Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်နှင့်အမေရိကန် စတုတ္ထအကြိမ် ကုန်သွယ်ရေး ဆွေးနွေးမှုစတင်

    တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များသည် စပိန်နိုင်ငံ မက်ဒရစ်မြို့၌စတုတ္ထအကြိမ် ကုန်သွယ်ရေး ဆွေးနွေးမှုကိုစတင် လုပ်ဆောင်ကြောင်း သိရသည်။

     တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလိုင်ဖန်းနှင့် အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး စကော့ဘတ်ဆန့် တို့ ဦးဆောင်သော ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့များသည် စက်တင်ဘာလ ၁၄ ရက်တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

    အဆိုပါကုန်သွယ်ရေး ကိုယ်စားလှယ်များသည် နှစ်နိုင်ငံကြားသွင်းကုန် အခွန်တိုးမြှင့်မှု ခေတ္တဆိုင်းငံ့သည့် သဘောတူညီချက်သက်တမ်း ကုန်ဆုံးမည့် နိုဝင်ဘာလမတိုင်မီ ယခုကဲ့သို့ ဆွေးနွေးမှုများ လုပ်ဆောင်ခြင်းဖြစ်သည်။ ဆွေးနွေးမှုတွင် အမျိုးသားလုံခြုံရေး၊ အပြန်အလှန် အကျိုးစီးပွားများနှင့် စပ်လျဉ်းသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။    

DOCA(ပြည်ထောင်စုနယ်မြေ)

OPEC+ကအောက်တိုဘာလတွင်လည်းရေနံဆက်လက်တိုးမြှင့်ထုတ်လုပ်သည်

    ရေနံတင်ပို့သည့်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအဖွဲ့ (OPEC+) သည် အောက်တိုဘာလတွင်လည်း     ရေနံကိုဆက်လက် တိုးမြှင့်ထုတ်လုပ်သွားရန် သဘောတူသည်ဟု သိရသည်။

   အဆိုပါ အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများက စက်တင်ဘာလ ၇ ရက်တွင် အွန်လိုင်းမှတစ်ဆင့် အစည်းအဝေး ပြုလုပ်စဉ် အောက်တိုဘာလအတွင်း တစ်ရက်လျှင် ရေနံပမာဏ စည်ပေါင်း ၁၃၇၀၀၀ ကိုတိုးမြှင့် ထုတ်လုပ်သွားရန် သဘောတူကြောင်း အစည်းအဝေးပြီးနောက် ထုတ်ပြန်သည့် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

    လက်ရှိတွင် ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက်က တည်ငြိမ်ကာ ဈေးကွက်သတ်မှတ်သည့် အရာများ မှာလည်း ကောင်းမွန်နေကြောင်း၊ ရေနံထုတ်လုပ်မှုသည် တစ်ရက်လျှင် ၁ ဒသမ ၆၅ သန်းအထိ ရှိလာ မည် ဖြစ်ကြောင်းသိရသည်။   

DOCA(ပြည်ထောင်စုနယ်မြေ)

တရုတ်နိုင်ငံက ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြှင့်အသုံးပြုမှုကြောင့် ကမ္ဘာ့ရုပ်ကြွင်းလောင်စာ အသုံးပြုမှု သိသာစွာ ကျဆင်းလာနိုင်

    တရုတ်နိုင်ငံက ပြည့်ဖြိုးမြဲစွမ်းအင်များကို ပိုမိုတိုးမြှင့်အသုံးပြုလာခြင်းနှင့် လျှပ်စစ်စွမ်းအင် အပေါ်သာ မှီခိုလာခြင်းတို့ကြောင့် ငါးနှစ်အတွင်း ကမ္ဘာ့ရုပ်ကြွင်းလောင်စာ အသုံးပြုမှု သိသာစွာ ကျဆင်း လာနိုင်သည်ဟု သန့်ရှင်းစွမ်းအင်ဆိုင်ရာ တတ်သိပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်သော Ember အဖွဲ့ကထုတ် ပြန်ထားသည်။

    သုတေသနပညာရှင်များသည် တရုတ်နိုင်ငံက အစိမ်းရောင်စွမ်းအင်သို့ ပြောင်းလဲအသုံးပြုမှု ပမာဏနှင့်အချိန်ကာလ၊ အခြားနိုင်ငံများသို့ တရုတ်နိုင်ငံမှ အစိမ်းရောင်စွမ်းအင်တင်ပို့မှုတွင် နေရာယူ ထားမှုတို့ကို ချိန်ထိုး၍ ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

     ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ ကုန်ကျစရိတ်သက်သာသော သန့်ရှင်းစွမ်းအင်နည်းပညာများ ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနက် လေးပုံတစ်ပုံက စီးပွားရေးလုပ်ငန်းများအတွက် လျှပ်စစ်စွမ်းအင်ကို အသုံးပြုမှုသည် အမေရိကန်နိုင်ငံကိုပင် ကျော်တက်သွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် သန့်ရှင်းစွမ်းအင်ကဏ္ဍ၌    အမေရိကန်ဒေါ်လာ ၆၂၅ ဘီလီယံ အထိ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခဲ့ကြောင်း၊    ထိုပမာဏသည် တစ်ကမ္ဘာလုံးရှိနိုင်ငံများက သန့်ရှင်း စွမ်းအင်တွင် ရင်းနှီးမြှုပ်နှံမှု၏ သုံးပုံတစ်ပုံရှိကြောင်း၊၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နေရောင်ခြည် စွမ်းအင်နှင့် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား  ထုတ်လုပ်မှုပမာဏ မျှော်လင့်ထားသည်ထက်ပင်  သာ လွန်ခဲ့ခြင်းကြောင့် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို နှစ်ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ကြောင်း သုတေသီများက ပြောသည်။

    ထို့ကြောင့် လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားမည်ဆိုပါက ၂၀၃၀ ပြည့်နှစ်အရောက်တွင် တစ်ကမ္ဘာလုံးအနေဖြင့် ရုပ်ကြွင်းလောင်စာအသုံးပြုမှု လျော့ကျသွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

MSME လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများမြှင့်တင်ရန် လာအို လုပ်ဆောင်

    လူငယ်များကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) စွမ်းရည်များ ပိုမို ဖြည့် ဆည်းပေးနိုင်ရန် ရည်မှန်းချက်နှင့်အညီ လာအိုနိုင်ငံသည် အသေးစား၊ အလတ်စားနှင့် အလယ်အလတ် စီးပွားရေးလုပ်ငန်းများ (MSMEs)၏ ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းလာစေရန်နှင့် ဒစ်ဂျစ်တယ်ဆန်း သစ်တီထွင်မှုမှတစ်ဆင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်     ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

    ၂၀၂၃-၂၀၂၅ နှစ်အတွင်း  လာအိုနိုင်ငံရှိ MSME လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင် မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းကို ပြန်လည်သုံးသပ်ရန် လာအိုစက်မှု နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အစည်းအဝေးခေါ်ယူခဲ့ကြောင်း  အဆိုပါဝန်ကြီးဌာန ၏ စက်တင်ဘာ   ၁၀  ရက်တွင်   ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ သိရသည်။

    အဆိုပါစီမံကိန်းသည်  ဒစ်ဂျစ်တယ်ဆန်းသစ် တီထွင်မှုမှတစ်ဆင့် MSME လုပ်ငန်းများ၊ စွန့်ဦးတီထွင် သူများနှင့် လုပ်ငန်းစတင်တည်ထောင်လုပ်ကိုင်မှုများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်သည်။ အဆိုပါစီမံကိန်းသည် အလုပ်အကိုင်ပံ့ပိုးပေးရန်၊ စွန့်ဦးတီထွင်နိုင်စွမ်းကို  မြှင့်တင်ပေးရန်နှင့်  အသစ်သစ် သော လုပ်ငန်းစတင်တည်ထောင်လုပ်ကိုင်မှုများ ဖန်တီးခြင်းကိုမြှင့်တင်ပေးရန်အတွက်   တစ်ဦးချင်းစီကို ဒစ်ဂျစ်တယ်နှင့် အိုင်စီတီစွမ်းရည်များ ဖြည့်ဆည်းပေးရန် အာရုံစူးစိုက်လုပ်ဆောင်လျက်ရှိသည်။ အိုင်စီတီနှင့် ဆက်စပ်နည်းပညာများတွင် အဓိကအစိတ်အပိုင်းများအနေဖြင့် အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုးတက်ရေး နှင့် ဝန်ထမ်းလေ့ကျင့်ရေးတို့လည်း ပါဝင်သည်။

    အဆိုပါစီမံကိန်းသည် စွန့်ဦးတီထွင်မှုဆိုင်ရာစနစ်များ ရင်းနှီးကျွမ်းဝင်ရေးအတွက် အရေးပါသော ခြေလှမ်းလည်းဖြစ်သည်။ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို အားပေးမြှင့်တင်ခြင်းအား ဖြင့် အဆိုပါစီမံကိန်းသည်  ယှဉ်ပြိုင်နိုင်စွမ်းကို   မြှင့်တင်ပေးပြီး   အလုပ်အကိုင်များဖန်တီးပေးကာ  နိုင်ငံ၏  ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ပံ့ပိုးပေးနိုင်ရန် မျှော်လင့်သည်။             

Source: ဆင်ဟွာ                                                                                

DOCA(ပြည်ထောင်စုနယ်မြေ)

တရုတ် နိုင်ငံတကာဝန်ဆောင်မှု ကူးသန်းရောင်းဝယ်ရေးပြပွဲ တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ကျင်းပ

    ၂၀၂၅ခုနှစ် တရုတ်-နိုင်ငံတကာဝန်ဆောင်မှု   ကူးသန်းရောင်းဝယ်ရေးပြပွဲ (China International Fairfor Trade in Services- CIFTIS) ကို စက်တင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ  တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပေကျင်းမြို့ Shaunang ပန်းခြံ၌ ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် နိုင်ငံတကာ အဖွဲ့အစည်း ၇၀ ကျော်မှ ပြပွဲများနှင့် တရုတ်နိုင်ငံအတွင်း ကုမ္ပဏီရာနှင့်ချီတို့က ထုတ်ကုန် အသစ်များနှင့် တီထွင်ဖန်တီးမှု ၂၀၀ နီးပါးကို တင်ဆက်ပြသထားသည်။

    ယခုနှစ်တွင် ကမ္ဘာ့ဝန်ဆောင်မှု ကုန်သွယ်မှုဆိုင်ရာထိပ်သီးညီလာခံများ၊ ပြပွဲများ၊ ဖိုရမ်များ စသည်ဖြင့် လှုပ်ရှားမှုများ  ထည့်သွင်းထားသည်။ ဆက်သွယ်ရေးဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်နည်းပညာ၊    ဉာဏ်ရည်တုနည်းပညာ၊  နက်ဝေါ့ခ် နည်းပညာ၊  စက်ရုပ်တီထွင်မှုနှင့် စက်မှုလုပ်ငန်း သုံးစက်ကိရိယာ၊ အပြည်ပြည်ဆိုင်ရာ စွန့်ဦးတီထွင်မှုများကို   အများဆုံး မြင်တွေ့ရသည်။ ထို့အပြင် ကဏ္ဍအလိုက် တီထွင် ဆန်းသစ်မှုများဖြစ်သည့် ဆောက်လုပ်ရေးကဏ္ဍတွင် ဉာဏ်ရည်တုစက်မှု နည်းပညာအသုံးချခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် စုပေါင်းအဆောက်အအုံများ တည်ဆောက်ခြင်းဆိုင်ရာ၊ မြို့ပြတည် ဆောက်ရေး  စီမံကိန်းစသည်တို့ကို တရုတ်နှင့် နိုင်ငံတကာဆောက်လုပ်ရေးလုပ်ငန်းများက ဆန်းသစ် ဖော်ထုတ်ထားသည့် ပြခန်းများပါဝင်သည်။

    ထို့အတူ   ငွေကြေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပြခန်းများ၌ ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာ၊ လူထုအကျိုးစီးပွား  စောင့်ရှောက်ခြင်းစီမံကိန်းများ၊ ဒစ်ဂျစ်တယ် ဘဏ်စနစ်များကို အဓိကပြသထား သကဲ့သို့   ယဉ်ကျေးမှုပြခန်းများ၌  နိုင်ငံတကာယဉ်ကျေးမှုစင်တာများ တည်ဆောက်ခြင်းဆိုင်ရာ စီမံ ကိန်းများကို မြင်တွေ့ရသည်။ ပြပွဲ၌  ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း မြင်တွေ့ရပြီး  တရုတ်နှင့် နိုင်ငံတကာတက္ကသိုလ်များ၏  နည်းပညာနှင့် သုတေသန  အောင်မြင်မှုများ၊ သက်မွေးပညာကျောင်းများ ပေါင်းစပ်ဖွံ့ဖြိုးနိုင်မှုနည်းလမ်းများနှင့် ပညာရေးအခွင့်အလမ်းအချို့ ထုတ်ဖော်ပြသထားသည်။ ကျန်းမာ ရေး၊    အားကစားနှင့် သယ်ယူပို့ဆောင်ရေး၊ စီးပွားရေး၊   လူထုအကျိုးပြုလုပ်ငန်းများအပြင် တရုတ်နိုင်ငံ ၏ ယဉ်ကျေးမှုလက်ရာများ  ဖော်ထုတ်ခြင်းစသည့် ဝန်ဆောင်မှုပြခန်းများစွာကိုလည်း ပြသထားသည်။

   ပြပွဲရက်များအတွင်း  နိုင်ငံတကာအဖွဲ့အစည်းများ၊  နိုင်ငံများနှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံမှ စီးပွားရေး မဟာဗျူဟာများကို ပေါင်းစပ်ကာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့နိုင်ရေး ဆန္ဒရှိကြောင်း၊  တရုတ်နိုင်ငံ မှပြည်နယ် မြို့တော်များနှင့်ဟောင်ကောင်၊ မကာအို၊ တရုတ်(တိုင်ပေ)တို့မှ  လုပ်ငန်းရှင်များလည်း ပူးပေါင်းပါဝင်ကြကြောင်း ဟောင်ကောင်တိုးတက်မှုပြခန်းတာဝန်ရှိသူကပြောသည်။ အဆိုပါပြပွဲကို  ၂၀၁၂ ခုနှစ်တွင် ပထမအကြိမ်  ကျင်းပခဲ့ပြီး ယခုအချိန်အထိ နိုင်ငံပေါင်း ၁၉၈ နိုင်ငံမှ  အပြည်ပြည်ဆိုင်ရာ စက်မှုလုပ်ငန်းများနှင့် လုပ်ငန်းရှင် ၁ ဒသမ ၁၉ သန်းခန့်ကို ပူးပေါင်းရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။

Source: ခင်ရတနာ                                                                                    

 Doca(ပြည်ထောင်စုနယ်မြေ)

BMW ရဲ့လျှပ်စစ်ကားများကို ပြောင်းလဲလာစေမယ့် ပုံစံအသစ်နဲ့ 2026 iX3

   BMW ကုမ္ပဏီက သူတို့အနေနဲ့ လျှပ်စစ်ကားထုတ်လုပ်မှုမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ လုပ်ဖို့စီစဉ်ထားပါတယ်။ သူတို့စီစဉ်ထားမှုအရ စတင်အကောင်အထည် ဖော်လိုက်တာက 2026 iX3 ဆိုတဲ့ လျှပ်စစ်ကားနဲ့ပါ။ 2026 iX3 က လန်းဆန်းတက်ကြွတဲ့ဒီဇိုင်း၊ ဆန်းသစ်လှ အတွင်းပိုင်းတို့နဲ့အတူ   ထွက်ပေါ်လာတာဖြစ်ပြီး   ဇိမ်ခံလျှပ်စစ်ကားဈေးကွက်ကို အရယူနိုင်ဖို့ကြိုးပမ်းလာပုံပါပဲ။

   အခုထုတ်ဖော်ပြသလိုက်တဲ့ လျှပ်စစ်ကားက မော်တာနှစ်လုံးနဲ့ လေးဘီးယက်စနစ်သုံး ကားဖြစ်ပြီး မြင်းကောင်ရေ ၄၆၃ ကောင်အားကိုထုတ်လုပ်ကာ သုညကီလိုမီတာမှ ၁၀၀ ကီလိုမီတာအထိကို ၄ ဒသမ၇ စက္ကန့်အတွင်း အရှိန်တင်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ အမြင့်ဆုံးသွားနိုင်တဲ့အမြန်နှုန်းက တစ်နာရီကို ၂၀၉ ကီလိုမီတာအထိရှိမှာပါ။ အတွင်းပိုင်းမှာဆိုရင် ဒက်ရှဘုတ်ကို Panoramic iDrive မြင်ကွင်းအသုံးပြုထားတဲ့ အတွက် သူ့ရဲ့အလျားက ယာဉ်မောင်း သူဘက်ကနေ ခရီးသည်ဘက်အထိရှည်လျားပြီး ပင်မထိန်းချုပ်ဖန်သားပြင်လည်း ပါဝင်ပါတယ်။

 

 

DOCA(ပြည်ထောင်စုနယ်မြေ)

 

သြဂုတ်လတွင် ဗြီတိန်နိုင်ငံ၏ လျှပ်စစ်ကားရှယ်ယာများ အမြင့်ဆုံးစံချိန်ထိ မြင့်တက်လျက်ရှိ

                ဗြိတိန်နိုင်ငံလျှပ်စစ်ကား (BEV) မှတ်ပုံတင်ခြင်းများသည် တစ်နှစ်ထက်တစ်နှစ် ၁၄.၉ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိရာ သြဂုတ်လတွင် ရှယ်ယာများသည်အမြင့်ဆုံးစံချိန်အဖြစ် ရောက်ရှိခဲ့ကြောင်း မော်တော်ကားထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးအဖွဲ့အစည်း (SMMT) မှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ စျေးကွက်ရှယ်ယာများသည် သြဂုတ်လ တွင် ၂၆.၅ ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိပြီး ၄ ကြိမ်မြောက်အမြင့်ဆုံးစံချိန်ဖြစ်ကြောင်း  SMMT အစီရင်ခံစာများအရ သိရပါသည်။ ယခုနှစ် ပထမ ၈ လအတွင်းတွင် ဗြီတိန်နိုင်ငံကားအသစ်စျေး ကွက်သည် ၂.၁ ရာခိုင်နှုန်းခန့် ချဲ့ထွင်နိုင်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လလယ်တွင် ဗြီတိန်နိုင်ငံ အစိုးရသည် ဓာတ်ငွေ့ထုတ်လုပ်မှု ကင်းစင်သောမော်တော်ကားများအသွင်သို့ကူးပြောင်းမှုကို ထောက်ပံ့ရန်နှင့် ရေရှည်တည်တံ့သော မော်တော်ကားထုတ်လုပ်မှုများကို နှိုးဆော်ခဲ့ကြောင်း သိရပါသည်။ အစိုးရသည် စုစုပေါင်းတန်ကြေး ပေါင် ၆၅၀ သန်း (အမေရိကန်ဒေါ်လာ ၈၇၈ သန်းခန့်) တန်ကြေးရှိသော ဓာတ်ငွေ့ထုတ်လုပ်မှုကင်းစင်သော မော်တော်ကားများကို တစ်စီး လျှင် ပေါင် ၃၇၀၀၀ အောက်တွင် ‌ရောင်းချနိုင်ရန်အတွက် စီစဥ်လျက်ရှိကြောင်း သိရပါသည်။

Source: Xinhua  

DOCA (ရန်ကုန်)                                                                     

သဘာဝဓာတ်ငွေ့ကို ဦးစားပေးရန်အတွက် ကောမတီဖွဲ့စည်းလိုက်သည့် ဖိလစ်ပိုင်နိုင်ငံမှ DOE

           ဖိလစ်ပိုင်နိုင်ငံ စွမ်းအင်ဦးစီးဌာန (DOE) သည် ပြည်ပတင်သွင်းထောက်ပံ့မှုထက် ပြည်တွင်း သဘာဝဓာတ်‌‌ငွေ့များအပေါ် အလေးထားလုပ်ဆောင်မှုအပေါ် ကြီးကြပ်ကွပ်ကဲရန်အတွက် အဆင့်မြင့် အကဲခတ်တွက်ချက်ရေးကော်မတီ (REC) အား ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း သိရပါသည်။ REC သည် သတ်မှတ်ထားသော သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ လိုက်လျောညီထွေရှိစေရန် ထောက်ပို့သူများမှ လက်ခံထားသော စျေးနှုန်းနည်း စနစ်များကို စောင့်ကြည့်ရန် ဆောင်ရွက်နေကြောင်း သိရပါသည်။ DOE ၏ လက်အောက်ရှိ စွမ်းအင်အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှု ဗျူရို (ERDB) နှင့် လောင်စာဆီခန့်ခွဲမှုဗျူရို (OIMB) တို့သည် အဆိုပါ ကော်မတီတွင် သဘာပတိအဖြစ် DOE မှ တစ်ခြားသော တရားဝင်စာ မထုတ်ပြန်ခင်အထိ ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ‌ကော်မတီတွင် ERDB နှင့် OIMB တို့ကို ကြီးကြပ်ကွပ်ကဲသည့် DOE မှ လက်ထောက်အတွင်းရေးမှူးဆိုသူက ကိုယ်စားသဘာပတိအဖြစ်လည်းကောင်း၊ ERDB၊ OIMB တို့က အဖွဲ့ဝင်များအဖြစ်လည်းကောင်း စသဖြင့် အသီးသီးပါဝင် ကြောင်းသိရပါသည်။ အဆိုပါ REC ကို နည်းပညာဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အ‌ထောက်အကူများ ထောက်ပံ့နိုင်ရန်အတွက် ERDB လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သော နည်းပညာဆိုင်ရာ အလုပ်သမားအဖွဲ့ ဖန်တီးမည့် ကြေညာစာတမ်းအား ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ လုပ်ဆောင်မှုသည် ဖိလစ်ပိုင်နိုင်ငံ၏ စွမ်းအင်တင်ပို့မှု မှီခိုမှုအား လျော့ချနိုင်ရန် ဖြစ်ကြောင်းသိရပါသည်။ ပြည်တွင်းသဘာဝဓာတ်ငွေ့များ အသုံးချခြင်းသည် သန့်စင်သော လျှပ်စစ်ထောက်ပံ့မှုများကို ပြုလုပ်နိုင်ရုံသာမက ခရီးရှည်တင်ပို့ဖြန့်ဖြူးရသည့် ကုန်ကျစရိတ်ကိုပါ သက်သာစေနိုင်ကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် လျှပ်စစ်ပစ္စည်း စျေးနှုန်းများကိုလျော့ကျ စေနိုင်ကြောင်း သိရပါသည်။

Source: Philstar

DOCA (ရန်ကုန်)                                                                                

၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်နိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဝတ်အစားတင်ပို့မှုများ ၁၄ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိ

           ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဝတ်အစားတင်ပို့သူများသည် အမေရိကန်နိုင်ငံသို့ တင်ပို့မှုများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အဆုံးသတ်တွင် အမြင့်ဆုံးစံချိန်သို့ရောက်ရှိခဲ့ကြောင်း အစီရင်ခံစာတင်ခဲ့ပြီး အဆိုပါမြင့်တက်ခြင်းသည် အဓိကအားဖြင့် တရုတ်နိုင်ငံမှ အလုပ်အော်ဒါများလက်ခံရရှိခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခင်နှစ် ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၇.၅၄ ဘီလီယံခန့်တန်ကြေးရှိသော အဝတ်အထည်များကို တင်ပို့ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၁၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း တင်ပြခဲ့ပါသည်။ အဆိုပါမြင့်တက်မှုများရှိသော်လည်း အမေရိကန်နိုင်ငံသို့တင်ပို့သော အဝတ်အထည်တင်ပို့မှုအားလုံး၏ ရှယ်ယာများသည် တစ်နှစ်ထက်တစ်နှစ် ၁၉.၁၈ ရာခိုင်နှုန်းခန့်သာ မြင့်တက်လျက်ရှိကြောင်း တင်ပို့မှုမြှင့်တင်ရေး ဗျူရို (EPB) ၏ ဖော်ပြချက်များအရ သိရပါသည်။ ၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်နိုင်ငံသို့ တင်ပို့မှုများ၏ အများစုသည် ရက်လုပ်ထားသော အဝတ်အထည်များသာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ တစ်ခုတည်းသော အကြီးမားဆုံးစျေးကွက်ဖြစ်ကြောင်း သိရပါသည်။ ရက်လုပ်အဝတ်အထည် တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၁၃ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါကာလအတွင် ဇာထိုးအထည် ပြုလုပ်သူများ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် အမေရိကန်ဒေါ်လာ ၂.၅၉ ဘီလီယံခန့် ၁၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ (EU) သည် တရုတ်နိုင်ငံပြီးနောက် ဒုတိယအကြီးမားဆုံး အဝတ်အထည် စျေးကွက်ဖြစ်သော တောင်အာရှနိုင်ငံများမှ ‌ရောင်းချသော အဝတ်အထည်များ၏ တစ်ဝက်ခန့်ကို ဝယ်ယူခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ဘဏ္ဍာနှစ်တွင် EU သို့တင်ပို့သော အဝတ် အထည်တင်ပို့မှုသည် ၉ ရာခိုင်နှုန်းခန့် အမေရိကန်ဒေါ်လာ ၁၉.၇ ဘီလီယံခန့် မြင့်တက်လာကြောင်း သိရပါသည်။ EU စျေးကွက်အတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပစ္စည်းများသည် အခွန် ကင်းလွတ်ခွင့်များရရှိပြီး ဂျာမနီနိုင်ငံသည် အဓိကပန်းတိုင်ဖြစ်ပြီး တစ်ခြားအလေး ထားတင်ပို့သော နိုင်ငံများမှာ စပိန်၊ ပြင်သစ်နှင့် နယ်သာလန်နိုင်ငံများဖြစ်ကြောင်း EFB ၏ ပြောကြားချက်များအရ သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဝတ်အထည်ရောင်းဝယ်ရေး၏ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး ဆိုသူ Mohiuddin Rubel က ကနဦးလုပ်ဆောင်ချက်အနေဖြင့် ပြည်တွင်း အဝတ်အထည်နှင့် အထည်အလိပ်များကို မြှင့်တင်ရမည်ဖြစ်ကြောင်းနှင့် ပြည်ပ စျေးကွက်၏ ပြောင်းလဲမှု အခြေအနေများကို အမြဲစောင့်ကြည့်နေရန် ပြောကြားခဲ့ကြောင်း သိရပါသည်။ Rubel က အမေရိကန်နိုင်ငံ၏ စီးပွားရေးသည်  EU ထက်ပိုမိုလျှင်မြန်စွာ ပြန်လည်  ကောင်းမွန်လာပြီဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အကျိုးရှိစေ သည့် တရုတ်နိုင်ငံမှ ငြင်းပယ်လိုက်သောပစ္စည်းများကို ဝယ်ယူလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံသို့တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၄၆ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိပြီး လက်လီရောင်းသူများ ယုံကြည်မှု ပြန်လည်ဖြစ်ပေါ်စေနိုင် ကြောင်း Envoy Textiles ကုမ္ပဏီမှ စီမံခန့်ခွဲ‌ရေးညွှန်းကြားရေးမှူးဆိုသူ Tanvir Ahmed က ပြောကြားခဲ့ပါသည်။

Source: The Daily Star

DOCA (ရန်ကုန်)                                                              

တရုတ်နိုင်ငံသို့ TSMC ၏ ချစ်ပ်ထုတ်လုပ်ရေးကိရိယာတင်ပို့မှုကို ကန့်သတ်လိုက်သည့် အမေရိကန်နိုင်ငံ

          အမေရိကန်နိုင်ငံ သမ္မတ Donald Trump ၏အစိုးရအဖွဲ့သည် တရုတ်နိုင်ငံသို့ လိုင်စင်မရှိဘဲ ချစ်ပ်ထုတ်လုပ်ရေးကိရိယာများတင်ပို့နေသည့် ထိုင်ဝမ်နိုင်ငံမှအကြီးစား Semiconductor ထုတ်လုပ်သည့် TSMC ၏ လုပ်ပိုင်ခွင့်အား ပြန်လည်ရုပ်သိမ်းခဲ့ပြီး အမေရိကန်နိုင်ငံတွင်း နည်းပညာဝင်ရောက်မှုများကို ကန့်သတ်မှုများပြု  လုပ်လျက်ရှိကြောင်း သိရပါသည်။  အဆိုပါ  လုပ်ဆောင်မှုသည် နိုင်ငံခြားလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သူများကို အမေရိကန်နိုင်ငံ ကုန်ပစ္စည်းများတင်ပို့ရန်နှင့် တရုတ်နိုင်ငံတွင် နည်းပညာလိုင်စင်များဖြင့် ချစ်ပ်ဆက်များ ပြုလုပ်ရန်အတွက် ခွင့်ပြုနိုင်မည့် တရားဝင်အသုံးပြုသူ (VEU) စီမံကိန်းကို အမေရိကန်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆုံးသတ်ရန်အတွက် ဖြစ်ကြောင်းသိရပါသည်။ TSMC သည် စမတ်ဖုန်းများ၊ Nvidia နှင့် Apple ကုမ္ပဏီများကဲ့သို့ ကုမ္ပဏီကြီးများတွင် အသုံးပြုသော ချစ်ပ်ဆက်များကို ထုတ်လုပ်သည့် ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီကြီးဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါကုမ္ပဏီသည် ၎င်း၏ ထိုင်ဝမ်နိုင်ငံတွင်သာ အဓိကထား၍ ထုတ်လုပ်လျက်ရှိ ကြောင်းသိရပါသည်။ ထိုင်ဝမ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံ ၏ လုပ်ဆောင်မှုသည် စက်ရုံများ၏ အနာဂတ်လည်ပတ်မှုများတွင် အကျိုးသက်ရောက်မှုများဖြစ် စေနိုင်မည်ဟု မျှော်မှန်းကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါဝန်ကြီးဌာနသည် TSMC ၏ Nanjing စက်ရုံသည် ၎င်းတို့စုစုပေါင်းချစ်ပ်ဆက်ထုတ်လုပ်မှု၏ ၃ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ် နိုင်ခဲ့ကြောင်း ထောက်ပြခဲ့ပါသည်။ စက်တင်ဘာလ ၅ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဌာန၏ စက်မှုလုပ်ငန်းနှင့် လုံခြုံရေးဗျူရိုက VEU တွင် မူလပါဝင်သူများသည် ဖက်ဒရယ် မှတ်ပုံတင်ခြင်းတွင် တင်ပို့လိုင်စင် လျှောက်လွှာတင်ရန်နှင့် ခွင့်ပြုမိန့်ရရှိရန်အတွက် ရက်ပေါင်း ၁၂၀ ခန့် အချိန်ရရှိကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါဗျူရိုသည် လိုင်စင်များကို ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို တရုတ်နိုင်ငံအခြေစိုက်စက်ရုံများတွင် ဆက်လက်လည်ပတ်နိုင်ရန် အတွက်သာခွင့်ပြုမည်ဖြစ်ပြီး ၎င်းတို့၏ ထုတ်လုပ်မှုချဲ့ထွင်ရန်နှင့် နည်းပညာအဆင့်မြှင့်တင်ရန်အတွက် လိုင်စင်များကို ထုတ်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Daily Star

DOCA (ရန်ကုန်)                                                                       

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ