Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြန့်‌‌ဝေမှု အမေရိကန်ဒေါ်လာ ၁၅.၄ ဘီလီယံ ရရှိခဲ့သည့်ဗီယက်နမ်

ဇန်နဝါရီ-ဩဂုတ် ကာလတွင် ဗီယက်နမ်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ဖြန့်ဝေမှု အမေရိကန် ၁၅.၄ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့််နှိုင်းယှဉ်ပါက ၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း နိုင်ငံတော်စာရင်းအင်းရုံး(NSO) ၏ အဆိုအရ သိရပါသည်။ ၎င်းသည် ၅ နှစ်တာကာလအတွင်း အမြင့်ဆုံး ၈ လတာကာလရရှိမှုဖြစ်ကြောင်း သိရပါသည်။ စုစုပေါင်းပမာဏထဲမှ ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍသည် အမေရိကန် ဒေါ်လာ ၁၂.၅၇ ဘီလီယံဖြင့် အမြင့်မားဆုံး ‌ဝေစုရရှိခဲ့ပြီး စုစုပေါင်း FDI ဖြန့်‌ဝေမှုရရှိမှု၏ ၈၁.၆ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။ ၎င်း၏နောက်တွင် အိမ်ရာမြေကဏ္ဍက အမေရိကန်ဒေါ်လာ ၁.၂၄ ဘီလီယံ( ၈ ရာခိုင်နှုန်း) နှင့် လျှပ်စစ်၊ ဂတ်စ်၊ ရေထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့က အမေရိကန် ဒေါ်လာ ၅၆၃.၆ သန်း( ၃.၇ ရာခိုင်နှုန်း) ဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။ NSO ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၆.၁၄ ဘီလီယံတန်ဖိုးရှိသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၇.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုကာလအတွင်း စုစုပေါင်း မှတ်ပုံတင်ခဲ့သည့် FDI ထဲမှ လိုင်စင်သစ်ချပေးသည့်စီမံကိန်း ၂၅၃၄ ခုမှာ အမေရိကန်ဒေါ်လာ ၁၁.၀၃ ဘီလီယံ၊ မတည်ငွေထပ်တိုးခြင်းမှာ အမေရိကန်ဒေါ်လာ ၁၀.၆၅ ဘီလီယံနှင့် မတည်ငွေတွင် ပူးပေါင်းပါဝင်ခြင်းနှင့် ရှယ်ယာဝယ်ယူခြင်းမှာ အမေရိကန် ဒေါ်လာ ၄.၄၆ ဘီလီယံရှိကြောင်း သိရပါသည်။ ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြုင်ထုတ်လုပ်ခြင်း လုပ်ငန်း နယ်ပယ်မှာ အမေရိကန်ဒေါ်လာ ၁၃.၆၄ ဘီလီယံဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး စုစုပေါင်း တန်ဖိုး၏ ၅၉.၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ၎င်း၏နောက်တွင်အိမ်ရာမြေ ကဏ္ဍက စုစုပေါင်းတန်ဖိုး၏ ၂၁.၅ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ထိုကာလအတွင်း လိုင်စင်သစ်ချပေး ခဲ့သည့် နိုင်ငံနှင့်ဒေသပေါင်း ၇၈ ခုအနက် စင်ကာပူသည် အမေရိကန်ဒေါ်လာ ၃.၀၆ ဘီလီယံဖြင့် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူအဖြစ်ရပ်တည်နေပြီး ၎င်း၏နောက်တွင် တရုတ်က အမေရိကန် ဒေါ်လာ ၂.၆၅ ဘီလီယံ၊ ဆွီဒင်ကအမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့် ဂျပန်က အမေရိကန်ဒေါ်လာ ၈၇၈ သန်းဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ထို ၈ လတာ ကာလအတွင်း ဗီယက်နမ်၏ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄၂၆.၅ သန်းတန်ဖိုးဖြင့် စီမံကိန်းအသစ်အရေအတွက် ၁၀၈ ခုရှိပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃ ဆ နီးပါး မြင့်တက်ခဲ့ကြောင်း သိရပါသည်။  တည်ရှိပြီးစီမံကိန်း ၂၁ ခုတွင် မတည်ငွေပြင်ဆင်မှုမှာ ထပ်တိုးအမေရိကန်ဒေါ်လာ ၁၂၉.၇ သန်းတန်ဖိုးရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

ဗီယက်နမ်၏သကြားထုတ်လုပ်မှုဒေသတွင်းထိပ်တန်းအဆင့်တွင် ဆက်လက်ရပ်တည်

၂၀၂၄-၂၀၂၅ ကောက်ရိတ်သိမ်းရာသီတွင် ဗီယက်နမ်သည် သကြားအထွက်နှုန်း တစ်ဟတ်တာလျှင် ၆.၆၉ တန် ဖြင့် ဒေသတွင်းဦးဆောင်သူအဖြစ်ဆက်လက်ရပ်တည်နေကာ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အစရှိသည့် အဓိကထုတ်လုပ်သူများအား ကျော်ဖြတ်နိုင်ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် စက်တင်ဘာလ ၅ ရက်နေ့ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄-၂၀၂၅ ရာသီသီးနှံစိုက်ပျိုးမှုပြန်လည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ရာသီအတွက်  အစီအစဉ်များ ဆွေးနွေးခြင်း ကွန်းဖရန့်တွင် ဗီယက်နမ်ကြံနှင့်သကြားအသင်း (VSSA) ဥက္ကဌ Nguyen Van Loc က ဗီယက်နမ် ၏ သကြားစက်များသည် ဇွန်လတွင် ကြိတ်ခွဲမှုပြီးမြောက်ခဲ့ပြီးဖြစ်ပြီး သကြား တန်ချိန် ၁.၂၆ သန်း ကျော်ထုတ်လုပ်နိုင်ကာ ၂၀၂၃-၂၀၂၄ ရာသီနှင့်နှိုင်းယှဉ်ပါက ၁၄.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ လည်ပတ်နေသည့်သကြားစက်များထံမှ အသင်းက စုဆောင်းထားသည့်အချက်အလက်များအရ ၂၀၂၄-၂၀၂၅ ရာသီတွင် စုစုပေါင်းကြံစိုက်ပျိုးခဲ့သည့် ဧရိယာမှာ ၁၈၉၃၆၀ ဟတ်တာအထိရောက်ရှိခဲ့ပြီး အထွက်နှုန်းမှာ တန်ချိန် ၁၂.၄၂၉ သန်းနီးပါးထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ နောက်ဆုံးအထွက်နှုန်းအရ စိုက်ပျိုးမှုနည်းစနစ်များတိုးမြှင့်ခြင်း ဆီသို့ဆက်လက်အသွင်ကူးပြောင်းနေခြင်းနှင့် မြင့်မားသောအထွက်နှုန်းနှင့် ပိုမိုကောင်းမွန် သောအရည်အသွေးအပေါ် အဓိကထားနေသည်ကို ပြသနေကြောင်း သိရပါသည်။ ပျမ်းမျှကြံ ဈေးနှုန်းတစ်တန်လျှင် ဗီယက်နမ်ဒေါင် ၁.၂-၁.၃ သန်းနှင့်အတူ လုပ်ငန်းနယ်ပယ်သည် ကြံစိုက်ပျိုး သည့်အိမ်ထောင်စုပေါင်း ၂၂၅၀၀၀ ကျော်၏လူမှုဘဝတိုးတက်ရေးကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရပါ သည်။ ထိုအချက်သည် စိုက်ပျိုးသည့်ဧရိယာတိုးချဲ့ရန်နှင့် လွန်ခဲ့သည့် ၅ ရာသီဆက်တိုက်ကြံနှင့် သကြားအထွက်နှုန်းစဉ်ဆက်မပြတ်မြင့်တက်ရန် ကူညီပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅-၂၀၂၆ ရာသီအတွက် အသင်းသည် စုစုပေါင်း တစ်ရက်လျှင်ကြံ ၁၂၄၀၀၀ တန်ကြိတ်ခွဲနိုင်စွမ်းရှိ သည့် သကြားစက် ၂၅ ခုဆက်လက်လည်ပတ်ရန် မျှော်မှန်းထားကြောင်း သိရပါသည်။ အထွက်နှုန်းမှာ ကြံတန်ချိန် ၁၃.၃၄ သန်းမှ သကြားတန်ချိန် ၁.၃၇ သန်းထွက်ရှိကာ ၂၀၂၄-၂၀၂၅ ရာသီထက် ၈.၂၄ ရာခိုင်နှုန်းမြင့်တက်ရန်မျှော်မှန်းရကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

စင်္ကာပူသည် ကမ္ဘောဒီးယားတွင် AI ဆန်းသစ်တီထွင်မှုစင်တာ တည်ထောင်ရန် စူးစမ်းရှာဖွေ

   စင်္ကာပူနိုင်ငံ၊ အမျိုးသားတက္ကသိုလ် (NUS) သည် ကမ္ဘောဒီးယားတွင် ဉာဏ်ရည်တု ဆန်းသစ်တီထွင်မှုစင်တာ သို့မဟုတ် နိုင်ငံ၏ဆန်းသစ်တီထွင်မှုစွမ်းရည်ကို အားကောင်း လာစေရန်နှင့် ကမ္ဘာ့ဈေးကွက်များသို့ရောက်ရှိရန်နှင့် ကမ္ဘောဒီးယားလုပ်ငန်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်၍ ကမ္ဘောဒီးယားတွင် ဉာဏ်ရည်တုဆိုင်ရာ ဆန်းသစ်တီထွင်မှုစင်တာ သို့မဟုတ် ဉာဏ်ရည်ထက်မြက်သော လုပ်ငန်းဆောင်ပစ္စည်းများအတွက် အဖွဲ့အစည်းတစ်ခု တည်ထောင် ရန် စူးစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ဝန်ကြီးချုပ် Hun Manet ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည့် ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီး Hang Chuon Naron နှင့် NUS မှ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင် ပါမောက္ခ Konstantin Novoselov တို့အကြား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ Novoselov က အစည်းအဝေး၏ အဓိက ရည်ရွယ်ချက်နှစ်ရပ်ကို ရှင်းလင်းပြောကြားခဲ့ပြီး NUS ၏ ပူးတွဲသုတေသန စီမံကိန်းများ၊ ကျောင်းသားဖလှယ်ရေးနှင့် ပညာသင်ဆုအစီအစဉ်များတွင် သိပ္ပံနည်းကျစွမ်းရည်ရှိသော ထူးချွန်သော ကမ္ဘောဒီးယားလူငယ်များကို ခွဲခြားသတ်မှတ်ရန်၊ ဆန်းသစ်တီထွင်မှုနှင့် ကမ္ဘာ့စင်မြင့်တွင် ကမ္ဘောဒီးယားလုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည့် AI ဆန်းသစ်တီထွင်မှု စင်တာ တည်ထောင်ရန် အလားအလာများကို စူးစမ်းလေ့လာရန်အတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Hang Chuon Naron က ကမ္ဘောဒီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးတွင် အကျိုးစီးပွားအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ သည်။  အစိုးရကျောင်းများနှင့် တက္ကသိုလ်များရှိ သိပ္ပံနှင့်ပတ်သက်သည့် စီမံကိန်းများစွာကို ရှင်းလင်းပြေားကြားခဲ့သည်။  Chuon Naron က ပညာရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယား လူငယ်များအတွက် ဆန်းသစ်တီထွင်သော Project-Based Learning ချဉ်းကပ်မှုကို အသုံးပြု၍ STEM သင်ရိုးညွှန်းတမ်းတွင် ပေါင်းစပ်ခြင်းဖြင့် သိပ္ပံပညာရေးမြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက်နေကြောင်းဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ခေတ်သစ်တစ်ခုဖြစ်သည့် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စတင်ဖွင့်လှစ်

  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်တွင်းပြည်ပခရီးသည်များ အား တရားဝင်စတင်ဝန်ဆောင်မှုပေးသည့် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ငန်းများ အောင်မြင်စွာစတင်နိုင်ရေးအတွက် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet မှ ဦးဆောင်းဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲ အခမ်းအနားတွင်  လေကြောင်းကဏ္ဍသည် ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံရေး ကွန်ရက်များနှင့် ဘက်စုံလုပ်ငန်းဆောင်ရွက်ခြင်းများကို ချိတ်ဆက်ရန် နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်ကြောင်း Hun Manet က ပြောကြားခဲ့သည်။  နိုင်ငံတော်ဝင်ငွေ၏ အဓိကရင်းမြစ်တစ်ခု အနေဖြင့် အဆိုပါ လေဆိပ်အသစ်အား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်၊ သံတမန်ဆက်ဆံရေး ခိုင်မာစေရန်နှင့် အခြားနေရာများကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံသည် ခရီးသွားလာသူများ အထူးသဖြင့် ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သူများအတွက် ချိတ်ဆက်မှုပိုမိုကောင်းမွန်လာစေရန်အတွက် ၎င်း၏ နိုင်ငံတကာလေဆိပ်များကို တိုးချဲ့ပြင်ဆင်ကာအဆင့်မြှင့်တင်ခဲ့ကြောင်း ထပ်လောင်းပြောကြား ခဲ့သည်။ Kandal ခရိုင်နှင့် Takeo ခရိုင်တွင်နှစ်ခုအကြားတွင်တည်ရှိသော Techo အပြည်ပြည် ဆိုင်ရာလေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံအတွက် သမိုင်းဝင်မှတ်တိုင် အသစ်တစ်ခုဖြစ်ပြီး ကန်ဒေါ်လာ ၁.၅ ဘီလီယံခန့် အကုန်အကျခံကာ တည်ဆောက်ထားကာ လေဆိပ်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လေကြောင်းကွန်ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရပ်တည်ချက်ကို အားကောင်းစေမည့် ကမ္ဘာ့တံခါးပေါက်သစ်ဖြစ်လာရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ် Hun Manet  ကဆက်လက်ပြောကြားခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ လေကြောင်း ပို့ဆောင်ရေး၀န်ကြီး Dr.Mao Havannal နှင့် ခရီးသွား၀န်ကြီး Huot Hak တို့တက်ရောက်ခဲ့ကြသည်။

DOCA(ရန်ကုန်)

ငွေကြေးအငြင်းပွားမှုဖြေရှင်းရေး အဆင်ပြေချောမွေ့စေရန် နားလည်မှုစာချွန်လွှာ MoU ရေးထိုး

   အငြင်းပွားမှုဖြေရှင်းရေး အမျိုးသားအာဏာပိုင်အဖွဲ့ (NAADR)၊ ကမ္ဘောဒီးယားနိုင်ငံရှိ ဘဏ်များအသင်း (ABC) နှင့် ကမ္ဘောဒီးယားအသေးစားငွေရေးကြေးရေးအသင်း (CMA) တို့သည် ဘဏ်လုပ်ငန်းကဏ္ဍတွင် ထိရောက်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မြှင့်တင်ရန် နားလည်မှုစာချွန်လွှာ (MoU လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Chin Malin၊ NAADR ၏ အမြဲတမ်းလက်ထောက်ညွှန်ကြားရေးမှူး Rath Sophorn နှင့် CMA ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ Dith Nita တို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့က ဖနွမ်းပင်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြ သည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ် (NBC) ၏ ဘဏ်လုပ်ငန်းကြီးကြပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Em Kamnan မှ NAADR ၏ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ၊ ငွေကြေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၀) ခန့် တက်ရောက်ခဲ့ကြသည်။  ၆-၉-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပူးတွဲသတင်း ထုတ်ပြန်ချက်များအရ အဆိုပါ နားလည်မှုစာချွန်လွှာသည် ဘဏ်နှင့်ဘဏ္ဍာရေးကဏ္ဍတွင် စေ့စပ်ညှိနှိုင်းရေးနှင့် အငြင်းပွားမှုဖြေရှင်းရေးကဏ္ဍတွင် ခိုင်မာအားကောင်းစေရန် ရည်ရွယ်ပြီး အဖွဲ့အစည်းသုံးခုအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ နားလည်မှုစာချွန်လွှာအရ NAADR ၏ အငြင်းပွားမှုဖြေရှင်းရေးအရာရှိများအပြင် အသင်းအဖွဲ့နှစ်ရပ်လုံး၏ အဖွဲ့ဝင်အဖွဲ့အစည်းများမှ သက်ဆိုင်ရာအရာရှိများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရာတွင် (၃)ဖွဲ့ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။ ယင်းတွင် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်မှုများ တိုးမြှင့်ပေးခြင်းအပြင် တရားရုံးပြင်ပအငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပါဝင်သည်။ CMA သည် ၎င်း၏တရားဝင်မီဒီယာအကောင့်မှတစ်ဆင့် ကမ္ဘောဒီးယားဘဏ္ဍာရေးကဏ္ဍ၏ ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်အရ တာဝန်ယူမှု ရှိသော ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးမည့် သဘောတူညီချက်သည် ပိုမိုကောင်းမွန်သော စားသုံးသူ ကာကွယ်ရေးကိုမြှင့်တင်ရန် မျှော်လင့်ထားကြောင်း အလေးပေးဖော်ပြခဲ့သည်။ CMA သည် ယခင်က ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေးကဏ္ဍအတွက် ကျင့်ဝတ်စည်းကမ်းတစ်ရပ်ကို မိတ်ဆက် ခြင်း၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းရေးယန္တရားကို တည်ထောင်ခြင်း၊ ချေးငွေစာချုပ်စံနှုန်းများ သတ်မှတ်ခြင်းနှင့် စားသုံးသူအကာအကွယ်ပေးရေးတို့ကို အဓိကထား ဆောင်ရွက်သည့် စီမံကိန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် စွမ်းအင်အကူးအပြောင်းသို့ အရှိန်အဟုန်ကြီးမားစွာ တိုးတက်

   ကမ္ဘောဒီးယားနိုင်ငံသည် မကြာသေးမီက နောက်ထပ်လေစွမ်းအင်ဆိုင်ရာ စီမံကိန်းနှစ်ခု၏ အတည်ပြုချက်ဖြင့် ၎င်း၏ သန့်ရှင်းသောစွမ်းအင် အသွင်ကူးပြောင်းမှုတွင် အရှိန်အဟုန်ဖြင့်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ခေတ်သစ်ကို အချက်ပြနေသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ ထုတ်ပြန်ချက်များအရ လေစွမ်းအင်ဆိုင်ရာ နောက်ထပ် လေစွမ်းအင်ဆိုင်ရာ ပဏာမခြေလှမ်း နှစ်ခုကို၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် အတည်ပြုခဲ့ကြောင်း သိရသည်။ တပ်ဆင်အင်အား ၃၀၀ မဂ္ဂါဝပ်ရှိ အဆိုပါ စီမံကိန်းနှစ်ခုသည် Mondulkiri ပြည်နယ်တွင်တည်ရှိသည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (EDC) ၏ ညွှန်ကြားရေးမှူးချုပ် Prang Chulsa ၏ ပြောကြားချက်အရ Mondulkiri ပြည်နယ်အတွင်း လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၅၀ မဂ္ဂါဝပ်ကို ၂၀၂၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ Mondulkiri ပြည်နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းကို ပြင်သစ်ကုမ္ပဏီ Blue Circle မှ စီမံဆောင်ရွက်လျက်ရှိသည်။ လေအားလျှပ်စစ်စီမံကိန်းအသစ် မိတ်ဆက်ခြင်းသည် ရေအား လျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ကို အလွန်အမင်းမှီခိုနေရသည့် ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် မဟာဗျူဟာမြောက် လှုပ်ရှားမှု တစ်ခုဖြစ်သည်။  ရေအားလျှပ်စစ်ထုတ်လုပ်မှု အနိမ့်ဆုံးကာလဖြစ်သည့် ခြောက်သွေ့ရာသီတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သောကြောင့် လေအားလျှပ်စစ်သည် အထူးတန်ဖိုးရှိကြောင်း ထုတ်ပြန်ထားသည်။ စွမ်းအင်ဝန်ကြီး Keo Ratanak က လေအားလျှပ်စစ် ပေါင်းစပ်ခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စွမ်းအင်ထောက်ပံ့မှုကို အားကောင်းစေပြီး ၎င်း၏ စီးပွားရေး လျင်မြန်စွာ ကြီးထွားလာမှုအတွက် ပိုမိုအကျိုးပြုစေကာ ရေရှည်တည်တံ့ခိုင်မြဲစေကြောင်း အလေးပေး ပြောကြားခဲ့သည်။ လက်ရှိ ကမ္ဘောဒီးယားတွင် စွမ်းအင်အရင်းအမြစ် ၅,၀၀၀ မဂ္ဂါဝပ်ကျော်ရှိပြီး ၆၀ ရာခိုင်နှုန်းခန့်သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်၊ ဇီဝလောင်စာနှင့်   နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများဖြစ်ကြသည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားသည် ပထမ ၈ လအတွင်း ရင်းနှီးမြှုပ်နှံမှုတွင် ကန်ဒေါ်လာ ၇.၂ ဘီလီယံကို ခွင့်ပြုခဲ့ကြောင်း Chanthol မှ ပြောကြား

   ၂၀၂၅ ခုနှစ်၊ ပထမ (၈) လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ကန်ဒေါ်လာ ၇.၂ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းပေါင်း ၄၉၁ ခုကိုအတည်ပြုခဲ့ပြီး  စီမံကိန်း အရေအတွက်သည် ယခုနှစ်ကုန်တွင် ပိုမိုမြင့်တက်လာဖွယ်ရှိပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် ၄၀၀,၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ (၁) Sun Chanthol က ၈-၉-၂၀၂၅  ရက်နေ့တွင် ကျင်းပခဲ့ သည့် ၂၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ ကုန်စည်ပြပွဲ (CIFIT) ဖွင့်ပွဲအခမ်းအနားတွင် ၎င်း၏ အဓိက အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ မိန့်ခွန်းတွင် Chanthol သည် Belt and Road Initiative ၏ ရည်ရွယ်ချက်များကိုမြှင့်တင်ရင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် CIFIT  2025 အား လက်ခံကျင်းပပေးသည့် တရုတ်နိုင်ငံအစိုးရအား ကျေးဇူးတင်ရှိကြောင်း ချီးကျူးစကား ပြောကြားခဲ့သည်။  ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံတန်ဖိုးရှိ စီမံကိန်းပေါင်း ၄၁၄ ခုကို အတည်ပြုခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း တိုးလာကြောင်း Chanthol က မှတ်ချက်ပြုခဲ့သည်။  အဆိုပါ အခမ်းအနားတွင် Chanthol က ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၅၀ ခုနှစ်တွင် ဝင်ငွေမြင့်မားသောနိုင်ငံဖြစ်လာရန် ရည်မှန်းထားပြီး ဆိုလာစွမ်းအင်၊ စနစ်ကျသော စိုက်ပျိုးရေး၊ သန့်ရှင်းသော သယ်ယူပို့ဆောင်ရေးနှင့် အခြားသော ထွန်းသစ်စကဏ္ဍများတွင် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဦးစားပေးကဏ္ဍများနှင့်အတူ ကမ္ဘောဒီးယား၏ မျှော်မှန်းချက်များကို ထပ်လောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား-ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး ဆက်ဆံမှု ပိုမိုအားကောင်းလာရန် ယာယီနိုင်ငံတော် အကြီးအကဲ မျှော်လင့်

 ကမ္ဘောဒီးယားနိုင်ငံတော် အကြီးအကဲ Hun Sen က ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံ  တို့သည် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း လာမည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော် အလည်အပတ်ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ Ferdinand Romualdez Marcos Jr. နှင့် Hun Sen တို့ ၉-၉-၂၀၂၅ ရက်နေ့၊ နံနက်က ငြိမ်းချမ်းရေးနန်းတော်၌ ထိပ်သီးတွေ့ဆုံမှုတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အထက်လွှတ်တော် ပြောရေးဆိုခွင့် ရှိသူ Chea Thyrith က ပြောသည်။ အဆိုပါ အခမ်းအနားတွင် Hun Sen သည် Marcos Jr. နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့အား နှုတ်ခွန်းဆက်စကား ပြောကြားပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အထူးသဖြင့် ကုန်သွယ်မှုနှင့်ခရီးသွားလုပ်ငန်းတွင် ချဲ့ထွင်နိုင်မည်ဟု အကောင်းမြင်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံမှ Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်ကို ၉-၉-၂၀၂၅  ရက်နေ့တွင် စတင်ဖွင့်လှစ် အသုံးပြုမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ခရီးသွားများ တိုးပွားလာစေရန် ဝင်ပေါက်တစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း Hun Sen  က မှတ်ချက်ပြုခဲ့သည်။ Marcos Jr လေဆိပ်သစ်သည် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးရုံ သာမက ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ပြည်သူများအကြား ပိုမိုခိုင်မာသော ချိတ်ဆက်မှုကိုလည်း မြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံမှုအတွင်း ဟွန်ဆန်က လက်ရှိ ကမ္ဘောဒီးယား-ထိုင်းနယ်စပ် တင်းမာမှုများအကြောင်း Marcos Jr ကို ရှင်းလင်းပြောကြားခဲ့ပြီး နယ်စပ်ပဋိပက္ခအတွက် ငြိမ်းချမ်းစွာဖြေရှင်းနည်းများ အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ဖိလစ်ပိုင်နိုင်ငံမှ ပံ့ပိုး ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ 

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းစေရန် ကတိပြု

 ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုမြင့်မားလာစေရန် ကတိပြုခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၀န်ကြီးချုပ် Hun Manet နှင့် ဖိလစ်ပိုင်သမ္မတ Ferdinand Romualdez Marcos Jr. တို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ ငြိမ်းချမ်းရေးနန်းတော်၌ ၈-၉-၂၀၂၅ ရက်နေ့တွင် နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံစဉ် ကတိ ကဝတ်ပြုခဲ့ခြင်းဖြစ်သည်။ Hun Manet က ဖိလစ်ပိုင်နိုင်ငံသမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အတွင်း နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း၊  နှစ်နိုင်ငံအကြား အဆင့်မြင့် ခရီးစဉ်များ ဖလှယ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန်နှင့် မြှင့်တင်ရန် ၎င်းတို့၏ ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးတွဲကတိကဝတ်များကို သက်သေပြကြောင်း ပြောကြားခဲ့သည်။  ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ကောင်းမွန်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်မှုကို အလေးထားကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် အပြန်အလှန်လေးစားမှုနှင့် အကျိုးစီးပွားမျှဝေရေးအခြေခံမူများကို အခြေခံထားသည့် ဖိလစ်ပိုင် နိုင်ငံနှင့် ကာလရှည်ကြာ ဆက်ဆံရေးအတွက် အလွန်အရေးကြီးကြောင်း Hun Manet က အလေးပေးပြောကြားခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် Ferdinand Romualdez Marcos Jr. က ကမ္ဘောဒီးယားတော်ဝင်အစိုးရနှင့် ကမ္ဘောဒီးယားပြည်သူများအား နွေးထွေးပျူငှာပျူငှာစွာ ဧည့်ဝတ်ပြုမှုအတွက် ဝန်ကြီးချုပ်အား ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအပေါ် အလေးပေး ပြောကြားခဲ့သည့် Hun Manet ၏ သဘောထား မှတ်ချက်များနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကဲ့သို့သော အဓိကနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု များကို အလေးထား ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ ခေါင်းဆောင်များသည် လုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင်နှင့် ပြည်သူချင်းဆက်သွယ်မှု အပါအဝင် ဦးစားပေးကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ခိုင်မာစေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် လေကြောင်းဝန်ဆောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ အဆင့်မြင့်ပညာရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် နိုင်ငံဖြတ်ကျော်မှုခင်းနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမှတ်တမ်းဖလှယ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ 

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့သည် CIFIT 2025 တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများကို ဆွေးနွေး

ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ (၁) Sun Chanthol သည် ကုမ္ပဏီ ၁၇ ခုမှ ကိုယ်စားလှယ်အဖွဲ့အားဦးဆောင်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရှာဖွေရန်နှင့် စက်တင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ တရုတ်နိုင်ငံသို့ Fujian ပြည်နယ်၊ Xiamen မြို့၌ ကျင်းပသည့် ၂၅ ကြိမ်မြောက် China International Fair for Investment and Trade (CIFIT) သို့ သွားရောက်တွေ့ဆုံခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့အား Fujian ပြည်နယ် အုပ်ချုပ်ရေးမှူး Zhao Long မှ လက်ခံတွေ့ဆုံခဲ့ကြောင်း Chanthol က ၇-၉-၂၀၂၅ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ တွေ့ဆုံစဉ် Zhao က CIFIT တွင် ကမ္ဘောဒီးယား၏ ပူးပေါင်းပါဝင်မှုကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုအတွက် တရားမျှတသော ပလက်ဖောင်းအဖြစ် မြှင့်တင်ရန် တရုတ်သမ္မတ Xi Jinping ၏ ကြိုးပမ်းမှုများကို အလေးပေးပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့အကြား အထူးသဖြင့် Fujian ပြည်နယ်တို့အကြား ဆက်ဆံရေးသည် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုတွင် ပိုမိုအားကောင်းလာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။  Chanthol က ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့၏ ပူးပေါင်းပါဝင်မှု အထူးသဖြင့် ကမ္ဘောဒီးယား ကုမ္ပဏီ ၁၇ ခု၏ ပါဝင်မှု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး တရုတ်ရင်းနှီးမြှုပ်နှံသူများ နှင့် မိတ်ဖက်ဆက်ဆံရေး အခွင့်အလမ်းများ တိုးမြှင့်ပေးရန်၊ ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက်ပံ့ပိုးပေးမှုအတွက် တရုတ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ တရုတ် နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတွင် ကမ္ဘောဒီးယား၏ အကြီးဆုံးမိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများကို တိုးချဲ့ဖို့ တရုတ်အစိုးရရဲ့အားပေးမှုကို ကျေးဇူးတင်ရှိကြောင်းနှင့် အထူးသဖြင့် CIFIT ပလက်ဖောင်းမှတဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ရင်းနှီးမြှုပ်နှံသူများ ဆွဲဆောင်ဖို့ ဒီအကူအညီကို ဆက်လက်တောင်းဆိုပါကြောင်း Chanthol  ကဆက်လက်ပြောကြားခဲ့သည်။ အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် Chanthol က ကမ္ဘောဒီးယားနိုင်ငံတွင် လမ်းနှင့်တံတားများတည်ဆောက်ရာတွင် တရုတ်၏အကူအညီအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။  ကမ္ဘောဒီးယားနှင့် တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ပထမ (၇) လတွင် ကန်ဒေါ်လာ ၁၁ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန (GDCE) ၏ နောက်ဆုံးစာရင်းများအရ သိရသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ