ဈေးကွက်များ၌ ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြတ်လပ်မှုများမရှိစေရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
ဈေးကွက်များ၌ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းများဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြတ်လပ်မှုများမရှိစေရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကို (၈-၂-၂၀၂၄)ရက်နေ့၊ ကြာသတေးနေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ပဥ္စမထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် ညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ပြည်တွင်းဆေးဝါးထုတ်လုပ်ရောင်းချသူများ၊ ရန်ကုန်တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဆေးတင်သွင်းသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဆေးနှင့်ဆေးပစ္စည်းလက်လီ/လက်ကားဖြန့်ဖြူးရောင်းချသူများ၊ စုစုပေါင်း ၂၈၉ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ဆေးကို နိုင်ငံတော်အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့်အတွက် ဈေးတင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမင်းဝန်က ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိစေရန် စီစဉ်ပေးလျက်ရှိကြောင်းနှင့် လိုအပ်သည်များရှိပါက ဌာနသို့တင်ပြနိုင်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းတင်မောင်ရှိန်က အခြေခံလူတန်းစားများကို ကိုယ်ချင်းစာပြီး ထိုက်သင့်သည့် ဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးများအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုရန်နှင့် အခက်အခဲများရှိပါက တင်ပြနိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းကြိုင်က အသင်း၏ရပ်တည်ချက်၊ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဆေးဝါးမပြတ်လပ်စေရေးအတွက် ဆောင်ရွက်ရမည်များကို ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများအနေဖြင့် ဆွေးနွေးတင်ပြခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကာ အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)