Main menu

HighLight News

Powered by Drupal

မကွေးမြို့၊ ကန်သာရပ်ကွက်၌ စားအုန်းဆီများစျေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိ

 မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စျေးနှုန်းသက်သာစွာဝယ်ယူရရှိသောစားအုန်းဆီများအား မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့၏ကြီးကြပ်မှုဖြင့် (၂၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကန်သာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ် (၄၅၀၀)နှုန်းဖြင့် အိမ်ထောင်စု (၅၅၀)စုအတွက် စားအုန်းဆီ(၅၅၀)ပိဿာရောင်းချပေးခဲ့ပါသည်။

  ထိုသို့ရောင်းချပေးရာတွင် စနစ်တကျရှိစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက အိမ်ထောင်စုတစ်စုလျှင် တိုကင်(၁)ခုနှုန်း ကြိုတင်ပေးထားကြောင်းနှင့် ကျန်ရှိသောရပ်ကွက်များသို့လည်း အလှည့်ကျရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ကျေးရွာနေပြည်သူများသို့ စားအုန်းဆီများ စျေးနှုန်းသက်သာစွာရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေး

  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက (၂၅-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ် (၄၅၀၀)နှုန်းဖြင့် မကွေးမြို့နယ်၊ မကျီးကန်ကျေးရွာ၌ အိမ်ထောင်စု(၁၀၈၀)စုအတွက် စားအုန်းဆီ (၁၀၈၀)ပိဿာ၊ ဆားတိုင်ကန်ကျေးရွာ၌ အိမ်ထောင်စု(၁၂၅၀)စုအတွက် စားအုန်းဆီ (၁၂၅၀)ပိဿာရောင်းချ‌ပေးနေမှုအား အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် ရောင်းချရာတွင် စနစ်တကျရှိစေရေး မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့်ဝန်ထမ်းများသည် သွားရောက်၍ ကွင်းဆင်းကြီးကြပ်ခဲ့ကြပါသည်။

 ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းသည် မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ရာ ဆရာ/ မများနှင့် ကျောင်းသား/ သူများအား စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အ‌ရေး(၈)ချက်၊ စားသုံးသူ၏တာဝန်(၄)ချက်၊ ကုန်စည်များဝယ်ယူစားသုံးသုံးစွဲရာတွင် သတိပြုရမည့်ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားပုံနည်းလမ်းနှင့် အလွယ်တကူခေါ်ဆိုတိုင်ကြားနိုင်သော Consumer Call No. (1535) သို့ခေါ်ဆို၍ သိလိုသည်များနှင့်တိုင်ကြားလိုသည်များကို တိုင်ကြားမေးမြန်းနိုင်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး  တက်‌ရောက်ခဲ့သော ဆရာ/ မများနှင့် ကျောင်းသား/ သူ(၁၄၈)ဦးတို့အား ဌာနမှထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (၄/၂၀၂၃)ကြိမ်မြောက် စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆-၉-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်းရှိ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်စေရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက (၃/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃ခုနှစ်၊ (ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လ)များအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေတို့ကိုရှင်းလင်းတင်ပြခဲ့ပါသည်။

 ထို့နောက် ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်က အမှာစာများကိုဖတ်ကြားတင်ပြခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကာ အစည်းအဝေးဆုံးဖြတ်ချက်များရယူ၍ အစည်းအဝေးကို နံနက်(၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ဌာနဆိုင်ရာအသီးသီးမှကော်မတီဝင်များ၊ စုစုပေါင်း(၁၅)ဦး တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ရှိ “မဟာ” အကြော်စုံလုပ်ငန်းရှင်နှင့်တွေ့ဆုံအသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ခရိုင်ဦးစီးမှူး၏ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့်တားမြစ်ချက်များ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန်အတွက် (၂၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင်   ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ   ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့်ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များထုတ်လုပ်သောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်လာစေရန်အတွက် ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ရှိ “မဟာ” အကြော်စုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်ထံသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

     ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု (က)ရှိ အသင့်စားမုန့်မျိုးမျိုးတွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကို သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်တို့ကို ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသည့် ကုန်စည်များကိုတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ကြစေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk (၉/၂၀၂၃)ကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk (၉/၂၀၂၃) ကို (၂၁-၉-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ CICC ခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်းမှာ ဝန်ထမ်းများဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားပြီး လုပ်ငန်းဆောင်ရွက်ချက်များ အောင်မြင်စွာလုပ်ကိုင်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

 ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက် (၁၃)ချက်ဖြစ်သော ပြင်ဆင်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များဖြစ်သည့် (4R)၊ ပြင်ဆင်ဆောင်ရွက်မည့်အချက်များ (Trade) (၄)မျိုး၊ အနာဂတ်ကာလတွင် ဆောင် ရွက်မည့်အချက်များဖြစ်သည့် (A,B,C,D,E)၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရမည့် ကောင်းမွန်သောလုပ်ငန်းခွင်ဖြစ်စေရန်အတွက် (5S) များအကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် (၂၀၂၂)ခုနှစ်တို့ကိုအသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက ရုံးစာရေးသားနည်းအမျိုးအစားများနှင့် လိုက်နာရမည့်စည်းကမ်းချက်တို့ကိုရှင်းလင်းရာတွင် အခန်း(၈)ပါ စာပေးစာယူအမျိုးအစားများဖြစ်သည့် အမှာစာပုံစံ၊ ရင်းနှီးမှုဖြင့်ပေးသောရုံးစာပုံစံ၊ ကိုယ်ရေးစာပုံစံ၊ ရုံးတွင်းပေးစာပုံစံ၊ သာမန်ရုံးစာပုံစံများတို့ကိုအသေးစိတ်ရှင်းလင်းဆွေးနွေးပြီး စာရေးသားခြင်းနှင့် အထားအသိုဆိုင်ရာစည်းကမ်းများဖြစ်သည့် လုံခြုံမှုအဆင့်အတန်းတွင်ပါဝင်ရမည့် ထိပ်တန်းလျှို့ဝှက်၊ လျှို့ဝှက်၊ အတွင်းရေး၊ ကန့်သတ်၊ ရိုးရိုးနှင့် ဦးစားပေးအဆင့်အတန်း၊ ရုံးစာများနှင့်ကြေးနန်းစာများတွင် ပါဝင်ရမည့်အချက်များ၊ ရုံးစာရေးသားနည်းဆိုင်ရာခေါင်းစဉ်များ၊ ပေးပို့သည့်ရုံး/ ဌာနအမည်၊ စာအမှတ်နှင့်ရက်စွဲ၊ ပေးပို့ရန်လိပ်စာ၊ အကြောင်းအရာ၊ ရည်ညွှန်းချက်၊ စာပိုဒ်အမှတ်၊ လက်မှတ်ရေးထိုးသူ၏အမည်နှင့် ရာထူးရေးသားခြင်း၊ မိတ္တူပေးပို့ခြင်းဆိုင်ရာအချက်အလက်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ပပရွှေကလည်း စားသုံးသူတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ လက်ခံဖြေရှင်းဆောင်ရွက်မှုနှင့် အရေးယူမှုဆိုင်ရာ (၂/၂၀၂၂) ညွှန်ကြားချက်တွင် အပိုဒ်(၁ မှ ၄၄)ထိ ပါဝင်သောအချက်များရှင်းလင်းရာ မှတ်တမ်းတင်ရာ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု အင်္ဂလိပ်အက္ခရာသုံးလုံးတို့ကို အတိုကောက်ရေးသားရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုအမျိုးအစားနှင့် ကုတ်နံပါတ်များအား မှတ်တမ်းတင်စာရင်းသွင်းမှုနမူနာပုံစံများဖြင့် အသေးစိတ်ရှင်းလင်းပြီး ဥပဒေနှင့်နည်းဥပဒေများ၏ ဆက်နွယ်မှုများကိုလည်း တိုင်ကြားသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ညှိနှိုင်းဖြေရှင်းရာတွင် မိတ်ဆွေများဖြစ်သွားသည်အထိ ဖြေရှင်းပေးမှုဥပမာများဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးက ဘေးအန္တရာယ်ရှိသောကုန်စည်ကို ပြန်လည်သိမ်းဆည်းစေခြင်း (သို့) ရောင်းချဖြန့်ဖြူးခြင်းကို ယာယီတားမြစ်ခြင်း (သို့) အမြဲတမ်းတားမြစ်ခြင်း ဘေးအန္တရာယ်ရှိသောဝန်ဆောင်မှုကို ယာယီတားမြစ်ခြင်း (သို့) အမြဲတမ်းတားမြစ်ခြင်းဆိုင်ရာညွှန်ကြားချက်(/၂၀၂၂)၊ အပိုဒ်(၁ မှ ၂၇) ထိပါဝင်သောအချက်တို့ရှင်းလင်းဆွေးနွေးရာတွင် ဘေးအန္တရာယ်ရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများကို ပြန်လည်သိမ်းဆည်းရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စီးပွားရေးလုပ်ငန်းရှင်က ကုန်စည်ကိုပြန်လည်သိမ်းဆည်းရာတွင် သက်ဆိုင်ရာဦးစီးမှူးရုံးမှတစ်ဆင့် ဦးစီးဌာနသို့တင်ပြရာ၌ ပါဝင်ရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်တို့အနေဖြင့် အသိပေးကြေညာခြင်းပြုလုပ်ရာတွင် ထည့်သွင်းဖော်ပြရမည့်အချက်အလက်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)                  

 

ပခုက္ကူမြို့အတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးဦးဆောင်သောဝန်ထမ်းများသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောကုန်စည်များဝယ်ယူသုံးစွဲနိုင်ရန်အတွက် (၁၉-၉-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၁၁)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်မှ ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်းတို့ကိုသိရှိစေရန်အလို့ငှာ ဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

                            

မင်းဘူးမြို့ ငဖဲ၊ ပဒါန်းလမ်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းနှင့်ဝန်ထမ်းများသည် (၂၅-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မင်းဘူးမြို့နယ်အတွင်း ရောင်းချနေသောစက်သုံးဆီအရောင်းဆိုင်များအနက် မင်းဘူး၊ ငဖဲ၊ ပဒါန်းလမ်းပေါ်ရှိ DENKO၊ Special Pump ဆီဆိုင်နှင့် Kyaw San ဆီဆိုင်တို့အား သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/မရှိ၊  အချင်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် LED ဆိုင်းဘုတ်များတပ်ဆင်ထားခြင်းရှိ/မရှိတို့ကို အထူးဈေးကွက်စောင့်ကြည့်သည့်အနေဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် DENKO ဆီဆိုင်၊ Special Pump ဆီဆိုင်နှင့် Kyaw San ဆီဆိုင်တို့မှာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသောရည်ညွှန်းဈေးအတိုင်း ရောင်းချနေသည်ကိုစိစစ်တွေ့ရှိရပါသည်။ LED ဆိုင်းဘုတ်များတပ်ဆင်ထားရှိပြီး အလေးချိန်အချင်အတွယ်များလည်းမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ (၂၅-၉-၂၀၂၃)ရက်နေ့တွင် ရောင်းချနေသောစက်သုံးဆီဈေးနှုန်းများမှာ (92) (၁)လီတာလျှင် ကျပ်(၂၃၃၅)၊ (95) (၁)လီတာလျှင် ကျပ်(၂၄၄၅)၊ ဒီဇယ်ရိုးရိုး (၁) လီတာလျှင် ကျပ်(၂၆၃၅)၊ Premium (၁)လီတာလျှင် ကျပ်(၂၇၁၀) ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

လေးမျက်နှာမြို့နယ်ရှိ နင်းကြမ်းကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ နင်းကြမ်းကျေးရွာအုပ်စု၊ (အ.ထ.က) ကျောင်း၌ ဆရာ/ဆရာမ(၇)ဦးနှင့် ကျောင်းသား/သူ(၈၀)ဦးအား (၂၁-၉-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူ တတ်စေရန်အလို့ငှာ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့်ကုန်စည်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်းသိရှိစေရန်၊ ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိစေရန်နှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center No. (1535) သို့လည်းဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ခမောက်စုကျေးရွာအုပ်စု၊ ဈေးဟောင်းပိုင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၌ ကုန်မျိုးဆိုင်လုပ်ငန်းရှင်များအား (၂၃-၉-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

 ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အင်္ဂပူမြို့နယ်ရှိ ကွင်းကောက်ကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စု၊ (အ.ထ.က) ကျောင်း၌ ဆရာ/ဆရာမ(၁၈)ဦးနှင့် ကျောင်းသား/သူ(၃၁၇)ဦးအား (၁၈-၉-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများပေးခဲ့ကြပါသည်။

    ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့်ကုန်စည်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်းသိရှိနိုင်ရန် ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိနိုင်ရန်နှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center No. (1535) သို့လည်းဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News