Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အင်ဒိုနီးရှားအစိုးရက စားအုန်းဆီကို လောင်စာဆီအဖြစ် ပြောင်းလဲအသုံးပြုမည်ဖြစ်သောကြောင့် ဒီဇယ်ဆီ တင်သွင်းမှုအား ရပ်တန့်မည်

    အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်း၌ထွက်ရှိသည့် စားအုန်းဆီကြမ်း (CPO) ပါဝင်မှု အချိုး အစား ၅၀% နှင့် ဒီဇယ် ၅၀% ရောနှောပါဝင်သည့် ဇီဝဒီဇယ် (B50) ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစ၍ ဒီဇယ်ဆီတင်သွင်းမှုကို ရပ်တန့်မည် ဖြစ်သည်ဟု အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Mr. Andi Amran Sulaiman က ပြောကြားသည်ကို အင်ဒိုနီးရှားအခြေစိုက် ANTARA သတင်းဌာနက ဧပြီလ ၁၉ ရက်နေ့တွင် ဖော်ပြထားသည်။

    အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးက B50 အသုံးပြုမှုအစီအစဉ်သည် အသက်ဝင်ပြီ ဖြစ်သော ကြောင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစ၍ ဒီဇယ်ဆီ တင်သွင်းမှုကို ရပ်တန့်မည်ဖြစ်ကြောင်း Sepuluh Nopember နည်းပညာကျောင်း၌ ဧပြီလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    စားအုန်းဆီကို လောင်စာဆီ အစားထိုးအဖြစ် အသုံးပြုခြင်းဖြင့် အမျိုးသားအဆင့် စွမ်းအင် ဖူလုံမှုရရှိရေးကဏ္ဍကို အားကောင်းလာစေရန် အင်ဒိုနီးရှားအစိုးရ၏ ကြိုးပမ်းမှုတစ်ခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။

   စားအုန်းဆီကို ဒီဇယ်ဆီ သာမက ဓာတ်ငွေ့နှင့် အီသနောတို့ကိုလည်း ပြုပြင် ထုတ်လုပ် နိုင်ပြီး လက်ရှိအချိန်တွင် ထုတ်လုပ်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိ ကြောင်း အင်ဒိုနီးရှား၏ အနာဂတ် စွမ်းအင်ဖြစ်ပြီး အဆိုပါစွမ်းအင်ကို စားအုန်းဆီ အရင်းအမြစ်မှ ရရှိကြောင်း၊  စားအုန်းဆီသည် ဒီဇယ်ဖြစ်လာနိုင်သကဲ့သို့ ဓာတ်ငွေ့အဖြစ်လည်း ဖြစ်လာမည်ဟု ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

    အင်ဒိုနီးရှား အစိုးရအနေဖြင့်  အသေးစားလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် စားအုန်း ဆီကို အခြေခံ၍ ထုတ်လုပ်သည့်ဓာတ်ငွေထုတ်လုပ်ခြင်းကို အကြီးစားလုပ်ငန်းအဖြစ် တိုးတက် လာစေရန် နိုင်ငံပိုင်ဆီအုန်းစိုက်ခင်းများဆိုင်ရာ ကုမ္ပဏီ (PTPN IV) နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း အောင်မြင်မှုရရှိပါက အကြီးစားလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်မည်ဖြစ်ပြီး အင်ဒိုနီးရှား ၏ အနာဂတ်မှာ တောက်ပလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

     Sepuluh Nopember နည်းပညာကျောင်းက ဆောင်ရွက်ထားရှိသည့် လျှပ်စစ်ထွန်စက် အပါအဝင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများအပေါ် ကုန်ကျစရိတ် ပိုမိုသက်သာစေရေး နှင့် ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ လျှပ်စစ်ထွန်စက်သည် ဒီဇယ်ကို အသုံးပြုရန်မလိုအပ်ဘဲ လျှပ်စစ်ကိုသာအသုံးပြုထားခြင်းကြောင့် စိုက်ပျိုးရေး ဝန်ကြီးဌာနအနေ ဖြင့် စမ်းသပ်အသုံးပြုရန်အတွက် လျှပ်စစ်ထွန်စက် ၁၀ လုံးကို မှာယူထားကြောင်း၊ အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးက နည်းပညာကျောင်းသို့ ရောက်ရှိစဉ်အတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

     ထုတ်လုပ်လိုက်သည့် လျှပ်စစ်ထွန်စက်များသည် ပုံမှန်ဈေးနှုန်းထက် တစ်ဝက်ခန့်သာ ကုန်ကျမှာဖြစ်ကြောင်း၊ ဒီဇယ်ကို အသုံးပြုရန်မလိုအပ်ဘဲ လျှပ်စစ်ကိုသာ အသုံးပြုရမှာ ဖြစ် ကြောင်း၊ စီးပွားရေးအရလည်း တွက်ခြေကိုက်စေမည်ဖြစ်ကြောင်း အင်ဒိုနီးရှား စိုက်ပျိုးရေး ဝန်ကြီးက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source: Antara News, 19 April, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရှေ့အလယ်ပိုင်းဒေသတင်းမာမှုများက တရုတ်နိုင်ငံ၏လယ်ယာကဏ္ဍ၌ စရိတ်များမြင့်တက်စေ

     တရုတ်ပြည်တွင်း၌ စားနပ်ရိက္ခာ ထောက်ပံ့ပေးသွင်းမှုမှာ ဆက်လက်တည်ငြိမ်မှုရှိနေသော် လည်း အရှေ့အလယ်ပိုင်းဒေသတွင် နိုင်ငံရေးတင်းမာမှုများ အရှိန်မြင့်တက်လျက်ရှိခြင်းက ကမ္ဘာ့ စွမ်းအင်နှင့် ဓာတ်မြေဩဇာ ဈေးနှုန်းများကို မြင့်တက်စေပြီး တရုတ်နိုင်ငံ၏  လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် စရိတ်စကများ မြင့်တက်မှုကို ဖြစ်ပေါ်စေနိုင်သည်ဟု တရုတ်ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လူမှုရေး အကယ်ဒမီသိပ္ပံ (Chinese Academy of Social Sciences' Institute of Rural Development) မှ စိုက်ပျိုးရေးသုတေသီ Li Guoxiang က ပြောဆိုခဲ့သည်။

      ၎င်း၏ အဆိုအရ ထိုကဲ့သို့ ပဋိပက္ခဖြစ်ပွားမှုမှ လယ်ယာကဏ္ဍအပေါ် သက်ရောက်မှုသည် အထူးသဖြင့် ဓာတ်မြေဩဇာထုတ်လုပ်မှု၊ စွမ်းအင်ကုန်စည် သယ်ယူပို့ဆောင်မှုနှင့် ကမ္ဘာလုံးဆိုင် ရာ ကုန်စည်ဈေးနှုန်းများကို အနှောင့်အယှက်ပြုမည်ဟု ခန့်မှန်းရကြောင်း၊ ကမ္ဘာ့ ဓာတ်မြေဩဇာ သုံးစွဲမှု၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပါရှန်ပင်လယ်ကွေ့ဒေသမှ ထုတ်လုပ်ပေးလျက်ရှိပြီး ယေဘုယျအား ဖြင့် ကမ္ဘာ့ ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်မှု၏ ၄၆ ရာခိုင်နှုန်းခန့်ကို အဆိုပါဒေသမှ ထုတ်လုပ် ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်း၍ သင်္ဘောတင်ပို့မှုသည် အနှောင့်အယှက်ပြုခံရပြီး ရေနံဈေးနှုန်းများ မြင့်တက်လာပါက သဘာဝဓာတ်ငွေ့အပေါ် အမှီပြုလျက် လုပ်ကိုင်နေကြရ သော ဓာတ်မြေဩဇာစက်ရုံများသည် လုပ်ငန်းရပ်ဆိုင်းခြင်း သို့မဟုတ် ထုတ်လုပ်မှုလျှော့ချခြင်းကို ကြု့တွေ့လာရနိုင်သည်။

    ဓာတ်မြေဩဇာ ရောင်းလိုအားကျဆင်းမှုသည် ဈေးနှုန်းများမြင့်တက်မှုကို ဖြစ်ပေါ်စေပြီး လယ်ယာလုပ်ငန်းခွင်၌ စရိတ်စကများမြင့်တက်မှု သို့မဟုတ် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲမှုကို ပေါ်ပေါက်စေလျက် သီးနှံအထွက်ပမာဏနှင့် စားသောက်ကုန် ဈေးနှုန်းများအပေါ် သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခ အရှိန်မြင့်တက်လာပြီးနောက် ပြည်တွင်း ကောက်ပဲသီးနှံဈေးနှုန်းများ အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရကြောင်း၊ ဓာတ်မြေဩဇာ များနှင့် ဒီဇယ်ဆီတို့၏ ဈေးနှုန်းများသည်လည်း မြင့်တက်ခဲ့ကြောင်းဖြင့် Mr. Li က ပြောဆိုခဲ့သည်။

     သို့ရာတွင် တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း၌ ဓာတ်မြေဩဇာလုပ်ငန်း ခိုင်မာအားကောင်းမှု ရှိပြီး ကိုယ်ပိုင်ထုတ်လုပ်စွမ်းအားဖြင့် ဖူလုံစေခြင်းကို မြင့်မားသောအဆင့်တစ်ရပ်၌ ဆက်လက် ထိန်းသိမ်းထားနိုင်မှုရှိသည်။ ယင်းအနေအထားက အစိုးရ၏ ကြပ်မတ်မှုအောက်တွင် ဈေးနှုန်းများ တည်ငြိမ်စေရေးကို အထောက်အကူပြုလျက်ရှိသည်။

   လွှမ်းခြုံသုံးသပ်ရပါလျှင် ကောက်ပဲသီးနှံနှင့် ဓာတ်မြေဩဇာ ဈေးကွက်များသည် တဖြည်း ဖြည်းချင်း ပြန်လည်တည်ငြိမ်မှု ရရှိလာကြောင်း၊ ၎င်းက ယခုနှစ်တွင် နောက်ထပ်တစ်ကြိမ် သီးနှံ ရိတ်သိမ်းထွက်ရှိမှု ကောင်းမွန်လိမ့်မည်ဟု မျှော်မှန်းရကြောင်း Mr. Li က ပြောကြားထားသည်။

    သို့သော် စွမ်းအင်ဆိုင်ရာဈေးနှုန်းများ ဆက်လက်မြင့်တက်နေမှုက တရုတ်နိုင်ငံအတွင်း လယ်ယာထွက်ကုန်များ ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်မှု စရိတ်များကို သွယ်ဝိုက်၍ မြင့်တက် လာစေနိုင်သည်။ တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံ ထုတ်လုပ်မှုကဏ္ဍ၌ စက်မှုစွမ်းအားကို မြင့်မားစွာ တပ်ဆင်သုံးစွဲလျက်ရှိပြီး ကုန်ထုတ်လုပ်ရာ နယ်မြေများနှင့် စားသုံးမှုပြုသည့် အဓိကနေရာများ အကြား ကောက်ပဲသီးနှံ ပမာဏအမြောက်အမြားကို သယ်ယူပို့ဆောင်ရန် လိုအပ်လျက်ရှိသည်။ စက်သုံးဆီ ဈေးနှုန်းမြင့်မားမှုသည် လယ်ယာလုပ်ငန်းနှင့် သယ်ယူပို့ဆောင်မှုဆိုင်ရာ ကုန်ကျစရိတ် များကို မြင့်တက်လာစေနိုင်ပြီး ယခုနှစ်အတွင်း သီးနှံထောက်ပံ့ပေးသွင်းမှု စရိတ်အပေါ် နောက် ပိုင်း၌ သက်ရောက်မှုရှိလာနိုင်သည်။

    အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ၏ ပြင်းထန်မှုအတိုင်းအတာနှင့် အချိန်ကြာမြင့်မှုတို့မှာ

မသေချာမရေရာသည့် အခြေအနေ ဆက်လက်ဖြစ်ပေါ်နေပြီး ပိုမိုတင်းကျပ်သော စောင့်ကြည့် လေ့လာမှုနှင့် ဆောလျင်စွာ သတိပေးသည့်စနစ်များ လိုအပ်လျက်ရှိသည်ကို ညွှန်ပြနေကြောင်း၊ မလိုလားအပ်သော ထိတ်လန့်တကြားဖြစ်ပေါ်မှုများကို ရှောင်ရှားနိုင်ရေးအတွက် ဈေးကွက်စောင့် ကြည့်မှု တိုးတက်ကောင်းမွန်စေရန်နှင့် ပြည်သူလူထု မျှော်မှန်းချက်များကို လမ်းညွှန်ထိန်းကျောင်း ရန် အရေးကြီးကြောင်း၊ ထို့အပြင် အာဏာပိုင်များအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် စပ်လျဉ်း၍ မှားယွင်းသော သတင်းအချက်အလက်များ သို့မဟုတ် ချဲ့ကားပြောဆိုမှုများ မရှိစေရေး စောင့်ကြပ်လုပ်ကိုင်သင့်ကြောင်း၊ စိုက်ပျိုးရေးသွင်းအားစုများ၏ ဈေးနှုန်းများ သိသာစွာ မြင့်တက် လာပါက စိုက်ပျိုး ထုတ်လုပ်မှုစရိတ်များ မြင်မားလာနိုင်မှုကို ချေဖျက်နိုင်ရန်နှင့် လယ်သမားများ၏ စိုက်ပျိုးလုပ်ကိုင်လိုမှုကို ဆွဲဆောင်နိုင်ရန် အစိုးရအနေဖြင့် ဒီဇယ်ဆီအသုံးစရိတ် သို့မဟုတ် ဓာတ် မြေဩဇာအတွက် တစ်ကြိမ်တည်း ထောက်ပံ့ပေးအပ်မှု ကဲ့သို့သော ယာယီထောက်ပံ့ကြေးပေး ခြင်းကို စဉ်းစားဆောင်ရွက်နိုင်ကြောင်း Mr. Li က ပြောဆိုခဲ့သည်။

Source: China Daily, 20 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရန်ဆန်တန်ချိန် ၃ သိန်းအထိ မလေးရှား စုဆောင်းထား

       ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကြောင့် ရိက္ခာထောက်ပံ့ပေးသွင်းမှု အလျဉ်ပြတ် လပ်ခြင်း ဖြစ်ပေါ်လာနိုင်ခြေရှိသည့်အပေါ် ကြိုတင်စီမံဆောင်ရွက်မှုအဖြစ် မလေးရှားအစိုးရသည် နိုင်ငံ၏ အရန်ဆန်သိုလှောင်ထားရှိမှုကို တန်ချိန် ၃၀၀၀၀၀ အထိ တိုးမြှင့်ခဲ့သည်။

       လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံမှု ဝန်ကြီး Datuk Seri Mohamad Sabu က အဆိုပါ လုပ်ဆောင်ချက်သည် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးမှု သေချာခိုင်မာအောင် လုပ်ကိုင်နေချိန်၌ ဆန်ရောင်းလိုအားကို ဆက်လက်လုံလောက်မှုရှိစေရန်နှင့် ဖူလုံစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အစိုးရသည် အခြေအနေအရပ်ရပ်ကို စဉ်ဆက်မပြတ် စောင့် ကြည့်ထိန်းကျောင်းလျက်ရှိပြီး အလေ့အလွင့်ဖြစ်ပေါ်မှုကို ရှောင်ကြဉ်ရန်နှင့် ခြိုးခြံချွေတာသည့် အလေ့အထကို ကျင့်သုံးရန် ၎င်းအနေဖြင့် နိုင်ငံသားများသို့ တိုက်တွန်းလိုကြောင်း၊ နိုင်ငံ၏ စားနပ် ရိက္ခာဖူလုံမှု ဆက်လက်ခိုင်မာမှုရှိစေရေးအတွက် ယခုကဲ့သို့ အားထုတ်ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံသားတိုင်းသည် ရိက္ခာထောက်ပံ့ပေးသွင်းမှု သေချာခြင်းနှင့် လုံလောက်မှုရှိခြင်းတို့ကို ရရှိခံစား နိုင်မည်ဖြစ်ကြောင်း ဧပြီ ၂၀ ရက်နေ့၌ ပြောဆိုခဲ့သည်။

      အနောက်အာရှဒေသ၌ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်မှုနှင့်အတူ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး ကြိုတင်စီမံဆောင်ရွက်မှုအဖြစ် နိုင်ငံတော် အရန်ဆန် သိုလှောင်ထားရှိမှုကို ၉ လ တာ ကာလအထိ လုံလောက်မှုရှိအောင် တိုးမြှင့်ရန် အစိုးရက သဘောတူညီခဲ့သည်ဟု ဝန်ကြီး Mohamad Sabu က မတ်လ ၁၃ ရက်နေ့တွင်လည်း ပြောကြားထားခဲ့သည်။

Source: Bernama, 20 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဇီဝလောင်စာဆီ ထုတ်လုပ်မှုကို မြှင့်တင်မည်ဟု မလေးရှားပြောကြား

      မလေးရှားနိုင်ငံသည် ဒီဇယ်ဆီကုန်ကျစရိတ်များ ကျယ်ပြန့်စွာလျှော့ချရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်‌ဒေသအဖြစ် ဇီဝလောင်စာဆီထုတ်လုပ်မှုကို တိုးချဲ့ရန်ကြိုးပမ်းလျက်ရှိပြီး ယခုအခါ ဇီဝဒီဇယ်စက်ရုံ ၁၉ ရုံမှ တစ်လလျှင် လီတာ ၁.၅ သန်းခန့် ထုတ်လုပ်နိုင်နေပြီဖြစ်သည်ဟု ဒုတိယ ဝန်ကြီးချုပ် Datuk Seri Dr Ahmad Zahid Hamidi က ဧပြီ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

       အမျိုးသားစီးပွားရေးဆောင်ရွက်မှုကောင်စီ (MTEN) တွင် တင်ပြထားခဲ့သည့် အဆိုပါ အစီ အစဉ်ကို အစိုးရဌာနများနှင့် ပုဂ္ဂလိက လယ်ယာစိုက်ပျိုးရေးကုမ္ပဏီများအကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိကာလ၌ ဇီဝဒီဇယ်ထုတ်လုပ် သည့် စက်ရုံ ၁၉ ရုံတွင် ဇီဝလောင်စာဆီ ပါဝင်မှု ၁၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း  (B15 to B50) အထိရှိသော ဇီဝဒီဇယ်ဆီများ ရောစပ်ထုတ်လုပ်လျက်ရှိကြောင်း၊ စားအုန်းဆီကြမ်း ထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာသည့် အနည်အနှစ်များကို အသုံးချခြင်းဖြင့် ဇီဝဒီဇယ် အထွက် ပမာဏကို ထပ်မံတိုးမြှင့်ရန် အစီအစဉ်များပါရှိကြောင်း၊ ၎င်းဆီကြမ်းအနည်အနှစ်များ၏ ၃၅ ရာခိုင်နှုန်းခန့်ကို ဇီဝလောင်စာဆီအပြင် Jet A1 လေယာဉ်ဆီ ထုတ်လုပ်ရာတွင် အပြည့်အဝ အသုံး ချနိုင်ကြောင်း၊ ထို့အပြင် အဆိုပါ အစီအစဉ်ကို လက်ရှိတွင် စတင်အကောင်အထည်ဖော်နေပြီး MTEN ကောင်စီကလည်း အဆိုပြုချက်ကို မူအားဖြင့် လက်ခံထားပြီးဖြစ်ကြောင်း Mr. Ahmad Zahid က ပြောကြားခဲ့သည်။

       ထုတ်လုပ်ရေးစက်ရုံများအကြား ပိုမိုကောင်းမွန်သော ပေါင်းစည်းမှုများ ပြုလုပ်ခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များကို ထိန်းသိမ်းထားနိုင်ရေးအတွက် အစိုးရအနေဖြင့် အေဂျင်စီများ နှင့် ဇီဝလောင်စာဆီလုပ်ငန်းနယ်ပယ်၌ ပါဝင်ဆောင်ရွက်နေသူများအကြား ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဇီဝဒီဇယ်ထုတ်လုပ်မှုမှာ လစဉ် လီတာ ၁.၅ သန်းခန့်ရှိသည်။ အမြောက်အမြား ထုတ်လုပ်နိုင်လာသည်နှင့်အမျှ ကုန်ကျစရိတ်များ လျော့နည်းလျက် စျေးနှုန်းများ လည်း ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာမည်ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းလင်းပြောကြားခဲ့သည်။

       ထို့အပြင် PETRONAS နှင့် မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် ပူးပေါင်းလုပ်ဆောင်သော ရှေ့ပြေးပရောဂျက်များအပါအဝင် ဇီဝလောင်စာဆီ၏ အသုံးချနိုင်စွမ်းကို စမ်းသပ်မှုအမျိုးမျိုးဖြင့် သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ ဤဇီဝလောင်စာဆီ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး သံသယဖြစ် စရာ မရှိကြောင်း ဒုတိယဝန်ကြီးချုပ်က အလေးပေးပြောကြားခဲ့သည်။

Source: The Star, 20 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားကြောင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှု မြင့်တက်ခဲ့သည့် ဗီယက်နမ်

         တင်ပို့မှုမြင့်တက်လာခြင်းနှင့် တင်းကျပ်သောနိုင်ငံတကာ စံချိန်စံညွှန်းများကို ပိုမိုလိုက်နာလာခြင်းတို့ကြောင့် ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုများသည် ယခုနှစ် အစပိုင်းကို အားကောင်းစွာ စတင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားမြင့်မားမှုကို ထုတ်လုပ်သူ များ အသုံးချနိုင်ခဲ့ကြောင်း Vietnam Fruit and Vegetables Association က ဧပြီလ ၂၃ ရက်နေ့ကပြောကြားခဲ့ပါသည်။ ဧပြီလအတွင်း တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၃၂ သန်းနီးပါး ရရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း စုစုပေါင်း တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၂.၀၆ ဘီလီယံ ရောက်ရှိခဲ့ကာ ၂၀၂၅ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အသင်းက ထုတ်ပြန်ခဲ့ပါသည်။ အဓိကကုန်စည်များတွင် ဒူးရင်းသီး၊ ပိန္နဲသီး၊ အုန်းသီး၊ တည်သီး၊ ကျွဲကောသီးနှင့် တောကြက်မောက်တို့ ပါဝင်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ထက်ဝက်ကျော်ကိုလက်ခံသည့် အကြီးဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ၎င်း၏နောက်တွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ရပ်တည်နေကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၆၁.၄ သန်းခန့်ဖြင့် ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၂၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုသို့ တင်သွင်းမှု မြင့်တက်လာခဲ့သော်လည်း ဇန်နဝါရီမှ ဧပြီအထိ ကာလအတွင်း ကဏ္ဍတစ်ခုလုံးသည် အမေရိကန်ဒေါ်လာ ၉၉၈ သန်းနီးပါး ကုန်သွယ်ရေးပိုငွေရရှိခဲ့ကြောင်း သိရပါသည်။ နှစ်အစ အားကောင်းမှုသည် ယခုနှစ်အတွင်း ဒေါ်လာ ၁၀ ဘီလီယံ တင်ပို့မှု ရည်မှန်းချက်ပြည့်မီရန်အခြေခံအုတ်မြစ်တစ်ခုဖြစ်စေကြောင်း အသင်းက ပြောကြားခဲ့ပါသည်။ လိုင်ချီး၊ သရက်သီးနှင့် ဒူးရင်းကဲ့သို့ အဓိက သစ်သီးများ အမြင့်ဆုံး ရိတ်သိမ်းရာသီသို့ ဝင်ရောက်လာသဖြင့် ဒုတိယသုံးလပတ်ကာလသည်လည်း အလားအလာကောင်းမွန်နေကြောင်းလည်း သိရပါသည်။ အေးခဲထားသောသစ်သီးများနှင့် လတ်ဆတ်သော အုန်းသီးများအတွက် တင်ပို့မှု ပရိုတိုကောအသစ်များကို ထုတ်ပြန်ထားခြင်းကလည်း တိုးတက်မှုကို ဆက်လက်အထောက်အကူပြုမည်ဟု မျှော်မှန်းရကြောင်း သိရပါသည်။ အသင်း၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က စီးပွားရေးလုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှုများကို ခေတ်မီစေခြင်း၊ စိုက်ပျိုးရေးနည်းပညာနှင့် ရိတ်သိမ်းပြီးနောက် လုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ခြင်းနှင့် တင်သွင်းသည့်နိုင်ငံများ၏ စံနှုန်းသတ်မှတ်ချက်များကို တင်းကျပ်စွာ လိုက်နာခြင်းတို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် စိုက်ပျိုးဧရိယာများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် စီမံခန့်ခွဲခြင်း၊ သိမ်းဆည်းမှုနှင့် သယ်ယူပို့ဆောင်ရေး တိုးတက်ကောင်းမွန် ရေးတို့အပါအဝင် အဆင့်မြင့်နည်းပညာအသုံးပြုမှုများ ပိုမိုလိုအပ်မည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနကလည်း စိုက်ပျိုးဧရိယာများ စံချိန်စံညွှန်းတူညီစေရန်နှင့် ထုပ်ပိုးစက်ရုံများကို စစ်ဆေးကြပ်မတ်မှုတင်းကျပ်ရန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းသည် တရုတ်ဈေးကွက်သို့ တင်ပို့မှုတည်ငြိမ်စေရန်နှင့် အခြားဈေးကွက်များသို့ ချဲ့ထွင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၈.၅ ဘီလီယံ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ထိုင်းဈေးကွက်သို့ တင်ပို့မှုတိုးမြှင့်ရန် ရုရှားကြိုးပမ်း

        ရုရှားနိုင်ငံသည် ထိုင်းဈေးကွက်သို့ တင်ပို့မှုတိုးမြှင့်ရန် အဆင်သင့်ရှိကြောင်း ရုရှားဒုတိယ ဝန်ကြီးချုပ် Dmitry Patrushev က ပြောကြားခဲ့သည်ဟု Russian Embassy in Thailand ၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားကြောင်း သိရပါသည်။ ၎င်းထုတ်ပြန်ချက်သည် မော်စကိုမြို့တွင် Patrushev နှင့် ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Suriya Juangroongruangkit တို့တွေ့ဆုံကာ စိုက်ပျိုးရေးထုတ်ကုန်နှင့် အစားအသောက်များ အပြန်အလှန်ကုန်သွယ်မှု တိုးချဲ့နိုင်ရေးအလားအလာများကို ဆွေးနွေးခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Patrushev က ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ရုရှား၏ ကာလ ကြာရှည်လက်တွဲလာသော မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့သည့်  ၁၃၀ နှစ်ပတ်လည်ပြည့်အခမ်းအနား အထိမ်းအမှတ်အဖြစ် နှစ်ဖက်စလုံးက နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ကြိုးပမ်းနေ ကြောင်း၊ ထို့အပြင် ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် လှုံ့ဆော်မှုအသစ်တစ်ရပ်ဖြစ်ကြောင်းနှင့် ယမန်နှစ်အတွင်း စိုက်ပျိုးရေးထုတ်ကုန်နှင့် အစား အသောက်များအတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ၁၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ရုရှားနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့မှုများကို ထပ်မံတိုးချဲ့နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း မြေဩဇာများကို ထိုင်းနိုင်ငံသို့ ထောက်ပံ့ပေးရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ဝန်ကြီး Suriya က လာမည့် စိုက်ပျိုးရာသီအတွက် ဓာတုမြေဩဇာ တန်ချိန် ၂ သန်းအထိ တင်သွင်းနိုင်ရေး အစီအစဉ်အရ ရောင်းချမည့်သူများနှင့် သဘောတူညီမှုရရှိရန်အတွက် ညှိနှိုင်းဆွေးနွေးရန် ရုရှားနိုင်ငံသို့ သွားရောက်မည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။ ရုရှားနိုင်ငံမှ တင်သွင်းမှုကို အာမခံနိုင်ပါက မြေဩဇာဈေးနှုန်း တည်ငြိမ်စေရန်နှင့် နောက်ထပ် စိုက်ပျိုးရာသီအတွက် လုံလောက်သော ပမာဏရရှိစေရန် အထောက်အကူပြုမည်ဟုလည်း ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

မတ်လတွင် အားကောင်းစွာတိုးတက်ခဲ့သည့် ဗီယက်နမ်မော်တော်ယာဉ်ဈေးကွက်

       ဗီယက်နမ်နိုင်ငံ၏ မော်တော်ယာဉ်ဈေးကွက်သည် မတ်လတွင် အားကောင်းစွာ ပြန်လည်တိုးတက်လာခဲ့ပြီး လုပ်ငန်းနယ်ပယ်၏ စုစုပေါင်းရောင်းအားမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက ၇၀,၈၅၉ စီးဖြင့် နှစ်ဆကျော်မြင့်တက်လာကာ နှစ်အစပိုင်းတွင် ရောင်းအားနှေးကွေးခဲ့သည့် အခြေအနေမှ ပြန်လည်နာလန်ထူလာကြောင်း ဗီယက်နမ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (VAMA) က ပြောကြားခဲ့ပါသည်။ ယခုတိုးတက်လာမှုသည် အစဉ်အလာမော်တော်ယာဉ်များသာမက လျှပ်စစ်ယာဉ်နှင့် ဟိုက်ဘရစ်ယာဉ် ကဏ္ဍများတွင်လည်း အားကောင်းသောအဟုန်ကြောင့်ဖြစ်ကြောင်း သိရပါသည်။ VAMA အဆိုအရ အသင်းဝင်ကုမ္ပဏီများ၏ မတ်လရောင်းအားသည် ၃၈,၇၀၄ စီးရှိပြီး ယခင်လနှင့် နှိုင်းယှဉ်လျှင် ၁၀၁ ရာခိုင်နှုန်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယာဉ်အမျိုးအစားအလိုက်ဆိုပါက passenger ကားများသည် ၂၄,၈၅၈ စီးဖြင့် ရောင်းအားအကောင်းဆုံးဖြစ်ပြီး ၎င်း၏နောက်တွင် commercial ကားများနှင့် specialised ကားများက ရပ်တည်နေကြောင်း သိရပါသည်။ ပြည်ပမှ အပြည့်အဝတပ်ဆင်ပြီး တင်သွင်းလာသည့် (CBU) ယာဉ်များသည် ဒေသတွင်း တပ်ဆင်ထုတ်လုပ်မှုကို ဆက်လက်ကျော်လွန်ခဲ့ပြီး ရောင်းအား ၂၃,၀၁၁ စီးရှိကာ ၁၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် ပြည်ပအမှတ်တံဆိပ်များအပေါ် စားသုံးသူဝယ်လိုအားကောင်းနေသည်ကို  ပြသနေကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမ သုံးလပတ်အတွင်း VAMA အသင်းဝင်များ၏ စုစုပေါင်းရောင်းအားမှာ ၉၄,၈၅၇ စီးရှိပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်လျှင် ၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ passenger ကား ရောင်းအား ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး commercial ကားများမှာ ၄၈ ရာခိုင်နှုန်းနှင့် အထူးသုံးယာဉ်များမှာ ၆၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ သို့သော် အဆိုပါစာရင်းအင်းများတွင် VinFast နှင့် Hyundai Thanh Cong ကဲ့သို့သော အဓိကထုတ်လုပ်သူများ မပါဝင်သဖြင့် စျေးကွက်အပြည့်အစုံကို မထင်ဟပ်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားပါသည်။ အဆိုပါ ထုတ်လုပ်သူများကိုပါ ထည့်သွင်းတွက်ချက်ပါက မတ်လအတွင်း စုစုပေါင်းရောင်းအားမှာ ၇၀,၈၅၉ စီးသို့ ရောက်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမသုံးလပတ် ရောင်းအားမှာ ၁၆၂,၀၃၉ စီးရှိကာ ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ကမ္ဘာ့ဆန်ဈေးကွက် အပြောင်းအလဲများကြောင့် ထိုင်းလယ်သမားများ၏ ဝင်ငွေအပေါ် ဖိအားများသက်ရောက်နိုင်

          ဆန်တင်ပို့မှုသည် ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးသော ဝင်ငွေရရှိရာ လမ်းကြောင်းတစ်ခုဖြစ်သည်။ ထို့အပြင် ဆန်သည် ထိုင်းနိုင်ငံရှိ စိုက်ပျိုးရေးအိမ်ထောင်စုများ၏ ၆၁ ရာခိုင်နှုန်း (သို့မဟုတ်) အိမ်ထောင်စု ၄.၆၈ သန်း ခန့် စိုက်ပျိုးနေကြသော အဓိကသီးနှံဖြစ်သည်။ ယင်းသည် တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၄၅ ရာခိုင်နှုန်း (သို့မဟုတ်) လူဦးရေ သန်း ၂၀ ခန့်ကို ကိုယ်စားပြုနေခြင်းလည်း ဖြစ်သည်။

       ထိုင်းနိုင်ငံတွင် ဆန်စပါးကို ဟက်တာ ၁၁.၅၂ သန်းခန့်ရှိသော စိုက်ပျိုးမြေများပေါ်တွင် စိုက်ပျိုးကြသည်။ ထို့ကြောင့် ကမ္ဘာ့ဆန်ဈေးကွက်၏ လားရာသည် ထိုင်းလယ်သမားများ၏ အနာဂတ်ဝင်ငွေကို ခန့်မှန်းရာတွင် အထောက်အကူပြုလျက်ရှိသည်။

        အမေရိကန် စိုက်ပျိုးရေးဌာန (USDA) မှ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်သော “Rice Outlook” အစီရင်ခံစာအရ ၂၀၂၅/၂၆ ခုနှစ်အတွက် ကမ္ဘာ့ဆန်ထုတ်လုပ်မှု (ကြိတ်ခွဲပြီးအခြေခံ) ကို တန်ချိန် ၅၄၁.၄ သန်း ရှိမည်ဟု ခန့်မှန်းထားပြီး၊ ယခင်ခန့်မှန်းချက်ထက် တန်ချိန် ၀.၁ သန်း မြင့်တက်လာခြင်း ဖြစ်သည်။

       ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့တွင် အထွက်နှုန်းလျော့နည်းမှုကို ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုတိုးတက်မှုက ပြန်လည်ကာမိစေမည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတွင် ရာသီဥတုသာယာမှုကြောင့် စိုက်ပျိုးဧရိယာ အနည်းငယ်တိုးလာမည်ဟု မျှော်လင့်ရသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှာမူ တန်ချိန် ၁၅၂ သန်းနှင့် ၁၄၆ သန်း အသီးသီးဖြင့် ကမ္ဘာ့အကြီးဆုံး ဆန်ထုတ်လုပ်သည့် နိုင်ငံများအဖြစ် ဆက်လက်တည်ရှိနေသည်။

         ထုတ်လုပ်မှုနှင့် လက်ကျန်ရိက္ခာများ တိုးလာခြင်းကြောင့် ၂၀၂၅/၂၆ ခုနှစ်အတွက် ကမ္ဘာ့ဆန်ရောင်းလိုအား (Global Rice Supplies) မှာ တန်ချိန် ၇၃၂.၉ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းရသည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ ဆန်စားသုံးမှု ခန့်မှန်းချက်ကိုမူ တန်ချိန် ၄ သိန်းခန့် လျှော့ချကာ တန်ချိန် ၅၄၀.၆ သန်းဟု သတ်မှတ်လိုက်သည်။ အထူးသဖြင့် ဂျပန်၊ အီရတ်၊ ကျူးဘား၊ ဆော်ဒီအာရေဗျနှင့် ထိုင်ဝမ်တို့တွင် စားသုံးမှု လျော့နည်းသွားခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နှင့် အမေရိကန်တို့တွင်မူ ဆန်စားသုံးမှုမှာ စံချိန်တင် အမြင့်ဆုံးအဆင့်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။

          ၂၀၂၅/၂၆ ခုနှစ် ကမ္ဘာ့ဆန်လက်ကျန်ရိက္ခာ (Ending Stocks) ကို တန်ချိန် ၁၉၂.၃ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားသည်။ တရုတ်နှင့် အိန္ဒိယတို့သည် အစိုးရ၏ သိုလှောင်မှု အစီအစဉ်များကြောင့် ကမ္ဘာ့ဆန်လက်ကျန်၏ အများဆုံးပမာဏကို ဆက်လက်ပိုင်ဆိုင်ထားသည်။

         ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ့ဆန်ကုန်သွယ်မှုသည် စံချိန်တင်အမြင့်ဆုံးအဆင့်တွင် ဆက်လက်ရှိနေမည်ဟု မျှော်လင့်ရပြီး ကမ္ဘာလုံးဆိုင်ရာ ပို့ကုန်တင်ပို့မှုမှာ တန်ချိန် ၆၂.၁ သန်း အထိရှိလာမည်ဟု ခန့်မှန်းထားပါသည်။

       သို့သော်လည်း ဧပြီလအတွက် ခန့်မှန်းချက်သည် ယခင်ခန့်မှန်းချက်ထက် တန်ချိန် ၀.၄ သန်း လျော့နည်းသွားခဲ့သည်။ ယင်းမှာ ဈေးနှုန်းသက်သာသော ပို့ကုန်တင်ပို့သည့်နိုင်ငံများနှင့် ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းကြောင့် ပါကစ္စတန်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပို့ကုန်တင်ပို့မှု လျော့နည်း သွားနိုင်သည့် အခြေအနေများကြောင့်ဖြစ်သည်။

       ကမ္ဘာ့ဆန်သွင်းကုန် တင်သွင်းမှုကိုလည်း တန်ချိန် ၀.၃ သန်း လျှော့ချကာ တန်ချိန် ၅၉.၉ သန်းဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ အဓိကအားဖြင့် တရုတ်ဈေးကွက်၏ တင်သွင်းမှု မြင့်တက်လာသော်လည်း အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများ၏ တင်သွင်းမှု လျော့နည်းသွားခြင်းက ပိုမိုသက်ရောက်မှုရှိခဲ့သောကြောင့် ဖြစ်သည်။

        စိုက်ပျိုးရေးစီးပွားရေးရုံး (OAE) ၏ ၂၀၂၆ ခုနှစ် မတ်လကုန် အချက်အလက်များအရ ၂၀၂၅/၂၆ ပင်မစပါးစိုက်ပျိုးရာသီတွင် ဟက်တာ ၉.၈၀၈ သန်းခန့် စိုက်ပျိုးမည်ဖြစ်ပြီး စပါးတန်ချိန် ၂၆.၉ သန်း ထွက်ရှိရန် မျှော်မှန်းထားသည်။ တစ်ဧက အထွက်နှုန်းမှာ ၀.၂၃ ရာခိုင်နှုန်းခန့် အနည်းငယ်မြင့်တက်လာဖွယ် ရှိသည်။

         သို့သော်လည်း စိုက်ပျိုးဧရိယာမှာ လျော့နည်းသွားဖွယ် ရှိနေသည်။ အကြောင်းမှာ လယ်သမားများ ရရှိသည့် စပါးဈေးနှုန်းမှာ စိတ်ကျေနပ်ဖွယ် မရှိသောကြောင့် လယ်သမားအချို့သည် တစ်နှစ်လျှင် နှစ်သီးစိုက်ရာမှ တစ်သီးသာ စိုက်ခြင်း၊ အချို့မှာ ဝင်ငွေပိုကောင်းသည့် ကြံ စိုက်ပျိုးခြင်းသို့ ပြောင်းလဲခြင်းနှင့် အချို့စိုက်ပျိုးမြေများမှာ လူနေအိမ်ရာများအဖြစ် ပြောင်းလဲသွားခြင်းတို့ကြောင့် ဖြစ်သည်။

         ယခုနှစ်တွင် ရေပေးဝေမှု လုံလောက်ခြင်းနှင့် စပါးပင်များ ကောင်းမွန်စွာ ပွားများလာခြင်းကြောင့် တစ်ဧကအထွက်နှုန်း အနည်းငယ် တက်လာနိုင်သော်လည်း၊ မြောက်ပိုင်းရှိ အဓိက စိုက်ပျိုးထုတ်လုပ်ရာ ဒေသအချို့တွင် ရေကြီးမှုများ ကြုံတွေ့ခဲ့ရသဖြင့် သီးနှံပျက်စီးမှုများရှိခဲ့သောကြောင့် အထွက်နှုန်းတိုးတက်မှုမှာ အကန့်အသတ်ရှိနေသည်။ ထို့ကြောင့် စိုက်ပျိုးဧရိယာ လျော့နည်းမှုနှင့် ရေကြီးမှုဒဏ်များကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စုစုပေါင်းထွက်ရှိမှုမှာ လျော့နည်းသွားဖွယ်ရှိကြောင်း သိရှိရပါသည်။

Source : The Nation Thailand                                                       

DOCA (ရန်ကုန်)

ဆီဈေးနှုန်းဖိအားနှင့် မော်တော်ကားအရောင်းကျဆင်းမှုကြားမှ ဖိလစ်ပိုင်နိုင်ငံတွင် လျှပ်စစ်ကား (EV) အရောင်း မြင့်တက်လာ

      ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း မော်တော်ကားအရောင်း ကျဆင်းနေသော်လည်း၊ ကမ္ဘာလုံးဆိုင်ရာ ရေနံအကျပ်အတည်းများကြားတွင် လျှပ်စစ်ကား (EV) ကဏ္ဍမှာ သိသိသာသာ တိုးတက်လာသည့် တစ်ခုတည်းသော အချက်အချာဖြစ်လာကြောင်း ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည့် စက်မှုအချက်အလက်များအရ သိရသည်။

          ဖိလစ်ပိုင် မော်တော်ကားထုတ်လုပ်သူများအသင်း (CAMPI) နှင့် ထရပ်ကားထုတ်လုပ်သူများ အသင်းတို့က ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ ပထမ သုံးလပတ်အတွင်း စုစုပေါင်း မော်တော်ကားရောင်းအားမှာ ၁၀၅,၆၄၂ စီး ရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလရှိ ၁၁၇,၀၇၄ စီးနှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားခြင်းဖြစ်သည်။

          လျှပ်စစ်ကား (EV) ရောင်းအားမှာမူ ပထမသုံးလပတ်တွင် ၁၁,၈၀၀ စီးအထိ ရှိလာပြီး ယခင်နှစ် ၈,၆၆၄ စီးထက် ၃၆.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အားသွင်းစနစ်သုံး ဟိုက်ဘရစ် လျှပ်စစ်ကား (Plug-in hybrid EVs) များမှာ အရောင်းရဆုံး အမျိုးအစားဖြစ်ခဲ့ပြီး၊ အစီးရေ ၁,၂၅၀ အထိ ၉၂၄.၆ ရာခိုင်နှုန်း ခုန်တက်ကာ ရောင်းချခဲ့ရကြောင်း သိရသည်။

        CAMPI ဥက္ကဋ္ဌ Jose Maria Atienza က အထူးသဖြင့် လောင်စာဆီဈေးနှုန်း မြင့်မားလာခြင်းကြောင့် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးစနစ်များကို ပိုမိုဝယ်လိုအား မြင့်တက်လာနေသဖြင့် EV ကားများသည် ဈေးကွက်အတွင်း ဝေစုပိုမိုရရှိလာရန် မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တရုတ်နိုင်ငံသို့ကျွဲကောသီးနှင့် သံပရိုသီးတင်ပို့ရန် ပရိုတိုကောလက်မှတ်ရေးထိုးခဲ့သည့် ဗီယက်နမ်

       ဗီယက်နမ်နိုင်ငံမှ ကျွဲကောသီးနှင့် သံပရိုသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် လိုက်နာရမည့် phytosanitary သတ်မှတ်ချက်များဆိုင်ရာ ပရိုတိုကော (သဘောတူစာချုပ်မချုပ်မီညှိနှိုင်းချက်) တစ်ရပ်ကို ဧပြီ ၁၅ ရက်တွင် ဘေဂျင်းမြို့၌ ဗီယက်နမ်စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်း ကျင်ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေး (GACC) တို့အကြား တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထိုလက်မှတ်ရေးထိုးပွဲကိုဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတ To lam၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးဌာနအဆိုအရ အဆိုပါ ပရိုတိုကောသည် ၂၀၁၉ ခုနှစ်မှ စတင်၍ နှစ်နိုင်ငံ အပင်ကာကွယ်ရေးနှင့် ကွာရန်တင်းအေဂျင်စီများအကြား နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာမှ ရရှိလာသော ရလဒ်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်–တရုတ် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု တဖြည်းဖြည်း တိုးချဲ့လာနေသည့် အခြေအနေတွင် ၎င်းပရိုတိုကောသည် တရားဝင် တင်ပို့ရာ လမ်းကြောင်းများသို့ ပြောင်းလဲသွားမှုကို ထပ်မံအတည်ပြုသလို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော ပွင့်လင်းမြင်သာသည့် တင်ပို့မှု စနစ်ကိုလည်း အားကောင်းစေမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုမူဘောင် ပိုမိုတိကျတိုးတက် လာမှုကိုလည်း ဖော်ပြနေကြောင်း သိရပါသည်။ ပရိုတိုကောအရ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲကောသီးနှင့် သံပရိုသီးများအတွက် စိုက်ပျိုးဧရိယာများနှင့် ထုပ်ပိုးစက်ရုံများအားလုံးကို စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနနှင့် GACC တို့၏ အတည်ပြုချက် ရရှိရမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ပိုးမွှားထိန်းချုပ်ရေး စနစ်များကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုးဧရိယာများတွင် Good Agricultural Practices (GAP) နှင့် Integrated Pest Management (IPM) စနစ်များကို အသုံးပြုရမည်ဖြစ်ပြီး သီးနှံကို ကောက်ယူမည့် ရက်မတိုင်မီ အနည်းဆုံး ၆၀ ရက်ခန့် အရင် သီးအိတ်ပတ်ထားခြင်းနှင့် fruit fly များအတွက် ထောင်ချောက်များ ထားရှိရမည်ဖြစ်ကြောင်း သိရပါသည်။ ထုပ်ပိုးစက်ရုံများအနေဖြင့် သန့်ရှင်းရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အသီးများကို ရွေးချယ်ခွဲခြားပြီး ရောဂါရှိသော သို့မဟုတ် ပိုးမွှား ကူးစက်ထားသောအသီးများ၊ အပင်အညစ်အကြေးများနှင့် မြေမှုန်များကို ဖယ်ရှားသန့်စင်ရမည်ဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ် အသီးအနှံ တင်ပို့မှုအတွက် အရေးကြီးသော ဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး စားသုံးလိုအား မြင့်မားသည့်အပြင် အလားအလာများလည်း ကြီးမားနေကြောင်း သိရပါသည်။ အခြားစိုက်ပျိုးရေးထုတ်ကုန်များ၏ တရားဝင် တင်ပို့မှု အောင်မြင်မှုများအပေါ် အခြေခံ၍ ကျွဲကောသီးနှင့် သံပရိုသီးများသည်လည်း ဈေးကွက် ဝေစုတိုးချဲ့နိုင်မည်ဖြစ်ပြီး ဗီယက်နမ် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုတိုးတက်ရေးကို ကူညီပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။ လာမည့်ကာလတွင် စိုက်ပျိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးဌာနသည် ဒေသများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများနှင့် အနီးကပ်ပူးပေါင်း၍ ပရိုတိုကောကို ထိရောက်စွာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ၎င်းတွင် စည်းမျဉ်းများ အသိပေးခြင်း၊ စိုက်ပျိုးဧရိယာနှင့် ထုပ်ပိုးစက်ရုံများ စံချိန်စံညွှန်း ပြည့်မီစေရန် ပြင်ဆင်ခြင်းနှင့် တရုတ်နိုင်ငံ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးရေးများ တင်းကျပ်စွာ ဆောင်ရွက်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။ ကျွဲကောသီးနှင့် သံပရိုသီးများသည် ဗီယက်နမ်နိုင်ငံ၏ အားသာချက်ရှိသော စိုက်ပျိုးရေး ထုတ်ကုန်များထဲတွင် ပါဝင်ပြီး လက်ရှိတွင် ကျွဲကောသီး စိုက်ပျိုးဧရိယာ စုစုပေါင်း ၁၀၆,၀၀၀ ဟက်တာခန့် ရှိကာ ကမ္ဘာ့အဓိက ထုတ်လုပ်သူများထဲတွင် ပါဝင်နေကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ