Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အမေရိကန်သည် ဘရာဇီး လယ်ယာထွက်ကုန်အချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှား

      အိမ်ဖြူတော်သည် ဘရာဇီးနိုင်ငံမှ လယ်ယာထွက်ကုန်အချို့အပေါ် ဒဏ်ခတ်အခွန်စည်းကြပ်မှု ဖယ်ရှားရန် အမှုဆောင်အမိန့်ကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဧပြီလ ၁၃ ရက် နေ့မှစတင်၍ ကောက်ခံရရှိသည့် အခွန်ငွေများကို အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးက ကိုင်တွယ်မည်ဖြစ်သည်။ အသစ်ထပ်ထည့်ထားသော ကင်းလွတ်ခွင့်စာရင်းတွင် ကော်ဖီ၊ အသား၊ ခရမ်းချဉ်သီး၊ လက်ဖက်ရည်၊ ဟင်းခတ်အမွှေးအကြိုင်များ၊ အသီးအနှံများနှင့် အခွံမာသီးများအပါအဝင် အမေရိကန်ပြည်ထောင်စု၏ Harmonized Tariff Schedule ၏ အမျိုးအစား ၂၅၀ ခန့် ပါဝင်သည်။ အမေရိကန်နိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေးကို ခြိမ်းခြောက်မှုအဖြစ် ဘရာဇီးလ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ၄၀ ရာခိုင်နှုန်းအထိ စည်းကြပ်ခွန်ကောက်ခံရန် အမေရိကန်သမ္မတ Donald Trump က ဇူလိုင် ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။ အကျပ်အတည်းများကြားတွင် အိမ်ဖြူတော်သည် မကြာသေးမီက လယ်ယာ ထွက်ကုန် အချို့အပေါ် အပြန်အလှန်အခွန်စည်းကြပ်မှုလျှော့ချရန် အမှုဆောင်အမိန့်ကို ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နောက်ဆုံးထုတ် Fox News Poll အရ အမေရိကန် မဲဆန္ဒရှင်များသည် အခွန်ကောက်ခံမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပြီး ဖြေဆိုသူ ၆၃ ရာခိုင်နှုန်းက ၎င်းတို့အား Trump အစိုးရက ကိုင်တွယ်ပုံကို သဘောမတူကြောင်း ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ 

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

ဒေသခံကုမ္ပဏီတစ်ခုက ပရေးဗန်တွင် ဒေါ်လာ ၂၀ သန်းတန် ကုန်းတွင်းဆိပ်ကမ်းစီမံကိန်းကို အဆိုပြု

          ကမ္ဘောဒီးယားနိုင်ငံ၏ဒေသခံကုမ္ပဏီတစ်ခုဖြစ်သော SSR Co.,Ltd သည် Prey Veng ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၂၀ သန်းကျော်တန်ဖိုးရှိသော ကုန်းတွင်းဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးကို အဆိုပြုထားပြီး ယင်းသည် ဒေသတွင်း ပထမဆုံးစီမံကိန်းဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုတိုးတက်ရေးကောင်စီ (CDC) မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။ Kamchay Mear ခရိုင်၊ Krabo မြို့နယ်ရှိ ၁၀ ဟက်တာကျယ်ဝန်းသောနေရာတွင် တည်ဆောက်ရန် အဆိုပြုထားသော အဆိုပါ ကုန်းတွင်းဆိပ်ကမ်းသည် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အကြား အထူးသဖြင့် Meun Chey အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို မြှင့်တင်ပေးလိမ့်မည်ဟု မျှော်မှန်းထားသည်။ အဆိုပါ ကုန်းတွင်းဆိပ်ကမ်းသည် ကုန်းတွင်းထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်အဖြစ် ကုန်စည်ပို့ဆောင်ရေး၊ ကွန်တိန်နာ ထိန်းသိမ်းသိုလှောင်ခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်းတို့အတွက် ဗဟိုချက်အဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။ အဆိုပြုထားသောနေရာကို စစ်ဆေးရေးခရီးစဉ်အတွင်း CDC လက်အောက်ရှိ ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (CIB) ၏ အထွေထွေအတွင်းရေးမှူး Chea Vuthy က စီမံကိန်းသည် Meun Chey အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှတစ်ဆင့် အနာဂတ်နယ်စပ်ဖြတ်ကျော်ကုန်စည်စီးဆင်းမှုကို ပံ့ပိုးရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပြီး ဒေသခံလူမှုအသိုင်းအဝိုင်းများအတွက် သိသာထင်ရှားသော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း အလေးပေးပြောကြားခဲ့သည်။ CDC မှ ထုတ်ပြန်သော စီမံကိန်းအသေးစိတ်အချက်အလက်များအရ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရုံးခန်းနှင့် စီးပွားရေးအဆောက်အအုံများ၊ ကုန်သွယ်ရေးအဆောက်အအုံများ၊ ကွန်တိန်နာ သိုလှောင်ရာနေရာများနှင့် ဂိုဒေါင်များကဲ့သို့သော မရှိမဖြစ်လိုအပ်သော အခြေခံ အဆောက်အအုံများ ပါဝင်မည်ဖြစ်သည်။ ဤအစီအစဉ်သည် ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်ကို မြှင့်တင်ရန်နှင့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယား၏ ကုန်သွယ်ရေးချိတ်ဆက်မှုကို အားကောင်းစေရန် ရည်ရွယ်ထားသည်။ ကမ္ဘောဒီးယား-ဗီယက်နမ် ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၀.၁ ဘီလီယံခန့် ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၁၇.၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လအတွင်း ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ကမ္ဘောဒီးယား၏ ဗီယက်နမ်သို့ ပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံနှင့် သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံရှိကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနှင့် အစ္စရေးနိုင်ငံတို့သည် အဆင့်မြင့်ဆွေးနွေးပွဲများတွင် ပိုမိုနက်ရှိုင်းသော စိုက်ပျိုးရေးဆက်ဆံရေးကို ထူထောင်ခဲ့

          ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး Dith Tina သည် ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Alona Fisher-Kamm နှင့် စိုက်ပျိုးရေးကဏ္ဍတွင်နည်းပညာလွှဲပြောင်းမှုနှင့် ကျောင်းသားလေ့ကျင့်ရေးကို အဓိက ထား၍ စိုက်ပျိုးရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တွေ့ဆုံခဲ့သည်။ ဝန်ကြီးဌာနတွင် ဆွေးနွေးမှုများအတွင်း Dith Tina သည် အစ္စရေးနိုင်ငံနှင့် လက်ရှိမိတ်ဖက်ဆက်ဆံရေး၏ တန်ဖိုးကို အလေးပေးပြောကြားခဲ့ပြီး ကမ္ဘောဒီးယား စိုက်ပျိုးရေးကျောင်းသားများအတွက် အစ္စရေးနိုင်ငံ၏ အလုပ်သင်အစီအစဉ်များကို တိုးချဲ့ရန် တောင်းဆိုခဲ့သည်။ ဝန်ကြီးက စိုက်ပျိုးရေးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကနယ်ပယ်များတွင် ဗဟုသုတဖလှယ်မှုနှင့် ဆန်းသစ်တီထွင် မှုဆိုင်ရာ အလေ့အကျင့်များကို လက်ခံကျင့်သုံးမှုကို လွယ်ကူချောမွေ့စေရန်အတွက် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးပညာရေးဌာန (၃) ခုနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီကွန်ရက်ကို အသုံးချရန် အဆိုပြုခဲ့သည်။ Dith Tina က အစ္စရေးအနေဖြင့် နိုင်ငံအတွင်း စိုက်ပျိုးရေးသင်တန်း အစီအစဉ်များတွင် လက်ရှိစာရင်းသွင်းထားသော ကမ္ဘောဒီးယားကျောင်းသားများ၏ တိုးတက်မှုကို အားပေးကူညီရန် ထပ်မံတောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

အီးယူ(EU)နှင့် ကမ္ဘောဒီးယားတို့သည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး ကို မြှင့်တင်ရန် ကတိပြု

          ကမ္ဘောဒီးယားနိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် ၂၅-၁၁-၂၀၂၅ ရက်နေ့၌ ကမ္ဘောဒီးယားsနိုင်ငံသည် ၎င်း၏စီးပွားရေးပတ်ဝန်းကျင်၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဆွဲဆောင်မှုကို မြှင့်တင်ရန်ကြိုးပမ်းမှုများကို အရှိန်အဟုန်မြှင့်တင်နေစဉ်တွင် နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ကတိကဝတ်ပြုခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Igor DriesmansEU ကိုယ်စားလှယ်အဖွဲ့၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဌာန အကြီးအကဲ Renita Bhaskar တို့နှင့်အတူ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ပူးတွဲကုန်သွယ်ရေးအစီအစဉ်များကို တိုးချဲ့ခြင်းနှင့် ကမ္ဘောဒီးယားနှင့် EU အကြား အလုံးစုံမိတ်ဖက်ဆက်ဆံရေးကို အားကောင်းစေရန် အဓိကထား ပြောကြားခဲ့သည်။ ဝန်ကြီး Nimul သည် ကမ္ဘောဒီးယား၏ စီးပွားရေးပတ်ဝန်းကျင်ကို သိသိသာသာတိုးတက်စေရန် အစိုးရ၏ လက်ရှိကြိုးပမ်းအားထုတ်မှုများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) မှ  အဆက်မြင့်တက်လာစေရန် ကြိုးပမ်းမှုများကို ထပ်လောင်းပြောကြားခဲ့သည်။  သံအမတ်ကြီး Driesmans က EU နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ခိုင်မာပြီး နီးကပ်သောပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးဂုဏ်ပြုကြောင်း၊ EU သည် ၎င်း၏ ပူးတွဲလုပ်ငန်းအစီအစဉ်ကို မြှင့်တင်ရန်နှင့် အဓိကကုန်သွယ်ရေး ကဏ္ဍများတွင် ထိတွေ့ဆက်ဆံမှုကို နက်ရှိုင်းစေရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ သံအမတ်ကြီးက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် ထိရောက်ပြီး အပြန်အလှန်အကျိုးရှိစေရန်အတွက် ရေရှည်တည်တံ့ပြီး အကျိုးရှိသော ဆွေးနွေးမှုများ၏ အရေးပါမှုကိုလည်း ထပ်လောင်းအလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

နိုင်ငံအတွင်း ဈေးကွက်ဝင်ကုန်ပစ္စည်းများ၏ ၆၀-၇၀ ရာခိုင်နှုန်းကို ကမ္ဘောဒီးယားတွင် ထုတ်လုပ်နေကြောင်း MoC ထုတ်ပြန်

          ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်းနိုင်ငံမှ ထုတ်ကုန်များတင်သွင်းမှုကို လျှော့ချပြီးနောက် ပြည်တွင်းဈေးကွက်တွင် ရရှိနိုင်သော ကုန်ပစ္စည်းများ၏ ၆၀-၇၀ ရာခိုင်နှုန်းခန့်သည် ကမ္ဘောဒီးယားထုတ်ကုန်များဖြစ်ပြီး ကျန်ရှိသော အစိတ်အပိုင်းများကို ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများမှ တင်သွင်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) ၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ၂၃-၁၁-၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသို့ယခုအခါ ဗီယက်နမ်မှသာမက မလေးရှား၊ အင်ဒိုနီးရှားနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများမှပါ ကုန်ပစ္စည်းများ တင်သွင်းလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံမှ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တင်သွင်းခြင်းကို ရပ်တန့်လိုက်ပြီး ယခုအခါ ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတို့မှ ကုန်ပစ္စည်းများကို တင်သွင်းနေကြောင်း Sovicheat က ထပ်လောင်းပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ကမ္ဘောဒီးယား ထုတ်ကုန်များ စားသုံးမှုကို မြှင့်တင်ခြင်း၊ တိုးမြှင့်ခြင်းနှင့် အားပေးခြင်း၊ ထုတ်လုပ်သူများကို ပံ့ပိုးပေးခြင်းနှင့် ခိုင်မာသောစစ်ဆေးခြင်းနှင့် ထုပ်ပိုးမှုစံနှုန်းများမှတစ်ဆင့် အစားအစာ အရည်အသွေး၊ ဘေးကင်းရေးနှင့် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ခြင်းဖြင့် ပြည်တွင်းဈေးကွက်ကို ကွဲပြားစေပြီး ခိုင်မာစေရန် ရှင်းလင်းသောရပ်တည်ချက်ကို ထိန်းသိမ်းထားကြောင်း Sovicheat က အလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

EU သို့ ကမ္ဘောဒီးယား၏ ပို့ကုန်များ သိသိသာသာ မြင့်တက်လာ

          ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ဥရောပသမဂ္ဂ (EU) သို့ ပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၄,၂၁၅ သန်းရှိပြီး ၂၀၂၄ ခုနှစ် အလားတူကာလ အမေရိကန်ဒေါ်လာ ၃,၅၉၃ သန်းရှိခဲ့ရာမှ ၁၇.၃၂ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ စပိန်၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့သည် EU တွင် ကမ္ဘောဒီးယား၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်များဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁,၀၀၈ သန်း၊ အမေရိကန်ဒေါ်လာ ၉၃၃ သန်းနှင့် အမေရိကန်ဒေါ်လာ ၈၄၄ သန်း အသီးသီး ရှိခဲ့သည်။ EU သို့ ပို့ကုန်ပမာဏ သိသိသာသာ မြင့်တက်လာခြင်းသည် ကမ္ဘောဒီးယား၏ ထုတ်ကုန်များတွင်ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ပိုမိုကြီးမားသော ကြိုတင်မှာယူမှုများကို ဖြည့်ဆည်းပေးနိုင်ပြီး ကြီးထွားလာသော ဥရောပဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းရေးမှူး Penn Sovicheat က ပြောကြားခဲ့သည်။ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ EU မှ နိုင်ငံတော်သို့ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၇၃၇ သန်းရှိပြီး ၂၀၂၄ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၈.၇၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

တရုတ်နိုင်ငံသို့ပုဇွန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံရရှိခဲ့သည့် ဗီယက်နမ်

          ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် ဗီယက်နမ်သည် တရုတ်နှင့် ဟောင်ကောင် (တရုတ်) သို့ ပုဇွန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၆၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အောက်တိုဘာလတစ်လတည်း တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ သန်း ၁၄၀ ရရှိခဲ့ကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ ‌နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါသည်။ အောက်တိုဘာလတွင် ဗီယက်နမ်၏ စုစုပေါင်း ပြည်ပသို့ပုဇွန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၉၈ သန်းရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် ဗီယက်နမ်၏စုစုပေါင်း ပုဇွန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အောက်တိုဘာလတွင် ကြီးထွားမှုအဟုန်မှာ white-leg ပုဇွန်၏ မောင်းနှင်အားကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဂျပန်၊ ကနေဒါနှင့် ဩစတေးလျတို့ထံမှ တည်ငြိမ်သောဝယ်လိုအားနှင့်အတူ CPTPP အောက်ရှိဈေးကွက် သို့တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိခဲ့ပြီး ၃၃ ရာခိုင်နှုန်းကြီးထွားခဲ့ ကြောင်းသိရပါသည်။ အီကွေဒေါနှင့် အိန္ဒိယထံမှပြင်းထန်သောယှဉ်ပြိုင်မှုရှိသော်လည်း အမေရိ ကန်ဈေးကွက်သို့ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၇၀၂ သန်းရရှိခဲ့ပြီး အားကောင်းသော ဝယ်နိုင်စွမ်းကိုပြသခဲ့ကြောင်း သိရပါသည်။ white-leg ပုဇွန်တင်ပို့မှုသည်ဝင်ငွေ အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံဖြင့် စုစုပေါင်းတင်ပို့မှု၏ ၆၅ ရာခိုင်နှုန်းနီးပါးရှိခဲ့ကြောင်း သိရပါသည်။ ယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်း နှင့် များစွာသောဈေးကွက်များထံမှဝယ်လိုအားတို့၏ မောင်းနှင်အားကြောင့် ထိုပုဇွန်အမျိုးအစားတင်ပို့မှုမှာ ကြီးထွားမှုမြန်ဆန်ခဲ့ကြောင်း သိရပါသည်။ ဂျပန်ကဲ့သို့သောအစဉ်အလာဈေးကွက်များထံမှ တည်ငြိမ်သောဝယ်လိုအားကို ထိန်းထားနိုင်မှုကြောင့် black tiger ပုဇွန်တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၃၈၅ သန်းရရှိခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် အေးခဲထားသောပြုပြင်ထုတ်လုပ်ထားသည့်ပုဇွန်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၉၉၁ သန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအသစ်များကို ရှာဖွေခဲ့သည့် ဗီယက်နမ်နှင့် အယ်ဂျီးရီးယား

          ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh သည် ဗီယက်နမ်နှင့် အယ်ဂျီးရီးယားမှ ဝန်ကြီးဌာနများ၊ အေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းများအား စိုက်ပျိုးမွေးမြူရေးတွင် အထူးသဖြင့် ငှက်ပျောသီး၊ လက်ဖက်နှင့် ဆန်စိုက်ပျိုးခြင်းနှင့် ရေထွက်ကုန်မွေးမြူရေးတို့တွင် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့က နှစ်နိုင်ငံစလုံးမှ ဝန်ကြီးဌာနများ၊ စီးပွားရေးလုပ်ငန်းများနှင့် ကျင်းပသည့်အစည်းအဝေးတွင် Chinh နှင့် အယ်ဂျီးရီးယားဝန်ကြီးချုပ် Sifi Ghrieb သည် စွမ်းအင်၊ ရေနံဓာတုနှင့် ပိုလီမာချည်မျှင် ထုတ်လုပ်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို ချက်ချင်းရှာဖွေရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ Ghrieb က အယ်ဂျီးရီးယား၏ ဆန်ဝယ်လိုအားကြီးမားပြီး တင်သွင်းမှု အပေါ်မီခိုနေရမှုနှင့် အတူ နိုင်ငံသည် ဗီယက်နမ်နှင့် အတူပူး‌ပေါင်းဆောင်ရွက် မှုစီမံကိန်းများ ရှေ့ဆက်ဆောင်ရွက်ရန် ဆန္ဒပြင်းပြကြောင်းနှင့် အယ်ဂျီးရီးယားအရှေ့ပိုင်းဒေသသည် ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများအတွက် ပဲပိစပ်စိုက်ပျိုးထုတ်လုပ်ရန် သင့်လျော်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Ghrieb က နှစ်ဖက်စလုံးမှ ဝန်ကြီးဌာနများ၊ အေဂျင်စီများနှင့် မိတ်ဖက်များအား စီမံကိန်းများအား တိုက်ရိုက်ဆွေးနွေးရန်နှင့် လေ့လာရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၊ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန၊ ဗီယက်နမ်အမျိုးသားစက်မှု-စွမ်းအင်အုပ်စုနှင့် ဗီယက်နမ် ငါးလုပ်ငန်းအသင်းတို့သည် များစွာသောကဏ္ဍများတစ်လျောက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကိုရှာဖွေရန် အယ်ဂျီးရီးယားမိတ်ဖက်များနှင့် အစည်းအဝေးကျင်းပခဲ့ကြောင်း သိရပါသည်။ အယ်ဂျီးရီးယား စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနနှင့် များစွာသော အခြားဝန်ကြီးဌာနများ မှခေါင်းဆောင်များက ၎င်းတို့သည် ဆွေးမွေးမှုများဆက်လက် ပြုလုပ်ရန်နှင့် အနီးအနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အပြီးသတ်ရန်အတွက် မကြာခင်ဗီယက်နမ်သို့ လာရောက်လည်ပတ်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဂျပန်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည့် ဗီယက်နမ်၏    Tay Ninh ပြည်နယ်

          ဂျပန်နိုင်ငံ တိုကျိုနှင့် အိုဆာကာတွင် ဗီယက်နမ်နိုင်ငံ Tay Ninh ပြည်နယ်မှကိုယ်စား လှယ်အဖွဲ့ကကျင်းပခဲ့သည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကွန်းဖရန့် ၂ ခုကို များစွာသော ဂျပန်လုပ်ငန်းများရှင်များကတက်ရောက်ခဲ့ကြောင်း သိရပါသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဂျပန်သို့ အလုပ်သဘောအလည်အပတ်ခရီးစဉ်ကို ပြည်နယ်ပြည်သူ့ကော်မတီအတွင်းရေးမှူး Nguyen Van Quyet က ဦးဆောင်ခဲ့ပြီး များစွာသော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆောင်ရွက်မှုများ၊ စီးပွားရေးဝန်းကျင် တင်ဆက်မှုများနှင့် လုပ်သားပူးပေါင်းဆောင်ရွက်မှုများကို တင်ပြခဲ့ကြောင်း သိရပါသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ကကျင်းပခဲ့သည့် တိုကျိုကွန်းဖရန့်တွင် Tay Ninh ပြည်နယ်ပြည်သူ့ ကော်မတီဒုတိယဥက္ကဌ Pham Tan Hoa က ပြည်နယ်သည် စွမ်းရည်၊ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစည်းမျဉ်းများဖြင့် ထိန်းကျောင်းသည့် အရည်အသွေးမြင့်ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးကြောင်းနှင့် အာဏာပိုင်များသည်လည်း ပွင့်လင်းမြင်သာသောရင်းနှီးမြှုပ်နှံမှု ဝန်းကျင်၊ လျှင်မြန်သောအုပ်ချုပ်မှုလုပ်ငန်းစဉ်များနှင့် ပြည်နယ်၏ စီးပွား‌ရေးအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။ Tay Ninh ပြည်နယ်သည် လတ်တလောတွင် အမေရိကန်ဒေါ်လာ ၁.၂၆ ဘီလီယံတန်ဖိုးရှိသော ဂျပန်တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၇၆ ခုကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ဂျပန်နိုင်ငံ ဆိုင်ရာဗီယက်နမ်သံအမတ် Pham Quang Hieu က ဟိုချီမင်းမြို့တော်-ကမ္ဘောဒီးယား-ပြည်မ အာဆီယံစီးပွားရေးစင်္ကြန် တစ်လျောက်တွင် ပြည်နယ်၏ဗျူဟာမြောက်တည်ရှိမှု၊ လျှင်မြန်စွာ အခြေခံအဆောက်အအုံ တိုးတက်လာမှုနှင့် ပေါများသော ငယ်ရွယ်သည့်လုပ်သားထုတို့ကို အသားပေးပြောကြားခဲ့ပြီး Tay Ninh ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ဂျပန်လုပ်ငန်းများကို ပံ့ပိုးပေးသွားမည်ဟု အတည်ပြုခဲ့ကြောင်း သိရပါသည်။ ဂျပန်ပြင်ပကုန်သွယ် ရေးအဖွဲ့အစည်း၏ ဒုတိယဥက္ကဌ Hirano Kenichi က ကောက်ယူရရှိသော အချက်အလက်များအရ ဗီယက်နမ်ရှိ ဂျပန်လုပ်ငန်း ၅၆ ရာခိုင်နှုန်းကျော်သည် လာမည့်တစ်နှစ်မှနှစ်နှစ်အတွင်း လုပ်ငန်းတိုးချဲ့ရန်စီစဉ်နေကြောင်းနှင့် ထိုလုပ်ငန်းများကိုဆက်လက်ပံ့ပိုးသွားမည်ဟု ပြောကြားခဲ့ပါသည်။ ထိုကွန်းဖရန့်တွင် များစွာသော MoU များလက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ အိုဆာကာတွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့သည့်ကွန်းဖရန့်ကိုလည်း ဂျပန်ကိုယ်စားလှယ် ၁၂၀ ဦးပတ်လည်တက်ရောက်ခဲ့ကြောင်း သိရပါသည်။ Hoa က Tay Ninh ပြည်နယ်သည် ဂျပန်၏ Kansai ဒေသနှင့် ရေရှည်ပူးပေါင်း ဆောင်ရွက်မှုဆက်လက်တိုးချဲ့သွားမည်ဖြစ်ပြီး Hyogo၊ Wakayama၊ Ibaraki နှင့် Okayama စီရင်စုများနှင့် ချိတ်ဆက်မှုများ တည်ထောင်ပြီးဖြစ်ကြောင်း သိရပါသည်။ အိုဆာကာတွင်လည်း Long An နိုင်ငံတကာဆိပ်ကမ်းနှင့် Koba ဆိပ်ကမ်းအကြားမိတ်ဖက်ဖွဲ့ခြင်း၊ ဗီယက်နမ်-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အသင်းကြားစာချုပ်တို့ပါဝင်သော များစွာသောပူးပေါင်းဆောင်ရွက်မှုသဘော တူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

CPTPP နှင့် အရှေ့အလယ်ပိုင်းသို့ Pangasius ငါးတင်ပို့မှုတိုးချဲ့မည့် ဗီယက်နမ်

          ဗီယက်နမ်သည် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်ကာလနှင့် ၂၀၂၆ ခုနှစ်တွင် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) အောက်ရှိနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသသို့ Pangasius ငါးတင်ပို့မှုတိုးချဲ့ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ အဆိုအရ ထိုဒေသနှစ်ခုသို့တင်ပို့မှုမှာ အတက်ဘက်သို့ဆက်လက်ဦးတည်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် CPTPP  သို့တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀၅ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂသို့တင်ပို့မှုတန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၁၄၉ သန်းရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ VASEP က အကယ်၍ လုပ်ငန်းနယ်ပယ်သည် ဈေးကွက်ကွဲပြားမှုနှင့် အကောက်ခွန်ဦးစားပေးမှုများကို အခွင့်အလမ်းအပြည့်အဝရယူပါက ပြန်လည်နာလံထူလာရန်နှင့် ၂၀၂၆ ခုနှစ်တွင်လည်း စဉ်ဆက်မပြတ်ကြီးထွားရန် အခွင့်အလမ်းရှိကြောင်း သိရပါသည်။ အောက်တိုဘာလတွင် ဗီယက်နမ်၏ pangasius ငါးတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၇ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်လနှင့်နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လစုစုပေါင်းတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ ကိုကျော်ဖြတ်ခဲ့ပြီဖြစ်ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို ၁၀ လအတွင်း အေးခဲထားသည့် pangasius ငါးအသားပြားများ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိပြီး အေးခဲထားသော၊ အခြောက်ခံထားသောနှင့် မပြုပြင်ထားသော pangasius ငါးတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၁၅ သန်းတန်ဖိုးရှိကြောင်း သိရပါသည်။  VASEP က ၂၀၂၅ ခုနှစ်တတိယ ၃ လပတ်ကာလ တွင်နှေးကွေးခဲ့ပြီးနောက် ဗီယက်နမ်၏ pangasius ငါးကို အောက်တိုဘာလတင်ပို့မှုမှာ အခြား အဓိကဈေးကွက်များတွင် အပေါင်းလက္ခဏာဆောင်သောရလဒ်များပြသခဲ့ကြောင်း သိရပါသည်။ အထူးသဖြင့် တရုတ်ပြည်မနှင့် ဟောင်ကောင် (တရုတ်) သို့တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၇၃ သန်းတန်ဖိုးရောက်ရှိခဲ့ပြီး ၁၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အောက်တိုဘာလတွင် အမေရိကန်သို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉ သန်း၊ ဘရာဇီးသို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ သန်းနှင့် ယူကေသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄ သန်းတန်ဖိုးရှိခဲ့ကြောင်း သိရပါသည်။ VASEP က စတုတ္ထ ၃ လပတ်ကာလတွင် အခြားအဓိက ဈေးကွက် များသို့တင်ပို့မှုမှာ ဝယ်လိုအားအပြည့်အဝ နာလံမထူသေးသောကြောင့် ဆက်လက်ကျဆင်းနိုင်ကြောင်း ခန့်မှန်းခဲ့သည်ဟု သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ