Main menu

HighLight News

Powered by Drupal

ဆိပ်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဟောပြောပွဲကျင်းပ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းသည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊  မြို့နယ်ဥပဒေရုံး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၉.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဆိပ်ဖြူ မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌  ကျောင်းသား၊ ကျောင်းသူ(၁၅၂)ဦးတို့ အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးစည်သူနေမျိုးနှင့် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံဦးဇော်နေလင်းက အသိပညာပေးဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနပေါ်ပေါက်လာပုံ၊ ဌာနမှ ယခုလက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အကြောင်းအရာ များ၊ ဥပဒေပါရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်ရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ၊ ပြစ်မှုပြစ်ဒဏ် များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အကြောင်းအရာများအား စားသုံး သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများ ရှိခဲ့လျှင် စားသုံးသူသတင်း ပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံးများ ဖွင့်လှစ်ထား ရှိကြောင်း၊ နစ်နာမှုများရှိခဲ့လျှင် တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535)တွင်လည်း တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားမှုများ ကိုလည်း စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် တိုင်ကြားနိုင်သူများအကြောင်း တို့ကိုလည်း  အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

    ဆက်လက်ပြီး ဒုတိယရဲမှူး ဦးခင်မောင်ဇော်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ထူးမြတ်သူဇာက ယာဉ်အန္တရာယ်ကင်းရှင်းရေးဥပဒေအကြောင်း၊ မြို့နယ် ပြန်ဆက်မှ ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်း အကြောင်းတို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပခုက္ကူမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့်  ဦးစီးမှူး ဦးမြတ်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်လှိုင်ဥမ္မာဦးတို့သည်  (၉.၇.၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၅၆)ဦး၊ ဆရာ၊ ဆရာမ(၁၀)ဦး၊ စုစုပေါင်း(၁၆၆)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဦးစီးမှူး ဦးမြတ်မင်းက အသိပညာပေးဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှယခုလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်းအရာများ၊ ဥပဒေပါရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်ရေးနှင့်တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အကြောင်းအရာများအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

     ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက စားသုံးသူ ကုန်စည်၊ ဝန်ဆောင်မှု၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှင်းလင်းဆွေးနွေးပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၈)ပုဒ်မ(၄၁၊ ၄၂)ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ စားသုံးသူ ပြည်သူများ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည် များကို ဝယ်ယူစားသုံးသင့်သည့်အချက်များနှင့် ကုန်စည်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခုနှင့် သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထားသော ကုန်စည်ကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲရန်နှင့် စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် အမှန်တကယ်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက ပြန်လည်ကုစားခွင့်များရရှိရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံး ဖွင့်လှစ်ထားရှိကြောင်း၊ အငြင်းပွားမှုများဖြစ်ပေါ်လာပါက စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်အကြား စေ့စပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးကဆွေးနွေးရာတွင် ကုန်စည်များဝယ်ယူသုံးစွဲရာ၌ သတိပြုရမည့်အချက်များ စားသုံးသူများ ထိခိုက်နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားမည့်သူများ တိုင်ကြားနိုင်ရန်နှင့် စားသုံးသူကိစ္စများ တိုင်ကြားမေးမြန်းဆွေးနွေးရန်အတွက် မည်သူမဆို၊ မည့်သည့်ဖုန်းနံပါတ်နှင့်မဆို ခေါ်ဆို၍ ဆွေးနွေးဆောင်ရွက်နိုင်ကြောင်း၊ အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ များအား ရှင်းလင်းဆွေးနွေးခဲ့သည့် အကြောင်းအရာများထဲမှ အမေးအဖြေများပြုလုပ်၍ ပြန်လည်ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပေးခဲ့ပြီး ဆရာ၊ ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူများအား  စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(ကင်း)၌ အသိပညာပေးဆွေးနွေးခြင်းနှင့် ကျောင်းမုန့်စျေးတန်းအားစျေးကွက်စောင့်ကြည့်စစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်ရှိ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)(ကင်း)၌ (၁၀.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)မှ(၁၁:၄၅)နာရီအချိန်အထိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ အမှိုက်များစနစ်တကျစွန့်ပစ်တတ်ကျစေရေးသရုပ်ပြရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေး မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အခြေခံကျောင်းသား၊ ကျောင်းသူများသိသင့်သော စားသုံးသူ၊ စီးပွား‌ရေးလုပ်ငန်းရှင်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများရသင့်သည့် အခွင့်အ‌ရေး(၈)ချက်၊ လိုက်နာရမည့် တာဝန်(၄)ချက်နှင့် ကုန်စည်နှင့်အစားအစာများဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ၊ ဆီစားသုံးမှုများပြားပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်းနှင့် စားအုန်းဆီ၏ ဘေးထွက်ဆိုးကျိုးများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အသိပညာပေးဆွေးနွေးပွဲသို့ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (ကင်း)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမ (၁၀)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်းနှင့် ဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

      ဆက်လက်၍ ကျောင်းမုန့်စျေးတန်းရှိ ကျောင်းမုန့်စျေးသည် (၅)ဦးမှ ရောင်းချနေသော အစားအစာများ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် တားမြစ်ထားသောကုန်စည်များ ရောင်းချမှုရှိ/ မရှိ၊ သက်တမ်းလွန် မှိုတက်နေသောကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များပြည့်စုံမှန်ကန်စွာ ဖော်ပြမထားသောကုန်စည်များရောင်းချမှုရှိ/ မရှိတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

တောင်တွင်းကြီးမြို့‌‌ပေါ်ရှိ ဆန်ဆိုင်များအား သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ဇင်ညွှန့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်ဇာခြည်ဝင်း(ဒုတိယဦးစီးမှူး)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးမှူး ဦးစိုးမင်းဦး၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေး တို့ပူးပေါင်း၍ (၃.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ အောင်ပင်လယ်(ဆန်ဆိုင်)အပါအဝင် ဆန်ဆိုင်(၈)ဆိုင်အား  သက်သာ‌သောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ဆန်စပါးကုမ္ပဏီများမှ ချမှတ်ထားသည့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ရည်ညွှန်းစျေးနှုန်းဖြစ်သည့် ဧည့်မထ(၁)ပြည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့်ရောင်းချပေးရန် ဆိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သံဖြူဇရပ်မြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

     ၁၀.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာရှိ “ရှိန်း” ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

     ထိုသို့ တွေ့ဆုံရာတွင် သံဖြူဇရပ်မြို့နယ်တာဝန်ခံက စက်လည်ပတ်မှုအခြေအနေ၊ တစ်နေ့ကြိတ်ခွဲမှု၊ ကုန်ကြမ်းစုဆောင်းမှု၊ ကုန်ချောဖြန့်ဖြူးမှု အခြေအနေများကို ဆွေးနွေးမေး မြန်းရာ “ရှိန်း” ဆန်စက်ပိုင်ရှင်က ဆန်စက်ကြိတ်ခွဲနိုင်မှုမှာ ၂၄ နာရီ ၁၀ တန်ကျပြီး အမှန်တကယ်လည်ပတ်မှုမှာ လျှပ်စစ်မီးအခြေအနေကြောင့် တစ်နေ့လျှင် (၅) နာရီခန့် သာလည်ပတ်ကြောင်း၊ ကုန်ကြမ်းများကို မွန်ပြည်နယ်အတွင်းမှ ဝယ်ယူရရှိကြောင်း၊ ဧည့်မထဆန်ကို အဓိကကြိတ်ခွဲကြောင်း၊ ကုန်ချောများကို သံဖြူဇရပ်မြို့ပေါ်တွင် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

   ဆက်လက်၍ သံဖြူဇရပ်မြို့နယ်တာဝန်ခံက ဆန်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချရန်၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဆန်/စပါးသိုလှောင်ရုံများအနေဖြင့် စပါးတင်း ၅၀၀၀/ ဆန်တန်ချိန် ၅၀ နှင့်အထက်ဖြစ်ပါက Myanmar Rice Online (MyRo) တွင်မဖြစ်မနေ မှတ်ပုံတင်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၁၀.၇.၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များ၌ ရောင်းချနေသောမုန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်စည်အမျိုးအမည်၊အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ဖော်ပြထားကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တာဝန်ခံမှ ဆန်သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေး

     ၁၀.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့ စက်မှုဇုန်ရှိ ဆန်သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စပါး (၅၀၀၀) နှင့်အထက်၊ ဆန်တန်ချိန် (၅၀) နှင့် အထက် သိုလှောင်ရုံများအား သိုလှောင်ရုံ၏ အလျား၊ အနံ၊ အမြင့်၊ အမိုး၊ အကာ၊ အခင်း အခြေအနေများ၊ သိုလှောင်ရုံဝင်ဆန့်နိုင်မှု ပမာဏ၊ လက်ရှိသိုလှောင်ထားမှု အခြေအနေများအားစစ်ဆေးခဲ့ပြီး ဆန်/စပါး သိုလှောင်ရုံ ပိုင်ရှင်များအနေဖြင့် Myanmar Rice Online (MyRo) တွင် မှတ်ပုံတင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်အတွင်းရှိ ဆန်စက်နှင့်ဆန်သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဦးစီးအရာရှိဦးအောင်ကျော်မင်း ဦးဆောင်၍ (၉.၇.၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့နယ်အတွင်းရှိ ဆန်စက်နှင့်ဆန်သိုလှောင်ရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအတွင်းရှိ မင်းထက်စံဆန်စက်၊ ရွှေလဝင်းဆန်စက်၊ အိုအေစစ်ဆန်စက် တို့ကိုသွားရောက်ခဲ့ပြီး ဆန်သိုလှောင်ရုံများ၏ အရွယ်အစား၊ တည်ဆောက်ထားမှုအခြေအနေ၊ သိုလှောင်ရုံ၏ဝင်ဆံ့နိုင်မှုပမာဏ၊ သိုလှောင်သည့် ဆန်အမျိုးအစားနှင့် လက်ရှိဆန်သိုလှောင်ထားမှုအခြေအနေများကို စစ်ဆေးခဲ့ပြီးနောက် ဆန်သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းခဲ့ပြီးဌာနမှ မှတ်ပုံတင်ခြင်းအကြောင်းအရာနှင့် ပတ်သက်ပြီး လိုအပ်သည့်အချက်အလက်များအား အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

    

“ ကော့မှူးမြို့နယ် ဆေးနှင့်ဆေးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင်  ဆေးနှင့်ဆေးပစ္စည်းများ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးနှင့် ရပ်ကွက်များတွင် လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော  ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့၊ နေ့လယ်(၁၁၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ ဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးရှိ အေးမင်းစိုးဆေးဆိုင်၊ မေခလာဆေးဆိုင်၊ မြို့မရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ကောင်းပြည့်ဆေးဆိုင်၊ မကျီးကန်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဇာနည်ဆေးဆိုင်များသို့သွားရောက်၍ ဆေးဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံကာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိကို ဆက်စပ်ဌာနများပါဝင်သော အဖွဲ့စုံဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးဂိုဒေါင်များနှင့် ဆေးဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားဆွေးနွေးခဲ့ပြီး ဆေးဆိုင်များရှိ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ ဖြန့်ဖြူးရောင်းချနေသည့်အခြေအနေများ၊ ဝယ်ယူရရှိမှုအခြေအနေများ၊ ဆေးနှင့်ဆေးပစ္စည်းလက်ကျန်အခြေအနေများအား စာရင်းပြုစုကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်အတွင်း ရောနှောဆီအပါအဝင် ဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း ”

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသော ကုန်ခြောက်ဆိုင်များသို့ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် (၁/၂၀၂၁) တို့နှင့်ကိုက်ညီမှုရှိ/မရှိ အမိန့်အမှတ်(၂/၂၀၂၄)တို့နှင့်ကိုက်ညီမှုရှိ/မရှိတို့အား ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့၊ နေ့လယ်(၁၂း၃၀)နာရီအချိန်၌ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၌ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ရောနှောဆီ အပါအဝင် စားသုံးဆီအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ(Blended Oil) အပြင် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့် (၂/၂၀၂၄)တို့အား ရှင်းလင်းပြောကြားအသိပညာပေးပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကာ အမိန့်၊ ညွှန်ကြားချက်များနှင့်ကိုက်ညီသော ရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးတို့ကိုသာ ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချကြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News