Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

စားအုန်းဆီကြမ်း တစ်တန်လျှင် ရင်းဂစ် ၄၅၀၀ အထိ ဈေးနှုန်းရရှိရန် မလေးရှား မျှော်မှန်း

     ကမ္ဘာ့စားသုံးဆီဈေးကွက်ခိုင်မာမှုနှင့် ရောင်းလိုအားအပိုင်း မရေရာမှုများရှိနေခြင်း တို့အရ မလေးရှား  စားအုန်းဆီကြမ်း (CPO) စျေးနှုန်းသည် မကြာမီကာလအတွင်း တစ်တန်လျှင် ရင်းဂစ် ၄၂၀၀ နှင့် ရင်းဂစ် ၄၅၀၀ ကြားနှုန်းထားဖြင့် အရောင်းအ၀ယ်ဖြစ်နိုင်ဖွယ်ရှိသည်ဟု မလေးရှား စားအုန်းဆီကောင်စီ (MPOC) ၏ ပြောကြားချက်အရ သိရကြောင်း The Edge Malaysia သတင်း ဌာနက စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖော်ပြထားသည်။

     အဓိကအားဖြင့် အင်ဒိုနီးရှားမှ စားအုန်းဆီကိုလည်းကောင်း၊ အမေရိကန်နှင့် ဘရာဇီးတို့မှ ပဲပုပ်ဆီကိုလည်းကောင်း ဇီဝဒီဇယ်ထုတ်လုပ်မည့်မူဝါဒများ အသီးသီးချမှတ်လုပ်ကိုင်ခြင်းကြောင့် တင်ပို့ရန်အတွက် စားသုံးဆီများ ပေးသွင်းနိုင်မှုမှာ မသေချာမရေရာမှုများ ရှိနေချိန်၌ စားအုန်းဆီ ဈေးနှုန်းအတက်ဘက်သို့ ဖြစ်ပေါ်နိုင်မှုမှာ အဓိကဈေးကွက်များမှ ဝယ်လိုအားနည်းပါးခြင်းကြောင့် ကန့်သတ်ချက်ရှိနေသည်။

     ထို့အပြင် ရေနံစိမ်းစျေးနှုန်းများသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၀ (၂၅၂.၃၆ ရင်းဂစ်) ဝန်းကျင်တွင် တည်ငြိမ်လျက်ရှိနေခဲ့ပြီး တန်ဖိုးမြင့်တက်မည့် အရိပ်အခြေရှိနေသဖြင့် ဟင်းသီးဟင်းရွက်ဆီများ ဈေးနှုန်းခိုင်မာမှုကို ထပ်လောင်းပံ့ပိုးပေးလျက်ရှိကြောင်း စက်တင်ဘာ လ ၂၂ ရက်(တနင်္လာနေ့)တွင် MPOC က ထုတ်ပြန်ခဲ့သည်။

     မလေးရှား၏ စားအုန်းဆီ သိုလှောင်မှုလက်ကျန်မှာ ဩဂုတ်လတွင် တန်ချိန် ၂.၂၀ သန်း အထိ မြင့်တက်ခဲ့သည်။ ထုတ်လုပ်မှုအနေဖြင့် တန်ချိန် ၄၃၀၀၀ ပိုမိုတိုးတက်လျက် တန်ချိန် ၁.၈၅ သန်းအထိ ရှိလာသော်လည်း တင်ပို့မှုအနေဖြင့် တန်ချိန် ၁.၃၂ သန်းသာရှိခဲ့သည့်အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း၌ အမြင့်ဆုံးလက်ကျန်ပမာဏသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ စားအုန်းဆီလက်ကျန် များပြားမှုရှိသော်လည်း ဟင်းသီးဟင်းရွက်ဆီဈေးကွက်၌ ရောင်းလိုအား တင်းကျပ်မှု ကျယ်ပြန့်စွာဖြစ်ပေါ်လျက်ရှိရာ စျေးနှုန်းများ ဆက်လက်ခိုင်မာနေပြီး စားအုန်းဆီ ကဏ္ဍမှ ဝင်ငွေသည် တတိယသုံးလပတ်တွင် ၁၀.၉ ရာခိုင်နှုန်း တိုးတက်မှုဖြင့် ဦးဆောင်ခဲ့သည်။

     ရှေ့အနာဂတ်ကို မျှော်ကြည့်ရာတွင် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားသည် ၂၀၂၆ ခုနှစ်၌ ထုတ်လုပ်မှုထက်သာလွန်မည်ဟု ခန့်မှန်းရပြီး အဓိကစျေးကွက်များတွင် ချမှတ်ထားသည့် ဇီဝဒီဇယ်ထုတ်လုပ်မှု မူဝါဒများက တင်ပို့နိုင်မှုကို ပိုမိုကန့်သတ်နိုင်သည်ဟု MPOC ကထပ်လောင်း ပြောကြားခဲ့သည်။

     စားအုန်းဆီ ထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ရာသီအလိုက် ကျဆင်းလာမည် ဖြစ်ပြီး  ယင်းအခြေအနေက ကုန်လက်ကျန်များပြားမှုဖိအားကို သက်သာစေလျက် ဈေးနှုန်းများ ကောင်းမွန်မှုကိုပါ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဇီဝဒီဇယ်၌ စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောနှောအသုံးပြုမည့် အစီအစဉ်ကို အစိုးရက တိုးမြှင့်လုပ်ဆောင်ပါက အင်ဒိုနီးရှား၏ တင်ပို့နိုင်မည့် စားအုန်းဆီပမာဏသည် ဖြစ်နိုင်ခြေရှိသော အရေအတွက်အောက်သို့ ကျဆင်းသွား နိုင်သည်။ အဆိုပါအချက်များသည် ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းများကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း အထိ ဆက်လက်ထိန်းထားနိုင်ဖွယ်ရှိသည်ဟု MPOC ကဆိုသည်။

     အမေရိကန်နှင့် အာဂျင်တီးနားနိုင်ငံတို့ရှိ လယ်သမားများသည် အမြတ်အစွန်း ပိုမိုရရှိသော သီးနှံများကို ပြောင်းလဲစိုက်ပျိုးသောကြောင့် ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှုသည် ၂၀၂၄-၂၅ ခုနှစ်တွင် တန်ချိန် ၂၇ သန်းထိ တိုးတက်ထုတ်လုပ်ခဲ့ရာမှ ၂၀၂၅-၂၆ ခုနှစ်၌ တန်ချိန် ၂.၅ သန်းခန့် သိသာစွာ လျော့နည်းနိုင်ပြီး ထုတ်လုပ်မှု နှေးကွေးသွားဖွယ်ရှိသည်။

    ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့ (CBOT) တွင် လက်ရှိ ပဲပုပ်စေ့ဈေးနှုန်းသည် အမေရိကန် ၏ ပဲပုပ်စေ့ ၁ ဘူရှယ် (ပေါင် ၆၀) ထုတ်လုပ်မှုကုန်ကျစရိတ် ၁၁.၀၃ အမေရိကန်ဒေါ်လာ အောက် သို့ လျော့နည်းလျက် ၁ ဘူရှယ်လျှင် ၁၀.၄၀ အမေရိကန်ဒေါ်လာနှုန်းရှိနေကြောင်း အမေရိကန် ပဲပုပ်အသင်း၏ အချက်အလက်များကို ကိုးကားလျက် MPOC က မှတ်ချက်ပြုပြောကြားသည်။

    ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှုသည် စားသုံးမှုထက် ပိုလျှံနေဦးမည်ဖြစ်သော်လည်း ကုန်လက်ကျန်ပမာဏ စုပုံလာမှုသည် လွန်ခဲ့သည့်သုံးနှစ်နှင့်နှိုင်းယှဉ်ပါက သိသိသာသာ နှေးကွေးမည်ဟု မျှော်လင့်ရပြီး ပဲပုပ်စျေးနှုန်းများကျဆင်းသွားစေနိုင်သည့်ဖိအားများကို လျှော့ချ နိုင်သည်ဟု MPOC က ဆိုသည်။

     စားသုံးဆီ အဓိကတင်သွင်းသောနိုင်ငံများတွင် ဟင်းသီးဟင်းရွက်ဆီ သိုလှောင်မှုမှာလည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီသိုလှောင်မှုမှာ ၂၀၂၅ ခုနှစ် မေလတွင် တန်ချိန် ၁.၃၃ သန်းသာရှိခဲ့ရာ သြဂုတ်လတွင် တန်ချိန် ၁.၈၆ သန်းသို့ရောက်ရှိပြီး ၄၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံတွင် ဟင်းသီးဟင်းရွက်ဆီသိုလှောင်မှုမှာ ၂၀၂၅ ခုနှစ် မေလမှ စတင်၍ မြင့်တက်လာခဲ့ပြီး သြဂုတ်လတွင် တန်ချိန် ၂.၄ သန်းအထိ ရောက်ရှိခဲ့ရာ ယခင်နှစ်ထက် ၂၁ ရာခိုင်နှုန်းပိုမိုခဲ့သည်။ တရုတ်နိုင်ငံ၏စားအုန်းဆီသိုလှောင်မှုမှာလည်း စက်တင် ဘာလလယ်အထိ တန်ချိန် ၆၄၆,၀၀၀ ခန့်ရှိပြီး တင်သွင်းရန် မလိုအပ်ပဲ ၃ လစာ ရောင်းလိုအားနှင့် ညီမျှကြောင်း သတင်းရရှိပါသည်။ 

Source: The Edge Malaysia, 22th Sept 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘာစမာတီမဟုတ်သောဆန်တင်ပို့မှု မဖြစ်မနေ မှတ်ပုံတင်ရန် အိန္ဒိယအစိုးရ အမိန့်ထုတ်ပြန်

     ဘာစမာတီမဟုတ်သောဆန်များကို ပြည်ပသို့တင်ပို့ရာတွင် အကောက်ခွန်ဌာနထံမှ ခွင့်ပြုချက်မရယူမီ ဆန်တင်ပို့မှု အရောင်းအဝယ်စာချုပ်များကို လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) ထံ၌ မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရန် အိန္ဒိယအစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

    စက်တင်ဘာ ၂၄ ရက်နေ့၌ အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၂၅-၂၆ တွင် ဘာစမာတီမဟုတ်သော ဆန်များ ပြည်ပသို့ တင်ပို့မှုနှင့် စပ်လျဉ်း၍ မူဝါဒအသစ် ထပ်တိုးလျက် ပြင်ဆင်ခြင်းဖြစ်ပြီး APEDA အာဏာပိုင်ထံ၌ စာချုပ်များ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း၊ ယခုအမိန့်သည် လက်ငင်း အာဏာသက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

     အိန္ဒိယအစိုးရသည် ပြည်တွင်း၌ ရောင်းလိုအား တည်ငြိမ်မှုရှိစေရေးအတွက် ဘာစမာတီ မဟုတ်သောဆန်ဖြူ တင်ပို့မှုကို ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်၍ ပိတ်ပင်တားမြစ်ထားရာမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Source: Informist Media, 24 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၅ ဧပြီမှ ဩဂုတ်အတွင်း အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုတန်ဖိုး ၅၀ ရာခိုင်နှုန်းကျော် ကျဆင်း

   အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံဝယ်ယူတင်သွင်းမှုမှာ ယခင်နှစ်၌ စံချိန်တင်မြင့်မားခဲ့သော်လည်း မကြာသေးမီ လများအတွင်း ဝယ်လိုအားနည်းပါးမှုနှင့် ဈေးနှုန်းများကျဆင်းမှုတို့အရ တင်သွင်းမှု နှေးကွေးလျော့နည်းလာခဲ့ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

    အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ယခုနှစ် ဧပြီလမှ ဩဂုတ်လ အတွင်း ပဲမျိုးစုံတင်သွင်းမှုတန်ဖိုးသည် ဒေါ်လာ ၈၄၁.၁၁ သန်းရှိပြီး ယခင်နှစ်ကာလတူ၌ တင်သွင်း ခဲ့မှုတန်ဖိုး ဒေါ်လာ ၁.၇၆၂ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရ သည်။ ယခင်နှစ် ဩဂုတ်လ၌ ဒေါ်လာသန်း ၃၂၀ တန်ဖိုးရှိသော ပဲမျိုးစုံ တင်သွင်းခဲ့မှုနှင့် နှိုင်းယှဉ် ပါက ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၁၁၄.၈၇ သန်းသို့ ကျဆင်းခဲ့ပြီး ၆၄ ရာခိုင်နှုန်းအထိ လျော့နည်းလျက်ရှိသည်။

    ယခုနှစ် ဧပြီလမှ ဇူလိုင်လအထိ အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုတွင် ပဲစင်းငုံမှအပ ကျန်ပဲများ အားလုံး တင်သွင်းမှုလျော့ကျခဲ့သည်။ အဆိုပါကာလအတွင်း မတ်ပဲတင်သွင်းမှုသည် တန်ချိန် ၂.၃၀ သိန်းရှိပြီး ယခင်နှစ်ကာလတူ၌ တင်သွင်းခဲ့သော တန်ချိန် ၂.၅၆ သိန်းနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင် နှုန်း ကျဆင်းခဲ့သည်။ စားတော်ပဲဝါ တင်သွင်းမှုမှာလည်း တန်ချိန် ၂.၇၃ သိန်းသာရှိပြီး ယခင်နှစ် အလားတူကာလ တင်သွင်းခဲ့မှု တန်ချိန် ၉.၃၂ သိန်းအပေါ် ၇၁ ရာခိုင်နှုန်းအထိ လျော့နည်းခဲ့သည်။

    ဧပြီလမှ ဇူလိုင်လအထိ ကာလအတွင်း ကုလားပဲတင်သွင်းမှုမှာ ၂၇၈၀၂ တန်သာရှိပြီး ၅၂ ရာခိုင်နှုန်း ကျဆင်းကြောင်း၊ ပဲနီလေး တင်သွင်းမှုမှာလည်း တန်ချိန် ၁.၇၆ သိန်းဖြင့် ၃၇ ရာခိုင်နှုန်း လျော့ကျကြောင်း၊ သို့သော် ပဲစင်းငုံတင်သွင်းမှုမှာ ၆ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၂.၉၂ သိန်း ရှိ ကြောင်း သိရှိရသည်။

    ပဲမျိုးစုံ ကုန်သွယ်ရောင်းဝယ်သည့် Igrain India ကုမ္ပဏီမှ လုပ်ငန်းရှင် Rahul Chauhan က ၎င်းတို့အနေဖြင့် ယခင်ဘဏ္ဍာနှစ်၌ ပဲမျိုးစုံကို စံချိန်တင် တင်သွင်းခဲ့ကြောင်း၊ ဝယ်လိုအား လျော့နည်းလာချိန်တွင် ပဲမျိုးစုံဝယ်ယူရရှိလွယ်မှုမှာ ပြည်တွင်းထုတ်လုပ်မှုနှင့်အတူ တိုးတက်လာ ခဲ့ကြောင်း၊ ရလဒ်အားဖြင့် ပြည်ပမှတင်သွင်းမှုမှာ နှေးကွေးကျဆင်းလာခြင်းဖြစ်ကြောင်း၊ ထို့အပြင် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများ၌ ဈေးနှုန်းများ ကျဆင်းမှုအရ အိန္ဒိယ ဆိပ်ကမ်းအရောက် တန်ဖိုးသည်လည်း လျော့ကျလျက်ရှိကြောင်း ပြောဆိုခဲ့သည်။

    ယခုနှစ် မိုးသီးနှံရာသီ၌ အိန္ဒိယ၏ ပဲမျိုးစုံ စိုက်ပျိုးမှုအခြေအနေမှာ စက်တင်ဘာ ၁၂ ရက် နေ့အထိ ဧရိယာ ဟက်တာပေါင်း ၁၁၈ သိန်း စိုက်ပျိုးထားရှိပြီး ယခင်နှစ်ကာလတူ၌ စိုက်ပျိုးနိုင်ခဲ့ သည့် ဟက်တာ ၁၁၇.၂၅ သိန်းထက် အနည်းငယ်ကျော်လွန်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် ဩဂုတ်လ နှင့် စက်တင်ဘာလများအတွင်း မိုးလွန်ကဲစွာ ရွာသွန်းမှုများကြောင့် ပဲတီစိမ်းနှင့် မတ်ပဲတို့ကဲ့သို့ သော ပဲမျိုးများမှာ အထွက်ထိခိုက်ဖွယ်ရှိနေကြောင်း သိရှိရသည်။

Source: The Hindu Business Line, 19 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်တင်သွင်းမှု ဆိုင်းငံ့သည့်ကာလကို ဖိလစ်ပိုင် တိုးမြှင့်ဖွယ်ရှိ

      ဖိလစ်ပိုင်နိုင်ငံ၌ စပါးဈေးနှုန်းများ တိုးတက်ကောင်းမွန်လာခဲ့ပြီးနောက် လက်ရှိချမှတ်လုပ် ဆောင်လျက်ရှိသော ဆန်တင်သွင်းမှု ၂ လကြာဆိုင်းငံ့ခြင်းကို ဆက်လက်၍ ကာလတိုးမြှင့်သွား ဖွယ်ရှိသည်ဟု စိုက်ပျိုးရေးဦးစီးဌာနက စက်တင်ဘာ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

      စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ၎င်းအနေဖြင့် ကိန်းဂဏန်း အချက်အလက်များ အတည်ပြုခြင်းမပြုမီ ဆန်တင်သွင်းမှု ပိတ်ပင်ထားမည့်ကာလကို အနည်းဆုံး ၁၅ ရက်မှ ရက် ၃၀ အထိ တိုးမြှင့်သွားရန် သမ္မတထံသို့ အကြံပြုတင်ပြလိုကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

    စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော ရက် ၆၀ ကြာ ဆန်တင်သွင်းမှု ဆိုင်းငံ့သည့်အမိန့်ကို သမ္မတ Ferdinand Marcos Jr. က ဩဂုတ်လ၌ ထုတ်ပြန်ခဲ့သည်။ ထိုစဉ်က ဈေးနှုန်းချိုသာသည့် ဆန်များတင်သွင်းမှုကြောင့် လယ်ကွင်းမှ ရိတ်သိမ်းရောင်းချသည့် စပါးများ ၏ ဈေးနှုန်းများမှာ ထုတ်လုပ်မှုကုန်ကျစရိတ်၏ အောက်သို့ လျော့နည်းကျဆင်းရခြင်းဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာနက ပြောဆိုခဲ့သည်။

    စပါး ၁ ကီလိုဂရမ်၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၁၄ ပီဆိုနှုန်း ဝန်းကျင်ရှိပြီး လုပ်ငန်း ကျွမ်းကျင်မှုရှိသော တောင်သူများအတွက် ထုတ်လုပ်မှုစရိတ်သည် စပါး ၁ ကီလိုဂရမ်လျှင်  ၁၂ ပီဆိုနှုန်း၏ အောက်၌ရှိကြောင်း၊  ဆန်တင်သွင်းမှုကို ဆိုင်းငံ့ခြင်းမပြုမီ၌ စပါးအစို ဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၈ ပီဆိုမှ ၁၀ ပီဆိုနှုန်းထားအထိ ကျဆင်းခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတောင်ပိုင်း Mindanao ကျွန်း၏ အချို့နေရာများတွင် ၁ ကီလိုဂရမ်လျှင် ၁၇ ပီဆိုနှုန်းအထိ မြင့်တက်လာပြီဖြစ် ကြောင်း၊ Isabela နှင့် Nueva Ecija ကဲ့သို့သော ပြည်နယ်များ၌ ၁ ကီလိုဂရမ်လျှင် ၁၃ ပီဆိုမှ ၁၄ ပီဆိုအတွင်း ဈေးနှုန်းမြင့်တက်လာကြောင်း၊ ထိုသို့ဈေးနှုန်းမြင့်တက်လာမှုများသည် လယ်သမား အများစုအတွက် အကျိုးဖြစ်ထွန်းမှု မရှိသေးသော်လည်း တိုးတက်မှုရရှိလာခြင်းဖြစ်ကြောင်း Mr. Tiu Laurel က ပြောဆိုခဲ့သည်။

     ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနသည် ဆန်တင်သွင်းမှု ပိတ်ပင်ထားခြင်းကို ကာလလျှော့ချ မည် သို့မဟုတ် တိုးမြှင့်မည် ဟူသည့် အကြံပြုချက်ကို စက်တင်ဘာလ မကုန်ဆုံးမီ တင်ပြသွား ဖွယ်ရှိသည်။ ဆန်အကောက်ခွန်နှုန်းထား သတ်မှတ်ခြင်း ဥပဒေ ၂၀၁၉ ကို ပြင်ဆင်လျက် ဆန် တင်သွင်းမှုပမာဏ စီမံခန့်ခွဲခြင်းနှင့် ဈေးကွက်ထိန်းချုပ်ခြင်း ကဲသို့သော အချို့သော ကြီးကြပ်မှု လုပ်ငန်းရပ်များကို အမျိုးသား စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့သို့ ပြန်လည်အခွင့်အပ်နှင်းသည့် ပြင် ဆင်မှုများအား ပြုလုပ်သင့်ကြောင်း အဆိုပါဦးစီးဌာနက ထပ်လောင်းပြောကြားထားပါသည်။

    အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့တွင် မကြာသေးမီက ခေါင်းဆောင်မှုအပိုင်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့မှုသည် စိုက်ပျိုးရေးကော်မတီများ၏ သဘာပတိဦးစီးလုပ်ဆောင်မှု များအပေါ် သက်ရောက်မှုမရှိသဖြင့် အဆိုပါ ဥပဒေပြင်ဆင်ခြင်းကို အထောက်အကူပြုလိမ့်မည် ဖြစ်ကြောင်း၊ ၎င်းအနေဖြင့်  အထက်လွှတ်တော် စိုက်ပျိုးရေးကော်မတီနှင့် အောက်လွှတ်တော် စိုက်ပျိုးရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်တွေ့ဆုံလျက် အဆိုပြုထားသည့် ပြင်ဆင်ချက်များကို အပြီးသတ် အတည်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း Mr. Tiu Laurel က ပြောကြား ခဲ့ပါသည်။

Source : Manila Times, 20 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပြောင်းတင်သွင်းရာ၌ တောင်ယာမီးရှို့မှုမရှိကြောင်း အထောက်အထားတင်ပြရန် စည်းကမ်းချက် ထိုင်းအစိုးရ ချမှတ်

      ထိုင်းနိုင်ငံသည် PM2.5 အမှုန်အမွှားအဆင့် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို လျှော့ ချရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီသော ကုန်သွယ်ရေးစံသတ်မှတ်ချက်အသစ် ချမှတ်ရန် ရည်ရွယ်၍ စိုက်ခင်းတွင် သီးနှံကြွင်းကျန်များကို မီးရှို့သော နေရာများမှ တင်သွင်းသည့် ပြောင်းကို တားမြစ်သွားမည်ဟု သိရသည်။

       ထိုင်းနိုင်ငံသည် နှစ်စဉ် ပြည်တွင်း၌ ပြောင်းတန်ချိန် ၄ သန်းမှ ၅ သန်းအထိ ထုတ်လုပ် သော်လည်း တိရစ္ဆာန်အစာထုတ်လုပ်မှုအတွက် လိုအပ်ချက်မှာ တန်ချိန် ၉ သန်းခန့်ရှိကြောင်း၊ နှစ်စဉ် ပြည်ပမှ ပြောင်းတန်ချိန် ၂ သန်းခန့် တင်သွင်းရန် လိုအပ်ပြီး ၎င်းအနက် ၉၀ ရာခိုင်နှုန်းခန့် ကို မြန်မာနိုင်ငံမှလည်းကောင်း၊ ကျန်ရာခိုင်နှုန်းများကို လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ လည်း ကောင်း တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

      နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Duangarthit Nidhi-u-tai က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ပြောင်းတင်သွင်းသူများအနေဖြင့် ၎င်းတို့ဌာနတွင် နှစ်စဉ်မှတ်ပုံတင်ကြရမည်ဖြစ်ပြီး တင်သွင်းသည့် ပြောင်းများ၏ အရင်းအမြစ်သည် လယ်ယာ လုပ်ငန်း အကြွင်းအကျန်များအား မီးရှို့မှုမပြုသော  တောင်ယာစိုက်ခင်းများမှဖြစ်ကြောင်း အတည် ပြု သက်သေခံချက် တင်ပြရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

      ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစတင်၍ လေထုသန့်ရှင်းမှုဥပဒေကြမ်းနှင့် ဆက်စပ်ဥပဒေများကို ပြဋ္ဌာန်းပြီးစီးချိန်အထိ ကြားကာလအတွင်း ပြောင်းတင်သွင်းသူများ အနေဖြင့် ၎င်းတို့၏ကုန်စည် များအတွက် မိမိကိုယ်တိုင်အတည်ပြုခြင်း သို့မဟုတ် တင်ပို့သည့်နိုင်ငံမှ အစိုးရအဖွဲ့အစည်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုအဖွဲ့အစည်းများ၏ သက်သေခံလက်မှတ် ပြသခြင်း ဖြင့် လုပ်ကိုင်ခွင့်ရှိမည် ဖြစ်သည်။

     ပြောင်းတင်သွင်းသူများသည် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များနှင့် ပြောင်း စိုက်ပျိုးသည့် တောင်ယာများ၏ ပထဝီဝင်တည်နေရာ အသေးစိတ်ပါဝင်သော မှတ်တမ်းများကို ထိန်းသိမ်းထားရမည်ဖြစ်ပြီး ယင်းသို့ပြုလုပ်ခြင်းအားဖြင့် မူလအရင်းအမြစ်အထိ စနစ်တကျ ခြေရာ ကောက်နိုင်မည် ဖြစ်သည်။

      လေထုသန့်ရှင်းမှုဥပဒေ (မူကြမ်း) စတင်အာဏာသက်ရောက်ပါက ပိုမိုတင်းကျပ်သည့် စံချိန်စံညွှန်းများဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ အနာဂတ်ကာလ ပြောင်းတင်သွင်း မှုများတွင် တင်ပို့သည့်နိုင်ငံမှ အသိအမှတ်ပြုလက်မှတ်ရအဖွဲ့အစည်း၏ သက်သေခံချက်နှင့်အတူ စိုက်ပျိုးထုတ်လုပ်သော မြေနေရာများ၏ မြေပုံများကို ပူးတွဲပြသရန် လိုအပ်မည်ဖြစ်သည်။

      အဆိုပါဥပဒေအသစ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အာဏာသက်ရောက် နိုင်ရေး စီစဉ်ဆောင်ရွက်မှုနှင့်အတူ အစိုးရအဖွဲ့သစ်ထံ အတည်ပြုချက်ရယူနိုင်ရေး တင်ပြသွားမည် ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Duangarthit က ဖော်ပြခဲ့သည်။

Source: Bangkok Post, 23 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

IC-CEPA အကောင်အထည်ဖော်ပြီးချိန်မှစ၍ အင်ဒိုနီးရှား-ချီလီ ကုန်သွယ်ရေးဆက်လက်ကြီးထွား

   အင်ဒိုနီးရှားဒုတိယကုန်သွယ်ရေးဝန်ကြီး Roro Esti က အင်ဒိုနီးရှား-ချီလီဘက်ပေါင်းစုံ စီးပွားရေးမိတ်ဖက်သဘောတူညီချက် (IC-CEPA) အကောင်အထည်ဖော်ပြီးချိန်မှစ၍ နှစ်နိုင်ငံ ကြား ကုန်သွယ်ရေးဆက်လက်ကြီးထွားခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သည့်ချီလီ-အင်ဒိုနီးရှားကုန်သွယ်ရေး ချိတ်ဆက်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် Esti က နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ဆက်ဆံရေးအားကောင်းခဲ့ကြောင်း၊ ၎င်းသည် မိတ်ဖက်ဖွဲ့မှုနောက်တွင် နှစ်နိုင်ငံကြားတင်ပို့မှုတန်ဖိုးများ မြင့်တက်လာမှု၏ သက်သေ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ IC-CEPA သဘောတူညီချက်မရရှိမီက နှစ်နိုင်ငံကုန်သွယ်ရေး မှာ အမေရိကန်ဒေါ်လာ ၃၀၄ သန်းသာရှိရာမှ အကောင်အထည်ဖော်ပြီးနောက်တွင် အမေရိကန် ဒေါ်လာ ၄၄၆ သန်းထိမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Esti က၎င်းသည် အပြန်အလှန်ဆက်ဆံ ရေးတွင် စာမျက်နှာသစ်တစ်ခုဖြစ်ခဲ့ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုကို ကျော်လွန်၍ ဗိသုကာပညာ၊ အင်ဂျင်နီယာပညာ၊ ဆောက်လုပ်ရေး၊ ကြေးနန်းဆက်သွယ်ရေးများ၊ ဖြန့်ဖြူးရေး၊ ခရီးသွားကဏ္ဍ၊ စွမ်းအင်၊ သတ္တုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် ကဏ္ဍများသို့ ပူးပေါင်း ဆောင်ရွက်မှုတိုးချဲ့နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ချီလီ၏ ပို့ကုန် မြှင့်တင်ရေးအေဂျင်စီဖြစ်သည့် ProChile ကနှစ်နိုင်ငံစလုံးမှ မူဝါဒချမှတ်သူများနှင့် ကုန်သွယ်ရေး ဦးဆောင်သူများကြားကျင်းပသည့် အစည်းအဝေးသည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်နှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များရှာဖွေရန် ရည်ရွယ်ကြောင်း အသားပေးပြောကြားခဲ့ပါသည်။ ၎င်းသည် စီးပွားရေးသံတမန်ရေးတွင် ယုံကြည်မှု၊ အရည်အသွေး နှင့် ဆန်းသစ်တီထွင်မှုတို့၏ အခန်းကဏ္ဍကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ProChile ၏ ညွှန်ကြားရေးမှူးချုပ် Ignacio Fernandez က အာဆီယံနိုင်ငံများ အထူးသဖြင့် အင်ဒိုနီးရှားနှင့် ကုန်သွယ်ရေးအားကောင်းခြင်းသည် အစားအစာ၊ အကောင်းစားဝိုင်၊ ဝန်ဆောင်မှုများ၊ နည်းပညာ နှင့် အနုပညာများအတွက် ချီလီ၏ပို့ကုန်ဈေးကွက်များကွဲပြားရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၇၁.၉ သန်း ရှိပြီး အင်ဒိုနီးရှားကကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂၀၁.၉ သန်းရရှိခဲ့ကြောင်း သိရ ပါသည်။

DOCA (ရန်ကုန်)

အရည်အသွေးမြင့်သစ်တော်သီးများ ဗီယက်နမ်သို့တင်ပို့ခဲ့သည့် တောင်ကိုရီးယား

   တောင်ကိုရီးယား၏ Jeonbuk Agricultural Cooperative နှင့် Jeonju Horticultural Cooperative တို့သည် ဗီယက်နမ်သို့ ၂၀၂၅ ရာသီသစ်တော်သီး ပထမအသုတ်တင်ပို့သည့် အခမ်း အနားကို စက်တင်ဘာလ ၉ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ ပမာဏ ၁၆.၂ တန်နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၀၀၀ ရှိသည့် ပထမအသုတ်တင်ပို့မှုကို ဟိုချီမင်းမြို့တော်နှင့် ဟနွိင်း အစ ရှိသည့် ဗီယက်နမ်၏ အဓိကမြို့တော်များတွင် ဖြန့်ဖြူးမည်ဟု သိရပါသည်။ အေးမြသော ရာသီ ဥတုနှင့် မြင့်မားသောအရပ်ရှိသည့် Lai Chau ၊Lao Cai ၊ Ha Giang နှင့် Cao Bang ကဲ့သို့သော မြောက်ပိုင်းရှိ တောင်တန်းထူထပ်သောပြည်နယ်များတွင် အနည်းငယ်စိုက်ပျိုးနိုင်သော်လည်း ဗီယက်နမ်၏ရာသီဥတုသည် သစ်တော်သီးစိုက်ပျိုးရန် ယေဘူရအားဖြင့် မသင့်တော်ကြောင်း သိရ ပါသည်။  သို့သော် ပြည်တွင်းစိုက်ပျိုးသည့်သစ်တော်သီးများမှာ ရိတ်သိမ်းရာသီတိုတောင်းခြင်းနှင့် အအေးခန်းသိုလှောင်မှုမရှိပါက ပုပ်သိုးလွယ်သောကြောင့် အရွယ်အစားသေးငယ်ကြောင်း သိရပါ သည်။ Jeonbuk Agricultural Cooperative နှင့် Jeonju Horticultural Cooperative တို့သည် လည်း ၎င်းတို့၏သစ်တော်သီးများအား ဗီယက်နမ်ဈေးကွက်တွင် အရည်အသွေးမြင့်သစ်သီး အဖြစ် ရပ်တည်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ တင်ပို့သူများသည်လည်း သစ်သီး၏ အထူးချိုမြိန်မှု၊ လတ်ဆတ်မှုနှင့် တင်းကျပ်သည့်စံနှုန်းများလိုက်နာမှု အပေါ် အသားပေးပြောကြား ခဲ့ကြောင်း သိရပါသည်။ ရှေ့ဆက်၍လည်း cooperative များသည် တန်ချိန် ၂၀၀ ရှိသော သစ်တော်သီးများကို ထိုင်းနှင့် အင်ဒိုနီးရှားအစရှိသည့် အခြားအရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့ကာ ဒေသတွင်းတိုးချဲ့ရန် စီစဉ်နေကြောင်း သိရပါသည်။ Jeonju Horticultural Cooperative ၏ ဥက္ကဌဖြစ်သူ Lim Jong-gyeong က ထိုတင်ပို့မှုသည် စိုက်ပျိုးရေးသမားများနှင့် cooperative များကြား ပူးပေါင်းအားထုတ်မှုကိုရောင်ပြန်ဟပ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ ထံမှ ပြင်းထန်သောယှဉ်ပြိုင်မှုရှိနေသော်လည်း Jeonbuk သစ်တော်သီးများသည် ၎င်းတို့၏ မြင့်မားသောအရည်အသွေးနှင့် အစားအစာလုံခြုံစိတ်ချရမှုတို့ကြောင့် အရှေ့တောင်အာရှ ဈေးကွက်တွင် ဦးဆောင်ရန်မျှော်မှန်းရကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

အသေးစားနှင့် အလတ်စားလုပ်ငန်းစင်တာများပိုမိုဖွင့်လှစ်ရန် ဘာလီအား ဝန်ကြီးတိုက်တွန်း

   အင်ဒိုနီးရှားစက်မှုဝန်ကြီး Agus Gumiwang Kartasamita က ပြည်တွင်းထုတ်လုပ်မှု အားကောင်းရန်နှင့် လက်မှုပညာသည်များကို ပံ့ပိုး‌ပေးရန်အတွက် အသေးစားနှင့် အလတ်စား လုပ်ငန်းစင်တာကွန်ယက်များတိုးချဲ့ရန် ဘာလီပြည်နယ်အစိုးရအား စက်တင်ဘာလ ၆ ရက်နေ့က တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Taman Budaya Art Center တွင် ကျင်းပပြုလုပ်သည့် IKM Bali Bangkit ပြပွဲတွင် ဝန်ကြီးက ဘာလီတွင် လတ်တလော ငွေထည်စင်တာနှင့် ဝါးထုတ်ကုန် စင်တာတို့ပါဝင်သည့် IKM စင်တာ ၄ ခုပိုင်ဆိုင်ထားကြောင်း၊ ၎င်းတို့သည် အင်ဒိုနီးရှားနိုင်ငံ တစ်ဝှမ်း IKM စင်တာများစွာတည်ထောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဘာလီတွင် ၄ ခုရှိသည်ကိုနားလည် သော်လည်း အုပ်ချုပ်ရေးမှူး Wayan Koster က ထပ်တိုးစင်တာများအတွက် ပြင်ဆင်မှုစတင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက အသေးစားလုပ်ငန်းရှင်များသည် ပိုမိုကြီးမား သည့် ပံ့ပိုးမှုလိုအပ်ကြောင်း အထူးသဖြင့် ဘဏ္ဍာရေး၊ ဈေးကွက်ရောက်ရှိမှုနှင့် တပ်ဆင်သည့် စက်ပစ္စည်းများခေတ်မီရေးတို့တွင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကုန်ထုတ်လုပ်မှုစွမ်းရည်နှင့် ထုတ်ကုန်အရည်အသွေးတိုးတက်ခြင်းသည် အင်ဒိုနီးရှား၏စီးပွားရေးတွင် အလွန်အရေးပါသည့် ကဏ္ဍတွင်ရှိနေသည့် IKM ကဏ္ဍကြီးထွားမှုအတွက် အရေးပါကြောင်း သိရပါသည်။ ကျယ်ပြန့် သောဒေသလက်မှုပစ္စည်းများပါဝင်ပြသခဲ့သည့် Bali Bangkit ပြပွဲသို့လည်ပတ်မှုအတွင်း ဝန်ကြီး သည် ပန်းချီများ၊ လက်ဝတ်ရတနာများနှင့် အခြားလက်လုပ်ထုတ်ကုန်များပါဝင်သည့် များစွာ သောပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးသည် အရည်အသွေးမြင့် ကုန်ပစ္စည်း များ အရောင်းမြှင့်တင်ရန် ဒေသဆိုင်ရာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အမွှမ်းတင် ပြောကြားခဲ့ပြီး ထိုကနဦးဆောင်ရွက်မှုများသည် ဘာလီထုတ်ကုန်များ၏ပုံရိပ်ကိုမြှင့်တင်ရန် ကူညီပေးနိုင်ပြီး ကျယ်ပြန့်သောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပူးပေါင်းပါဝင်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးနှင့် ၎င်း၏ဇနီးသည် လည်ပတ်မှုအတွင်း အဝါရောင်အင်ဒိုနီးရှား endek အဝတ်အထည်၊ များစွားသောလက်ဝတ်ရတနာများနှင့် လက်မှုပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

အိန္ဒိယတွင်ထုတ်လုပ်သည့် VF 6 နှင့် VF 7 ကားများကို VinFast မိတ်ဆက်

ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast  သည် အိန္ဒိယတွင် ထုတ်လုပ်သည့် ၎င်းတို့၏ အကောင်းစား လျှပ်စစ်ကားများဖြစ်သည့် VF 6 နှင့် VF 7 မော်ဒယ်များကို စက်တင်ဘာ ၆ ရက်နေ့က တရားဝင်ရောင်းချခဲ့ကြောင်း သိရပါသည်။ ၎င်းတို့သည့် အိန္ဒိယဈေးကွက်အတွက် ကုမ္ပဏီ၏ ပထမဆုံးထုတ်ကုန်များဖြစ်ပြီး တောင်အာရှနိုင်ငံအတွက် စိမ်းလန်းမှုကို အသွင် ကူးပြောင်းရန် ကုမ္ပဏီ၏ အားကောင်းသောကတိကဝတ်ရှိမှုကို ပြသနေကြောင်း သိရပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် VinFast Asia ၏ CEO ဖြစ်သူ Pham Sanh Chau က စက်တင်ဘာ ၆ ရက် နေ့သည်  အိန္ဒိယနိုင်ငံတွင် အိန္ဒိယလူမျိုးများထုတ်လုပ်သည့် VinFastကားများစတင်ရောင်းချနိုင် သည့် သမိုင်းဝင်နေ့ရက်ဖြစ်ကြောင်း၊ အိန္ဒိယမိသားစုများအတွက် ဒီဇိုင်းဆွဲထားသည့် ပြီး ပြည့်စုံသော လျှပ်စစ်ရွေ့လျားမှုဂေဟစနစ်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် VF 6 နှင့်  VF 7တို့သည် အိန္ဒိယ စားသုံးသူများကြိုက်နှစ်သက်မည့် အကောင်းစားအရည်အသွေး၊ ဒီဇိုင်းနှင့် နည်းပညာတို့နှင့် ပြည့်စုံစွာသဟဇာတဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Modelama Group ၏ ဥက္ကဌ Anuj Pandey က ထိုမော်ဒယ်နှစ်ခုသည် အိန္ဒိယလျှပ်စစ်ကားဈေးကွက်သို့ အချိန်ကိုက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်း၊ ကဏ္ဍ၏ ကြီးထွားမှုအလားအလာတို့သည် VinFast ၏ကားများအား စားသုံးသူစိတ်ဝင်စားမှု ရရှိစေရန်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် ဈေးကွက်ယှဉ်ပြိုင်မှုကို အဆင့်အသစ်တစ်ခုသို့ မြှင့်တင်ပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ Manatec Electronics Pvt Ltd ရှိ Corporate Accounts & Regional Projects ၏ ဒုတိယအထွေထွေမန်နေဂျာဖြစ်သူ R.K. Ram က VF 6 နှင့် VF 7 နှစ်မျိုးစလုံးသည် အပေါင်းလက္ခဏာ ဆောင်သည့် အထင်အမြင်ကိုရရှိထားကြောင်းနှင့် အားသွင်းရုံအခြေခံအဆောက်အအုံအကန့်အသတ်ရှိသည့်အိန္ဒိယတွင် အခမဲ့အားသွင်းခွင့် ၃ နှစ် ပံ့ပိုးပေးမည့် VinFast ၏ ကတိကဝတ်ပြုမှု သည် သိသာထင်ရှားသောအားသာချက်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် အခြေခံအဆောက်အအုံဝေမျှသုံးစွဲခြင်းထက် ၎င်းတို့၏ကိုယ်ပိုင်အားသွင်းရုံကွန်ယက်တည်ထောင်ရန် အဓိကထားနေခြင်းက ဈေးကွက် အတွက် ရေရှည်မျှော်မှန်းချက်ကို ရောင်ပြန်ဟပ်နေကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် ကုန်သွယ်ရေးပိုငွေအမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါး ရရှိခဲ့သည့် ဗီယက်နမ်

၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် ဗီယက်နမ်သည် စံချိန်တင်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၃.၉၉ ဘီလီယံရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတော် စာရင်းအင်းရုံး၏အဆိုအရ သိရပါသည်။ ဇန်နဝါရီလမှ ဩဂုတ်လ ကာလအတွင်း နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၇.၉၃ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ် တူညီ သည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၆.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀၅.၉၆ ဘီလီယံဖြင့် ၁၄.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၁.၉၇ ဘီလီယံဖြင့် ၁၇.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လတစ်လတည်းတွင် တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၃.၃၉ ဘီလီယံဖြင့် ဇူလိုင်လ ကထက် ၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လထက် ၁၄.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ ထိုတန်ဖိုးထဲတွင် ရေနံစိမ်းပါဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၄.၂၂ ဘီလီယံဖြင့် ပြည်တွင်းကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၉.၁၆ ဘီလီယံ ပါဝင်ကြောင်း သိရပါသည်။ ၈ လတာကာလတွင် ရေနံစိမ်းပါဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍကတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၂၉.၉၇ ဘီလီယံရှိပြီး ၁၉.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ စုစုပေါင်းတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရပါသည်။ ပြည်တွင်းကဏ္ဍတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇၆.၆၉ ဘီလီယံဖြင့် ၃.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုန်ထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်မှုကုန်ပစ္စည်း များတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၇၁.၀၆ ဘီလီယံရှိပြီး စုစုပေါင်းတင်ပို့မှု၏ ၈၉ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန်ပစ္စည်းများတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅.၉၂ ဘီလီယံ၊ ပင်လယ်စာ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၇.၁၅ ဘီလီယံနှင့် လောင်စာနှင့် သတ္တုတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၈၃ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ ပို့ကုန်အမျိုးအစား ၂၉ ခုတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးရရှိခဲ့ပြီး စုစုပေါင်းပို့ကုန်ဝင်ငွေရရှိမှု၏ ၉၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ထိုတန်ဖိုးထဲမှ ဖုန်းများ၊ အီလတ်ထရောနစ်များနှင့် အဝတ် အထည်များအစရှိသည့် ကုန်ပစ္စည်း ၇ မျိုးတင်ပို့မှုမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အသီးသီးကျော်ဖြတ်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအသီးသီးတန်ဖိုးရှိသော ကုန်ပစ္စည်းအမျိုးအစား ၃၈ မျိုး တင်သွင်းခဲ့ကြောင်း သိရပါသည်။ ကွန်ပြူတာ၊ အီလတ်ထရောနစ်နှင့် စက်ပစ္စည်းများတင်သွင်းမှု မှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အသီးသီးရှိကြောင်း သိရပါသည်။ ၎င်းတို့သည် ကုန်ထုတ်လုပ်သည့်ပစ္စည်း အမေရိကန်ဒေါ်လာ ၂၇၃.၉၁ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ပြီး စုစုပေါင်းတင်သွင်းမှု၏ ၉၄ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ အမေရိကန်သည် အမေရိကန်ဒေါ်လာ ၉၉.၁ ဘီလီယံဖြင့် အကြီးမားဆုံးတင်ပို့ရာဈေးကွက်ဖြစ်ပြီး တရုတ်မှာ အမေရိကန်ဒေါ်လာ ၁၁၇.၉ ဘီလီယံဖြင့် အကြီးမားဆုံးတင်သွင်းရာဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နှင့် အမေရိကန် ဒေါ်လာ ၈၇ ဘီလီယံကုန်သွယ်ရေးပိုငွေရခဲ့ပြီး ဥရောပသမဂ္ဂထံမှ အမေရိကန်ဒေါ်လာ ၂၅.၆ ဘီလီယံနှင့် ဂျပန်ထံမှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ အသီးသီးကုန်သွယ်ရေးပိုငွေရခဲ့ကြောင်း သိရပါသည်။ သို့သော် တရုတ်နှင့် အမေရိကန်ဒေါ်လာ ၇၅.၉ ဘီလီယံ၊ တောင်ကိုရီးယားနှင့် အမေရိကန်ဒေါ်လာ ၂၀.၁ ဘီလီယံနှင့် အာဆီယံနိုင်ငံများနှင့် အမေရိကန်ဒေါ်လာ ၉.၄ ဘီလီယံ အသီးသီးကုန်သွယ်ရေးလိုငွေ ပြခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ