Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဘင်္ဂလားဒေရှ့်နိုင်ငံမှ စျေးကွက်အသစ်များသို့ အထည်ချုပ် (RMG) တင်ပို့မှု ၅ ရာခိုင်နှုန်း နီးပါးကျဆင်း

          ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ ယခု ဘဏ္ဍာနှစ်၏ ဇူလိုင်လမှ ဇန်နဝါရီလအထိ အဝတ်အထည်များအပေါ်ဝယ်လိုအား အားနည်းသွားခြင်းကြောင့် စျေးကွက်အသစ်များသို့ အထည်ချုပ်တင်ပို့မှုမှာ ယခင်နှစ်အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၄.၉၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးနောက် အမေရိကန်ဒေါ်လာ ၃.၇၇ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ဘင်္ဂလားဒေရှ့် နိုင်ငံသည် ဥရောပသမဂ္ဂ (EU)၊ အမေရိက (USA)၊ ဗြိတိန် (UK) နှင့် က‌နေဒါနိုင်ငံတို့မှအပကျန်ရှိသော ကမ္ဘာ့နိုင်ငံအလိုက် စျေးကွက်အသစ်များအဖြစ် သတ်မှတ် ထားကြောင်း သိရသည်။ ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ ဥရောပ သမဂ္ဂ (EU) သည် ဘင်္ဂလားဒေရှ့်အထည်ချုပ် (RMG) ကဏ္ဍ၏ အကြီးဆုံးသော ပို့ကုန် စျေးကွက် စျေးကွက် အဖြစ်ဆက်လက်တည်ရှိနေပြီး စုစုပေါင်းတင်ပို့မှု၏ ၄၉.၃၅ ရာခိုင်နှုန်း ရှိသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ဇန်နဝါရီလအထိ ဥရောပသမဂ္ဂ ရရှိသော ပို့ကုန်ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၁၁.၃၄ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃.၉၈ ရာခိုင်နှုန်း ကျ ဆင်းခဲ့ကြောင်းသိရသည်။ အမေရိကန်သို့ အထည်ချုပ် (RMG) တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄.၄၇ ဘီလီယံ ရှိပြီး၊ ယင်းမှာ စုစုပေါင်းတင်ပို့မှု၏ ၁၉.၄၆ ရာခိုင်နှုန်း ဖြစ်ကာ ယခင်နှစ်နှင့် နှိုင်း ယှဉ်ပါက ၀.၀၃ ရာခိုင်နှုန်း အနည်းငယ်မျှသာ ကျဆင်းခဲ့သည်။ ကနေဒါနှင့် ဗြိတိန် နိုင်ငံများသို့ တင်ပို့မှုမှာ တိုးတက်သည့်အလားအလာ ပြသခဲ့သည်။ ကနေဒါနိုင်ငံမှ ရရှိသော ပို့ကုန်ဝင်ငွေသည် ဒေါ်လာ ၇၈၄.၁၇ သန်း (စုစုပေါင်း၏ ၃.၄၁ ရာခိုင်နှုန်း) ရှိပြီး ယခင်နှစ်ထက် ၄.၄၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ ဗြိတိန်နိုင်ငံသို့ အထည်ချုပ်တင်ပို့မှုမှာ စုစုပေါင်း ဒေါ်လာ ၂.၆၂ ဘီလီယံ (စုစုပေါင်း၏ ၁၁.၃၈ ရာခိုင်နှုန်း) ရှိခဲ့ပြီး ၂.၅၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ ဇူလိုင်လမှ ဇန်နဝါ ရီလအထိ ကာလအတွင်း စုစုပေါင်း အထည်ချုပ်တင်ပို့မှုမှာ ဒေါ်လာ ၂၂.၉၈ ဘီလီယံ ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source : The dailystar                                                                

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်တွင် ဂျပန်၏ ဆန်တင်ပို့မှု စံချိန်တင်

         ဂျပန်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် ၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း တိုးတက်မှုနှုန်းမှာမူ နှေးကွေးခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန်သော အစိုးရ၏ အချက်အလက်များအရ သိရသည်။

       စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် အသင့်စား ဆန်ထုပ်များအပါအဝင် ဆန်တန်ချိန် ၄၈၀၀၀ ကျော် တင်ပို့ခဲ့ပြီး နှိုင်းယှဉ်စာရင်းအင်းများ ရရှိနိုင်ခဲ့သည့် ၂၀၂၀ ခုနှစ်မှစ၍ ပြည်ပသို့ ၅ နှစ်ဆက်တိုက် စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

         ပြည်တွင်းစိုက်ပျိုးသော ဆန်ဈေးနှုန်းမြင့်မားမှုကြောင့် ပြည်တွင်းဖြန့်ဖြူးရောင်းချမှုကို ပိုမိုအားကောင်းစေခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်အထိ ယခင်သုံးနှစ်တာကာလအတွင်း တိုးတက်မှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းကျော်မှ သိသိသာသာ နှေးကွေးသွားခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

           ဂျပန်နိုင်ငံ၏ အစိုးရသည် အနာဂတ်တွင် ဆန်ပြတ်လပ်မှုကို ကာကွယ်ရန် ယန္တရားအသစ် တစ်ခု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်မှ ၂၀၃၀ ခုနှစ်တွင် နိုင်ငံ၏ ဆန်တင်ပို့မှုကို ရှစ်ဆ နီးပါး တိုးမြှင့်၍ တန်ချိန် ၃၅၀,၀၀၀ အထိ တိုးမြှင့်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိခဲ့သည့် ဗီယက်နမ်

        ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့၏ စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန် ပို့ကုန်တန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော်အထိ ရောက်ရှိရန်ခန့်မှန်းရပြီး၊ တည်ငြိမ် သောတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ကာ နိုင်ငံအဆင့် စိုက်ပျိုးရေး ထောက်ပံ့မှုကွင်းဆက်အတွင်း မြို့တော်၏ အရေးပါသော အခန်းကဏ္ဍကို ထပ်မံပြသနိုင်ခဲ့ကြောင်း ဟနွိုင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဦးစီးဌာနထံမှအဆိုအရ သိရသည်။ စုစုပေါင်းပို့ကုန်တန်ဖိုးအနက် အဓိကစိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်ကုန်များတင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံခန့် ရှိပြီး ကဏ္ဍအတွင်း ပို့ကုန်ဝင်ငွေ အချိုးအစားအများဆုံးရရှိခဲ့ကြောင်း သိရပါသည်။ ဤရလဒ်မှာ နိုင်ငံခြားဈေးကွက်များကိုချဲ့ထွင်ခြင်း၊ အရည်အသွေးစံချိန်စံညွှန်းများ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ ထုတ်ကုန်ခြေရာခံစနစ်များကို ခိုင်မာစေရန်နှင့် တင်းကျပ်လာသောသွင်းကုန် စည်းမျဉ်းများကို ကိုက်ညီစေရန်အတွက် အပြည်ပြည်ဆိုင်ရာ စံနှုန်းအတိုင်း ထုတ်လုပ်မှုမော်ဒယ်များကို မြှင့်တင်ဆောင်ရွက်ခဲ့သည့် ဟနွိုင်း၏ ကြိုးပမ်းအားထုတ်မှုများ ထိရောက်မှုရှိကြောင်းကို ပြသနေကြောင်း သိရပါသည်။ ပို့ကုန်တိုးတက်မှုနှင့်အတူ ဟနွိုင်း၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းကဏ္ဍလည်း ကောင်းမွန်သော ရလဒ်များကို ဆက်လက်ရရှိနေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် ကဏ္ဍ၏ ဒေသဆိုင်ရာ စုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုး (GRDP) သည် ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက ၃.၅၅ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ လက်ရှိစျေးနှုန်းများအရ ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းကဏ္ဍ၏ စုစုပေါင်း ကုန် ထုတ်လုပ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၀.၄ ထရီလီယံနီးပါးရှိမည်ဟု ခန့်မှန်းထားပြီး ၎င်းအနက် စိုက်ပျိုးရေးကဏ္ဍသည် စုစုပေါင်းတန်ဖိုး၏ ၉၁.၀၂ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း သိရပါသည်။ ထိုအောင်မြင်မှုများသည် ဟနွိုင်းအနေဖြင့် အနာဂတ်နှစ်များတွင် စိုက်ပျိုးရေးကဏ္ဍ ကိုခေတ်မီပြီး တည်တံ့ခိုင်မြဲကာ တန်ဖိုးမြှင့်ထုတ်လုပ်မှုပုံစံသို့ ပြန်လည်ဖွဲ့စည်းတည်ဆောက်နိုင်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် ပို့ကုန်ဈေးကွက်များကို ထပ်မံချဲ့ထွင်ရန်အတွက် ခိုင်မာသောအခြေခံအုတ်မြစ်တစ်ရပ်အဖြစ် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဖိလစ်ပိုင်နိုင်ငံသည် ပို့ကုန်တိုးတက်မှုကြောင့် ဒီဇင်ဘာလတွင် လယ်ယာကုန်သွယ်မှုကွာဟချက်ကို ကျဉ်းမြောင်းစေခဲ့

          ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စိုက်ပျိုးရေး ကုန်သွယ်မှုလိုငွေပြမှု သိသိသာသာ ကျဉ်းမြောင်းလာခြင်းဖြင့် အဆုံးသတ်ခဲ့ပြီး အပူပိုင်းဒေသ သစ်သီးဝလံများ ဦးဆောင်သော လယ်ယာပို့ကုန်များ မြင့်တက်လာခြင်းနှင့် သွင်းကုန်များ လျော့နည်းလာခြင်း တို့ကြောင့် ဖိအားများကို လျှော့ချပေးခဲ့ကြောင်း နိုင်ငံ၏ စိုက်ပျိုးရေးဌာန (DA) က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

          ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်သော အချက်အလက်များအရ ဒီဇင်ဘာလတွင် စိုက်ပျိုးရေးပို့ကုန်များသည် အမေရိကန်ဒေါ်လာ ၈၈၄.၇၇ သန်း သို့မဟုတ် စုစုပေါင်း စိုက်ပျိုးရေးကုန်သွယ်မှု၏ ၃၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး သွင်းကုန်များသည် အမေရိကန် ဒေါ်လာ ၁.၅၅ ဘီလီယံ သို့မဟုတ် ၆၄ ရာခိုင်နှုန်း ရှိခဲ့သည်။ ယင်းကြောင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၆၆၈.၃၅ သန်း ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် မှတ်တမ်းတင်ထားသည့် ပမာဏထက် ၂၇ ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်။

         အာရှနှင့် ဥရောပဈေးကွက်များတွင် အမြတ်အစွန်းနှင့် ဝယ်လိုအား ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီးနှင့် ဒူးရင်းသီး အပါအဝင် ကမ္ဘာ့ဈေးကွက်များအတွက် တန်ဖိုးမြင့်သီးနှံ ၁၂ မျိုးကို ဖော်ထုတ်ထားကြောင်း DA က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ CPI မြင့်တက်ခဲ့

      ဗီယက်နမ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းညွှန်းကိန်း (CPI) သည် ဇန်နဝါရီလတွင် ယခင်နှစ်ထက် ၂.၅၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အမျိုးသားစာရင်းအင်းရုံးက ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

         CPI တွက်ချက်မှုစာရင်းရှိ အမျိုးအစား ၁၁ မျိုးအနက် ၉မျိုးတွင် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေသည်။ အိမ်ရာ၊ လျှပ်စစ်၊ ရေ၊ လောင်စာဆီနှင့် ဆောက်လုပ်ရေးပစ္စည်းများအတွက် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းအပြင် အဖျော်ယမကာများ၊ ဆေးရွက်ကြီး၊ အိမ်သုံးပစ္စည်း များ၊ အထည်အလိပ်နှင့် သားရေထုတ်ကုန်များ၏ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အဓိကအားဖြင့် မြင့်တက်လာခဲ့သည်။

         အစားအသောက်ဝန်ဆောင်မှုများသည်လည်း CPI တိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေခဲ့သည်။ ဇန်နဝါရီလတွင် ဗီယက်နမ်၏ ပျမ်းမျှ အဓိကငွေကြေးဖောင်းပွမှုသည် ယခင်နှစ် ထက် ၃.၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံးက ပြောကြားခဲ့သည် 

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တရုတ်နှစ်သစ်ကူးအတွက်ထိုင်းနှင့် ဘရာဇီးနိုင်ငံတို့မှဝက်သားတင်သွင်းရန် မလေးရှားတိရိစ္ဆာန် ဆေးကုသရေးဌာန (DVS) အတည်ပြု

           ယခုနှစ်တရုတ်နှစ်သစ်ကူးပွဲတော်ကာလအတွင်း ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန်အတွက် ထိုင်းနှင့် ဘရာဇီးနိုင်ငံတို့မှ ဝက်သားတင်သွင်းမှုကို မလေးရှားတိရိစ္ဆာန်ဆေးကုသရေးဌာန (DVS) မှအတည်ပြုလိုက်ကြောင်းသိရသည်။ တရုတ်နှစ်သစ်ကူးပွဲတော်ကာလအတွင်း ပြည်တွင်းလိုအပ်ချက်ကို အထောက်အကူပြုနိုင်ရန်လုံလောက်သော ဝက်သားထောက်ပံ့မှုရရှိစေရေးအတွက် မလေးရှားနိုင်ငံအစိုးရအနေဖြင့် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

          ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တင်သွင်းလာသော ဝက်သားအားလုံးသည် ဘေးကင်းစိတ်ချရသော စားနပ်ရိက္ခာထောက်ပံ့မှုကွင်းဆက်ဖြစ်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုအရ အန္တရာယ်ကို လျော့ချနိုင်ရန်အတွက် တင်းကျပ်သော စားနပ်ရိက္ခာ ဘေးကင်းလုံခြုံမှုထိန်းချုပ်မှုများနှင့် တိရိစ္ဆာန်ကျန်မာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (SOPs) နှင့်အညီစစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          မလေးရှားဝက်သားထုတ်ကုန် တင်သွင်း/တင်ပို့သူများအသင်း (Malaysia Association of Pork Products Importers and Exporters) ဥက္ကဌ Datuk Lai Poh Chan က ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် တစ်နှစ်မှ နှစ်နှစ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) ဖြစ်ပွားမှုများရှိခဲ့ကြောင်း၊ ထိုဝက်များတွင် Streptococcus Suis ဘတ်တီးရီးယားများလည်း တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။

          မလေးရှားနိုင်ငံသည် ယခင်က ASF ရောဂါဖြစ်ပွားသည့် နိုင်ငံများမှလာသော ဝက်နှင့် ဝက် သားထွက်ပစ္စည်းများ (အသားခြောက်နှင့် စည်သွပ်ဘူးများအပါအဝင်) ကို စီးပွားဖြစ်တင်သွင်း သည်ဖြစ်စေ၊ ခရီးသွားများသယ်ဆောင်လာသည်ဖြစ်စေ တင်းကျပ်စွာ ထိန်းချုပ်ကန့်သတ်ခဲ့ဖူး ကြောင်း၊ မလေးရှားနိုင်ငံ၏ ပြည်တွင်းဝက်မွေးမြူရေးလုပ်ငန်းသည် ASF ရောဂါဒဏ်မှ ပြန်လည် နာလန်ထူစသာရှိသေးပြီး ပြည်ပသွင်းကုန်များ ပိုမိုများပြားလာပါက ဖိအားများ ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း မစ္စတာ Lai ကဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

TikTok သည် ထိုင်းနိုင်ငံတွင် ဘတ် ၂၇၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

         TikTok သည် ထိုင်းနိုင်ငံတွင် ဘတ် ၂၇၀ ဘီလီယံတန်ဖိုးရှိ ရေရှည်ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အား အတည်ပြုခဲ့ကြောင်း ယာယီဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas က ပြောကြားခဲ့ပါသည်။

         ဇန်နဝါရီ ၁၉ ရက်မှ ၂၂ ရက်အထိ ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် ထိပ်သီးအစည်းအဝေးသို့ ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သော မစ္စတာ Mr Ekniti က ၎င်းနှင့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BoI) ၏ အထွေထွေအတွင်းရေးမှူးချုပ်တို့သည် TikTok ၏ ထိုင်းနိုင်ငံဆိုင်ရာ အများပြည်သူမူဝါဒဌာန အကြီးအကဲ Chanida Klaiphan နှင့် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် ၎င်း၏ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ထိုင်းစွန့်ဦးတီထွင်သူများကို ပံ့ပိုးရာတွင် ပလက်ဖောင်း၏ အခန်းကဏ္ဍ တိုးချဲ့မှုတို့ကို နောက်ဆက်တွဲလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

         ကုမ္ပဏီသည် စုစုပေါင်း ဘတ် ၂၇၀ ဘီလီယံကျော်တန်ဖိုးရှိ ၎င်း၏ ရေရှည်ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ပြန်လည်အတည်ပြုခဲ့ပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ၏ စွမ်းရည်များကို မြှင့်တင်ရန်၊ ဈေးကွက်များသို့ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စေရန်နှင့် ဝင်ငွေပိုမိုရှာဖွေနိုင်စေရန် ပလက်ဖောင်းကို အသုံးချနိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့သည်။

          TikTok သည် တရုတ်နိုင်ငံ ByteDance မှ တီထွင်ထားသော ကမ္ဘာလုံးဆိုင်ရာ ဗီဒီယိုတို များနှင့် လူမှုကုန်သွယ်ရေးပလက်ဖောင်းတစ်ခုဖြစ်သည်။ အရှေ့တောင်အာရှတွင် အသုံး ပြုသူ ၃၆၈ သန်းနှင့် စီးပွားရေးလုပ်ငန်းသုံး အသုံးပြုသူ ၁၅ သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုသူ ၂ ဘီလီယံကျော်ရှိသည်။ Tik tok သည် ၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းဖြစ်သည့် Tik Tok Technologies ကုမ္ပဏီကို ဒေသဆိုင်ရာ လည်ပတ်ရေးရုံးအဖြစ် တည်ထောင်ခဲ့ပြီး နိုင်ငံတကာ စီးပွားရေး ဗဟိုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု‌ ထောက်ပံ့မှုသည် Bol မှ ရရှိခဲ့ခြင်းဖြစ်သည်။

        ၂၀၂၅ ခုနှစ်တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၂၇ ဘီလီယံရှိခဲ့သည်။ အဓိက အားဖြင့် စင်ကာပူရှိ TikTok Pte Ltd သို့ server-based data storage ဝန်ဆောင်မှုပေးရန် data-hosting လုပ်ငန်းအတွက် BoI ၏ ခွင့်ပြုချက်ကို ရရှိခဲ့သည်။

          အစည်းအဝေးအတွင်း Mr Ekniti နှင့် BoI အကြီးအကဲတို့သည် စားသုံးသူကာကွယ်ရေး မြှင့်တင်ရန်၊ ငွေကြေးဆိုင်ရာ အသိပညာပေးမှုကို အားကောင်းစေရန်နှင့် အွန်လိုင်းလိမ်လည်မှု များကို တိုက်ဖျက်ရန် မူဝါဒပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ TikTok နှင့် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ TikTok သည် သက်ဆိုင်ရာ အကျိုးတူပါဝင်သူများနှင့် လက်တွဲလုပ်ဆောင်နေပြီဖြစ်ပြီး အထူးသဖြင့် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားသည့် IMF-ကမ္ဘာ့ဘဏ် နှစ်ပတ်လည်အစည်းအဝေးများ မတိုင်မီ နောက်ထပ်မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် အသင့်ရှိနေကြောင်း TikTok က ပြောကြားခဲ့သည်။

           TikTok သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်အတည်ပြုခြင်းသည် ဒစ်ဂျစ် တယ်စီးပွားရေး၏ အလားအလာအပေါ် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ကို ထင်ဟပ်စေကြောင်း Mr Ekniti က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Bangkok Post                                                                      

DOCA (ရန်ကုန်)

ဒီဇင်ဘာလအတွင်း အိန္ဒိယ၏ ရုရှားရေနံစိမ်း တင်သွင်းမှုသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့

          အိန္ဒိယသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရုရှားမှ ရေနံစိမ်း ဒေါ်လာ ၂.၇ ဘီလီယံ တင်သွင်းခဲ့ပြီး ပြီးခဲ့သည့်နှစ် ဖေ‌ဖော်ဝါရီလနောက်ပိုင်း အနိမ့်ဆုံးလစဉ်တင်သွင်းမှုဖြစ်ပြီး အိန္ဒိယသို့ ရေနံတင်ပို့မှု၏ အဓိက ပံ့ပိုးကူညီသူနှစ်ဦးဖြစ်သည့် ရုရှားရေနံကုမ္ပဏီကြီး Rosneft နှင့် Lukoil တို့ အပေါ် အမေရိကန်က ပိတ်ဆို့မှုများ ချမှတ်ခြင်း၏ သက်ရောက်မှုကို ထင်ဟပ်စေသည်။

         အမေရိကန်က ကုမ္ပဏီနှစ်ခုအပေါ် ၂၀၂၅ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပိတ်ဆို့မှုများ ကြေညာခဲ့ပြီး ၎င်းတို့နှင့် ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းရန် နိုဝင်ဘာလ ၂၁ ရက်ကိုနောက်ဆုံး ရက်အဖြစ် သတ်မှတ်ခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှမျှဝေထားသော အချက်အလက်များအရ ဒီဇင်ဘာလ ရုရှားရေနံထောက်ပံ့မှုသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် တစ်လတာ တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၂၇ ရာခိုင်နှုန်း နီးပါး လျော့နည်းသွားပြီး ၂၀၂၄ ခုနှစ်အလားတူလတွင် တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံထက် ၁၅ ရာခိုင်နှုန်းကျော် လျော့နည်းသွားသည်။ သို့သော်လည်း ရုရှားနိုင်ငံသည် ၂၀၂၅-၂၆ ခုနှစ်တွင် အိန္ဒိယသို့ ရေနံစိမ်းအများဆုံး ထောက်ပံ့ပေးသူအဖြစ် ဆက်လက်ရပ်တည်နေပြီး ဒီဇင်ဘာလတွင် တင်သွင်းခဲ့‌သော ဒေါ်လာ ၁၁.၄ ဘီလီယံ တန်ဖိုးရှိ ရေနံတင်သွင်းမှု ပမာ ဏ၏ ၂၄ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့သည်။ အခြားထိပ်တန်းထောက်ပံ့လျှက် ရှိသော နိုင်ငံများမှာ အီရတ် (ဒေါ်လာ ၂.၄ ဘီလီယံ)၊ ဆော်ဒီအာရေဗျ (ဒေါ်လာ ၁.၈ ဘီလီယံ)၊ ယူအေအီ (ဒေါ်လာ ၁.၇ ဘီလီယံ)နှင့် အမေရိကန် (ဒေါ်လာ ၀.၆ ဘီလီယံ) တို့ပါဝင်ကြောင်း သိရှိရပါသည်။

Source: Timesofindia                                                                         

DOCA (ရန်ကုန်)

ဇန်နဝါရီလအတွင်း ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှု ၆၆ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာ

            ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ဇန်နဝါရီလအတွင်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ ရှိလာခဲ့သည်။ စိုက်ပျိုးရေးနှင့် ပတ်ဝန်း ကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံး စျေးကွက်ဖြစ်ခဲ့ပြီး၊ ကဏ္ဍတစ်ခုလုံး၏ စုစုပေါင်းတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံ (ယခင်ထက် ၂၉.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည့် ပမာဏ) ၏ ၂၃ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ဝယ် ယူခဲ့ခြင်း ဖြစ်သည်။ ဒူးရင်းသီး၊ ငှက်ပျောသီး၊ နဂါးမောက်သီးနှင့် ပိန္နဲသီးတို့သည် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ခဲ့သည့် အဓိကထွက်ကုန်များ ဖြစ်ကြပြီး၊ ၎င်းတို့၏ စုစုပေါင်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၈၀ သန်း ရှိခဲ့သည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်မှ တင်ပို့သော ပီလောပီနံ၏ (၉၂.၆ ရာခိုင်နှုန်း)၊ ရော်ဘာ၏ (၇၅ ရာခိုင်နှုန်း) နှင့် သီဟိုဠ်စေ့၏ (၅၀ ရာခိုင်နှုန်း) တို့ကို အများဆုံး ဝယ်ယူခဲ့သည်။ ရေထွက်ကုန် တင်ပို့မှုတွင်မူ တရုတ်နိုင်ငံ သည် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့၏ နောက်တွင် တတိယမြောက် အများဆုံးဝယ်ယူသည့် နိုင်င ဖြစ်လာခဲ့သည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ထွက်ကုန်အားလုံးထဲတွင် တိုးတက်မှုအမြင့်ဆုံးဖြစ်ခဲ့ပြီး၊ အမေရိကန်နှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့မှုအား ကောင်းခဲ့ခြင်းကြောင့် ပမာဏမှာ နှစ်ဆတိုးကာ ဒေါ်လာ ၇၅၀ သန်းအထိ ရှိလာခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ ဒုတိယအဆင့် တွင် သီဟိုဠ်စေ့ တင်ပို့မှုမှာ ၇၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၄၃၄ သန်း ရှိခဲ့ကာ၊ ၎င်း နောက်တွင် ၅၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည့် ငရုတ်ကောင်း တင်ပို့မှုက ဒေါ်လာ ၁၃၃ သန်းဖြင့် အသီးသီး ရှိကျောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပါကစ္စတန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေများ ၂၈ ရာခိုင်နှုန်းထိ မြင့်တက်

        ပါကစ္စတန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေသည် ၂၀၂၆ဘဏ္ဍာနှစ် ဇူလိုင်လမှ ဇန်နဝါရီလ အတွင်းတွင် အမေရိကန်ဒေါ်လာ ၂၂.၀၄ ဘီလီယံအထိရှိလာပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၈.၂၂ ရာခိုင်နှုန်းခန့် သိသိသာသာ မြင့်တက်လာကြောင်း ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပါကစ္စတန် စာရင်းအင်းဗျူရို (PBS) မှထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။

         ပြီးခဲ့သည့် ၂၀၂၅ဘဏ္ဍာနှစ် ဇူလိုင်လမှ ဇန်နဝါရီလ ကာလအတွင်းတွင် ပို့ကုန်နှင့် သွင်း ကုန်ကြား ကွာဟချက်ဖြစ်သော ကုန်သွယ်ရေးလိုငွေမှာ အမေရိကန်ဒေါ်လာ  ၁၇.၁၉ ဘီလီယံ ရှိခဲ့ပါသည်။ ယခုနှစ်တွင် ကုန်သွယ်ရေးလိုငွေ ပိုမိုကျယ်ပြန့်လာရခြင်းမှာ သွင်းကုန်ပမာဏ မြင့်တက်လာခြင်းနှင့် ပို့ကုန်ပမာဏ လျော့နည်းသွားခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရပါ သည်။

          ယခုဘဏ္ဍာနှစ် ဇူလိုင်လမှ ဇန်နဝါရီလအတွင်း ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၁၈.၂၀ ဘီလီယံ ရှိခဲ့ပြီး ၎င်းသည် ယခင်နှစ် အလားတူကာလတွင် ရှိခဲ့သည့် ၁၉. ၅၈ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၇.၁ ရာခိုင်နှုန်းကျဆင်းသွားကြောင်း သိရပါသည်။ သွင်းကုန်တင်သွင်းမှုမှာမူ ၉.၄၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်နှစ်က ၃၆.၇၇ ဘီလီယံ ရှိခဲ့ရာမှ ယခုနှစ်တွင် ၄၀.၂၃ ဘီလီယံအထိရှိလာခဲ့ကြောင်း သိရပါသည်။

          ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပါကစ္စတန်၏ ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၃.၀၆ ဘီလီယံ ရှိခဲ့သဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကထက် ၃.၇၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါသည်။ အဆိုပါကာလအတွင်း သွင်းကုန်တင်သွင်းမှုမှာ ဒေါ်လာ ၅.၇၉ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၁.၄၁ ရာခိုင်နှုန်း အနည်းငယ် လျော့ကျသွားခဲ့ကြောင်း သိရပါသည်။

          သို့ဖြစ်၍ ပါကစ္စတနိုင်ငံ၏ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကုန်သွယ်ရေးလိုငွေမှာ ဒေါ်လာ ၂.၇၂ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလကထက် ၆.၆၁ ရာခိုင်နှုန်း လျော့နည်း သွားကြောင်း သိရပါသည်။ ထို့အပြင် တစ်လချင်းအလိုက် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တွင် ကုန်သွယ်ရေးလိုငွေ ၃.၈၁ ဘီလီယံ ရှိခဲ့ရာမှ ဇန်နဝါရီလတွင် ၂၈.၅၃ ရာခိုင်နှုန်း အထိ သိသိ သာသာ ပြန်လည်ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရပါသည်။

Source: Brecorder                                                                     

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ