Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

နယူးဇီလန်၏ အမဲသား၊ သိုးသားနှင့် ဆိတ်သာတင်ပို့မှု မေလတွင် စံချိန်တင် ဒေါ်လာ ၁.၆ ဘီလီယံအထိ ရောက်ရှိ

         နယူးဇီလန်နိုင်ငံ၏ အမဲသား၊ သိုးသားနှင့် ဆိတ်သားတင်ပို့မှုသည် မေလတွင် ဒေါ်လာ ၁.၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး၊ ယင်းမှာ ပြီးခဲ့သည့်နှစ် အလားတူလထက် ၄၄ ရာခိုင်နှုန်း ပိုမိုများပြားကာ နှစ်လဆက်တိုက် လအလိုက် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အသားထုတ်လုပ်ရေး လုပ်ငန်းရှင်များအသင်း (Meat Industry Association - MIA) ၏ အဆိုအရ ယခုပမာဏသည် ဧပြီလက တင်ထားခဲ့သည့် ယခင်လအလိုက် စံချိန်ဟောင်းဖြစ်သော ဒေါ်လာ ၁.၄ ဘီလီယံကိုပါ ကျော်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

         MIA ၏ မေလဆိုင်ရာ အချက်အလက်များအရ သိုးသားနှင့်ဆိတ်သား တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၅၉၀.၄ သန်းရှိခဲ့ပြီး၊ ဧပြီလ၏ စံချိန်တင်ပမာဏထက် ဒေါ်လာ ၁၇ သန်းခန့် ပိုမိုမြင့်မားခဲ့သလို ၂၀၂၅ ခုနှစ် မေလထက်လည်း ၃၃ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ကြောင်း သိရပါသည်။ အမဲသားတင်ပို့မှုမှာမူ တန်ဖိုးအားဖြင့် ဒေါ်လာ ၇၇၁ သန်း ရှိခဲ့ပြီး ဧပြီလ၏ စံချိန်တင်ပမာဏထက် ဒေါ်လာ ၁၆၃ သန်း တိုးတက်လာခဲ့ကာ၊ ပြီးခဲ့သည့် မေလက မှတ်တမ်းတင်ထားခဲ့သည့် တန်ဖိုးထက် ၅၁ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ကြောင်း သိရပါသည်။

        MIA ၏ စီအီးအို ဖြစ်သူ Nick Beeby က ယခုအခြေအနေမှာ အထူးထူးခြားဆန်းပြားလှသည်ဟု ပြောကြားခဲ့ပါသည်။ ယခုအခြေအနေသည် စီးပွားရေးအတွက် သတင်းကောင်းတစ်ခုဖြစ်ပြီး နယူးဇီလန်နိုင်ငံထုတ် အမဲသား၊ သိုးသားနှင့်ဆိတ်သားအပေါ် နိုင်ငံတကာဝယ်လိုအား ဆက်လက်အားကောင်းနေမှုကို ထင်ဟပ်စေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ပထမသုံးလပတ်တွင်မူ နယူးဇီလန်နိုင်ငံသည် ပြီးခဲ့သည့်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက အမဲသား တန်ချိန် ၁၈,၀၀၀ နီးပါးနှင့် သိုး/ဆိတ်သား တန်ချိန် ၁၀,၀၀၀ ခန့် ပိုမိုလျော့နည်း၍ ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့မှုတန်ဖိုးများသည် နှစ်အတော်ကြာအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး၊ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ (GCC) နိုင်ငံများသို့ တင်ပို့မှုမှာလည်း အရှေ့ အလယ်ပိုင်းပဋိပက္ခနှင့် ဆက်စပ်ပြီး အစောပိုင်းက ကြုံတွေ့ခဲ့ရသည့် အနှောင့်အယှက်များနောက်ပိုင်း ပြန်လည်ဦးမော့လာခဲ့ကြောင်း သိရပါသည်။

         GCC သို့ တင်ပို့မှုများသည် ပြီးခဲ့သည့်နှစ် မေလနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၆ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မေလများ၏ ပျမ်းမျှပမာဏနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏတွင် ၂ ရာခိုင်နှုန်းသာ လျော့နည်းခဲ့ပြီး တန်ဖိုးတွင် ၉ ရာခိုင်နှုန်းသာ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

         သိုးသားနှင့် ဆိတ်သား တင်ပို့မှုပမာဏမှာ ပြီးခဲ့သည့်နှစ် မေလထက် ၁၇ ရာခိုင်နှုန်း တိုးတက်လာပြီး တန်ချိန် ၃၉,၄၇၂ တန် ရှိခဲ့ကာ ငါးနှစ်တာ မေလများ၏ ပျမ်းမျှပမာဏထက် ၇ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ပါသည်။ သိုးသားနှင့်ဆိတ်သား တင်ပို့မှု၏ ပျမ်းမျှတန်ဖိုးမှာလည်း တစ်ကီလိုဂရမ်လျှင် ၁၄.၉၆ ဒေါ်လာအထိရှိခဲ့ပြီး စံချိန်သစ်များ တင်နိုင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ တန်ဖိုးများသည် အဓိကစျေးကွက်များသို့ တင်ပို့ရာတွင်လည်း စံချိန်တင်အဆင့်များသို့ ရောက်ရှိခဲ့ရာ အမေရိကန် ပြည်ထောင်စုသို့ တစ်ကီလိုဂရမ်လျှင် ၂၃.၅၆ ဒေါ်လာ၊ ဥရောပသမဂ္ဂ (EU) သို့ ၂၃.၀၉ ဒေါ်လာနှင့် UK သို့ ၁၆.၇၃ ဒေါ်လာ အသီးသီး ရှိခဲ့ကြောင်း သိရပါသည်။

          တရုတ်နိုင်ငံသို့ တင်ပို့မှုမှာမူ တစ်ကီလိုဂရမ်လျှင် ပျမ်းမျှ ၈.၇၇ ဒေါ်လာ ရှိခဲ့ပြီး ၎င်းမှာ လေးနှစ်အတွင်း အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရပါသည်။ ပြီးခဲ့သည့်နှစ် မေလနှင့် နှိုင်းယှဉ်ပါက EU နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှလွဲ၍ အဓိကစျေးကွက်အများစုသို့ တင်ပို့မှုပမာဏ တိုးတက်လာခဲ့ပြီး၊ အဆိုပါ နှစ်နိုင်ငံသို့ တင်ပို့မှုမှာမူ ၅ ရာခိုင်နှုန်းနှင့် ၄၂ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်းနှင့် အမဲသား တင်ပို့မှုပမာဏမှာ ပြီးခဲ့သည့်နှစ် မေလထက် ၂၆ ရာခိုင်နှုန်း တိုးတက်လာပြီး လအလိုက် စံချိန်တင်စုစုပေါင်းပမာဏ တန်ချိန် ၅၇,၈၉၉ တန် သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

         ကနေဒါ၊ ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့မှုပမာဏမှာ ပြီးခဲ့သည့်နှစ် မေလထက် လျော့နည်းခဲ့သော်လည်း၊ အဆိုပါ ကျဆင်းမှုကို နယူးဇီလန်၏ အကြီးဆုံး အမဲသားစျေးကွက်ကြီးနှစ်ခုဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့သို့ ပိုမိုအလုံးအရင်းဖြင့် တင်ပို့နိုင်မှုက အဖတ်ဆယ် ပိုလျှံစေခဲ့ကြောင်း သိရပါသည်။

        အမေရိကန်သို့ တင်ပို့မှုမှာ ၅၉ ရာခိုင်နှုန်း တိုးတက်လာပြီး တန်ချိန် ၂၈,၁၉၈ တန် ရှိခဲ့ကာ၊ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၂၉ ရာခိုင်နှုန်း တိုးတက်လာပြီး တန်ချိန် ၁၄,၆၁၂ တန် ရှိခဲ့ကြောင်း သိရပါသည်။ ကနေဒါ၊ ကိုရီးယားနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ တင်ပို့မှုတန်ဖိုး ကျဆင်းသွားခြင်းကို အမေရိကန်နှင့် တရုတ်နိုင်ငံတို့သို့ အဆမတန် တိုးတက်တင်ပို့နိုင်မှုက လွှမ်းမိုးကျော်လွန်သွားခဲ့ရာ၊ အမေရိကန်သို့ တင်ပို့မှုမှာ ၈၈ ရာခိုင်နှုန်း တိုးတက်ပြီး စံချိန်တင် ဒေါ်လာ ၄၁၃ သန်းအထိ ရှိခဲ့ကာ၊ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာလည်း ၄၇ ရာခိုင်နှုန်း တိုးတက်၍ ဒေါ်လာ ၁၂၉ သန်းအထိရှိခဲ့ကြောင်း သိရှိရပါသည်။

        အမဲသားတင်ပို့မှု၏ ပျမ်းမျှတန်ဖိုးမှာ တစ်ကီလိုဂရမ်လျှင် ၁၃.၃၂ ဒေါ်လာရှိခဲ့ပြီး ဧပြီလ၏ စံချိန်တင်ပမာဏထက် အနည်းငယ်သာ လျော့နည်းခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာမူ တစ်ကီလိုဂရမ်လျှင် ပျမ်းမျှ ၈.၈၆ ဒေါ်လာ ရှိခဲ့ပြီး ၎င်းမှာ လေးနှစ်နီးပါးကာလအတွင်း အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Farmersweekly                                                              

DOCA (ရန်ကုန်)

ယူအေအီးနိုင်ငံသို့ ဖိလစ်ပိုင်နာနတ်သီးများ ပထမဆုံးအကြိမ် တင်ပို့ရောင်းချ

        ဖိလစ်ပိုင်နိုင်ငံသည် ယူနိုက်တက်အာရပ်စော်ဘွားများနိုင်ငံ (UAE) သို့ လတ်ဆတ်သော နာနတ်သီးများ တင်ပို့ခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ ၎င်း၏ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုကဏ္ဍကို ချဲ့ထွင်ခဲ့ကြောင်း သိရပါသည်။ ဇွန်လ ၂၈ ရက်နေ့တွင် ပရီမီယံအဆင့်ရှိ MD2 နာနတ်သီး တန်ချိန် ၁၈ ဘီလီယံခန့်သည် ယူအေအီးနိုင်ငံရှိ Khor Fakkan ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန (DA) က ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခု၌ ပြောကြားခဲ့ကြောင်း သိရသည်။

      နာနတ်သီးတင်ပို့မှုများကို သေတ္တာပေါင်း ၁,၅၀၀ ဖြင့် ထုပ်ပိုးထားပြီး၊ အဆိုပါ နာနတ်သီးများကို တောင်ပိုင်း Cotabato ပြည်နယ်၊ Tampakan ရှိ စိုက်ပျိုးရေးခြံများမှ ရယူခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူများသည် ဒူဘိုင်းမြို့၏ Al Aweer သစ်သီးနှင့် ဟင်းသီးဟင်းရွက်စျေးကွက်တွင် ကျင်းပသည့် အခမ်းအနားတစ်ခုဖြင့် အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုကို ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြောင်း သိရပါသည်။

         Davao အခြေစိုက် ပို့ကုန်လုပ်ငန်းရှင် Mensch Fil-Am Trading သည် Avante Agri-Products Philippines Inc နှင့် ပူးပေါင်း၍ အဆိုပါ ကုန်တင်ပို့မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ Octagon General Trading LLC က ဖြန့်ဖြူးရေးလုပ်ငန်းကို ကူညီပံ့ပိုးပေးခဲ့သည်။ အဆိုပါကုမ္ပဏီသည် ငှက်ပျောသီး၊ သရက်သီး၊ ဒူးရင်းသီးနှင့် ကျွဲကောသီး အပါအဝင် ဖိလစ်ပိုင်သစ်သီးဝလံများကို ဖြန့်ဖြူးရန်အတွက် ဆော်ဒီအာရေဗျနှင့် အခြားသောပင်လယ်ကွေ့ စျေးကွက်များရှိ မိတ်ဖက်များနှင့် လက်တွဲလုပ်ဆောင်နေကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန (DA) မှထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။

        ယူအေအီးစျေးကွက်သို့ နောက်ဆုံးခြေလှမ်းလှမ်းနိုင်ခဲ့သည့် ယခုလုပ်ငန်းသည် ပို့ကုန် စျေးကွက်များကို ကွဲပြားစုံလင်အောင် ပြုလုပ်ရန်၊ ကုန်သွယ်မှုဆက်ဆံရေးကို အားကောင်းစေရန်နှင့် အရှေ့အလယ်ပိုင်းဒေသတစ်လွှားတွင် ဖိလစ်ပိုင်စိုက်ပျိုးရေးပို့ကုန်များကို မြှင့်တင်ရန် အတွက် စိုက်ပျိုးရေးဝန်ကြီးဌာန (DA) ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

Source: Inquirernet                                                                   

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံတွင် ဝက်သားစျေးများ ထိုးကျသွားသော်လည်း လက်လီအသားစျေးနှုန်းများ ဆက်လက်မြင့်မားနေဆဲဖြစ်

​          ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းက အမြင့်ဆုံးဖြစ်ခဲ့သည့် စျေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဝက်သားစျေးနှုန်းများသည် ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သော်လည်း ဟိုချီမင်းစီးတီးရှိ ရပ်ကွက်စျေးအများစုတွင် လက်လီအသားစျေးနှုန်းများမှာ ပြောင်းလဲမှုမရှိသ လောက် ဖြစ်နေသဖြင့် စားသုံးသူများမှာ စျေးနှုန်းသက်သာမှု အကျိုးကျေးဇူးကို မခံစားရသေးကြောင်း သိရသည်။

​          ဇူလိုင်လ ရက်နေ့ အစီရင်ခံစာများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝက်အရှင် စျေးနှုန်းများသည် ယခင်နေ့ကထက် ,၀၀၀ မှ ,၀၀၀ ဗီယက်နမ်ဒေါင် (VND) ခန့် ဆက်လက်ကျ ဆင်းခဲ့ပြီး တစ်ကီလိုဂရမ်လျှင် ၆၀,၀၀၀ မှ ၆၆,၀၀၀ ဒေါင်အထိ ဖြစ်လာခဲ့သည်။ တောင်ပိုင်းဒေသသည် စျေးအနည်းဆုံးဖြစ်ပြီး Dong Thap နှင့် Ca Mau တို့တွင် ၆၀,၀၀၀ ဒေါင်၊ Tay Ninh An GiangVinh Long နှင့် Can Tho တို့တွင် ၆၁,၀၀၀ ဒေါင် ရှိပြီး၊ Dong Nai နှင့် ဟိုချီမင်းစီးတီးတို့တွင်မူ တစ်ကီလိုဂရမ်လျှင် ၆၀,၀၀၀ မှ ၆၂,၀၀၀ ဒေါင်ကြား အတက်အကျရှိနေကြောင်း သိရသည်။

​         မွေးမြူရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ Nguyen Kim Doan ပြောကြားချက်အရ ဝက်အရှင်စျေးနှုန်းများ ကျဆင်းရခြင်းမှာ အချက်အလက်များစွာ ပေါင်းစပ်နေခြင်းကြောင့် ဖြစ်သည်။ ပူပြင်းသည့် ရာသီဥတုကြောင့် ဝက်သားဝယ်လိုအား နှေးကွေးသွားသော်လည်း ကုန်ပစ္စည်း ထောက်ပံ့မှုမှာမူ တည်ငြိမ်နေသည်။ ဝက်အုပ်များတွင် ရောဂါကျရောက်နိုင်ခြေရှိသောကြောင့် မွေးမြူရေးသမားအများစုသည် ဆုံးရှုံးနိုင်ခြေကို လျှော့ချရန်အတွက် ၎င်းတို့၏ ဝက်များကို စောစီးစွာ ထုတ်ရောင်းခဲ့ကြောင်း သိရသည်။

​         ထို့အပြင် မကြာသေးမီက အာဏာပိုင်များက မွေးမြူရေးအခြေအနေ၊ ပတ်ဝန်းကျင်နှင့် အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာ စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းကြောင့် အချို့သောမွေးမြူရေးခြံများသည် ဆက်လက်မွေးမြူခြင်းမပြုတော့ဘဲ ဝက်အုပ်များကို စောစီးစွာ ထုတ်ရောင်းခဲ့ကြသဖြင့် ရေတိုတွင် ဝက်သားအဝင် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

​          ရောင်းစျေးများ ကျဆင်းသွားသော်လည်း ကုန်ထုတ်လုပ်မှုစရိတ်များမှာမူ မြင့်တက်လာခဲ့သည်။ နှစ်ဆန်းပိုင်းကတည်းက တိရစ္ဆာန်အစာစျေးနှုန်းများ အကြိမ်ကြိမ် မြင့်တက်ခဲ့ရာ ဝက်ကီလိုဂရမ် ၁၀၀ မွေးမြူရန်အတွက် ကုန်ကျစရိတ်မှာ ၃၀၀,၀၀၀ ဒေါင်ခန့် ထပ်မံတိုး လာခဲ့သည်။ လက်ရှိတွင် စျေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၆၀,၀၀၀ ဒေါင်ခန့်သာရှိသဖြင့် မွေးမြူရေးသမားအများစုမှာ အရှုံးပေါ်နေကြပြီး စျေးနှုန်းများ ဆက်လက်ကျဆင်းနေခြင်းနှင့် ရောဂါဘေးအန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေခြင်းတို့ကြောင့် ဆုံးရှုံးမှု သက်သာစေရန် စောစီးစွာ အတင်းအကျပ် ထုတ်ရောင်းနေကြရကြောင်း သိရသည်။

​        ပြည်တွင်းထောက်ပံ့မှုအပြင် အသားတင်သွင်းမှု များသည်လည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၆ ခုနှစ် ပထမငါးလ အတွင်း မွေးမြူရေးကဏ္ဍ သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ . ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၃၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့သည်။ အသားနှင့် စားသုံးနိုင်သော ဘေးထွက်ပစ္စည်းများ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၉၁၀ သန်းကျော် ရှိခဲ့ပြီး ၂၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ပြည်တွင်းအသားစျေးနှုန်းများသည် ဒေသတွင်းစျေးကွက်အများစုထက် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားနေသဖြင့် ပြည်ပမှ တင်သွင်းလာသော အသားများသည် ပြည်တွင်းဝက်သားစျေးကွက်အပေါ် နောက်ထပ် ယှဉ်ပြိုင်မှုဆိုင်ရာ ဖိအားများကို ဆက်လက်ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

မလေးရှားနိုင်ငံ စားအုန်းဆီကြမ်းဈေးနှုန်း ရင်းဂစ် ၄,၀၀၀-၄,၃၀၀ ကြား ဆက်လက်ခိုင်မာနေမည် ဟု ခန့်မှန်း

    လတ်တလောဖြစ်ပေါ်လျက်ရှိသည့် ကမ္ဘာ့ရေနံဈေးနှုန်းအခြေအနေများကြောင့် ယခုနှစ် အတွင်း စားအုန်းဆီကြမ်းဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် ရင်းဂစ် ၄,၀၀၀-၄,၃၀၀ ကြားမှာ ဆက်လက် ၍ အခိုင်အမာ တည်ရှိနိုင်မည်ဟု မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ခန့်မှန်းထား သည်။

     မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Datuk Dr Ahmad Parveez Ghulam Kadir က ဟော်မုဇ်ရေလက်ကြားပြဿနာများကြောင့် ဖြစ်ပေါ်လျက်ရှိသည့် ကမ္ဘာ့စက် သုံးဆီ ဈေးနှုန်းမြင့်တက်ခြင်းသည် စားအုန်းဆီကြမ်းဈေးနှုန်းအပေါ် ဆက်လက်သက်ရောက်နိုင် မည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွားလျက်ရှိသော အခြေအနေများကြောင့် စားအုန်းဆီဈေးနှုန်းသည် ဆက်လက်အခိုင်အမာ တည်ရှိနိုင်ပြီး ယခုနှစ်တွင် ပျမ်းမျှအားဖြင့် ရင်းဂစ် ၄,၀၀၀ - ၄,၃၀၀ ကြား မျှော်မှန်းထားကြောင်း အင်္ဂါနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စားအုန်းဆီနည်းပညာလွှဲပြောင်းခြင်း (TOT) အစီအစဉ်၌ ၎င်းကပြောကြားခဲ့သည်။

    ဟော်မုဇ်ရေလက်ကြားတင်းမာမှုများသည် ကမ္ဘာ့ရေနံဆီလိုအပ်ချက်သည်အပေါ် တိုက်ရိုက် သက်ရောက်နေကြောင်းနှင့် ရေနံဆီ၊ စားအုန်းဆီနှင့် အခြားဟင်းသီးဟင်းရွက်ဆီတို့သည် ဆက်စပ် မှု များရှိနေသောကြောင့် စားအုန်းဆီနှင့် အခြားဟင်းသီးဟင်းရွက်ဆီဈေးနှုန်း မြင့်တက်စေခြင်း များကို ဖြစ်စေကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ahmad Parveez က အယ်နီညိုဖြစ်စဉ်အလွန်၌ စားအုန်းဆီဝတ်မှုန်ကူးခြင်းအပေါ် သက်ရောက်မှုများဖြစ်ပေါ်ပြီး ကုန်ထုတ်လုပ်မှုအပေါ် ကန့်သတ်ရန် မျှော်မှန်းထားရှိသည့် စိန်ခေါ်မှု များကိုလည်း စားအုန်းဆီကဏ္ဍတွင် ရင်ဆိုင်နေရကြောင်းပြောကြားခဲ့သည်။

    ဆက်လက်၍ အယ်နီညိုဖြစ်စဉ်အလွန် အပူလွန်ကဲခြင်းနှင့် မိုးလျော့နည်းဆိုင်ရာ သက်ရောက်မှုများကို စောင့်ကြည့်နေကြောင်း၊ ယင်းသက်ရောက်မှုများသည် ချက်ချင်း မဖြစ်ပေါ်ဘဲ ဆီအုန်းဝတ်မှုန်ကူးသည့်ပိုးကောင် (Oil palm weevils) များ၏ ဝတ်မှုန်ကူးခြင်းလုပ်ငန်းစဉ်အပေါ် ရေရှည်တွင် သက်ရောက်မှုရှိစေကြောင်း၊ အလွန်အမင်းရာသီဥတုပူပြင်းခြင်းသည် ဝတ်မှုန်ကူး သည့် ပိုးကောင်များ လုပ်ဆောင်ချက်များကို လျော့ကျစေကြောင်း၊ ဝတ်မှုန်ကူးနှုန်းကျဆင်းပြီး ဆီအုန်းသီးနှံအထွက်နှုန်းကို လျော့ကျစေကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

    ဥရောပသမဂ္ဂ သစ်တောပြုန်းတီးမှုတားဆီးရေးစည်းမျဉ်း (EUDR)နှင့်ပတ်သက်၍ Ahmad Parveez က မလေးရှားကျွန်းဆွယ်ရှိ စားအုန်းဆီစိုက် တောင်သူငယ် (Smallholders) များ၏ ၈၀ ရာခိုင်နှုန်းကျော်သည် စည်းမျဉ်းသတ်မှတ်ချက်များကို လိုက်နာရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

    ယခုနှစ် လလယ်ပိုင်းတွင် စားအုန်းဆီစိုက် တောင်သူငယ်များ (Smallholders) အတွက် ဥရောပသမဂ္ဂ သစ်တော ပြုန်းတီးမှုတားဆီးရေးစည်းမျဉ်း (EUDR) အကောင်အထည် မဖော်မီ တရားဝင်လိုင်စင်ရှိပြီး မြေယာပိုင်ဆိုင်မှု ရှင်းလင်းသော တောင်သူငယ်များ၏ ၉၀% မှ ၉၅% ကို လိုက်နာဆောင်ရွက်မှုစနစ် (Compliance system) ထဲသို့ အပြီးထည့်သွင်းသွားရန် MPOB က မျှော်မှန်းထားရှိကြောင်းကိုလည်း ၎င်းကပြောကြားခဲ့သည်။

   စည်းမျဉ်းများအကောင်အထည်မဖော်မီ တောင်သူငယ် အနည်းဆုံး ၉၀% မှ ၉၅% ကို စနစ် အတွင်း ထည့်သွင်းပေးမှာ ဖြစ်သည့်အတွက် ဥရောပဈေးကွက်သို့ အတားအဆီးမရှိ တင်ပို့နိုင်မှာ ဖြစ်ကြောင်း Ahmad Parveez က ပြောကြားခဲ့သည်။

Source: The Edge Malaysia, June 30, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယတွင် အရန်ပဲသိုလှောင်မှုနှင့် တင်သွင်းမှုများကြောင့် ပဲမျိုးစုံဈေးနှုန်းများ တည်ငြိမ်နေ

   မိုးရွာသွန်းမှု ပုံမှန်အောက်လျော့နည်းနိုင်ခြင်းနှင့် မိုးသီးနှံစိုက်ပျိုးမှု ‌နောက်ကျခြင်းအပေါ် စိုးရိမ်မှုများရှိသော်လည်း အစိုးရအရန်ပဲသိုလှောင်မှုလုံလောက်စွာရှိခြင်းနှင့် ပဲတင်ပို့သည့် အဓိက နိုင်ငံများတွင် ထုတ်လုပ်မှုမြင့်တက်လာခြင်းတို့ကြောင့် ပဲမျိုးစုံဈေးနှုန်းများသည် ဒီဇင်ဘာလအထိ တည်ငြိမ်နေမည်ဖြစ်ကြောင်း ပဲလောကကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

    မတ်လမှ စတင်၍ ဝယ်လိုအားလျော့နည်းလာခြင်းကြောင့် ပဲဈေးနှုန်းများမှာ မြင့်တက်လာ ခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း ကုန်သည်များနှင့် တင်သွင်းသူများက ပြောကြားထား သည်။ ပြည်တွင်းထွက်ရှိသည့် ပဲအများစု၏ ဈေးနှုန်းများသည် အခြေခံရည်ညွှန်းဈေး (MSP) ထက် လျော့နည်းနေသော်လည်း အာဖရိက၊ မြန်မာနှင့် ဘရာဇီးနိုင်ငံတို့ကဲ့သို့ ပဲအဓိကတင်ပို့သည့်နိုင်ငံ များတွင် ထုတ်လုပ်မှုကောင်းမွန်သဖြင့် အိန္ဒိယအတွက် ပဲရရှိမှုလုံလောက်ကြောင်းနှင့် အစိုးရတွင် လည်း အရန်ပဲသိုလှောင်မှုလုံလောက်စွာရှိနေကြောင်း အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံ အသင်း (IPGA) ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

   အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ တင်သွင်းမှုစုစုပေါင်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၁၇ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး တန်ချိန် ၆ သန်းအထိရှိခဲ့သည်။ အိန္ဒိယသည် ပဲစင်းငုံကို အာဖရိကနှင့် မြန်မာမှ အဓိကတင်သွင်းပြီး မတ်ပဲကို မြန်မာနှင့် ဘရာဇီးမှ တင်သွင်းနေရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပဲစင်းငုံတန်ချိန် ၁.၄၈ သန်းတင်သွင်းခဲ့ရာ အာဖရိကမှ တန်ချိန် ၁.၁၁ သန်း ပါဝင်ခဲ့သည်။ မတ်ပဲတင်သွင်းမှု ၇၈၁,၀၀၀ တန်အနက် ၅၄၀၀၀၀ တန်ခန့်ကို မြန်မာနိုင်ငံမှ တင်သွင်းခဲ့ကြောင်းသိရသည်။

    အစိုးရ၏ အရန်ပဲသိုလှောင်မှု အားကောင်းနေခြင်းသည် ဒီဇင်ဘာအထိ ပဲရရှိနိုင်မှုကို လုံလောက်စွာ ထိန်းသိမ်းပေးနိုင်မည်ဖြစ်ကြောင်း ကုန်သွယ်မှုကျွမ်းကျင်သူများက ပြောကြား ထားသည်။ လယ်သမားများကို ကူညီထောက်ပံ့ရန်အတွက် အစိုးရမှ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ ကို ၁၀၀ ရာခိုင်နှုန်းဝယ်ယူပေးမည်ဟု အာမခံထားသဖြင့် အရန်ပဲသိုလှောင်မှုပမာဏ တိုးလာခဲ့ ခြင်းဖြစ်သည်။ လက်ရှိတွင် အစိုးရသည် ယခင်နှစ် မိုးသီးနှံနှင့်ဆောင်းသီးနှံများမှ စုဆောင်းထား သော ပဲမျိုးစုံ တန်ချိန် ၄.၃ သန်းခန့်ကို ကိုင်ဆောင်ထားကြောင်း၊ ၎င်းပမာဏသည် ယခင်နှစ် ကာလတူထက် နှစ်ဆနီးပါးများပြားကြောင်း၊ ဥတ္တရာပရာဒေ့ရှ်၊ တမီးနာဒူး၊ ဂူဂျာရတ်နှင့် ဟာရီ ယာနာပြည်နယ်များမှ နွေပဲတီစိမ်းနှင့် မတ်ပဲများကို အစိုးရဝယ်ယူမည်ဖြစ်ကြောင်း ယခင်လက ကြေညာခဲ့သည်။

Source: Economic Times, July 3, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယလွှတ်တော်ကော်မတီက ဆီထွက်သီးနှံနှင့် ပဲမျိုးစုံအတွက် ၁၀၀ ရာခိုင်နှုန်း MSP ဖြင့် ဝယ်ယူရန် တောင်းဆို

   အိန္ဒိယစိုက်ပျိုးရေးဆိုင်ရာလွှတ်တော်အမြဲတမ်းကော်မတီသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ ၏ သွင်းကုန်ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန်အတွက် အခြေခံရည်ညွှန်းစျေး (Minimum Support Price - MSP) ဖြင့် အစိုးရမှ ဝယ်ယူမှုကို လက်ရှိ ၂၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ဝယ်ယူရန် တိုက်တွန်းလိုက်သည်။ ထို့ပြင် ပြည်တွင်းတောင်သူများကို စျေးနှုန်းတက်ခြင်း၊ ကျခြင်း တို့မှ ကာကွယ်ရန် ကမ္ဘာ့စားအုန်းဆီစျေးနှုန်း တစ်တန်လျှင် ဒေါ်လာ ၈၀၀ အောက် ကျဆင်းပါက ၂၀ ရာခိုင်နှုန်း အကာအကွယ်ခွန်စည်းကြပ်ခြင်းအပါအဝင် ပြောင်းလဲနိုင်သော သွင်းကုန်ခွန် ယန္တရား တစ်ခုကျင့်သုံးရန်လည်း အကြံပြုထားသည်။

    ထို့အပြင် ကော်မတီသည် ရာသီဥတုဒဏ်ခံနိုင်သော၊ အထွက်နှုန်းကောင်းသော၊  ပိုးမွှားဒဏ် ခံနိုင်သော သီးနှံမျိုးစိတ်သစ်များ ထုတ်လုပ်နိုင်ရန်နှင့် Marker-Assisted Selection (MAS) ကဲ့သို့ သော ခေတ်မီနည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် တောင်းဆိုခဲ့သည်။ လက်ရှိတွင် လိုအပ်နေသော မျိုးရိုးဗီဇပြုပြင်ထားသည့် အစားအစာများ (GM foods) ကို ထိန်းကျောင်းရန်နှင့် ယင်းတို့ အလွန်အကျွံ ပြန့်နှံ့လာမှုကို စစ်ဆေးရန် ပိုမိုခိုင်မာသော စည်းမျဉ်းစည်းကမ်း ယန္တရား တစ်ခုဖော်ဆောင်ရန်လည်း တိုက်တွန်းထားသည်။

    ၂၀၂၆ ခုနှစ် မတ်လ၂၇ ရက်နေ့က လွှတ်တော်သို့ တင်သွင်းခဲ့သော ၎င်းကော်မတီ၏ ၃၃ ကြိမ်မြောက် အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံသည် စားသုံးဆီလိုအပ်ချက်၏ ၅၆ ရာခိုင်နှုန်းခန့်နှင့် ပဲတန်ချိန် ၂.၁၃ သန်းကို ပြည်ပမှ တင်သွင်းနေရဆဲဖြစ်ကြောင်း၊ ၎င်းသည် တောင်သူများကို ကမ္ဘာ့ စျေးနှုန်းမတည်ငြိမ်မှု ဒဏ်ခံရစေပြီး နိုင်ငံခြားငွေ အရန်သီးသန့်အပေါ်တွင်လည်း ဖိအားဖြစ်စေ ကြောင်း၊ ၎င်းကို ဖြေရှင်းရန်အတွက် ကော်မတီက PM-AASHA စီမံကိန်းအောက်တွင် ဆီထွက် သီးနှံထုတ်လုပ်မှု ၁၀၀ ရာခိုင်နှုန်းအထိ ဝယ်ယူရန်နှင့် ပဲစင်းငုံ၊ မတ်ပဲ၊ ပဲနီလေး စသည့် အဓိက ပဲမျိုးစုံကို စိုက်ပျိုးသည့် ပြည်နယ်အားလုံးတွင် အပြည့်အဝဝယ်ယူရန် အကြံပြုထားသည်။

     အဆိုပါအစီရင်ခံစာတွင် ဝေးလံခေါင်ဖျားသော ဒေသများတွင် ဝယ်ယူရေးစင်တာများ ပိုမို ဖွင့်လှစ်ရန်၊ ဒစ်ဂျစ်တယ်ပေါ်တယ်တစ်ခု ဖော်ဆောင်ရန်နှင့် တောင်သူများအတွက် ၂၄ နာရီ ဝန်ဆောင်မှုပေးမည့် အကူအညီပေးရေးဖုန်းလိုင်းများ ထားရှိရန်လည်း အကြံပြုထားကြောင်း၊ အထွက်နှုန်း နည်းပါးခြင်းသည် အဓိကအတားအဆီးဖြစ်ကြောင်း အလေးပေးဖော်ပြကာ ကော်မတီ က ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် တောင်းဆိုထားသည်။ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး အထွက်နှုန်း ကောင်းသော မျိုးစိတ်များ ထုတ်လုပ်နိုင်ရန် CRISPR နှင့် Marker-Assisted Selection ကဲ့သို့သော အဆင့်မြင့် မျိုးစေ့နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် တိုက်တွန်းထားသည်။ အိန္ဒိယ စိုက်ပျိုးရေးသုတေသနကောင်စီ (ICAR) အနေဖြင့် ဒေသအလိုက်ကိုက်ညီသော မျိုးစေ့များကို ၂၀၂၈ ခုနှစ်တွင် ထုတ်ပြန်ပေးရန်နှင့် မျိုးစေ့လဲလှယ်နှုန်း ပိုမိုမြင့်မားလာစေရန် ၂၀၃၀ ပြည့်နှစ်တွင် ခရိုင် တိုင်း၌ မျိုးစေ့ဗဟိုဌာန (Seed Hubs) များ တည်ထောင်ရန် အကြံပြုထားသည်။

    လက်ရှိအသုံးပြုနေသော SATHI Portal ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျိုးစေ့ ထောက်ပံ့မှုကွင်းဆက်တစ်ခုလုံးကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ချိတ်ဆက်နိုင်ရန်၊ QR Codeများမှ တစ်ဆင့် မူရင်းဇစ်မြစ်ကို ပြန်လည် ခြေရာခံ နိုင်ရန်နှင့် အစိုးရ ထောက်ပံ့ကြေးများ လေလွင့်ဆုံးရှုံးမှုကို လျှော့ချနိုင်ရန်အတွက် ဘက်စုံသုံး "National Seed Grid" အဖြစ် ပြောင်းလဲရန်အဆိုပြုထား သည်။

   တောင်သူများကို အကာအကွယ်ပေးရန် ရည်ရွယ်သည့် လုပ်ဆောင်ချက် အဖြစ် မျိုးစေ့ စျေးနှုန်းများကို ကန့်သတ်ရန်နှင့် မျိုးစေ့တု/မျိုးစေ့ညံ့များကြောင့် ထိခိုက်မှု ရှိပါက လျော်ကြေး ရရှိ စေရန်အတွက် အမျိုးသားအဆင့် စည်းမျဉ်း စည်းကမ်း ထိန်းကျောင်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းရန် အကြံပြုထားသည်။ ကော်မတီသည် ၁၉၆၆ ခုနှစ် မျိုးစေ့အက်ဥပဒေကို အစားထိုး၍ မှတ်ပုံ တင်ခြင်း၊ အသိအမှတ်ပြုလက်မှတ်ရယူခြင်းတို့ကို မဖြစ်မနေလုပ်ဆောင်ရမည့်အပြင် ပြစ်ဒဏ် များကို ပိုမို တင်းကျပ်ထားသည့် ခေတ်မီဥပဒေတစ်ခုဖြင့် အမြန်ဆုံးအစားထိုးရန် အလေးပေး ပြောကြားခဲ့သည်။

    ဒေသအလိုက် မမျှတမှုများကို ဖြေရှင်းရန်အတွက် ၂၀၂၈ ခုနှစ်တွင် အရှေ့ပိုင်းနှင့် မြောက် အရှေ့ပိုင်းပြည်နယ်များ၌ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုဇုန်များ (Clusters) ဖော် ဆောင်ရန်နှင့် "တစ်စက်ချင်းစီမှ သီးနှံ ပိုမိုရရှိရေး" (Per Drop More Crop) စီမံကိန်းအောက်တွင် ရေသွင်း စိုက်ပျိုးမှုကို တိုးချဲ့ရန်၊ မိုးရေကိုသာ အားကိုးရသော ဒေသများတွင် စွန့်စားရမှုကို လျှော့ချ ရန်အတွက် အသေးစားရေသွင်းစနစ်၊ စိုက်ပျိုးရေးသုံး ရေကန်များနှင့် IoT အခြေခံ ရေစီမံခန့်ခွဲမှု စနစ်များကို အသုံးပြုရန်လည်း အလေးပေးဖော်ပြထားသည်။

    တောင်သူများ၏ ဝင်ငွေတိုးတက်စေရန်အတွက် တောင်သူထုတ်လုပ်ရေးအဖွဲ့အစည်းများ (FPOs) ကို အားကောင်းစေရန်၊ ကုန်ချောထုတ်လုပ်သည့် စက်ရုံများ တည်ထောင်ရန်နှင့် 'Bharat Dal' ကဲ့သို့သော အမှတ်တံဆိပ်ဖြင့် ရောင်းချသည့် လုပ်ငန်းများကို တိုးချဲ့ရန် အကြံပြုထားပြီး၊ သင့်တင့်သော စျေးနှုန်းဖြင့် စားသုံးဆီများ ရရှိနိုင်ရန် 'Bharat Oil' အမှတ်တံဆိပ်အသစ်ကိုလည်း အဆိုပြုထားကြောင်း သိရှိရသည်။

Source: Business line, June 23, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၅.၇ သန်းအထိ တင်သွင်းမည်ဟု ခန့်မှန်း

   ဖိလစ်ပိုင်နိုင်ငံတွင် စိုက်ပျိုးရေးသွင်းအားစု စရိတ်စကများ မြင့်တက်လာခြင်း၊ စပါးစိုက်ပျိုး မြေဧရိယာများ နည်းလာခြင်းနှင့် ရေပြတ်လပ်မှုအန္တရာယ်ကြုံတွေ့လာရခြင်းတို့ကြောင့် ပြည်တွင်း ဆန်ထုတ်လုပ်မှုအပေါ် ဖိအားများရှိနေပြီး လျော့ကျလာသည့် ပြည်တွင်းရောင်းလိုအားကို ပြန်လည်ဖြည့်ဆည်းရန်အတွက် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်တန်ချိန် ၅.၇ သန်း ခန့် တင်သွင်းရလိမ့်မည်ဟု အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) က ခန့်မှန်းထားသည်။

   အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) သည် ၎င်း၏ နောက်ဆုံးထုတ်ပြန်သည့် ကောက်ပဲ သီးနှံနှင့် အစားအစာဆိုင်ရာ နောက်ဆုံးရအခြေအနေ (Grain and Feed Update) အစီရင်ခံစာ တွင် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမည့် ခန့်မှန်းချက်ပမာဏကို ယခင်ခန့်မှန်းထားသည့် တန်ချိန် ၅.၆ သန်းမှ နောက်ထပ် တန်ချိန် ၁၀၀,၀၀၀ (၁ သိန်း) တိုးမြှင့်သတ်မှတ်လိုက်သည်။

     ပြည်တွင်းထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် ဆန်လက်ကျန်များ လျော့နည်းသွားနိုင်သဖြင့် ကျဆင်းလာသည့် ပြည်တွင်းရောင်းလိုအားကို ဖြည့်ဆည်းနိုင်ရေး ဆန်တင်သွင်းမှုပမာဏ တိုးမြှင့် သွားရန် လျာထားကြောင်း အမေရိကန်အေဂျင်စီ (USDA) က ပြောကြားခဲ့သည်။

    အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ ခန့်မှန်းချက်ပမာဏများသည် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန (DA) က ယခင်လျာထားချက်ဖြစ်သည့် ဆန်တင်သွင်းမှုပမာဏ တန်ချိန် ၄.၈ သန်းထက် ပိုမိုမြင့်မားနေသည်။

    အစိုးရ၏ အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁၁ ရက်နေ့ အထိ ဆန်တန်ချိန် ၂.၄၂ သန်း တင်သွင်းခဲ့ပြီး ဖြစ်သည်။စိုက်ပျိုးရေးသွင်းအားစု စရိတ်စက များ မြင့်တက်လာခြင်းက တောင်သူများ၏ စိုက်ပျိုးလိုစိတ် အပေါ် ဖိအားပေးလျက်ရှိနေသဖြင့် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်း ကြိတ်ခွဲပြီး ဆန် ထုတ်လုပ်မှုပမာဏသည် ၁၂.၃ သန်း တန်သာ ရှိလိမ့်မည်ဟု ခန့်မှန်းထားပြီး ယင်းသည် ယခင်က ခန့်မှန်းတွက်ချက်ထားသည့် တန်ချိန် ၁၂.၄ သန်းထက် ၀.၈ ရာခိုင်နှုန်း လျှော့ချသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

    ဓာတ်မြေဩဇာဈေးနှုန်းများ မတ်လမှစ၍ အဆမတန် ထိုးတက်လာခဲ့ပြီး ကမ္ဘာ့ယူရီးယား (Urea) မြေဩဇာဈေးနှုန်းသည် ၅၅ ရာခိုင်နှုန်းကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း နှင့် ယင်းသည် တောင်သူများ၏ ဝင်ငွေကို လျော့ကျစေသည့်အပြင် တိုးချဲ့စိုက်ပျိုးမည့် ဧရိယာများ ကို ကန့်သတ်သကဲ့သို့ ဖြစ်စေကြောင်း အမေရိကန် စိုက်ပျိုးရေးဦးစီးဌာန (USDA) က မှတ်ချက်ပြု ထားသည်။

    ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန (DA) အနေဖြင့် တောင်သူများအား စက်သုံးဆီထောက်ပံ့ ကြေးများပေးအပ်ခြင်း မျိုးစပါးနှင့်ဓာတ်မြေဩဇာစရိတ်အချို့ကို ကူညီပံ့ပိုးပေးခြင်းများ ဆောင်ရွက် နေသော်လည်း ယင်းလုပ်ဆောင်ချက်များသည် ကြီးမြင့်နေသော စိုက်ပျိုးရေး သွင်းအားစုစရိတ် များ၏ ဝန်ထုပ်ဝန်ပိုးကို အတိုင်းအတာတစ်ခုအထိသာ သက်သာစေနိုင်ကြောင်း လုပ်ငန်းနယ်ပယ် အတွင်းရှိ သတင်းရင်းမြစ်များက မှတ်ချက်ပြုကြသည်ဟု USDA က ပြောကြားခဲ့သည်။

    ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပွားပါက ဆန်စပါးထုတ်လုပ်မှုပမာဏ တန်ချိန် ၇၀၀,၀၀၀ ခန့်အထိ ကျဆင်းသွားနိုင်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန (DA) က ယခင်က ပြောကြားထားသည်။

    ဖိလစ်ပိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် နှောင်းပိုင်းမှ ၂၀၂၇ ခုနှစ် အစောပိုင်းကာလအတွင်း နိုင်ငံ၌ အသင့်အတင့်မှ ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ်ကို ကြုံတွေ့ရနိုင်ကြောင်း သိရသည်။ အဆိုပါ ရာသီဥတုဖြစ်စဉ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် မှတ်တမ်းတင်ခဲ့ပြီး ထိုစဉ်က မိုးခေါင်ရေရှားမှုများ ကြောင့် စိုက်ပျိုးရေးကဏ္ဍ၏ ထုတ်လုပ်မှု အမြောက်အမြား ထိခိုက်ပျက်စီးခဲ့ရသည်။

Source: Vietnam Plus, June 29, 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

က‌မ္ဘောဒီးယားနိုင်ငံ၏ မွန်ဒူကီရီကော်ဖီအား အားပေးမြှင့်တင်ရန်အတွက် သုတေသနလုပ်ငန်း စီမံချက်သစ်တစ်ခု စတင်

     ကမ္ဘောဒီးယားနိုင်ငံကော်ဖီအသင်း (CCA) နှင့် Prek Leap အမျိုးသားစိုက်ပျိုးရေးတက္ကသိုလ် တို့သည် ဒေသနှင့်ကိုက်ညီမှုရှိသော ကော်ဖီမျိုးစိတ်များကို လေ့လာဆန်းစစ်ချက်ပြုလုပ်ပြီး ဖွံ့ဖြိုး တိုးတက်လာရန်နှင့် ထိုမှတစ်ဆင့် ဒေသတွင်းကော်ဖီကဏ္ဍကို ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ မွန်ဒူကီရီပြည်နယ်တွင် ပူးပေါင်းဆောင်ရွက်မည့် သုတေသနစီမံချက်တစ်ရပ်ကို စတင် ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး အရည် အသွေးမြင့် ကော်ဖီစေ့များ ထွက်ရှိမည့်အပြင် ဖျက်ပိုးများနှင့် ရောဂါဒဏ်များကို ပိုမိုခံနိုင်ရည်ရှိ သော ကော်ဖီမျိုးစိတ်များကို ရှာဖွေဖော်ထုတ်၍ စမ်းသပ်စိုက်ပျိုးခြင်းအပေါ် အလေးပေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း CCA ၏ ပြောကြားချက်အရ သိရှိရပါသည်။

     သုတေသနလုပ်ငန်းများတွင် မွန်ဒူကီရီပြည်နယ်ရှိ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသော တောင်သူ များအတွက် မည်သည့်ကော်ဖီမျိုးစိတ်များသည် စိုက်ပျိုးရေးဆိုင်ရာနှင့် ကော်ဖီအရည်အသွေးပိုင်း ဆိုင်ရာ အကောင်းဆုံးရလဒ်များကို ပေးစွမ်းနိုင်ကြောင်းကို ဆုံးဖြတ်နိုင်ရန်အတွက် စိုက်ပျိုးခြံ အတွင်း လက်တွေ့စမ်းသပ်ခြင်း၊ မြေဆီလွှာနှင့် ရာသီဥတုဆန်းစစ်ချက်များအပြင် ရိတ်သိမ်းချိန် လွန် အရည်အသွေးအကဲ ဖြတ်မှုများ ပါဝင်ပါသည်။

     ကမ္ဘောဒီးယားနိုင်ငံကော်ဖီအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ Thun Vathana ၏ ပြောကြားချက်အရ ဤလေ့လာဆန်းစစ်မှု၏ အဓိကရည်ရွယ်ချက်မှာ ရာသီဥတု အပြောင်းအလဲ နှင့် ရောဂါဒဏ်များကို ခံနိုင်ရည်ရှိသော ဒေသတွင်းကော်ဖီမျိုးစိတ်များကို ဆန်းစစ်အကဲဖြတ်ရန် နှင့် ဖွံ့ဖြိုးတိုးတက်ရန်၊ တောင်သူများအတွက် အထွက်နှုန်းကောင်းသော မျိုးစိတ်များကို ထောက်ပံ့ ပေးရန် တို့ဖြစ်ကြောင်း သိရှိရပါသည်။

     ကမ္ဘောဒီးယားနိုင်ငံကော်ဖီအသင်း (CCA) နှင့် Prek Leap အမျိုးသားစိုက်ပျိုးရေးတက္ကသိုလ် တို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် မွန်ဒူကီရီပြည်နယ်ရှိ ကော်ဖီစိုက် တောင်သူများ၏ လူနေမှု ဘဝမြှင့်တင်ရာတွင် အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်ရုံသာမက ကမ္ဘောဒီးယားကော်ဖီ ရေရှည် တည်တံ့ပြီး စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် မြှင့်တင်မည့် အခြေခံအုတ်မြစ်လည်း ဖြစ် ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆီးနိတ်လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ Vathana က ပြောကြားခဲ့ပါ သည်။

     စမ်းသပ်စစ်ဆေးမှုများအပြင် အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် ထုတ်လုပ်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ နည်းပညာပိုင်း ပြုပြင်ခြင်းနှင့် အရည်အသွေး ထိန်းချုပ်မှုပိုင်းဆိုင်ရာ လေ့လျင့်ပေးမှုနှင့်အတူ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် စွမ်းဆောင် ရည် မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

    အဆိုပါအစီအစဉ်သည် အောင်မြင်ဖြစ်ထွန်းသောကော်ဖီမျိုးစိတ်များကို တိုးချဲ့စိုက်ပျိုးရန် အတွက် အကြံပြုချက်များ ဖော်ထုတ်ပေးရန်နှင့် ‌ဒေသခံကော်ဖီစိုက်ပျိုးသူများ၏ ဝင်ငွေများ တိုးတက်လာစေရန်အတွက် ဈေးကွက်ချိတ်ဆက်မှုများကို မြှင့်တင်ပေး၍ရန် ရည်ရွယ်ပါသည်။

     မွန်ဒူကီရီပြည်နယ်ကို ပိုမိုအေးမြသောရာသီဥတုရှိခြင်း၊ မြေဩဇာကောင်းပြီး မီးတောင်ပြာ မြေဆီလွှာနှင့် ပင်လယ်ရေမျက်နှာအထက် ၅၀၀ မီတာမှ ၁၂၀၀ မီတာအကြား မြင့်မားစွာတည် ရှိခြင်းတို့ကြောင့် ကော်ဖီစိုက်ပျိုးရန်အတွက် သင့်တော်ကြောင်း မှတ်ယူနိုင်ပါသည်။ အဆိုပါ အခြေ အနေမျိုးသည် ရိုဘတ်စတာနှင့် အာရေးဗီးကားကော်ဖီနှစ်မျိုးစလုံး ထုတ်လုပ်မှုကို အထောက် အကူပြုစေပါသည်။

     စိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေးဝန်ကြီးဌာနမှ အချက်အလက်များအရ ယခင်နှစ်တွင် ကော်ဖီစိုက်ပျိုးမှုအနေဖြင့် ဟက်တာ ၈၀၀ ခန့် စိုက်ပျိုးကြပြီး ပျှမ်းမျှအထွက်နှုန်းမှာ ၁ ဟက်တာ လျှင် ၂.၃၆ တန် ထွက်ရှိကြောင်း သိရှိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် တစ်နှစ်တွင် ကော်ဖီ တန်ချိန် ၂၀,၀၀၀ တန် လိုအပ်ပြီး ဒေသတွင်း ထောက်ပံ့ဖြည်းဆည်းနိုင်မှုမှာ တန်ချိန် ၁,၀၀၀ ခန့် သာရှိကြောင်း သိရှိရပါသည်။

Source: Khmer Times, June 25, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယတွင် ပဲပိစပ် စိုက်ပျိုးမှုနောက်ကျခြင်း‌ကြောင့် စားသုံးဆီဈေးနှုန်းများ မြင့်တက်လာဖွယ်ရှိ

    ဆီထွက်သီးနှံ အဓိကစိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်များတွင် ပဲပိစပ်စိုက်ပျိုးမှု ကြန့်ကြာ ခြင်းကြောင့် ပြည်တွင်းရောင်းလိုအား ကြပ်တည်းလာပြီး စားသုံးဆီဈေးနှုန်း စားသုံးဆီ ဖောင်းပွမှု ကို မြင့်တက်လာနိုင်ကြောင်း စိုးရိမ်ပူပန်မှုများရှိနေပြီး အနောက်အာရှ ပဋိပက္ခကြောင့် ဖြစ်ပေါ် လာသည့် ဈေးနှုန်းဖိအားများအပေါ်  ပိုမိုဆိုးဝါးစေနိုင်သည်။ Madhya Pradesh၊ Rajasthan၊ Maharashtra၊ Gujarat၊ Telangana နှင့် Karnataka စသည့် ပြည်နယ်များတွင် ပဲပိစပ်စိုက်ပျိုးမှု ပုံမှန်ထက်နှစ်ပတ်ခန့်နောက်ကျလျက်ရှိကြောင်းသိရသည်။ စားသုံးဆီကုမ္ပဏီများအနေဖြင့် အယ်လ် နီညိုဖြစ်စဉ်ကြောင့် ဆီထွက်သီးနှံအထွက်နှုန်းထပ်မံကျဆင်း၍ လက်လီဈေးနှုန်းများ မြင့်တက် လာမည့် အခြေအနေကို စိုးရိမ်လျက်ရှိကြောင်းသိရသည်။

     အမေရိကန်-အီရတ်စစ်ပွဲကြောင့် စားသုံးဆီဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်သွား ခဲ့ကြောင်းနှင့် ပဲပိစပ်စိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်များတွင် မျိုးစေ့ချစိုက်ပျိုးရန်အတွက် မိုးရွာ သွန်းမှု မရှိသေးကြောင်းနှင့် အစောပိုင်းတွင်မိုးရွာသွန်းရန်လိုအပ်လျက်ရှိပြီး ထုတ်လုပ်မှုကို ထိခိုက် မှုမရှိစေရန် မိုးရေရရှိမှုသည်အရေးကြီးကြောင်း အိန္ဒိယပဲပိစပ်ထုတ်လုပ်သူများ အသင်းအမှုဆောင် ဒါရိုက်တာ DN Pathak ကပြောကြားခဲ့ပါသည်။ အိန္ဒိယတွင် ပဲပိစပ်တန်ချိန် ၁၁.၂ သန်း ထွက်ရှိ ကြောင်း၊ အဓိကနေရာများဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနှင့် အာဂျင်တီးနားတို့ တွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပဲပိစပ်ထုတ်လုပ်မှုကို သက်ရောက်မှုများရှိပါက ကမ္ဘာ့စားသုံးဆီ ဈေးကွက်တွင် ထုတ်လုပ်မှုလိုအပ်ချက်ဖိအားကို ရင်ဆိုင်နိုင်ရဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားထားပါသည်။

Source : The Economic Times, June 30, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားနိုင်ငံက စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၁၀,၀၀၀ အထိ တင်ပို့ရန် ကမ်းလှမ်း

     အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က အင်ဒိုနီးရှားနိုင်ငံ၏  အရန် ဆန်သိုလှောင်မှုသည် နိုင်ငံပိုင်သိုလှောင်ရုံများ၏ ဝင်ဆံ့နိုင်မှုထက် ကျော်လွန်လျက်ရှိရာ စင်ကာပူ နိုင်ငံသို့ အရည်အသွေးမြင့် ဆန်တန်ချိန် အနည်းဆုံး ၁၀,၀၀၀ တန် တင်ပို့ရန် ကမ်းလှမ်းလိုက် ကြောင်းနှင့် အင်ဒိုနီးရှားမှ စင်ကာပူသို့ ဆန်တန်ချိန် အနည်းဆုံး ၁၀,၀၀၀ တင်ပို့ရန် အဆိုပြုထား ကြောင်း အရှေ့ဂျာဗား၊ Gresik မြို့အခြေစိုက် ANTARA သတင်းဌာနသို့ အတည်ပြုပြောကြား ခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အဆိုပါ ဆန်တင်ပို့ရေးအစီအစဉ်ကို ဂျာကာတာမြို့ရှိ စိုက်ပျိုးရေးဝန်ကြီးဌာနဌာန၊ ရုံးချုပ် ၌ စင်ကာပူနိုင်ငံ ရေရှည်တည်တံ့မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Grace Fu နှင့် တွေ့ဆုံ ဆွေးနွေးစဉ် နှစ်နိုင်ငံအကြား စားနပ်ရိက္ခာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

    Amran က ဆန်တင်ပို့နိုင်သည့် အခွင့်အလမ်းမှာ အင်ဒိုနီးရှားနိုင်ငံ၏ လက်ရှိ ဆန်ထွက်ရှိမှု မြင့်မားနေခြင်းကြောင့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ နိုင်ငံပိုင်ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ (Bulog) မှ စီမံခန့်ခွဲသည့် အစိုးရ၏အရန်ဆန်သိုလှောင်မှု (CBP) သည် ခန့်မှန်းခြေ တန်ချိန် ၅.၁ သန်းအထိ ရှိလာပြီဖြစ်သည်။ Bulog၏ လက်ရှိသိုလှောင်ရုံ အခြေခံ အဆောက် အအုံသည် ခန့်မှန်းခြေ တန်ချိန် သုံးသန်းခန့်သာ ဝင်ဆံ့နိုင်သောကြောင့် အစိုးရအနေဖြင့် ကျန်ရှိသော ပိုလျှံ ဆန်များကို ငှားရမ်းထားသည့် သိုလှောင်ရုံများတွင် သိုလှောင်ထားရသည်။

    အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့မှုသာမက ကြက်၊ ကြက်ဥ၊ စားအုန်း ဆီနှင့် အုန်းသီးအပါအဝင် အခြားသော ဗျူဟာကျသည့် စားနပ်ရိက္ခာ ကုန်ပစ္စည်းများ တင်ပို့ရန် အခွင့်အလမ်းများကိုလည်း ရှာဖွေလျက်ရှိသည်။ နှစ်နိုင်ငံသည် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံမှုအား ကောင်းလာစေရန် စိုက်ပျိုးရေးနည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဖလှယ်ခြင်းများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လည်း သဘောတူညီခဲ့ကြသည်။

    စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့မှုသည် ယခုမှတင်ပို့ခြင်းမဟုတ်ဘဲ ယခင်က ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများမှ ကုန်သွယ်မှုပြုလုပ်ခဲ့ဖူးကြောင်း Amran က ပြောကြားခဲ့သည်။ လက်ရှိ  ဆောင်ရွက် နေသော မူဘောင်တွင် အင်ဒိုနီးရှားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိက လုပ်ငန်းများအကြား တရားဝင်စားနပ်ရိက္ခာကုန်သွယ်မှု ချဲ့ထွင်ရန် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ကို မိတ်ဆက်ထားသည်။

   ထို့အပြင် စင်ကာပူဝန်ကြီး Grace Fu က အင်ဒိုနီးရှားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ တိုးတက် မှုအတွက် သုတေသန၊ နည်းပညာ၊ အဆင့်မြင့်မျိုးစေ့များနှင့် စက်မှုလယ်ယာသုံး စက်ကိရိယာ များတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကြောင့် အထွက်နှုန်းမြင့်မားလာသည်ကို ချီးကျူးပြော ကြားခဲ့သည်။ အထွက်နှုန်းနှင့် ကုန်ထုတ်စွမ်းအား မြင့်တက်လာမှုသည် အင်မတန် အထင်ကြီး ဖွယ် ကောင်းကြောင်း Fu က မှတ်ချက်ပြုခဲ့ပြီး စင်ကာပူနိုင်ငံအနေဖြင့် စားနပ်ရိက္ခာအများစုကို သွင်းကုန် မှ မှီခိုနေရသောကြောင့် အင်ဒိုနီးရှားမှ ထောက်ပံ့ရေးလမ်းကြောင်းများ တိုးချဲ့ရန် အလားအလာမှာ အကောင်းဆုံး အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    စင်ကာပူသည် အင်ဒိုနီးရှားနိုင်ငံအတွက် ဗျူဟာကျသော စိုက်ပျိုးရေးကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံအကြား စိုက်ပျိုးရေး ပစ္စည်း ကုန်သွယ်မှုတန်ဖိုးသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈၄၉.၆ သန်းအထိ ရှိလာနိုင်ပြီး အင်ဒိုနီးရှား၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၈၂.၉ သန်းနှင့် စင်ကာပူမှ သွင်းကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၃၆၆.၇ သန်းအထိ ရှိလာနိုင်သည်ဟု ခန့်မှန်းထားသည်။

Source: Antara News, June 29, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ