Main menu

HighLight News

Powered by Drupal

ရွှေကျင်မြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရွှေကျင်မြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၂ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်လေးပင်မြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားဖြင့် ရေးသားဖော်ပြ၍ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါ သည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဇူလိုင်လ ၂၄ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည့် အုတ်တွင်းမြို့နယ်ရှိ ဌာဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင်ရာအရာရှိ များနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ပါသည်။

        ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အတွက် တားမြစ်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကိုဖတ်ရှုကြရန် အရေးကြီးပုံများ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့်အတိုင်း လိုက်နာသုံးစွဲကြရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း ၈၀ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဇူလိုင်လ ၂၃ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့၊ စည်ပင်သာယာဈေး၊ ဈေးတာဝန်ခံရုံး၌ စည်ပင်သာယာဈေးအတွင်း ရောင်းချမှုပြုနေသောလုပ်ငန်းရှင်များအား ဌာနဆိုင်ရာများအလိုက် သိသင့်သိထိုက်သည်များကို အသိပညာပေးဟောပြောခဲ့ပါသည်။

         အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပါရှိသည့် ကုန်စည်များကိုသာဝယ်ယူသုံးစွဲကြရန်နှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးဟောပြောခဲ့ပါသည်။

       ထို့အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမျိုးအောင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးသန့်ဇင်နိုင်တို့က သက်ဆိုင်ရာဌာနများအလိုက် သိသင့်သိထိုက်သည် များကိုဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ရေတာရှည်မြို့ စည်ပင်သာဈေးမှ လုပ်ငန်းရှင် ၂၀ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

   ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားသောက်ကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များသို့သွားရောက်၍ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ ဖြူးမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့်အတူ ဇူလိုင်လ ၁၈ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဖြူးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်တာဝန်ခံက စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်ရန် ဌာန၏ဆောင်ရွက်ထားရှိမှုများ၊ တိုင်ကြားလာခြင်းများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ ဥပဒေနှင့်အညီ တရားစွဲဆိုရန်ဖြစ်ပေါ်လာပါက တရားရုံးကချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို အခြေခံပညာကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများသို့သွားရောက်၍ ဟောပြောပွဲများကျင်းပသည့်အပြင် သက်ဆိုင်ရာမြို့နယ်များမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်ညှိနှိုင်း၍ Talk Show အစီအစဉ်ဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးဇော်ဇော်လင်း၊ တောင်ငူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဦးစီးအရာရှိ ဦးအောင်ကိုကို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ပေးအပ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ ပဲခူးတိုင်းဒေသကြီးဆန်စပါးဒေသကော်မတီ(၂) (တောင်ငူခရိုင်) ဥက္ကဋ္ဌ၊ ဦးကျော်စိုးမိုးတို့နှင့်အတူ ဇူလိုင်လ ၂၃ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့ပေါ်ရှိ ဆန်စက်များ၊ ဆန်သိုလှောင်ရုံများနှင့် ဆန် လက်လီ/လက်ကားအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ဆန်စက်များ၌ ကြိတ်ခွဲထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချမှုအခြေအနေများကိုလည်းကောင်း၊ ဆန်လက်လီလက်ကားအရောင်းဆိုင်များ၌ စားသုံးသူရေးရာဦးစီးဌာနကသတ်မှတ်သည့် သင့်တင့်သောဈေးနှုန်းများအတိုင်းရောင်းချခြင်းရှိ/မရှိကိုလည်းကောင်း၊ ဆန်အိတ် ၁၀၀၀နှင့်အထက် သိုလှောင်နိုင်သည့်သိုလှောင်ရုံများ၏ မြန်မာဆန်စပါးအွန်လိုင်း (MyRO) တွင် မှတ်ပုံတင်ထားရှိသည့် အခြေအနေများကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

        ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျစာရင်းပြုစုမှတ်ပုံတင်နိုင်ရေး၊ သိုလှောင်ရုံအပ်ကုန်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် Online Registration စနစ်ဖြင့် (MyRO) တွင် မှတ်ပုံတင်ဆောင်ရွက်ကြရန်၊ ဆန်ကို လက်လီ/လက်ကားရောင်းချရာတွင် မြန်မာဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများအတိုင်းရောင်းချရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးလျက်ရှိ

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှ ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များသည် အခြေခံလူတန်းစားများသို့ ဆန်များကို သက်သာသောဈေးနှုန်းဖြစ်သည့် တစ်ပြည်လျှင် ၃၀၀၀ကျပ်နှုန်းဖြင့်ရောင်းချပေးလျက်ရှိပါသည်။

        ထိုသို့ရောင်းချပေးရာတွင် ရေတာရှည်မြို့နယ်ရှိ ရေတာရှည်၊ ဆွာ၊ သာဂရမြို့၊ မြို့လှနှင့်‌ ရေနီမြို့များရှိ ရပ်ကွက်များသို့ နေ့စဉ်အလှည့်ကျ mobile မော်တော်ယာဉ်များဖြင့်သွားရောက်၍ လူတစ်ဦးလျှင် ဆန် ၂ပြည်နှုန်းရောင်းချပေးလျက်ရှိရာ ဇူလိုင်လ ၂၂ရက်နေ့တွင် သာဂရမြို့ဈေးအနီးရှိ သမာဓိဆန်ပွဲရုံက ဆန်(၁၀)အိတ်နှင့် မြို့လှမြို့၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆန်(၅)အိတ်၊ ရေနီမြို့၊ မော်ကမ္ဘာဆန်စက်က ဆန်(၁၅)အိတ်၊ စုစုပေါင်း(၃၀)အိတ်ရောင်းချပေးခဲ့ပါသည်။

       ဆန်ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ကြီးကြပ်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် တောင်ငူမြို့နယ်အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသောဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြ စေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားဖြင့် ရေးသားဖော်ပြ၍ရောင်းချကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

 DOCA(ပဲခူး)

အုတ်တွင်းမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ အုတ်တွင်းမြို့နယ်တာဝန်ခံတို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၂ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများ၌ မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချစေရန်၊ စားအုန်းဆီ လက်လီ/လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News