Main menu

HighLight News

Powered by Drupal

လွိုင်ကော် စပါးဈေးအနည်းငယ်ကျသော်လည်း ဆန် ဈေးနှုန်းတည်ငြိမ်နေ

         လွိုင်ကော်မြို့အတွင်း လက်ရှိဖြစ်ပေါ်နေသော (မိုး) စပါးဈေးနှုန်းမှာအနည်းငယ်ကျဆင်း လျက်ရှိပါသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင် တင်း (၁၀၀) လျှင် (၇၄၁,၂၄၀)ကျပ်ဖြစ်၍ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင်တင်း (၁၀၀) လျှင် (၇၀၂,၉၀၀) ကျပ်သို့ ဈေးနှုန်းကျဆင်းလာပြီး ယခင်လနှင့် ယခုလ နှိုင်းယှဉ်မည်ဆိုလျှင် (၃၈,၃၄၀) ကျပ် ကွာဟလျက်ရှိပြီး ပြည်နယ်အတွင်းမှာလည်း အရောင်းအဝယ်အေးနေကြောင်း၊  စပါး ဈေးနှုန်း အနည်းငယ်ကျဆင်းရခြင်းမှာ ပြည်တွင်းတွင် (မန္တလေး၊ မူဆယ်)ဘက်မှ ဆန်ဝယ်ယူမှုလျော့နည်းခြင်းကြောင့်ဖြစ်ကြောင်း  စက်ပိုင်ရှင်တစ်ဦးထံမှသိရပါသည်။

         ဧည့်မထဆန် ဈေးနှုန်းမှာ နိုဝင်ဘာလ ဒုတိယပတ်တွင် ဆန် တစ်အိတ်လျှင် (၃၇,၀၀၀)ကျပ်ဖြစ်ပြီး၊ ဒီဇင်ဘာလ ဒုတိယပတ် တွင်လည်း ဆန်တစ်အိတ်လျှင် (၃၇၀၀၀)ကျပ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း၊ ဒေသဆန်ဧည့်မထကို မန္တလေးမြို့သို့ အများဆုံး တင်ပို့ရာ ယခုကာလတွင် Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ တင်ပို့မှု လျော့နည်းနေခြင်းကြောင့် ဆန်ဈေးနှုန်းမှာလည်း ဆက်လက်တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကယားပြည်နယ်)

ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး(အမှုထမ်း)သင်တန်းဖွင့်လှစ်

စားသုံးသူရေးရာဉီးစီးဌာန၊ ရုံးအမှတ်(၅၂) (၂၀.၁၂.၂၀၂၁)

        ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အမှုထမ်း)သင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ရုံးအမှတ်(၅၂)စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၅၅) ဉီး တက်ရောက်ခဲ့ပါသည်။

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းမှာ  ပြည်ထောင်စုတိုင်းရင်းသား လူငယ်စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ကျောင်းဆင်းဘွဲ့ရ သင်တန်းသား (၁၅) ဉီးနှင့် ဦးစီးဌာနက အသစ်ခန့်ထားတဲ့ အမှုထမ်း (၃၅) ဉီး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အမှုထမ်း(၅)ဉီး စုစုပေါင်း သင်တန်းသား (၅၅) ဉီးကို (၂၀-၁၂-၂၀၂၂) မှ (၁၀-၁-၂၀၂၂) နေထိ ဖွင့်လှစ်ပို့ချပေးသွားမှာဖြစ်ကြောင်း၊ ယခုသင်တန်းသားများဟာ ဝန်ကြီးဌာန၏   မျှော်မှန်းချက်ဖြစ်တဲ့ “ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်”၊ စားသုံးသူရေးရာဉီးစီးဌာနရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်တဲ့ ပို့ကုန်ဦးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ကျင့်သုံး၍ မြန်မာ့စီးပွားရေးလုပ်ငန်းများကိုမြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံအား ဒေသတွင်းကုန်သွယ်မှု၌ ယှဉ်ပြိုင်နိုင်စွမ်းရှိသော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်”၊ မူပိုင်ခွင့်ဉီးစီးဌာနရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာများကို ကမ္ဘာနှင့်ယှဉ်၍ ဖွံ့ဖြိုး တိုးတက်စေနိုင်သောတီထွင်ဆန်းသစ်မှုနှင့်ဖန်းတီးမှုများကိုမြင့်မားတိုးတက်လာစေမည့်မူပိုင်ခွင့် စနစ်တရပ်တည်ထောင်ရန်”စသည့် မိမိတို့ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများရဲ့ မျှော်မှန်းချက်များကို သိရှိနေရမှာဖြစ်သလို မိမိတို့ ဉီးစီးဌာနရဲ့ ရည်မှန်းချက် ဖြစ်တဲ့စားသုံးသူ အခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှု သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်စသည့် တာဝန်တွေသိရှိပြီး မိမိတို့လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ကျွမ်းကျင်စွာဆောင်ရွက် နိုင်စေရန်နှင့် လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ပေးရေးအတွက် လမ်းညွှန်ချက်နှင့်အညီ ယခုလိုသင်တန်းဖွင့်လှစ်ပို့ချပေးတာဖြစ်ကြောင်း၊ နောင်မိမိတို့ဌာနအနေဖြင့် ယခုလို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလျဉ်းသင့်သလို သင်တန်းများ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊သင်တန်းသားများအနေဖြင့်သင်တန်းမှာပို့ချပေးတဲ့သင်ခန်းစာ များဟာအခြေခံမျှသာဖြစ်ပြီး လက်တွေ့လုပ်ငန်းနယ်ပယ်မှာ စဉ်ဆက်မပြတ် ကြိုးစားလေ့လာ ဆည်းပူးနေဖို့ လိုအပ်ပါကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ

နေပြည်တော်၊ (၂၀-၁၂-၂၀၂၁)

ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉:၃၀ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းတို့မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်နိုင်မှုပမာဏ ဖူလုံမှုမရှိသဖြင့် ပြည်ပမှ နှစ်စဉ်တန်ချိန် ၉ သိန်း ကျော်တင်သွင်းနေရပါကြောင်း၊ ပြည်တွင်းစားသုံးမှု၊ စက်မှုလုပ်ငန်းသုံးနှင့် ဟိုတယ်ခရီးသွားလုပ်ငန်းများ အတွက် စုစုပေါင်း သုံးစွဲမှုတန်ချိန် ၁၁ သိန်းခန့်ရှိရာ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ဧကနှင့် အထွက်နှုန်းပိုမိုတိုးတက်လာစေရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက် ဝေစုပိုမိုရရှိလာစေ‌ရေး၊ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆီထွက်သီးနှံ ကဏ္ဍ(Supply Chain) တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံ စိုက်ဧကတိုးချဲ့ စိုက်ပျိုး နိုင်ရေးဆောင်ရွက်နေသကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို အကန့်အသတ်ဖြင့်တင်သွင်းခွင့်ပြုနိုင်ရေး မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ စားသုံးမှုပုံစံကို ပြောင်းလဲရာတွင် စားသုံးသူအကာအကွယ်ပေးရေး အစီအစဉ်များ၊ စားသုံးသူ အသိအပညာပေး အစီအစဉ်များကို ဦးစားပေးဆောင်ရွက်၍ အရည်အသွေး ပြည့်မီသည့် စားသုံးဆီများ ဖြန့်ဖြူးရောင်းချနိုင်စေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း ပြည်တွင်း၌ ဆီထွက် သီးနှံများကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာစေရန် တောင်သူများအား အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းအသိပညာပေးခြင်း၊ နည်းပညာ များပံ့ပိုး‌ပေးခြင်းစသည့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်သလို ကြိတ်ခွဲထုတ်လုပ် သည့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့်လည်း စိုက်ပျိုးထုတ်လုပ် သည့် တောင်သူများနှင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ပုံစံမျိုး ဆောင်ရွက်ပေးရန်လိုအပ်မည် ဖြစ်ပါကြောင်းနှင့် တက်‌ရောက်လာသူ များအနေဖြင့် ဆီထွက်သီးနှံနှင့် စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က မြန်မာ နိုင်ငံတွင် ဆီထွက်သီးနှံစိုက်ဧက (၈) သန်းနီးပါးရှိသော်လည်း ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်မှုမှာ နည်းပါးသည့်အတွက် နှစ်စဉ် ပြည်ပမှ စားသုံးဆီတန်ချိန် (၉) သိန်းဝန်းကျင်ခန့် တင်သွင်းနေရပါ ကြောင်း၊ ဆီထွက်သီးနှံများအား တိုးချဲ့စိုက်ပျိုးနိုင်ပြီး ပြည်ပသို့ ဆီထွက်သီးနှံများအား ကုန်ကြမ်း အတိုင်းတင်ပို့ ရောင်းချခြင်းထက် စားသုံးဆီဖူလုံမှုရှိစေရန် ပြည်တွင်း၌ ပိုမိုကြိတ်ခွဲထုတ်လုပ်နိုင်မည် ဆိုပါက ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများအား တန်ဖိုးမြင့်ထုတ်ကုန်များ အဖြစ် ပြောင်းလဲထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပါက နိုင်ငံခြားဝင်ငွေ ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်တွင်း၌ စားသုံးဆီ လစဉ်ပျမ်းမျှတန်ချိန် (၁၈၀၀၀) ကျော် ကြိတ်ခွဲထုတ်လုပ်နိုင်သော် လည်း အချို့စက်များမှာရပ်နားထားခြင်း၊ ကုန်ကြမ်းရရှိမှုနည်းပါးသဖြင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်မှု မရှိခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အရည်အသွေးမီ ဆီစက်များ ဖြစ်စေရေးနှင့် ဆီစက် လုပ်ငန်းများ အဓွန့်ရှည်ရေးအတွက် ပံ့ပိုးကူညီနိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆီစက်များ စက်စွမ်းအားပြည့် လည်ပတ်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ် သည့်အပြင် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုး၍ ပြည်တွင်း စားသုံးဆီလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ပါက နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချနိုင်မည်ဖြစ်ကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်‌ရောက်လာကြသည့် သက်ဆိုင်ရာဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ပြည်ပမှ စားသုံးဆီ တင်သွင်းမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု၊ ဈေးကွက်အတွင်း ဖြန်ဖြူး ရောင်းချမှု အခြေအနေနှင့် ဆီထွက်သီးနှံများအား ပြည်ပတင်ပို့မှု အခြေအနေများ၊ ပြည်တွင်း စားသုံးဆီ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များ၊ အကြံပြု သုံးသပ်ချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက စားသုံးသူပြည်သူများ အပါအဝင် Supply Chain တစ်ခုလုံးတွင် ပါဝင်ပတ်သက်သူများ၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ အကျိူးစီးပွားကို ရှေ့ရှုပြီး ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံသွားရမည် ဖြစ်ပါကြောင်း၊ စားသုံးသူပြည်သူများကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချရန် လိုအပ်ပါကြောင်း၊ တင်သွင်းထုတ်လုပ်သည်မှ လက်လီဈေးကွက်အထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် လုပ်ငန်းရှင်များ ဖြစ်လာစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်သည်ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

၂၀.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၀.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာတွင် Contract Farming စနစ်ကျင့်သုံးနိုင်ရေး ဆွေးနွေးပွဲအခမ်းအနားကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၂.၁၂.၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထုံးအိုင်စံပြကျေးရွာတွင် ဒေသခံတောင်သူများနှင့် တောင်သူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Contract Farming စနစ်ကျင့်သုံးနိုင်ရေး ဆွေးနွေးပွဲအခမ်အနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

         ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဇော်ထက်က မိတ်ဆက်စကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့် စည်းကမ်းချက်များ၊ စားသုံးသူများ ထိခိုက်နစ်နာမှုရှိက ထိခိုက်နစ်နာမှုများကို စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်ကြား စေ့စပ်ညှိနှိုင်းဖြေရှင်းမှုများအား စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူဆောင်ရွက်ပေးမှုများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများပေါ်တွင် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံအမယ်သစ်များဖော်ထုတ်ခြင်း၊ တွက်ချေကိုက်မှု/ အကျိုးဖြစ်ထွန်းမှုအခြေအနေများ ကွင်းဆင်းလေ့လာဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသထွက်ကုန်များ ဈေးကောင်းရရှိရန်လိုအပ်ကြောင်း၊ အထွက်နှုန်းများများထွက်ပြီး ဈေးကောင်းရရှိဖို့ လိုအပ်ကြောင်း၊ သမရိုးကျနည်းများဖြင့် စိုက်ပျိုးလျှင် အထွက်နှုန်းနည်းသဖြင့် မျိုးကောင်း၊ မျိုးသန့်များ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးစေလိုကြောင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းတိုင်းများတွင် မျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲစိုက်ပျိုး၍ အထွက်နှုန်း ပိုမိုတိုးတက်လာကြောင်း ဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ ပြည်တွင်းကုန်သွယ်မှုနှင့်ပတ်သက်ပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ NES တွင်ပါဝင်သော ဒေသထွက်ပြည်ပပို့ကုန်များနှင့် အမယ်သစ်သီးနှံများအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးမှ Contract Farming စနစ် ဆောင်ရွက် ရာတွင် လိုက်နာရန် လုပ်ထုံးလုပ်နည်းများအကြောင်းရှင်းပြပြီး Contract Farming စနစ် ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ Contract Farming စနစ် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများမှ Contract Farming စနစ် နှင့် ပတ်သက်၍ သိလိုသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို နေ့လည် (၁၂:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

သောက်ရေသန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးခြင်းနှင့် အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်

          ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် (၁၀:၀၀)တွင် တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးမှူးရုံးတွင် ထားဝယ်ခရိုင် သောက်ရေသန့်အသင်းဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်နှင့် အမျိုးသားအစားအသောက်ဥပဒေအကြောင်းကို သိရှိနိုင်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ​ဆွေးနွေးပွဲသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ထားဝယ်ခရိုင် သောက်ရေသန့် လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

        ဆွေးနွေးပွဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာမေသန်းနိုင်က ကုန်ပစ္စည်းများကို ​ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်ဖြင့် ထုတ်လုပ်ရန် နှင့် ဟောပြောပွဲများလည်း စဉ်ဆက်မပြတ်ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်အောင်ကျော်က ခရိုင်အလိုက် သောက်ရေသန့်အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန် အသင်းအဖွဲ့ ဖွဲ့ရခြင်း၏ ရည်ရွယ်ချက်၊ အသင်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုအပ်သည့် အချက်များ၊ ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ လိုက်နာရမည့်အချက်များအပြင် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းများနှင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်များအကြောင်း၊ အစားအသောက် ထုတ် လုပ်ခြင်း ထောက်ခံချက် လျှောက်ထားရာတွင် လိုအပ်သောအချက်များနှင့် အမျိုးသားအစား အသောက် ဥပဒေများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          တက်ရောက်လာသည့် သောက်ရေသန့်လုပ်ငန်းရှင်များမှ ထားဝယ်ခရိုင် သောက်ရေသန့် အသင်းအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး နေ့လည် (၁၂:၀၀)တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(တနင်္သာရီတိုင်းဒေသကြီး)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းသည် (၁၅.၁၂.၂၀၂၁)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် မကွေးမြို့၊ ပွဲကြိုရပ်ကွက် (၁၆)လမ်းရှိ ရွှေမြန်မာ (လှယဉ်ကျေးမယ်) အမှတ်တံဆိပ်ဖြင့် ယိုစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိသည့် စီးပွားရေး လုပ်ငန်းရှင်ဦးသန်းထွန်းနှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ကွင်းဆင်းအသိပညာပေးဆွေးနွေးခဲ့ပါသည်။  

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြပါဝင်ရမည့်အချက်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

      မကွေးခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ခရိုင်အတွင်းကုန်စည် ထုတ်လုပ်/ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းရှင်များနှင့် အခါအားလျှော်စွာတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက် သည့်ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းဥပဒေအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ဂဏန်းပျော့မွေးမြူတင်ပို့မှုအခြေအနေ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ စစ်တွေ ခရိုင်ဦးစီးမှူး  ဦးမောင်လှဝင်းနှင့်ဝန်ထမ်းများသည် ကျေးရွာအုပ်ချုပ်ရေးမှူးပါအဖွဲ့နှင့်(၁၃-၁၂-၂၀၂၁) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာရှိ “နေကြာပန်း       ဂဏန်းပျော့မွေးမြူရေးကုမ္ပဏီ”သို့ သွားရောက်တွေ့ဆုံကာ ဂဏန်းပျော့မွေးမြူတင်ပို့မှုနှင့်ပတ်သက်၍ ကွင်းဆင်းတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ “နေကြာပန်းဂဏန်းပျော့မွေးမြူရေးကုမ္ပဏီ” အနေဖြင့် ပြည်ပနိုင်ငံ များသို့ ဂဏန်းပျော့တင်ပို့ခြင်း အား  ၂၀၁၈ ခုနှစ် မတ်လမှစ၍ ဆောင်ရွက်လျက်ရှိကြောင်း ကုန်ကြမ်းများအား ရခိုင်ပြည်နယ်မြောက်ပိုင်း (၁၀)မြို့နယ်မှ ကိုယ်စားလှယ်များက လာရောက်ရောင်းချသည့် (၁လသား၊ ၂လသား)ဂဏန်းအခွံမာ (အဖိုဦးစားပေး )(၅၀/၆၀ ) ဂရမ် အလေးချိန်ရှိ ဂဏန်း ငယ်များအားဝယ်ယူကာ ဂဏန်းတစ်လုံးချင်းစီ လှောင်အိမ်ငယ်(၆)လုံးတွဲ (၁၇၀’)ပေ အရှည် ၊ ဖောင် တစ်ဖက်၃၀ ၊ ပေါင်း(၆၀)ဖောင်ဖွဲ့ မွေးမြူလျှက်ရှိကြောင်း ဂဏန်းတစ်ကန်စီတွင် ဂဏန်းကောင်‌ရေ (၈၀၀၀၀) ခန့် မွေးမြူပြီး ဂဏန်းမွေးမြူကန် (၈)ကန်နှင့် ရေဖြည့်အရံကန် (၄)ကန် ထားရှိလျှက် ကန်တစ်ကန်၏ ဧရိယာ(၃.၂)ဧကခန့်ရှိပြီး ၃လ သားအရွယ် ဂဏန်းအနှေး(အခွံပျော့)များအား နေ့စဉ် နေ့ဆိုင်း/ ညဆိုင်းခွဲ၍ ကောက်ယူနေကြကြောင်း သိရှိခဲ့ရပါသည်။

        ဆက်လက်၍ ဂဏန်းအစာအနေဖြင့် ငါးသေး တစ်နေ့ပိဿာ(၄၀၀၀)ခန့် တစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ ပေးချေကာ နေ့စဉ်တစ်ကြိမ်စီကျွေး၍  ဒီ‌ရေအသွင်း/အထုတ်ပြုလုပ်ကြောင်း (၃)လသား ဂဏန်းပျော့ (အလေးချိန် ၁၀၀/၁၂၀ ဂရမ်)များအား ဂဏန်းမွေးမြူကန်မှ ရွေးထုတ်ကာ အောက်ဆီဂျင်ပေး ရေချို သန့်စင်ကန်သို့ ရွှေ့ပြောင်းပေးပြီး ပြုပြင်မွမ်းမံခန်း(Processing Room) သို့ ပို့ဆောင်ကာ ကလိုရင်း ပိုးသတ်ဆေးရည်စပ် ရေသန့်ဖြင့်သန့်စင်ကာ ပလပ်စတစ်ပျော့အိတ်ငယ်များနှင့် တစ်လုံးချင်း ထုပ်ပိုးပြီး (၂၈) ကီလိုဆန့် ဖော့ဘူးများတွင်ထည့်ကာ ၁၈ ဒီဂရီစင်တီဂရိတ်ရှိ အအေးခန်း (Cold Store) တွင် စုပေါင်းသိုလှောင်ထားရှိပြီး (၇/၈)တန်ဆန့် အအေးခန်းကားများဖြင့် ပျှမ်းမျှတစ်လလျှင် (၅)စီး နှုန်းခန့် (ကားခ ဂဏန်းတစ်တန်လျှင် ၁၀၀၀၀ိ/-ကျပ်နှုန်း) ရန်ကုန်မြို့ ဂဏန်းပျော့အဝယ်ဒိုင် သို့ တင်ပို့ကြောင်း   ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံသို့ အများဆုံးဖြန့်ချီတင်ပို့ကြခြင်းဖြစ်ပြီး  ဂဏန်းအခွံမာဝယ်ယူစရိတ် (1Kg) လျှင် ဈေးနှုန်း အတက်အကျ (၁၅၀၀ကျပ်မှ ၃၀၀၀ကျပ် ထိ) ပေးဝယ်ရပြီး ရန်ကုန်ဒိုင်ရောက် ဂဏန်းပျော့ (1Kg) လျှင် ဒေါ်လာငွေ အတက်အကျ မြန်မာငွေ (၈၀၀၀ ကျပ်မှ ၁၂၀၀၀ကျပ်)ထိ ရရှိကာ ဂဏန်းပျော့ (၁)တန်မှ ကုန်ကျစရိတ်များအား နုတ်ပယ်လျှင် အမြတ်ကျန် ငွေ(၇/၈)သိန်းခန့် ရရှိသဖြင့် ဂဏန်းတင်ပို့လုပ်ကိုင်သူအနေဖြင့် အဆင်ပြေတွက်ခြေကိုက်ကြောင်း၊ မြို့နယ်များမှ လာရောက်လုပ်ကိုင်သော လုပ်သား(၄၆၀)ဦးမှာ တစ်ဦးလျှင် လုပ်သားလစာ (စားစရိတ်ငြိမ်း) အနိမ့်ဆုံး ၁လ ၁၅၀၀၀၀ ကျပ် မှ အမြင့်ဆုံး ၃၀၀၀၀၀ ကျပ်ထိရရှိကာ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလျှက်ရှိပါသည်။

       သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်သည် ငါး၊ ပုစွန်၊ ဂဏန်း မွေးမြူ‌ရေးလုပ်ကိုင်ရန် ရေမြေသဘာဝ  ကောင်းမွန်ပြီး မြေလွတ်မြေရိုင်း မြစ်ချောင်းများများပြားခြင်း၊ ရာသီဥတုမျှတခြင်း၊ ကုန်ကြမ်းရရှိမှု လွယ်ကူခြင်း၊ အလုပ်လက်မဲ့များ အလုပ်အကိုင်အခွင့်အလမ်းရရှိကာ ရခိုင်ပြည်နယ်အတွက် အမယ်သစ် (Value added) ပြည်ပပို့ကုန်တိုးမြှင့်လာခြင်းများ ဖြစ်ပေါ်လာကာ နိုင်ငံအကျိုးပြု ၊ ပြည်သူအကျိုးပြု ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးမြှင့်လာခြင်းတို့ကြောင့် ဂဏန်းပျော့မွေးမြူ တင်ပို့ရောင်းချမှုလုပ်ငန်းအပြင် ငါး၊ ပုစွန် သားပေါက်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်သည့်အခွင့်အလမ်းများ ရရှိနိုင်ပါ၍ ပြည်တွင်းပြည်ပမှ စီးပွား‌ရေးလုပ်ငန်းရှင်များ ၊ ကုမ္ပဏီများ အနေဖြင့် စိတ်ပါဝင်စားစွာ ရခိုင်ပြည်နယ်သို့ လာရောက်ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ဆောင်ရွက်ပါက အကျိုးကျေးဇူးများခံစားနိုင်မည်ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရခိုင်ပြည်နယ်)

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ မြေပဲ/ နှမ်း စိုက်တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၁၂) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာအုပ်စု၊ အင်ပင်ကျေးရွာ ရှိ မြေပဲ၊ နှမ်း စိုက်တောင်သူနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါ စိုက်ပျိုးတောင်သူနှင့် တွေ့ဆုံဆွေးနွေးရာတွင်  ခရိုင်ဦးစီးမှူးမှ  စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများကိုသာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးကဏ္ဍများကိုလည်း တစ်ဖက်တစ်လမ်းမှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ ဒေသထွက်ကုန်များကိုလည်း တန်ဘိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ခြင်းကိုအား ပေးကူညီကြောင်း၊ တောင်သူများထံမှ စိုက်ပျိုးသီးနှံများ၏ အမှန်တကယ် စိုက်ဧက၊ ကုန်ကျ စရိတ်၊ ဝင်ငွေ၊ အကျိုးအမြတ်နှင့် ဓာတ်မြေဩဇာ/ ပိုးသတ်ဆေးဈေးနှုန်းတို့ကိုလည်း ကွင်းဆင်းမေးမြန်းပြီး အထက်ဌာနအဆင့်ဆင့်သို့ တင်ပြပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပါသည်။

         ထို့နောက် မြေပဲစိုက်တောင်သူများမှ ယခုနှစ် မြေပဲစိုက်ရသည်မှာ အထွက်နှုန်းတိုးကြောင်း၊ မြေပဲနှင့်အတူ ပဲစဉ်းငုံကို သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း၊ မြေပဲစိုက်ဧက (၅)ဧက စိုက်ရာတွင် မြေပဲ အထွက် တင်း(၁၀၀)ကျော်  ရရှိကြောင်း၊ ထွက်ရှိသည့်မြေပဲများကို ပခုက္ကူမြို့ပေါ်ရှိ ပဲပွဲရုံများထံသို့ရောင်းချကြောင်း၊ မြေပဲဆံ (၁)ပိဿာ ကို (၂၇၀၀)ကျပ် ရရှိပြီး မြေပဲတောင့် (၁)ပိဿာကို (၁၆၂၅)ကျပ် ရရှိကြောင်း၊ ယခုနှစ်မှာ မိုးရွာနှုန်းများ၍ မြေပဲ အထွက်နှုန်းတိုးရခြင်း ဖြစ်ကြောင်း၊ ယခင်နှစ်က မိုးရွာနှုန်းနည်းသောကြောင့်  မြေပဲအထွက် နှုန်းလျော့ကျပြီး အရှုံးပေါ် ခဲ့ကြောင်း၊ ယခုနှစ်မှာမူ မြေပဲတစ်ဧကကုန်ကျစရိတ်ငွေ (၃၅၀,၀၀၀) ကျပ်ခန့် ကုန်ကျပြီး အကျိုးအမြတ်မှာ တစ်ဧကကို(၃၀၀,၀၀၀)ကျပ်ခန့်ရရှိသည်ဟု ခန့်မှန်းရပါကြောင်း၊  ဓါတ်မြေဩဇာ/ ပိုးသတ် ဆေးဈေးနှုန်းများ ထက်ဝက်ခန့်ဈေးတက်နေခြင်း ကိုလည်းထိန်းချုပ်ပေးစေလိုကြောင်း၊ ၎င်းဈေးနှုန်းများ ပုံမှန်ဈေးဖြစ်လျှင် တောင်သူများ ပို၍ အကျိုးအမြတ်ရရှိမည် ဖြစ်ကြောင်း တောင်သူများထံမှ သိရှိခဲ့ရပါသည်။

        ဆက်လက်၍ နှမ်းစိုက်တောင်သူမှ ယခုအချိန်သည် နှမ်းရိတ်သိမ်းပြီး နှမ်းထောင်နေလှန်း သည့် အချိန်ဖြစ်ကြောင်း၊ နှမ်းကို တလင်းပြင်တွင် တစ်ခါလှန်းလျှင် (၄/၅) ရက်ခန့် လှန်းရကြောင်း၊ ပြီးလျှင် နှမ်းခါသည့်အဆင့်ကို လုပ်ဆောင်ရကြောင်း၊ တောင်သူအငှားအလုပ်သမားများမှာ ကျေးရွာ အတွင်း ရှားပါးသောကြောင့် အခြား နှောကုန်း၊ ဒေါင်းစားရွာများမှ ခေါ်ယူရပါကြောင်း၊ လုပ်အားခအနေဖြင့် (၁)ဦးလျှင် (၁)ရက်ကို ၆၀၀၀/- ကျပ်ပေးရပါကြောင်း၊ ယခုအချိန် (တောင်သူလက်ဝယ် ရှိသောအချိန်) နှမ်းနက်(၁)တင်းကို (၇၀၀၀၀)ကျပ်ဈေးရရှိ သည်ဟုကြားသိရကြောင်း၊ တောင်သူ များနှမ်းရောင်းချမည့်အချိန်ရောက်လျှင်  ဈေးမည်မျှပေါက် သည်ကို မသိရသေးကြောင်း၊ ယခင်နှစ်က နှမ်းစိုက်တောင်သူများ ရောင်းသည့်အချိန် တွင် နှမ်း(၁) တင်းကို (၅၀,၀၀၀)ကျပ်ရရှိခဲ့ပါကြောင်း၊ သီးနှံဈေးကွက်များမှာ တောင်သူပေါ်ချိန်တွင် ဈေးရရှိမှု နည်းပြီး တောင်သူတွင် မရှိတော့ဘဲ ကုန်သည်လက်ဝယ်ရောက်မှ ဈေးကောင်းရခြင်းကို ကြုံနေရကြောင်း၊ ထို့ကြောင့်တောင်သူပေါ်ချိန် တွင် သီးနှံများဈေးကောင်းရရှိပြီး ဓာတ်မြေဩဇာဈေးနှုန်းများ ပုံမှန်ဖြစ်လျှင် စိုက်ပျိုးတောင်သူများ မှာ အမှန်တကယ်အကျိုးအမြတ်ရရှိနိုင်မည်ဟု အကြံပြုလိုပါကြောင်း  လေ့လာသိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ဆိပ်ဖြူကြက်သွန်နီ ဆောင်းစိုက်(ပင်စိုက်) စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းသည် (၁၂.၁၂.၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ဆိပ်ဖြူမြို့နယ်၊ ကူရှည်အုပ်စု ရွာမ နှင့်အလယ်စုကျေးရွာရှိ ကြက်သွန်နီစိုက်တောင်သူနှင့်တွေ့ဆုံပြီး ကြက်သွန်နီဆောင်းစိုက် (ပင်စိုက်) စိုက်ပျိုးနိုင်မည့်အခြေအနေ တစ်ဧကကုန်ကျစရိတ်နှင့် ဝင်ငွေအကျိုးအမြတ်ရရှိနိုင်မည့် အခြေအနေ ကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။

 ကြက်သွန်နီစိုက်တောင်သူနှင့် မေးမြန်းဆွေးနွေးရာတွင် ယခုနှစ် ကူရှည်အုပ်စု အလယ်စု ကျေးရွာနှင့် နီးစပ်ရာကျေးရွာများတွင် ကြက်သွန်နီမိုးစိုက်(ဥစိုက်)ကို လုံးဝစိုက်ပျိုးခြင်း မရှိကြောင်း၊ ယခုအချိန်တွင် ဆောင်းစိုက် (ပင်စိုက်)များကိုသာ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရန်အတွက် နိုဝင်ဘာလ (၁၅)ရက်နေ့မှစတင်ပြီး ကြက်သွန်နီမျိုးစေ့များကို ပျိုးခုံလုပ်၍ တစ်ဧကစိုက်ပျိုးရန်အတွက် (၂)ပြည်၊ (၄)ဗူး ပျိုးရပြီး မျိုးအနေဖြင့် (၁)ပြည်၊ (၁၀၀၀၀)ကျပ်ခန့်ဝယ်ရကြောင်း၊ ကြက်သွန်နီဈေးကျ၍ မျိုးစေ့ဈေးလည်းကျပါကြောင်း၊ ပျိုးပင်သက်တမ်း(၁)လခန့်ကြာမှ စိုက်ပျိုးရန်နှုတ်ယူရကြောင်း၊ ယခုဒီဇင်ဘာလလယ်လောက်တွင်စတင်၍ ကြက်သွန်နီဆောင်းစိုက်(ပင်စိုက်)များ စိုက်ပျိုးကြမည် ဖြစ်ကြောင်း၊ တစ်ဧကစိုက်ပျိုးရန်အတွက် ကြက်သွန်နီပျိုးပင်ရရှိရန် ကုန်ကျစရိတ်မှာ ပျိုးခုံပြုလုပ်ခ၊ ကြက်သွန်နီမျိုးစေ့ဝယ်ယူခ၊ ရေသွင်းဖျန်းခ၊ စက်ဆီဝယ်ယူခ၊ ပျိုးပင်နှုတ်ခ၊ သယ်ယူခစရိတ် စသည့် ကုန်ကျစရိတ် စုစုပေါင်းမှာ ငွေကျပ် (၅၀၀၀၀)မှ(၈၀၀၀၀) ဝန်းကျင်ခန့်ရှိကြောင်း သိရှိရပါသည်။

          ကြက်သွန်နီတစ်ဧကစိုက်လျှင် (၁၀)တောင်ပတ်လည်၊ ဝါးကွက်(၁၄၀)ရှိကြောင်း၊ စိုက်ပျိုး သက်တမ်းမှာ (၃) လခွဲအထိကြာမြင့်ကြောင်း၊ ဧပြီလမှစ၍ ကြက်သွန်နီဥ တူးဖော်ရကြောင်း၊ စိုက်ခင်းအတွင်း အပင်စိုက်သည်မှစပြီး ကြက်သွန်နီ(ဥ)တူးဖော်ပြီးသည်အထိ ကုန်ကျစရိတ်စုစု ပေါင်းမှာ ယခင်နှစ်တွင် ငွေကျပ်(၈)သိန်းကုန်ကျပြီး ယခုနှစ်တွင် လုပ်အားခဈေးနှုန်းများကြီးမြင့် နေခြင်း၊ နွားရှဉ်းခ၊ ထွန်စက်ခ၊ စက်သုံးဆီများ ဈေးနှုန်းမြင့်တက်နေပြီး ထုတ်လုပ်မှုကုန်ကျစရိတ် များ ယခင်နှစ်ထက်ပိုမိုကြီးမြင့်နေခြင်းကြောင့် ယခုနှစ် မိမိကိုယ်ပိုင်မြေတွင် တစ်ဧကစိုက်ပျိုးပါက ကုန်ကျစရိတ်မှာ ငွေကျပ်(၁၂)သိန်းခန့်ကုန်ကျမည်ဖြစ် ကြောင်းသိရှိရပါသည်။ စိုက်ပျိုးတောင်သူ၏ ကိုယ်ပိုင်မြေတွင် စိုက်ပျိုးခြင်းဖြစ်ပြီး ယောချောင်းတွင် စိုက်ပါက မြေငှားခတစ်ဧကလျှင် (၂/၃)သိန်း ခန့်ပေးရပါသည်။ မြေငှားခပေး၍ စိုက်ပျိုးပါက တစ်ဧကကုန်ကျစရိတ်မှာ (၁၄/၁၅)သိန်းခန့်ကုန် ကျပြီး တစ်ဧကအထွက်မှာလည်း ပိဿာ (၅၀၀၀)ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။

ကြက်သွန်နီဆောင်းစိုက်(ပင်စိုက်)တစ်ဧကစိုက်လျှင် အထွက်နှုန်းမှာ ပျိုးပင်အနေအထား ကွာခြားခြင်း၊ သွင်းအားစုအမျိုးမျိုးသုံးစွဲပုံကွဲပြားခြင်း၊ မှိုဆေး၊ ပိုးသတ်ဆေး၊ အားဆေးသုံးစွဲပုံ ကွဲပြားခြင်းတို့ကြောင့် ကြက်သွန်နီအထွက်နှုန်းမှာမတူညီကွဲပြားကြောင်း၊ ဒီဇင်ဘာလတွင် တစ်ဧက စိုက်လျှင် ကြက်သွန်နီအထွက်နှုန်း ပိဿာ(၅၀၀၀/၄၀၀၀/၃၅၀၀/ ၃၀၀၀)အထိ ထွက်ရှိကြောင်း၊ တစ်ဧကမှာ (၁၀)တောင်ပတ်လည် ဝါးကွက်(၁၄၀)ရှိ၍ (၁)ကွက်လျှင် အထွက်နှုန်းနှင့် ပိဿာ (၃၅/၃၀/၂၅/၂၂) ထွက်ရှိပြီး စိုက်တောင်သူအများစုမှာ တစ်ဧကလျှင် ကြက်သွန်နီပိဿာ(၄၀၀၀)

ဝန်းကျင်ခန့်သာထွက်ရှိကြောင်း၊ အထွက်နှုန်းကောင်းသော်လည်း (၂)နှစ်ဆက်တိုက် ကြက်သွန်နီ ဈေးကွက်မရှိ၍ အရှုံးပေါ်နေကြောင်း၊ ယခုနှစ်ကြက်သွန်နီဈေးနှုန်းဈေးကွက်မှာ ၁ပိဿာ လျှင် ငွေကျပ်(၅၀၀) အထက်ဝန်းကျင်ရှိမှသာလျှင် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ စိုက်ပျိုးတောင် သူများသည် အရှုံးပေါ်မှုများလာသောကြောင့် ယခင်နှစ်ထက် စိုက်ပျိုးသူတောင်သူဦးရေနှင့် စိုက်ဧက ရာခိုင်နှုန်းမှာ လေးပုံတစ်ပုံအထိ လျော့နည်းသွားနိုင်ကြောင်း ကြက်သွန်နီအစား ကုလားပဲ၊ စပါးနှင့် ပဲစဉ်းငုံသီးနှံများကို အစားထိုး၍ စိုက်ပျိုးနေကြကြောင်း သိရှိရပါသည်။

          ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် စိုက်ဧက၊ စိုက်တောင်သူ လျော့နည်း သွားသော်လည်း ယခုလာမည့် ကြက်သွန်နီဈေးကွက် ကောင်းမွန်လာပါက ကြက်သွန်နီစိုက်ဧက ရာခိုင်နှုန်း ပြန်လည်များလာနိုင်ပြီး စိုက်ပျိုးတောင်သူများအနေဖြင့် အကျိုးအမြတ်များစွာရရှိလာနိုင်သည်ဟု မျှော်လင့်ပါကြောင်း ကြက်သွန်နီစိုက်တောင်သူများမှတစ်ဆင့် သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)                               

Pages

Subscribe to RSS - HighLight News