Main menu

HighLight News

Powered by Drupal

ဝါစက်နှင့် ဝါစေ့ဆီစက်များကို ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်၌ အရေးကြီးကုန်စည်များတွင်ပါဝင်သော ဝါသီးနှံနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

    မိတ္ထီလာခရိုင်သည် မန္တလေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးမှုများသောဒေသဖြစ်၍ ပုဂ္ဂလိက ဝါစက်၊ ဝါစေ့ဆီစက်များဖြင့် လုပ်ကိုင်ကြပါသည်။ ဝါသီးနှံကို မိုးကြို၊ မိုး၊ မိုးနှောင်းဟူ၍ စိုက်ပျိုးကြကာ ဒေသတွင်း၌ မိုး၊ မိုးနှောင်းဝါများကိုအများဆုံးစိုက်ပျိုးသဖြင့် ယခုအခါ စိုက်ပျိုးဆဲကာလဖြစ်၍ ဝါ၊ ဂွမ်းလက်ကျန်များမှာ နည်းလေ့ရှိပါသည်။ မိတ္ထီလာမြို့နယ်တွင် ဝါစက် (၇) စက်ရှိပြီး ၎င်းစက်များ၌ ဝါစေ့ဆီထုတ်လုပ်သည့်လုပ်ငန်းရှင် (၆) ဦးရှိပါသည်၊၊ အဆိုပါစက်များ၏ ထုတ်လုပ်မှုအခြေအနေများကို သွားရောက်ကွင်းဆင်းလေ့လာခဲ့ရာ ဝါကုန်ကြမ်း (၃) ပိဿာကိုကြိတ်လျှင် ဂွမ်း (၁) ပိဿာနှင့် ဝါ‌စေ့သုံးပုံနှစ်ပုံခန့်ထွက်ရှိကြောင်း  သိရပါသည်။ ဝါစေ့ (၁၀၀) ပိဿာကိုကြိတ်လျှင် ဝါစေ့ဆီ (၁၀/၁၂) ပိဿာခန့်ထွက်ရှိကာ အကြော်လုပ်ငန်းသမားများ အထူးနှစ်သက်ကြောင်းသိရသည်။ ထို့ပြင် ဝါစေ့အဖတ်မှာလည်း တိရစ္ဆာန်အစာနှင့် မှိုစိုက်ပျိုးရေးတို့ အတွက် အသုံးပြုနိုင်ခြင်းကြောင့် ဝါပင်မှထွက်ရှိလာသော အပွင့်၊ အဆံတို့မှာ အကျိုကျေးဇူးများပါသည်။ လက်ရှိဖြစ်ပေါ်နေသောစျေးနှုန်းများမှာ ဝါတစ်ပိဿာလျှင် (၃၄၀၀-၃၅၀၀) ကျပ်၊ ဝါစေ့၊ ဝါစေ့ဖတ်တစ်ပိဿာလျှင် (၁၅၀၀-၁၆၀၀) ကျပ်နှင့် ဝါစေ့ဆီတစ်ပိဿာလျှင် (၇၃၀၀) ကျပ်တို့ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရမည်းသင်းခရိုင်တွင် စားသုံးဆီအမျိုးမျိုးကို ကွင်းဆင်းစစ်‌ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၄ရက်နေ့တွင် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်ရှိ မြို့မစျေးအတွင်းသို့သွားရောက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းကာ စားသုံးဆီရောင်းချနေသောဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   စားသုံးဆီအမျိုးမျိုးသည် လူတိုင်းနေ့စဉ်စားသုံးနေသော အစားအစာတစ်မျိုးမျိုးတွင် ပါဝင်နေသဖြင့် ၎င်းအစားအစာများမှတစ်ဆင့် လုံခြုံစိတ်ချရမှုမရှိပါက ကျန်းမာရေးချို့ယွင်းမှုများဖြစ်ပေါ်နိုင်သောကြောင့် ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ စားသုံးသူများနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား သတိပေးချက်တစ်ခုဖြစ်စေနိုင်ရန်နှင့် စားသုံးသူများအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်ကိုသာ ဝယ်ယူရရှိစေရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထို့နောက် ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုးရောင်းချနေသောဆိုင်  (၁၅) ဆိုင်အား ကွင်းဆင်းစစ်ဆေးရာတွင် ဘူး (Packing) ဖြင့် ရောင်းချသော Goody၊ Louts၊ Family၊ DD၊ Diamond၊ Good Choice၊ Meizan၊ Duck နှင့် Brinto ကုန်အမှတ်တံဆိပ်ပါ ဆီများကိုရောင်းချနေသည်ကိုတွေ့ရှိရကြောင်း၊ အဆိုပါစားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများကို ဥပ‌ဒေနှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်းရှိကြောင်းစစ်ဆေးတွေ့ရှိရ၍ စားသုံးဆီရောင်းချနေသော အရောင်းဆိုင်ရှင်များအနေဖြင့် ဌာန၏ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်အတွင်းရှိ မုန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း”

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံးခန်းအတွင်း၌ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိထ္ထီလာမြို့နယ်အတွင်း မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင် (၄) ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကိုသိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်နေကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေးရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိကြောင်း၊  စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးနေသော ကုန်စည်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စားသုံးသူပြည်သူများမှန်ကန်စွာသိရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကိုဖော်ပြရာတွင် စားသုံးသူကာကွယ်ပေးရေးဥပ‌‌ဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များကို လိုက်နာပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောကုန်ပစ္စည်းများကို ထုတ်လုပ်အသုံးပြုနိုင်ရေးနှင့် စားသုံးသူအခွင့်အ‌ရေးများနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက်ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်၊၊

      ဆက်လက်၍ ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်‌ရေးဥပ‌ဒေ ၂၀၁၉ ပြဋ္ဌာန်းချက်များအနက် ဥပဒေအခန်း (၉) ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ အခန်း (၂၃) ပါ တားမြစ်ချချက်များကို သိရှိရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားသည် ၂၀၂၀ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၇၃) အရ (၂) နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း (၂၀၀) ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ် (၂) ရပ်လုံးဖြစ်စေ အရေးယူမှုများပြုလုပ်နိုင်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် စာသုံးသူများဖြစ်ကြောင်း၊ စာသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www. doca. gov. mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(မန္တလေး)

စာသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၁၄-၇-၂၀၂၃) ရက်နေ့၌ ဇေယျာသီရိမြို့နယ်၊ သစ်တောတက္ကသိုလ် (ရေဆင်း) သို့သွားရောက်၍ ဟောပြောပွဲကို ညနေ (၁၅:၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။ နေပြည်တော်ဦးစီးမှူး ဦးခမ်လျန်စွမ်းက စားသုံးသူအသိပညာပေးသိကောင်းစရာများနှင့် အပင်ပိုးမွှား (Bio Hazard)၊ ဓာတုဓာတ်ကြွင်းများ (Chemical Hazard) ကိုကုန်သွယ်ရေးနှင့် စားသုံးသူရှုထောင့်ဘက်မှနေ၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟန်စုယဉ်ညွန့်က စားသုံးသူကာကွယ်ရေး၊ စားသုံးသူများနှင့် လုပ်ငန်းရှင်များသိရှိလိုက်ရမည့် စည်းမျဉ်းစည်းကမ်းများနှင့် စားသုံးသူအခွင့်အရေး (၈) ချက်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲသို့ သစ်တောတက္ကသိုလ်မှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၃၀၀) ဦးတို့တက်ရာက်ခဲ့ကြပြီး ဟောပြောပွဲကို နေ့လယ် (၁၆:၃၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(နေပြည်တော်)

ရမည်းသင်းမြို့၊ ရွှေဒါး (အ-ထ-က) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

    မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဦးစန်းအောင် (ဒု-ဦးစီးမှူး) သည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်၊ ရွှေဒါး (အ-ထ-က) ကျောင်းတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၄ရက်နေ့၊ နံနက် (၁၀း၀၀) နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစန်းအောင် (ဒုဦးစီးမှူး) က စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ၊ နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန်တာဝန်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များဖြင့်လည်းကောင်း၊ မိမိထုတ်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အခက်အခဲရှိပါက ဌာနသို့လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကိုဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင်စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www. doca. gov. mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၈၀) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ကာ ဟောပြောပွဲကို နံနက် (၁၁း၁၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

သထုံမြို့နယ်အတွင်း စားသုံးဆီအမျိုးမျိုးတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

   မွန်ပြည်နယ်၊ သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သထုံမြို့နယ်၊ မြို့မဈေးအတွင်းရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

   ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့မဈေးအတွင်း ရောင်းချနေသည့်ဆိုင်များ၌ စားသုံးဆီအမျိုးမျိုးတို့ကိုဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ စသည်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြပါသည်။

    သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအပြင်   စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဟောပြောခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်အတွင်း စားသုံးဆီအမျိုးမျိုးတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဇူလိုင်လ ၁၃ရက်နေ့အချိန်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးကြီး၌ရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးလွင်နှင့် မြို့နယ်တာဝန်ခံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ ဈေးအတွင်းရှိ ရောင်းချနေသည့်ဆိုင်များ၌ စားသုံးဆီအမျိုးမျိုးတို့မှာ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ စသည်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာစားသုံးသူအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

    Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံက အွန်လိုင်းရောင်းဝယ်မှုများနှင့်ပတ်သက်၍ ပြည်သူများသတိပြုရမည့်အချက်များကိုသိရှိနိုင်စေရန် ရည်ရွယ်၍ Talk Show အစီအစဉ်ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

   ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံက ယနေ့ခေတ်၌ တွင်တွင်ကျယ်ကျယ်အသုံးများလာသော အွန်လိုင်းရောင်းဝယ်မှုအခြေအနေ၊ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူပြည်သူများတိုင်ကြားနိုင်သည့်နည်းလမ်းများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ မြို့မ (၄) ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံတို့သည် (၁၁-၇-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ မြို့မ (၄) ရပ်ကွက်၊ စာစင်လမ်းမကြီးရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းတင်ရွှေက အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ  မုဒုံမြို့နယ်တာဝန်ခံ ဦးစည်သူက စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်လာလျှင် တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center No. (1535) သို့ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း၊ www. doca. gov. mm တွင်လည်းဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၃၃၀) ဦးတို့တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီးထံသို့ လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ ဒုံကနီအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် မုဒုံမြို့နယ်တာဝန်ခံတို့သည် (၁၂-၇-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ မြို့မ (၂) ရပ်ကွက်ရှိ ဒုံကနီအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးလွင်က စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များကိုဟောပြောခဲ့ကြောင်း၊ မုဒုံမြို့နယ်တာဝန်ခံ ဦးစည်သူက စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်လာလျှင် တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center No. (1535) သို့ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း၊ www. doca. gov. mm တွင်လည်းဝင်ရောက်တိုင်ကြားနိုင်ကြောင်းတို့ကို ဟောပြောဆွေးနွေးပြီး ဌာန၏လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများစုစုပေါင်း (၁၆၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News