Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

Patchouli ဆီတင်ပို့မှုတိုးချဲ့ရန် ကြိုးပမ်းမည့်အင်ဒိုနီးရှား

       အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင်မရှိမဖြစ်အဆီများ (essential oils) ဝယ်လိုအားမြင့်တက်လာမှုကို အခွင့်အလမ်းအဖြစ်အသုံးချ၍ Patchouli ဆီထုတ်လုပ်မှုကို ပိုမို နက်ရှိုင်းစွာဆောင်ရွက်ပြီး ပို့ကုန်တိုးမြှင့်ရန်ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။ စက်မှုဝန်ကြီး Agus Gumiwang Kartasasmita က ဩဂုတ် ၂၀ ရက်တွင် ဂျကာတာမြို့၌ ထုတ်ပြန်သည့် ကြေညာချက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ essential oils ပို့ကုန်အလားအလာသည် ပိုမိုကောင်းမွန်လာနေကြောင်း ပြောကြားခဲ့ပါသည်။ ကုန်သွယ်မှုဆိုင်ရာအချက်အလက်များအရ အင်ဒိုနီးရှား နိုင်ငံ၏ HS Code 3301 အောက်ရှိ essential oils ပို့ကုန်တန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၄၈.၇ သန်း ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၅၉.၅ သန်းမှ ၃၄.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထို့အတူ အင်ဒိုနီးရှားနိုင်ငံ၏ Patchouli ဆီ ပို့ကုန်တန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၃.၄ သန်း ရှိခဲ့ပြီး ယခင်နှစ်က အမေရိကန်ဒေါ်လာ ၁၄၁.၃ သန်းမှ ၂၂.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုပို့ကုန် တိုးတက်မှုက အင်ဒိုနီးရှားနိုင်ငံထုတ် essential oils များမှာ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဝယ်လိုအားကောင်းနေသည်ကို ပြသနေကြောင်း ဝန်ကြီးကပြောကြားပြီး ပြည်တွင်းတန်ဖိုး မြှင့်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုခိုင်မာစေရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် ၂၀၂၅ ခုနှစ်တွင် အိန္ဒိယ၊ အမေရိကန်၊ ပြင်သစ်နှင့် ဘရာဇီး နိုင်ငံတို့နောက် ကမ္ဘာ့ပဉ္စမအကြီးဆုံး essential oils ပို့ကုန်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ essential oils ကုန်သွယ်မှုတန်ဖိုးမှာလည်း ၂၀၂၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၉ ဘီလီယံမှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆.၄၉ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ သို့သော် စီးပွားရေးတန်ဖိုးပိုမိုမြင့်မားသည့် ဆင့်ပွားထုတ်ကုန်များ ထုတ်လုပ်ဖွံ့ဖြိုးရေး တွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း Agus က ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် Patchouli ဆီ ထုတ်လုပ်မှုအခြေခံကောင်းမွန်ပြီး ပို့ကုန်ဈေးကွက်များလည်း ခိုင်မာစွာ တည်ရှိနေသဖြင့် ယင်းလုပ်ငန်းကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာများစွာရှိကြောင်း ဝန်ကြီးက ဆိုပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် Patchouli ဆီ များကို အိန္ဒိယ၊ စင်ကာပူ၊ ပြင်သစ်၊ စပိန်၊ အမေရိကန်၊ တရုတ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်၊ ဂျာမနီ၊ ဗြိတိန်နှင့် တူရကီနိုင်ငံတို့သို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။ စက်မှုဝန်ကြီးဌာန၏ စိုက်ပျိုးရေး အခြေပြုစက်မှုလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်အဖြစ် ယာယီတာဝန်ယူထားသူ Putu Juli Ardika က Patchouli ဆီကို သန့်စင်ခြင်းနှင့် အစိတ်အပိုင်းခွဲထုတ်ခြင်း (refining and fractionation) တို့ဖြင့် အဆင့်မြှင့်ထုတ်လုပ်ပါက စီးပွားရေးတန်ဖိုးပိုမိုမြင့်မားသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အရည်အသွေးမြင့် Patchouli  ဆီ၊ အမွှေးနံ့သာများ၊ ပိုးသတ်ဆေးများ၊ ဆေးဝါးပါဝင်သည့် အဆီများနှင့် အနံ့ကုထုံး (aromatherapy) ထုတ်ကုန်များထုတ်လုပ်နိုင်ကြောင်း Ardika က ဆိုပါသည်။ Patchouli ဆီကို ပြည်တွင်း၌ပိုမိုအဆင့်မြှင့် ထုတ်လုပ်နိုင်ပါက ကုန်ကြမ်းအဖြစ်အသုံးပြုမှုအပြင် ရေမွှေး၊ အလှကုန်၊ ကိုယ်ရေးကိုယ်တာသုံးပစ္စည်းများ၊ ဆေးဝါး၊ ပိုးသတ်ဆေးနှင့် အနံ့ကုထုံးလုပ်ငန်းများအထိ အသုံးပြုနိုင်သည့်ဈေးကွက်များကို ပိုမိုချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း Ardika က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုတို့ နယ်စပ်ဖြတ်ကျော် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရေး ဆွေးနွေး

           ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်စေရန်နှင့် နိုင်ငံများအကြား ဆက်သွယ်မှုပိုမိုခိုင်မာစေရန် ကတိကဝတ်များကို ပြန်လည်အတည်ပြုခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲများကို ၁၇-၈-၂၀၂၆ ရက်နေ့မှ ၂၀-၈-၂၀၂၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိပ်(Siem Reap)မြို့တွင် ကျင်းပခဲ့ပြီး (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-ဗီယက်နမ် နှစ်နိုင်ငံ အစည်းအဝေး၊ (၇) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို နှစ်နိုင်ငံ အစည်းအဝေးနှင့် (၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-ဗီယက်နမ် သုံးနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး အစည်းအဝေးတို့ ပါဝင်ခဲ့သည်။ ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန (MPWT) ဒုတိယအမြဲတမ်းအတွင်းဝန် Pen Borean က ဦးဆောင်ခဲ့ပြီး ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Phan Thi Thu Hien က ဦးဆောင်ခဲ့သည်။ လာအိုကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန သယ်ယူပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Chanthala Phimmachack က ဦးဆောင်ခဲ့သည်။ အစည်းအဝေးများသို့ သုံးနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ အာဏာပိုင်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ကျွမ်းကျင်သူများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ် စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးများတွင် ယခင်အစည်းအဝေးများမှ ရရှိခဲ့သည့် ရလဒ်များကို အကောင်အထည်ဖော်နေမှုများအား ပြန်လည်သုံးသပ်ခြင်း၊ နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် သဘောတူညီချက်များ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများအရ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖော်ထုတ်ဆွေးနွေးခဲ့ပြီး သုံးနိုင်ငံအကြား သယ်ယူပို့ဆောင်ရေး ပိုမိုထိရောက်စေရန် ဘုံဖြေရှင်းချက်များ ရှာဖွေခဲ့ကြသည်။ ယခုအစည်းအဝေးများသည် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့အကြား နယ်စပ်ဖြတ်ကျော် သွားလာမှုများ လွယ်ကူချောမွေ့စေရန်၊ အိမ်နီးချင်းနိုင်ငံများအကြား ဆက်သွယ်ရေးကွန်ရက်များ ပိုမိုခိုင်မာစေရန်နှင့် ဒေသတွင်း ပေါင်းစည်းမှုကို ပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အထူးသဖြင့် ကမ္ဘောဒီးယား-လာအို နှစ်နိုင်ငံသယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အသက်ဝင်လာစေသည့် အရေးပါသော ခြေလှမ်းတစ်ရပ်လည်းဖြစ်ကြောင်း သိရသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား စိုက်ပျိုးရေးကဏ္ဍကို တန်ဖိုးမြင့် စီးပွားရေးလုပ်ငန်းများအဖြစ် ပြောင်းလဲရန် အီးယူနှင့် ပူးပေါင်း

           ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF) နှင့် ဥရောပ သမဂ္ဂ (EU) တို့သည် ဥရောပဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းကာ ပြည်တွင်းစိုက်ပျိုးရေး လုပ်ငန်းများကို တန်ဖိုးမြင့် စီးပွားရေးလုပ်ငန်းများအဖြစ် ပြောင်းလဲဖွံ့ဖြိုးရန် ဆောင်ရွက်နေကြ သည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုတွင် ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှု၊ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် ထုတ်ကုန်တန်ဖိုးမြှင့် ပြုပြင်ထုတ်လုပ်ရေးတို့ကို အဓိကထားပြီး ကမ္ဘောဒီးယားနိုင်ငံထွက် စိုက်ပျိုးရေးထုတ်ကုန်များကို အရည်အသွေးမြင့် ဒေသတွင်းဈေးကွက်များနှင့် ဥရောပဈေးကွက်များသို့ ပိုမိုဝင်ရောက်နိုင်ရန် ရည်ရွယ်ထားသည်။ ယင်းဆောင်ရွက်မှုများကို ဩဂုတ် ၁၇ ရက်မှ ၁၈ ရက်အထိ Tboung Khmum၊ Kratie နှင့် Stung Treng ပြည်နယ်များတွင်ပြုလုပ်ခဲ့သည့် Cambodia-Team Europe ပူးတွဲခရီးစဉ်အတွင်း အလေးထားဖော်ပြခဲ့သည်။ ခရီးစဉ်ကို MAFF ဝန်ကြီး Dith Tina နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ EU သံအမတ် Igor Driesmans တို့က ဦးဆောင်ခဲ့ပြီး ဥရောပသံအမတ်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် အစိုးရတာဝန်ရှိသူများ ပါဝင်ခဲ့ကြသည်။ အဆိုပါအဖွဲ့တွင် ချက်သမ္မတနိုင်ငံ သံအမတ် Markéta Kolc Hájková၊ ရိုမေးနီးယား သံအမတ် Cristina Romila နှင့် ခရိုအေးရှား သံအမတ် Ivan Velimir Starčević တို့အပြင် သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ သံရုံးများမှ အကြီးအကဲများလည်း ပါဝင်ခဲ့ကြသည်။ ခရီးစဉ်အတွင်း ဥရောပ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေသည့် အစီအစဉ်များမှ လယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများအား အခြေခံကုန်ကြမ်း စိုက်ပျိုးထုတ်လုပ်မှုအဆင့်မှ ကျော်လွန်ကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကူညီပေးနေမှုများကို လေ့လာခဲ့ကြသည်။ ယင်းတွင် စာချုပ်ချုပ်ဆိုစိုက်ပျိုးရေး၊ ရိတ်သိမ်းပြီးနောက် ထုတ်ကုန်ပြုပြင်ထုတ်လုပ်ရေး၊ အရည်အသွေးအာမခံရေးနှင့် ဈေးကွက်ချိတ်ဆက်ပေးရေးတို့ ပါဝင်သည်။ Modern Agricultural Communities (MACS) နှင့် စာချုပ်ချုပ်ဆိုစိုက်ပျိုးရေးစနစ်များမှတစ်ဆင့် လယ်သမားများကို စုစည်းကာ ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသည့် ကုန်ကြမ်းထောက်ပံ့မှုရရှိစေရန် ဆောင်ရွက်နေကြောင်း Dith Tina က ဆိုသည်။ ထို့အပြင် သီဟိုဠ်စေ့နှင့် ငရုတ်ကောင်းကဲ့သို့ အဓိကစိုက်ပျိုးရေးထုတ်ကုန်များအတွက် အစားအစာဘေးကင်းလုံခြုံရေး စံနှုန်းများ၊ ရေရှည်တည်တံ့မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတို့ကို EU နှင့် မိတ်ဖက်အဖွဲ့များနှင့် အတူမြှင့်တင်ပေးနေပြီး ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များတွင် လယ်သမားများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည်ဟု Dith Tina က ထပ်လောင်းပြောကြားခဲ့သည်။ EU သံအမတ် Igor Driesmans က Team Europe သည် EU Global Gateway မဟာဗျူဟာ မှတစ်ဆင့် နည်းပညာကျွမ်းကျင်မှု၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် ထုတ်ကုန်ပြုပြင် ထုတ်လုပ်ရေးစနစ်များတွင် ရင်းနှီးမြှုပ်နှံကာ ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့နှင့် ငရုတ်ကောင်း တန်ဖိုးကွင်းဆက်များကို ခိုင်မာစေရန် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ယင်း ကြိုးပမ်းမှုများကြောင့် ပြည်တွင်းစိုက်ပျိုးရေး စီးပွားရေးလုပ်ငန်းများအနေဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ပြီး အရည်အသွေးမြင့် ပို့ကုန်ဈေးကွက်များသို့ ဝင်ရောက်နိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ထို့အပြင် ခရီးစဉ်အတွင်း ဒေသခံလယ်သမားများနှင့် ကိုယ်တိုင်တွေ့ဆုံခဲ့ခြင်းက စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဥရောပ မိတ်ဖက်များအကြား ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးသက်ရောက်မှုကို လက်တွေ့မြင်တွေ့ နိုင်စေခဲ့ကြောင်း Driesmans က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် အနည်းငယ်ကျဆင်း

  အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုသည် ၂၀၂၆ ခုနှစ်၏ ပထမ ၆ လအတွင်း အနည်းငယ် ကျဆင်းခဲ့ပြီး တန်ချိန် ၃၁.၈၀ သိန်း ရှိခဲ့သည်။ ယခင်နှစ် ကာလတူတွင် တန်ချိန် ၃၂.၂၇ သိန်း တင်သွင်းခဲ့သဖြင့် ယခုနှစ်တွင် ၁.၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊  ယင်းကျဆင်းမှုမှာ ကုလားပဲနှင့် မတ်ပဲ တင်သွင်းမှုများ လျော့ကျခဲ့ခြင်းကြောင့်ဖြစ်ပြီး ပဲစင်းငုံ၊ ပဲနီနှင့် ပဲဝါတင်သွင်း မှုများမှာ အဆိုပါကာလအတွင်း တိုးမြင့်လာခဲ့ကြောင်း အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံများ အသင်း (IPGA) က ထုတ်ပြန်ခဲ့သော ဈေးကွက် အခြေအနေသုံးသပ်ချက်တွင် ဖော်ပြထားသည်။

    ဇန်နဝါရီလမှ ဇွန်လအတွင်း ပဲစင်းငုံတင်သွင်းမှုသည် ၄၃.၃၄ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပြီး တန်ချိန် ၅.၀၅ သိန်းကျော် တင်သွင်းခဲ့ရာ  တင်သွင်းမှုအများစုမှာ အာဖရိကနိုင်ငံများဖြစ်သည့် မိုဇမ်ဘစ်၊ တန်ဇန်းနီးယားနှင့် ဆူဒန်စသည့် နိုင်ငံများမှ ဖြစ်သည်။ အဆိုပါကာလအတွင်း အိန္ဒိယ နိုင်ငံသို့ ပဲစင်းငုံတင်ပို့မှုတွင် မိုဇမ်ဘစ်သည် အများဆုံးဖြစ်ပြီး တန်ချိန် ၁.၈၃ သိန်းကျော်ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံက တန် ၁.၂၃ သိန်းကျော်၊ တန်ဇန်းနီးယားက တန် ၁.၀၁ သိန်းကျော် နှင့် ဆူဒန်က တန်ချိန် ၄၉,၀၄၉ ခန့် တင်ပို့ခဲ့သည်။

    မတ်ပဲတင်သွင်းမှုသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပုံမှန်အဓိကတင်ပို့သူဖြစ်သည့် မြန်မာနိုင်ငံသည် အများဆုံးပမာဏဖြစ်သော တန် ၂.၇၈ သိန်း ဖြင့် အဓိကတင်ပို့သူအဖြစ် ရပ်တည်ခဲ့သည်။ ၎င်းနောက်တွင် ဘရာဇီးက တန်ချိန် ၃၉,၃၀၉ နှင့် ထိုင်း နိုင်ငံက တန်ချိန် ၁၁,၄၄၈ ကျော် တင်ပို့ခဲ့သည်။

    ပဲနီတင်သွင်းမှုမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ၅၁.၅၈ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပြီး တန် ၉.၆၃ သိန်း ရှိခဲ့သည်။ ယခင်နှစ် အလားတူကာလတွင် တန်ချိန် ၆.၃၅ သိန်းသာ တင်သွင်း ခဲ့သည်။ ပဲနီတင်သွင်းမှုတွင် ကနေဒါက တန်ချိန် ၅.၁၀ သိန်းကျော်ဖြင့် အများဆုံးတင်ပို့သူ ဖြစ်သည်။ ၎င်းနောက်တွင် ဩစတြေးလျက တန်ချိန် ၄.၁၇ သိန်းကျော် နှင့် ရုရှားက တန်ချိန် ၂၂,၉၃၈ တင်ပို့ ခဲ့သည်။

   ကုလားပဲတင်သွင်းမှုမှာ အဆိုပါကာလအတွင်း ၄၅ ရာခိုင်နှုန်းကျော် သိသိသာသာ ကျဆင်း ခဲ့သည်။ ယင်းမှာ ဩစတြေးလျနိုင်ငံမှ တင်ပို့မှုများ နှေးကွေးသွားခြင်းကြောင့်ဖြစ်သည်။ သို့သော် ဩစတြေးလျသည် အိန္ဒိယနိုင်ငံသို့ ကုလားပဲတင်ပို့မှုတွင် အကြီးဆုံးတင်ပို့သူအဖြစ် ဆက်လက်ရှိနေ ပြီး တန်ချိန် ၆.၀၃ သိန်းကျော် တင်ပို့ခဲ့သည်။ တန်ဇန်းနီးယားသည် ဒုတိယအကြီးဆုံး တင်သွင်း သည့်နိုင်ငံဖြစ်ပြီး တန်ချိန် ၂၈,၇၄၃ ခန့် တင်ပို့ခဲ့သည်။ ၎င်းနောက်တွင် ဗြိတိန်၊ မြန်မာ နိုင်ငံနှင့် အခြားနိုင်ငံများ ပါဝင်သည်ဟု အချက်အလက်များအရ သိရသည်။ ယခုကာလအတွင်း ကုလားပဲ တင်သွင်းမှုကျဆင်းရခြင်းမှာ ပြည်တွင်းဈေးနှုန်းများ ကျဆင်းနေခြင်းနှင့် နိုင်ငံတကာ ဈေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် ဖြစ်ကြောင်း Igrain India မှ ပြောကြားခဲ့သည်။ ထူးခြားချက်အနေဖြင့် ပဲဝါတင်သွင်းမှုမှာ အဆိုပါကာလအတွင်း ၁၇ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။ ကနေဒါနိုင်ငံက တန်ချိန် ၅.၇ သိန်းကျော်ဖြင့် အဓိကတင်ပို့သူအဖြစ် ရပ်တည်ခဲ့သည်။ ရုရှားနိုင်ငံသည် အဆိုပါကာလအတွင်း အခြားသော ပဲဝါအဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

Source : The Hindu Businesslines, 17 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံတင်သွင်းမှု ၄၃ % မြင့်တက်၊ မတ်ပဲတင်သွင်းမှု ၁၉ % ကျဆင်း

   ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံတင်သွင်းမှုပမာဏသည် ယခင်နှစ်ကာလထက် ၄၃ ရာခိုင်နှုန်းကျော် မြင့်တက်ပြီး တန်ချိန် ၅၀၅,၂၈၆ အထိ ရှိခဲ့သည်။ အဆိုပါ ကာလအတွင်း မတ်ပဲတင်သွင်းမှုမှာ ၁၉ ရာခိုင်နှုန်းကျော် ကျဆင်းလျက် တန်ချိန် ၃၃၉,၈၇၇ ခန့် ရှိခဲ့ ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များကို ကိုးကား၍ အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံများအသင်း (IPGA) က ပြောကြားခဲ့သည်။ ဇွန်လတစ်လတည်းတွင် ပဲစင်းငုံတင်သွင်းမှုသည် ယခင်နှစ်ထက် ၄၃% မြင့်တက်ခဲ့ပြီး တန်ချိန် ၇၇,၈၃၀ ရှိခဲ့သည်။ ထို့အပြင် မတ်ပဲတင်သွင်းမှုမှာ ၂၂% မြင့်တက်ကာ တန်ချိန် ၄၆,၈၂၀ တန် ရှိခဲ့ ကြောင်း စာရင်းအချက်အလက်များအရ သိရှိရသည်။

   အိန္ဒိယနိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွင်း ပဲစင်းငုံကို မြန်မာနိုင်ငံနှင့် အာဖရိကနိုင်ငံများမှ အများဆုံးတင်သွင်းခဲ့‌ကြောင်း၊ မိုဇမ်ဘစ်နိုင်ငံမှ မတ်ပဲတန်ချိန် 183,753၊ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန်  123,725၊ တန်ဇန်နီးယားနိုင်ငံမှ မတ်ပဲတန်ချိန် 101,163၊ ဆူဒန် နိုင်ငံမှ မတ်ပဲတန်ချိန် ၄၉,၀၄၉ တို့ကို အသီးသီး တင်သွင်းခဲ့ကြောင်း အချက်အလက်များအရ သိ ရှိရသည်။

    အိန္ဒိယနိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် 278,320 တင်သွင်းခဲ့သည်။ အိန္ဒိယနိုင်ငံအတွက် မတ်ပဲတင်သွင်းရာတွင် တစ်ဖြည်းဖြည်း အရေးပါ လာသည့် အခြားနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံမှ တင်သွင်းမှုမှာ အဆိုပါကာလအတွင်း တန်ချိန် 39,309 ရှိခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ထိုင်းနိုင်ငံမှ မတ်ပဲတန်ချိန် 11,449 ကို တင်သွင်းခဲ့ပြီး အခြားနိုင်ငံများမှလည်း တန်ချိန် 10,798 ကို တင်သွင်းခဲ့ကြောင်း အချက်အလက် များရ သိရှိရသည်။

Source: Informist, 14 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စားအုန်းဆီဈေးနှုန်းများ လပေါင်း ၂၀ အတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်လာ

      ဇီဝဒီဇယ်ဆီလိုအပ်ချက် မြင့်တက်လာခြင်းနှင့် အရှေ့တောင်အာရှတွင် ထုတ်လုပ်မှုဆိုင်ရာ စိန်ခေါ်မှုများ တိုးပွားလာခြင်းတို့ကြောင့် စားအုန်းဆီဈေးနှုန်းများသည် လပေါင်း ၂၀ ခန့်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်တွင် မလေးရှား၊ ကွာလာ လမ်ပူ ဈေးကွက်၌ စားအုန်းဆီကြိုပွိုင့် FOB ဈေးနှုန်းသည် တစ်တန်လျှင် မလေးရှား ရင်းဂစ် ၄,၉၂၇ (အမေရိကန်ဒေါ်လာ ၁၂၁၈ ခန့်) အထိ မြင့်တက်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း Ukr Agro Consult သတင်းဌာနက ဩဂုတ်လ ၂၀ ရက်တွင် ဖော်ပြထားပါသည်။

       စားအုန်းဆီဈေးနှုန်းကို ထောက်ပံ့ကူညီနေသည့် အဓိကအချက်တစ်ခုမှာ အင်ဒိုနီးရှား နိုင်ငံ၏ စားအုန်းဆီ အချိုးအစား ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ မူဝါဒဖြစ်ပြီး စားအုန်းဆီ အသုံး ပြုမှုပမာဏကို တိုးမြှင့်စေလျက်ရှိသည်။ အင်ဒိုနီးရှားသည် ကမ္ဘာ့အများဆုံး စားအုန်းဆီထုတ် လုပ်သည့်နိုင်ငံဖြစ်ပြီး ကုန်ကြမ်းများကို ပြည်တွင်းလောင်စာဆီ ထုတ်လုပ်မှုဘက်သို့ ပိုမိုခွဲဝေသုံး စွဲခြင်းက ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်မည့်ပမာဏအား လျော့ကျစေနိုင်ကြောင်း သိရှိရပါသည်။

      တစ်ချိန်တည်းမှာပင် ခြောက်သွေ့သောရာသီဥတုနှင့်အားကောင်းလာနေသော အယ်လ်နီညို ရာသီဥတုဖြစ်စဉ်တို့ကြောင့် အင်ဒိုနီးရှားနှင့် မလေးရှားတို့၏ စားအုန်းဆီ ထုတ်လုပ်မှုအပေါ် စိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိသည်။ ဤရာသီဥတုပုံစံသည် အရှေ့တောင်အာရှဒေသ အများစု တွင် ပိုမိုခြောက်သွေ့သော အခြေအနေများကို ဖြစ်ပေါ်စေလေ့ရှိပြီး ဆီအုန်းအထွက်နှုန်းကို ထိခိုက်စေနိုင်သည်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA)က ၂၀၂၆-၂၀၂၇ ဈေးကွက်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စားအုန်းဆီလက်ကျန်ပမာဏသည် ၉ နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

      ထို့ပြင် ပင်လယ်နက်ဒေသမှ နေကြာဆီထောက်ပံ့မှုများအနှောင့်အယှက် ဖြစ်ပေါ်ခြင်းက လည်း စားအုန်းဆီဈေးနှုန်းကို အထောက်အပံ့ဖြစ်စေလျက်ရှိသည်။ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့ တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် ပို့ကုန်ဆိုင်ရာ အခြေခံအဆောက်အအုံ များ ထိခိုက်ပျက်စီးမှုများကြောင့် စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုများ သိသိသာသာ နှေးကွေးသွား ခဲ့သည်။ နိုင်ငံနှစ်ခုစလုံးသည် ကမ္ဘာ့နေကြာဆီ ထောက်ပံ့မှုတွင် အဓိကကျသော နိုင်ငံများ ဖြစ်ကြ သည့်အတွက် တင်သွင်းသူများသည် စားအုန်းဆီအပါအဝင် အခြားသော ဟင်းသီးဟင်းရွက်ဆီ များကို ပိုမိုရွေးချယ်အသုံးပြုလာကြသည်။

      ထို့ကြောင့် စားအုန်းဆီဈေးကွက်သည် ဇီဝဒီဇယ်ဆီလိုအပ်ချက်၊ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ထုတ်လုပ်မှုအပေါ် သက်ရောက်နိုင်သည့် အန္တရာယ်များနှင့် ပင်လယ်နက်ဒေသမှ နေကြာဆီထောက်ပံ့ပို့ဆောင်မှု အနှောင့်အယှက်ဖြစ်ခြင်းတို့၏ ပေါင်းစပ် အကျိုးသက်ရောက်မှု ကြောင့် ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။ သို့သော် မလေးရှားရင်းဂစ် ငွေကြေးတန်ဖိုးမြင့်တက် လာခြင်းနှင့် ပဲပုပ်ဆီဈေးနှုန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတို့ကြောင့် ဈေးနှုန်း ထပ်မံမြင့်တက်မှုမှာ ကန့်သတ်ချက်ရှိနိုင်သည်ဟု Ukr Agro Consult သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

Source:  Ukra Agro Consult, 20 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖိလစ်ပိုင်နိုင်ငံ၊ တန်ဂါဝမ်ဒေသတွင် ဆန်၁ ကီလိုလျှင် ပီဆို၂၀ အစီအစဉ်ဖြင့် ဆန်ဖြန့်ဖြူး

      အခြေခံလိုအပ်ချက် ကုန်ဈေးနှုန်းများ မြင့်တက်လာချိန်တွင် ဖိလစ်ပိုင်အစိုးရ၏ ပီဆို ၂၀ နှုန်းဖြင့် ဆန်ရောင်းချပေးသည့် အစီအစဉ်သည် Taglibas၊ Looc၊ Labuan၊ Linguisan၊ Tigpalay၊ San Pedro နှင့် Sto. Niño ကျေးရွာအုပ်စုများသို့ ရောက်ရှိသွားခဲ့သဖြင့် Tungawan မြို့ရှိ အိမ် ထောင်စုများစွာသည် ဈေးနှုန်းသက်သာသော ဆန်ကို ဝယ်ယူခွင့်ရရှိလာကြပြီး အကန့်အသတ် ရှိသော အိမ်ထောင်စုအသုံးစရိတ်များအတွက် ပိုမိုအဆင်ပြေစေခဲ့သည်။

    အဆိုပါအစီအစဉ်သည် သမ္မတ Ferdinand R. Marcos Jr. ဦးဆောင်သည့် အစိုးရအောက် တွင် ဖိလစ်ပိုင်အိမ်ထောင်စုများ၊ အထူးသဖြင့် နေ့စဉ် အိမ်ထောင်စု အသုံးစရိတ် စီမံခန့်ခွဲရာတွင် အကူအညီ လိုအပ်နေသူများအတွက် အဓိက စားနပ်ရိက္ခာများကို ပိုမိုဈေးနှုန်းသက်သာစွာဖြင့် အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ချက်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

    Tungawan မြို့ရှိ မိသားစုများအတွက် ဆန်တစ်ကီလိုလျှင် ပီဆို ၂၀ နှုန်းဖြင့် ဆန်ရရှိနိုင် ခြင်းသည် များစွာသက်သာရာ ရစေခဲ့ကြောင်း၊ ဆန်တစ်ကီလိုလျှင် ချွေတာရရှိသည့် ငွေများကို သွားလာရေးစရိတ်၊ ကျောင်းစရိတ်၊ မီးဖိုချောင်နှင့် အသုံးဆောင်စရိတ်များ၊ အခြား အစားအသောက် ဝယ်ယူမှုများ အပါအဝင် အိမ်ထောင်စု၏ အခြားလိုအပ်ချက်များအတွက် လွှဲပြောင်းအသုံးပြုနိုင် ကြောင်း သိရှိရသည်။

    အထူးသဖြင့် ဆန်စပါးသည် ဝင်ငွေနည်း အိမ်ထောင်စုများအတွက် နေ့စဉ် အစားအသောက် စရိတ်၏ အဓိကပမာဏဖြစ်နေပြီး  အဆိုပါအစီအစဉ်၏ သက်ရောက်မှုသည် သိသိသာသာ အရေး ပါခဲ့ကြောင်း၊ နိုင်ငံ၏ အဓိက စားနပ်ရိက္ခာများထဲမှတစ်ခုကို  ဈေးနှုန်းသက်သာစွာ ဝယ်ယူရခြင်း ဖြင့် မိသားစုများအား မိမိတို့၏ ရရှိနိုင်သော ဝင်ငွေကို အကျိုးရှိရှိ အသုံးချနိုင်မည် ဖြစ်ကြောင်း၊ ဒေသတွင်း ပြည်သူများထံ အစိုးရ၏ ကူညီထောက်ပံ့မှုများကို ပိုမိုနီးကပ်စွာ ဆောင်ရွက်ပေးနိုင် ခြင်းသည် အလွန်အရေးကြီးကြောင်း Tungawan မြို့တော်ဝန် Angelito Anińon က ပြောကြား ခဲ့သည်။

    Tungawan မြို့တော်ဝန် Angelito Aniñon က ကျေးရွာဒေသများကို သွားရောက် ကြည့်ရှု ခွင့်ရပြီး မြို့သူမြို့သားများနှင့် တွေ့ဆုံကာ မိသားစုပေါင်းများစွာထံ ပီဆို ၂၀ အစီအစဉ် ရောက်ရှိခဲ့ သည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် ဈေးနှုန်းသက်သာသည့်ဆန် ဖြစ်သော်လည်း မိသားစု များ၏ နေ့စဉ်အသုံးစရိတ်များကို ကူညီပေးရာ‌ရောက်ပြီး အပြောင်းအလဲတစ်ခုကို လုပ်ဆောင် ပေးနိုင်ပါကြောင်း ပြောကြားခဲ့သည်။

    ပီဆို ၂၀ နှုန်းဖြင့် ဆန်ရောင်းချပေးသည့် အစီအစဉ်သည် အခြေခံကျသည့် ကုန်စည်များကို ပိုမိုရရှိနိုင်အောင် ဆောင်ရွက်ခြင်း၊ အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုများကို မြို့နယ်/ကျေးရွာ အဆင့်အထိ အကျိုးရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့်  ဖိလစ်ပိုင် အိမ်ထောင်စုများအား စားနပ် ရိက္ခာ ဈေးနှုန်း မြင့်တက်မှု၏ ရိုက်ခတ်မှုမှ ကာကွယ်ပေးရန်အတွက် အစိုးရ၏ ပိုမိုကျယ်ပြန့်သော တွန်းအားပေးမှုများကို ထင်ဟပ်စေသည်။

      အကျိုးခံစားခွင့်ရှိသူများအတွက် အဆိုပါ အစီအစဉ်သည် သက်သာသောဈေးနှုန်းဖြင့် ဆန် ရရှိရုံသာမက အိမ်ထောင်စု အသုံးစရိတ်အတွက်လည်း စိတ်သက်သာမှုရရှိနိုင်မည့် အခွင့်အရေး တစ်ခုလည်း ဖြစ်သည်။ စုဆောင်းမိသည့် ငွေကြေးတိုင်းသည် မိဘများအတွက် အခြားသော နေ့စဉ် လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ကလေးများ၏ ကျောင်းမုန့်ဖိုးပေးနိုင်ခြင်း သို့မဟုတ် မိသားစု ထမင်းဝိုင်းတွင် အခြားလိုအပ်သော အစားအစာတစ်ခုခုကို ပိုမို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သည်။ အစီအစဉ်ကို Tungawan မြို့ရှိ ပိုမိုများပြားသော ကျေးရွာများထံ ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး စားနပ်ရိက္ခာလုံခြုံရေးနှင့် ထိခိုက်လွယ်သော မိသားစုများကို ကူညီစောင့်ရှောက် ရေးဆိုင်ရာ အစိုးရ၏ အခြားသော ကြိုးပမ်းမှုများကို အထောက်အကူပြုပေးသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source :(PIA) Philippine Information Agency, 20 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖိလစ်ပိုင်နိုင်ငံ၌ သြဂုတ်လအစောပိုင်းတွင် ဆန်ဈေးနှုန်း ၂၂ ရာခိုင်နှုန်း မြင့်တက်လာ

      စက်တင်ဘာလ စပါးရိတ်သိမ်းရာသီ မစတင်မီ သြဂုတ်လအစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ တစ်ဝှမ်း ဆန်လက်လီဈေးနှုန်းများ မြင့်တက်လာခဲ့သည်ဟု ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) က ထုတ်ပြန်ခဲ့ကြောင်း၊ စိုက်ပျိုးရေး ကုန်စည်ဈေးနှုန်းများနှင့် ပတ်သက်သည့် နောက်ဆုံး ထုတ် အစီရင်ခံစာအရ ပုံမှန်ဆန်ကြမ်း တစ်ကီလိုဂရမ်လျှင် ပျမ်းမျှဈေးနှုန်းမှာ သြဂုတ်လ ၁ ရက် နေ့မှ ၅ ရက်နေ့အတွင်း ပီဆို ၄၉.၆၁ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ကာလတူတန်ဖိုး ပီဆို ၄၀.၆၁နှင့် နှိုင်း ယှဉ်ပါက ၂၂.၁၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရသည်။

      အဆိုပါဈေးနှုန်းမှာ ဇူလိုင်လအစောပိုင်းက မှတ်တမ်းတင်ခဲ့သည့် တစ်ကီလိုဂရမ်လျှင် ပီဆို ၄၉.၃၂ နှင့် ထိုလနှောင်းပိုင်းက ပီဆို ၄၉.၃၀တို့ထက် အနည်းငယ် ပိုမိုများပြားနေကြောင်း၊ ယခုကဲ့သို့ ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းမှာ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက် မှုများကြောင့် တတိယသုံးလပတ်အတွင်း စပါးထွက်နှုန်း လျော့နည်းလာဖွယ်ရှိသည်ဟု ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက ခန့်မှန်းထားချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

      ဇူလိုင်လမှ စက်တင်ဘာလအထိ တတိယသုံးလပတ်အတွင်း စပါးထွက်နှုန်းမှာ ၁၃.၃ ရာခိုင်နှုန်းကျဆင်းကာ မက်ထရစ်တန် ၃.၂၅ သန်းသို့ ကျဆင်းသွားနိုင်သည်ဟု PSA က အစောပိုင်း အစီရင်ခံစာတွင် ခန့်မှန်းထားခဲ့ကြောင်း၊ နှိုင်းယှဉ်ကြည့်ရလျှင် ဒုတိယသုံးလပတ်အတွင်း စပါးထွက် နှုန်းမှာ ၅.၇ ရာခိုင်နှုန်း တိုးလာပြီး မက်ထရစ်တန် ၄.၆၃ သန်း ရှိခဲ့သည်။

Source: Inquire.net, 20 August, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘာ့ဖွဲနုဆီ ထုတ်လုပ်နိုင်စွမ်း၏ ၇၀ ရာခိုင်နှုန်းသည် အသုံးမပြုနိုင်သေးဘဲ ကျန်ရှိနေ

    အိန္ဒိယနိုင်ငံ ဆီထုတ်လုပ်သူများအသင်း (Solvent Extractors' Association of India - SEA) ၏ အလုပ်အမှုဆောင်ဒါရိုက်တာ B.V. Mehta ၏ ပြောကြားချက်အရ ကမ္ဘာ့ဖွဲနုဆီ ထုတ် လုပ်နိုင်စွမ်း အလားအလာ၏ ၇၀ ရာခိုင်နှုန်းခန့်သည် အသုံးမပြုနိုင်သေးဘဲ ကျန်ရှိနေပြီး ဈေးကွက် ပိုမိုရှာဖွေရန် လိုအပ်လျက်ရှိပါသည်။

   ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် အပြည်ပြည် ဆိုင်ရာ ဖွဲနုဆီညီလာခံ (၂၀၂၆) တွင် အိန္ဒိယ နိုင်ငံ၏ အစီရင်ခံစာကို တင်ပြစဉ် ကမ္ဘာပေါ်၌ ဖွဲနုဆီ တန်ချိန် ၈ သန်းခန့် ထုတ်လုပ်နိုင်သည့် အလားအလာရှိသော်လည်း လက်ရှိတွင် ကမ္ဘာ့ဖွဲနုဆီ ထုတ်လုပ်မှုမှာ တန်ချိန် ၂.၄ သန်းသာ ရှိသေးကြောင်း၊ ကမ္ဘာတစ်လွှားတွင် နောက်ထပ် ဖွဲနုဆီ တန်ချိန် ၅.၅၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်သည့် အခွင့်အလမ်း ပွင့်လင်းနေဆဲဖြစ်ကြောင်း နှင့် ၎င်းကို အပြည့်အဝ ဖော်ထုတ်အသုံးပြုသွားရန်လိုကြောင်း အလုပ်အမှုဆောင် ဒါရိုက်တာ B.V. Mehta က ပြောကြားခဲ့ပါသည်။

   အိန္ဒိယနှင့် တရုတ်တို့သည် ကမ္ဘာပေါ်တွင် ဖွဲနုဆီ အဓိကထုတ်လုပ်သည့် နိုင်ငံများဖြစ် ကြောင်း စာရင်းဇယားများအရ သိရပြီး အိန္ဒိယ၏ ထုတ်လုပ်မှုမှာ တန်ချိန် ၁.၁ သန်းခန့်ရှိကာ တရုတ်၏ ထုတ်လုပ်မှုမှာ တန်ချိန် ၀.၇၄ သန်းခန့်ရှိပါသည်။ အိန္ဒိယသည် ဖွဲနုဆီ အဓိကထုတ် လုပ်သည့် နိုင်ငံဖြစ်သော်လည်း ၎င်း၏ ထုတ်လုပ်နိုင်စွမ်းကို အပြည့်အဝ အသုံးပြုနိုင်ခြင်း မရှိ သေးသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၌ စုစုပေါင်း ဖွဲနုဆီတန်ချိန် ၂.၃ သန်းအထိ ထုတ်လုပ်နိုင်သည့် အလားအလာရှိပြီး အိန္ဒိယ၏ ကြိုးပမ်းမှုများသည် အခြားနိုင်ငံများနှင့် နှိုင်း ယှဉ်ပါက သာလွန်သော်လည်း ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများ ကျန်ရှိနေဆဲဖြစ်သည်။

    Mr. Mehta ၏ ခန့်မှန်းချက်အရ အိန္ဒိယသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် စပါးတန်ချိန် ၂၃၀ သန်းခန့်နှင့် ဆန် တန်ချိန် ၁၅၄ သန်းခန့် ထွက်ရှိမည်ဖြစ်သည်။ ထိုပမာဏမှ ဖွဲနု တန်ချိန် ၁၃.၁ သန်းခန့် ထွက်ရှိမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဖွဲနုဆီ တန်ချိန် ၂.၃ သန်းနီးပါး ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထား ပါသည်။ လက်ရှိကာလတွင် အိန္ဒိယသည် ဖွဲနုဆီ တန်ချိန် ၁.၁၀ သန်းခန့်သာ ထုတ် လုပ်လျက်ရှိသဖြင့် ကျန်ရှိသော တန်ချိန် ၁.၂၀ သန်းခန့် ထုတ်လုပ်နိုင်မည့်အခွင့်အရေးကို ကောင်း စွာ အသုံးပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

   လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ဖွဲနုဆီ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းမှာ သိသိ သာသာ တိုးတက်လာခဲ့ကြောင်း၊ ဖွဲနုဆီ ထုတ်လုပ်နိုင်စွမ်းသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တန်ချိန် ၁.၆ သန်းရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တန်ချိန် ၂.၃ သန်းအထိ မြင့်တက်လာခဲ့သော်လည်း အမှန်တကယ် ဖွဲနုဆီ ထုတ်လုပ်မှုမှာမူ တန်ချိန် ၀.၉၈ သန်းမှ ၁.၁၀ သန်းအထိသာ တိုးတက်ခဲ့ သဖြင့် နှေးကွေးလျက်ရှိကြောင်းနှင့် အိန္ဒိယသည် ဖွဲနုများ ပိုမိုထုတ်လုပ်နိုင်ခဲ့သော်လည်း ဆီ ထုတ်ယူနိုင်သည့် အလားအလာ အများအပြားမှာ အသုံးမပြုနိုင်သေးဘဲ ရှိနေဆဲဖြစ်ကြောင်း Mr. Mehta က ပြောကြားခဲ့ပါသည်။

    ဤအလားအလာကောင်းများကို အကောင်အထည်ဖော်ဆောင်ရန် ချဉ်းကပ်ရာ၌ ပိုမို ကောင်းမွန်သော စီးပွားရေးတွက်ခြေကိုက်မှုဖြစ်ပေါ်စေရေးအတွက် ဖွဲနုဆီ ထုတ်ယူခြင်းနှင့် စနစ် တကျ ဆောင်ရွက်ခြင်းတို့အပြင် သဟဇာတကျသော  ဈေးကွက်တန်ဖိုးကွင်းဆက်တစ်ရပ် ဖော်ဆောင် နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။

   ဆီထုတ်ယူပြီးသည့် ဖွဲဖတ် (de-oiled ricebran) အပေါ် ကောက်ခံသော ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် (GST) ကို ၅ ရာခိုင်နှုန်းသို့ လျှော့ချခြင်းနှင့် ဖွဲနုဆီမှ ရရှိသော ဖက်တီး အက်ဆစ် (ricebran fatty acid distillate) အပေါ် ကောက်ခံသည့် GST အခွန်ကို ၁၈ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း သို့ မျှတအောင် ပြင်ဆင်ပေးခြင်းတို့သည် အခွန်ပုံပျက်မှုများနှင့် အခွန်အဆင့်ဆင့် လွဲမှားကောက်ခံ မှုများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု Mehta က ပြောကြားခဲ့ပါသည်။

   ထို့အပြင် Lipase အင်ဇိုင်းဓာတ်ထွက်ရှိမှုနည်းသော စပါးမျိုးစိတ်များ သုတေသနပြု ထုတ်လုပ် ရန် ပံ့ပိုးပေးခြင်း၊ ဆန်စက်အခြေခံအဆောက်အအုံများကို ခေတ်မီဆန်းသစ်အောင် မြှင့်တင်ခြင်း နှင့် ဆန်စက်များတွင် ဖွဲနုအရည်အသွေး မပျက်စီးအောင် ထိန်းသိမ်းသည့်စနစ် (bran stabilisation) အတွက် တိုက်တွန်းနှိုးဆော်ရန် လိုအပ်ကြောင်းကိုလည်း Mr. Mehta က အလေးပေးပြောကြားခဲ့ သည်။ ဤခြေလှမ်းများသည် ဆီထုတ်ယူရန်အတွက် ရရှိနိုင်သော ဖွဲနု၏ ပမာဏနှင့် အရည်အသွေး နှစ်ခုစလုံးကို တိုးတက်စေမည်ဖြစ်သည်။

    ဖွဲနုနှင့် ဖွဲနုဆီမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းသည် စပါးဈေးနှုန်းကို တိုးမြှင့်ရန် မလိုဘဲ တောင်သူများ ပိုမိုကောင်းမွန်သော ဈေးနှုန်းရရှိစေရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး၊ အိန္ဒိယနိုင်ငံတွင် ဖွဲနုဆီ ထုတ်လုပ်မှု တိုးတက်လာခြင်းသည် ပြည်ပမှ စားသုံးဆီ တင်သွင်းမှုအပေါ် မှီခိုနေရမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းကိုလည်း ဖြည့်စွက် ပြောကြားခဲ့ပါသည်။

Source: The Hindu Business Line, 13 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံ၊ Ratchaburi ပြည်နယ်ထွက် သံပရာသီးနှင့် သရက်သီးများ ဒေသဆိုင်ရာအညွှန်းရရှိ

    ထိုင်းနိုင်ငံ၊ Ratchaburi ပြည်နယ်၏ ထူးခြားသည့် စိုက်ပျိုးရေးထွက်ကုန်နှစ်မျိုးဖြစ်ကြ သော Damnoen Saduak သံပရာသီးနှင့် Ratchaburi ပြည်နယ်ထွက် Nam Dok Mai သရက်သီး တို့ကို ဒေသဆိုင်ရာအညွှန်း (Geographical Indication – GI) ထုတ်ကုန်အသစ်များအဖြစ် သတ် မှတ်ခံရပြီဖြစ်ကြောင်း သိရှိရသည်။

     GI အဖြစ် အသိအမှတ်ပြုခြင်းသည် ပြည်နယ်စိုက်ပျိုးထွက်ကုန်များ၏ အရည်အသွေးနှင့် ထုတ်လုပ်မှုစံနှုန်းများကို အားဖြည့်ပေးကြောင်း၊ GI မှတ်ပုံတင်ခြင်းသည် ထုတ်လုပ်သူအသိုင်း အဝိုင်းများ၏ အခွင့်အရေးများကို ကာကွယ်ပေးခြင်း၊ ထုတ်ကုန်တန်ဖိုးကို မြှင့်တင်ပေးခြင်းနှင့် ဝင်ငွေရရှိရန် နောက်ထပ်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့အပြင် ရေရှည်တည်တံ့သော ဒေသခံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုကြောင်း သိရှိရသည်။

     ထိုင်းမူပိုင်ခွင့်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Auramon Supthaweethum က မူပိုင်ခွင့် ဦးစီးဌာနသည် ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun ၏ ဦးဆောင်မှုဖြင့် ချမှတ်ထားသော မူဝါဒကို ရှေ့ဆက်ဆောင်ရွက်နေကြောင်း ရှင်း လင်းပြောကြားခဲ့သည်။ အဆိုပါမူဝါဒသည် မူပိုင်ခွင့်ဖြင့် ထိုင်းထုတ်ကုန်များ၏ တန်ဖိုးမြှင့်တင်ရန်၊ ကုန်သွယ်ရေးအခွင့်အလမ်းများ ဖန်တီးရန်၊ တောင်သူများ၏ ဝင်ငွေမြှင့်တင်ရန်နှင့် ဒေသခံ စီးပွား ရေးများ အားကောင်းလာစေရန်အတွက် ပံ့ပိုးပေးသည့်အချက်အဖြစ် အသုံးပြုရန် ရည်ရွယ်ထား သည်။     ထိုင်းမူပိုင်ခွင့်ဦးစီးဌာနအား တန်ဖိုးမြင့် စိုက်ပျိုးထွက်ကုန်များ အဆင့်မြှင့်တင်ရန်နှင့် ကမ္ဘာ့ ဈေးကွက်များတွင် ထိုင်းကုန်ပစ္စည်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ဒေသအသီး သီး၌ GI အကာအကွယ်ပေးရေးကို အရှိန်မြှင့် ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

     Damnoen Saduak သံပရာသီးနှင့် Ratchaburi ပြည်နယ်ထွက် Nam Dok Mai သရက် သီးတို့ကို မှတ်ပုံတင်ခြင်းသည် Ratchaburi ပြည်နယ်၏ GI ထုတ်ကုန်စုစုပေါင်း အရေအတွက်ကို ၈ ခု အထိ ရောက်ရှိစေကြောင်း၊ ယခင်ရှိပြီးသား ထုတ်ကုန် ၆ မျိုးမှာ Ratchaburi ပြည်နယ်ထွက် နဂါးရုပ်ပုံထွင်းထုထားသည့် ရိုးရာမြေထည်၊ Bang Chang ခရိုင်ထွက် ငရုတ်သီး၊ Photharam ခရိုင်ထွက် မုန်လာဥခြောက်၊ Bang Phae ခရိုင်ထွက် ရေချိုပုဇွန် ထုပ်ကြီး၊ Ban Kha ခရိုင်ထွက် နာနတ်သီးနှင့် Ratchaburi ပြည်နယ်ထွက် အုန်းမွှေးတို့ဖြစ်ကြောင်း၊ Auramon ၏ ပြောကြား ချက်အရ အဆိုပါ GI ထုတ်ကုန် ၈ မျိုးသည် ၂၀၂၅ ခုနှစ်တွင် ပြည်နယ်အတွက် ဘတ် ၈.၅၃ ဘီလီ ယံကျော် စီးပွားရေးတန်ဖိုးကို ဖန်တီးပေးခဲ့ကြောင်း သိရှိရသည်။

    Damnoen Saduak သံပရာသီးသည် နှစ်ရှည်လများ တည်ရှိခဲ့သော သံပရာမျိုးကွဲ ဖြစ်ပြီး ၎င်း၏ ထူးခြား၍ လုံးဝန်းသော ပုံသဏ္ဍာန်၊ အခွံပါးခြင်းနှင့် ချောမွေ့တောက်ပြောင်သော မျက်နှာ ပြင်တို့ကြောင့် လူသိများကြောင်း၊ အသီးကို လှိမ့်ခြင်း သို့မဟုတ် ညှစ်ခြင်းပြုလုပ်သောအခါ ရနံ့ပြင်း ကို ထုတ်လွှတ်ပေးပြီး အဆိုပါရနံ့သည် လက်ပေါ်တွင် ကြာရှည်စွာတည်ရှိနေကြောင်း၊ သံပရာသီး ၏အသားမှာ ကြည်လင်ဖြူစင်ပြီး အစေ့နည်းပါးကာ အရည်ရွှမ်းပြီး ချဉ်သော်လည်း မခါးသည့် အရသာနှင့် ထူးခြားသောရနံ့ကို ပေးစွမ်းကြောင်း၊ အဆိုပါဝိသေသလက္ခဏာများသည် Ratchaburi ပြည်နယ်၏ ရေစီးရေလာ ကောင်းမွန်သော ဩဇာကောင်းသည့် နုန်းမြေ၊ မဲခေါင်မြစ်ဝှမ်းမှရရှိသော ရေအရင်းအမြစ်နှင့် သင့်လျော်သော ရာသီဥတုများဖြစ်သည့် စိုက်ပျိုးမှုအခြေအနေများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါအချက်များသည် စိုက်ပျိုးရေးဆိုင်ရာ အသိပညာနှင့် မျိုးဆက်ပေါင်းစုံ လက်ဆင့်ကမ်း ဖြတ်သန်းလာသော တောင်သူများ၏ အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်သောအခါ Damnoen Saduak သံပရာသီးကို ထိုင်းနိုင်ငံ၏ အသိအမှတ်ပြုခံရသည့် အရည်အသွေးမြင့် သံပရာသီးများ ထဲမှ တစ်မျိုးအဖြစ် နေရာရရှိစေခဲ့ကြောင်း၊ အဆိုပါထုတ်ကုန်သည် တစ်နှစ်လျှင် ဘတ်၇၁၆ သန်း ကျော် စီးပွားရေးတန်ဖိုးကို ဖန်တီးပေးလျက်ရှိကြောင်း သိရှိရသည်။

    Ratchaburi ပြည်နယ်ထွက် Nam Dok Mai သရက်သီးတွင် Nam Dok Mai Si Thong သရက်မျိုးကွဲနှင့် Nam Dok M နံပါတ် ၄ သရက်မျိုးကွဲ နှစ်မျိုးစလုံး ပါဝင်ပြီး ထိုင်းနိုင်ငံနှင့် အခြား နိုင်ငံများမှ လူကြိုက်များသည့်အသီးဖြစ်ကြောင်း၊ အဆိုပါသရက်သီးသည် ရှည်မျောမျောပုံ သဏ္ဍာန်ရှိကာ အစေ့၏ အဖျားဖက်တွင် ကျယ်ဝန်း၍ အဝိုင်းပုံဖြစ်ပြီး အဖျားဖက်သို့ သွယ်လျသွား ကြောင်း၊ အဆိုပါသရက်သီးသည် ပါးလွှာသော်လည်း ခံနိုင်ရည်ရှိပြီး ချောမွေ့သော အခွံပါရှိကာ အသီးမှည့်ချိန်တွင် ဆွဲဆောင်မှုရှိသော အဝါရောင်သို့ ပြောင်းလဲသွားကြောင်း သိရှိရသည်။

     သရက်သီး၏ အသားမှာ မာကျောပြီး ချောမွေ့နူးညံ့ကာ အမျှင်မပါကြောင်း၊ အရောင်အသွေး ညီညာပြီး အရသာမှာလည်း မွှေးကြိုင်ချိုမြိန်၍ အစေ့မှာ ပါးလွှာပြီး ပြားချပ်ကြောင်း၊ အဆိုပါ ဝိသေသနလက္ခဏာများသည် သရက်စိုက်ပျိုးရန် သင့်လျော်သော ပထဝီအနေအထားနှင့် ရာသီဥတု အခြေအနေများအပြင် ဒေသခံတောင်သူများ၏ သရက်ခြံအုပ်ချုပ်မှုနှင့် သီးနှံပြုစုစောင့်ရှောက်မှု ဆိုင်ရာ ကျွမ်းကျင်မှုတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်များက Ratchaburi ပြည်နယ်ထွက် Nam Dok Mai သရက်သီးများကို အရည်အသွေး တစ်သမတ်တည်းရှိစေရန်နှင့် တစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်စေရန် အထောက်အကူပြုကြောင်း သိရှိရသည်။

    အဆိုပါသရက်သီးများသည် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပသမဂ္ဂအပါအဝင် နိုင်ငံရပ်ခြားဈေးကွက် အများအပြားတွင် တင်ပို့ရန် အလားအလာရှိကြောင်း၊ သရက်သီးတင်ပို့မှုမှ တစ်နှစ်လျှင် ဘတ် ၁၆၆ သန်းကျော် စီးပွားရေးတန်ဖိုးကို ဖန်တီးပေးကြောင်း သိရှိရသည်။

     GI မှတ်ပုံတင်ပြီးနောက်ပိုင်းတွင် မူပိုင်ခွင့်ဦးစီးဌာနသည် ပြည်နယ်နှင့် သက်ဆိုင်ရာ အေဂျင်စီ များနှင့် ပူးပေါင်း၍ အောက်ပါတန်ဖိုးကွင်းဆက်တစ်လျှောက် GI အကာအကွယ်၏ အကျိုးကျေးဇူး များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ ထုတ်လုပ်မှုစံနှုန်းများ ထိန်းသိမ်းခြင်း၊ ဒေသခံအမှတ်တံဆိပ်များနှင့် ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စားသောက်ကုန် လုပ်ငန်းတွင် GI ပါဝင်ပစ္စည်းများကို မြှင့်တင်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာအသိပညာကို အခြေခံသည့် ထူးခြားသော ခရီးသွားလုပ်ငန်းနှင့် တီထွင်နိုင်စွမ်းရှိသော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ထိုင်းနိုင်ငံနှင့် နိုင်ငံရပ်ခြားဈေးကွက်များကို တိုးချဲ့ခြင်းတို့ ပါဝင်ကြောင်း၊ အဆိုပါဆောင်ရွက်ချက်များသည် Ratchaburi ပြည်နယ်၏ GI ထုတ်ကုန်များ တန်ဖိုးကို ထပ်မံ မြှင့်တင်နိုင်ရန်၊ ဝင်ငွေပိုမိုတည်ငြိမ်စေရန်နှင့် ရေရှည်တွင် ပြည်နယ်၏ ရပ်ရွာစီးပွားရေးကို အားကောင်း စေရန် မျှော်လင့်ကြောင်း Auramon က ပြောကြားခဲ့သည်။

Source: The Nation Thailand, 14 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ