခုနစ်ကြိမ်အထိ တင်ပို့လျက်ရှိပြီး အော်ဒါမှာယူမှုပမာဏအပေါ်မူတည်၍ တစ်ကြိမ်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၅၀၀ ခန့် ရှိကြောင်း ၎င်းကဆိုပါသည်။ ကုမ္ပဏီကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက်  သန္တာ ကျောက်မျိုးစိတ် ၂၉ မျိုးကို အောင်မြင်စွာ မွေးမြူထုတ်လုပ်ကာ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ နိုင်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားအထူးမြင့်မားသည့် သန္တာမျိုးစိတ်များ အနက် Euphyllia သန္တာသည် တစ်မျိုးအပါအဝင်ဖြစ်ကြောင်း Sukandi က ပြောကြားခဲ့ပါသည်။
            လက်ရှိတွင် ကုမ္ပဏီ၏ ပို့ကုန်ဈေးကွက်သည် နိုင်ငံပေါင်း ၂၀ အထိ ရှိလာပြီး ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ ပိုလန်၊ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့လည်း ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ သန္တာကျောက်များတင်ပို့မှုမပြုမီ ဝန်ကြီး Santoso နှင့် Banyuwangi ခရိုင် ဒုတိယအကြီးအကဲ Mujiono တို့သည် သန္တာကျောက်မွေးမြူရေးစက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရပါသည်။ ၎င်းတို့သည် သန္တာကျောက်များကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့မွေးမြူသည့်လုပ်ငန်းစဉ်မှစ၍ ပို့ကုန်အတွက် နောက်ဆုံးထုပ်ပိုးပြင်ဆင်သည့်အဆင့်အထိလုပ်ငန်းဆောင်ရွက်မှုများကို ကိုယ်တိုင်လေ့လာစစ်ဆေးခဲ့ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

မော်ရိုကိုသို့စားအုန်းဆီနှင့် အေးခဲပုစွန်များတင်ပို့မှုမြှင့်တင်မည့်အင်ဒိုနီးရှား

              အင်ဒိုနီးရှားနိုင်ငံသည် မော်ရိုကိုနိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်နှင့် လက်ရှိအချိန်အထိ အပြည့်အဝအသုံးချနိုင်ခြင်းမရှိသေးသည့် ပို့ကုန်အလားအလာများကို ဖော်ထုတ်အသုံးချနိုင်ရန် အဓိကပို့ကုန်ကုန်စည်များဖြစ်သည့် စားအုန်းဆီကြမ်းနှင့် အေးခဲပုစွန်များအပါအဝင် ကုန်ပစ္စည်း များ တိုးမြှင့်တင်ပို့ရန်ရည်မှန်းထားကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဒုတိယဝန်ကြီး Dyah Roro Esti က ဩဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားအနေနှင့် မော်ရိုကိုနိုင်ငံကို အန်ဟိုက်ဒရပ်စ် အမိုးနီးယား၊ ရေနံအုန်းဆီနှင့် ပြုပြင်ပြီးအုန်းဆီ၊ semi-finished သံနှင့် သံမဏိ ထုတ်ကုန်များ၊ အေးခဲပုစွန်များအပါအဝင် ထုတ်ကုန်များတင်ပို့နိုင်မည့် အလားအလာများစွာ ပိုင်ဆိုင်ထားသော်လည်း အပြည့်အဝအသုံးချနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဂျကာတာမြို့၌ ထုတ်ပြန်သည့်ကြေညာချက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါကုန်စည်များအပြင် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးဆက်ဆံမှုများ ပိုမိုခိုင်မာလာသည်နှင့်အမျှ အခြားထုတ်ကုန်များကိုလည်း မော်ရိုကိုဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်မည်ဖြစ်ကြောင်း Esti က ပြောကြားခဲ့ပါသည်။ မော်ရိုကို နိုင်ငံသည် အင်ဒိုနီးရှားအတွက် ဓာတ်မြေဩဇာနှင့် အလူမီနီယမ်ကဲ့သို့ မဟာဗျူဟာမြောက် ကုန်ပစ္စည်းများကို အဓိကပံ့ပိုးပေးသည့်နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် အရေးပါသောကုန်သွယ်ဖက် နိုင်ငံဖြစ်ကြောင်း သိရပါသည်။ ဈေးကွက်ဝင်ရောက်ခွင့်တိုးချဲ့နိုင်ရေးသည် အင်ဒိုနီးရှားအစိုးရက အင်ဒိုနီးရှား-မော်ရိုကို ကုန်သွယ်ရေးသဘောတူညီချက် (Indonesia-Morocco Trade Agreement) ဆွေးနွေးမှုများကိုအရှိန်မြှင့်ရန်တွန်းအားပေးနေသည့် အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ပြီး အဆိုပါသဘောတူညီချက်ကို ၂၀၂၇ ခုနှစ်တွင် အပြီးသတ်ရန်ရည်မှန်းထားကြောင်း သိရပါ သည်။ ဩဂုတ် ၂၇ ရက်က မော်ရိုကိုနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Omar Hejira နှင့် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုများအပေါ် အွန်လိုင်း မှတစ်ဆင့် ဆက်လက်ဆွေးနွေးခဲ့ရာတွင် ယင်းဆွေးနွေးမှုများ ပြန်လည်အသက်ဝင်လာစေရေး သည် နှစ်နိုင်ငံစလုံးအတွက် စီးပွားရေးအကျိုးအမြတ်များပိုမိုရရှိစေရန် အရေးကြီးသော ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း Esti က အလေးပေးပြောကြားခဲ့ပါသည်။ ဆွေးနွေးမှုများတွင် လက်တွေ့ ကျသော အချိန်ဇယားတစ်ရပ်သတ်မှတ်ခြင်း၊ လက်ရှိရေးဆွဲထားသည့် သဘောတူညီချက်မူကြမ်း များအပေါ်အခြေခံ၍ ဆွေးနွေးမှုများဆက်လက်ပြုလုပ်ခြင်းနှင့် နှစ်နိုင်ငံစလုံးအတွက် မျှတပြီး အပြန်အလှန်အကျိုးရှိစေမည့် ဈေးကွက်ဝင်ရောက်ခွင့်ရည်မှန်းချက်များ သတ်မှတ်ခြင်းတို့ကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။ မော်ရိုကိုနိုင်ငံသည် အင်ဒိုနီးရှားထုတ်ကုန် များ အာဖရိက၊ ဥရောပနှင့် မြေထဲပင်လယ်ဒေသဈေးကွက်များသို့ ဝင်ရောက်နိုင်ရေးအတွက် မဟာဗျူဟာမြောက်တံခါးပေါက်တစ်ခုအဖြစ် အရေးပါကြောင်း သိရပါသည်။ တစ်ဖက်တွင်လည်း အင်ဒိုနီးရှားသည် မော်ရိုကိုနိုင်ငံအတွက် အာဆီယံနှင့် အင်ဒို-ပစိဖိတ်ဒေသဈေးကွက်များသို့ ဝင်ရောက်နိုင်ရန် တံခါးပေါက်တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနှင့် မော်ရိုကိုနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၅ သန်းရှိခဲ့ပြီး ယခင်နှစ်ထက် ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ အဆိုပါတိုးတက်မှုလမ်းကြောင်းသည် ၂၀၂၆ ခုနှစ် ပထမငါးလအတွင်းလည်း ဆက်လက် ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၃၇ ရာခိုင်နှုန်းတိုးတက်ကာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၀ သန်းအထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှား၏ မော်ရိုကိုနိုင်ငံသို့ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၅၄.၉ သန်းရှိခဲ့ပြီး ကော်ဖီ၊ လေဖိအားသုံးတာယာ၊ တိရစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်မှရရှိသည့် အဆီနှင့် ဆီများ၊ margarine နှင့် ပြုပြင်ပြီးအစားအစာများ၊ ကျောက်မီးသွေးတို့ကို အဓိကတင်ပို့ခဲ့ကြောင်း သိရပါ သည်။ အလားတူ ၂၀၂၅ ခုနှစ်တွင် မော်ရိုကိုနိုင်ငံမှ အင်ဒိုနီးရှားသို့ တင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၈၀.၁ သန်းရှိခဲ့ပြီး သတ္တုဓာတ် သို့မဟုတ် ဓာတုဗေဒဓာတ်မြေဩဇာများ၊ ဖော့စဖိတ်ဓာတ်မြေဩဇာများ၊ မပြုပြင်ရသေးသည့် အလူမီနီယမ်နှင့် အမျိုးသမီးဝတ်အဝတ် အထည်များကို အဓိကတင်သွင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အင်ဒိုနီးရှား၏ မော်ရိုကိုနိုင်ငံသို့ပို့ကုန်များသည် ပျမ်းမျှ ၄.၉၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မော်ရိုကို နိုင်ငံသည် အင်ဒိုနီးရှား၏ ၇၄ ခုမြောက် အကြီးဆုံးပို့ကုန်ဈေးကွက်အဖြစ် ရပ်တည်နေကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

ကိုကိုးနှင့် ဆီအုန်းထုတ်ကုန်တန်ဖိုးကွင်းဆက်ဖွံ့ဖြိုးရန်မလေးရှားနှင့် ပါပူအာနယူးဂီနီနိုင်ငံ တို့နှင့် ပူးပေါင်းဆောင်ရွက်မည့်အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံသည် ရေရှည်တည်တံ့သော ကိုကိုးနှင့် ဆီအုန်းထုတ်ကုန် တန်ဖိုး ကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလေးရှားနှင့် ပါပူအာနယူးဂီနီနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာအသစ်များကို ရှာဖွေလျက်ရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှား အစားအသောက်ရေးရာပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးဌာနမှ အရာရှိ Nani Hendiarti ၏ ပြောကြား ချက်အရ ဩဂုတ် ၂၇ ရက်မှ ၂၈ ရက်အထိကျင်းပသည့် ရေရှည်တည်တံ့သော ကုန်စည်များ ဆိုင်ရာ ဒေသတွင်းလေ့လာရေးဖိုရမ် (Regional Learning Forum on Sustainable Commodities) သည် အကောင်းဆုံးလက်တွေ့ဆောင်ရွက်မှုများကိုဖော်ထုတ်၍ သုံးနိုင်ငံအကြား ပူးပေါင်းဖော်ဆောင်နိုင်ရန်ရည်ရွယ်သည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ ထိုနှစ်ရက် တာဆွေးနွေးမှုအတွင်း နောက်ဆက်တွဲပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်အသစ်များ ပေါ်ပေါက်လာနိုင်ကြောင်း အဆိုပါဝန်ကြီးဌာန၏ အစားအသောက်ရရှိနိုင်မှုနှင့် လုံခြုံရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ဒုတိယအကြီးအကဲ Nani Hendiarti က ဩဂုတ် ၂၇ ရက်တွင် ပြောကြား ခဲ့ပါသည်။ ဆီအုန်းနှင့် ကိုကိုးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင်ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲ မှု၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှုနှင့် ဈေးကွက်နှင့် တန်ဖိုးပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများသည် နယ်စပ်ဖြတ်ကျော်သက်ရောက်မှုရှိသည့်ပြဿနာများဖြစ်သောကြောင့် စုပေါင်းဖြေရှင်းရန် လိုအပ် ကြောင်း ၎င်းကရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါကုန်စည်နှစ်မျိုးကို အဓိကထုတ်လုပ် ပေးနေသည့် အသေးစားတောင်သူများပါဝင်ဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ရေရှည် တည်တံ့သောတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်မှုမှ တောင်သူများနှင့် ဒေသခံလူထုအပါအဝင် သက်ဆိုင်သူများ အကျိုးခံစားခွင့်ရရှိစေရန်လိုအပ်ကြောင်း ၎င်းကဆိုပါသည်။ ပူးပေါင်းဆောင်ရွက် ရေးအဆိုပြုချက်များကို အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် အသေးစားတောင်သူများအပါအဝင် သက်ဆိုင်သူအားလုံးပါဝင်၍ လက်တွေ့အကောင်အထည်ဖော်နိုင်သည့်မူဝါဒများအဖြစ် ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ စားနပ်ရိက္ခာစနစ်၊ မြေအသုံးချမှု နှင့် ပြန်လည်ထူထောင်ရေး (FOLUR) စီမံကိန်းအရ ဆီအုန်း၊ ကိုကိုး၊ ကော်ဖီနှင့် ဆန် စသည့် ကုန်စည်လေးမျိုး၏ ရေရှည်တည်တံ့သောတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် ရန်သတ်မှတ်ထားကြောင်း Hendiarti က ပြောကြားခဲ့ပါသည်။ အဆိုပါအမျိုးသားစီမံကိန်းကို ဘက်စုံပတ်ဝန်းကျင်ရန်ပုံငွေဖြစ်သည့် Global Environment Facility (GEF) ကလည်း ထောက်ပံ့ပေးထားကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။ အလားတူ အင်ဒိုနီးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ဌာနေကိုယ်စားလှယ် Sara Ferrer Olivella က အင်ဒိုနီးရှား၊ မလေးရှားနှင့် ပါပူအာနယူးဂီနီတို့သည် အလားတူစိန်ခေါ်မှုများကို ရင်ဆိုင်နေရ သော်လည်း နိုင်ငံတစ်နိုင်ငံချင်းစီအတွက် သင့်လျော်သည့်ဖြေရှင်းနည်းများမှာ မတူညီနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ တန်ဖိုးကွင်းဆက် ပြောင်းလဲဖော်ဆောင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍသို့ ရန်ပုံငွေထောက်ပံ့မှုလိုအပ်သော်လည်း ရေရှည်တည်တံ့မှုနှင့် အသေးစားတောင်သူများ၏ အကျိုး စီးပွားများကိုလည်း လျစ်လျူရှုမထားသင့်ကြောင်း ၎င်းကဆိုပါသည်။ ဒေသတွင်းလေ့လာရေး ဖိုရမ်တွင် FOLUR စီမံကိန်း အကောင်အထည်ဖော်မှု၊ ရေရှည်တည်တံ့သော မြေယာရှုခင်း စီမံခန့်ခွဲမှု၊ ရေရှည်တည်တံ့မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ၊ အသေးစားတောင်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် အခြားဆက်စပ်အစီအစဉ်များနှင့်ပတ်သက်၍ အတွေ့အကြုံများ နှင့် အကောင်းဆုံးလက်တွေ့ဆောင်ရွက်မှုများကို ဖလှယ်ခဲ့ကြကြောင်း သိရပါသည်။ ဖိုရမ်အတွင်း ကျင်းပသည့် စီးပွားရေးမိတ်ဖက်ချိတ်ဆက်ပွဲ၌ အင်ဒိုနီးရှား၊ မလေးရှားနှင့် ပါပူအာနယူးဂီနီနိုင်ငံ တို့၏ ဆီအုန်းကဏ္ဍမှ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအစီအစဉ်များကို အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် ဝယ်ယူသူများထံမိတ်ဆက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် အင်ဒိုနီးရှားနှင့် ပါပူအာနယူးဂီနီတို့တွင် ကိုကိုးကဏ္ဍအတွက် ထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်ရေး အခြေခံ အဆောက်အအုံများတည်ဆောက်ခြင်း၊ တောင်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့အပါ အဝင် ရင်းနှီးမြှုပ်နှံနိုင်သည့်အလားအလာများရှိနေကြောင်း သိရပါသည်။ အင်ဒိုနီးရှား စိုက်ပျိုးရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်အထိ နိုင်ငံအတွင်း ဆီအုန်းစိုက်ခင်းဧရိယာမှာ ပြည်နယ် ၂၈ ခု၌ စုစုပေါင်း ဟက်တာ ၁၆.၈၃ သန်း ရှိကြောင်း သိရပါသည်။ ယင်းအနက် ၆.၉၃ သန်းဟက်တာကို အသေးစားတောင်သူများက စီမံခန့်ခွဲလုပ်ကိုင်လျက်ရှိပြီး တောင်သူဦးရေ ၃.၀၄ သန်း ပါဝင်သည်။ ၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ဆီအုန်းစိမ်း (CPO) ထုတ်လုပ်မှုမှာ တန်ချိန် ၅၁.၆ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၇.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းတွင် အင်ဒိုနီးရှားနိုင်ငံ၏ ကိုကိုးထုတ်လုပ်မှုမှာ ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၆၁၆,၁၀၃ တန်ရှိခဲ့ပြီး ပျမ်းမျှမြေတစ်ဟက်တာလျှင်ထုတ်လုပ်မှုမှာ ၇၁၄ ကီလိုဂရမ်ရှိကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ