Main menu

HighLight News

Powered by Drupal

ပဲခူးမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် ပဲခူးမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချနေသော ကုန်စုံဆိုင်များအားသွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကိုအများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့ပေါ်ရှိ ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့ အနေဖြင့် (၁၂.၇.၂၀၂၄) ရက်နေ့ နံနက်(၁၀:၂၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိလက်လီ/ လက်ကား ရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းပြုလုပ်ကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ခရိုင်ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီများရောင်းချပေးခြင်းကို ၂၀၂၄ခုနစ်၊ဇူလိုင်လ ၁၁ရက်နံနက် ၀၇:၃၀နာရီအချိန်က ကန့်ဘလူမြို့ပေါ်ရပ်ကွက်များတွင် သတ်မှတ်နေရာများ၌ ရောင်းချပေးခဲ့ရာ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ရောင်းချပေးရာတွင် ခရိုင်ဆီလုပ်ငန်းရှင်များအသင်းက လာရောက်ဝယ်ယူကြသည့် ပြည်သူများအလွယ်တကူဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ ပြည်သူတစ်ဦးလျှင် စားအုန်းဆီ (၅၀)ကျပ်သား တစ်ပိဿာလျှင် ၆၁၅၀ကျပ်နှုန်းဖြင့် ၆၆၀ ပိဿာကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့”သိဒ္ဓိအောင် “ဆီစက် လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက်(၁၁;၀၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “သိဒ္ဓိအောင်ဆီစက်လုပ်ငန်းရှင် နှင့် သွားရောက်တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ဆီများထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ (၂၀၁၉)၊ အခန်း (၁၅) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက်” သိဒ္ဓိအောင်ဆီစက်လုပ်ငန်းမှ ဆီများကြိတ်ခွဲ ထုတ်လုပ် ရာတွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် ဆီများထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖေါ်ပြရန်အတွက် မိမိတို့ စာသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားသုံးသူပြည်သူများအတွက် ဈေးနှုန်းမှန်ကန်ပြီး အရည်အသွေးစစ်မှန်ပြည့်မီသော မြေပဲဆီများရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် “သိဒ္ဓိအောင်”ဆီစက်မှ ထုတ်လုပ်နေ သောဆီများကို  မိမိတို့ကိုယ်ပိုင်အမှတ်တံဆိပ်ကပ်နှိပ်၍ ပို့ဆောင်ရောင်းချရန်အတွက် ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

   ထို့နောက် စီးပွားရေးလုပ်ငန်းရှင်မှ ဆီကြိတ်ခွဲထုတ်လုပ်ရာတွင် ဒေသတွင်းတောင်သူများ သီးနှံပေါ်ချိန်တွင်သာ လည်ပတ်ရတာမဟုတ်ပဲ (၁၂)လရာသီပတ်လုံး မြေပဲလုံဆံဝယ်ယူကြိတ်ခွဲလည်ပတ်နေကြောင်း၊ ကုန်ကြမ်းများကိုယခုလများတွင် မန္တလေး၊ ရွှေဘိုပွဲရုံများမှ မြေပဲဆံဝယ်ယူရပြီး ကြိတ်ခွဲရောင်းချနေကြောင်း၊ မိမိတို့စက်သို့လာရောက်ကြိတ်ခွဲသော စီးပွားရေးလုပ်ငန်းရှင်များ၏ မြေပဲဆံများကိုလည်း အခကြေးငွေနှင့် ကြိတ်ခွဲပေးကြောင်းနှင့် မိမိတို့ဆီစက်မှထွက်ရှိသော မြေပဲဆီများကိုလည်း ကားလမ်းအသွားအလာရှိသည့် မည်သည့်ဒေသကိုမဆို ပို့ဆောင်ရောင်းချပေးကြောင်းနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပို့ဆောင်ရောင်းချရကြောင်း၊ မြေပဲပတ်များကိုလည်း မန္တလေး၊ ရွှေဘိုပွဲရုံများနှင့် ဒေသတွင်းသို့  တင်ပို့ရောင်းချကြောင်း လုပ်ငန်းရှင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့”မြင့်မိုရ်ထွန်း“ သောက်ရေသန့်စက်ရုံ ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ထုတ်ကုန်များထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စက်ရုံးအတွင်းရှိ အလုပ်သမားများအား (၁၁.၇.၂၀၂၄)ရက်နေ့၊ နံနက် (၀၉;၀၀)နာရီ အချိန်တွင်  ကျွန်းလှမြို့ပေါ်ရှိ ”မြင့်မိုရ်ထွန်း“ သောက်ရေသန့်စက်ရုံသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်လှမြို့နယ်တာဝန်ခံသည် လုပ်ငန်းရှင်၊ မန်နေဂျာနှင့် စက်ရုံရှိအလုပ်သမားများအားတွေ့ဆုံ၍ စားသုံးသူအကာအကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ရာ စက်ရုံမန်နေဂျာနှင့် အလုပ်သမား စုစုပေါင်း(၁၁)ဦးတက်ရောက်ခဲ့ပါသည်။

   အဆိုပါ ”မြင့်မိုရ်ထွန်း“ သောက်ရေသန့် စက်ရုံမန်နေဂျာနှင့်အလုပ်သမားများအား စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေကို၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၌ ပြဌာန်းခဲ့ပြီး အခန့်ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း ၊ စားသုံးသူအကာကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပါပ္ပာယ်ဖွင့်ဆိုချက်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် လိုက်နာရမည့်အချက်များ၊ ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ အသေးစိတ်စိစစ်ချက်များကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်း များကိုသာ ရောင်းချရန် ၊ စားသုံးသူကကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ အခွင့်အရေး(၈)ချက်အကြောင်း ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်များအကြောင်း၊ ကျန်းမာရေး ရှုထောင့်အရ စားသုံးဆီနှင့် ဟင်းချိုမှုန့်များ လျော့စားသင့်ကြောင်း နှင့်  စားသုံးသူများ လိုက်နာဆောင် ရွက်ရမည့် အချက်များ နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျင် တိုင်ကြားနိုင်ပါကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများ နှင့် ခရိုင်ဦးစီးမှူးရုံးများရှိ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များတွင်လည်းကောင်း ၊ မိမိတို့ဌာန Website  ဖြစ်တဲ့ www.doca.gov.mm တွင်လည်းကောင်း ၊ Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊ MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံး Call Center No. 1535 တို့တွင် တိုင်ကြားနိုင်ပါကြောင်း နှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများကို စက်ရုံမန်နေဂျာနှင့် စက်ရုံအလုပ်သမား (၁၁)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)

စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ဌာနမှထုတ်ပြန်ထားရှိသည့် ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊  ရွှေဘိုမြို့နယ်တာဝန်ခံနှင့် သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီးမံခန့်ခွဲရေးဌာနခွဲမှ ဝန်ထမ်းတို့သည် (၈.၇.၂၀၂၄)ရက်နေ့၊ နေလယ်(၁၄:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ ဆန်ရွေးစက်လုပ်ငန်းရှင်အား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့် မျှတသော ဈေးနှုန်းဖြင့်ရောင်းချရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်များထက် မြှင့်တင် ရောင်းချခြင်းမရှိစေရေး၊ ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာဆောင်ရွက်ရန်၊ ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံများ MyRo တွင် မှတ်ပုံတင် ထားရန်၊ မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန် စာရင်းများ Update ပြုလုပ်ရန် သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် ဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊  စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုန့်မျိုးစုံလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ဌာနမှထုတ်ပြန်ထားရှိသည့် ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့်  ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် (၉.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ ရွှေတန်ဆာဘုရားလမ်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

  ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့က ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းတို့ကို  အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဖွင့်လှစ်သော တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၌ ဖွင့်လှစ်သော တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဇွန်လ ၈ ရက်နေ့ နေ့လည် (၁၃း၀၀)နာရီ အချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို သင်တန်းတစ်ချိန် ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ/သင်တန်းသား (၂၃) ဦး တက်ရောက်ခဲ့ပါသည်။

  စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအဆင့်ဆင့်ကိုပြောကြားပြီး၊  စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၉။ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေ ကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ပုဒ်မ(၄၃)ပါပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဌာန်းထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူ ကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူ များကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန်လိပ်စာများပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆိပ်ဖြူမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြနိုင်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံအသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ (၁၀.၇.၂၀၂၄)ရက်နေ့၊ နံနက်(ဝ၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်တွင် ထုတ်လုပ်လျက်ရှိသော “ ဖြိုးကြွယ် " ပျားရည်ဆမ်းပေါင်မုန့်လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံ၍  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

    မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင်ပါဝင်သော အချက် အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြပြီးလျှင် မိမိတို့ကုန်ပစ္စည်းသည် လုံခြုံစိတ်ချမည်ဖြစ်ကြောင်း၊ စားသုံးသူမှ ကုန်အညွှန်းအမှတ်အသားမပြည်စုံသည့် ကုန်စည်နှင့်နှိုင်းယှဉ်၍ ရွေးချယ်သုံးစွဲမည်ဆိုပါက လုံခြုံစိတ်ချရမှုရှိသောကုန်စည်ကိုသာ ရွေးချယ်သုံးစွဲမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ချပြရှင်းလင်းခဲ့ပြီး ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာထည့်သွင်းပြီးလျှင် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်၍ စိစစ်ခွင့်ပြုချက် လျှောက်ထားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဂန့်ဂေါမြို့၊ အခြေခံပညာမူလတန်းလွန်(တပ်တွင်း)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်းသည် (၁၀.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဂန့်ဂေါမြို့ အခြေခံပညာမူလတန်းလွန်(တပ်တွင်း)ကျောင်း၌ ဆရာ၊ ဆရာမ (၆)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၆၈)ဦး စုစုပေါင်း (၇၄)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

 အဆိုပါဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက ဌာန၏သမိုင်းကြောင်း၊ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူများရရှိသည့် အခွင့် အရေး(၈)ချက်နှင့်  စားသုံးသူများ လိုက်နာရမည့်တာဝန်(၄)ချက် ၊ စားသုံးသူကာကွယ်ရေး အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်နှင့် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာမှ နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် စားသုံးသူ သတင်းပြန်ကြား ရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံးများ ဖွင့်လှစ်ထားရှိကြောင်း၊ Consumer Call Center (1535)တွင်လည်း တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားမှုများကို လည်း စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် တိုင်ကြားနိုင်သူများအကြောင်းတို့ကိုလည်း  အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News