Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

သီရိလင်္ကာသည် အရက်ခွန်လိုက်နာမှုကို မြှင့်တင်ရန် တင်းကျပ်သော ယစ်မျိုးစည်းမျဉ်းများကို ပြဋ္ဌာန်း

          သီရိလင်္ကာနိုင်ငံသည် ၎င်း၏အရက်ခွန်စည်းကြပ်မှုစည်းမျဉ်းများကို တင်းကျပ်ထားပြီး အစိုးရ ပြန်တမ်းသစ်တွင် လိုက်နာမှုနှင့် ဝင်ငွေကောက်ခံမှုကို မြှင့်တင်ရန် တင်းကျပ်သော သတ်မှတ်ရက်နှင့် ပြစ်ဒဏ်များကို အောက်တိုဘာလ ၂၈ ရက်‌နေ့က ချမှတ်ခဲ့သည်။ ဘဏ္ဍာရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးအဖြစ် သမ္မတ Anura Kumara Dissanayake မှ ထုတ်ပြန်သည့် အဆိုပါ သတိပေးချက်သည် ချက်ချင်းအကျိုး သက်ရောက်မည်ဖြစ်သည်။ ပြန်လည်ပြင်ဆင်ထားသော စည်းမျဉ်းများအောက်တွင် လိုင်စင်ရအရက် ထုတ်လုပ်သူ အားလုံးသည် ယစ်မျိုးနည်းဥပဒေပုဒ်မ ၂၂ အရ သတ်မှတ်ထားသော နောက်ဆုံးရက်အတွင်း ၎င်းတို့၏ အခွန်အခများကို ပေးဆောင်ရမည်ဖြစ်သည်။ ရက်ပေါင်း ၃၀ အတွင်း ထိုသို့ လုပ်ဆောင်ရန်ပျက်ကွက်ပါက ၎င်းတို့၏ ပုလင်းဖုံးလိုင်စင်ကို ရပ်ဆိုင်းလိုက်မည် ဖြစ်သည်။ အခွန်များ သို့မဟုတ် ဆက်စပ်အခကြေးငွေများကို ရက်ပေါင်း ၉၀ ထက်ပို၍ ပေးဆောင်ခြင်းမပြုပါက မူလသတ်မှတ်သူမှ ကိုင်ဆောင်ထားသော လိုင်စင်အားလုံးကို ဆိုင်းငံ့ထားမည်ဖြစ်သည်။ ယခင်က မလိုက်နာမှုများအတွက် ဆိုင်းငံ့ကာလသည် ခြောက်လဖြစ်ပြီး ယခုအခါ သုံးလသို့ တိုတောင်းသွားသည့်အတွက် သိသိသာသာ တင်းကျပ်လာခြင်းဖြစ်သည်။ အဆိုပါ ပြဋ္ဌာန်းချက်များသည် ဥပဒေတွင် ရှိသော်လည်း ယခုအချိန်အထိ တင်းကျပ်စွာ ကျင့်သုံးခြင်းမရှိသေးကြောင်း ယစ်မျိုး ဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ ယစ်မျိုးဌာနမှ ကောက်ခံရရှိ သော အခွန်များသည် အစိုးရဝင်ငွေ၏ အဓိကအရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။ ယခုနှစ်အတွက် ရည်မှန်းထားသည့် အခွန်ငွေမှာ ရူပီး ၂၄၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၀၆ သန်းခန့်) ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

ဇင်ဘာဘွေဘဏ်သည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် ပြည်တွင်းကုမ္ပဏီများကို ပံ့ပိုးကူညီမည်ဟု ကတိပြုထား

           ဇင်ဘာဘွေကုမ္ပဏီများအား တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် ကူညီပေးရန် ကတိပြုထားကြောင်း ဇင်ဘာဘွေနိုင်ငံရှိ အဓိကစီးပွားရေးဘဏ်တစ်ခုဖြစ်သည့် Stanbic Bank Zimbabwe ၏ အကြီးတန်းမန်နေဂျာတစ်ဦး၏ ပြောကြားချက်အရသိရသည်။ Xinhua နှင့် မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် Stanbic Bank Zimbabwe မှ အာဖရိက-တရုတ်ဘဏ်လုပ်ငန်း အကြီးအကဲ Tapuwa Nyika က တရုတ်နှင့်ဇင်ဘာဘွေအကြား ကုန်သွယ်မှုများတိုးလာသည်နှင့်အမျှ ဇင်ဘာဘွေကုမ္ပဏီများသည် အမြတ်အစွန်းများသော တရုတ်ဈေးကွက်ကို ရှာဖွေရန်အခွင့်အလမ်းများကို မြင်မိကြောင်း ပြောကြားခဲ့သည်။ ဘဏ်သည် ၎င်း၏ တရုတ်လုပ်ဖော်ကိုင်ဖက်များမှတစ်ဆင့် ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များ ၎င်းတို့၏ထုတ်ကုန်များကို ပို့ကုန်အဆင်သင့်ဖြစ်စေရန် ကူညီပေးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ထုတ်လုပ်မှုအတွက် ကုန်ကြမ်းဝယ်လိုသော ဇင်ဘာဘွေကုမ္ပဏီများကိုလည်း တရုတ်က စက်ယန္တရားပစ္စည်းများဝယ်ယူရန် ကူညီပေးပြီး ၎င်းတို့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်ပြီး ၎င်းတို့၏ လုပ်ငန်းများကိုလည်း ကုန်ကျစရိတ်သက်သာစေရန် သေချာအောင် ကူညီပေးကြောင်း၊ အထူးသဖြင့် စက်တင်ဘာလတွင် တရုတ်နှင့်ဇင်ဘာဘွေ နိုင်ငံတို့ကြား ဘလူးဘယ်ရီပို့ကုန်ပရိုတိုကောကို လက်မှတ်ရေးထိုးခြင်းဖြင့် တရုတ်နှင့်ဇင်ဘာဘွေအကြား ကုန်သွယ်မှုအရှိန်အဟုန်ရရှိရန် မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ Nyika ၏ အဆိုအရ ဘဏ်သည် အရင်းအမြစ်အသစ်များကို စူးစမ်းရှာဖွေရန်၊ ၎င်းတို့၏ သွင်းကုန်လုပ်ငန်းစဉ်များကို ချောမွေ့စေရန်၊ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် တရုတ်နှင့် ကုန်သွယ်မှုမှတစ်ဆင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ရန် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို လမ်းညွှန်ရန်အတွက် e-book ကို ယမန်နှစ်က စတင်ထုတ်ဝေခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

အာဖဂန်နစ္စတန်မှ သလဲသီးများအား ရုရှားနိုင်ငံသို့ ပထမဆုံးအကြိမ်တင်ပို့

        အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Herat ပြည်နယ်ရှိ Torghundi ဆိပ်ကမ်းမှတစ်ဆင့် အာဖဂန်နစ္စတန်မှ လတ်ဆတ်သော သလဲသီးများကို ရုရှားနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်း အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

        "ဤလုပ်ငန်းစဉ်သည် သစ်သီးဝလံများ အထူးသဖြင့် သလဲသီးများအတွက် ကြီးမားသောစျေးကွက်တစ်ခု ဖန်တီးပေးမည်ဖြစ်ပြီး ယင်းကြောင့် နိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် ပိုမိုတိုးတက်မှုကို တွန်းအားပေးမည်" ဟု Zabihullah Mujahid က ၎င်း၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X တွင် ရေးသားခဲ့ကြောင်း သိရသည်။

        အာဖဂန်နစ္စတန်၏ လတ်ဆတ်သောသီးနှံများနှင့် အခြောက်လှန်းထားသောအသီးများ တင်ပို့မှုသည် ပါကစ္စတန်နိုင်ငံသို့ အဓိက ဦးတည်တင်ပို့ရန်ရည်ရွယ်ထားလျက်ရှိသည်။ သို့သော် နှစ်နိုင်ငံကြား မကြာသေးမီက နယ်နိမိတ် တင်းမာမှုများကြောင့် ကုန်သွယ်မှု စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ တစ်ချိန်တည်းတွင် အာဖဂန်နစ္စတန်သည် တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်အပါအဝင် ဗဟိုအာရှနိုင်ငံများသို့ တင်ပို့မှု သိသိသာသာ အားကောင်းလာခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများရှိနေသော်လည်း ဗီယက်နမ်၏ ပို့ကုန်ဆက်လက်ကြီးထွား

            ၂၀၂၅ ခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအလယ်ထိတွင် ဗီယက်နမ်၏ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၆၈ ဘီလီယံရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ၂၀၂၄ ခုနှစ် တစ်နှစ်လုံး စာတင်ပို့မှုတန်ဖိုးဖြစ်သည့် အမေရိကန်ဒေါ်လာ ၄၀၅ ဘီလီယံနှင့် နီးကပ်နေပြီဖြစ်ကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ သိရပါသည်။ အဓိကဈေးကွက်များတွင် ကုန်သွယ်ရေးအတားအဆီးများနှင့် အကောက်ခွန် စီမံချက်များက ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ဆက်လက်သက်ရောက်နေသော်လည်း ထိုကာလ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီများသည်လည်း အမေရိကန်အကောက်ခွန်မမြင့်တက်မီ ထုတ်လုပ်မှုများကို အရှိန်မြှင့်တင်ခဲ့ကြပြီး သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍမှ အထွက်နှုန်းမြင့်တက်ခဲ့ကာ တင်ပို့မှုစွမ်းရည်တွင် သိသာစွာ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါသည်။ သို့သော် အောက်တိုဘာလ ပထမလဝက်တင်ပို့မှုမှာ နှေးကွေးခဲ့ပြီး အမေရိကန်ဒေါ်လာ ၉.၃၄ ဘီလီယံဖြင့် စက်တင်ဘာလ ပထမလဝက်နှင့်နှိုင်းယှဉ် ပါက ၁၇.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုနှေးကွေးမှုသည် မြင့်မားသော အမေရိကန်အကောက်ခွန်များက သွင်းကုန်ဝယ်လိုအားထက်သန်မှုကို လျှော့ကျစေရန် ခန့်မှန်းရကြောင်း သိရပါသည်။ သို့သော် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒများ၊ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမသေချာမရေရာမှုများ မြင့်တက်လာခြင်းရှိနေသော်လည်း တင်ပို့မှုမှာ ဂဏန်း ၂ လုံးကြီးထွားမည့်လမ်းကြောင်းပေါ်တွင် တည်ရှိနေကြောင်း သိရပါသည်။ HSBC  ကဗီယက်နမ်၏ ၂၀၂၅ ခုနှစ် GDP ကြီးထွားနှုန်းအား ယခင်က ၆.၆ ရာခိုင်နှုန်းခန့်မှန်းရာမှ ယခုအခါ ၇.၉ ရာခိုင်နှုန်းသို့ တိုးမြှင့်ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ အီလတ်ထရောနစ်ကုန် ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းသည် ကြီးထွားမှု၏ အဓိကမောင်းနှင်အား အဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ယခုနှစ်၏ တတိယ ၃ လပတ်ကာလတွင် အမေရိကန်သို့ ဗီယက်နမ်၏ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကြီးထွားခဲ့သော်လည်း အခြားအာဆီယံနိုင်ငံများမှ တင်ပို့မှုမှာလျှော့ကျခဲ့ကြောင်း သိရပါသည်။ အမေရိကန်ပြင်ပအခြား ဈေးကွက်များနှင့် ကုန်သွယ်ရေးပိုငွေရရှိမှု ကြီးထွားခဲ့ခြင်းကြောင့် ယခုနှစ်၏ တတိယ ၃ လပတ် ကာလပိုငွေရရှိမှုမှာ ပထမနှစ်ဝက်ထက် ၂ ဆကြီးထွားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ကုန်သွယ်ရေးနှင့် စီးပွားရေးချိတ်ဆက်မှုအခွင့်အလမ်းများ တိုးချဲ့ပေးသည့် Autumn Fair 2025

              ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တွင် အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ကျင်းပခဲ့သည့် Autumn Fair 2025 သည် စံချိန်တင်လည်ပတ်သူအရေအတွက်ရရှိခဲ့ပြီး ဝယ်ယူနိုင်စွမ်းသိသာစွာမြင့်တက်ခဲ့ကာ ပါဝင်ဆင်နွှဲသည့် စီးပွားရေးလုပ်ငန်းများလည်း ဝင်ငွေအများအပြားရရှိခဲ့ကြကြောင်း သိရပါသည်။ ထို့ပြင် ၎င်းပြပွဲသည် ကုမ္ပဏီများအတွက် ၎င်းတို့၏ထုတ်ကုန်များပြသရန်၊ စားသုံးသူများနှင့်ချိတ်ဆက်ရန်နှင့် ပြည်တွင်းနှင့် ပြည်ပမိတ်ဖက်များနှင့် ကွန်ယက်ချိတ်ဆက်ရန်အတွက် ရွှေရောင်အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ ထိုကနဦးအောင်မြင်မှုများနှင့်အတူ ပြပွဲသည် ပရိုဖက်ရှင်နယ်ကုန်သွယ်မှုမြှင့်တင်ရေး အခမ်းအနားအဖြစ် ၎င်းတို့ပုံရိပ်ကိုကိုယ်တိုင်တည်ထောင်နိုင်ခဲ့ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ၎င်းတို့ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုပြသရန်နှင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်သို့ ဝင်ရောက်ရန် စင်မြင့်တစ်ခုအဖြစ်ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရပါသည်။ စာရင်းအင်းများအရ ပထမ ၅ ရက်တွင် ပြပွဲသည် နေ့စဉ်လည်ပတ်သူ ရာဂဏန်းမှထောင်ဂဏန်းအကြားကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ Com Moc Huyen ၏ ပိုင်ရှင်ဖြစ်သူက ၎င်းတို့၏ပြခန်းသည် ရက်အနည်းငယ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၈၀၀ ရရှိခဲ့ကြောင်းနှင့် ၎င်းတို့သည်အကျိုး အမြတ်ရရှိမှုကြီးမားခဲ့ရုံသာမက ၎င်းတို့၏ရိုးရာ  com အမှတ်တံဆိပ်ကို များစွာသောဝယ်ယူသူ အသစ်များထံသို့ မိတ်ဆက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Dong Quang Trading Co.,Ltd မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Doan Phuong Tram က ကုမ္ပဏီ၏ပြခန်းကို များစွာသော နိုင်ငံ တကာမှ လည်ပတ်သူများလာရောက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလောတွင် Dong Quang ၏အဆင့်မြင့်အလူမီနီယံထုတ်ကုန်များသည် အဓိကအားဖြင့် ပြည်တွင်းမှ အရောင်းကိုယ်စားလှယ်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဖြန့်ဖြူးလျက်ရှိကြောင်း သိရပါသည်. ကုမ္ပဏီသည် အနီးအနာဂတ်တွင် နိုင်ငံတကာဈေးကွက်များသို့တိုးချဲ့ရန် မျှော်လင့်လျှက်ရှိပြီး ထိုပြပွဲသည်အလားအလာရှိသောမိတ်ဖက်များနှင့်တွေ့ဆုံရန်၊ ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်နှင့် ဗီယက်နမ်၏ အရည်အသွေးမြင့်ပြုပြင်ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို ကမ္ဘာသို့ ပြသရန် အခွင့်အလမ်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ကြီးမှူးကျင်းပသူများ၏အဆိုအရ ပြပွဲသည် စီးပွားရေးကုန်စည်ပြပွဲတစ်ခုသာမက ပို့ကုန်များ၊ သွင်းကုန်များနှင့် နိုင်ငံတကာ စီးပွားရေးပေါင်းစပ်မှုအရှိန်မြှင့်တင်ရန်ရည်ရွယ်သည့် မဟာဗျူဟာမြောက်ကုန်သွယ်မှုမြှင့်တင်ရေး ပွဲအခမ်းအနားဖြစ်ကြောင်း သိရှိရပါသည်။

 

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်တို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စတင်မည်

        ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်တို့သည် နှစ်နိုင်ငံ၏ ဘုံစီးပွားရေးအကျိုးစီးပွားများအပေါ် အခြေခံသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ခုကို စတင်ရန် သဘောတူညီခဲ့ကြကြောင်း ဆော်ဒီသတင်းအေဂျင်စီ (SPA) က အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရပါသည်။

         အဆိုပါ ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman bin Abdulaziz Al Saud နှင့် ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif တို့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် Riyadh ၌ တွေ့ဆုံမှုအတွင်း သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

         SPA မှ ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးကို ပိုမိုခိုင်မာစေကာ ဘုံအကျိုးစီးပွားများကို အတူတကွဆောင်ရွက်ရန် နှစ်ဖက်စလုံး၏ ဆန္ဒကို အတည်ပြုကြောင်း ဖော်ပြထားပါသည်။

          မူဘောင်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် မဟာဗျူဟာမြောက်၊ အကျိုးသက်ရောက်မှု မြင့်မားသော စီမံကိန်းများစွာကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ဦးစားပေးကဏ္ဍများနေဖြင့် စွမ်းအင်၊ စက်မှုလုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ ခရီးသွားလာရေး၊ စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာဖူလုံရေးတို့ဖြစ်ကြောင်း သိရပါသည်။

        နှစ်ဖက်စလုံးသည် လက်ရှိတွင် လျှပ်စစ်ဓာတ်အား ချိတ်ဆက်ရေးစီမံကိန်းနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များအပါအဝင် ပူးတွဲစီးပွားရေးဆိုင်ရာ အစီအစဉ်များစွာကို လေ့လာဆန်းစစ်နေကြကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ရုရှားနိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှု စက်တင်ဘာလတွင် ၀.၉ ရာခိုင်နှုန်းသို့ ရောက်ရှိ

        ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာအရ ရုရှား၏ GDP သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ၀.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ယခင်နှစ်ကထက် ၀.၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဖော်ပြထားကြောင်း သိရသည်။

        ဝန်ကြီးဌာန၏ အဆိုအရ ရုရှား၏ GDP သည် ၂၀၂၅ ခုနှစ်၏ တတိယသုံးလပတ်တွင် ၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၏ ပထမ ကိုးလအတွင်း GDP တိုးတက်မှုနှုန်းသည် ၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်ဟုလည်း ခန့်မှန်းထားကြောင်း သိရသည်။

          စက်တင်ဘာလတွင် ဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်အတွက် GDP တိုးတက်မှု ခန့်မှန်းချက်ကို ဧပြီလတွင် ခန့်မှန်းထားသော ၂.၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ ၎င်းသည် ၂၀၂၆ ခုနှစ်အတွက် ခန့်မှန်းချက်ကိုလည်း ၂.၄ ရာခိုင်နှုန်းမှ ၁.၃ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဆီးရီးယားနိုင်ငံသည် ၆ လအတွင်း အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့

          ဆီးရီးယား ကြားဖြတ်ခေါင်းဆောင် Ahmed al-Sharaa က ဆီးရီးယားနိုင်ငံသည် လအတွင်း အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့တွင် Riyadh မြို့၌ ပြောကြားခဲ့ကြောင်း သိရသည်။

         ဆီးရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေများကို ပြင်ဆင်ခဲ့ပြီးနောက် ပထမဆုံး အတွင်းတွင် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း  ဆော်ဒီအိမ်ရှေ့မင်းသားနှင့်အတူ လက်ရှိကျင်းပနေသော Future Investment Initiative ညီလာခံတွင် al-Sharaa က ပြောကြားခဲ့ကြောင်း သိရသည်။

        al-Sharaa က ဆီရီးယားနိုင်ငံသည် ဆော်ဒီအာရေဗျ၊ ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် တူရကီတို့နှင့် မိတ်ဖက်များ ထူထောင်ထားပြီး ဘာရိန်းနှင့် ဂျော်ဒန်တို့နှင့်အတူ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများလည်းရှိကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်ကုမ္ပဏီများသည်လည်း ဒေသတွင်းမိတ်ဖက်များနှင့်အတူ ရင်းနှီးမြှုပ်နှံထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

         ဆီးရီးယားနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေကနေတစ်ဆင့် ပြန်လည်တည်ဆောက်လိုကြောင်း al-Sharaa က ပြောကြားခဲ့ပြီး ကမ္ဘာက ၎င်းကို “ကုန်သွယ်ရေးစင်္ကြံ” အဖြစ် အကျိုးခံစားနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့‌ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၇၅၀,၀၀၀ ကျော်ကို ကြိုဆို

         မွန်ဂိုလီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်းက အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များအရ မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်အစောပိုင်းမှစ၍ နိုင်ငံခြားခရီးသွား စုစုပေါင်း ၇၅၁,၈၇၉ ဦးကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။

         အဆိုပါကာလအတွင်း နိုင်ငံခြားခရီးသွားအများစုသည် တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယား တို့မှဖြစ်ကြောင်း အချက်အလက်များအရ သိရှိရပါသည်။

          လက်ရှိတွင် မွန်ဂိုလီးယားနိုင်ငံ၏ စီးပွားရေးသည် သတ္တုတူးဖော်ရေးကဏ္ဍနှင့် သတ္တုအရင်းအမြစ်များ တင်ပို့မှုအပေါ် များစွာမှီခိုနေပါသည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုအခြေအနေတွင် နိုင်ငံ၏ စီးပွားရေးကို ကဏ္ဍစုံအောင်လုပ်ဆောင်ရန်နှင့် ခရီးသွားလုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

          နိုင်ငံ၏ ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလာရေးနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ အဆိုအရ မွန်ဂိုလီးယားအစိုးရသည် နိုင်ငံအတွင်း လေးရာသီခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် “မွန်ဂိုလီးယားသို့ လည်ပတ်ရန်နှစ်များ” ခရီးသွားအစီအစဉ်ကို ၂၀၂၈ ခုနှစ်အထိ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တင်ပို့မှုကြီးထွားရန်အတွက် တန်ဖိုးမြှင့်ထုတ်လုပ်ရန် ရည်ရွယ်ထားသည့် ဗီယက်နမ်အဝတ်အထည်လုပ်ငန်း

            ဗီယက်နမ်အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်းသည် ဆက်လက်ကြီးထွားနေပြီး ကုမ္ပဏီများသည် ထုတ်လုပ်မှုအရှိန်မြှင့်တင်ရန်၊ ၎င်းတို့၏ထုတ်ကုန်များကိုတန်ဖိုးမြှင့်ရန်၊ စမတ်စက်ရုံများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းနှင့် စွမ်းရည် မြှင့်တင်ရန်အတွက် အာရုံစိုက်မှုမြင့်တက်လာကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လ တွင် ကဏ္ဍသည် အမေရိကန်ဒေါ်လာ ၃၄.၈ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၇.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုစွမ်းဆောင်ရည်သည် တစ်နှစ်လုံးတာကာလရည်မှန်းချက် အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံပြည့်မီနိုင်မည့်လမ်းကြောင်းပေါ်တွင် တည်ရှိနေကြောင်း သိရပါသည်။ များစွာ‌သောလုပ်ငန်းများသည် နိုဝင်ဘာလအတွက် မှာယူမှုများရရှိထားပြီး ယခုနှစ်၏နောက်ဆုံးလများအတွက် ညှိနှိုင်းဆွေးနွေးမှုများရှိနေကြောင်းလည်း သိရပါသည်။ Hoa Tho အဝတ်အထည်ကော်ပိုရေးရှင်း၏ CEO ဖြစ်သူ Nguyen Ngoc Binh က ဈေးကွက်သည် ထုတ်လုပ်မှုတည်ငြိမ်ရန်နှင့် တင်ပို့မှုကြီးထွားရန် စီမံချက်များလိုအပ်နေကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် ဝင်ငွေအမေရိကန် ဒေါ်လာ သန်း ၁၆၀ နီးပါးရရှိခဲ့ပြီး နှစ်ကုန်ရည်မှန်းချက်၏ ၉၁ ရာခိုင်နှုန်းပြည့်မီပြီဖြစ်ကြောင်း သိရပါသည်။ နှစ်ကုန်ရည်မှန်းချက်ပြည့်မီရန်အတွက် ကုမ္ပဏီသည် စက်ကိရိယာများနှင့် လုပ်သားထု စွမ်းရည်ကိုမွမ်းမံမြှင့်တင်ရန်၊ ထုတ်လုပ်မှုအရည်အသွေးတိုးတက်စေရန်၊ ဈေးကွက်ဝယ်လိုအားနှင့် ထုတ်လုပ်မှုချိန်ညှိရန်နှင့် အနာဂတ်အတွက်စမတ်စက်ရုံမော်ဒယ်များ ပြင်ဆင်ရန် စီစဉ်နေကြောင်း သိရပါသည်။ Binh ကကမ္ဘာလုံးဆိုင်ရာရောင်းလိုအားနှင့် ဝယ်လိုအားမတည်ငြိမ်မှုက ဖိအားများဖြစ်ပေါ်စေကြောင်းပြောကြားခဲ့ပါသည်။ ဥပမာအနေဖြင့် အမေရိကန်ဈေးကွက်သည် စားသုံးကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စားသုံးမှုနည်းပါးရန် မျှော်မှန်းရပြီး ဥရောပသမဂ္ဂနှင့် ဂျပန်ဈေးကွက်များမှာ အစိမ်းရောင်အသိအမှတ်ပြုထုတ်ကုန်များအတွက် လိုအပ်ချက် မြင့်တက်လာကြောင်း သိရပါသည်။  ဗီယက်နမ်တွင် ၂၀၂၆ ခုနှစ်၌ အနိမ့်ဆုံးလုပ်အားခများ မြင့်တက်လာခြင်းက လုပ်သားထုကုန်ကျစရိတ်များအပေါ် သက်ရောက်မှုရှိစေပြီး လုပ်ငန်းများအား လုပ်သားထုလေ့ကျင့်ခြင်း၊ လူမှုဖူလုံမှုမြှင့်တင်ပေးခြင်းနှင့် အလိုအလျောက်စနစ်များအသုံး ပြုခြင်းတို့တွင် ရင်းနှီးမြှုပ်နှံရန် လှုံ့ဆော်မှုဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

 

 

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ