Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ယခုဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် ငါးမက်ထရစ်တန် တစ်သိန်းကျော် တင်ပို့နိုင်

   မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ငါးလတာကာလအတွင်း   ပြည်ပသို့ ရေထွက်ကုန်ငါးတင်ပို့မှုအနေဖြင့် မက်ထရစ်တန် တစ်သိန်း ကျော်  တင်ပို့နိုင်ခဲ့ကြောင်း  ငါးလုပ်ငန်းဦးစီးဌာနမှ  တာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရ  သိရသည်။

"ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေသြဂုတ်လ  ၃၁  ရက်အထိ   ငါးလတာကာလအတွင်း ပြည်ပကို ငါးတင်ပို့မှုအနေနဲ့ မက်ထရစ်တန် ၁၀၈၇၃၃.၂၇၄ တန်တင်ပို့နိုင်ပြီး အမေရိကန် ဒေါ်လာ ၁၂၇ . ၈၅၉ သန်းရရှိခဲ့ပါတယ်"  ဟု၎င်းကပြောသည်။

အဆိုပါ ငါးလတာကာလအတွင်း ပြည်ပသို့ ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၅၇၈၁၉.၁၇၉   တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၈၅.၅၄၉ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ငါး မက်ထရစ်တန် ၅၀၉၁၄.ဝ၉၅  တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ  ၄၂.၃၁ သန်း ရရှိသည့်အတွက် စုစုပေါင်းငါးမက်ထရစ်တန် ၁၀၈၇၃၃.၂၇၄  တန်တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၁၂၇ .၈၅၉ သန်း ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ငါးအပါအဝင်တခြားရေထွက်ကုန်ပစ္စည်းများကို တင်ပို့လျက် ရှိရာ   ယခုဘဏ္ဍာနှစ်  ငါးလတာကာလအတွင်း  ရေထွက်ကုန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁၅၃၉၂၆ ဒသမ၃၃၉ တန်တင်ပို့နိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ   ပုစွန်အပါအဝင်ငါးစသည့် ရေထွက် ကုန်များကို  တရုတ်၊ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ကျော်သို့  တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့်  ပုံမှန်တင်ပို့သည့်အပြင် နယ်စပ် ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့မှု ရှိကြောင်း  သိရသည်။

DOCA(ဧရာဝတီ)

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ရန်လျာထား

       ယခုဘဏ္ဍာနှစ်အတွင်း  ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ရန် လျာထား ကြောင်း   မြန်မာနိုင်ငံ ပဲမျိုးစုံ၊   ပြောင်းနှင့်   နှမ်းကုန်သည်များ အသင်းမှ သိရသည်။

"ဒီဘဏ္ဍာနှစ်ထဲမှာ  ပြည်ပကို  ပဲမျိုးစုံ တန်ချိန်  ၁.၈ သန်းကျော်တင်ပို့ဖို့ လျာထား ပြီး   ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁.၅ဘီလီယံလောက်ရဖို့ မျှော်မှန်းထားပါကြောင်း၊ ပြည်တွင်းက ထွက်ရှိတဲ့   ပဲမျိုးစုံကို   အိန္ဒိယနိုင်ငံကို  အဓိကတင်ပို့ပြီး တခြားပြည်ပ နိုင်ငံတွေကိုလည်း တင်ပို့ပါတယ်။ ဈေးကွက်အသစ်   ရှာဖွေတင်ပို့တာထက် ရှိပြီးသား ဈေးကွက် ကို ပိုမိုတင်ပို့နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေ ပါတယ်" ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းမှ   တာဝန်ရှိသူ တစ်ဦးကပြောကြားကြောင်း သိရှိရပါသည်။

          ပြည်ပနိုင်ငံများသို့  ပဲမျိုးစုံတင်ပို့ရာတွင်  မတ်ပဲကို အဓိကတင်ပို့နေပြီး ပဲတီစိမ်း၊ ပဲစင်းငုံ အပါအဝင်  ပဲအမျိုးအစား ပေါင်း ၂၀ ကျော်ကို တင်ပို့နေခြင်းဖြစ်သည်။မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့  အများဆုံးတင်ပို့နေပြီး တရုတ်နိုင်ငံနှင့် ဥရောပဈေးကွက်များသို့ပါ တင်ပို့နေကြောင်း သိရသည်။  ပြီးခဲ့သည့်ဘဏ္ဍာနှစ်က  မြန်မာပဲမျိုးစုံ တန်ချိန်  ၂.၁၄ သန်း တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၈၂ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ယခုဘဏ္ဍာနှစ် ဒုတိယခြောက်လတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တိုးမြှင့်တင်ပို့ရန် လျာထား

 မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်သည် ပြည်ပနိုင်ငံများသို့   ဆန်နှင့်ဆန်ကွဲများ တိုးမြှင့်တင်ပို့ နိုင်ရန် ဆောင်ရွက် လျက်ရှိရာ  ယခုဘဏ္ဍာနှစ်  ဒုတိယခြောက်လတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်  ၁၈သိန်း တင်ပို့ရန်လျာထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ ယခု ဘဏ္ဍာနှစ်  ပထမခြောက်လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၂ သိန်း တင်ပို့ရန် လျာထားသည့်အနက် စက်တင်ဘာလ ၃၀ ရက်အထိ လျာထားချက်အတိုင်း ပြည့်မီစွာ တင်ပို့ နိုင်ခဲ့ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀၈ သန်းခန့်ရရှိခဲ့သည်။

   ၂၀၂၅   ခုနှစ်    အောက်တိုဘာလမှ ၂၀၂၆ ခုနှစ်  မတ်လကုန်အထိ ဒုတိယ ခြောက်လတာ ကာလအတွင်း  တစ်လ လျှင် ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသိန်းနှုန်း ဖြင့် စုစုပေါင်း တန်ချိန် ၁၈ သိန်း တင်ပို့ရန်လျာထားကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်တွင်  ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်း တင်ပို့ရန်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပို့ကုန်ကုမ္ပဏီများမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပြီး  ဒုတိယခြောက်လတွင်   တစ်လလျှင်   တန်ချိန် သုံးသိန်းဝန်းကျင်အထိ တိုးမြှင့်တင်ပို့မည် ဖြစ်သည်။

    ၂ဝ၂၄-၂၀၂၅  ဘဏ္ဍာနှစ်က  ဆန်နှင့် ဆန်ကွဲတန်ချိန်   ၂  ဒသမ ၄၈ သန်း တင်ပို့နိုင်ခဲ့ ကြောင်း၊ ပြည်တွင်းဆန်၊ စပါး ဈေးကွက်တွင်  တချို့ဒေသများ၌ ကောက်စောစပါးများ စတင် ပေါ်ထွက်နေပြီဖြစ်၍ စပါးစိုက်တောင်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆန်၊စပါး ဝယ်ယူရေးများကို   ဆောင်ရွက်ရန်ညီနောင် အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ ကုမ္ပဏီ များ၊  ဆန်စက်များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် ဈေးကွက်ဝယ်လိုအား မြှင့်တင်နိုင်မည့် နည်းလမ်းများကိုလည်း  ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း   သိရသည်။ 

DOCA(ဧရာဝတီ)        

မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် အတွင်း အသားနှင့် အသားထွက်ပစ္စည်းတန်ချိန် ၅၆၀၀၀ တင်ပို့

          ၂၀၂၅ ခုနှစ်၏ အစောပိုင်းကာလအတွင်း မွန်ဂိုလီးယားနိုင်ငံသည် အသားနှင့် အသားထွက် ပစ္စည်းတန်ချိန် ၅၆၀၀၀ တင်ပို့ခဲ့ကြောင်း တရုတ်နိုင်ငံ၏ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာနမှ နိုဝင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။

          မွန်ဂိုလီးယားနိုင်ငံသည် သတ္တုတူးဖော်ရေးလုပ်ငန်းများအပေါ် အလွန်အမင်းမှီခိုနေရသောကြောင့် ၎င်း၏ စီးပွားရေးကို ကဏ္ဍစုံအောင်လုပ်ဆောင်ရန်နှင့် ကမ္ဘာ့ဈေးကွက်သို့ အသားနှင့် အသားထွက်ပစ္စည်းတင်ပို့မှုကို တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ် အောင်တိုဘာလကုန်တွင် မွန်ဂိုလီးယားအသားထုတ်လုပ်ရေးကုမ္ပဏီ ၅၈ ခုသည် အထူးပို့လိုင်စင်များ ရရှိခဲ့ပါသည်။ အမျိုးသားစာရင်းရုံး၏ အဆိုအရ ၂၀၂၄ ခုနှစ်ကုန်တွင် မွန်ဂိုလီးယား၌ မွေးမြူးရေးကောင်ရေ ၅၇.၆ သန်း ရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် စက်တင်ဘာလတွင် ပို့ကုန်များကြောင့် မြင့်တက်

          ထိုင်းနိုင်ငံ၏ စီးပွားရေးသည် စက်တင်ဘာလတွင် လစဉ်အခြေခံဖြင့် မြင့်တက်လာကြောင်း ဗဟိုဘဏ်က အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ပို့ကုန်များ တိုးတက်လာခြင်း ကုန်ထုတ်လုပ်မှု ပြန်လည်ကောင်းမွန်လာခြင်းနှင့် နိုင်ငံခြားခရီးသွားလုပ်ငန်းမှ ဝင်ငွေများ ပိုမိုရှိခြင်းတို့က အဓိက တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

          ထိုင်းနိုင်ငံ စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သော ပို့ကုန်များသည် စက်တင်ဘာလတွင် အီလက်ထရောနစ်နှင့် မော်တော်ယာဉ်ထုတ်ကုန်များ တိုးတက်လာမှုကြောင့် ယခင်နှစ်ကထက် ၁၉.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုဘဏ်၏ အကြီးတန်း ဒါရိုက်တာ pranee Sutthasri ကပြောကြားခဲ့ကြောင်း သိရသည်။

       စက်မှုလုပ်ငန်းများ တိုးတက်လာခြင်းကြောင့် စီးပွားရေးသည် ပြန်လည်ကောင်းမွန်လာပြီး ဝန်ဆောင်မှုလုပ်ငန်းများအတွက် အကျိုးရှိမည်ဖြစ်ပါသည်။ ၎င်းသည် အီလက်ထရောနစ် ပို့ကုန်များ၊ ခရီးသွားလုပ်ငန်းများနှင့် ပြည်တွင်ဝယ်လိုအားမြှင့်တင်ရန် အစိုးရ၏စီးပွားရေး အစီအမံများ ပြန်လည်ကောင်းမွန်လာမှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းထွက်ကုန်များ တင်ပို့မှုသည် ပထမ ၁၀ လ အတွင်း အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ ထိရောက်ရှိ

          ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းထွက်ကုန်များ တင်ပို့မှုသည် ပထမ ၁၀ လ အတွင်း အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂.၉ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်သတင်းဌာနကို ကိုးကား၍ နိုဝင်ဘာလ ၅ ရက်နေ့က ဖော်ပြခဲ့ပါသည်။

          အောက်တိုဘာလတွင် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ နီးပါးအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ အာရှသည် ဗီယက်နမ်၏ အကြီးဆုံးဈေးကွက်ဖြစ်ပြီး စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ထုတ်ကုန်တန်ဖိုး၏ စုစုပေါင်း ၄၄.၇ ရာခိုင်နှုန်း ရှိပါသည်။

          သတင်းအေဂျင်စီက စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်သတင်းဌာန Phung Duc Tien က လက်ရှိတိုးတက်မှု အခြေအနေသည် ယခုနှစ် နောက်ဆုံးနှစ်လတွင် ဆက်လက်တိုးတက်နေပါက ၎င်းလုပ်ငန်းများ၏ စုစုပေါင်းပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံ စံချိန်တင်မြင့် တက်လာနိုင်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တောင်ကိုရီယားနိုင်ငံတွင် ပြည်ပမှ တင်သွင်းသည့်ကားများ အောက်တိုဘာလတွင် ရောင်းအားတိုးတက်လာ

             တောင်ကိုရီးယားနိုင်ငံ၏ ပြည်ပမှတင်သွင်းသည့် ကားများသည် အောက်တိုဘာလတွင် ဂျပန်ဇိမ်ခံကားနှင့် အမေရိကန်လျှပ်စစ်ကားများ ဝယ်လိုအားမြင့်တက်မှုကြောင့် ဂဏန်းနှစ်လုံး တိုးတက်ခဲ့ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သော စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်များအရ သိရှိရပါသည်။

          တောင်ကိုရီးယား တင်သွင်းသူများနှင့် ဖြန့်ဖြူးသူများအသင်း (KAIDA) ၏ အဆိုအရ တင်သွင်းသည့် ကားများမှ အောက်တိုဘာလတွင် ရောင်းချခဲ့သော ကားအရေအတွက်မှာ ယခင်နှစ် ကထက် ၁၃.၂ ရာခိုင်နှုန်း တိုးတက်လာပြီး ၂၄၀၆၄ စီး အထိရောက်ရှိခဲ့ကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လ အတွင်း နိုင်ငံခြားကားအစီးရေ ၂၄၉၄၁၂ စီး ရောင်းချခဲ့ရပြီး ယခင်နှစ်အလာတူကာလနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်ပါသည်။

          အောင်တိုဘာလတွင် နိုင်ငံခြားကားထုတ်လုပ်ရေး ကုမ္ပဏီများထဲမှ ဂျာမန်ကားထုတ်လုပ်ရေး BMW က ကားအစီးရေ ၆၁၇၇ စီးရောင်းချခဲ့သည့်အတွက် ပထမနေရာတွင် ရပ်တည်ခဲ့ပါသည်။ ဂျာမန်ကားထုတ်လုပ်ရေး Mercedes – Benz က အစီးရေ ၅၈၃၈ စီးဖြင့် ဒုတိယနေရာ၊ U.S ကားထုတ်လုပ်ရေး Tesla က အစီးရေ ၄၃၅၀ စီး၊ Volvo က ၁၄၃၅ စီး၊ Lexus က ၁၂၂၆ စီးနှင့် BYD က ၈၂၄ စီးဖြင့် အသီးသီးနောက်မှလိုက်ပြီး ရပ်တည်နေပါသည်။

          အောက်တိုဘာလတွင် ရောင်းချခဲ့သော ဥရောပထုတ်ကား အရေအတွက်သည် ၁၆၂၈၃ စီးရှိခဲ့ပြီး စုစုပေါင်းအ‌ရေအတွက်၏ ၆၇.၇ ရာခိုင်နှုန်း ရှိခဲ့ပါသည်။ U.S အမှတ်တံဆိပ်များက ၂၀.၁ ရာခိုင်နှုန်း၊ ဂျပန်အမှတ်တံဆိပ်များက ၈.၈ ရာခိုင်နှုန်း၊ တရုတ်အမှတ်တံဆိပ်များက ၃.၄ ရာခိုင်နှုန်း ဈေးကွက်ဝေစုရရှိထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ သစ်သီး၊ ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်လွန်

        ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ၂၀၂၅ခုနှစ်၏ ပထမ ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ရှိမည်ဟု ခန့်မှန်းရပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ဗီယက်နမ် သစ်သီးနှင့် ဟင်းသီးဟင်းရွက် အသင်းကို ကိုးကား၍ နိုဝင်ဘာလ ၂ ရက်နေ့က ဖော်ပြခဲ့ကြောင်း သိရသည်။

        ဗီယက်နမ်၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၈ ဘီလီယံကျော်လွန်ပြီး လာမည့်နှစ်များတွင် ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်ရှိလာနိုင်သည့် အလားအလာများကို မြှင့်တင်ပေးကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

         အသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Dang Phuc Nguyen က အဓိက ထုတ်ကုန်များ၏ အရေအတွက်နှင့် တန်ဖိုးနှစ်ခုစလုံး သိသိသာသာ တိုးလာခြင်းကြောင့် တင်ပို့မှုသည် ဒုတိယသုံးလပတ်နှောင်းပိုင်းမှ တတိယသုံးလပတ်အစောပိုင်းအထိ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

       ဒူးရင်းသီးလုပ်ငန်း ခိုင်မာစွာ ပြန်လည်နာလန်ထူလာခြင်းကြောင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု တိုးတက်လာခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် ဒူးရင်းသီးတင်ပို့မှု တစ်ခုတည်းလျှင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်လွန်နိုင်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ယခုနှစ်တွင် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၂၀၀၀၀ တန်ခန့် တင်ပို့နိုင်ရေး ညှိနှိုင်းလုပ်ဆောင်မှုများရှိနေ

           ဝန်ကြီးချုပ်ဌာန၏ ပြော‌ရေးဆိုခွင့်ရှိသူ Siripong Angkasakulkiat သည် နိုဝင်ဘာလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံမှ ဆန်များတင်ပို့နိုင်ရေးအတွက် ညှိနှိုင်းမှုအသစ်များကို ပြုလုပ်လျက်ရှိကြောင်း ပြောကြားခဲ့ကြောင်းနှင့် ဝန်ကြီးချုပ် Anutin Charnvirakul သည် တောင်ကိုရီးယားနိုင်ငံတွင်ပြုလုပ်မည့် APEC ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတ Xi Jinping နှင့်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ အစိုးရသည် ယခုနှစ်တွင် တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၅၀၀၀၀၀ တန်ခန့် တင်ပို့နိုင်မှု သေချာစေရန်အတွက် ထိုင်းနိုင်ငံနှင့်ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ သဘောတူညီမှုသည် ဆန်တင်သွင်းမှု စုစုပေါင်း တန်ချိန်ပမာဏ ၁၀ သန်းတန်ခန့် ပါဝင်သော အစိုးရချင်းပူးပေါင်းဆောင်ရွက်မှုသဘောတူညီမှု (G2G)၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါသဘောတူညီမှုအောက်တွင် ဆန်တင်သွင်းမှုပမာဏ ၂၈၀၀၀၀တန်ခန့် ကျန်ရှိနေကြောင်း သိရပါသည်။ သို့ရာတွင် Anutin သည် သမ္မတ Xi Jinping နှင့် ဆန်တန်ချိန် တင်သွင်းမှု ၅၀၀၀၀၀ တန်ခန့်ပြည့်မှီစေရန်အတွက် ဆန်တန်ချိန် ၂၂၀၀၀၀ ခန့် တရုတ်နိုင်ငံအား တင်သွင်းရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ တင်သွင်းမှုသည် မြှင့်တင်ခြင်းသည် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် မြှင့်တင်ခြင်းဖြစ်ကြောင်း သိရပါသည်။ ၂၀၂၆ တွင်လည်း ထိုင်းနိုင်ငံအစိုးရနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့သည် ဆန်တင်ပို့မှုပမာဏမြင့်တက် နိုင်စေရန်အတွက် တရုတ်နိုင်ငံနှင့်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားရန် စီမံလျက်ရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် အနာဂတ်တွင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုများတိုးမြှင့်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရပါသည်။ APEC ထိပ်သီးအစည်းအဝေးအတွင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်သည် တရုတ်နိုင်ငံဝန်ကြီးချုပ် Li Qiang နှင့် ဝန်ကြီးအဆင့်နှင့် သမ္မတအဆင့်များအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: The Nation Thailand                                                                 

DOCA (ရန်ကုန်)

Fentanyl အခွန်လျော့ချမှုအပြီးတွင် တရုတ်နိုင်ငံသည် အမေရိကန်စိုက်ပျိုးရေးကုန်ပစ္စည်းများကို အခွန်ကောက်ခံမှုရပ်နား

       ဝါရှင်တန်မှ တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံမှုလျော့အပြီးတွင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံစိုက်ပျိုးရေးကုန်ပစ္စည်းများအပေါ် တန်ပြန်အခွန်အဖြစ်ကောက်ခံသော အခွန်များကို ရပ်နားလိုက်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ပဲပိစပ်၊ ပြောင်းဖူး၊ ဂျုံအပြင်ကြက်သားများကိုပါ အခွန်ကောက်ခံမှုရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါရပ်နားခြင်းသည် အမေရိကန်သမ္မတ Donald Trump ၏ အထူးအမိန့် လက်မှတ်ထိုးမှုအပြီး နာရီပိုင်းအတွင်း ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံမှအစိုးရအဖွဲ့သည် တရုတ်နိုင်ငံကုန်ပစ္စည်းများအပေါ် အခွန် ၃၄ ရာခိုင်နှုန်းကောက်ခံရာမှ ၁၀ ရာခိုင်နှုန်းအထိ လျော့ချခဲ့ကြောင်း သိရပါသည်။ အဆိုပါလုပ်ဆောင်ချက်သည် အမေရိကန်နိုင်ငံ သမ္မတ Donald Trump နှင့် တရုတ်နိုင်ငံ သမ္မတ Xi Jinping တို့အကြား ကုန်သွယ်ရေး သဘောထားများကျယ်ပြန့်စေရန်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းနှင့် ၎င်းလုပ်ဆောင်ချက်ကြောင့် အဆိုပါနိုင်ငံ‌ရေးခေါင်းဆောင် ၂ ဦးအကြား ရှပ်ထွေးသောဆက်ဆံရေးကို ယာယီတည်ငြိမ် နိုင်စေမည်ဖြစ်ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံတွင်၎င်းတို့ ၂ ဦး သဘောတူညီမှုများ မပြုလုပ်ခင်တွင် အဆိုပါခေါင်းဆောင် ၂ ဦးသည် ကုန်သွယ်ရေးအပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံများအချင်းချင်း တင်းမာမှုလျော့လာခြင်းသည် နှစ်နိုင်ငံကြား စိုက်ပျိုးရေးကုန်သွယ်မှုရှင်သန်ရေးအတွက် ကောင်းကျိုးများရရှိလာစေရန် အရှိန်အဟုန်မြှင့်တင် ပေးမည်ဖြစ်ပြီး ကမ္ဘာ့သီးနှံစျေးကွက်ကို မြှင့်တင်ရန်အတွက် အ‌ထောက်အပံ့များရရှိနိုင်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံမှ ဝယ်သူများသည် နှစ်နိုင်ငံကြားတင်းမာမှုများကြောင့် အမေရိကန် ပဲပိစပ်များဝယ်ယူမှုကို ရှောင်ရှားခဲ့ပြီး တောင်အမေရိကမှသာ ဝယ်ယူလျက်ရှိကြောင်း သိရပါသည်။ အာရှနိုင်ငံများသည် Trump နှင့် Xi တို့ တောင်ကိုရီးယားနိုင်ငံတွင် တွေ့ဆုံမှုအပြီး တွင် အမေရိကန်နိုင်ငံမှ ပဲပိစပ်များကို ပိုမိုဝယ်ယူခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံတန်ကြေးရှိသော ပဲပိစပ်များကို ဝယ်ယူခဲ့ပါသည်။ သို့ရာတွင် အမေရိကန်နိုင်ငံမှ ပဲပိစပ်များသည် အကောက်ခွန်လျော့ချမှုအပြီး တွင်တောင်မှ တရုတ်နိုင်ငံ၏ တင်သွင်းခွန် ၁၃ ရာခိုင်နှုန်းကောက်ခံခြင်းနှင့် ရင်ဆိုင်နေရကြောင်း ကုန်သည်များ၏ ပြောကြားချက်အရ သိရပါသည်။ Beijing သည်လည်း အမေရိကန်နိုင်ငံမှ ဂျုံများအပေါ် အခါန် ၁၅ ရာခိုင်နှုန်းတန်ပြန်ကောက်ခံမှုကို ဖယ်ရှားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ တရုတ်နိုင်ငံ၏ အဓိကဝယ်ယူသည် နောင်တစ်နှစ်အတွင်း အာရှနိုင်ငံများမှ ဝယ်ယူနိုင်မည့် အမေရိကန်နိုင်ငံမှ ကောက်ပဲသီးတင်ပို့မှုကို ရှာဖွေနေကြောင်း သိရပါသည်။ တရုတ်နိုင်ငံ ဝန်ကြီးဌာနသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ၏ ကုန်ပစ္စည်းများအပေါ် အခွန် ၂၄ ရာခိုင်နှုန်းကောက်ခံမှုကို ရပ်နားလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                                

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ