Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

MAFF သည် ဖိလစ်ပိုင်နှင့် ပိုမိုခိုင်မာသော စိုက်ပျိုးရေးကုန်သွယ်မှုကို တွန်းအားပေး

  ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) သည် လယ်ယာထွက်ကုန်ဈေးကွက်များ ဖွင့်လှစ်ရေး၊ စားနပ်ရိက္ခာဖူလုံမှုခိုင်မာရေးနှင့် ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား လယ်ယာကုန်သွယ်မှု မြှင့်တင်ရေး အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ အရည်အသွေးမြင့် ဆန်မွှေးတင်ပို့မှု မြှင့်တင်ခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၉-၉-၂၀၂၅ ရက်နေ့ကထုတ်ဖော်ပြောကြားခဲ့သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး Dith Tina သည် ဖနွမ်းပင်တွင် ဖိလစ်ပိုင်သမ္မတနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Francisco P. Tiu Laurel Jr. နှင့် တွေ့ဆုံစဉ် ယင်းအမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။ Laurel Jr. က စိုက်ပျိုးရေးဈေးကွက်များဖွင့်လှစ်ရေး၊ စားနပ်ရိက္ခာ ဖူလုံခိုင်မာရေးနှင့် ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံကြား လယ်ယာကုန်သွယ်မှုမြှင့်တင်ရေး တို့တွင် ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ကမ္ဘောဒီးယား လယ်ယာထွက် ကုန်များ တင်ပို့မှု အားကောင်းလာစေရန် အကောင်းမြင်ကြောင်း ပြောကြားခဲ့သည်။  MAFF ၏ ထုတ်ပြန်ချက်တွင် ကမ္ဘောဒီးယားနိုင်ငံသည် အရည်အသွေးမြင့် ဆန်နှင့် အရသာကောင်းမွန်သော သီးနှံအများအပြားကို စိုက်ပျိုးထုတ်လုပ်ကြောင်း ဖော်ပြထားသည်။ ဖိလစ်ပိုင် စိုက်ပျိုးရေး ဝန်ကြီးက ဆန်၊ ငါး၊ အသားနှင့် ဟင်းသီးဟင်းရွက်များ အပါအဝင် ၎င်း၏ လူဦးရေကို ထောက်ပံ့ပေးရန် ဖိလစ်ပိုင်၏ စိုက်ပျိုးရေးထွက်ကုန် လိုအပ်ချက် တိုးလာနေမှုကို ရှင်းလင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များသည် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး၊ စားနပ်ရိက္ခာဖူလုံရေး နှင့် နှစ်နိုင်ငံအကြား လယ်ယာကုန်သွယ်မှု မြှင့်တင်ရေး ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ကြသည်။ ကုန်သွယ်ရေးမူဘောင်အတွင်း ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နှစ်နိုင်ငံလုံးသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ အာဆီယံနှင့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ၏ အဖွဲ့ဝင်များဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၎င်း၏ပြည်တွင်းဈေးကွက်သို့ ဖူလုံရန်အတွက် ဆန်စပါးလုပ်ငန်းနှင့် အခြားလယ်ယာထွက်ကုန်များ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို စူးစမ်းလေ့လာနိုင်မည်ဖြစ်ကြောင်း Tina  က ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

IRC နှင့် UK ၏ CII မှင် MoU သည် ကမ္ဘောဒီးယားတွင် အာမခံကဏ္ဍကျွမ်းကျင်မှုကို မြှင့်တင်ရန် MoU ရေးထိုး

   ကမ္ဘောဒီးယားနိုင်ငံ၏ အာမခံကဏ္ဍကို အားကောင်းစေမည့် လှုပ်ရှားမှုတွင် ကမ္ဘောဒီးယား အာမခံ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (IRC) နှင့် ဗြိတိန်နိုင်ငံမှ အာမခံလုပ်ငန်းအဖွဲ့ (CII) တို့သည် ဒေသဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး၊ လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၁၀-၉-၂၀၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို IRC ညွှန်ကြားရေးမှူးချုပ် Bou Chanphiru နှင့် CII ၏ အမှုဆောင်ဒါရိုက်တာ Holly Porter တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ နားလည်မှု စာချွန်လွှာသည် ကမ္ဘောဒီးယားနိုင်ငံရှိ လူ့စွမ်းအားအရင်းအမြစ်နှင့် အာမခံကဏ္ဍကျွမ်းကျင်မှုများ ကို အားကောင်းလာစေရန်အတွက် ရည်ရွယ်ကြောင်း IRC  မှ ထုတ်ပြန်ထားသည်။ နားလည်မှု စာချွန်လွှာအရ CII မှ အာမခံလုပ်ငန်းကြီးကြပ်သူများနှင့် အာမခံလုပ်ငန်းဝန်ထမ်းများအား ပေးဆောင်မည့် အာမခံကဏ္ဍကျွမ်းကျင်မှု အားကောင်းလာစေရန် အဖွဲ့အစည်းနှစ်ရပ်မှ ပူးတွဲသုံးသပ်သွားမည် ဟု ဖော်ပြထာသည်။ IRC သည် လက်ရှိတွင် လေ့ကျင့်ရေးကျောင်း အဆောက်အအုံကို တည်ဆောက်နေပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လေ့ကျင့်ရေး အစီအစဉ်များ စီစဉ်ဆောင်ရွက်ရန် CII Institute နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း IRC ညွှန်ကြားရေးမှူးချုပ် Bou Chanphiru ကပြောကြားခဲ့သည်။ အာမခံကဏ္ဍသည် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် စုစုပေါင်း ပရီမီယံဒေါ်လာ ၈၄.၆၇ သန်းကို ထုတ်ပေးခဲ့ပြီး ယမန်နှစ် အလားတူကာလ ကန်ဒေါ်လာ ၈၁.၁၆ သန်းမှ ၄ ရာခိုင်နှုန်း တိုးလာကြောင်း IRC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ Chanphirou က IRC သည် ၂၀၂၇ ခုနှစ်တွင် ဖနွမ်းပင်မြို့၌ အာမခံအသက်မွေးဝမ်းကျောင်းသင်တန်းကျောင်း တရားဝင်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ANA နှင့် KHA မှ Siem Reap တွင် အမွေအနှစ်ခရီးသွားလုပ်ငန်း မြှင့်တင်ရန် သင်တန်းဖွင့်

  Apsara National Authority (ANA) သည် Korea Heritage Agency (KHA) နှင့် ပူးပေါင်း၍ Siem Reap ပြည်နယ်ရှိ ခရီးသွားလုပ်ငန်း၏ အရည်အသွေးကို မြှင့်တင်ရန်အမျိုးသား အမွေအနှစ် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကို ဖွင့်လှစ်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် အဆိုပါသင်တန်းသည် အမွေအနှစ် ခရီးသွားလုပ်ငန်း အားကောင်းလာစေရန် ရည်ရွယ်၍ အမွေအနှစ်ထိန်းသိမ်းခြင်းအလေ့အကျင့်များနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့သော ခရီးသွားထုတ်ကုန်အဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကြောင်း ANA မှ ထုတ်ပြန်ချက်အရသိရသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို ANA မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Long Kosal၊ KHA ကိုယ်စားလှယ် Kim Hyunsung နှင့် အဖွဲ့အစည်းနှစ်ခုလုံးမှ ခေါင်းဆောင်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် Kosal မှ သင်တန်းသားများအား ကိုရီးယား ပညာရှင်များထံမှ အဖိုးတန်သော အသိပညာများနှင့် ဗဟုသတများ ပေးစွမ်းနိုင်မည်ဖြစ်ပြီး အထူးသဖြင့် Angkor ဒေသရှိ အမွေအနှစ်များနှင့် လူမှုအသိုက်အဝန်းများ၏ တန်ဖိုးများကို တင်ဆက်ပေးသွားမည် ဖြစ်ကြောင်းနှင့် Siem Reap ပြည်နယ်တွင်ရှိသာ ခရီးသွားလုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေးတို့ကို အားကောင်းစေမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ Korea Heritage Agency ကိုယ်စားပြု Kim Hyunsung က ခရီးသွားလုပ်ငန်းပုံစံသစ်များ ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် Apsara National Authority နှင့် ပူးပေါင်းဆောင်ရွက်သည့်အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။ လေ့ကျင့်ရေး အစီအစဉ်တွင် အမွေအနှစ်အခြေခံ ခရီးသွားထုတ်ကုန်များ မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားသို့ ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ ပူးတွဲလည်ပတ်မှုများနှင့် တင်ဆက်မှုများ ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။

DOCA(ရန်ကုန်)

NBC နှင့် UN တို့သည် စားသုံးသူအကာအကွယ်ပေးရေး အားကောင်းလာစေရန် ဆောင်ရွက်မှု ၂၂ ခု ကို ပြန်လည်သုံးသပ်

  ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ် (NBC) နှင့် ကုလသမဂ္ဂ (UN) တို့သည် ကမ္ဘောဒီးယားရှိ အသေးစားငွေရေးကြေးရေးဆိုင်ရာ တတိယအဆင့် အစုရှယ်ယာဝင်များဆိုင်ရာ အစည်းအဝေးကို ၉-၉-၂၀၂၅ ရက်နေ့တွင် ပူးတွဲကျင်းပခဲ့ပြီး စားသုံးသူအကာအကွယ်ပေးရေး အားကောင်းစေရန်၊ တာဝန်ယူမှုရှိသော ချေးငွေကဏ္ဍကို မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော ငွေကြေးဆိုင်ရာ ပါ၀င်မှုတို့ကို တိုးတက်စေရန် ဦးစားပေးလုပ်ဆောင်မှု ၂၂ ခုကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးကို NBC အုပ်ချုပ်ရေးမှူး Chea Serey နှင့် ကမ္ဘောဒီးယားနိုင်ငံ ကုလသမဂ္ဂ ဌာန ညှိနှိုင်းရေးမှူး Jo Scheuer တို့က ဦးဆောင်ပြီး ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ NBC ၏ ဒုတိယအုပ်ချုပ်ရေးမှူး Yim Leat၊ ကမ္ဘောဒီးယားဘဏ်များအသင်း (ABC) ဥက္ကဋ္ဌ Rath Sophorn၊ Cambodia Microfinance Association (CMA) ၏ ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ Dith Nita၊ LOLC (Cambodia) Plc ၏ CEO ဖြစ်သူ Sok Voeun တို့ တက်ရောက်ခဲ့ကြသည်။ NBC ၏ ကြေငြာချက်အရ အစည်းအဝေးသည် စားသုံးသူအကာအကွယ် ပေးရေးနှင့်ကျင့်ဝတ်ကျင့်ထုံးဥပဒေ၊ တာဝန်ယူမှုရှိသော ချေးငွေနှင့် ကြွေးမြီစုဆောင်းခြင်းဆိုင်ရာ အလေ့အကျင့်များပါ၀င်သည့် မူဘောင်ကိုအကောင်အထည်ဖော်ခြင်းကဲ့သို့သော အဓိက အကြောင်းအရာ (၂) ခုကို အဓိကထားဆွေးနွေးခဲ့ကြသည်။  ဤအစီအမံများသည် ငွေချေးသူများ အထူးသဖြင့် ကျေးလက်ဒေသရှိ အသေးစားလုပ်ငန်းများနှင့် အိမ်ထောင်စုများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးကာ စည်းမျဉ်းကြီးကြပ်မှုနှင့် ရေရှည်တည်တံ့သော ငွေကြေးတိုးတက်မှု တို့ကြား မျှတစေရန် ရည်ရွယ်သည်။ NBC ၏ ကြေညာချက်တစ်ရပ်အရ အဆိုပါအစည်းအဝေး သည် ဦးစားပေးလုပ်ဆောင်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာပါဝင်မှုကို မြှင့်တင်ခြင်း၊ တာဝန်ယူမှုရှိသော ချေးငွေကို အားကောင်းစေခြင်းနှင့် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုအတွက် မူဘောင်များချမှတ်ခြင်းဖြင့် ချေးယူသူအား အကာအကွယ်ပေးရေးတို့ကို အာမခံချက်ပေးခြင်းဖြင့် ကမ္ဘောဒီးယား၏ အသေးစားငွေရေးကြေးရေး ကဏ္ဍကို တိုးတက်စေသည်။

DOCA(ရန်ကုန်)

လယ်ယာထွက်ကုန်တင်ပို့မှုသည် ပထမ ၈ လအတွင်း ၃၆ ရာခိုင်နှုန်း မြင့်တက်

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၈ လတွင် ကမ္ဘာ့နိုင်ငံပေါင်း ၈၄ နိုင်ငံသို့ လယ်ယာထွက်ကုန် တန်ချိန် ၁၀.၄ သန်းခန့် တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၅.၆၄ ရာခိုင်နှုန်း တိုးလာပြီး ဝင်ငွေ ကန်ဒေါ်လာ ၃.၆၂၁  ဘီလီယံ ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန (MAFF) ၏ စိုက်ပျိုးရေး အထွေထွေ ဦးစီးဌာနမှ ၁၀-၉-၂၀၂၅ ရက်နေ့က ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ် ပထမ (၈) လတာ ကာလအတွင်း သီးနှံတင်ပို့မှု အခြေအနေအစီရင်ခံစာတွင် ဖော်ပြထားသည်။ National Phytosanitary Database တွင် မှတ်တမ်းတင်ထားသော စုစုပေါင်း တင်ပို့မှုမှာ ဆန်မဟုတ်သော သီးနှံတန်ချိန် ၅ သန်းနှင့် စပါးတန်ချိန် ၅.၃ သန်း (စပါးတန်ချိန် ၄.၈၅ သန်းနှင့် ဆန်တန်ချိန် ၄၉၃,၀၀၀ ခန့်) တင်ပို့နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ကာလတူထက် ဆန်တန်ချိန် ၈၄ ရာခိုင်နှုန်းအထိ ပိုမိုတင်ပို့နိုင်ခဲ့သည်။ MAFF စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ် Mak Seoun က ၂၀၂၅ ခုနှစ် ပထမ (၈) လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ဆန်အပြင် အဓိကလယ်ယာထွက်ကုန်များစွာ တင်ပို့ခဲ့ကြောင်း အစီရင်ခံစာတွင် အလေးပေးဖော်ပြခဲ့သည်။

   ပီလောပီနံစိမ်း တန်ချိန် ၁.၉၅ သန်း၊ ပီလောပီနံခြောက် တန်ချိန် ၁.၃၆ သန်း၊ သီဟိုဠ်စေ့ တန်ချိန် ၆၁၈,၀၀၀ နီးပါး၊ သရက်သီးအချို တန်ချိန် ၁၈၄၀၀၀ ကျော်၊ ငှက်ပျောသီး အချို တန်ချိန် ၂၁၁,၀၀၀ နီးပါး၊ ပြောင်းဖူး တန်ချိန် ၁၄,၀၂ဝ ကျော်နှင့် အခြားသီးနှံထွက်ကုန် ၉၁ မျိုး စုစုပေါင်း တန်ချိန် ၅၅၃,၀၀၀ ကျော်တင်ပို့ခဲ့ပြီး စုစုပေါင်းဝင်ငွေက ဒေါ်လာ ၃.၆၂ ဘီလီယံ နီးပါးရရှိခဲ့ကြောင်း Mak Seoun က ပြောကြားခဲ့သည်။  စုစုပေါင်းပို့ကုန် ၃၅.၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း အချို့သော ကုန်ပစ္စည်းများမှာ စံချိန်တင် ကျဆင်းခဲ့ကြောင်း Mak Seoun က  ဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ဟောင်ကောင်သည် ကမ္ဘာ့အဆင့် စွမ်းရည်အဆင့်တွင် အဆင့် ၄ သို့ ခုန်တက်

   ဟောင်ကောင်သည် ၉-၉-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် World Talent Ranking 2025 တွင် စတုတ္ထအဆင့်သို့ သိသိသာသာ ခုန်တက်သွားပြီး ပြီးခဲ့သောနှစ်ထက် ကိုးနေရာအထိ တက်လာခဲ့သည်။ ဟောင်ကောင်သည် အာရှအဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းနေရာရရှိထား ကြောင်း ဆွစ်ဇာလန်အခြေစိုက် စီးပွားရေးကျောင်းမှ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစီရင်ခံစာအရ မြို့တော်သည် စွမ်းရည်ပြိုင်ဆိုင်မှုဆိုင်ရာ အချက်သုံးချက်စလုံးတွင် ဆက်တိုက် တိုးတက်မှုကို မြင်တွေ့ခဲ့ရသည်။ ပညာရေး၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာနှင့် စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ၏ မူဝါဒနှင့် ဆောင်ရွက်မှုများသည် အာရှတွင် ပထမအဆင့်ရှိနေကြောင်း HKSAR အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား၏ ပို့ကုန်တန်ဖိုးသည် ၂၀၂၅ ခုနှစ် ပထမ ၈ လတွင် ၁၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့

  ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ (၈)လတွင် ကန်ဒေါ်လာ ၂၀.၁၈ ဘီလီယံ တန်ဖိုးရှိကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလ ကန်ဒေါ်လာ ၁၇.၅၈ ဘီလီယံမှ ၁၄.၈ ရာခိုင်နှုန်း တိုးလာသည်ဟု ၁၀-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော တရားဝင် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဓိကတင်ပို့သည့် ကုန်စည်များတွင် အဝတ်အထည်၊ ဖိနပ်၊ ခရီးသွားကုန်စည်၊ စက်ဘီး၊ ကားတာယာ၊ ဆန်၊ ရော်ဘာ၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ငှက်ပျောသီးနှင့် သရက်သီးစသည်တို့ပါဝင်ကြောင်း အကောက်ခွန်နှင့် ကုန်စည် စီးဆင်းမှုဦးစီးဌာနမှ ပြုစုထားသော အစီရင်ခံစာအရ သိရသည်။ နိုင်ငံတော်သည် ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လအတွင်း စုစုပေါင်းသွင်းကုန် ဒေါ်လာ ၂၁.၉၆ ဘီလီယံကို မှတ်တမ်းတင်ခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၁၈.၉ ဘီလီယံမှ ၁၆.၂ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဓိက တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်စည်အတွက် ကုန်ကြမ်းများ၊ မော်တော်ယာဉ်များ၊ စက်ယန္တရားများ၊ လျှပ်စစ်စ္စည်း အသုံးအဆောင်များ၊ ဆေးဝါးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ စသည်တို့ ပါဝင်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံခြားရေး ၀န်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်သည် နိုင်ငံတော်၏ ကုန်သွယ်မှု တိုးတက်မှုကို မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။ 

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားပြည်သူများ ထိုင်းထုတ်ကုန်များအား သပိတ်မှောက်ခြင်းသည် ပြည်တွင်းဈေးကွက် အတွက် အခွင့်အလမ်းဖြစ်ကြောင်း MAFF ဝန်ကြီး Im Rachana ပြောကြား

          ကမ္ဘောဒီးယား-ထိုင်းနယ်စပ်တွင် ဖြစ်ပွားနေသည့် နယ်စပ် ပဋိပက္ခများအတွင်း ထိုင်းထုတ်ကုန်များကို အများပြည်သူသပိတ်မှောက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ဒေသတွင်း စားသုံမှုကို လှုံ့ဆော်ပေးခဲ့ပြီး အမျိုးသားစာနပ်ရိက္ခာဖူလုံမှုကို အားကောင်းစေခဲ့ကြောင်း MAFF မှ နိုင်ငံခြားရေးဝန်ကြီး Im Rachana က ပြောကြားခဲ့သည်။ Im Rachana က စိတ်ဓာတ်များ တွန်းအားပေးသော သပိတ်မှောက်မှုသည် အထူးသဖြင့် ငါးလုပ်ငန်းနှင့် လယ်ယာထွက် ကုန်ပစ္စည်းများတွင် ပြည်တွင်းဈေးကွက်ကြီးထွားမှုအတွက် အထောက်အကူဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားပြည်သူများသည် ယခုအခါ ပြည်တွင်းထုတ်ကုန်များကို အသုံးပြုနေကြကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် စိုက်ပျိုးရေးထွက်ကုန်များ ပိုလျှံနေပြီး စားနပ်ရိက္ခာလုံလောက်မှုရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံအတွင်း တွင် မိတ်ကပ်ပစ္စည်းနှင့် ရေထွက်ကုန်ပစ္စည်းများကဲ့သို့သော အထူးထုတ်ကုန်များအတွက် ကမ္ဘောဒီးယား၏ ပို့ကုန်အလားအလာကို  တွန်းအားပေးရန် အခွင့်အလမ်းတစ်ခုအဖြစ် ထင်မြင် ကြောင်း Im Rachana က ဆက်လက်ပြောကြားခဲ့သည်။

DOCA( ရန်ကုန်)

အီးယူသည် မက္ကဆီကိုနိုင်ငံ၊ Mercosur နှင့် ကုန်သွယ်ရေးသဘောတူညီချက်များကို မြှင့်တင်ဆောင်ရွက်လျက်ရှိ

        ဥရောပကော်မရှင်သည် စက်တင်လာလ ၃ ရက်နေ့တွင် ဥရောပသမဂ္ဂ၏ ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်မှုကွန်ရက်ကို ချဲ့ထွင်ရန်ရည်ရွယ်ပြီး အတည်ပြုချက်ရရှိရန် အဓိက ကုန်သွယ်မှုသဘောတူညီချက်နှစ်ခုကို အဆိုပြုခဲ့ကြောင်း သိရသည်။ EU-Mercosur Partnership Agreement (EMPA) နှင့် EU-Mexico Modernized Global Agreement (MGA) တို့သည် ကုန်သွယ်မှုဆက်ဆံရေးကို ကွဲပြားစေရန်၊ အခွန်အခများ လျှော့ချရန်နှင့် ဥရောပစီးပွားရေး လုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးရန် ရည်ရွယ်ထားကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ကော်မရှင်၏ခန့်မှန်းချက်အရ EMPA သည် ဥရောပတစ်ဝှမ်းရှိ အလုပ်အကိုင်ပေါင်း ၄၄၀,၀၀၀ ကျော်ကို ပံ့ပိုးပေးသည့် ယူရို ၄၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၇ ဘီလီယံခန့်) အထိ Mercosur သို့ အီးယူနှစ်စဉ်တင်ပို့မှုကို တိုးမြှင့်နိုင်သည်။ အဆိုပါသဘော တူညီချက်တွင် ကားများ၊ စက်ယန္တရားများ၊ ဆေးဝါးများ၊ ဝိုင်၊ ချောကလက်နှင့် သံလွင်ဆီ အပါအဝင် အဓိကစက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးထွက်ကုန်များအပေါ် အခွန်လျှော့ချမည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်များသည် အသက်မဝင်မီ ဥရောပပါလီမန်နှင့် EU အဖွဲ့ဝင်နိုင်ငံများ၏ အတည်ပြုချက် လိုအပ်သည်။ EU ကုန်သွယ်ရေး ကော်မရှင်နာ Maros Sefcovic က ကော်မရှင်သည် ယခုနှစ်ကုန်တွင် အတည်ပြုချက်လုပ်ငန်းစဉ်ကို အပြီးသတ်ရန် မျှော်လင့်ထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Sefcovic က အဆိုပါသဘောတူညီချက်များသည် EU ကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး လက်တင်အမေရိကတွင် ပထမဆုံးသော အားသာချက်ကို ပေးဆောင်မည့် မဟာဗျူဟာမြောက် အုတ်မြစ်အဖြစ် ဖော်ပြခဲ့သည်။ Mercosur သဘောတူညီချက်သည် စိုက်ပျိုးရေး ရေရှည်တည်တံ့မှုကို ခြိမ်းခြောက်ပြီး EU ၏ အစိမ်းရောင်နှင့် အစားအစာ ဘေးကင်းရေးစံနှုန်းများကို ပျက်ပြားစေသည်ဟု ဥရောပလယ်သမားများထံမှ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ Farm Europe ဥက္ကဌ Yves Madre က သဘောတူညီချက်သည် အထူးသဖြင့် ၎င်း၏ စိုက်ပျိုးရေးကဏ္ဍတွင် မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေသည်ဟု ဥရောပတောင်သူလယ်သမားသမဂ္ဂ COPA-COGECA က လယ်သမားများ၊ ကျေးလက်ဒေသခံများနှင့် စားသုံးသူများအတွက် စီးပွားရေးအရနှင့် နိုင်ငံရေးအရ ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။ လယ်သမားများသည် စာချုပ်ကို ဆန့်ကျင်ရန် မကြာသေးမီနှစ်များအတွင်း ဥရောပမြို့အများအပြားတွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာ ဥရောပကော်မရှင်နာ Christophe Hansen က အဆိုပါ သဘောတူညီချက်သည် သွင်းကုန်များကို ကန့်သတ်ခြင်းနှင့် အရေးကြီးထုတ်ကုန်များအတွက် ခွဲတမ်းများကို နှစ်ပေါင်းများစွာ ဆိုင်းငံ့ထားခြင်းဖြင့် EU လယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်) 

Marcos Jr ၏ ကမ္ဘောဒီးယားခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ သဘောတူညီချက်ငါးခု လက်မှတ်ရေးထိုးခဲ့

   ကမ္ဘောဒီးယားနိုင်ငံအစိုးရနှင့် ဖိလစ်ပိုင်အစိုးရတို့ကြား နားလည်မှုစာချွန်လွှာ (MoU) သုံးခုနှင့်အတူ နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍများအကြား စီးပွားရေးဆိုင်ရာ သဘောတူညီချက်ငါးခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ Ferdinand R Marcos Jr's နှင့် ၎င်း၏ ကမ္ဘောဒီးယားနိုင်ငံသို့ သုံးရက်ကြာနိုင်ငံတော်ခရီးစဉ်အပြီး ပြန်လာချိန်တွင် သတင်းထောက်များ အား ပြောကြားခဲ့သည်။ အဓိကကျသော ကဏ္ဍများနှင့် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် အတွက် ကမ္ဘောဒီးယားနိုင်ငံ၊ ၀န်ကြီးချုပ် Hun Manet နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် အပြန်အလှန် အလေးထားမှုကို အလေးပေး ပြောကြားခဲ့ကြောင်း Marcos Jr မှ ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားရှိ ထိပ်တန်းစီးပွားရေးလုပ်ငန်းများနှင့် တရားဝင်စီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့်အတူ အကျိုးရှိစွာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံအတွက် ဖြည့်စွက်အားကောင်းချက်များအပေါ် အာရုံစိုက်ကာ တိုးတက်မှုနှင့် စျေးကွက်ချဲ့ထွင်မှုတို့အတွက် တစ်ဖက်နှင့်တစ်ဖက် ပြိုင်ဘက်ကင်းသော အခွင့်အလမ်းများကို မည်ကဲ့သို့ ပေးဆောင်နိုင်ပုံကို ဆွေးနွေးခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ လေကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အသေးစား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းစသည့် ကဏ္ဍများကို အဓိကထား ချုပ်ဆိုထားသည့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်ငါးခုကို လက်မှတ်ရေးထိုးခြင်းဖြင့် စီးပွားရေးအသိုက်အဝန်းနှင့် တွေ့ဆုံစဉ် ဆွေးနွေးမှုများသည် မဟာဗျူဟာမြောက် မိတ်ဖက်များအဖြစ် ပြီးဆုံးခဲ့ကြောင်း Marcos မှ ပြောကြားခဲ့သည်။ စီးပွားရေး သဘောတူညီချက်များသည် ဖိလစ်ပိုင် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ တင်ပို့မှုအတွက် စျေးကွက်အခွင့်အလမ်းများရှာဖွေရန်နှင့် နှစ်နိုင်ငံစီးပွားရေး အသင်းအဖွဲ့များအတွက် အဖွဲ့အစည်းဆိုင်ရာ မိတ်ဖက်များ တိုးပွားလာစေရန်အတွက် လမ်းခင်းပေးမည်ဖြစ်ကြောင်း Marcos က ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ