Main menu

HighLight News

Powered by Drupal

ရှမ်းပြည်နယ်(တောင်ပိုင်း) ကြံစိုက်တောင်သူများဈေးကောင်းရနေ

           ကြံတစ်ကြိမ်စိုက်လျှင် (၄)နှစ်အထိထား၍ ပထမနှစ်(ခင်းသစ်)၊ ဒုတိယနှစ်(လမိုင်း)၊ တတိယနှစ်(လမတ်)နှင့် စတုတ္ထနှစ် (ခင်းဟောင်း) ဟူ၍ ခုတ်သိမ်းရကြောင်း သိရှိရပါသည်။ ပထမနှစ် စစိုက်စိုက်ချင်း(ခင်းသစ်)ကို ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ စိုက်ပျိုးကြ၍ ဒုတိယနှစ်(လမိုင်း)၊ တတိယနှစ်(လမတ်)၊ စတုတ္ထနှစ် (ခင်းဟောင်း)များကိုတော့ ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ စိုက်ခင်းမြေပြုပြင်ခြင်းကိုသာ လုပ်ဆောင်ကြပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းရောင်းချကြကြောင်း သိရှိရပါသည်။

           ရှမ်းပြည်နယ် (တောင်ပိုင်း)အနေဖြင့် ကြံကို တောင်ကြီး၊ ဟိုပုံး၊ ရပ်စောက်၊ ညောင်ရွှေမြို့များတွင် အများဆုံး စိုက်ပျိုးကြပြီး ၂၀၂၀-၂၀၂၁ခုနှစ်စိုက်ဧကမှာ (၂၃၁၁၇)ဧကရှိပြီး တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ (၂၈မှ၃၀) တန် အထိထွက်ရှိပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသော ကြံများကို တောင်သူအများစုသည် သကြားချက်စက်ရုံများသို့ ကြံအချောင်းလိုက် ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ် ကြံရာသီတွင် စက်ရုံမှ ကြံတစ်တန်လျှင် (၆၀၀၀၀)ကျပ် ပေးဝယ်နေကြောင်း စုံစမ်းသိရှိပါသည်။ ယခင်နှစ် ကြံရာသီတွင် ကြံတစ်တန်လျှင် (၄၂၀၀၀မှ ၄၅၀၀၀ကျပ်)အထိ အများဆုံး (၅၀၀၀၀)ကျပ် အထိသာ ဈေးရှိခဲ့ပြီး ယခုနှစ်မှာတော့ ဈေးပိုရရှိခဲ့ကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်မှ ထွက်ရှိသော ကြံများကို တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာရှိ မြဘုရင် သကြားစက်ရုံသို့ အဓိကထားရောင်းချ လျက်ရှိပါသည်။

          ကြံစိုက်တောင်သူများအနေဖြင့် ကြံတစ် ဧကစိုက်လျှင် အထွေထွေကုန်ကျစရိတ်မှာ ကျပ်(၆၀၀၀၀၀)ကျော်ကုန်ကျပြီး ယခုတစ်တန် (၆၀၀၀၀)ကျပ် ပေါက်ဈေးကို တစ်ဧက အထွက်နှုန်း (၂၈)တန်ဖြင့်တွက်ပါက တောင်သူအတွက် (၁၀)သိန်းကျော် အထိ အကျိုးအမြတ်ရရှိကြောင်း တွက်ချက်မှုများအရသိရှိရပါသည်။ ယခုလို ကြံစိုက် တောင်သူများနှင့် ကြံဝယ်ယူသူများနှစ်ဉီးနှစ်ဖက်မနစ်နာသော ဈေးနှုန်းတစ်ခု ဖြင့် ရောင်းဝယ်ကြပါက တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိပြီး ဆက်လက်စိုက်ပျိုးရန် ဆွဲငင်အားတစ်ခု ဖြစ်လာစေသကဲ့သို ကြံ၊ သကြားဈေးကွက်သည်လည်း ဆက်လက်ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရှမ်းပြည်နယ်)

ကရင်ပြည်နယ် ဘားအံမြို့ ခရိုင်မီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

            ၂၆.၁၂.၂၀၂၁ ရက်နေ့၊ ကရင်ပြည်နယ် ဘားအံမြို့ ခရိုင်မီးသတ်ဦးစီးဌာန၌ နံနက် (၉:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူမှုဝန် ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။

        အဆိုပါဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်အောင်က ကလေးငယ်များအား COVID – 19 ကပ်ရောဂါမကူးစက်အောင် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး မီးသတ်ဦးစီးဌာနမှ ဒေါ်ယဉ်မွန်မြင့် က ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနရုံးမှ ဒေါ်စုနွေးသီရိမောင် က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူနစ်နာမှုရှိပါကတိုင်ကြားနိုင်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည့်အချက် များအကြောင်းနှင့် စားသုံးသူများ ကျန်းမာစေရန်အတွက် စားသုံးဆီအကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ လူဦးရေ (၃၀)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

လက်ဖက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ “ရာဇာ”လက်ဖက်လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ရရှိစေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          မုံရွာမြို့တွင် ရာဇာ၊ ကျားမင်း၊ ပင်လုံ၊ ကမ္ဘောဇ၊ တောင်တန်းမယ်၊ ရွှေမောင်း၊ ဝိုင်းအုံ၊ ဇယန်း၊ မြသီတာ၊ ဇယန်းယု၊ ရွှေဖီနောင်၊ ရှမ်းညီနောင်၊ ရှမ်းမောင်း၊ အောင်စိုးသိန်း စသည့် အမှတ် တံဆိပ်များဖြင့် လက်ဖက်လုပ်ငန်းရှင်များမှ မုံရွာမြို့နယ်လက်ဖက်အသင်းအစုအဖွဲ့ ဖွဲ့စည်း၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယင်းအစုအဖွဲ့တွင် ရာဇာလက်ဖက်လုပ်ငန်းပိုင်ရှင်မှ ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ပြီး မုံရွာမြို့တွင် လက်ဖက်လုပ်ငန်းရှင် များစွာရှိသလို မြန်မာနိုင်ငံလက်ဖက်လုပ်ငန်းရှင်များအသင်းမှ ၂၀၂၀ခုနှစ်တွင် မုံရွာမြို့နယ်လက်ဖက်အသင်းအစု အဖွဲ့ကို ဖွဲ့စည်းပေးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

       ရာဇာလက်ဖက်လုပ်ငန်းရှင်အနေဖြင့် လက်ဖက်ကုန်ကြမ်းကို ရှမ်းပြည်တောင်ပိုင်း ပင်းတယ၊ ရွာငံဒေသတို့မှ ဝယ်ယူကြောင်း၊ ဇယန်းလက်ဖက်ကို ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ ဇယန်းကြီးဒေသတို့မှ ဝယ်ယူ ကြောင်း၊ လက်ဖက်များကို ပြန်လည်ရွေးထုတ်သန့်စင်ပြီး ဒေသတွင်းသာမက စစ်ကိုင်းတိုင်း အထက်ပိုင်း မော်လိုက်၊ ဖောင်းပြင်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ မတိုင်မီ ကာလက နေ့စဉ် အလုပ်သမား(၅၀)ဦးနှင့် လုပ်ငန်းလည်ပတ်လျက်ရှိပြီး ယခုလက်ရှိအချိန်တွင်  အလုပ်သမားဦးရေ ထက်ဝက်ခန့်ဖြင့်သာ လည်ပတ်နိုင်ကြောင်း၊ ထုတ်လုပ်မှုအနေဖြင့်လည်း တစ်ဝက်ခန့်သာ ဖြန့်ဖြူးရောင်းချနိုင်ခဲ့ကြောင်း သိရှိရပါသည်။

       ဆက်လက်၍ ကုန်အမှတ်တံဆိပ်အတွက် မူပိုင်ခွင့်ရရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ရာတွင် ခရိုင်ဦးစီးမှူးက မူပိုင်ခွင့်ဦးစီးဌာနသို့ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက်ရာဇာလက်ဖက်လုပ်ငန်းရှင်အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကိုပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

၃.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၃.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

စားသုံးသူကျန်းမာရေးနှင့် ပလတ်စတစ်ထုတ်ကုန်များ

          ကမ္ဘာ့နိုင်ငံများတွင် ပလတ်စတစ်ထုတ်ကုန်များကို သုံးစွဲလာကြသည်နှင့်အမျှ ထိုထုတ်ကုန် များတွင် လူသားတို့၏ ကျန်းမာရေးနှင့်ဂေဟစနစ်များအတွက် အလွန်အန္တရာယ်ရှိသည့် အဆိပ်သင့် ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု (Persistent Organic Pollutants, POPs) ပါဝင်နေပါသောကြောင့် ကမ္ဘာ့လုံးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ်အသိအမှတ်ပြုထားပါသည်။

          အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှုများသည် အော်ဂဲနစ် (ကာဗွန် အခြေခံ) ဓာတုဒြပ်ပေါင်းများနှင့် ရောစပ်ထားသော အဆိပ်အတောက်ဖြစ်စေသည့် အရာ များဖြစ်ပြီး DDT ကဲ့သို့သော Organochlorine ပိုးသတ်ဆေးများ၊ စက်မှုသုံးဓာတုပစ္စည်းများ၊ Polychlorinated biphenyl(PCB) နှင့် စက်မှုလုပ်ငန်းဆိုင်ရာလုပ်ငန်းစဉ်အတွင်း မရည်ရွယ်ဘဲ ထုတ်ကုန်များဖြစ်သည့် ဒိုင်အောက်ဇင် (Dioxins) ခေါ် Polychlorinated dibenzo-p-dioxins (PCDD)နှင့် dibenzofurons (PCDF) တို့ဖြစ်သည်။        

          ပလတ်စတစ်အမှိုက်များအား စနစ်တကျစွန့်ပစ်မှုမရှိခြင်း သို့မဟုတ် အလွယ်တကူ စွန့်ပစ် ခြင်းသည် ပတ်ဝန်းကျင်သို့ အဆိပ်သင့်ဓာတုပစ္စည်းများ ထုတ်လွှတ်စေခြင်းဆီသို့ ဦးတည်သွားစေနိုင် ပါသည်။ အချို့စွန့်ပစ်သည့် နည်းပညာများသည်လည်း မရည်ရွယ်ဘဲ ဖြစ်ပေါ်စေခြင်းနှင့် အဆိပ်သင့် ဓာတုပစ္စည်းများ ထုတ်လွှတ်ခြင်းသို့ ဦးတည်စေနိုင်ပါသည်။ တည်မြဲဓာတုညစ်ညမ်းမှု (POPs)သည် ဓာတုဗေဒဆိုင်ရာ၊ ဇီဝဗေဒဆိုင်ရာနှင့် ဓာတ်ပြုမှုဖြစ်စဉ် (Photolytic process) များမှတဆင့် ချေဖျက်ခြင်းကို ခံနိုင်ရည်ရှိသော အော်ဂဲနစ်ဒြပ်ပေါင်းများဖြစ်ပါသည်။

          ပလတ်စတစ် ထုတ်ကုန်ပစ္စည်းများသည် ကျွန်ုပ်တို့နေ့စဉ်ဘ၀၏ နေရာတိုင်းတွင် တွင်ကျယ် စွာအသုံးပြုကြပြီး မရှိမဖြစ်လိုအပ်သော ပစ္စည်းများဖြစ်သည်။ ပလတ်စတစ်ထုတ်ကုန်များတွင် လူတို့၏ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်အတွက် ဆိုးရွားသောအန္တရာယ်ဖြစ်စေသည့် အဆိပ်သင့်ဓာတု ပစ္စည်းနှင့် အန္တရာယ်ရှိသောအရာ အများအပြားပါဝင်သည်။ ပလတ်စတစ်အမှိုက်များကြောင့် မြေဆီလွှာညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှုစသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါသည်။

          ပလတ်စတစ်များကို အော်ဂဲနစ်ပိုလီမာများဖြင့် ဖွဲ့စည်းထားပြီး အမျိုးမျိုးသော လူသုံးကုန် ပစ္စည်းများအဖြစ် ရေသန့်ဘူးများ၊ အဝတ်အထည်များ၊ အစားအသောက်ထုပ်ပိုးခြင်း၊ ဆေးဘက် ဆိုင်ရာပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်း များ အစရှိသဖြင့် တွင်ကျယ်စွာအသုံးပြုလာကြပါသည်။ နှစ်စဉ် ပလတ်စတစ်ထုတ်လုပ်မှုမှာ တစ်ကမ္ဘာလုံးတွင် တန်ချိန် ၂၄၅သန်း ရှိသည်ဟု ခန့်မှန်းထားပါသည်။ ၂၀၁၅ ခုနှစ် ခန့်မှန်း တွက်ချက်မှုအရ ထုတ်လုပ်မှုနှုန်းမှာ အာရှတွင် ကမ္ဘာ့စုစုပေါင်းထွက်ရှိမှု၏ ၄၉% မှာ တရုတ်၊ ၂၈% မှာ မြောက်အမေရိကနှင့် ဥရောပမှာ ၁၉% ဖြစ်ပြီး ကျန်ဒေသမှာ ထုတ်လုပ်မှုအနည်းငယ်သာ ရှိသည်ဟု သုတေသနစာတမ်းများတွင် ဖော်ပြထားပါသည်။

          ကမ္ဘာ့လူဦးရေ တိုးလာသည်နှင့်အမျှ ပလတ်စတစ်နှင့် ပလတ်စတစ်ထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်လာပြီး ပလတ်စတစ်အမှိုက်များသည်လည်း ပိုမိုများပြားလာသည်။ ပလတ်စတစ်နှင့် ပလတ်စတစ်ထုတ်ကုန်အမှိုက်များကို ခွဲခြားစွန့်ပစ်မှုမရှိခြင်းကြောင့် ကုန်းမြေထုကို ညစ်ညမ်းမှု ဖြစ်စေပြီး မြေဆီလွှာနှင့်မြေအောက်ရေထဲသို့ အဆိပ်အတောက်ရှိသော ဓာတုပစ္စည်းများ စိမ့်ဝင် သွားခြင်း၊ စွန့်ပစ်အမှိုက်များ စုပုံလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်အလှများ ပျက်စီးခြင်း၊ ရေနေ နှင့် သက်ရှိသတ္တဝါများ သေဆုံးမှုများပြားလာခြင်း၊ မိလ္လာရေဆိုးမြောင်းများ ပိတ်ဆို့မှုဖြစ်ခြင်းကို အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြုံတွေ့ရပြီး၊ ထိုအကျိုးဆက်ကြောင့် ခြင်နှင့်အခြားရောဂါပိုး ဖြစ်စေသော ပိုးများပေါက်ပွားခြင်း၊ အနံ့ဆိုးများထွက်ခြင်း၊ ရေစိမ့်ဝင်မှုလျော့နည်းစေခြင်းနှင့် စိုက်ပျိုးမြေဆီလွှာခမ်းခြောက်ခြင်း(လေသလပ်ခြင်း)ကြောင့် ကောက်ပဲသီးနှံအထွက်နှုန်း ကျဆင်း စေခြင်းများ ဖြစ်လာသည်ကို တွေ့မြင်နေရပြီဖြစ်ပါသည်။

          ပုံမှန်အားဖြင့်သမုဒ္ဒရာများအတွင်း ရောက်ရှိနေသော ပလတ်စတစ်များသည် ဖွဲ့စည်းပုံပြိုကွဲ နေစဉ်အတွင်း ဓာတုအဆိပ်များ ရေထဲသို့ထုတ်လွှတ်ပြီး ရေနှင့်ရောနှောဝင်ရောက်လာသည်။ ထို့အပြင် ပလတ်စတစ်အပိုင်းအစများနှင့် ရေထုညစ်ညမ်းမှုတို့ကြောင့် အဏ္ဏဝါမျိုးစိတ် ၂၆၀ ကျော်၊ လိပ်၊ ကြောရိုးမဲ့များ၊ ပင်လယ်ငှက်များကဲ့သို့ သက်ရှိများနှင့် နို့တိုက်သတ္တဝါများမှ မြိုချမိခြင်း သို့မဟုတ် လှုပ်ရှားမှုအင်္ဂါများအား ရစ်ပတ်မိခြင်းများကြောင့် အသက်ရှူကြပ်ခြင်း၊ မျိုးပွားမှု လျော့နည်းစေခြင်း၊ အနာဖြစ်ခြင်းနှင့် အဆိပ်အတောက်များကြောင့် သေဆုံးခြင်းများ ဖြစ်စေခြင်း သည် ရေထုညစ်ညမ်းမှုကြောင့်ဖြစ်သည်ကို ကမ္ဘာ့မီဒီယာများမှ ရိုက်ကူးထားခြင်းအား တွေ့မြင်နိုင် ပါသည်။

          မြေပေါ်တွင် စွန့်ပစ်ထားသော ပလတ်စတစ်အမှိုက်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် မီသိန်း တို့ကို လေထုထဲသို့ ထုတ်လွှတ်ခြင်းနှင့် စွန့်ပစ်အမှိုက်များ ဓာတ်ပြုမှုနှင့်ပြိုကွဲနေစဉ်တွင် မြေထုမှ တဆင့် စိမ့်ဝင်ခြင်းဖြင့် မြေအောက်ရေထဲသို့လည်းကောင်း၊ ထုတ်လွှတ်ခြင်းဖြင့် လေထုထဲသို့ လည်းကောင်း၊ ဝင်ရောက်လာခြင်းနှင့် ပလတ်စတစ်နှင့် ပလတ်စတစ်ထုတ်ကုန်များ မီးရှို့ခြင်းဖြင့် သတ္တုများ၊ ဒိုင်အောက်ဇင် (Dioxins)၊ (Polychlorinated biphenyls, PCBs) ကဲ့သို့ ညစ်ညမ်းစေ သော အရာများကို ထုတ်ပေး၍ လေထုထဲသို့ ဝင်ရောက်ပြီး လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး ထိုညစ်ညမ်းလေများကို ရှူသွင်းမိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နိုင်ပါသည်။

          ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများမှ ထွက်ပေါ်လာသော အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု (POPs) များသည် လေနှင့်ရေစီးကြောင်းများဖြင့် သယ်ယူ ပို့ဆောင်နိုင်သောကြောင့် နိုင်ငံတစ်နိုင်ငံတွင် ထုတ်လုပ်သည့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများမှ အဆိပ်သင့်ဓာတုပစ္စည်း အများစုသည် ၎င်းတို့ အသုံးပြုသည့်နေရာနှင့် ဝေးကွာသောနေရာများထိ ရောက်ရှိနိုင်ပြီး လူနှင့်တိရစ္ဆာန်များကို ထိခိုက်စေနိုင်ပါသည်။ ထိုအဆိပ်သင့်ပစ္စည်းများသည် ပြိုကွဲ နိုင်မှုနည်းသည့်အတွက် ၎င်းတို့သည် လူများ၊ ရေနေနို့တိုက်သတ္တဝါများနှင့် အခြားတိရစ္ဆာန်များ၏ ခန္ဓာကိုယ်တွင်း အဆီအဖြစ်စုပုံနေပြီး မိခင်မှတဆင့် သန္ဓေသားသို့ ကူးစက်ပျံ့နှံ့ခြင်းနှင့် လေမှတဆင့် လည်း အသက်ရှူလမ်းကြောင်းသို့ ဝင်ရောက်ပြီး ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်နိုင်ပါသည်။

          အဆိုပါပလတ်စတစ်ထုတ်ကုန်များကြောင့် အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲ ဓာတုညစ်ညမ်းမှု (POPs) များကို ကျွန်ုပ်တို့၏ အစားအစာ၊ မြေဆီလွှာ၊ လေထုနှင့်ရေထုတို့၏ နေရာတိုင်းနီးပါးတွင်တွေ့ရပြီး ကမ္ဘာတစ်ဝှမ်းရှိ တောရိုင်းတိရစ္ဆာန်များ၊ ရေနေသတ္တဝါများ၊ အိမ်မွေး တိရစ္ဆာန်များနှင့် လူသားများအား ထိခိုက်စေနိုင်သော အဆင့် သို့မဟုတ် ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် အဆိုပါအဆိပ်သင့်ဓာတုပစ္စည်း     ပမာဏ အတော်အသင့် သယ်ဆောင်ထားပြီး ဖြစ်နေပါသည်။ 

          ကျွန်ုပ်တို့သည် ဤဓာတုပစ္စည်းများကို နည်းအမျိုးမျိုးဖြင့် ထိတွေ့လျက်ရှိကြသည်။ အဓိက အားဖြင့် ကျွန်ုပ်တို့ စားသောအစားအစာမှ တဆင့်သာမက ကျွန်ုပ်တို့ ရှူရှိုက်သောလေ၊ အိမ်တွင်း၊ အိမ်ပြင်နှင့် လုပ်ငန်းခွင်များတွင်လည်း ထိတွေ့နေရပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ နေ့စဉ် အသုံးပြုသည့် ထုတ်ကုန်ပစ္စည်းအများအပြားတွင် ထုတ်ကုန်အရည်အသွေး ကောင်းမွန်စေ ရန် မီးလောင်မှု လျှော့ချပေးသော ဆေး သို့မဟုတ် Surfactants ကဲ့သို့ အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု (POPs) များ ထည့်သွင်းအသုံးပြုထားခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ ကမ္ဘာမြေပေါ်ရှိနေရာတိုင်းတွင် တည်မြဲဓာတုညစ်ညမ်းမှုများ(POPs) ပါဝင်မှုများကို နည်းပညာရှင်များ၏ တိုင်းတာမှု သုတေသနစာတမ်းများအရ တွေ့ရှိနိုင်ပါသည်။

          အပူချိန်မြင့်မားသော ပလတ်စတစ်နှင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများအား ကြာရှည်စွာ အသုံးပြုခြင်းနှင့် ထိတွေ့စေသော အစားအစာ၊ အချိုရည်နှင့် ရေတို့၏ အတွင်းထဲသို့ အဆိပ်သင့် ဓာတုပစ္စည်းများ ဝင်ရောက်နိုင်သည်။ သက်ရှိတို့၏ အစာကွင်းဆက်တစ်လျှောက်တွင် ခန္ဓာကိုယ် တွင်း၌ စုပုံ (bio-accumulate)နေခြင်းကြောင့် အစာကွင်းဆက်မှာ အများဆုံးတွေ့ရပြီး လူ၏ ခန္ဓာကိုယ်တွင် အဆိပ်သင့်ဓာတုပစ္စည်းများ၏ အကျိုးဆက်များကို တွေ့ရှိနိုင်ပါသည်။ အချို့သော ဒြပ်ပေါင်းများနှင့် အခြားအခြေအနေများတွင် အဆိပ်သင့်ဓာတုပစ္စည်းပမာဏ နည်းသည့်တိုင်အောင် လူနှင့်ထိတွေ့မိပါက နာတာရှည်လည်ချောင်းနာခြင်း၊ အရေပြားရောဂါ၊ နားပင်းခြင်း၊ အမြင်အာရုံ ချို့ယွင်းခြင်း၊ အနာများ၊ အသည်းရောဂါ၊ အစာမကြေခြင်း၊ နှလုံးသွေးကြောဆိုင်ရာပြဿနာများ၊ ကင်ဆာရောဂါ၊ မျိုးပွားမှုဆိုင်ရာချို့ယွင်းခြင်း၊ ခုခံအားစနစ်ပြောင်းလဲခြင်း၊ အာရုံကြောဆိုင်ရာ ချွတ်ယွင်းခြင်း၊ ဟော်မုန်းဆိုင်ရာအနှောက်အယှက်ပေးခြင်း၊ မျိုးဗီဇဆိုင်ရာအဆိပ်သင့်ခြင်းနှင့် မွေးရာပါချို့ယွင်းချက်များ အပါအဝင် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများစွာကို ဖြစ်ပေါ်စေနိုင် သည့်အတွက် ပလတ်စတစ်များ ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းတွင် သင့်လျော်သော စည်းမျဉ်း စည်းကမ်းများကို ကျင့်သုံးခြင်းသည် ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ် ပလတ်စတစ်၏ အဆိပ်သင့်ပစ္စည်းများ သက်ရောက်မှုကို လျှော့ချနိုင်ပါလိမ့်မည်။

          သို့ဖြစ်ပါ၍ အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု (POPs) သည် လူ့ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်လာသောကြောင့် ၎င်းကို ထိန်းချုပ်ရန် အတွက် ၂၀၀၁ခုနှစ် စတော့ဟုမ်းကွန်ဗင်းရှင်း (Stockholm Convention) အောက်တွင် စည်းမျဉ်း စည်းကမ်းများကို ချမှတ်ထားခဲ့ခြင်းဖြစ်ပါသည်။ စတော့ဟုမ်းကွန်ဗင်းရှင်းသည် အဆိုပါဓာတု ပစ္စည်းများ ထုတ်လုပ်မှုနှင့် သုံးစွဲမှုကို ဖယ်ရှားရန်အတွက် အစပိုင်းတွင် POPs အမျိုးအစား(၁၂)ခုဖြင့် စတင်၍ အမျိုးအစားအသစ်များကို နောက်ဆက်တွဲစာရင်းသွင်းထားရာ လက်ရှိတွင် POPs အမျိုးအစား  (၂၆)ခု ပါဝင်ပါသည်။ ပထမအနေဖြင့် ကန့်သတ်ထားသောPOPs အမျိုးအစား (၁၂)ခု တွင် ပိုးသတ်ဆေး(၈)မျိုး (Aldrin ၊ Chlordane ၊ DDT ၊ Dieldrin ၊ Endrin ၊ Heptachlor ၊ Mirex နှင့် Toxaphene)၊ စက်မှုသုံးဓာတုပစ္စည်းအမျိုးအစား (၂)မျိုး (Polychlorinated biphenyls, PCBs နှင့် Hexachlorobenzene)နှင့် မရည်ရွယ်ထားသောထုတ်ကုန်များတွင်(ကလိုရင်းနှင့် ကလိုရင်းပါဝင် ပစ္စည်း ဒိုင်အောက်ဇင် (Dioxins) နှင့် Furans) တို့ဖြစ်သည်။ အဆိုပါ အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု(POPs)အမျိုးအစား (၁၂)မျိုး စလုံးသည် အလွန်နည်းသော ပမာဏတွင်ပင် ခန္ဓာကိုယ်၏ ဟော်မုန်းများကို အနှောက်အယှက်ပေးခြင်း၊ သားအိမ်အတွင်း အန္တရာယ်ဖြစ်စေခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ဖွံ့ဖြိုးမှုပြောင်းလဲစေခြင်း၊ မှတ်ဉာဏ်အားနည်းစေခြင်း၊ ရောဂါတိုက်ထုတ်ရန်နှင့် မျိုးပွားနိုင်စွမ်းတို့ကို ထိခိုက်စေနိုင်ပါသည်။

          လက်ရှိတွင် အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု (POPs) ပါဝင်မှု ပမာဏကို တိုင်းတာ၍ လျှော့ချနိုင်ရန် ပလတ်စတစ်ထုတ်ကုန်များနှင့် ပြန်လည်အသုံးပြုခြင်းများ (Recycling materials)အတွက် ပလတ်စတစ်အမှိုက်များကို ကိုင်တွယ်ခြင်းနှင့် ပြန်လည်အသုံးပြု နိုင်မှုကို သုတေသနပြုလေ့လာပြီး POPs များကို သင့်လျော်သော စီမံခန့်ခွဲမှုအတွက် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေပါသော်လည်း ကျွန်ုပ်တို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ မရှိသည့်အပြင် ပြည်သူအသိပညာပေးရေး ဆောင်ရွက်မှုများလည်း မရှိသေးပါ။

          ပလတ်စတစ်ထုတ်ကုန်အသစ်များတွင် အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတု ညစ်ညမ်းမှု (POPs)များကို ယေဘုယျအားဖြင့် အသုံးမပြုထားသော်လည်း အသုံးပြုပြီးသော စွန့်ပစ် ပစ္စည်းများတွင် တွေ့ရှိနိုင်ပါသေးသည်။ ထိုအသုံးပြုပြီးသောစွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြု ပါက POPs များသည် ထုတ်ကုန်အသစ်များတွင် ပြန်လည်ဝင်ရောက်လာနိုင်သည်။ အထူးသဖြင့် လူသုံးကုန်ပစ္စည်းများနှင့်ဆက်စပ်နေပါက ကျန်းမာရေးကို ထိခိုက်စေပါသည်။ သို့ပါသောကြောင့် ပလတ်စတစ်ထုတ်ကုန်များ ထိန်းချုပ်ရေးသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ အန္တရာယ်ရှိသော အဆိုပါဆက်စပ်ပစ္စည်းများအား ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နည်းပညာလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ခြင်းမရှိခင်ကာလတွင် အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်း မှု (POPs)  ပါဝင်သောထုတ်ကုန်များ လျော့နည်းလာစေရေးအတွက် လက်တွေ့နည်းဖြင့် ပလတ် စတစ် အသုံးအဆောင်များအား ထပ်မံဝယ်ယူအသုံးမပြုဘဲ၊ ပြန်လည်အသုံးပြုခြင်း သို့မဟုတ် အစား ထိုးပစ္စည်းများအသုံးပြုခြင်းကို စားသုံးသူပြည်သူများမှ ကျင့်သုံးနိုင်ပါက အဆိုပါ ထုတ်ကုန်များ ထုတ်လုပ်မှုလျော့နည်းလာပြီး အဆိပ်သင့်ဓာတုပစ္စည်းများ ထုတ်လွှတ်မှု လျော့ပါးလာခြင်းနှင့်အတူ ပလတ်စတစ်အမှိုက်ပြဿနာများကို လျှော့ချနိုင်ခြင်းအားဖြင့် သက်ရှိသတ္တဝါများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း‌စောင့်ရှောက်နိုင်ကြပါစေကြောင်း အသိပေးနှိုးဆော် လိုက်ရပါသည်။

CTQM

စားသုံးသူကျန်းမာရေး နှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းမှု

        အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုသည်မှာ ကူးစက်ရောဂါကာကွယ်ရန်အစားအစာ များကို ကိုင်တွယ်ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များတွင် စားသုံးသူ အတွက် အစားအစာ၏ အာဟာရဓာတ်အလုံအလောက်ကို ထိန်းထားနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အစားအစာကိုဆိုလိုကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ အစည်း (FAO) ၏ စာတမ်းတွင် ဖော်ပြထားပါသည်။

           အရည်အသွေးစီမံခန့်ခွဲမှုစနစ်သည် အရည်အသွေးဆိုင်ရာမူဝါဒများနှင့် ရည်မှန်းချက်များ အောင်မြင်ရန်အတွက် လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်တာဝန်များကို မှတ်တမ်းတင်သည့် တရားဝင် သတ်မှတ်ထားသောစနစ်တစ်ခုဖြစ်ပြီး အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အလွန်အရေးပါသော စနစ်တစ်ခုဖြစ်ပါသည်။

          အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုနှင့်ဆက်စပ်၍ အစာအဆိပ်သင့်ခြင်းကို လေ့လာရာတွင် သန့်ရှင်းမှုမရှိဘဲ အစားအစာပြင်ဆင်ခြင်း၊ ကာလကြာရှည်စွာ ထိန်းသိမ်းထားသော၊ သက်တမ်းကုန်ဆုံး နေသော၊ လတ်ဆတ်မှုမရှိသည့် အစားအစာများကို စားသုံးမိပါက ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ခြင်း ၊ ပျို့အန်ခြင်း ၊ မူးဝေခြင်းစသည့် လက္ခဏာများ ခံစားရပြီး ပြင်းထန်ပါက အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။ ထိုသို့ ဖြစ်ရပ်များသည် အစာအဆိပ်သင့်ခြင်းဖြစ်ပြီး အစားအစာဘေးအန္တရာယ် ကင်းရှင်းမှု မရှိခြင်းကြောင့် ဖြစ်ပေါ်ရသည့် ဆိုးကျိုးများပင်ဖြစ်ပါသည်။  

          အစာအဆိပ်သင့်ခြင်းမှာ အစားအသောက်တွင် အဆိပ်အတောက်ဖြစ်စေသည့် ညစ်ညမ်းနေ သော အစားအစာများ (Food contamination) ကို စားသောက်မိ၍လည်းကောင်း၊ အစားအသောက် များတွင် အစားအစာဓာတ်မတည့်မှုများ (Food Allergies) တုံ့ပြန်မှုများကြောင့်လည်းကောင်း အစာ အဆိပ်သင့်ခြင်း ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိရပါသည်။

          အစားအသောက်တွင် အဆိပ်အတောက်ဖြစ်စေခြင်းမှာ ဇီဝအန္တရာယ်ဆိုင်ရာ ဘတ်တီးရီးယား၊ ဗိုင်းရပ်စသည့် ပိုးမွှားများကြောင့်လည်းကောင်း၊ ဓာတုအန္တရာယ်ဆိုင်ရာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပဋိဇီဝဆေးဝါး၊ ဖြည့်စွက်ပစ္စည်းစသည့် ဓာတုပစ္စည်းများကြောင့်လည်းကောင်း၊ ရူပအန္တရာယ်ဆိုင်ရာ ပြင်ပပစ္စည်းများဖြစ်သော ဖုန်၊ သဲ၊ မှန်စ စသည့် စားစရာ မဟုတ်သည့် ပြင်ပပစ္စည်းများ ပါဝင် ရောနှောနေခြင်းကြောင့်လည်းကောင်း၊ ထို့အပြင် ရူပအန္တရာယ်ဆိုင်ရာ ညစ်ညမ်းမှုနှင့် ဆက်နွယ်သည့် ထပ်လောင်းအန္တရာယ်မှာ ပြင်ပပစ္စည်းများသည် ဇီဝညစ်ညမ်းမှုကို သယ်ဆောင်လာနိုင်သဖြင့် အစရှိ သည့် Hazard များကြောင့် အစားအသောက်များညစ်ညမ်းစေပြီး ညစ်ညမ်းနေသော အစားအစာများ (Food contamination) ကို စားသုံးမိပါက  အစာအဆိပ်သင့်မှု ဖြစ်ပွားစေပါသည်။

          စားသောက်ကုန်များအား အထက်ဖော်ပြပါ အန္တရာယ်ဖြစ်စေနိုင်သော အဆိပ်အတောက်များမှ ရှောင်ရှားနိုင်ရန် အကြမ်းဖျဉ်းအားဖြင့် လယ်ယာထွက်ကုန်များကို စိုက်ပျိုးသည့်နေရာမှစ၍ စားပွဲပေါ် ရောက်သည်အထိ Supply Chain တစ်လျှောက် လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများ ဖြစ်သော ကောင်းမွန်စွာစိုက်ပျိုးခြင်းနည်းလမ်း၊ ကောင်းမွန်စွာ ထိန်းသိမ်းကိုင်တွယ်ခြင်းနည်းလမ်း၊ ကောင်းမွန် သန့်ရှင်းစင်ကြယ်စွာပြင်ဆင်ခြင်းနည်းလမ်း၊ ကောင်းမွန်စွာထုတ်လုပ်ခြင်းနည်းလမ်းများ ဖြင့် ထုတ်လုပ်ပြီး ထုတ်ကုန်များသိုလှောင်မှုအဆင့်ဆင့်တွင် စားသုံးသူလက်ဝယ် ရောက်ရှိမည့်အချိန် ထိသို လှောင်ရမည့် အကောင်းဆုံးအပူချိန်တွင်ထိန်းသိမ်းထားနိုင်ပါက ထုတ်ကုန်ကောင်းတစ်ခုဖြစ်လာ မည်ဖြစ်ပြီး ကောင်းမွန်သောအရည်အသွေးပြည့်ဝသည့် ထုတ်ကုန်များကို စားသုံးသူများထံ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါသည်။    

          စနစ်တကျထုတ်လုပ်ထားပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဘေးအန္တရာယ်ကင်းရှင်းသည့် ထုတ်ကုန်များကို စားသုံးသူများမှရွေးချယ်ဝယ်ယူ စားသုံးနိုင်ရေးနှင့် အစာအဆိပ်သင့်မှုမှ ကင်းဝေးနိုင်စေရေးတို့အတွက် စားသုံးသူများအားအသိပညာပေးခြင်း၊ လှုံ့ဆော်ပေးခြင်းတို့ဖြင့် စားသုံးသူပြည်သူ များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသောအစားအစာများကို ရွေးချယ်ဝယ်ယူသည့် အလေ့အထကောင်းများ ကျင့်သုံးလာနိုင်မည်ဖြစ်ပါသည်။

စားသုံးသူပြည်သူများမှ ကောင်းမွန်သောနည်းလမ်းများဖြင့်ထုတ်လုပ်ထားသော ထုတ်ကုန်များ ကို ရွေးချယ်ဝယ်ယူလာခြင်းဖြင့် ရောင်းလိုအားနှင့်ဝယ်လိုအားကိုကြည့်၍ ထုတ်လုပ်သူများမှ ထုတ်ကုန်များကို ကြုံသလို  ထုတ်လုပ်တတ်သည့်အလေ့အထမှ နောင်တွင် စနစ်တကျ ကောင်းမွန် သောနည်းလမ်းများဖြင့် ထုတ်လုပ်လာစေပြီး အစားအစာထုတ်လုပ်သူများအနေဖြင့် အစားအစာဘေး အန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဦးစားပေးဆောင်ရွက်တတ် သည့် Business Ethics ရှိသော စီးပွား‌ရေး လုပ်ငန်းရှင်များအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်ပါသည်။

          အစားအစာဓာတ်မတည့်မှုများ(Food Allergies) သည် အစားအသောက်တွင်ပါဝင်သော ပရိုတင်းများကို ခန္ဓာကိုယ်တွင်းရှိ အင်မျူ့ စနစ်၏ ခုခံအားမှ တုန့်ပြန်မှုကြောင့် ဓာတုပစ္စည်းများ ထွက်လာပြီး အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသည်။ အချို့အပင်နှင့် သတ္တဝါများတွင် (ဥပမာ - မြေပဲ၊ ပဲပုပ်၊ နို့နှင့် နို့ထွက်ပစ္စည်း၊ ဂျုံ၊ ပင်လယ်စာများ စသည်တို့တွင် သဘာဝအဆိပ်အတောက်ပစ္စည်းများ ပါဝင်ပြီး ၎င်းတို့ကိုစားသုံးမိပါက အစာအဆိပ်သင့်စေပါသည်။ သို့သော်လည်း ဓာတ်မတည့်မှု လက္ခဏာသည် အချို့လူများတွင် ဖြစ်ပွားလေ့ရှိပြီး တချို့တွင် ဖြစ်ပေါ်လေ့မရှိပါ။ ဤကဲ့သို့ အစားအစာ ဓာတ်မတည့်မှုများ (Food Allergies)  ပါဝင်သော စားသောက်ကုန်များကို ထုတ်လုပ်ရာတွင် ထုတ်ကုန်နှင့်ပတ်သက်၍ ဓာတ်မတည့်ကြောင်း  ဖော်ပြချက်ကို အသိပေးဖော်ပြခြင်းဖြင့် စားသုံးသူများ မှ ရွေးချယ်ဝယ်ယူခွင့်ရှိသောကြောင့် ဓာတ်မတည့်သူများသည် အစာအဆိပ်သင့်ခြင်းမှ ကင်းဝေးမည် ဖြစ်ပါသည်။

          “အစာလည်းဆေး ဆေးလည်းအစာ” ဆိုသည့် မြန်မာစကားပုံအတိုင်း သန့်ရှင်းလတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို စားသုံးသူမိဘပြည်သူ တစ်ဦးတစ်ယောက်စီက ရွေးချယ်ဝယ်ယူစားသုံးနိုင်ကြပါစေကြောင်း မျှဝေလိုက်ရပါသည်။   

CTQM

ဝင်ငွေအခွင့်အလမ်းရှိနေသော တောင်ငူဒေသမှ ကြံစိုက်တောင်သူများ

              နိုင်ငံတော်၏ စီးပွားရေးကို ထောက်ပံ့ပေးလျှက်ရှိသော လုပ်ငန်းများတွင် စိုက်ပျိုးရေး သည်လည်း အဓိကလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ ရာသီဥတု၊ ယဉ်ကျေးမှု၊ လူဦးရေ၊ နည်းပညာပိုင်ဆိုင်မှု၊ လမ်းပန်းဆက်သွယ်နိုင်မှုအခြေအနေနှင့် ရေမြေ တောတောင် တည်ရှိမှုတို့အပေါ် မူတည်၍ စိုက်ပျိုးသီးနှံများလည်း တူညီမှုမရှိကြဘဲ ကွဲပြားလျှက် ရှိပါသည်။

              တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းသကြားစက်သည် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် ကြံများစတင်ဝယ်ယူနေပြီ ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ကျေးရွာများ သည် မိုးရေချိန်ရရှိမှု၊ ဆည်ရေရရှိမှု အပေါ်မူတည်၍ မတ်ပဲ၊ စပါး၊ ကြံ သီးနှံများ စိုက်ပျိုးကြပါသည်။ တောင်ငူမြို့နယ်တွင် ကြံစိုက်ဧက ၄၇၂၆ ခန့်ရှိပါသည်။ ကြံမှထုတ်လုပ်သော သကြားသည် လူတို့ အစားအစာတွင် အရေးပါသော ကုန်ပစ္စည်းတစ်ခုဖြစ်နေသဖြင့် ပြည်တွင်းသကြားစားသုံးမှုကို အထောက်အကူပြုနေပါသည်။

              တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စုတွင် ကြံစိုက်ဧက ၄၀၀ ခန့်ရှိပါသည်။ ကြံစိုက် တောင်သူများသည် ကြံတစ်တန်လျှင် ၄၅၀၀၀ ကျပ်ရောင်းချရပါသည်။ ကြံတစ်ဧက စိုက်ပျိုးစရိတ် ၇၅၀၀၀၀ ကျပ် ကုန်ကျပါသည်။ ယခုနှစ်တွင် မြေဩဇာဈေး မြင့်တက်လာသဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် စိုက်ပျိုးစရိတ် အနည်းငယ်မြင့်တက်လာပါသည်။ တချို့တောင်သူများသည် ဇီဝမြေဩဇာ နွားချေးကို အသုံးပြုနေကြပါသည်။ ကြံခုတ်လုပ်သားများအနေဖြင့် မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ အလုပ်ဆင်းရပြီး တစ်ရက်လျှင် လုပ်အားခ ၄၀၀၀ ကျပ် ပေးချေရကြောင်း၊ ကြံခုတ်လုပ်သားတစ်ဦး တစ်ရက်ခုတ်လျှင် (၁)တန်ခန့် ရရှိကြောင်း၊ ကြံကားတင်ခအဖြစ် တစ်တန်လျှင် ၃၀၀၀ ကျပ် ပေးရကြောင်း၊ ကြံစိုက်ခင်း မှ စက်ရုံသို့သယ်ယူမှုကို သက်ဆိုင်ရာ သကြားစက်မှ တာဝန်ခံသယ်ယူပါကြောင်း၊ စိုက်ပျိုးစရိတ်၊ ကြံခုတ်ခ၊ ကြံကားတင်ခ စုစုပေါင်း တစ်ဧက ၉၂၀၀၀၀ ကျပ်ခန့်  ရှိသော်လည်း ကြံတစ်ဧက တန် ၂၅ ထွက်ရှိပြီး ၁၁၂၅၀၀၀ ကျပ်ခန့် ရရှိသဖြင့် တစ်ဧက ၂၀၀၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ကြံတစ်ဧက စိုက်ပျိုးလျှင် ၂၅ တန်အထက် ထွက်ရှိကြောင်း၊ ကောင်းသည့်မြေများ၊ စစ်တောင်းမြစ်ဘေးရှိ မြေကွက်များတွင် စိုက်ပျိုးသည့် တောင်သူများသည် တစ်ဧက တန် ၃၀ အထိ ထွက်ရှိသောကြောင့် ကြံစိုက်တောင်သူ များ ဝင်ငွေအခွင့်အလမ်းရရှိနေကြောင်း၊ ယခင်နှစ်က ကြံတစ်တန် ၃၃၅၀၀ ကျပ်သာ ရောင်းရသည့်အတွက် အကျိုးခံစားခွင့် နည်းပါးကြောင်း၊ ယခု ကြံဈေးတက်လာသည့်အတွက် အကျိုးအမြတ်ပိုမိုရရှိကြောင်း ကြံတောင်သူ ဦးကျော်ဝင်း ၏ ပြောပြချက်အရ သိရပါသည်။

              ကြံစိုက်ပျိုးသည့်တောင်သူများနှင့် ကြံစိုက်ခင်းများသည် သကြားစက်အတွက် မဖြစ်မနေ လိုအပ်သလို ကြံစိုက်တောင်သူများအတွက် ခေတ်မီသကြားစက်ကြီးများလည်း လိုအပ်ပါသည်။ သက်ဆိုင်ရာ သကြားစက်များမှ ကြံများကို တာဝန်ခံ၍ သယ်ယူခြင်း၊ ကြံစိုက်တောင်သူများအတွက် တစ်ဧက ၂၀၀၀၀၀ ကျပ် ထုတ်ချေးပေးခြင်း၊ ငွေထုတ်ချေးသော်လည်း ကြံပေါ်ချိန်တွင် ဈေးဖြတ်ခြင်းမရှိ၊ ပေါက်ဈေးအတိုင်းပေး၍ ဝယ်ယူခြင်း များသည် ကြံစိုက်တောင်သူများကို များစွာအထောက်အကူ ပြုပါသည်။ ကြံကားများရောက်ရှိပါက ကတ္တားချိန်ပြီးသည်နှင့် ကြံဖိုးငွေများ ပေးချေပါသည်။

              ကြံများ စက်ရုံသို့အချိန်မီရောက်ရှိရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့်လည်း ကြံစိုက်တောင်သူများအတွက် အလေအလွင့်ဆုံးရှုံးမှု နည်းပါးလာပါသည်။ ကြံစိုက်တောင်သူများ၏ အခက်အခဲ အနေဖြင့် စက်ရုံမှ စိုက်ပျိုးစရိတ်ကြိုထုတ်ပေးရန် ဘဏ်များမှ ငွေလိုသလောက် ထုတ်ရန် ခက်ခဲ သဖြင့် စိုက်ပျိုးစရိတ် ကြိုတင်ငွေထုတ်ယူရရှိမှု မရှိသေးကြောင်း၊ ကြံဖိုးငွေ ပေးချေရာတွင် ဘဏ်မှ ငွေထုတ်ယူ ရရှိသည့်အပေါ် အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါကြောင်း ကြံစိုက်တောင်သူ ဦးကျော်ဝင်းမှ ပြောကြားခဲ့ပါကြောင်း သိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

ပဲခူးငှက်ပျောဈေးနှုန်း/ဈေးကွက်ပြန်လည်ကောင်းမွန်လာ

      ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ကိုဗစ်ကာလအတွင်း ငှက်ပျောဈေးကွက် အနည်းငယ် အေးစက်နေခဲ့ပြီး ယခုအခါ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။ ကိုဗစ်ကာလအတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများ၊ အလှူပွဲ၊ မင်္ဂလာပွဲများနှင့် ပွဲလမ်းသဘင်များနည်းပါးခြင်းကြောင့် ငှက်ပျောသီး ဈေးနှုန်း ကျဆင်းခြင်း၊ အရောင်းအဝယ်အေးစက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပဲခူးမြို့၊ ညောင်ဝိုင်း၊ ဈေးကြီးတွင် ငှက်ပျောသီးရောင်းဝယ်သူ ကုန်သည်တစ်ဦးကပြောကြားခဲ့ပါသည်။

         ယခင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဖီးကြမ်းတစ်ဖီး(၁၈၀၀-၂၀၀၀)ကျပ်၊ သီးမွှေးတစ်ဖီး(၁၅၀၀-၁၈၀၀)ကျပ်၊ ရခိုင်တစ်ဖီး(၇၀၀-၈၀၀)ကျပ်အသီးသီးဖြစ်ပေါ်ခဲ့ရာမှ ယခုအခါ၊ နိုဝင်ဘာလ မှစတင်၍ အလှူပွဲ၊ မင်္ဂလာပွဲများ၊ ရိုးရာနတ်တင်ခြင်းများကြောင့် သီးမွှေးငှက်ပျောနှင့် ရခိုင်ငှက်ပျောများ အရောင်းအဝယ်သွက်လျက်ရှိရာ သီးမွှေးတစ်ဖီး(၂၀၀၀-၂၅၀၀)ကျပ်၊ ရခိုင်တစ်ဖီး (၉၀၀-၁၀၀၀)ကျပ်အထိ ရောက်ရှိခဲ့ပြီး ဈေးနှုန်း/ဈေးကွက် ပြန်လည်ကောင်းမွန် လာကြောင်း သိရှိရပါသည်။

        ယခု ဒီဇင်ဘာလ အတွင်း အအေးဓာတ်ပိုကဲလာခြင်းကြောင့် ငှက်ပျောသီးစားသုံးနှုန်း ကျဆင်းကာ အရောင်းအဝယ် ဈေးကွက်အနည်းငယ် အေးသော်လည်း ငှက်ပျောသီးဈေးနှုန်းမှာ ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကဝမြို့နယ်အတွင်း ပဲတီရွှေဝါ တိုးချဲ့စိုက်ပျိုး

          ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်တွင် ပဲတီရွှေဝါစိုက်ဧက  ၆၆၂၄၃၆   ရှိပြီး  ကဝမြို့နယ်မှာ ပဲတီရွှေဝါစိုက်ဧက ၁၅၈၃၅၄ ဧက ရှိသဖြင့် ခရိုင်အတွင်း  ကဝမြို့နယ်သည် ပဲတီရွှေဝါ အများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ကြောင်းသိရသည်။  ယခုအချိန် တောင်သူများ မိုးစပါးရိတ်သိမ်းပြီးသည်နှင့်တပြိုင်နက် ပဲတီရွှေဝါများကို အချိန်မီစိုက်ပျိုးနိုင်ရန် မြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ မျိုးစေ့ချခြင်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့သည့်အတွက် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။ စိုက်ပျိုးသည့် ပဲတီရွှေဝါမျိုးမှာ အထွက်နှုန်း ကောင်းပြီး ရာသီဉတုဒဏ်ခံနိုင်သည့် စိုက်ပျိုးရေးမျိုးနှင့် ရေဆင်း ၉ မျိုး တို့ဖြစ်ကြောင်း သိရှိရပြီး ငယ်စဉ်မှ ရိတ်သိမ်းချိန်အထိ အဆင့်အားလုံးတွင် မြစ်ဆွေးမြစ်ခြောက်ရောဂါပိုး ကျရောက် တတ်ကြောင်း၊ ယခုအချိန်တွင် ရာသီဉတုကြောင့် အပင်ဖျက် ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်နိုင်သည့်အတွက် ပဲစိုက်တောင်သူဦးကြီးများအနေဖြင့် ကျရောက်လျက်ရှိသော ဗိုင်းရပ်စ်သယ်ဆောင်သည့် အင်းဆက်ပိုးမွှားများကို စဉ်ဆက်မပြတ် စောင့်ကြည့်၍ သင့်လျော်သည့် ပိုးသတ်ဆေးများကို  အသုံးပြု နှိမ်နှင်းရကြောင်း သိရှိရပါသည်။

          ပဲတီရွှေဝါ တစ်ဧကလျှင် စုစုပေါင်းကုန်ကျစရိတ် ၂၈၅၀၀၀ ခန့် ကုန်ကျြပီး ၊ တစ်ဧကလျှင် ၁၃ တင်းနှုန်း ထွက်ရှိပြီး၊  ယခင်နှစ် ပဲပေါ်ချိန် တွင် ပဲတီရွှေဝါတစ်တင်းလျှင် ၃၅၀၀၀ကျပ်နှုန်း ရောင်းချရပါသဖြင့် တောင်သူဦးကြီးများအနေဖြင့် တစ်ဧကလျှင် အကျိုးအမြတ် ၁၇၀၀၀၀ကျပ် ရရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်၏ အကျိုးအမြတ်များ ရရှိခဲ့မှုကြောင့် ပဲခူးခရိုင် ၊ ကဝမြို့နယ်ရှိ တောင်သူဦးကြီးများသည် ပဲတီရွှေဝါကို ယခင်နှစ်ထက်  ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်း သတင်းရရှိပါသည်။

စားသုံးဆီ ဖူလုံရေးတိုးချဲ့

          ပဲခူးတိုင်းဒေသကြီးအတွင်း  ပဲခူးခရိုင်အနေဖြင့်  မြေပဲစိုက်ဧကမှာ  ၃၆၉၉၅၁ဧကရှိပြီး      အထွက်နှုန်းမှာတစ်ဧကလျှင် ပျမ်းမျှအားဖြင့် တင်း(၅၀) ထွက်ကြောင်းသိရှိရပါသည်။ မြေပဲကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ဆွတ်ခူးကြောင်း သိရှိရပါသည်။ တစ်ဧကလျှင် မြေပဲတောင့်မျိုး  (၁၁)တင်း ခန့်အသုံးပြုပြီး မြေပဲဆံအနေဖြင့် (၂)တင်း ခန့် စိုက်ပျိုးရပါသည်။ တစ်ဧကလျှင် မြေပဲမျိုးအတွက် ၂၀၀၀၀၀ကျပ်ကုန်ကျပြီး၊ ပေါင်းလိုက်ခြင်း၊ မြက်နုတ်ခြင်း၊ အားဆေးအသုံးပြုခြင်းနှင့် မြေပဲနုတ်ချွေခတို့အတွက် ကျပ် ၃၀၀၀၀၀ ကုန်ကျသည့်အတွက် စုစုပေါင်းစိုက်ပျိုးစရိတ်မှာ ကျပ်ငါးသိန်းခန့် ကုန်ကျကြောင်း သိရှိရပါသည်။

          မြေပဲထွက်ရှိချိန်တွင် မြေပဲတောင့်(၅၀)တင်း ထွက်ရှိမည်ဆိုပါက ပိဿာ (၃၀၀) ခန့်ရှိသဖြင့် မြေပဲတစ်ပိဿာလျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် (၇၅၀၀၀၀) ကျပ်ရရှိမညဖြစ်သဖြင့် မြေပဲတစ်ဧကလျှင် အကျိုးမြတ်အားဖြင့် (၂၅၀၀၀၀) ကျပ်ရရှိမည်ဖြစ်ပါသည်။ မြေပဲကို အစေ့အဆံအတိုင်း စားသောက်ကုန်များတွင် အသုံးပြုခြင်း၊ ကျန်၅၀% ခန့်ကိုဆီကြိတ်ခွဲခြင်းတို့ဖြင့် အသုံးပြုကြပါသည်။ ယခုအခါ စားအုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် မြေပဲများ ပိုမိုစိုက်ပျိုးနိုင်‌ရေး နိုင်ငံတော်က အားပေး‌ဆောင်ရွက်လျှက်ရှိရာ မြေပဲဆီတိုးတက် ထုတ်လုပ်နိုင်ပါက စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စွာ အသုံးပြုနိုင်သဖြင့် မြေပဲဆီဈေးကွက် ဖွံ့ဖြိုးလာသည်နှင့်အမျှ မြေပဲသီးနှံကို ဦးစားပေးရွေးချယ်စိုက်ပျိုးလာသည်ဟု သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

Pages

Subscribe to RSS - HighLight News