Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

စုစုပေါင်းအမေရိကန်ဒေါ်လာခုနှစ်ဘီလီယံတန်ဖိုးရှိသောရင်းနှီးမြှုပ်နှံမှုများရရှိထားသည့် ဗီယက်နမ်၏ Quang Ninh ပြည်နယ်

            ဗီယက်နမ်နိုင်ငံ Quang Ninh ပြည်နယ်သည် ဩဂုတ်လကုန်အထိ နိုင်ငံပိုင်မဟုတ်သော အရင်းအမြစ်များမှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဗီယက်နမ်ဒေါင် ၁၈၂ ဒသမ ၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံ) ရရှိထားကြောင်း သိရပါသည်။ ယင်းအချက်သည် စက်တင်ဘာလ ၁ ရက်တွင် ပြည်ထောင်စုဗဟိုအစိုးရအုပ်ချုပ်သည့်မြို့အဖြစ် ပြောင်းလဲမည့် Quang Ninh ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွဲဆောင်မှုအားကောင်းနေမှုကို ထင်ဟပ်စေကြောင်း သိရပါသည်။ Quang Ninh ပြည်နယ် ဘဏ္ဍာရေးဌာန ညွှန်ကြားရေးမှူး Pham Hong Bien ၏ ပြောကြားချက်အရ ဩဂုတ်လတစ်လတည်းတွင် နိုင်ငံပိုင်မဟုတ်သော အရင်းအမြစ်များမှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှာ ဗီယက်နမ်ဒေါင် ၃၉.၀၈၂ ထရီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ ထိုကာလအတွင်း စီမံကိန်းအသစ် ၁၂ ခုအတွက် ရင်းနှီးမြှုပ်နှံမှုလက်မှတ်များ ထုတ်ပေးခဲ့ပြီး လက်ရှိစီမံကိန်းတစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှုမတည်ငွေ တိုးမြှင့်ခွင့်ပြုခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမရှစ်လအတွင်း Quang Ninh ပြည်နယ်သည် စီမံကိန်းအသစ် ၆၇ ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး လက်ရှိစီမံကိန်းကိုးခုအတွက် ရင်းနှီးမြှုပ်နှံမှုမတည်ငွေတိုးမြှင့်ရန်လည်း ခွင့်ပြုခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပြည်နယ်၏ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင်လည်း ကောင်းမွန်သောရလဒ်များရရှိခဲ့ပြီး ယခုနှစ်အတွက်သတ်မှတ်ထားသည့် အဓိကရည်မှန်းချက် ၁၉ ခုအနက် ၁၅ ခုကို ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။ ပထမရှစ်လအတွင်း နိုင်ငံတော်ဘတ်ဂျက်ဝင်ငွေမှာ ဗီယက်နမ်ဒေါင် ၇၃ ထရီလီယံ ရရှိခဲ့ပြီး ကိုးလတာအတွက် သတ်မှတ်ထားသည့်ရည်မှန်းချက်ထက် ဗီယက်နမ်ဒေါင် ၁.၂၅ ထရီလီယံ ကျော်လွန်ခဲ့ကြောင်း သိရပါသည်။ မြေယာအသုံးပြုခမှရရှိသည့်ဝင်ငွေတစ်ခုတည်းဖြင့်ပင် တစ်နှစ်တာရည်မှန်းချက်ကို ပြည့်မီပြီးဖြစ်ကြောင်း သိရပါသည်။ စက်မှုထုတ်လုပ်မှုကဏ္ဍမှာလည်း သိသိသာသာတိုးတက်ခဲ့ပြီး စက်မှုထုတ်လုပ်မှုညွှန်းကိန်း (IIP) သည် ယမန်နှစ် အလားတူကာလထက် ၁၆.၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထုတ်လုပ်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍသည် အဓိကမောင်းနှင် အားဖြစ်ပြီး ၃၁.၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်းကဏ္ဍတွင်လည်း တိုးတက်မှုမြင့်မားမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ခရီးသွား ဧည့်သည် ၁၇ သန်းကျော်ကိုဆွဲဆောင်နိုင်ခဲ့ကာ ဝင်ငွေ ဗီယက်နမ်ဒေါင် ၅၁ ထရီလီယံ ရရှိခဲ့ ကြောင်း သိရပါသည်။ Quang Ninh ပြည်နယ် ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ Bui Van Khang က စက်တင်ဘာလသည် တတိယသုံးလပတ်၏ နောက်ဆုံးလဖြစ်သည့်အပြင် ပြည်ထောင်စုဗဟို အစိုးရအုပ်ချုပ်သည့်မြို့ပုံစံစနစ်သစ်ဖြင့် စတင်လည်ပတ်မည့်ကာလဖြစ်သောကြောင့် အထူး အရေးကြီးသည့်လဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသ ဆိုင်ရာအာဏာပိုင်များအနေဖြင့် အုပ်ချုပ်ရေးစနစ်သစ်ကို ချောမွေ့စွာနှင့် အဆက်မပြတ် လည်ပတ်နိုင်စေရန်၊ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဝန်ဆောင်မှုပေးမှုများ မပြတ် တောက်စေရေးဆောင်ရွက်ကြရန် ၎င်းကညွှန်ကြားခဲ့ပါသည်။ ထို့ပြင် အဓိကစီမံကိန်းများအတွက် မြေနေရာရှင်းလင်းရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ပြီး စက်တင်ဘာ ၃၀ ရက်အမီ ပြီးစီးအောင်ဆောင်ရွက်ရန် ဒေသဆိုင်ရာအာဏာပိုင်များအား ညွှန်ကြားခဲ့ပါသည်။ ယင်းလုပ်ငန်း များတွင် ဟနွိုင်း- Quang Ninh အမြန်ရထားလမ်း၊ စက်မှုဇုန်များနှင့် စက်မှုအစုအဖွဲ့များအပြင် ဆက်သွယ်ရေးလမ်းပန်းဆက်သွယ်မှု အခြေခံအဆောက်အအုံများကို ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း သိရပါသည်။ Quang Ninh ပြည်နယ်အနေဖြင့် ၂၀၂၆ ခုနှစ်အတွက် စီးပွားရေးနှင့် လူမှုရေးရည်မှန်းချက်များကို ဖြစ်နိုင်သမျှ အမြင့်ဆုံးအဆင့်အထိ အောင်မြင်အောင် ဆောင်ရွက်ပြီး အုပ်ချုပ်ရေးစနစ်သစ်အောက်တွင် လျင်မြန်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုအတွက် အရှိန်အဟုန်သစ်များ ဖော်ဆောင်သွားရန် ရည်မှန်းထားကြောင်း သိရပါသည်။

  DOCA (ရန်ကုန်)

                                                                                        

နယ်ပယ်အသစ်များတွင် ဗီယက်နမ်နှင့်ပူးပေါင်းဆောင်ရွက်မည့်ရုရှား

          ရုရှားဒုတိယဝန်ကြီးချုပ် Dimitri Chernyshenko က ရုရှားနှင့် ဗီယက်နမ်နိုင်ငံတို့ အနေဖြင့် နှစ်နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်အဟုန်သစ်များဖန်တီးနိုင်ရေးအတွက် အလားအလာကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များကို တိုးချဲ့ဆောင်ရွက်သင့်ကြောင်း အဆိုပြုပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Dang Minh Khoi နှင့် ဩဂုတ် ၂၆ ရက်တွင် တွေ့ဆုံစဉ် ချာနီရှန်ကိုက ဗီယက်နမ်သည် အရှေ့တောင် အာရှဒေသတွင် ရုရှား၏အရေးပါသော မိတ်ဖက်နိုင်ငံများအနက်တစ်နိုင်ငံဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါသည်။ ဗီယက်နမ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုအခြေခံ၍ နှစ်နိုင်ငံအကြား ကာလရှည်ကြာချစ်ကြည်ရင်းနှီးမှု၊ နီးကပ်သောဆက်ဆံရေးနှင့် နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှုမြင့်မားမှုတို့မှာ ဆက်လက်တိုးတက်လျက်ရှိကြောင်း ၎င်းကပြောကြား ခဲ့ပါသည်။ နှစ်နိုင်ငံဆက်ဆံရေးတွင် အနှစ်သာရရှိသည့်တိုးတက်မှုများရရှိနေခြင်းကိုလည်း ဒုတိယဝန်ကြီးချုပ်ကကြိုဆိုခဲ့ပြီး ၂၀၂၆ ခုနှစ်သည် ဗီယက်နမ်နှင့် ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် စတင်အသက်ဝင်ခဲ့သည့် ၁၀ နှစ်မြောက်နှစ်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့ပါသည်။ ယင်းသဘောတူညီချက်သည် ထိရောက်မှုရှိကြောင်းသက်သေပြနိုင်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုတိုးတက်ရေးအတွက် အရေးပါ သည့် အထောက်အကူပြုမှုများပေးစွမ်းခဲ့ကြောင်း ၎င်းကဆိုပါသည်။ တွေ့ဆုံဆွေးနွေးမှုတွင် ခရီးသွားကဏ္ဍပြန်လည်နာလန်ထူလာမှုနှင့် အရှိန်အဟုန်ဖြင့်တိုးတက်လာမှုကို အဓိကအချက် အဖြစ် ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ရုရှားနိုင်ငံမှ ဗီယက်နမ်သို့လာရောက်သည့် ခရီးသွားဦးရေမှာ နှစ်ဆနီးပါးတိုးမြင့်လာခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ရုရှားခရီးသွား ၆၉၀,၀၀၀ ကို လက်ခံခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း၌ပင် ရုရှားခရီးသွား ၈၆၃,၀၀၀ အထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ယင်းကိန်းဂဏန်းများသည် ရုရှားခရီးသွားများအတွက် ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလာရေးနေရာအဖြစ် ဆွဲဆောင်မှုပိုမို မြင့်တက်လာနေခြင်းကို ထင်ရှားစွာဖော်ပြနေကြောင်း နှစ်ဖက်ကပြောကြားခဲ့ပါသည်။ တစ်ချိန် တည်းမှာပင် ရုရှားနိုင်ငံသို့သွားရောက်လည်ပတ်သည့် ဗီယက်နမ်ခရီးသွားဦးရေမှာလည်း သိသိ သာသာ တိုးတက်လာခဲ့ကြောင်း သိရပါသည်။ ခရီးသွားကဏ္ဍ အရှိန်အဟုန်ဖြင့် ပြန်လည်နာလန် ထူလာမှုကို လေကြောင်းဆက်သွယ်မှု တိုးတက်ကောင်းမွန်စေရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများက အထောက်အကူပြုခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် နှစ်နိုင်ငံမြို့များကို ဆက်သွယ်ပြေးဆွဲနေသည့် ခရီးစဉ်လမ်းကြောင်း ၁၅ ခု၌ လေယာဉ်ခရီးစဉ် ၃၁ ခု ပြေးဆွဲ လျက်ရှိရာ လေကြောင်းကွန်ရက်ကို ဆက်လက်တိုးချဲ့နိုင်ရေးအတွက် အခြေခံကောင်းတစ်ရပ် ဖြစ်လာစေကြောင်း သိရပါသည်။ ဗီယက်နမ်သံအမတ်ကြီး Dang Minh Khoi က ဗီယက်နမ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသည် ကဏ္ဍပေါင်းစုံတွင် အပြုသဘော ဆောင်စွာ ဆက်လက်ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် ရုရှားနှင့် ဆက်ဆံရေးကို အလွန်အရေးထားပြီး နိုင်ငံရေး၊ စွမ်းအင်နှင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဲ့သို့ ရိုးရာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များသာမက သိပ္ပံ၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားကဏ္ဍများတွင်ပါ လက်တွေ့ကျပြီး ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်လိုကြောင်း ၎င်းကအတည်ပြုပြောကြားခဲ့ပါသည်။  ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းခိုင်မာစေမည့် အပြင် နှစ်နိုင်ငံပြည်သူများအတွက်လည်း လက်တွေ့ကျသည့် အကျိုးကျေးဇူးများ ဆောင်ကြဉ်း ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်တွင်သကြားတန်ချိန်သုံးသန်းထုတ်လုပ်ရန်ရည်မှန်းထားသည့်အင်ဒိုနီးရှား

            အင်ဒိုနီးရှားနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ၂၀၂၆ ခုနှစ်တွင် တန်ချိန် သုံးသန်းအထိ ရောက်ရှိလာမည်ဟုမျှော်မှန်းထားပြီး ပြည်တွင်းသကြားဖြူလိုအပ်ချက်ကို သွင်းကုန်များအပေါ် မှီခိုခြင်းမရှိဘဲ အပြည့်အဝဖြည့်ဆည်းပေးနိုင်မည်ဟု အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏သကြားထုတ်လုပ်မှုအတွက် ၎င်းတို့၏ရည်မှန်း ချက်မှာ သကြားဖြူတင်သွင်းမှုကိုအဆုံးသတ်ရေးဖြစ်ကြောင်း Sulaiman က ဩဂုတ် ၂၈ ရက် တွင် Lampung ပြည်နယ် Bandarlampung မြို့၌ ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် နိုင်ငံ၏ ကြံနှင့် သကြားထုတ်လုပ်မှုမြှင့်တင်ရန်အတွက် အသုံးချမှုနည်းပါးနေသည့် လယ်သမားပိုင် ကြံစိုက်ခင်းများကို အကောင်းဆုံးအသုံးချနိုင်ရေးအပါအဝင် ဆောင်ရွက်ချက်များစွာကို အကောင် အထည်ဖော်လျက်ရှိကြောင်း သိရပါသည်။ လက်ရှိတွင် လယ်သမားပိုင်ကြံစိုက်ခင်းမြေဧရိယာ၏ ၈၆ ရာခိုင်နှုန်းခန့်မှာ အခြေအနေမကောင်းသဖြင့် ထုတ်လုပ်မှုစွမ်းအားမြှင့်တင်နိုင်ရန် ပြန်လည် ပြုပြင်ထိန်းသိမ်းရန်လိုအပ်နေကြောင်း သိရပါသည်။ ၎င်းတို့၏မဟာဗျူဟာမှာ စုစုပေါင်းဧရိယာ ၏ ၈၆ ရာခိုင်နှုန်းရှိသည့် လယ်သမားပိုင်ကြံစိုက်ခင်းများကို ပြန်လည်ပြုပြင်ရန်ဖြစ်ကြောင်း  ၎င်းကရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် သမ္မတ Prabowo Subianto ကလည်း အသုံးမချဘဲ ပစ်ထားသည့် လယ်သမားပိုင်ကြံစိုက်ခင်းမြေများကို ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေး ဝန်ကြီးဌာနအားညွှန်ကြားထားကြောင်း သိရပါသည်။ ယင်းအစီအစဉ်ကိုအထောက်အကူပြုရန် အစိုးရက နိုင်ငံတစ်ဝန်းရှိကြံစိုက်ခင်းမြေများကို ရှင်းလင်းခြင်းနှင့် ပြန်လည်စိုက်ပျိုးခြင်းလုပ်ငန်း များအတွက် ရူပီး ၁.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၅.၉ သန်းခန့်) ခွဲဝေချထားပေးထား ကြောင်း သိရပါသည်။ ထို့ပြင် သတ်မှတ်ထားသည့်ရည်မှန်းချက်အောင်မြင်စေရန် နိုင်ငံအတွင်းရှိ သကြားထုတ်လုပ်ရေးကုမ္ပဏီများအားလုံးကိုလည်း ထုတ်လုပ်မှုမြှင့်တင်ရန် အစိုးရက တိုက်တွန်း လျက်ရှိကြောင်း သိရပါသည်။ တစ်ဖက်တွင် စိုက်ပျိုးရေးဝန်ကြီးဌာန၏ စိုက်ခင်းလုပ်ငန်း ယာယီ ညွှန်ကြားရေးမှူးချုပ် Heru Tri Widarto က Lampung ပြည်နယ်ရှိ ကြံစိုက်ပျိုးဧရိယာကို ၂၀၂၇ ခုနှစ်တွင် ဟက်တာ ၉၇,၉၇၀ အထိ ရောက်ရှိစေရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ ယင်းရည်မှန်းချက်အတိုင်းအကောင်အထည်ဖော်နိုင်ပါက Lampung ပြည်နယ်၏ သကြား ထုတ်လုပ်မှုမှာ တန်ချိန် ၄၈၀,၀၅၃ အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ခန့်မှန်းထုတ်လုပ်မှုရည်မှန်းချက်မှာ သကြားတန်ချိန် ၄၈၀,၀၅၃ ဖြစ်ပြီး ယခုနှစ်အတွက် တန်ချိန် ၂၅၀,၀၀၀ အထိ ရောက်ရှိရန်မျှော်မှန်းထားကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် ကြံစိုက်ခင်းမြေများ၏ ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ခြင်းနှင့် စိုက်ပျိုးဧရိယာ တိုးချဲ့ခြင်းတို့မှ တစ်ဆင့် နိုင်ငံ၏သကြားထုတ်လုပ်မှုကိုမြှင့်တင်ကာ သကြားဖြူတင်သွင်းမှုအပေါ် မှီခိုနေရမှုကို လျှော့ချသွားရန် မျှော်မှန်းထားကြောင်း သိရပါသည်။

  DOCA (ရန်ကုန်)

AI နှင့် ဒေတာစင်တာများသည်နိုင်ငံ၏ဒစ်ဂျစ်တယ်စီးပွားရေးတွင်အဓိကမဏ္ဍိုင် ဖြစ်ကြောင်းပြောကြားခဲ့သည့်အင်ဒိုနီးရှားဝန်ကြီး

        ဉာဏ်ရည်တုနည်းပညာ(AI)နှင့် ဒေတာစင်တာများသည် အင်ဒိုနီးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမဏ္ဍိုင်များအနက်ပါဝင်ကြောင်း စီးပွားရေးရေးရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့ပါသည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် AI နည်းပညာသည် ကမ္ဘာ့စီးပွားရေးသို့ အမေရိကန်ဒေါ်လာ ၁၅.၇ ထရီလီယံအထိ တန်ဖိုးထပ်မံ ဖြည့်ဆည်းပေးနိုင်ဖွယ်ရှိသဖြင့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် AI နည်းပညာ ပေါင်းစပ်အသုံးချမှုကိုပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းကအလေးပေးပြောကြားခဲ့ပါသည်။ Hartarto က PricewaterhouseCoopers ၏အချက်အလက်များအရ AI နည်းပညာနှင့် ထိတွေ့ဆက်စပ်မှု အများဆုံးရှိသည့်စက်မှုကဏ္ဍများတွင် ဝင်ငွေ ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အင်ဒိုနီးရှား နိုင်ငံသည် အာဆီယံဒေသအတွင်း AI နည်းပညာကို စီးပွားရေးလုပ်ငန်းများတွင် အသုံးချမှုအရှိန် အဟုန်အကောင်းဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် AI အခြေပြု Application များမှ ရရှိသည့်ဝင်ငွေသည် ယခင်နှစ်တူညီသည့်ကာလထက် ၁၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဩဂုတ်လ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။  အင်တာနက်အသုံးပြုသူ ၂၃၅ သန်းရှိပြီး အင်တာနက်အသုံးပြုမှု ထိုးဖောက်နှုန်း ၈၁ ရာခိုင်နှုန်းရှိသည့် အင်ဒိုနီးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး(GMV)မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါး သို့ရောက်ရှိလာနေပြီး ယင်းမှာ အာဆီယံဒေသတွင် အကြီးမားဆုံးဖြစ်ကြောင်း သိရပါသည်။
ဒေတာစင်တာများ၊ AI နည်းပညာနှင့် ဆီမီးကွန်ဒတ်တာကဏ္ဍတို့ကို ပေါင်းစပ်ဖွံ့ဖြိုးတိုးတက် စေခြင်းမှတစ်ဆင့် ကျွမ်းကျင်ပညာရှင် ၆၀၀,၀၀၀ ကျော်အတွက် အလုပ်အကိုင်များဖန်တီး ပေးနိုင်မည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်း ရရှိရေးကို အထောက်အကူပြုရန်ရည်ရွယ်ထားကြောင်း သိရပါသည်။ ဒစ်ဂျစ်တယ်နည်းပညာများကို စမတ် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသုံးဒရုန်းများ၊ ဒစ်ဂျစ်တယ်ကျန်းမာရေးဝန်ဆောင်မှုများ၊ လျှပ်စစ် မော်တော်ယာဉ်ထုတ်လုပ်မှုကို အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်နိုင်သည့် Cloud အခြေပြု AI နည်းပညာများအပါအဝင် စက်မှုကဏ္ဍအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြောင်း ၎င်းကအလေးပေးပြောကြားခဲ့ပါသည်။ ဒစ်ဂျစ်တယ်အမွှာ(Digital Twin)နည်းပညာကိုလည်း Nusantara မြို့တော်သစ်၏ စမတ်စီးတီးမျှော်မှန်းချက်အကောင်အထည်ဖော်ရေးနှင့် လျှပ်စစ် အခြေခံအဆောက်အအုံများ ခေတ်မီတိုးတက်ရေးအတွက် အသုံးပြုလျက်ရှိကြောင်း သိရပါသည်။
AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံသည် အခြေခံအဆောက်အအုံများ ပိုမိုခိုင်မာအားကောင်းစေရေးဆောင်ရွက်သွားမည်ဖြစ်ပြီး စွမ်းအား ၁ ဒသမ ၁၇ ဂစ်ဂါဝပ်အထိ တိုးချဲ့နိုင်မည့် ဒေတာစင်တာများဖွံ့ဖြိုးတိုးတက်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် မှုများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာသင်ဆုအစီအစဉ်များနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးသည့် ကုမ္ပဏီများအတွက် အခွန်လျှော့ပေါ့ခွင့်ကို ၂၀၀ ရာခိုင်နှုန်းအထိ ပေးအပ်သည့် “Super Tax Deduction” အစီအစဉ်များကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ Danantara Indonesia နှင့် ဗြိတိန်အခြေစိုက် ဆီမီးကွန်ဒတ်တာကုမ္ပဏီ Arm Limited တို့အကြား အင်ဒိုနီးရှားအင်ဂျင်နီယာ ၁၅,၀၀၀ ကို လေ့ကျင့်သင်ကြားပေးရေး သဘောတူညီချက်ရရှိထားမှု ကိုလည်း Hartarto က ထည့်သွင်းပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းတွင် အင်ဒိုနီးရှားနှင့် အမေရိကန်တို့သည် ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းသဘောတူညီချက်မှတစ်ဆင့် Riau ကျွန်းစု ပြည်နယ်ရှိ Galang ကျွန်းတွင် ဘက်စုံပေါင်းစပ် ထားသည့် ဆီမီးကွန်ဒတ်တာစက်မှုအစုအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၄.၈၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာနိုင်ရေး လမ်းဖွင့်ပေးခဲ့ကြောင်း သိရပါသည်။ နိုင်ငံ အဆင့်အစီအစဉ်များကိုအားကောင်းစေသည့်အပြင် အင်ဒိုနီးရှားနိုင်ငံသည် AI နှင့် ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ အားကောင်း လာစေရေးကိုလည်း ထောက်ခံအားပေးလျက်ရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် AI ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကိုအားကောင်းစေရန် World Artificial Intelligence Cooperation Organization (WAICO) ၏ စတင်တည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် လာမည့်နိုဝင်ဘာလတွင်လက်မှတ်ရေးထိုးမည့် အာဆီယံဒစ်ဂျစ်တယ် စီးပွားရေးမူဘောင်သဘောတူညီချက်(ASEAN Digital Economy Framework Agreement-DEFA)တွင် ပါဝင်ရန်သဘောတူထားပြီး ယင်းသဘောတူညီချက်ကြောင့် အာဆီယံ၏ ဒစ်ဂျစ်တယ်စီးပွားရေးတန်ဖိုးကို အမေရိကန်ဒေါ်လာ ၂ ထရီလီယံအထိ နှစ်ဆတိုးမြှင့်နိုင်မည်ဟု မျှော်မှန်းထားကြောင်း Hartarto က ပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

၂၀၂၆ ရည်မှန်းချက်ထက် ၅ ရာခိုင်နှုန်းကျဆင်းနေသည့်အင်ဒိုနီးရှား၏ ရေနံစိမ်းထုတ်လုပ်မှု

           အင်ဒိုနီးရှားနိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်မှု ပျမ်းမျှပမာဏသည် ဇူလိုင် ၃၁ ရက်အထိ တစ်ရက်လျှင် စည်ပေါင်း ၅၇၈,၁၅၆ စည်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်တွင် လျာထားသည့် တစ်ရက်လျှင် စည်ပေါင်း ၆၁၀,၀၀၀ ထက် လျော့နည်းနေကြောင်း စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီးဌာန(ESDM)က ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ညွှန်ကြားရေးမှူးချုပ် Laode Sulaeman က ဂျကာတာမြို့တွင် ပါလီမန်၏ ကော်မရှင် ၁၂ နှင့် ပြုလုပ်သည့် ကြားနာပွဲ၌ PT Transportasi Gas Indonesia (TGI) ပိုင် သဘာဝဓာတ်ငွေ့ပို့လွှတ်ရေးပိုက်လိုင်းယိုစိမ့်မှုကြောင့် Rokan ရေနံလုပ်ကွက်၏ ထုတ်လုပ်မှု လုပ်ငန်းများထိခိုက်ခဲ့ပြီး ယင်းမှာ ရေနံထုတ်လုပ်မှုကျဆင်းစေသည့် အကြောင်းရင်းများအနက် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Riau ပြည်နယ်ရှိ Rokan ရေနံလုပ်ကွက်၏ လုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားစနစ်ပြဿနာများကြောင့်လည်း ထိခိုက်မှုများဖြစ်ပေါ်ခဲ့ ကြောင်း Sulaeman က ပြောကြားခဲ့ပါသည်။ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့်ဓာတ်အားပေးစက်ရုံကို အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးအတွက် စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယင်းမှတစ်ဆင့် Rokan ရေနံလုပ်ကွက်၏ ထုတ်လုပ်မှုကို အကောင်းဆုံးမြှင့်တင်နိုင်ရန်ရည်ရွယ်ထားကြောင်း ၎င်းကဆိုပါသည်။ ယခင်က စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီး Bahlil Lahadaliaက ဆူမားတြားဒေသရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် ယခုနှစ်အစပိုင်းတွင် ရေနံထုတ်လုပ်မှု စည်ပေါင်း နှစ်သန်းခန့် ဆုံးရှုံးနိုင်ခြေ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားထားပါသည်။ ထို့ပြင် အရှေ့ဂျာဗားနှင့် အလယ်ပိုင်းဂျာဗားဒေသရှိ Cepu ရေနံလုပ်ကွက်တွင် သဘာဝအလျောက်ထုတ်လုပ်မှုနှုန်း လျင်မြန်စွာကျဆင်းနေခြင်း မှာလည်း အခြားစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ Cepu ရေနံလုပ်ကွက်၏ သဘာဝ အလျောက်ထုတ်လုပ်မှုကျဆင်းမှုကိုဖြေရှင်းနိုင်ရေးအတွက် အစိုးရက ယင်းလုပ်ကွက်၏လုပ်ငန်း လည်ပတ်သူနှင့် ထုတ်လုပ်မှုကျဆင်းနှုန်းကိုနှေးကွေးစေရေးဆောင်ရွက်နိုင်မည့် နည်းလမ်းများအပေါ် ဆက်သွယ်ညှိနှိုင်းထားကြောင်း Sulaeman က ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ရေနံလုပ်ကွက်၏ထုတ်လုပ်မှုကို ထပ်မံကျဆင်းမသွားစေရေးအတွက် တည်ငြိမ်သည့်အဆင့် တွင် ထိန်းသိမ်းထားသည်ဟု  ၎င်းက ပြောကြားခဲ့ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာခြင်းနှင့်အတူအိမ်ခြံမြေလိုအပ်ချက်များ မြင့်တက်လာနေသည့်ဗီယက်နမ်

         ဗီယက်နမ်နိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တိုးတက်လာခြင်းနှင့်အတူ ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နည်းပညာကဏ္ဍများဖွံ့ဖြိုးတိုးတက်လာမှုကြောင့် စက်ရုံ များအပါအဝင် ဒေတာစင်တာကဲ့သို့ အထူးပြုအဆောက်အအုံများအထိ အိမ်ခြံမြေလိုအပ်ချက်များ မြင့်တက်လာနေကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ဗီယက်နမ်နိုင်ငံသို့ မှတ်ပုံတင်ထားသည့် FDI ပမာဏသည် အမေရိကန်ဒေါ်လာ ၃၄.၆၅ ဘီလီယံခန့်ရှိခဲ့ပြီး ယခင်နှစ် တူညီသည့်ကာလထက် ၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမှန်တကယ် ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့သည့် FDI ပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၁၃.၀၃ ဘီလီယံခန့် ရှိခဲ့ပြီး လွန်ခဲ့သည့် ငါးနှစ်အတွင်း တစ်နှစ်၏ပထမခြောက်လကာလအတွက် အမြင့်ဆုံးပမာဏ ဖြစ်ခဲ့ကြောင်း သိရပါသည်။ Savills ၏ ကျွမ်းကျင်သူများက FDI များသည် ထုတ်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ နည်းပညာနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကဏ္ဍများသို့ ဆက်လက်ဝင်ရောက်နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ အိမ်ခြံမြေလိုအပ်ချက်များလည်း ပြောင်းလဲလာနေကြောင်း ပြောကြားခဲ့ပါသည်။ အာရှဒေသအတွင်း ထောက်ပံ့ရေးကွင်းဆက် များကို နိုင်ငံတကာကုမ္ပဏီများက မတူညီသည့်နိုင်ငံများသို့ ခွဲဝေတည်ဆောက်လာခြင်းကြောင့် ထုတ်လုပ်ရေးကဏ္ဍသည် FDI ဝင်ရောက်မှု၏ အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေကြောင်း သိရပါသည်။ ယင်းအခြေအနေက စက်မှုမြေနေရာများ၊ အသင့်တည်ဆောက် ပြီးစက်ရုံများနှင့် လုပ်ငန်းလိုအပ်ချက်နှင့်အညီ အထူးပြုတည်ဆောက်ပေးသည့် ထုတ်လုပ်ရေး စက်ရုံများအတွက် ဝယ်လိုအားကိုထောက်ပံ့ပေးလျက်ရှိကြောင်း သိရပါသည်။ သို့သော် ရင်းနှီး မြှုပ်နှံသူများသည် နေရာနှင့် ကုန်ကျစရိတ်တင်မက လျှပ်စစ်ဓာတ်အားရရှိနိုင်မှု၊ လုပ်သား အင်အား၏အရည်အသွေး၊ သယ်ယူပို့ဆောင်ရေးကွန်ရက်ချိတ်ဆက်မှု၊ ESG စံနှုန်းများ၊ လုပ်ငန်း တိုးချဲ့နိုင်မည့်အလားအလာနှင့် စက်ရုံများကိုစတင်လည်ပတ်နိုင်ရန် လိုအပ်သည့်အချိန်တို့ကို လည်း ပိုမိုအလေးထားလာကြကြောင်း သိရပါသည်။ Savills ၏ အချက်အလက်များအရ ထုတ်လုပ်ရေးရင်းနှီးမြှုပ်နှံမှုအသစ်များ၏သုံးပုံနှစ်ပုံခန့်သည် စက်မှုမြေငှားရမ်းခြင်းထက် အသင့် တည်ဆောက်ပြီးစက်ရုံများကိုရွေးချယ်သည့်စီမံကိန်းများနှင့် ဆက်စပ်နေကြောင်း သိရပါသည်။
          ဗီယက်နမ်နိုင်ငံရှိ Savills ၏ စက်မှုအိမ်ခြံမြေဝန်ဆောင်မှု ဒါရိုက်တာ John Campbell က ဗီယက်နမ်၏စက်မှုအိမ်ခြံမြေဈေးကွက်သည် အဆင့်သစ်တစ်ရပ်သို့ဝင်ရောက်လာနေပြီး ယှဉ်ပြိုင် နိုင်စွမ်းသည် မြေယာပမာဏအပေါ်သာမူတည်တော့ခြင်းမရှိဘဲ အခြေခံအဆောက်အအုံ အသင့် ရှိမှု၊ လုပ်ငန်းလည်ပတ်နိုင်စွမ်းနှင့် တန်ဖိုးမြင့်စက်မှုလုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်စွမ်း တို့အပေါ် ပိုမိုမူတည်လာကြောင်း ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဝယ်လိုအားသည် ပုံမှန် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံများအပြင် အစိတ်အပိုင်းထုတ်လုပ်ခြင်းမှစတင်ကာ ထောက်ပံ့ ပို့ဆောင်ရေးနှင့် နည်းပညာဆိုင်ရာဝန်ဆောင်မှုများအထိ ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကို ပေါင်းစပ်ဆောင်ရွက်နိုင်သည့်စက်မှုဇုန်များအထိ ကျယ်ပြန့်လာကြောင်း သိရပါသည်။ ထုတ်လုပ် ရေးဗဟိုချက်များ၊ ဆိပ်ကမ်းများနှင့် အဓိကစက်မှုလမ်းကြောင်းများအနီးရှိ စက်မှုဇုန်များသည် အထူးအကျိုးအမြတ်ရရှိနေကြကြောင်း သိရပါသည်။ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက် အအုံများ တိုးချဲ့ဖွံ့ဖြိုးလာခြင်းနှင့်အတူ အစဉ်အလာထုတ်လုပ်ရေးဗဟိုချက်များပြင်ပရှိ ဒေသများ သည်လည်း စက်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ စီမံကိန်းများကိုဆွဲဆောင်နိုင်ရန် အခွင့်အလမ်းများပိုမိုရရှိလာကြောင်း သိရပါသည်။ Campbell က ရင်းနှီးမြှုပ်နှံမှုတည်နေရာ ရွေးချယ်ရာတွင် လုပ်ငန်းလိုအပ်ချက်အလိုက် ပြောင်းလဲအသုံးချ နိုင်မှုနှင့် မဟာဗျူဟာမြောက်သွားလာဆက်သွယ်နိုင်မှုတို့သည် အဓိကစံနှုန်းများ ဖြစ်လာနေ ကြောင်း ပြောကြားခဲ့ပါသည်။ အခြေခံအဆောက်အအုံများ ကောင်းမွန်စွာချိတ်ဆက်ထားပြီး ထောက်ပံ့ရေးကွင်းဆက်များကို လွယ်ကူစွာရယူနိုင်ကာ လုပ်ငန်းတိုးချဲ့ရန် နေရာလွတ်ရှိသည့် ဒေသများသည် ရင်းနှီးမြှုပ်နှံမှုအသစ်များကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။
     တစ်ချိန်တည်းတွင် အဆင့်မြင့်နည်းပညာလုပ်ငန်းများဘက်သို့ ရင်းနှီးမြှုပ်နှံမှုများ ရွေ့လျားလာ ခြင်းကလည်း အထူးပြုအိမ်ခြံမြေလိုအပ်ချက် အမျိုးအစားသစ်တစ်ရပ်ကို ဖြစ်ပေါ်စေကြောင်း သိရပါသည်။ အီလက်ထရွန်နစ်ပစ္စည်း၊ ဆီမီးကွန်ဒတ်တာ၊ ဒေတာစင်တာနှင့် နည်းပညာအခြေပြု စက်မှုလုပ်ငန်းများသည် လျှပ်စစ်ဓာတ်အားရရှိမှု၊ ဒေတာချိတ်ဆက်မှု၊ နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံနှင့် အဆက်မပြတ်လည်ပတ်နိုင်မှုတို့အတွက် ပိုမိုမြင့်မားသည့် စံနှုန်းများ လိုအပ်ကြောင်း သိရပါသည်။ ဒေတာစင်တာကဏ္ဍမှာ ယင်းအခြေအနေ၏ ထင်ရှားသည့် ဥပမာတစ်ရပ်ဖြစ်‌ကြောင်း သိရပါသည်။ Savills Vietnam Industrial Outlook 2026 အရ ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံရှိ လည်ပတ်နေသော ဒေတာစင်တာများ၏ စုစုပေါင်းဒီဇိုင်း ထုတ်လုပ်နိုင်စွမ်းမှာ ၅၂၄.၇ မဂ္ဂါဝပ်ခန့်ရှိခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၉၅၀ မဂ္ဂါဝပ်အထိ ရောက်ရှိ လာမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ယင်းပမာဏသည် ၈၁ ရာခိုင်နှုန်းခန့် တိုးတက် လာခြင်းဖြစ်ကြောင်း သိရပါသည်။ ယင်းတိုးတက်မှုသည် အဆောက်အအုံနေရာ ပိုမိုလိုအပ် လာခြင်းသက်သက်မဟုတ်ဘဲ ဒေတာစင်တာကြီးများအတွက် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးကွန်ရက်၊ မြင့်မားသည့်နည်းပညာစံနှုန်းများနှင့် အဆက်မပြတ်လည်ပတ်နိုင်မှုတို့ လိုအပ်သဖြင့် ပုံမှန်စက်မှုအဆောက်အအုံများနှင့်မတူညီသည့် အထူးပြုအိမ်ခြံမြေကဏ္ဍတစ်ရပ် ဖြစ်ပေါ်လာနေကြောင်း သိရပါသည်။ Campbell က အွန်လိုင်းဈေးဝယ်လုပ်ငန်း၊ ဒေတာစင်တာ များနှင့် အဆင့်မြင့်နည်းပညာထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းသည် စက်မှုအိမ်ခြံမြေ လိုအပ်ချက်ကို ပြောင်းလဲပုံဖော်နေကြောင်း၊ အဆိုပါကဏ္ဍများအတွက် နေရာအကျယ်အဝန်း သာမက ယုံကြည်စိတ်ချရသည့်လျှပ်စစ်ဓာတ်အား၊ အဆင့်မြင့်အခြေခံအဆောက်အအုံနှင့် မြင့်မား သည့် လုပ်ငန်းလည်ပတ်မှုစံနှုန်းများလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာခြင်းက ရင်းနှီးမြှုပ်နှံမှု၏ ပထဝီဝင်နယ်ပယ်ကိုလည်း ပိုမိုကျယ်ပြန့်လာ စေကြောင်း သိရပါသည်။ ဗီယက်နမ်မြောက်ပိုင်းတွင် Hai Phong၊ Bac Ninh၊ Hung Yen၊ Quang Ninh နှင့် အနီးဝန်းကျင်ဒေသများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့် ထုတ်လုပ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်များအဖြစ် ပိုမိုဖွံ့ဖြိုးလာနေကြောင်း သိရပါသည်။ တောင်ပိုင်းတွင် လည်း ဟိုချီမင်းမြို့၊ Dong Nai နှင့် Long Thanh အနီးဝန်းကျင်ဒေသများသည် အဓိကအခြေခံ အဆောက်အအုံစီမံကိန်းများကြောင့် ရင်းနှီးမြှုပ်နှံမှုအကျိုးအမြတ်များ ရရှိနေကြောင်း သိရပါ သည်။

 DOCA (ရန်ကုန်)

အမေရိကန်နိုင်ငံ၏ ဇီဝလောင်စာထုတ်လုပ်မှုတွင် ပဲပုပ်ဆီအသုံးပြုမှု ဇွန်လတွင် စံချိန်တင် အမြင့်ဆုံးဖြစ်

   အမေရိကန်နိုင်ငံ စွမ်းအင်သတင်းအချက်အလက်စီမံခန့်ခွဲရေး(EIA) အဖွဲ့၏ စက်တင်ဘာ      လ (၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ အမေရိကန်နိုင်ငံရှိ ပြည်တွင်းဇီဝ လောင်စာထုတ်လုပ်သူများသည် ဇွန်လအတွင်း ပဲပုပ်ဆီပမာဏ ပေါင် ၁ ဒဿမ ၅၆ ဘီလီယံ အသုံးပြုခဲ့ပြီး၊ ထိုပမာဏသည် မေလတွင် စံချိန်တင်အမြင့်ဆုံး အသုံးပြုခဲ့သည့် ပဲပုပ်ဆီပမာဏ ပေါင် ၁ ဒဿမ ၄၃ ဘီလီယံထက် ၉ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အသုံးပြုခဲ့သော ပေါင် ၁ ဒဿမ ၀၄၃ ဘီလီယံနှင့် နှိုင်းယှဥ်ပါက ယခုနှစ် ဇွန်လတွင် ၄၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

    အမေရိကန်နိုင်ငံ၏ ဇီဝဒီဇယ်ထုတ်လုပ်မှုကဏ္ဍသည် ဇွန်လတွင် ပဲပုပ်ဆီပမာဏ ပေါင် ၇၉၀ သန်း အသုံးပြုခဲ့ပြီး မေလတွင် အသုံးပြုခဲ့သော ပဲပုပ်ဆီပမာဏ ပေါင် ၇၄၇ သန်းထက် ၅.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ထို့အပြင် ပြည်တွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဒီဇယ် ထုတ်လုပ်သူ များသည်  ဇွန်လတွင် ပဲပုပ်ဆီပမာဏ ပေါင် ၇၆၆ သန်း အသုံးပြုခဲ့ပြီး မေလတွင် အသုံးပြုခဲ့သော ပဲပုပ်ဆီပမာဏ ပေါင် ၆၈၇ သန်းထက် ၁၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

     ယခုနှစ် ပထမသုံးလပတ်မှစတင်၍ အမေရိကန်နိုင်ငံရှိ ဇီဝလောင်စာထုတ်လုပ်သူများ၏ ပဲပုပ်ဆီအသုံးပြုမှု မြင့်မားလာခြင်းမှာ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ဇီဝလောင်စာ‌ ရောစပ်အသုံးပြုမှု ဆိုင်ရာ သတ်မှတ်ချက်များ အပြီးသတ်ချမှတ်ခြင်းနှင့် ယခုနှစ် အစောပိုင်းတွင် 45Z Clean Fuel Production Credit စည်းမျဥ်းများကို ပြန်လည်ပြင်ဆင်ခြင်းတို့နှင့် ဆက်စပ်နေကြောင်း သိရသည်။ ထို့အပြင် ကာဗွန်ထုတ်လွှတ်မှုနည်းသော (low carbon-intensity - CI) လောင်စာကုန်ကြမ်း စုစုပေါင်းတွင် ပဲပုပ်ဆီပါဝင်မှုသည် မေလတွင် ၃၉ ရာခိုင်နှုန်း၊ ဧပြီလတွင် ၃၆ ရာခိုင်နှုန်းဖြစ်ပြီး ဇွန်လတွင် ၄၁.၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

    သို့သော် ၂၀၂၀-၂၀၂၂ ခုနှစ်များတွင် အမေရိကန်နိုင်ငံ၏ ဇီဝလောင်စာကုန်ကြမ်း ထုတ်လုပ် မှုတွင် ပဲပုပ်ဆီပါဝင်မှုသည် စံချိန်တင်ပမာဏ ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိသာရှိကြောင်း သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန်နိုင်ငံ၏ ဝယ်လိုအားလျော့နည်းလာခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှု နည်းသော(CI) ကုန်ကြမ်းများကို စျေးနှုန်းသက်သာစွာဖြင့် တင်သွင်းခြင်းတို့ကြောင့် ပဲပုပ်ဆီ၏ စျေးကွက်မှာ ကျဆင်းခဲ့ကြောင်း သိရသည်။

    စက်တင်ဘာ (၁)ရက်နေ့တွင် EIA ၏ ဖော်ပြချက်အရ ပြည်တွင်းဇီဝလောင်စာ ထုတ်လုပ်မှု ကဏ္ဍသည် ဇွန်လတွင် ကာနိုလာဆီ(ဟင်းသီးဟင်းရွက်ဆီ) ပမာဏ ပေါင် ၃၂၀ သန်း အသုံးပြုခဲ့ပြီး မေလတွင် အသုံးပြုခဲ့သော ပေါင် ၂၉၃ သန်းနှင့် နှိုင်းယှဥ်ပါက ၉.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ အမေရိကန်နိုင်ငံ၏ စုစုပေါင်းကုန်ကြမ်းရောနှောမှုတွင် ကာနိုလာဆီ၏ ပါဝင်မှုသည် မေလတွင် ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇွန်လတွင် ၈.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

    ဇွန်လအတွင်း အမေရိကန်နိုင်ငံရှိ ဇီဝလောင်စာထုတ်လုပ်သူများသည် တိရစ္ဆာန်အဆီ ပေါင် ၇၅၄ သန်း အသုံးပြုခဲ့ပြီး၊ ထိုပမာဏသည် ယခင်လ၏ ပေါင် ၇၉၆ သန်းနှင့် နှိုင်းယှဥ်ပါက  ၅.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ၎င်းအပြင် အမေရိကန်နိုင်ငံ၏ စုစုပေါင်းကုန်ကြမ်း အသုံးပြုမှုပမာဏသည် မေလတွင် ၂၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး လက်ရှိကာလတွင် ၂၀ ရာခိုင်နှုန်းခန့် သာရှိသဖြင့် ကျဆင်းလာခဲ့ကြောင်း သိရသည်။

    ဇီဝလောင်စာထုတ်လုပ်သူများ၏ Distillers Corn Oil (DCO) အသုံးပြုမှုသည် ၂ လ ဆက်တိုက် ကျဆင်းခဲ့ပြီး ဇွန်လအတွင်း DCO ပေါင် ၃၆၅ သန်း အသုံးပြုခဲ့ခြင်းသည် မေလတွင် အသုံးပြုခဲ့သည့် ပေါင် ၄၅၇ သန်းနှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း၊ ဧပြီလတွင် အသုံးပြုခဲ့သည့် ပေါင် ၄၇၇ သန်း ထက် ၂၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။  ဇီဝလောင်စာ ထုတ်လုပ် ရာတွင် အသုံးပြု သည့် ကုန်ကြမ်းစုစုပေါင်းတွင် DCO ပါဝင်မှုသည် ဧပြီလတွင် ၁၅ ရာခိုင်နှုန်း၊ မေလတွင် ၁၂ ရာခိုင်နှုန်းခန့်ရှိခဲ့ရာမှ ဇွန်လတွင် ၉.၇ ရာခိုင်နှုန်းခန့်သာရှိသဖြင့် ဆက်လက်ကျဆင်းလာခြင်း ဖြစ်သည်။

    ပြည်တွင်းဇီဝလောင်စာထုတ်လုပ်သူများသည် ဇွန်လအတွင်း အသုံးပြုပြီးချက်ပြုတ်ဆီ (Used Cooking Oil) ပေါင် ၆၈၉ သန်း အသုံးပြုခဲ့ပြီး ထိုပမာဏသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ နောက်ပိုင်းတွင် အမြင့်ဆုံးအသုံးပြုမှုပမာဏဖြစ်ပြီး မေလတွင် အသုံးပြုခဲ့သည့် ပေါင် ၆၀၅ သန်း ထက် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဇွန်လအတွင်း ဇီဝလောင်စာထုတ်လုပ်ရာတွင် အသုံးပြု သည့် ကုန်ကြမ်းစုစုပေါင်းတွင် Used Cooking Oil ပါဝင်မှုပမာဏသည် ၁၈.၃ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့ကြောင်း သိရသည်။

    စက်တင်ဘာလ (၁)ရက်နေ့တွင် ထပ်မံထုတ်ပြန်သည့် USDA ၏ စာရင်းများအရ ဇူလိုင်လ တွင် အမေရိကန်နိုင်ငံ၏ ပဲပုပ်ဆီဝယ်လိုအားသည် ခိုင်မာနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဇူလိုင်လကုန်တွင် အမေရိကန်နိုင်ငံ၏ ပဲပုပ်ဆီလက်ကျန်သိုလှောင်မှုပမာဏသည် ပေါင် ၁.၉၆၃ ဘီလီယံသာရှိပြီး ဇွန်လကုန် သိုလှောင်မှုပမာဏ ပေါင် ၂.၀၉၇ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၆.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

    ဇူလိုင်လတွင် အမေရိကန်နိုင်ငံ၏ ပဲပုပ်ကြိတ်ခွဲမှုသည် ဆက်လက်မြင့်တက်ခဲ့ပြီး အမြတ် အစွန်းကောင်းမွန်သော ကြိတ်ခွဲမှုနှင့် ပြည်တွင်းပဲပုပ်ဆီဝယ်လိုအား ခိုင်မာမှုတို့ကြောင့် ပဲပုပ် ကြိတ်ခွဲမှုပမာဏမှာ ယခင်လထက် ၁.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိ ခဲ့သည်။ ပြည်တွင်းကြိတ်ခွဲထုတ်လုပ်သူများသည် ဇွန်လတွင် ပဲပိစပ် ပေါင် ၁၃,၀၈၀ သန်း ကြိတ်ခွဲ ခဲ့ပြီး ဇူလိုင်လတွင် ပေါင် 1၃,၃၂၀ သန်းရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ကြိတ်ခွဲခဲ့သော ပေါင် ၁၂,၃၀၀ သန်းနှင့် နှိုင်းယှဉ်ပါက ၈.၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း သိရသည်။

    မေလတွင် စံချိန်တင်မြင့်မားသော အမြတ်အစွန်းများရှိခဲ့သော်လည်း ထုတ်လုပ်သူအချို့ သည် ရာသီအလိုက် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုနှင့် ပြုပြင်ရေးလုပ်ငန်းများအတွက် စက်ရုံများကို ယာယီ ပိတ်ထားခဲ့သောကြောင့် ကြိတ်ခွဲမှုပမာဏကျဆင်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လတွင် ပြည်တွင်းပဲ ကြိတ်ခွဲ မှုများ ဆက်တိုက်မြင့်တက်ခဲ့ကြောင်း သိရသည်။

Source : The Fastmarkets, September 7, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့

အိန္ဒိယအထည်အလိပ်စက်မှုလုပ်ငန်းများ ဝါဂွမ်းဈေးနှုန်းမတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရ

   အိန္ဒိယနိုင်ငံတွင် ဝါဂွမ်းနှင့် ချည်မျှင်ဈေးနှုန်းများ အတက်အကျ ဆက်လက်ဖြစ်ပေါ်နေ သောကြောင့် တမီးနာဒူးလ်ပြည်နယ်ရှိ ချည်မျှင်နှင့်အထည်ချုပ်စက်ရုံများက ဝါဂွမ်းပိုမိုရရှိနိုင် ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ပေးရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။

    ကမ္ဘာ့ဈေးကွက်တွင် ဝါချည်မျှင်ဝယ်လိုအား သိသိသာသာမြင့်တက်လာခြင်းသည် ဈေးနှုန်း မတည်ငြိမ်မှုကို အဓိကအကြောင်းအရင်းဖြစ်စေခဲ့ကြောင်း အိန္ဒိယအထည်အလိပ်လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ Ashwin Chandran က ပြောကြားခဲ့သည်။ နိုင်ငံတကာဈေးကွက်တွင် ဝါချည်မျှင် ဝယ်လိုအား သည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက  တိုးတက်လာခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဝါချည်မျှင် ဝယ်လိုအားလျော့နည်းခဲ့သော်လည်း အထည်အလိပ်ထုတ်ကုန်လုပ်ငန်း တန်ဖိုးကွင်းဆက် တစ်လျှောက် ဝယ်လိုအားမှာ ယခင်နှစ် ဒီဇင်ဘာလမှစ၍ ပြန်လည်မြင့်တက် လာခဲ့သည်။

    တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ချည်မျှင်ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ပြည်တွင်းအထည်အလိပ်လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာပြီး ချည်မျှင်ဈေးကွက်များ တိုးတက် လာမည့်အခြေအနေသို့ ဦးတည်နေကြောင်း သိရသည်။ အဝတ်အထည်နှင့် ခြေအိတ်လုပ်ငန်းများ တွင် အသုံးပြုသည့် Hosiery ချည်ပို့ကုန်ကို ဂူဂျာရတ်ပြည်နယ်ရှိ စက်ရုံများမှ အဓိကတင်ပို့လျက် ရှိပြီး တမီးနာဒူးလ်ပြည်နယ်ရှိ စက်ရုံများမှ အနည်းငယ်သာ ပါဝင်ကြောင်း သိရသည်။

   အဝတ်အထည်နှင့် ခြေအိတ်လုပ်ငန်းများတွင် အသုံးပြုသည့် Hosiery ချည်သည် ဈေးကွက် တွင် တစ်ပေါင်လျှင် ၉၂ ဆင့် (၀.၉၂ အမေရိကန်ဒေါ်လာ) အထိ ဈေးတက်ခဲ့ပြီး လက်ရှိကာလတွင် ၈၆ ဆင့်( ၀.၈၆ အမေရိကန်ဒေါ်လာ) သို့ ဈေးနှုန်းပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ အရည် အသွေး သန့်စင်ထားသော ချည်ကြမ်း၏ အိန္ဒိယနိုင်ငံအရောက် ကုန်ကျစရိတ်သည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက တစ်ကီလိုလျှင် ၇၀ ရူပီးခန့် မြင့်တက်လာခဲ့ပြီး ချည်မျှင်ဈေးနှုန်းမှာလည်း တစ်ကီလို လျှင် ၉၅ ရူပီးခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။

    တစ်ချိန်တည်းမှာပင် Tiruppur Exporters and Manufacturers Association က ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများထံသို့ ချည်ကြမ်းတင်ပို့မှုကို တားမြစ်ပေးရန် တောင်းဆိုခဲ့ သည်။ အဆိုပါအဖွဲ့က ဇန်နဝါရီလမှစတင်၍ အချို့သော အကြီးစားချည်မျှင်ထုတ်လုပ်ရေး စက်ရုံ များနှင့် ကုန်သည်များသည် ချည်ကြမ်းရောင်းချထောက်ပံ့မှုကို ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ထားခြင်း ကြောင့် ချည်မျှင်ဈေးနှုန်း များ မြင့်တက်လာပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) အပေါ် ဖိအားများ ပိုမိုမြင့်တက်လာကြောင်း ပြောဆိုခဲ့သည်။

    အိန္ဒိယနိုင်ငံ၏ နှစ်စဉ်ချည်ကြမ်းလိုအပ်ချက်မှာ ဝါဂွမ်း အထုပ်ရေ သိန်း ၃၅၀ ခန့်ရှိသော် လည်း ပြည်တွင်းထုတ်လုပ်မှုမှာ အထုပ်ရေ သိန်း၂၉၀ ခန့်သာ ရှိကြောင်း အဆိုပါအဖွဲ့၏ ပြောကြား ချက်အရ သိရသည်။ အစိုးရက ချည်ကြမ်းတင်သွင်းမှုအပေါ် ကောက်ခံသည့် ၁၁ ရာခိုင်နှုန်း တင်သွင်းခွန်ကို ဖယ်ရှားပေးခဲ့ပြီး ချည်ကြမ်းအထုပ်ရေ ၆၂ သိန်းခန့် တင်သွင်းနိုင်ရေး ဆောင်ရွက် ပေးခဲ့သော်လည်း ချည်ကြမ်းဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ ထို့ကြောင့် အဆိုပါအဖွဲ့က ဈေးကွက်အတွင်း ရည်ရွယ်ချက်ရှိရှိ ဈေးကစားခြင်းများပြုလုပ်နေကြောင်း သုံးသပ်ပြီး အစိုးရအနေဖြင့် ဝင်ရောက်ထိန်းကျောင်း၍ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုထားကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

Source: Smartinfoindia, September 9, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယ၏ ပဲပုပ်ထုတ်လုပ်မှုတန်ချိန် ၉.၆ သန်းအထိ လျော့ကျနိုင်ကြောင်း USDA ခန့်မှန်း

    မုတ်သုံမိုး မမှန်မကန်ရွာသွန်း၍ မိုးရေချိန်အားနည်းခြင်းနှင့် စိုက်ဧရိယာ လျော့ကျခြင်း ကြောင့် အိန္ဒိယ၏ ပဲပုပ်ထုတ်လုပ်မှုကို ထိခိုက်စေသဖြင့် ထုတ်လုပ်မှု လျော့ကျနိုင်ကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ၂၀၂၆-၂၇ ရာသီ ပဲပုပ် ထုတ်လုပ်မှုခန့်မှန်းချက်ကို ယခင်ခန့်မှန်းချက် တန်ချိန် ၁၀.၄ သန်းမှ ၈ ရာခိုင်နှုန်း လျှော့ချ၍ တန်ချိန် ၉.၆ သန်း သို့ United States Department of Agriculture (USDA) Post က ပြင်ဆင်ခန့်မှန်းထားသည်။

    ထို့အပြင် တောင်သူအချို့သည် ဈေးကွက်ဈေးနှုန်းပိုမိုကောင်းမွန်သော ဝါနှင့် ဝင်ငွေ ရရှိနိုင် ခြေပိုမိုကောင်းမွန်လာသော ပြောင်းကဲ့သို့သော အခြားသီးနှံများကို ပြောင်းလဲ စိုက်ပျိုးလာကြ သည်။ USDA Post သည် အိန္ဒိယ၏ ပဲပုပ်တင်သွင်းမှု ခန့်မှန်းချက်ကို တန်ချိန် ၅ သိန်း အထိလည်း ပြင်ဆင်ထားပြီး၊ အာဖရိကနိုင်ငံများမှ ကောင်းမွန်သော ပဲပုပ်ရိတ်သိမ်း ထွက်ရှိမှုများကို အခြေခံ၍ ယင်းတင်သွင်းမှုပမာဏကို ထောက်ပံ့နိုင်မည်ဟု ခန့်မှန်းထားသည်။

   Foreign Agricultural Service (FAS) New Delhi ၏ နောက်ဆုံးခန့်မှန်းချက်အရ ပဲပုပ် စိုက်ပျိုးဧရိယာမှာ ဟက်တာ ၁၀.၅ သန်း ဖြစ်ပြီး၊ ယခင်ခန့်မှန်းထားသည့် ဟက်တာ ၁၁.၂ သန်းထက် ၆ ရာခိုင်နှုန်း လျော့နည်းသည်။ စိုက်ပျိုးချိန်ကာလအတွင်း မိုးရေချိန် မမှန်မကန်ဖြစ်ခဲ့ခြင်း ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ခဲ့ပြီး၊ ပဲပုပ်အဓိကထုတ်လုပ်ရာ ပြည်နယ်ဖြစ်သည့် မဟာရပ်ရှ် ထရာပြည်နယ်၏ အချို့ဒေသများတွင် ပြန်လည်စိုက်ပျိုးရသည့် အခြေအနေများဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

   ၂၀၂၆ ခုနှစ် Kharif ရာသီတွင် ပဲပုပ်စိုက်ပျိုးမှု ကနဦးလျော့ကျခဲ့ခြင်းမှာ အယ်နီညို၏ သက်ရောက်မှုကြောင့် မုတ်သုံမိုးဝင်ရောက်မှု နောက်ကျခြင်းကြောင့် အဓိကဖြစ်ခဲ့သည်။ သို့ရာတွင် ဇူလိုင်လအတွင်း မိုးရေချိန်ကောင်းမွန်လာသဖြင့် မဟာရပ်ရှ်ထရာပြည်နယ်ရှိ စိုက်ပျိုးဧရိယာ အချို့တွင် ပြန်လည်တိုးတက်လာခဲ့သည်။ ထိုသို့ မသေချာမရေရာသော အခြေအနေများကြောင့် တောင်သူအချို့သည် ဝါ၊ ပြောင်း သို့မဟုတ် တန်ဖိုးမြင့် ဟင်းသီး ဟင်းရွက်သီးနှံများသို့ ပြောင်းလဲ စိုက်ပျိုးရန် စဉ်းစားခဲ့ကြသည်။ အချို့တောင်သူများမှာလည်း ရာသီအစ မိုးလေဝသ မမှန်ကန်မှု ကြောင့် မြေပြင်ဆင်ခြင်းလုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြသည်။ အခြားတစ်ဖက် ဖြစ်သော Madhya Pradesh ပြည်နယ်တွင် ရာသီတစ်လျှောက် မိုးရေချိန် ကောင်းမွန်ခဲ့သဖြင့် အကျိုးရှိခဲ့သည်။

    USDA Post ၏ လေ့လာချက်အရ အထွက်နှုန်းမြင့်ပြီး ရောဂါဒဏ်ခံနိုင်သော ပဲပုပ်မျိုးများ ကို အသုံးပြုလာခြင်းက စိုက်ပျိုးဧရိယာ လျော့ကျမှုကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်မှုအချို့ကို လျော့ပါးစေနိုင်မည်ဟု ခန့်မှန်းထားသည်။ သို့ရာတွင် ကွင်းဆင်းလေ့လာမှုများအရ တောင်သူ အများအပြားသည် အသစ်တိုးတက်ထုတ်လုပ်ထားသော မျိုးများထက် အထွက်နှုန်းနိမ့်သည့် JS 9560 ကဲ့သို့သော ရိုးရာမျိုးဟောင်းများကို ဆက်လက်အသုံးပြုနေကြကြောင်းသိရသည်။ ၂၀၂၆-၂၇ ရာသီတွင် ပဲပုပ်ကြိတ်ခွဲမှုကို တန်ချိန် ၈.၇ သန်း ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ယခင်ခန့်မှန်းချက် တန်ချိန် ၉.၃ သန်းထက် ၆ ရာခိုင်နှုန်း လျော့ကျခန့်မှန်းရခြင်းမှာ ပဲပုပ်ထုတ်လုပ်မှုနှင့် တစ်ဟက်တာ အထွက်နှုန်း နှစ်မျိုးစလုံးကျဆင်းမည်ဟု ခန့်မှန်းထားခြင်းနှင့် ဆက်စပ်နေသည်။ ကြိတ်ခွဲမှု ပမာဏကျဆင်းသော်လည်း အစားအသောက်အတွက် ပဲပုပ်အသုံးပြုမှုသည် နှစ်စဉ်ခန့်မှန်းချက် တန်ချိန် ၈၂၀,၀၀၀ ထက် ၄ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသည်။ အကြောင်းမှာ Tofu (ပဲပုပ်တို့ဖူး)၊ Soymilk (ပဲပုပ်နို့) နှင့် Soy flour (ပဲပုပ်မှုန့်) ကဲ့သို့ အပင်မှ ရရှိသည့် အစားအစာများ အပေါ် ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

    တိရစ္ဆာန်အစာအတွက် ပဲပုပ်အသုံးပြုမှု သည် နှစ်စဉ်ခန့်မှန်းချက် တန်ချိန် ၉၀၀,၀၀၀ ထက် ၂၅ ရာခိုင်နှုန်း တိုးလာမည် ဟု ခန့်မှန်းထားသည်။ ယင်းတိုးတက်မှုမှာ ကြက်မွေးမြူရေး လုပ်ငန်းရှင် များက ဈေးနှုန်းမြင့်တက်နေသော်လည်း ပဲပုပ်ဖတ် အသုံးပြုမှုကို ပိုမိုတိုးမြှင့်လာခြင်းကြောင့် ဖြစ် သည်။ ပြောင်းထွက်ရှိမှုများကို အီသနောထုတ်လုပ်ရန် ပိုမိုအသုံးပြုလာခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် ယခုခန့်မှန်းထားသည့် တိရစ္ဆာန်အစာသုံးစွဲမှုပမာဏသည် ၂၀၂၅-၂၆ စျေးကွက်နှစ်တွင် အမှန်တကယ် အသုံးပြုခဲ့သည့် ပမာဏထက် ၁၈ ရာခိုင်နှုန်း နည်းပါးနေဆဲ ဖြစ်သည်။

   ၂၀၂၆-၂၇ ရာသီအတွက် ပဲပုပ်ဖတ်ထုတ်လုပ်မှုကို တန်ချိန် ၇ သန်း ခန့်ရှိမည်ဟု ခန့်မှန်း ထားပြီး၊ ယခင်က ခန့်မှန်းထားသည်ထက် ၆ ရာခိုင်နှုန်း လျော့ကျသည်။ ယင်းလျော့ကျမှုသည် ပဲပုပ်ကြိတ်ခွဲမှုပမာဏ ၆ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေ သည်။ ယခုနှစ်တွင် ပဲပုပ်ထုတ်လုပ်မှု လျော့ကျမည်ဖြစ်သောကြောင့် ပဲပုပ်ဖတ်ထုတ်လုပ်မှုလည်း လျော့ကျမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

    ၂၀၂၆-၂၇ နှင့် ၂၀၂၅-၂၆ ရာသီများအတွက် ပဲပုပ်ဖတ် စားသုံးမှု ခန့်မှန်းချက်များနှင့် ခန့်မှန်း ထုတ်လုပ်မှုများမှာ အများအားဖြင့် မပြောင်းလဲခဲ့ဘဲ လွန်ခဲ့သည့် နှစ်နှစ်အတွင်း  Distillers Dried Grains (DDGs) နှင့် De-oiled Rice Bran (DORB)  ဆန်ဖွဲနုဆီထုတ်ပြီးကျန်သည့်ဖွဲနု ကဲ့သို့သော အစားထိုးတိရစ္ဆာန်အစာများ ပိုမိုရရှိလာခြင်းကြောင့် ပဲပုပ်ဖတ်အသုံးပြုမှု ကျဆင်းလာခဲ့သည်။ သို့ရာတွင် Aflatoxin (အက်ဖလာတော့စင်) အဆိပ်အတောက် ပြဿနာများ ဆက်လက်ရှိနေခြင်း ကြောင့် ဈေးနှုန်းမြင့်မားနေသော်လည်း ပဲပုပ်ဖတ်သည် အဓိကပရိုတင်း အရင်းအမြစ်အဖြစ် ဆက်လက်ဦးစားပေးခံနေရသည်။ သို့ရာတွင် ပဲပုပ်ကြိတ်ခွဲမှုပမာဏ နည်းပါးနေခြင်းက စုစုပေါင်း စားသုံးမှုပမာဏကို ကန့်သတ်ထားသည်။

    ပဲပုပ်ဖတ် တင်ပို့မှုခန့်မှန်းချက်ကို ယခင်ခန့်မှန်းချက်ထက် ၂၉ ရာခိုင်နှုန်း လျှော့ချထားသည်။ ပဲပုပ်ဖတ်တင်ပို့မှုသည် လေးနှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ပြီး၊ အဓိကအကြောင်း ရင်းများမှာ ပြည်တွင်းပဲပုပ်ဖတ်ဈေးနှုန်း သိသိသာသာ မြင့်တက်လာခြင်းနှင့် ပြည်တွင်း ထောက်ပံ့ မှု တင်းကျပ်လာခြင်းတို့ကြောင့် ဝယ်ယူသူများသည် ၎င်းတို့၏အမြတ်အစွန်းကို ထိန်းသိမ်းရန် တောင်အမေရိကနိုင်ငံများဖြစ်သည့် ဘရာဇီးနှင့် အာဂျင်တီးနားမှ ဈေးနှုန်းသက်သာသော ပဲပုပ်ဖတ် များဘက်သို့ လျင်မြန်စွာပြောင်းလဲဝယ်ယူလာကြသည်။

     အိန္ဒိယ၏ ပဲပုပ်တင်ပို့မှုမှာ တန်ချိန် ၂၅,၀၀၀ ခန့်တွင် ဆက်လက်တည်ငြိမ်မည်ဟု ခန့်မှန်း ထားသည်။ တစ်ဖက်တွင် ပဲပုပ်တင်သွင်းမှုမှာ တန်ချိန် ၅ သိန်း ရှိမည်ဟု ခန့်မှန်းထားပြီး၊ ယခင် နှစ်စဉ်ခန့်မှန်းချက် တန်ချိန် ၂ သိန်းထက် ၁၀၀ ရာခိုင်နှုန်းကျော် တိုးမြင့်သည်။ သို့ရာတွင် ယင်း တင်သွင်းမှုပမာဏသည် အာဖရိကရှိ အဓိကပဲပုပ်တင်ပို့သည့်နိုင်ငံများတွင် ကောင်းမွန်သော ရိတ်သိမ်းထွက်ရှိမှု ရရှိနိုင်ခြင်းအပေါ် မူတည်နေသည်။ အထူးသဖြင့် Benin၊ Niger နှင့် Togo တို့ သည် အိန္ဒိယအတွက် အဓိက Non-GMO ပဲပုပ် တင်ပို့သည့်နိုင်ငံများ ဖြစ်ကြသည်။

    ယင်းနိုင်ငံများသည် LDC - ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် သတ်မှတ်ထားသည့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အရေးများအောက်တွင် အိန္ဒိယသို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ပဲပုပ်တင်ပို့နိုင်ကြသည်။ ရှေ့ကာလတွင် အာဖရိကပဲပုပ်ထုတ်လုပ်သည့်နိုင်ငံများ၌ ပဲပုပ်ကြိတ်ခွဲ/ ပြုပြင် ထုတ်လုပ်နိုင်သည့် စက်ရုံစွမ်းရည်များ တိုးချဲ့လာခြင်းကြောင့် အိန္ဒိယသို့ တင်ပို့နိုင်မည့် ပဲပုပ်ကုန်ကြမ်းပမာဏ လျော့ကျလာနိုင်သည်ဟု ခန့်မှန်းထားသည်။

Source: The Hindu BusinessLine, September 7, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့မှု ၆၇.၅ ရာခိုင်နှုန်း မြင့်တက်လျက်ရှိ

    ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF)က စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ပထမ၈လအတွင်း ကမ္ဘောဒီးယား၏ ကြိတ်ခွဲပြီးဆန် တင်ပို့ မှုသည် ယခင်နှစ်ကာလတူက တန်ချိန် ၄၇၂,၈၀၃ ရှိရာမှ ယခုနှစ်တွင် တန်ချိန် ၇၉၂,၂၁၂ သို့ ရောက်ရှိကာ ၆၇.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

     အဆိုပါတင်ပို့မှုများမှ အမေရိကန်ဒေါ်လာ ၄၆၄ သန်း ဝင်ငွေရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း မှတ်တမ်းတင်ခဲ့သော ဒေါ်လာ ၃၄၈ သန်းနှင့် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်းတိုးလာခြင်း ဖြစ်သည်။ CRFက အဆိုပါကာလအတွင်း ကုမ္ပဏီ ၆၁ ခုသည် ကြိတ်ခွဲပြီးဆန်ကို နိုင်ငံနှင့် ဒေသ ပေါင်း ၆၆ ခုသို့ တင်ပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ဥရောပသမဂ္ဂသည် ဆန်တန်ချိန် ၂၃၂,၃၁၉ တင်သွင်းခဲ့ပြီး အဆိုပါပမာဏသည် ကမ္ဘော ဒီးယား၏ ကြိတ်ခွဲပြီးဆန် စုစုပေါင်းတင်ပို့မှု၏ ၂၉.၃ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ တရုတ်နှင့် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသည် ဆန်တန်ချိန် ၁၇၇,၇၈၃ (၂၂.၄ရာခိုင်နှုန်း) ဝယ်ယူခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံသို့ ဆန်တန်ချိန် ၃၁၅,၀၈၈ တင်ပို့ခဲ့ပြီး ကျန်ရှိ သည့် ဆန်တန်ချိန် ၆၇,၀၂၂ မှာ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အခြားဈေးကွက်များရှိ နေရာ ၂၅ ခုသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။

     CRFက ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်ပမာဏ သိသိသာသာ တိုးလာခြင်းသည် ကမ္ဘောဒီးယား ဆန်၏ ယှဉ်ပြိုင်နိုင်သော အရည်အသွေးကို ထင်ဟပ်စေပြီး ထောက်ပံ့ရေးကွင်းဆက်များ ချောမွေ့ စေရန်အတွက် တောင်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် အစိုးရအာဏာပိုင်များအကြား ပိုမို ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရောင်ပြန်ဟပ်ကြောင်း ပြောကြားခဲ့သည်။

    CRF ဥက္ကဋ္ဌ Lay Chhun Hour က ပြည်တွင်းဆန်စပါးသိုလှောင်မှု လုံလောက်စွာ ရှိနေခြင်း နှင့် ဈေးကွက်များတွင် ဝယ်လိုအားကောင်းလာခြင်းတို့ကြောင့် ပို့ကုန်များတိုးလာခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားအစိုးရသည် တစ်နှစ်လျှင် ကြိတ်ခွဲပြီးဆန်တန်ချိန် ၁ သန်း တင်ပို့ ရန် ရည်မှန်းချက် ချမှတ်ထားကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်တို့ အကြား ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အဆိုပါ ရည်မှန်းချက်ကို ပြည့်မီနိုင် သည် သို့မဟုတ် ကျော်လွန်နိုင်ကြောင်း၊ ယခုနှစ်ပို့ကုန်များအတွက် နှစ်အစပိုင်းကတည်းက ကောင်းမွန်သော စွမ်းဆောင်ရည်ဖြင့် ရည်မှန်းချက်ကို ပြည့်မီနိုင်မည်ဟု မျှော်လင့်ကြောင်း ပြော ကြားခဲ့သည်။

    ရနံ့မွှေးဆန်သည် စုစုပေါင်းပို့ကုန်၏ ၅၈ ရာခိုင်နှုန်းနီးပါး ပါဝင်ပြီး ၎င်းနောက်တွင် ဆန်လုံး ရှည်က ၂၄.၄ ရာခိုင်နှုန်း၊ ဆန်ကွဲက ၁၄.၃ ရာခိုင်နှုန်းနီးပါး အသီးသီးပါဝင်ကြောင်း၊ ကမ္ဘောဒီးယား သည် အဆိုပါကာလအတွင်း ဗီယက်နမ်သို့ ဆန်စပါးတန်ချိန် ၃.၃၅ သန်း တင်ပို့ခြင်းဖြင့် အမေရိကန် ဒေါ်လာ ၇၅၃ သန်း ရရှိခဲ့ကြောင်း သိရှိရသည်။

     ဆန်စပါးကဏ္ဍအတွက် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ခန့် လိုအပ်ကြောင်း၊ အစိုးရမှ ကျောထောက်နောက်ခံပြုသော စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ သန်း ၂၀၀ ကတိပြုထားပြီး ပုဂ္ဂလိကဘဏ်များကမူ ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်စေရန် နှင့် နိုင်ငံ၏ တစ်နှစ်လျှင် ကြိတ်ခွဲပြီးဆန်တန်ချိန် ၁ သန်း တင်ပို့ရန် ရည်မှန်းချက်ကို ပံ့ပိုးရန်အတွက် နောက်ထပ်ရန်ပုံငွေများ ထည့်ဝင်ရန် မျှော်လင့်ထားကြောင်း သိရှိရသည်။

Source: Khmer Times, September 8, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ