Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အိန္ဒိယနိုင်ငံ၊ Nagpur မြို့၏ လိမ္မော်သီးတင်ပို့မှု တိုးတက်ရေး အရှိန်မြှင့်

      အိန္ဒိယနိုင်ငံ၏ လိမ္မော်သီးတင်ပို့သည့် လုပ်ငန်းသည် လျင်မြန်စွာ ချဲ့ထွင်လျက်ရှိပြီး Nagpur မြို့ သည် ထုတ်လုပ်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ၏ ဗဟိုဌာနအဖြစ် ပေါ်ထွက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် နှစ်စဉ်လိမ္မော်သီးတန်ချိန် ၁၀ သန်းခန့် ထုတ်လုပ်ပြီး Maharashtra ပြည်နယ်၏ Vidarbha ဒေသမှာ ထုတ်လုပ်မှုအများဆုံးဖြစ်ကြောင်း၊ Amravati ခရိုင်တစ်ခုတည်းမှ Maharashtra ပြည်နယ်၏ စုစုပေါင်းလိမ္မော်သီးထုတ်လုပ်မှု ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး တစ်နှစ်လျှင် တန်ချိန် ၁.၂ သန်းမှ ၁.၅ သန်းအထိ ထုတ်လုပ်ကြောင်း၊ ၎င်း၏နောက်တွင် Nagpur ခရိုင်က ဒုတိယအများဆုံး ထုတ်လုပ်သည့်ခရိုင်ဖြစ်ကြောင်း သိရှိရသည်။

    Nagpur Mandarin ဟုလည်းကောင်း၊ Nagpur Santra ဟုလည်းကောင်း လူသိများသော လိမ္မော်သီးသည် လက်ရှိတွင် ဒူဘိုင်း၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် ဘူတန်နိုင်ငံများအထိ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပြီး ဆော်ဒီအာရေဗျ၊ အမေရိကန်နှင့် ဥရောပဈေးကွက်များတွင်လည်း ဝယ်လိုအား တိုးပွားလျက်ရှိကြောင်း၊ Indo Food Export ကဲ့သို့သော ကုမ္ပဏီများသည် အဆိုပါ လုပ်ငန်းနယ်ပယ်တွင် ရှေ့ဆောင်လုပ်ငန်းရှင်များအဖြစ် ရပ်တည်ကာ နိုင်ငံတကာစံချိန်စံနှုန်းများ နှင့် ကိုက်ညီသော ပိုးသတ်ဆေးကင်းစင်သည့် လိမ္မော်သီးအသစ်များကို ဖြည့်ဆည်းပေးလျက်ရှိ ကြောင်း သိရှိရသည်။

    Nagpur မြို့ရှိ လိမ္မော်သီးများကို အဓိကသုတေသနပြုလုပ်သော အဖွဲ့အစည်းဖြစ်သည့် Central Citrus Research Institute သည် အလေးချိန် တစ်ကီလိုဂရမ်ကျော်ရှိသော လိမ္မော်မျိုး ကွဲတစ်ခုကို တီထွင်ထုတ်လုပ်ထားပြီး ဖျော်ရည်ညှစ်ထုတ်ရန်အတွက် သင့်လျော်ကာ တောင်သူ များ၏ အထွက်နှုန်းတိုးတက်စေရန် လေ့ကျင့်ရေး သင်တန်းအစီအစဉ်များကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အစိုးရအနေဖြင့်လည်း စက်ရေသွင်းစနစ် တပ်ဆင်မှုအတွက် ထောက်ပံ့ ကြေးများဖြင့် တောင်သူများကို ပံ့ပိုးကူညီလျက်ရှိကြောင်း သိရှိရသည်။

     အဆိုပါဒေသရှိ အဓိကပြုပြင်ဆောင်ရွက်သည့် အခြေခံအဆောက်အဦများတွင် Nagpur မြို့ရှိ ဘက်စုံသယ်ယူပို့ဆောင်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကုန်စည်ဗဟိုဌာနနှင့် လေဆိပ် ဖြစ် သည့် MIHAN ၌ Patanjali Mega Food Park ပါဝင်ပြီး ၎င်းသည် စွန့်ပစ်ပစ္စည်းကင်းစင်သည့်ပုံစံ ဖြင့် တစ်နေ့လျှင် သစ်သီးတန်ချိန် ၈၀၀ အထိ ပြုပြင်နိုင်စွမ်းရှိပြီး Hingna MIDC ရှိ NOGA စက်ရုံ သည် တစ်နှစ်လျှင် မက်ထရစ်တန် ၃,၅၀၀ ပြုပြင်ကာ သစ်သီးဖျော်ရည်မှုန့်၊ ဖျော်ရည်၊ ယိုနှင့် သစ်သီးမှုန့်များကို ထုတ်လုပ်ကြောင်း၊ အဆိုပါစက်ရုံများသည် တစ်နည်းနည်းဖြင့် အလဟဿ ဖြစ်သွားနိုင်သော အဆင့် ၃ နှင့် ၄ ရှိသော လိမ္မော်သီးများကို ဖျော်ရည်နှင့် လိမ္မော်ဖျော်ရည်ဆီ ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်စေကြောင်း၊ Vidarbha ဒေသရှိ လိမ္မော်စိုက်ပျိုးသူများအတွက် အနီးဆုံး တင်ပို့နိုင်သော စက်ရုံမှာ Nagpur လေဆိပ်တွင်မဟုတ်ပဲ မွမ်ဘိုင်းမြို့တွင် တည်ရှိသော ကြောင့် သယ်ယူပို့ဆောင်ရေးမှာ အကန့်အသတ်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရှိရ သည်။

Source: Thelivenagpur.com, 10 July 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆီနီဂေါနိုင်ငံ၌ ဆန်တင်သွင်းမှုကို အစိုးရက တစ်လဆိုင်းငံ့

       ဆီနီဂေါနိုင်ငံတွင် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည် ဆန်လုပ်ငန်းနယ်ပယ်၌ ပါဝင် လုပ်ကိုင်နေသူများနှင့် အစည်းအဝေး တစ်ရပ်ကျင်းပခဲ့အပြီးတွင် ဆန်အတွက် စားသောက်ကုန် တင်သွင်းမှုဆိုင်ရာ သွင်းကုန်ကြေညာလွှာများ ထုတ်ပေးခြင်းကို ဇူလိုင် ၈ ရက်နေ့မှစတင်၍ တစ်လ ဆိုင်းငံ့လိုက်ကြောင်း သိရှိရသည်။

       အဆိုပါအစီအစဉ်သည် ပြည်တွင်းဈေးကွက်အပေါ် သွင်းကုန်မှ ဖိအားများသက်ရောက်မှုကို လျှော့ချရန်နှင့် ပြည်တွင်းရှိ ဆန်စပါးစိုက်ပျိုးသူများနှင့် ပြုပြင်ထုတ်လုပ်သူများအတွက် ၎င်းတို့၏ ထုတ်ကုန်ရောင်းချနိုင်မည့် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရန် ရည်ရွယ်ကြောင်း ဒေသခံ သတင်းမီဒီယာများက ဖော်ပြကြသည်။ ဆီနီဂေါအစိုးရသည် ထိုကဲ့သို့သော ရည်ရွယ်ချက်ဖြင့် အလားတူ စီမံဆောင်ရွက်မှုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင်လည်း ချမှတ်ဖော်ဆောင်မှုရှိခဲ့သည်။

      ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ပထမအကြိမ် ဆောင်ရွက်ခဲ့ပြီးနောက် ၉ လအကြာတွင်မှ ထပ်မံ၍ အသစ်တစ်ဖန် ပြန်လည်လုပ်ဆောင်ခြင်းသည် ဤလုပ်ငန်းကဏ္ဍ၌ ဈေးကွက်တင်ရောင်း ချမှုဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်ပေါ်ပေါက်လျက်ရှိသည်ကို ထင်ဟပ်လျက်ရှိသည်။ ဆီနီဂေါ မြစ်ဝကျွန်းပေါ်နှင့် Falémé တောင်ကြားဒေသ ဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့ (SAED) ၏ ခန့်မှန်းချက်များအရ လက်ရှိကာလတွင် ဆန်စက်များလက်ဝယ်၌ ဆန်တန်ချိန် ၃၇၀၀၀ ခန့်ရှိနေ ပြီး သွင်းကုန်ကန့်သတ်ထားရှိမှုသည် ၎င်းကုန်လက်ကျန်များ ရှင်းလင်းရောင်းချမှုကို အထောက် အကူပြုမည်ဖြစ်သည်။

       ဆန်တင်သွင်းမှု ယာယီဆိုင်းငံ့ခြင်း၏ နောက်ကွယ်၌ အစိုးရသည် ဈေးကွက်ကြပ်မတ်မှု စနစ် အသစ်တစ်ခုကို အစပြုဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့်  သွင်းကုန်ခွင့်ပြုချက်အသစ် လက်ခံရရှိခြင်း မရှိမီ ပြည်တွင်း၌ထုတ်လုပ်သော သတ်မှတ်ထားရှိ သည့် ဆန်တန်ချိန်ပမာဏကို ဝယ်ယူထားပြီးဖြစ်ကြောင်း သက်သေပြရန် လိုအပ်မည်ဖြစ်သည်။

       အဆိုပါမူဝါဒသည် ပြည်တွင်း၌ ဈေးကွက်ဝေစု ပမာဏကြီးမားစွာ ရယူထားသည့် အဓိက ကုန်သည်ကြီးများအနေဖြင့် ၎င်းတို့၏ တည်ရှိထားပြီးဖြစ်သော ကုန်စည်ဖြန့်ဖြူးမှု လမ်းကြောင်း များတွင် ပြည်တွင်းထွက်ဆန်များကို အပြည့်အဝ ပေါင်းစည်းရယူလုပ်ကိုင်လာစေရန် ဒီဇိုင်းပုံစံ ထုတ်ထားခြင်းဖြစ်သည်။ ယခုအစီအစဉ်သည် ဆီနီဂေါဆန်နှင့် ပြည်ပမှတင်သွင်းသည့်ဆန်တို့ အကြား ယှဉ်ပြိုင်နိုင်စွမ်းကွာဟနေမှုကို ကျဉ်းမြောင်းလာစေပြီး စားသုံးသူများ၏ လိုလားချက် ဖြစ်သော ဈေးနှုန်းသက်သာမှုနှင့် ကျယ်ပြန့်စွာ ကုန်စည်ဝယ်ယူရရှိနိုင်မှုကို ဖြည့်စွမ်းပေးလိမ့်မည် ဟု အစိုးရက မျှော်လင့်ထားသည်။

       ယင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်တွင်း၌ထွက်ရှိသော စပါး တစ်ကီလိုဂရမ် လျှင် ဆီနီဂေါနိုင်ငံသုံး ငွေကြေး CFA ၂၈၀ နှုန်းဖြင့် ဝယ်ယူရန် သတ်မှတ်ထားသည်။ ဆန်စက် လုပ်ငန်းရှင်များ အနေဖြင့် ပြုပြင်ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကာမိစေရန်နှင့် ပြည်ပမှတင်သွင်း လာသောဆန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်တို့အတွက် စပါးတစ်ကီလိုဂရမ်လျှင် CFA ၅၀ နှုန်းဖြင့် အစိုးရထံမှ ထောက်ပံ့ကြေး ရရှိမည်ဖြစ်သည်။

      အစိုးရ၏ ရည်မှန်းချက်မှာ လက်ရှိကာလ ပြည်တွင်းထုတ်လုပ်မှုမှ ကုန်လက်ကျန် များပြား နေမှုကို လျှော့ချခြင်းထက် ကျော်လွန်မှုရှိပြီး ပြည်တွင်းဈေးကွက်၌ ဆီနီဂေါဆန်များ ကြာရှည်စွာ နေရာရယူနိုင်မည့် စီးပွားရေးပုံစံတစ်ရပ်ကို တည်ထောင်ရန် နည်းလမ်းရှာဖွေလျက်ရှိသည်။ သို့ရာ တွင် ပြည်တွင်းဆန်ဝယ်လိုအား အများစုကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်ပမှတင်သွင်းခြင်း ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။

      အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ၏ ခန့်မှန်းချက်များအရ ၂၀၂၆-၂၀၂၇ ဈေးကွက်တင် ရောင်းဝယ်ရေးနှစ်တွင် ဆီနီဂေါနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၆၇၀၀၀၀ အထိ ရောက်ရှိ နိုင်ကြောင်း၊ ပြည်တွင်း စားသုံးရန် လိုအပ်ချက်မှာ တန်ချိန် ၂.၃၅ သန်းခန့်ရှိနိုင်ကြောင်း၊ ဤအခြေ အနေတွင် ဆီနီဂေါ၏ ဆန်တင်သွင်းမှုသည် ၇.၆၉ ရာခိုင်နှုန်း မြင့်တက်လျက် ဆန်တန်ချိန် ၁.၄ သန်းအထိ ရှိလာနိုင်ကြောင်း သိရှိရသည်။

Source: Ecofin Agency, 10 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၆  ခုနှစ် အတွင်း လယ်ယာထွက်ကုန်သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့နိုင်မှုအခြေအနေ

        မအူပင်ခရိုင်သည် စပါးနှင့် သားငါးများကို အဓိကထုတ်လုပ်သော ဒေသဖြစ်သည်။ ဆန်နှင့်ဆန်ကွဲများကို ရန်ကုန်သို့ အဓိကပို့ပြီးမှ ပြည်ပသို့ တင်ပို့ကြသည်။ သားငါးကဏ္ဍတွင် ငါးမွေးမြူရေးကို အဓိကထားလုပ်ကိုင်ပြီး ပြည်ပသို့ ငါးရှဥ့်များ အများဆုံးတင်ပို့ရောင်းချလျက်ရှိသည်။

      မအူပင်ခရိုင်ရှိ ဆန်စက်များမှ ကြိတ်ခွဲထွက်ရှိသော ဆန်နှင့်ဆန်ကွဲများကို ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် ဆိပ်ကမ်းများသို့ ကုန်းလမ်းဖြင့် အဓိက ပို့ဆောင်ကြသည်။ ပြည်ပတင်ပိုမှုမှာ ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် တရုတ်၊ အာဆီယံနှင့် အခြားနိုင်ငံများသို့ ကုမ္ပဏီများမှတဆင့် ရေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတို့ဖြင့် ဆက်လက် တင်ပို့ကြသည်။ ပေါင်ဆန် အနေဖြင့်  ပြည်ပဝယ်လိုအားပေါ်မူတည်၍ အချို့သော ပေါင်းဆန်များကိုလည်း ပြည်ပသို့ တင်ပို့လေ့ရှိကြောင်း သိရသည်။

        ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ ဆန်များကို ၁/၂၀၂၆ မှ ၆/၂၀၂၆ အထိ တင်ပို့သော ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီမှ ဆန် ၄၆၃၇၇ တန်၊ ညောင်တုန်းမြို့နယ် YOMA Sun Co., Ltd မှ ၉၄၉၂ တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ တင်ပို့မှု ၁၉၀၉တန်၊  ညောင်တုန်းမြို့နယ် Good BrotherCo., Ltd မှ ၂၉၀၉၆ တန်၊ ဓနုဖြူမြို့နယ်  GoldDelta Co.,Ltd  ၁၆၀၅၈ တန် တင်ပို့ကြောင်း သိရသည်။

       ဆန်ကွဲများကို တင်ပို့သော ကုမ္ပဏီများမှာ ညောင်တုန်းမြို့နယ်  ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီမှ (၁၄၄၃၉)တန်၊ ညောင်တုန်းမြို့နယ် YOMA Sun Co., Ltd မှ (၂၁၁၀) တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ တင်ပို့မှု (၁၅၂၅)တန်၊  ညောင်တုန်းမြို့နယ် Good BrotherCo., Ltd မှ (၂၀၀၁၄) တန်၊ ဓနုဖြူမြို့နယ်  GoldDelta Co.,Ltd  (၇၀၄၅) တန် တင်ပို့ကြောင်း သိရသည်။

      ပေါင်းဆန်များကိုတင်ပို့သောကုမ္ပဏီများမှာညောင်တုန်းမြို့နယ်  ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီမှ (၁၉၄) တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ  (၁၈၀၀)တန် တင်ပို့ကြောင်း သိရသည်။

        မတ်ပဲကို ပဲနှမ်းအသင်းမှ  ၅၂၀၀၀ တန်၊ ပဲတီစိမ်းကို ပဲနှမ်းအသင်းမှ ၁၁၀၀ တန်၊ ပြောင်းအသင့်းမှ အစြေထုတ်ပြောင်းကို ၆၂၀၀ တန် တင်ပို့ကြောင်း၊ ငါးမျိုးစုံကို ဝါဝါဝင်ကုမ္ပဏီမှ ငါးကို ၅၄ တန်တင်ပို့ ကြောင်း၊ နယ်မြေစာရင်း ကုမ္ပဏီများမှ ပေးပို့သောစာရင်းအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

အထူးအရည်အသွေးမြင့်ကော်ဖီများကို တရုတ်ဈေးကွက်တွင်မိတ်ဆက်မည့် ဗီယက်နမ်

         ဗီယက်နမ်နိုင်ငံ Buon Ma Thuot Coffee Association သည် တရုတ်နိုင်ငံ၏ Shanghai Maiji Information Technology ကုမ္ပဏီနှင့် ပူးပေါင်းကာ Vietnam Amazing Cup 2026 ပြိုင်ပွဲမှ Top 10 Arabica နှင့် Top 10 Robusta ကော်ဖီများကို နိုင်ငံတကာဝယ်လက်များထံ မိတ်ဆက်ပေးရန် တရုတ်နိုင်ငံ၌ Roadshow အစီအစဉ်တစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ အသင်းဥက္ကဋ္ဌ Trinh Duc Minh က ၎င်းအစီအစဉ်သည် ဗီယက်နမ်၏ အထူးအရည် အသွေးမြင့် (Specialty) ကော်ဖီများကို ကမ္ဘာ့ဈေးကွက်တွင် ပိုမိုလူသိများလာစေရန်၊ စီးပွားရေး မိတ်ဖက်ချိတ်ဆက်မှုများ တိုးမြှင့်ရန်နှင့် တရုတ်ဈေးကွက်အတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ပို့ကုန်အခွင့်အလမ်းများတိုးချဲ့ရန်ရည်ရွယ်သည့် အရေးပါသော ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ ဇူလိုင်လအတွင်း ရှန်ဟိုင်းမြို့၌ ရှေ့ပြေး (Pilot) ပွဲတစ်ရပ် ကျင်းပကာ ဗီယက်နမ်၏ Specialty Coffee များကို ကော်ဖီလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူများထံ မိတ်ဆက်ပေးမည်ဖြစ်ပြီး ဈေးကွက်စိတ်ဝင်စားမှုကို လေ့လာကာ အနာဂတ် ကုန်သွယ်ရေးမြှင့်တင်မှုများအတွက် အခြေခံအုတ်မြစ်ချမှတ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့နောက် ဩဂုတ်လတွင် ကွမ်ကျိုးမြို့၌ ပိုမိုကျယ်ပြန့်သည့် ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ်ကို ကျင်းပမည်ဖြစ်ပြီး Buon Ma Thuot Coffee Association၊ ကော်ဖီလုပ်ငန်းများ၊ လုပ်ငန်းကျွမ်းကျင်သူများနှင့် Vietnam Amazing Cup 2026 ပြိုင်ပွဲ၏ Top 10 Arabica နှင့် Top 10 Robusta စာရင်းဝင် ကော်ဖီထုတ်လုပ်သူများ တက်ရောက်မည်ဖြစ်ကြောင်း သိရပါသည်။ ၎င်းအစီအစဉ်တွင် ဆုရရှိထားသော Top 10 ကော်ဖီများကို ပြသမိတ်ဆက်ခြင်းနှင့် ဗီယက်နမ် Specialty Coffee များကို မြည်းစမ်းအကဲဖြတ်နိုင်သည့် Cupping Session များလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ပါဝင်သည့်လုပ်ငန်းများက ၎င်းတို့၏ ကော်ဖီစိုက်ပျိုးရာဒေသများ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ဗီယက်နမ် Specialty Coffee ၏ ထူးခြားသောအရည်အသွေးများကို မျှဝေတင်ပြသွားမည်ဖြစ်ကြောင်း သိရပါသည်။ ကွမ်ကျိုးအစီအစဉ်အတွင်း စီးပွားရေးလုပ်ငန်းချင်းချိတ်ဆက်ဆွေးနွေးပွဲ (B2B) များကိုလည်း ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံမှ ကော်ဖီတင်သွင်းသူများ၊ ကော်ဖီလှော်လုပ်ငန်းများ၊ ကော်ဖီဆိုင်ကွင်းဆက်များ၊ ဖြန့်ချိရေးလုပ်ငန်းများနှင့် ကော်ဖီဆိုင်ရာ အဖွဲ့အစည်းများနှင့် တိုက်ရိုက်တွေ့ဆုံကာ စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း သိရပါသည်။ အသင်းဥက္ကဋ္ဌ Trinh Duc Minh က အဆိုပါ Roadshow အစီအစဉ်မှ တစ်ဆင့် Vietnam Amazing Cup ၏ ဂုဏ်သတင်းနှင့် အသိအမှတ်ပြုမှုကို မြှင့်တင်နိုင်မည် ဖြစ်သကဲ့သို့ ဗီယက်နမ်၏ အရည်အသွေးမြင့် Specialty Coffee များကို တရုတ်စားသုံးသူများနှင့် ပိုမိုနီးကပ်စေပြီး နိုင်ငံတကာစီးပွားရေးမိတ်ဖက်ကွန်ရက်ကိုတိုးချဲ့ကာ ဗီယက်နမ်ကော်ဖီလုပ်ငန်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

လက်ဘနွန်နိုင်ငံသို့အုန်းသီးနှင့် စားအုန်းဆီကြမ်းတင်ပို့မှုတိုးချဲ့မည့် အင်ဒိုနီးရှား

        အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman သည် ကုန်သွယ်ရေး ချိတ်ဆက်မှုအားကောင်းရန်နှင့် အရှေ့အလယ်ပိုင်းဒေသသို့ဈေးကွက်ချဲ့ထွင်နိုင်ရန် ရည်ရွယ်၍ လက်ဘနွန်နိုင်ငံသို့ အုန်းသီးနှင့် စားအုန်းဆီကြမ်း (CPO) တင်ပို့မှုတိုးချဲ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားချက်မှာ ဇူလိုင် ၁၀ ရက်က ဂျကာတာမြို့ရှိ စိုက်ပျိုးရေးဝန်ကြီးဌာန၌ လက်ဘနွန်နိုင်ငံ သံအမတ်ကြီး Salam Al Achkar နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ဖော်ပြောကြားခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက လက်ဘနွန်ဘက်မှ သံလွင်ဆီတင်ပို့လိုကြောင်း ကမ်းလှမ်းခဲ့သကဲ့သို့ ၎င်းတို့ဘက်ကလည်း အုန်းသီးနဲ့ စားအုန်းဆီကြမ်း တင်ပို့မှုကို ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြား ဆွေးနွေးမှုများသည် အင်ဒိုနီးရှား၏ အပူပိုင်းဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်စွမ်းနှင့် လက်ဘနွန်၏ အစားအသောက်တင်သွင်းမှုအပေါ် အားထားနေရသည့် အခြေအနေတို့ကို အခြေခံ၍ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ကုန်သွယ်မှုပမာဏကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အင်ဒိုနီးရှားက အုန်းသီးနှင့် စားအုန်းဆီကဲ့သို့ အပူပိုင်းဒေသထွက်ကုန်များ တင်ပို့မှုတိုးမြှင့်မည်ဖြစ်ပြီး လက်ဘနွန်က သံလွင်ဆီကဲ့သို့ တန်ဖိုးမြင့် ပြည်တွင်းထွက်ကုန်များတင်ပို့ရန် ကမ်းလှမ်းထားကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် ကမ္ဘာ့အကြီးဆုံး အုန်းသီးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး အုန်းစိုက်ဧက ၃ ဒသမ ၃ သန်းကျော်ရှိကာ နှစ်စဉ်ထုတ်လုပ်မှု တန်ချိန် ၂ ဒသမ ၈ သန်းခန့်ရှိကြောင်း သိရပါသည်။ ထို့ပြင် စားအုန်းဆီထုတ်လုပ်မှုတွင်လည်း ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နေပြီး ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီကြမ်းနှင့် palm kernel oil (PKO) စုစုပေါင်း ထုတ်လုပ်မှု တန်ချိန် ၅၆ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားကာ နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကနိုင်ငံခြားဝင်ငွေရင်းမြစ်တစ်ခုလည်းဖြစ်ကြောင်း သိရပါသည်။ လက်ဘနွန်နိုင်ငံသည် စားသောက်ကုန်လိုအပ်ချက်၏ ၆၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိကို ပြည်ပမှတင်သွင်းနေရပြီး ဂျုံကိုလည်းအများစုတင်သွင်းနေရသဖြင့် အင်ဒိုနီးရှားအတွက် အရေးပါသည့် မဟာဗျူဟာမြောက် ဈေးကွက်တစ်ခုဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးက လိုအပ်ပါက ဆန်တင်ပို့ရန်လည်း အသင့်ရှိကြောင်းနှင့် အစိုးရ၏ စိုက်ပျိုးရေးခေတ်မီရေး၊ စိုက်ပျိုးမြေတိုးချဲ့အသုံးချရေးနှင့် ဓာတ်မြေဩဇာထောက်ပံ့မှုစနစ်များ ပြုပြင်ပြောင်းလဲမှုကြောင့် ပြည်တွင်းဆန်ထုတ်လုပ်မှု ပိုလျှံလာကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွင်း နှစ်နိုင်ငံ စိုက်ပျိုးရေးကုန်သွယ်မှုမှာ အပြုသဘောဆောင်သည့် တိုးတက်မှုရရှိခဲ့ပြီး အင်ဒိုနီးရှားဘက်မှ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၈ သန်းခန့် ကုန်သွယ်မှုပိုငွေ ရရှိခဲ့ကြောင်း သိရပါသည်။
          လက်ဘနွန်သို့ အင်ဒိုနီးရှား၏ အဓိကပို့ကုန်များတွင် အုန်းသီး၊ စားအုန်းဆီဆိုင်ရာ ထုတ်ကုန်များ၊ ကော်ဖီ၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် နာနတ်သီးတို့ပါဝင်ကြောင်း သိရပါသည်။ ရှေ့ဆက်၍ နှစ်နိုင်ငံသည် သန့်ရှင်းရေးနှင့် အပင်ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်း (SPS) များကို ညှိနှိုင်းသတ်မှတ်ခြင်း၊ စည်းမျဉ်းစည်းကမ်းများ ကိုက်ညီစေရန် ဆောင်ရွက်ခြင်းနှင့် စီးပွားရေးလုပ်ငန်း ချင်းချိတ်ဆက်ဆောင်ရွက်မှုများမြှင့်တင်ခြင်းတို့မှတစ်ဆင့် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက်တွင်အဝတ်အထည်နှင့် အထည်ချုပ်လုပ်ငန်းတင်ပို့မှု  ၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်ဗီယက်နမ်

         ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်း ပို့ကုန်တန်ဖိုးသည် ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၂၂.၂ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဗီယက်နမ်အထည်အလိပ်နှင့် အထည်ချုပ် အသင်း (VITAS) က ထုတ်ပြန်ခဲ့ပါသည်။ အသင်း၏ ထုတ်ပြန်ချက်အရ ချည်မျှင်၊ အထည်၊ အထောက်အကူပြုပစ္စည်းများနှင့် Nonwoven Material များ၏ ပို့ကုန်သည် ၅.၆ ရာခိုင်နှုန်းမှ ၁၀.၆ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သော်လည်း အဓိကဈေးကွက်များတွင် စားသုံးသူဝယ်လိုအား အားနည်းနေသဖြင့် အထည်ချုပ်ပို့ကုန်မှာ ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ယခုနှစ် ပထမငါးလအတွင်း စာရင်းအင်းများအရ အမေရိကန်နိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံးပို့ကုန် ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေပြီး တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆.၈၁ ဘီလီယံ ရှိကာ ယခင်နှစ်ထက် ၁.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စုစုပေါင်းတင်ပို့မှု၏ ၄၅ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ (EU) သို့ တင်ပို့မှုမှာ ၈.၈ ရာခိုင်နှုန်း တိုးတက်ကာ အမေရိကန်ဒေါ်လာ ၁.၉၄ ဘီလီယံရှိခဲ့ပြီး အတောက်ပဆုံးဈေးကွက်ဖြစ်ခဲ့ကြောင်း သိရပါသည်။ သို့သော် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ တင်ပို့မှုမှာ ၆.၂ ရာခိုင်နှုန်းနှင့် ၈.၉ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရပါသည်။ အဆိုပါကာလအတွင်း အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်း၏ ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါးရှိခဲ့ကြောင်း သိရပါ သည်။ သို့သော် လုပ်ငန်းကဏ္ဍအနေဖြင့် အဓိကဈေးကွက်များတွင် ဝယ်လိုအားနှေးကွေးနေခြင်း၊ ဈေးနှုန်းယှဉ်ပြိုင်မှု ပြင်းထန်လာခြင်း၊ ကုန်ကြမ်းတင်သွင်းမှုအပေါ်မှီခိုနေရခြင်း၊ ပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကော်ပိုရိတ်အုပ်ချုပ်မှု (ESG) စံနှုန်းများနှင့် ကုန်ပစ္စည်းခြေရာခံစနစ်တို့ကြောင့် ကုန်ကျစရိတ်မြင့်တက်လာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးမူဝါဒများ မရေရာမှု မြင့်တက်လာခြင်း စသည့်စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရကြောင်း VITAS က ပြောကြားခဲ့ပါသည်။
        VITAS ဥက္ကဋ္ဌ Vu Duc Giang က လုပ်ငန်းကဏ္ဍအနေဖြင့် ထုတ်လုပ်မှုပမာဏ တိုးမြှင့်ခြင်း တစ်ခုတည်းဖြင့် ဆက်လက်တိုးတက်ရန် အခွင့်အလမ်းများစွာ မကျန်တော့ကြောင်း ပြောကြားခဲ့ပါသည်။ အနာဂတ်တိုးတက်မှုသည် ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခြင်း၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ပြည်တွင်းကုန်ကြမ်းရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ပို့ကုန်ဈေးကွက်များ ကွဲပြားစေခြင်းနှင့် ဒစ်ဂျစ်တယ်နှင့် အစိမ်းရောင်အသွင်ကူးပြောင်းရေးကို အရှိန်မြှင့်ဆောင်ရွက် ခြင်းတို့အပေါ် မူတည်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထိုရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် VITAS သည် ၂၀၂၅-၂၀၃၀ သက်တမ်းအတွက် အထူးပြုကော်မတီလေးရပ်ကို ဖွဲ့စည်းရန် အတည်ပြုခဲ့ကြောင်း သိရပါသည်။ အဆိုပါကော်မတီများသည် ဖက်ရှင်နှင့် ပြည်တွင်းဈေးကွက်ဖွံ့ဖြိုးရေး၊ နိုင်ငံတကာစီးပွားရေးနှင့် ထောက်ပံ့ရေးကွင်းဆက်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးကဏ္ဍများကို အဓိကတာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ကော်မတီများသည် ၂၀၂၆ ခုနှစ် တတိယသုံးလပတ်တွင် စတင်စမ်းသပ်လည်ပတ်မည်ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ် ပထမခြောက်လအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂.၂ ဘီလီယံ ရရှိထားသဖြင့် တစ်နှစ်တာပို့ကုန်ရည်မှန်းချက် အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံခန့် ပြည့်မီစေရန် ကျန်ရှိသည့်လများတွင် လစဉ်ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ဆက်လက်ရရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။ ထို့ပြင် ကမ္ဘာ့အမှတ် တံဆိပ်ကုမ္ပဏီများ၏ ဝယ်ယူရေးမဟာဗျူဟာအပြောင်းအလဲများနှင့် လိုက်လျောညီထွေဖြစ်စေရေး၊ ပြည်တွင်းကုန်ကြမ်း ထောက်ပံ့မှုတိုးမြှင့်ရေး၊ ပို့ကုန်ဈေးကွက်နှင့် ထုတ်ကုန်အမျိုးအစားများကွဲပြားစေရေး၊ ဥပဒေရေးရာနှင့် ကုန်သွယ်ရေးဆိုင်ရာ အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး၊ နည်းပညာ၊ အလို အလျောက်စနစ်နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးတို့ကို အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်ပထမနှစ်ဝက်တွင် ကုန်သွယ်ရေးလိုငွေပြခဲ့မှုကို ရှင်းလင်းခဲ့သည့် ဗီယက်နမ်စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန

        ဗီယက်နမ်နိုင်ငံ၏ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေပြမှုမှာ စက်ယန္တရားများ၊ စက်ကိရိယာများနှင့် ထုတ်လုပ်ရေးအတွက် လိုအပ်သောကုန်ကြမ်းများ တင်သွင်းမှုမြင့်တက်လာခြင်းကြောင့် အဓိကဖြစ်ပြီး ၎င်းအခြေအနေသည် ပို့ကုန်ကျဆင်းခြင်းကြောင့်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားကောင်းလာခြင်းကို ထင်ဟပ်စေကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၇ ရက်က ပြုလုပ်သည့် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး မစ္စတာ Tran Thanh Hai က ယခုနှစ် ပထမခြောက်လအတွင်း ဗီယက်နမ်၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၆.၅ ဘီလီယံရှိပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈၃.၂ ဘီလီယံရှိသဖြင့် ကုန်သွယ်ရေးလိုငွေ အမေရိကန် ဒေါ်လာ ၁၆.၇ ဘီလီယံခန့် ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ကုန်သွယ်မှုလိုငွေပြမှုကို အကဲဖြတ်ရာတွင် နိုင်ငံ၏သွင်းကုန်ဖွဲ့စည်းပုံ၊ အထူးသဖြင့် အဓိကသွင်းကုန်အမျိုးအစားများကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အီလက်ထရွန်နစ် ပစ္စည်းများ၊ ကွန်ပျူတာများ၊ စက်ယန္တရားများနှင့် စက်ကိရိယာများသည် စုစုပေါင်းသွင်းကုန်၏ ထက်ဝက်ကျော်ရှိပြီး စီးပွားရေးလုပ်ငန်းများက ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လာသည့်အတွက် အစိတ်အပိုင်းပစ္စည်းများနှင့် ထုတ်လုပ်ရေးသုံး စက်ကိရိယာများအပေါ် ဝယ်လိုအားမြင့်တက်လာခြင်းကို ထင်ဟပ်စေကြောင်း သိရပါသည်။ ရေနံထွက်ပစ္စည်းများ၊ ရေနံစိမ်းနှင့် ကျောက်မီးသွေးအပါအဝင် စွမ်းအင်ထုတ်ကုန်များ တင်သွင်းမှုလည်း မြင့်တက်ခဲ့ပြီး ကမ္ဘာ့စျေးနှုန်းများ မြင့်တက်လာမှုကြောင့် တင်သွင်းသည့်ပမာဏ အနည်းငယ်သာ မြင့်တက်လာခဲ့သော်လည်း တင်သွင်းမှုတန်ဖိုးမှာ ပိုမိုမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် သံမဏိ၊ ဓာတုပစ္စည်းများ၊ ပလတ်စတစ်များနှင့် အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ကုန်ကြမ်းများကဲ့သို့ အရေးပါသည့်စက်မှုလုပ်ငန်းသုံးကုန်ကြမ်းများ တင်သွင်းမှုလည်းမြင့်တက်ခဲ့ပြီး ပြည်တွင်းထုတ်လုပ်သူများ၏ ဝယ်လိုအား ဆက်လက်ကောင်းမွန်နေသည်ကို ဖော်ပြနေကြောင်း သိရပါသည်။ ကုန်သွယ်ရေးလိုငွေပြမှုသည် ကာလတိုအတွင်း မက်ခရို စီးပွားရေးညွှန်းကိန်းအချို့အပေါ် ဖိအားဖြစ်ပေါ်စေနိုင်ကြောင်း မစ္စတာ Tran Thanh Hai က အသိအမှတ်ပြု ပြောကြားခဲ့ပါသည်။ သို့သော် တင်သွင်းမှုအများစုမှာ ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အသုံးပြုသည့် ကုန်ကြမ်းများ၊ စက်ယန္တရားများနှင့် စက်ကိရိယာများဖြစ်သဖြင့် အနာဂတ်ပို့ကုန်တိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်စေမည်ဟု ၎င်းကအလေးပေး ပြောကြားခဲ့ပါသည်။ ၎င်းက ကုန်သွယ်မှုချိန်ခွင်လျှာသာမက ငွေပေးချေမှုချိန်ခွင်လျှာတစ်ခုလုံးကို ကြည့်မည်ဆိုပါက ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြားအရင်းအနှီးဝင်ရောက်မှုများမှလည်း အကျိုးကျေးဇူးများ ရရှိနေကြောင်းနှင့် ထို့ကြောင့် လက်ရှိကုန်သွယ်ရေးလိုငွေပြမှုကို ထိန်းချုပ်နိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ် ဒုတိယနှစ်ဝက်တွင် ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များ (FTA) ကို ထိရောက်စွာအသုံးချနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများကို အားကောင်းစေရန်နှင့် ပြည်ပရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးများ၏ ကွန်ရက်ကိုအသုံးပြုကာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား နိုင်ငံတကာဝယ်ယူသူများနှင့် ဖြန့်ဖြူးရေးကွန်ရက်များသို့ ချိတ်ဆက်နိုင်ရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါ သည်။ တစ်ပြိုင်နက်တည်းတွင် ကုန်သွယ်ရေးလိမ်လည်မှုနှင့် ကုန်ပစ္စည်းမူလရင်းမြစ် အတုအယောင်ပြုလုပ်မှုများကို ပိုမိုတင်းကျပ်စွာ တိုက်ဖျက်သွားမည်ဖြစ်သကဲ့သို့ အဓိကပို့ကုန်များ၏ မူလရင်းမြစ်စိစစ်မှုကိုလည်း အားကောင်းစေမည်ဖြစ်ပြီး စွမ်းအင်နှင့် ထုတ်လုပ်ရေးကုန်ကြမ်းများ တင်သွင်းမှုအခြေအနေကို အနီးကပ်စောင့်ကြည့်ကာ လိုအပ်သည့်မူဝါဒများကို အချိန်နှင့် တစ်ပြေးညီ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၁၂၁.၅ သန်း တန်ဖိုးရှိသောစိန်များ တင်သွင်းခဲ့သည့် ဗီယက်နမ်

       ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း စိန်တင်သွင်းမှုအတွက် ဗီယက်နမ် ဒေါင် ၃.၁၆ ထရီလျံ (အမေရိကန်ဒေါ်လာ ၁၂၁.၅ သန်းကျော်) သုံးစွဲခဲ့ပြီး ၎င်းအနက် စုစုပေါင်းတင်သွင်းမှုတန်ဖိုး၏ထက်ဝက်ကျော်ကို အိန္ဒိယနိုင်ငံမှတင်သွင်းခဲ့ကြောင်း သိရပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန၏ ကနဦးထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း စိန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၁.၅၄ သန်းနီးပါး တင်သွင်းခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာ ၆၃.၂ သန်းတန်ဖိုး တင်ပို့ခဲ့ပြီး ဗီယက်နမ်၏ စုစုပေါင်းစိန်တင်သွင်းမှု၏ ၅၂ ရာခိုင်နှုန်းခန့်ကို ရယူထားသဖြင့် အကြီးဆုံးပေးသွင်းသူအဖြစ် ဆက်လက်ရပ်တည်ခဲ့ကြောင်း သိရပါသည်။ နှိုင်းယှဉ်ကြည့်ပါက ၂၀၂၅ ခုနှစ် တစ်နှစ်လုံးတွင် ဗီယက်နမ်က အိန္ဒိယမှ စိန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၇.၆ သန်းတန်ဖိုး တင်သွင်းခဲ့ကြောင်း သိရပါသည်။ ဘယ်လ်ဂျီယံနိုင်ငံက အမေရိကန်ဒေါ်လာ ၁၇.၉ သန်းတန်ဖိုး တင်ပို့ခဲ့ပြီး ဒုတိယအများဆုံး ပေးသွင်းသူဖြစ်လာကာ ၂၀၂၅ ခုနှစ် တစ်နှစ်လုံး၌မူ အမေရိကန်ဒေါ်လာ ၅၁.၇ သန်းတန်ဖိုး တင်ပို့ခဲ့ကြောင်း သိရပါသည်။ အစ္စရေးနိုင်ငံသည် အမေရိကန်ဒေါ်လာကိုးသန်းတန်ဖိုးဖြင့် တတိယအများဆုံး ပေးသွင်းသူဖြစ်ခဲ့ပြီး ၎င်း၏နောက်တွင် ဘော့ဆွာနာနိုင်ငံက အမေရိကန်ဒေါ်လာ ၇.၇ သန်းတန်ဖိုးနှင့် ထိုင်းနိုင်ငံက အမေရိကန် ဒေါ်လာ ၅.၁ သန်းတန်ဖိုး အသီးသီးတင်ပို့ခဲ့ကြောင်း သိရပါသည်။ အခြားအရေးပါသော ပေးသွင်း သည့်နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု (အမေရိကန်ဒေါ်လာ ၃.၆ သန်း)၊ ဟောင်ကောင် (တရုတ်) (အမေရိကန်ဒေါ်လာ ၂.၈ သန်း)၊ ဂျပန် (အမေရိကန်ဒေါ်လာ ၂.၇ သန်း) နှင့် တရုတ်နိုင်ငံ (အမေရိကန်ဒေါ်လာ ၂.၂ သန်း) တို့ဖြစ်ကြောင်း သိရပါသည်။ အကောက်ခွန် ဦးစီးဌာန၏ ပြောကြားချက်အရ လက်ရှိစည်းမျဉ်းစည်းကမ်းများအရ စိန်ရိုင်းများကို Kimberley Process Certification Scheme (KPCS) တွင် ပါဝင်သည့်နိုင်ငံများမှသာ တင်သွင်းခွင့်ပြုထားကြောင်း သိရပါသည်။ တင်သွင်းသည့် စိန်များတွင် တင်ပို့သည့်နိုင်ငံ၏ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ထုတ်ပေးသော KPCS အသိအမှတ်ပြုလက်မှတ် မှန်ကန်စွာပါရှိရမည်ဖြစ်ပြီး အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စာရွက်စာတမ်းလိုအပ်ချက်များကိုလည်း ပြည့်စုံစွာလိုက်နာရမည်ဖြစ်ကြောင်း သိရပါသည်။ အကောက်ခွန်အာဏာပိုင်များသည် စာရွက် စာတမ်းများ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများစစ်ဆေးခြင်း၊ တင်သွင်းလာသောစိန်ရိုင်းများအတွက် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းနှင့် ဥပဒေအရတင်သွင်းမှုများကို ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ အကောက်ခွန်ရှင်းလင်းရေးကို တင်သွင်းကြေညာလွှာ၊ KPCS အသိအမှတ်ပြုလက်မှတ်နှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများအပေါ် အခြေခံ၍ဆောင်ရွက်ကြောင်း သိရပါသည်။ ယခုတင်သွင်းမှုစာရင်းအင်းများသည် မကြာသေးမီက Thanh Hoa ပြည်နယ်တွင် ရဲတပ်ဖွဲ့က နယ်စပ်ဖြတ်ကျော် စိန်မှောင်ခိုကွန်ရက်ကြီးတစ်ခုကို ဖော်ထုတ်ဖမ်းဆီးခဲ့ပြီးနောက် အများပြည်သူ၏စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က သံသယရှိသူ ၂၂ ဦးကို အမှုဖွင့်တရားစွဲဆိုထားပြီး စိန် ၁,၁၀၀ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။ အဆိုပါကွန်ရက်သည် ၂၀၂၄ ခုနှစ်မှစတင်ကာ မှောင်ခိုသယ်ဆောင်မှု ၁၄၁ ကြိမ် ဆောင်ရွက်ခဲ့ပြီး ဟောင်ကောင်မှ ဗီယက်နမ်သို့ ဗီယက်နမ်ဒေါင် ၂၈၀ ဘီလီယံ တန်ဖိုးရှိသော စိန် ၂၈,၀၀၀ ကျော် တရားမဝင်တင်သွင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်ဟု သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ုကုန်)

ပထမနှစ်ဝက်တွင် ကော်ဖီတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄.၇၈ ဘီလီယံအထိ ရရှိခဲ့သည့် ဗီယက်နမ်နိုင်ငံ

          ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်၏ ပထမခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၄.၇၈ ဘီလီယံတန်ဖိုးရှိ ကော်ဖီများကို ပြည်ပသို့ တင်ပို့ခဲ့ပြီး တင်ပို့မှုပမာဏ တိုးတက်လာခဲ့သော်လည်း ကာလတူနှိုင်းယှဉ်ချက်အရ တန်ဖိုးအားဖြင့် ၁၄.၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။

         အဆိုပါကာလအတွင်း ပြည်ပတင်ပို့မှုပမာဏမှာ ယခင်နှစ်ကာလတူထက် ၉.၇ ရာခိုင်နှုန်း မြင့်တက်လာပြီး မက်ထရစ်တန် ၁.၁ သန်း ရှိခဲ့ကာ ဇွန်လတစ်လည်း တင်ပို့မှုအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၅၅၂.၆ သန်းရှိ ကော်ဖီတန်ချိန် ၁၅၀,၀၀၀ ပါဝင်ခဲ့ကြောင်း သိရပါသည်။

       စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အဆိုအရ ပထမနှစ်ဝက်အတွင်း ပျှမ်းမျှ ပြည်ပတင်ပို့မှုဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄,၄၃၅ ဝန်းကျင်ရှိပြီး ၂၀၂၄-၂၅ ခုနှစ်အတွင်း ဈေးနှုန်းများမြင့်တက်ခဲ့သည့် ကာလနောက်ပိုင်း ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရပါသည်။

       ဂျာမနီ၊ အီတလီနှင့် အမေရိကန်နိုင်ငံတို့သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးဈေးကွက် သုံးခုအဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်း ကော်ဖီတင်ပို့မှု၏ ၁၄.၁ ရာခိုင်နှုန်း၊ ၇.၉ ရာခိုင်နှုန်းနှင့် ၆.၉ ရာခိုင်နှုန်းစီ အသီးသီးရှိကြောင်း သိရပါသည်။ သို့ရာတွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း အဆိုပါဈေးကွက်များသို့ တင်ပို့မှုမှာ လွန်ခဲ့သောတစ်နှစ်ကထက် တန်ဖိုးအားဖြင့် ၂၁.၇ ရာခိုင်နှုန်း၊ ၉.၆ ရာခိုင်နှုန်းနှင့် ၂.၂ ရာခိုင်နှုန်းစီ ကျဆင်းခဲ့ကြောင်း သိရပါသည်။

       တရုတ်နိုင်ငံသို့ တင်ပို့မှုမှာမူ တန်ဖိုးအားဖြင့် ၇၀.၇ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ပြီး ဗီယက်နမ်ကော်ဖီကို အဓိကတင်သွင်းသည့် ထိပ်သီး ၁၅ နိုင်ငံအနက် အားအကောင်းဆုံး တိုးတက်မှုဖြစ်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်း၌မူ ကော်ဖီဈေးနှုန်းများသည် တစ်ကီလို ဂရမ်လျှင် ဗီယက်နမ်ဒေါင် ၉၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃.၄၂) အထက်သို့ ပြန်လည်ဦးမော့လာခဲ့ကြောင်း သိရပါသည်။   ဗီယက်နမ် ကော်ဖီနှင့် ကိုကိုးအသင်းက ကမ္ဘာ့ကော်ဖီဈေးကွက်သည် ပိုမိုစိန်ခေါ်မှုကြီးမားသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အဓိကအားဖြင့် ဘရာဇီးနိုင်ငံကြောင့် ဖြစ်ပေါ်လာသည့် ထောက်ပံ့မှု (အထွက်နှုန်း) တိုးတက်လာခြင်းမှာ မကြာသေးမီနှစ်များအတွင်း အနည်းငယ်သာ တိုးတက်လာခဲ့သည့် စားသုံးမှုနှုန်းထက် ကျော်လွန်နေခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။

         အဆိုပါ ထောက်ပံ့မှု ပိုမိုများပြားလာခြင်းက လာမည့်လများတွင် ဈေးနှုန်းများအပေါ် ဆက်လက်ကျဆင်းစေရန် ဖိအားဖြစ်စေလိမ့်မည်ဟု မျှော်မှန်းရပြီး အထူးသဖြင့် ဗီယက်နမ်၏ အဓိက ပို့ကုန်အမျိုးအစားဖြစ်သော ရိုဘတ်စတာ (Robusta) ကော်ဖီကဏ္ဍတွင် ဖြစ်နိုင်ကြောင်း ၎င်းအသင်းမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။

              ပို့ကုန်လုပ်ငန်း Vinh Hiep ၏ ဥက္ကဋ္ဌ ဖြစ်သူ Thai Nhu Hiep က မကြာသေးမီနှစ်များအတွင်း ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ကော်ဖီစိုက်တောင်သူများ၏ လူနေမှုဘဝ မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

        ကော်ဖီအသင်းအနေဖြင့် လုပ်ငန်းကဏ္ဍအနေဖြင့် အထွက်နှုန်းတိုးချဲ့ခြင်းထက် ရေရှည်တည်တံ့မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များရရှိထားသော အရည်အသွေးမြင့် ကော်ဖီစေ့များ တင်ပို့မှုကို တိုးမြှင့်ခြင်းနှင့် လှော်ပြီးသားကော်ဖီ၊ အသင့်ဖျော်ကော်ဖီနှင့် အောဂဲနစ်စပ်ကော်ဖီ ထုတ်ကုန်များ တင်ပို့မှုကို မြှင့်တင်ခြင်းတို့ဖြင့် တန်ဖိုးပိုမိုဖန်တီးနိုင်ရေးဆီသို့ အလေးဂရုပြု ပြောင်းလဲရန်လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့ကြောင်း သိရပါသည်။

        လက်ရှိတွင် နိုင်ငံ၏ ကော်ဖီစိုက်ပျိုးဧရိယာ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ရေရှည်တည်တံ့သော ကုန်ထုတ်လုပ်မှု စံချိန်စံညွှန်းများအောက်တွင် အသိအမှတ်ပြုလက်မှတ် ရရှိထားပြီးဖြစ်သဖြင့် ပြည်ပပို့ကုန်ဈေးကွက်များ၏ ပိုမိုတင်းကြပ်လာသော လိုအပ်ချက်များကို ပြည့်မီရန် ခိုင်မာသောအုတ်မြစ်တစ်ခု ဖြစ်စေခဲ့ကြောင်း သိရပါသည်။

     ထို့အပြင် ဗီယက်နမ်နိုင်ငံ၏ ကော်ဖီအသင်းက တရုတ်၊ ရုရှား၊ တောင်ကိုရီးယား၊ အယ်လ်ဂျီးရီးယားနှင့် နော်ဒစ်နိုင်ငံများ အပါအဝင် အလားအလာရှိသော ဈေးကွက်များတွင် ကုန်သွယ်မှုမြှင့်တင်ရေးကို ပိုမိုအားကောင်းစွာ လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်းနှင့် ပြုပြင်မွမ်းမံထားသော ကော်ဖီထုတ်ကုန်များ တင်ပို့မှုကို ပံ့ပိုးပေးနိုင်ရန် အာရှနှင့် ဥရောပရှိ အဓိက လက်လီအရောင်းဆိုင်ကြီးများနှင့် ချိတ်ဆက်မှုများကို တိုးချဲ့ရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

Source: Vietnumplus                                                                 

DOCA (ရန်ကုန်)

ပြည်တွင်းဝယ်လိုအား ကျဆင်းနေသဖြင့် တရုတ်နိုင်ငံမှ မော်တော်ကားတင်ပို့မှုကို မြှင့်တင်နေ

        တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီများသည် ပြည်တွင်းစျေးကွက်တွင် အရောင်းကျဆင်းမှုကို အစားထိုးရန်အတွက် ပြည်ပသို့ တင်ပို့မှုကို မြှင့်တင်နေကြသည်။ တရုတ်နိုင်ငံတွင် မြင့်မားနေသော စက်ရုံထုတ်လုပ်မှုပမာဏနှင့် အားနည်းနေသော ဝယ်လိုအားတို့အကြား ကွာဟချက် ပိုမိုကျယ်ပြန့်လာခြင်းကို ၎င်းနိုင်ငံ၏ မော်တော်ကားလုပ်ငန်းကဏ္ဍတွင် သိသာစွာမြင်တွေ့နေရသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် မော်တော်ကားများကို ပြည်ပသို့ ပိုမိုတင်ပို့ခြင်းသည် ပြည်တွင်း၌ အရောင်းကျဆင်းမှုကို အစားထိုးကုစားရန် ဖြေရှင်းချက်တစ်ခု ဖြစ်လာသည်။

        တရုတ်မော်တော်ကားထုတ်လုပ်သူများအသင်း (CAAM) ၏ အချက်အလက်များအရ ၂၀၂၆ ခု နှစ် ပထမခြောက်လအတွင်း ပြည်တွင်းကားရောင်းအားသည် ၂၁% ကျဆင်းသွားကြောင်း သိရသည်။ ထို့သို့ကျဆင်းသွားသော်လည်း တစ်ဖက်တွင်မူ ထိုကာလအတွင်းမှာပင် တရုတ်နိုင်ငံ၏ မော်တော်ကား ပြည်ပတင်ပို့မှုသည် ၆၅.၃% အထိ ထိုးတက်သွားခဲ့သည်။

         Nikkei Asia ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံတွင် ပြည်တွင်းကားဝယ်လိုအား ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ လျှပ်စစ်ကား (EV) များအတွက် ပေးအပ်ထားသည့် ထောက်ပံ့ကြေးအချို့ သက်တမ်းကုန်ဆုံးသွားခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် ဆီစျေးနှုန်းကြီးမြင့်မှုကြောင့် လျှပ်စစ်ကားများဘက်သို့ ကူးပြောင်းမှု ပိုမိုများပြားလာသဖြင့် ဓာတ်ဆီသုံးကားများ၏ ဝယ်လိုအားလည်း ကျဆင်းသွားခဲ့သည်။ ၎င်းအပြင် စီးပွားရေးနှေးကွေးမှုနှင့် ရေရှည်ဖြစ်ပွားနေသော အိမ်ခြံမြေ အကျပ်အတည်းများကလည်း တရုတ်စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအားကို လျော့ပါးစေခဲ့သည်။

        HSBC ၏ အစီရင်ခံစာတစ်ခုတွင် တရုတ်နိုင်ငံ၏ တစ်နှစ်တာလုံးအတွက် ကားဝယ်လိုအား ခန့်မှန်းချက်ကို ယခင်က ပုံမှန်အတိုင်းရှိနေမည်ဟု ခန့်မှန်းခဲ့ရာမှ ယခုအခါ ယမန်နှစ်ထက် ၅% ကျဆင်းသွားမည်ဟု လျှော့ချသတ်မှတ်လိုက်သည်။

    ပြည်တွင်းဝယ်လိုအား ဆက်လက်အားနည်းနေခြင်းကြောင့် ပြည်ပတင်ပို့မှုသည် စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းအားကို အသုံးချရန်၊ အမြတ်အစွန်းကို ထိန်းသိမ်းရန်နှင့် မော်တော်ကားအမျိုးအစားစုံလင်မှုကို မြှင့်တင်ရန်အတွက် အရေးပါသည့် မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

          ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း ဘရာဇီး၊ ဩစတြေးလျ၊ ဗြိတိန်၊ အီတလီနှင့် ထိုင်းနိုင်ငံတို့သည် တရုတ်လျှပ်စစ်ကား တင်ပို့မှုအများဆုံးတိုးတက်ခဲ့သည့် စျေးကွက်များ ဖြစ်ကြသည်။ ထိုအထဲတွင် ဘရာဇီးနိုင်ငံသည် တိုးတက်မှုနှုန်း အမြင့်မားဆုံးဖြင့် ထိပ်ဆုံးက ဦးဆောင်နေသည်။

         တရုတ်ကားထုတ်လုပ်သူများသည် ပြည်ပစျေးကွက်များကို ပိုမို၍ မှီခိုလာကြသည်။ Chery နှင့် Great Wall Motor တို့သည် မကြာသေးမီက ၎င်းတို့၏ အရောင်းရဆုံးပမာဏ၏ ထက်ဝက်ကျော်ကို ပြည်ပတင်ပို့မှုမှ ရရှိခဲ့သည်။ ထို့အတူ BYD၊ Geely နှင့် Xpeng တို့သည်လည်း ၂၀၂၆ ခုနှစ်အတွက် ၎င်းတို့၏ ပြည်ပရောင်းအားပန်းတိုင်ကို စုစုပေါင်းရောင်းအား၏ ၁၅%၊ ၁၇% နှင့် ၁၁% အသီးသီးအထိ မြှင့်တင်ထားကြသည်။

         တရုတ်နိုင်ငံ၏ အကြီးဆုံးကားတင်ပို့သူဖြစ်သည့် Chery ကုမ္ပဏီသည် ယခုနှစ် ပထမငါးလအတွင်း ကားအစီးရေ ၉၄၀,၀၀၀ ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး၊ အရှေ့အလယ်ပိုင်း၊ လက်တင် အမေရိကနှင့် ဥရောပတို့မှ ဝယ်လိုအားကြောင့် ၎င်းတို့၏ စုစုပေါင်းရောင်းအား၏ ၇၀% နီးပါး ရှိခဲ့သည်။ ကုမ္ပဏီသည် ၂၀၂၆ ခုနှစ် တစ်နှစ်လုံးအတွက် မော်တော်ကားအစီးရေ ၁.၅ သန်းကျော် တင်ပို့ရန် ရည်မှန်းထားသည်။

     ယခုကဲ့သို့ ပြည်ပတင်ပို့မှု အရှိန်အဟုန်ဖြင့် တိုးတက်နေခြင်းသည် ကုန်သွယ်ရေးအတား အဆီးများနှင့် ပိုမိုရင်ဆိုင်နေရသည်။ ဥရောပကော်မရှင် (EC) က တရုတ်ကားထုတ်လုပ်သူများသည် အစိုးရ၏ ထောက်ပံ့ကြေးများကြောင့် မတရားသောအကျိုးအမြတ်များ ရရှိနေသည်ဟု ဆုံးဖြတ်ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် တရုတ်လျှပ်စစ်ကားများအပေါ် အပိုဆောင်း သွင်းကုန်ခွန်များ ကောက်ခံမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

       တူရကီနိုင်ငံသည် ပြီးခဲ့သည့်လက BYD ကုမ္ပဏီအတွက် သွင်းကုန်ခွန်ကင်းလွတ်ခွင့်ကို ဆိုင်းငံ့ခဲ့ပြီး ကုမ္ပဏီအနေဖြင့် ပြည်တွင်းထုတ်လုပ်မှုတွင် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ကို မပြည့်မှီပါက ကင်းလွတ်ခွင့်ရရှိထားသော အခွန်များကို ပြန်လည်ပေးဆောင်ရနိုင်ကြောင်း သတိပေးထားခဲ့ကြောင်း သိရှိရပါသည်။

Source : Vn Economy                                                                         

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ