စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၆-၇-၂၀၂၃) ရက်နေ့တွင် ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း (၃) ဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း (၁) ဦးတို့ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ် (၇) ရပ်ကွက်၊ ဈေးတောင်ဘက်ရှိ စားသုံးဆီအမျိုးမျိုးရောင်းဝယ်ရေးဆိုင် (၄ )ဆိုင်နှင့် အမှတ် (၅) ရပ်ကွက်၊ မင်းရပ်ရှိ ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင် (၂) ဆိုင်သို့လည်းကောင်း၊ (၁၃-၇-၂၀၂၃) ရက်နေ့တွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၂) ဦးတို့သည် ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ သူဇာရပ်ရှိ ဆန်နှင့်ဆီအမျိုးမျိုးရောင်းဝယ်ရေးဆိုင် (၁) ဆိုင်နှင့် အမှတ် (၃) ရပ်ကွက်၊ ရူပကလျာလမ်းကြားရှိ Goody အမှတ်တံဆိပ်ဆီ ကိုယ်စားလှယ်ရောင်းချသည့်ဆိုင်သို့လည်းကောင်း၊ (၁၄-၇-၂၀၂၃) ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ စားသုံးဆီအမျိုးမျိုးအရောင်းဝယ်ရေးဆိုင် (၁) ဆိုင်သို့လည်းကောင်းသွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးဆီသည် နေ့စဉ် ချက်ပြုတ်စားသောက်မှုတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့်ကုန်စည်ဖြစ်သဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂) တွင် ပင်ရင်းပါဝင်ပစ္စည်းအားအခြေခံသော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရမည့်အပြင် အလေးချိန် ဖော်ပြရာတွင် မြန်မာအလးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများအားသိရှိလိုပါက ရုံးဖွင့်ရက်၏ ရုံးချိန်အတွင်း Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)