Main menu

HighLight News

Powered by Drupal

မိုင်းဖြတ်မြို့၊ မြို့မ အ-ထ-က ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ မြို့မ အ.ထ.က ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးသန်းထွန်းအောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့်ပတ်သက်၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းမုန့်ဈေးရောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွပြသခဲ့ပါသည်။

         ထို့နောက် သိကောင်းစရာများဖြစ်သော ဆိုးဆေး၊ ကြာရှည်ခံဖော်မလင်ဆေးနှင့် ဟင်းချိုမှုန့်၏ ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၈)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၂၅)ဦးနှင့် ကျောင်းမုန့်ဈေးရောင်းသူ (၁၇)ဦး၊ စုစုပေါင်း (၁၅၀)ဦးအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ဆန်ဆိုင်နှင့်စားသုံးဆီရောင်းချနေမှုများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

    ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့်  ၄-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင်တောင်ကြီးမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်(၃)ဆိုင်နှင့် စားသုံးဆီအရောင်းဆိုင်(၁)ဆိုင်တို့အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်အရောင်းဆိုင်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသော သင့်တင့်မျှတသည့်ဈေးကွက်ဈေးနှုန်း (Reasonable Market Price) အပေါ် သယ်ယူပို့ဆောင်ခနှင့် အထွေထွေကုန်ကျစရိတ်ထည့်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ စားသုံးဆီရောင်းချနေသည့် လက်လီအရောင်းဆိုင်များအနေဖြင့် သက်မှတ်ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

         ထို့နောက် ဆန်အရောင်းဆိုင်များအနေဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်သာရောင်းချရန်နှင့် စားသုံးဆီ လက်လီအရောင်းဆိုင်များအနေဖြင့် သက်မှတ်ရည်ညွှန်းဈေးထက် အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် စသည်တို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

နမ့်စန်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် နမ့်စန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၄-၇-၂၀၂၄)  ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် နမ့်စန်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နမ့်စန်မြို့အတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်ဆွေးနွေးခဲ့ပါသည်။

       ဆန်ဆိုင်များမှ ရောင်းချလျက်ရှိသောဆန်များမှာ မနောသုခ၊ ရွှေဘိုပေါ်ဆန်း‌မွှေး၊ ဇီယာနှင့် မိုးနဲဒေသထွက်ဆန်များကို ရောင်းချလျက်ရှိသည်ကိုစစ်ဆေးတွေ့ရှိရကြောင်း၊  ၎င်းနောက် ယခင်အပတ်နှင့် ယခုအပတ်ဆန်ဈေးနှုန်းများကိုမေးမြန်းခဲ့ပြီး ဆန်လက်ကျန်အိတ်အရေအတွက်များစွာမရှိဘဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

အခြေခံပညာမူလတန်းကျောင်း၊ အောင်မင်္ဂလာ(တပ်)ကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးသည် ၂-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း၊ အောင်မင်္ဂလာ(တပ်)ကျောင်းသို့ သွားရောက်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုကြီးကြပ်ရေးမှူး ဒေါ်ဖြူဖြူမြင့်က ဌာန၏ဆောင်ပုဒ်မှာ "စားသုံးသူအခွင့်အရေးဦးစားပေး" ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website၊ Application နှင့် Consumer Call Center တို့တွင် အလွယ်တကူတိုင်ကြားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပါသော အစားအသောက်များကိုသာ ဝယ်ယူစားသုံးတတ်စေရန် အသိပညာပေးဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ဆရာမ(၅)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၇၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

“ သန်လျင်မြို့နယ်တွင် ဆန်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း ”

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် အလွယ်တကူဝယ်ယူစားသုံးနိုင်ရေးအတွက် သန်လျင်မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် သန်လျင်မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးခန်းမ၌ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ခေါ်ယူတွေ့ဆုံဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

        ထိုသို့ဆွေးနွေးခဲ့ရာတွင် သန်လျင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဝယ်ယူထားသည့်ဈေးနှုန်း များအပေါ် သင့်တင့်သောအမြတ်ရာခိုင်နှုန်းသာယူပြီး ပြန်လည်ဖြန့်ဖြူးရောင်းချကြရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများ သင့်တင့်မျှတသောရည်ညွှန်းဈေးဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၊ ဆန်စပါးကုမ္ပဏီများပူးပေါင်းပြီး ဆန်များရောင်းချသွားမည်ဖြစ်ကြောင်း ဆန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်  သိုလှောင်ထားခြင်းမျိုးများမဖြစ်စေရေးတို့အတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း လုပ်ငန်းရှင်များအား အသိပေးဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ တာဝန်ရှိသူက ၎င်းမှထုတ်ပြန်ထားသည့်ရည်ညွှန်းဈေးများအား တက်ရောက်လာသည့်တောင်သူများကိုလက်ဆင့်ကမ်းပြီး ၎င်းဆန်များကိုလည်း ရန်ကုန်မြို့၊ ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင်းနောင်ဆန်စပါးကုန်စည်ဒိုင်များတွင် ချိတ်ဆက်ဝယ်ယူနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

       အဆိုပါဆွေးနွေးပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများနှင့် ဆန်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်(၁၉)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ညောင်ဦးမြို့တွင် ဆန်အရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်/ညွှန်မှူး)သည် (၁-၇-၂၀၂၄)ရက်နေ့၊ နေ့လယ် ၁၄:၃၀ နာရီအချိန်တွင် ခရိုင်ရုံးအစည်းအဝေးခန်းမ၌ ညောင်ဦးမြို့နယ်ရှိ ဆန်လက်လီ/ လက္ကားရောင်းချသောလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဆန်ရောင်းဝယ်မှုများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များသိသင့်သိထိုက်သည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များအားသိရှိလိုက်နာစေရန် အသိပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါတွေ့ဆုံဟောပြောပွဲတွင် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်စက်များပုံမှန်လည်ပတ်ကြိတ်ခွဲနိုင်စေရေး၊ ဆန်များပုံမှန်တင်ပို့နိုင်စေရေး၊ ဆန်တန်ချိန်(၅၀)နှင့်အထက်၊ စပါးတင်း (၅၀၀၀)နှင့်အထက် သိုလှောင်ထားပါက မှတ်ပုံတင်နိုင်ရေးနှင့်ဆန်ဆိုင်များပုံမှန်ဖွင့်လှစ်၍ သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချစေရေး၊ ဈေးကွက်များအတွင်း ဆန်များရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီရောင်းချစေရေး၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းများမပြုလုပ်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်နှင့်တာဝန်များ၊ တားမြစ်ချက်များကိုရှင်းလင်းဟောပြောခဲ့ရာ ဆွေးနွေးပွဲသို့ ဆန် လက်လီ/ လက္ကားရောင်းချသူလုပ်ငန်းရှင် (၂၆)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

နွားထိုးကြီးမြို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      မြို့နယ်အတွင်းရှိ ပြည်တွင်းစားဆန်များတည်ငြိမ်မှန်ကန်မှုရှိစေရေးအတွက်  မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များသည် (၂၆-၆-၂၀၂၄ )ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် နွားထိုးကြီးမြို့ပေါ်ရှိဆန်အရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနများမှ တာဝန်ရှိသူများသည် နွားထိုးကြီးမြို့မဈေးရှိဆန်ဆိုင်များ၊ ရပ်ကွက်များအတွင်းရှိ ဆန်ဆိုင်များသို့ကွင်းဆင်း၍ ဆန်ရောင်းချမှုအခြေအနေများနှင့် အများပြည်သူသို့ ဆန်များရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီရောင်းချစေရန်နှင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းများမပြုလုပ်ကြရန် ရှင်းလင်းပြောကြားခဲ့ကြပါသည်။ နွားထိုးကြီးမြို့နယ်ရှိ စားသုံးသူပြည်သူများသည် ဒေသထွက်ဆန်များအပြင် ကျောက်ဆည်၊ မြင်းခြံ၊ ရွှေဘို၊ မြောင်းမြ၊ ဝမ်းတွင်း၊ မြစ်သား စသည့်အခြားဒေသများမှ ထွက်ရှိသောဆန်များကို စားသုံးမှုများသည့်အတွက် ဝယ်ယူရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ငါန်းဇွန်မြို့ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား (၂၇-၆-၂၀၂၄)ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်၌ မြို့နယ်အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

         ငါန်းဇွန်မြို့နယ်အတွင်းရှိ အများပြည်သူများအတွက် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တွင် မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် နေပြည်တော်ဓာတ်ခွဲဌာန၌ အတည်ပြုစစ်ဆေးရာ တားမြစ်ဓာတုပစ္စည်းများပါဝင်မှုရှိ၍ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း(၄၂)မျိုးအား ရောင်းချမှုမရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး အရောင်းဆိုင်များမှ တာဝန်ရှိသူများအား ပူးပေါင်းအဖွဲ့က သက်ဆိုင်ရာဌာနများ၏ ဥပဒေများ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ သတ်မှတ်ချက်များ၊ စည်းကမ်းချက်များ၊ ထောက်ခံချက်များပြည့်စုံမှန်ကန်စွာပါရှိပြီး အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်များကိုသာရောင်းချကြရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ၊ သက်ဆိုင်ရာဌာနများ၏ သုံးစွဲရန်မသင့်ကြောင်း သတ်မှတ်ထုတ်ပြန်ထားသောကုန်ပစ္စည်းများ၊ ဥပဒေများပါအချက်အလက်များနှင့်ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများရောင်းချနေမှုများကို စစ်ဆေးတွေ့ရှိရပါက ဥပဒေများနှင့်အညီအရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့်ဌာနများမှ တာဝန်ရှိသူများပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့တွင် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင်ထားနိုင်ရေးကိစ္စများအတွက် ကွင်းဆင်းစစ်ဆေးခြင်း

      ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည်    ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မြင်းခြံမြို့ပေါ်ရှိ ဆန်လက်လီ/ လက္ကားအရောင်းဆိုင်(၇)ဆိုင်သို့ ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ဆန်သိုလှောင်ရုံမှတ်ပုံတင်ထားနိုင်ရေးကိစ္စများဆောင်ရွက်ရန် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

        ထိုသို့ ဆန် လက်လီ/ လက္ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသောဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း၊ ဧရာပေါ်ဆန်း၊ မဂျမ်းတော၊ ဖန်သီး၊ ရက်(၉၀)၊ မနောသုခ စသောဆန်အမျိုးအစားများကို ရောင်းချနေကြောင်းတွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများက ဆန် လက်လီ/ လက္ကားရောင်းချသူလုပ်ငန်းရှင်များအား အလေးချိန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချရန်၊ ဈေးနှုန်းတည်ငြိမ်ပြီး သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုလုပ်ရန်၊ ထိုသို့သိုလှောင်ထားရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူနိုင်ကြောင်းတို့ကိုရှင်းလင်းပြောကြားခဲ့ပြီး၊ ဆန်များရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း၊ Vinyl ချိတ်ဆွဲရောင်းချသွားရန်နှင့် ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း(၅၀၀၀)နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် သိုလှောင်ရုံများကို မှတ်ပုံတင်ထားနိုင်ရေးကိစ္စများဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ညောင်ဦးမြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာ၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)သည် ခရိုင်ရုံးအစည်းအဝေးခန်းမတွင် (၂၇-၆-၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ညောင်ဦးမြို့နယ်ရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးရာ၌ ယခုဟောပြောပွဲကိုတက်ရောက်လာသည့်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်များ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍သာ လုပ်ငန်းရှင်ဟုခေါ်ဆိုသတ်မှတ်သော်လည်း အခြားကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်လျှင်မူ မိမိတို့သည်လည်း စားသုံးသူများသာဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကိုယ်တိုင်စားသုံးသူများဖြစ်သည့်အခါတွင် ကုန်စည်နှင့်ဝန်ဆောင်မှုတို့နှင့်ပတ်သက်၍ စားသုံးသူဘက်မှ ကိုယ်ချင်းစာစိတ်ဖြင့် စာနာနားလည်မှုရှိရန် လွန်စွာမှအရေးကြီးကြောင်း၊ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာမှုများနှင့်အတူ အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက်များကိုလည်း နည်းလမ်းမျိုးစုံဖြင့် ထုတ်လုပ်သုံးစွဲစားသုံးလာကြသည့်အခါ တချို့သော ဝိသမလောဘသားလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ကိုယ်ကျိုးသာရှေ့ရှုအလေးထားပြီး စားသုံးရန်နှင့်သုံးစွဲရန်မသင့်သော ကုန်ပစ္စည်းများကို ထည့်သွင်း၍သော်လည်းကောင်း၊ ပြုပြင်၍သော်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ကြသည့်အတွက် စားသုံးသူများအနေဖြင့် ကျန်းမာရေးများထိခိုက်ပြီး၊ အသက်အန္တရာယ်များဆုံးရှုံးသည်အထိ နစ်နာမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာနအသီးသီးမှ ဥပဒေများ၊ နည်းဥဒေများပြဋ္ဌာန်းပြီး စားသုံးသူများအားထိခိုက်နစ်နာမှုမရှိစေရန် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများကိုသိရှိနားလည်၍ လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပြီး စားသုံးသူအနေဖြင့်လည်း စားသုံးသူ၏အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုများကို အရေးဆိုနိုင်ရန်လိုအပ်ကြောင်း၊ မိမိတို့ထုတ်လုပ်သော ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူအား စိတ်စေတနာအပြည့်အဝထား၍ ဥပဒေများပါပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များအတိုင်း လုပ်ကိုင် ဆောင်ရွက်ကြခြင်းဖြင့် မိမိတို့၏စားသုံးသူများ၊ မိမိဒေသနှင့်နိုင်ငံအတွက် အကျိုးပြုနိုင်သော စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပေါ်လာစေရန် ကြိုးစားဆောင်ရွက်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ MSMEs လုပ်ငန်းရှင်များ(၄၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News