Main menu

HighLight News

Powered by Drupal

“မိတ္ထီလာမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း”

  မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည်  ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌  “စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အစိုးရနည်းပညာအထက် တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၉၂) ဦးတက်ရောက်ခဲ့ကြပါသည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရသည့် ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာ၀န်များ၊ လုပ်ငန်းရှင်၏တာ၀န်များ၊ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံထားမှုအ‌ပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံထားမှုအ‌ပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန်တာဝန်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့လျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သောwww. doca. gov. mm မှလည်းတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ DOCA Myanmar Application အား playstore တွင် download ရယူ၍ထို Application မှတစ်ဆင့်လည်းတိုင်ကြားနိုင်ကြောင်း၊ Hotline Number (1535) သို့လည်းတိုင်ကြားနိုင်ကြောင်း ရှင်းလင်းဟောပြောနွေးခဲ့ပါသည်။ မိတ္ထီလာမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ စာပေဌာနမှူး ဆရာကြီးဦးမိုးဇော်ထွန်းက ယခုကဲ့သို့ လာရောက်ဟောပြောသည့်အတွက် ဆရာ/ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများ များစွာရရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ဟောပြောပွဲကို နံနက်(၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)       

“သာစည်မြို့၊ မိုခိုကျေးရွာ (အ-ထ-က)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း”

    ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သာစည်မြို့နယ်၊ မိုခိုကျေးရွာ (အ-ထ-က) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊  ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၅၈) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ အကြီးတန်းစာရေး၊ ဒေါ်ဖြူဖြူထွန်းက စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေး (၈) ချက်၊ တာဝန်(၄)  ချက်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့်အကြောင်းအရာများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www. doca. gov. mm မှလည်းတိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  ဟောပြောဆွေးနွေးပွဲကို နံနက် (၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

                  

                                     

မိတ္ထီလာမြို့နယ်၊ အမှတ်(၄) (အ-ထ-က) တွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောခြင်း

    မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်၊ အမှတ်(၄) (အ-ထ-က) တွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ပျော်ဘွယ်မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန်တာဝန်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မိမိထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ အခက်အခဲရှိပါက ဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကိုဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင်လည်းစားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www. doca. gov. mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူစုစုပေါင်း ( ၂၀၀ ) ဦးတက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲကို နံနက်(၁၁း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

                            

ဘားအံမြို့ရှိ အ.မ.က မူလွန် (၂) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် (၃၀-၁-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဘားအံမြို့၊ အ.မ.က (၂) မူလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ကြောင်းသိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမျိုးဝင်းနိုင်က ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမများကို အစားအသောက်များဝယ်ယူစားသုံးရာတွင် စနစ်တကျရွေးချယ်ဝယ်ယူစားသုံးတက်စေရန်အတွက် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင်ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်  မြန်မာဘာသာဖြင့် အသေးစိတ်ဖော်ပြရမည့်အချက်များကို နမူနာမုန့်ထုပ်များဖြင့် လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

      ဟောပြောပွဲတွင် Grade -5 မှ ကျောင်းသား/ ကျောင်းသူ (၇၀) ဦးနှင့် ဆရာ/ ဆရာမ (၁၃) ဦး၊ စုစုပေါင်း (၈၃) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြပြီး ဟောပြောပွဲကို နံနက် (၁၀:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

         

         

ဘားအံမြို့၊ အ.မ.က (၂) မူလွန်ကျောင်းရှိ မုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်၊ ဒေါ်စုနွေးသီရိမောင်(အကြီးတန်းစာရေး)နှင့် ဒေါ်မိခင်သူဇာ (အကြီးတန်းစာရေး) တို့သည် (၃၀-၁-၂၀၂၄) ရက်နေ့ (အင်္ဂါနေ့)၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  အ.မ.က (၂) မူလွန်ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသော ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကိုက်ညီမှုရှိ /မရှိ ‌ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်း၌ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချရာ၌ FDA ၏ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနက ဥပဒေနှင့်အညီ ပြဋ္ဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် မုန့်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုမရောင်းချရန် သိရှိလိုက်နာစေရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ဈေးတွင် အသိပညာ‌ပေးဟောပြောပွဲပြုလုပ်ခြင်း

     ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် နေပြည်‌တော်ဦးစီးမှူးရုံးကဦးဆောင်၍ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ဈေး၊ ဈေးအုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံရောင်းချသည့်ဈေးသည်များနှင့် စားသုံးဆီရောင်းချသည့်ဈေးသည်များကို အသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးမြင့်နိုင် (ဦးစီးအရာရှိ) က စားသုံးဆီရောင်းချသူများအနေဖြင့် ဖော်ပြရမည့်သတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးရောင်းချရန်၊ စားအုန်းဆီရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ဈေးနှုန်းများထက် ပိုမိုရောင်းချခြင်းမပြုရန်လိုအပ်ကြောင်း၊ အကယ်၍ လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခြင်းများ‌ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသော ဈေးသည်များအား သိရှိလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့ပါသည်။ ၎င်းအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူ (၁၅)ဦးရှိပြီး ဟောပြောပွဲကို နံနက်(၁၁း၃၀)နာရီအချိန်တွင်  ရုပ်သိမ်းခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(နေပြည်တော်)

လယ်ဝေးမြို့နယ်၊ အေလာမြို့တွင် အသိပညာ‌ပေးဟောပြောပွဲပြုလုပ်ခြင်း

     ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် နေပြည်‌တော်ဦးစီးမှူးရုံးကဦးဆောင်၍ လယ်ဝေးမြို့နယ်၊ အေလာမြို့ရှိ ဆီလုပ်ငန်းရှင် ဦးအေးထွန်း၏ ပြည်လုံးချမ်းသာ (ဆီရောင်းဝယ်ရေး)ဆိုင်တွင် ကုန်မျိုးစုံရောင်းချသည့်ဈေးသည်များနှင့် စားသုံးဆီရောင်းချသည့်ဈေးသည်များကို အသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးမြင့်နိုင် (ဦးစီးအရာရှိ) က ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်ရန်၊ စားသုံးဆီရောင်းချသူများအနေဖြင့် ဖော်ပြရမည့်သတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးရောင်းချရန်၊ စားအုန်းဆီရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ဈေးနှုန်းများထက် ပိုမိုရောင်းချခြင်းမပြုရန်လိုအပ်ကြောင်း၊ အကယ်၍ လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ‌ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသော ဈေးသည်များအား သိရှိလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့ပါသည်။ ၎င်းအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူ (၁၅)ဦးရှိပြီး ဟောပြောပွဲကို နံနက်(၁၁း၃၀)နာရီအချိန်တွင် ရုပ်သိမ်းကြောင်း  သတင်းရရှိပါသည်။

DOCA(နေပြည်တော်)

 

လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း)ရှိ အမှတ်(၂၂)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးဦးဆောင်သော ဝန်ထမ်း(၅)ဦးတို့သည် (၂၆-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လှိုင်သာယာ မြို့နယ် (အရှေ့ပိုင်း)ရှိ အမှတ်(၂၂)၊ အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ဒေါ်နီလာဦး၊ ဒုဦးစီးမှူးက ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များဝယ်ယူသုံးစွဲနိုင်ရေး၊ နစ်နာဆုံးရှုံးမှုများရှိပါက အရေးဆိုတိုင်ကြားနိုင်စေရေးတို့အတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအနက် သိသင့်သိထိုက်သည်များကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်သန်းက ယခုကဲ့သို့ လာရောက်ဆွေးနွေးပေးပါသော ဌာနဆိုင်ရာတာဝန်ရှိသူများအား မိမိကျောင်းရှိ ဆရာ/ဆရာများနှင့် ကျောင်းသား/ကျောင်းသူများအတွက် အဖိုးမဖြတ်နိုင်သော အသိပညာဗဟုသုတများရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။  အဆိုပါဆွေးနွေးပွဲသို့ ကျောင်းအုပ် ဆရာမကြီးနှင့်အတူ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ(၇၈)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ တွံတေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးတို့နှင့်စပ်လျဉ်း၍ ဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်ကာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်၊ ကုန်စုံဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များကိုတွေ့ဆုံကာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုစေရေး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများ၏ အဓိကစားသောက်ကုန်ပစ္စည်းများဖြစ်သော စားသုံးဆီအမျိုးမျိုးတို့ကို ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသော စားသုံးဆီများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့အား ရောင်းချခြင်းမပြုစေရေး စသည့်စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အကြံပြုဆွေးနွေးပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာဌာနများကတားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများကို မိမိတို့၏ဈေးဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးခြင်းများမပြုလုပ်ကြရန်လိုအပ်ကြောင်း လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကာ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချနေမှုအခြေအနေအား ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ (၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးထွန်းဇော်မင်း၊ ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

      ထိုသို့ ကော့မှူးမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်လမ်းမကြီး၊ မကျီးကန်ကျေးရွာ၌ စက်သုံးဆီရောင်းချပေးလျက်ရှိသော ရတနာဆိုင်၊ ဇလုတ်ကြီးကျေးရွာမှ MAX ဆီဆိုင်နှင့် အဖျောက် ကျေးရွာရှိ ရွှေသရဖူဆီဆိုင်တို့တွင် စက်သုံးဆီရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဗိုလ်မှူးထွန်းဇော်မင်းက မိမိတို့ဆီဆိုင်များအနေဖြင့် ယာဉ်များတန်းစီစောင့်ဆိုင်းဝယ်ယူနေရခြင်းရှိ/မရှိ ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေမှုရှိ/မရှိ၊ ဆောင်းသီးနှံစိုက်တောင်သူလယ်သမားများ လာရောက်ဝယ်ယူရာတွင် အပြည့်အဝဖြန့်ဖြူးရောင်းချပေးနိုင်ခြင်းရှိ/မရှိတို့ကိုမေးမြန်းခဲ့ရာ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိမန်နေဂျာတို့က မိမိတို့၏ဆီဆိုင်တွင်သတ်မှတ်ထားသည့် ခွဲတမ်းများကိုလည်း အချိန်မီထုတ်ယူရရှိနိုင်သောကြောင့် မည်သည့်စက်သုံးဆီအမျိုးစားကိုမဆို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူလယ်သမားများအား လိုသလောက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ယာဉ်တန်းစီတိုး၍ ဝယ်ယူနေရသည့်အခြေအနေများမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူများက လက်ရှိဖြစ်ပေါ်နေသောအခြေအနေများအရ စက်သုံးဆီသိုလှောင်ကန်များတွင် စက်သုံးဆီရှိလျက်နှင့် ဆီဖြန့်ဖြူးရောင်းချပေးခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေအား ဖွဲ့စည်းမိန့်နှင့်အတူ ပြန်လည်တင်ပြရန်အတွက် မြို့နယ်စက်သုံးဆီစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ပြီးနောက် စက်သုံးဆီဆိုင်များရှိ ဆီလက်ကျန်အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News