Main menu

HighLight News

Powered by Drupal

တောင်ဥက္ကလာပမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းကို ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေး

    (၁၁-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၀၅၂) နှင့် ပင်းယ (၁၈) လမ်း၊ (၅) ရပ်ကွက်ရှိ သောက်ရေသန့်လုပ်ငန်း (အမှတ်တံဆိပ်မျိုးစုံ) ထုတ်လုပ်နေသည့်လုပ်ငန်းကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)ကဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ထွေအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန(ကျန်းမာရေး)နှင့် စားသုံးသူရေးရာဦးစီးဌာန(အရှေ့ပိုင်းခရိုင်)တို့ပူးပေါင်း‌၍ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

  ရှောင်တခင်စစ်ဆေးမှုများကိုဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာနှင်းအိဝေ (ဦးစီးအရာရှိ) က ဌာန၏လုပ်‌ဆောင်ချက်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးမော် (စစ်ဆေးရေးအရာရှိ) က စားသုံးသူကာကွယ်ရေးဥပ‌ဒေ၂၀၁၉ပါ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်းကောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ပခုက္ကူမြို့၊ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ကကြီးကြပ်၍  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေး၊ ဒု-ဦးစီးမှူး ဒေါ်တင်တင်မော်နှင့် ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်တို့သည် (၁၁-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ရာ ဆရာ/ဆရာမ (၂၇) ဦး၊ ကျောင်းသား/ ကျောင်းသူ (၃၂၀) ဦးတို့တက်ရောက်ခဲ့ပါသည်။

  ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါအကြောင်းအရာများ၊ ဌာနကလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

ဒု-ဦးစီးမှူး ဒေါ်တင်တင်မော်က ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေး ဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း၊ အခွင့်အရေးများကိုသိရှိမှသာ ရယူနိုင်ပြီး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်မလာနိုင်ကြောင်း၊ စားသုံးသူများမှာ အခွင့်အရေးရှိသကဲ့သို့ တာဝန်များလည်းရှိကြောင်း၊ စားသုံးသူ၏တာဝန်များကိုလည်း လိုက်နာရန် အရေးကြီးကြောင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထိခိုက်နစ်နာမှုများရှိလာပါက တိုင်ကြားခွင့်၊ အလျော်အစားရပိုင်ခွင့်နှင့် ကုစားခွင့်တို့ကို သိရှိစေရန်လိုအပ်ကြောင်း  ရှင်းလင်းကာ ဟောပြောဆွေးနွေးခဲ့ပါသည်။

ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကိုရှင်းလင်းခဲ့ရာ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် စသည့်အချက်များကို မြန်မာလိုဖော်ပြထားသည့်စားသောက်ကုန်များကိုသာ ဝယ်ယူသုံးစွဲရန်လိုအပ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောအစားအသောက်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသောအစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးစေလိုကြောင်း အသိပညာပေးဆွေးနွေးခဲ့ကာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲအပြီးတွင် ဟောပြောခဲ့သည့်အကြောင်းအရာများကို အမေးအဖြေပြုလုပ်၍ ဖြေဆိုနိုင်သောကျောင်းသား/ကျောင်းသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ မြန်မာဘာသာဖြင့်ဖော်ပြပါရှိသည့် ကုန်စည်များ ရောင်းချစေရေးဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအုန်းမြင့် ဦးဆောင်သောဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဖြစ်စေမည့်ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးအတွက် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ စားသုံးဆီရောင်းချနေသည့်ဆိုင်များအား မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုကဲ့သို့စစ်ဆေးခဲ့ရာ စားသုံးဆီဆိုင်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်  ပိဿာ၊ ကျပ်သား အတိအကျဖော်ပြပါရှိသည့် စားသုံးဆီများကိုသာရောင်းချနေကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့နောက်ကုန်စုံဆိုင်ရှင်များနှင့် ကုန်စုံဆိုင်ဝန်ထမ်းများအား မြန်မာဘာသာဖြင့်ဖော်ပြပါရှိသည့် ကုန်စည်များရောင်းချကြရန်နှင့် ဘေးအန္တရာယ်ဖြစ်စေမည့်ကုန်စည်များမရောင်းချကြရန်အလို့ငှာ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြပါရှိရမည့်အချက်များကို လိုက်နာကြရန်ပြောကြားခဲ့ပါသည်။      

DOCA(မကွေး)

ချောက်မြို့မစျေး၌ ပလတ်စတစ်လျော့ချရေး အသိပညာပေးနှင့် စားသုံးဆီရောင်းချသည့်ဆိုင်များကို ကွင်းဆင်းစစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ (၁၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပလတ်စတစ်လျော့ချရေး အသိပညာပေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးဆီရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံဒေါ်မြတ်မြတ်မိုး၊ ဒု-ဦးစီးမှူး ဒေါ်ချိုဝေလွင်တို့ပူးပေါင်း၍ ချောက်မြို့မစျေးတွင် တနင်္လာနေ့တိုင်း မြို့မစျေးအတွင်းနှင့် အပြင်တွင် ပလတ်စတစ်အိတ်မသုံးစွဲရဟု သတ်မှတ်ထားရှိပြီး ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီအမျိုးမျိုးရောင်းချသောဆိုင်များသို့သွားရောက်၍ ရောဆီများပါဝင်မှုအချိုးအဆအတိုင်း လေဘယ်လ် (Label) ကပ်၍ရောင်းချရေး၊ ဆီများရောင်းချရာတွင် သန့်ရှင်းစွာခင်းကျင်းရောင်းချရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့၊ ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး

   မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့တွင် “ကန်စွန်းအင်း” ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ‌ဟောပြောခဲ့ကြပါသည်။

   အဆိုပါ ဟောပြောပွဲတွင် စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သောအကြောင်းအရာများ၊ စားသုံးသူများ၏အခွင့်အရေးနှင့်နစ်နာမှုအတွက် တိုင်ကြားခွင့်၊  ကုန်အညွန်းအမှတ်အသားဆိုင်ရာအချက်အလက်များ၊ အန္တရာယ်ရှိသောဆိုးဆေးများ၊ တားမြစ်ထားသောစားသောက်ကုန်များ၊ အစားအသောက်များကို ချက်ပြုတ်မစားသောက်မီ လိုအပ်သောအချက်များအပြင် အစားအသောက်ခွင့်ပြုထောက်ခံချက်အကြောင်းတို့ကိုလည်း ‌ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ဟောပြောပွဲအပြီးတွင် အစားအသောက်ဘေးကင်းလုံခြုံရေးအတွက် ကျောင်းမုန့်ဈေးတန်းနှင့် ကျောင်းထမင်းဆိုင်များသို့လည်း ကွင်းဆင်းစစ်းဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ဘားအံမြို့ရှိ အခြေခံပညာ အ-မ-က (၁၀)၊ မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဌေးနှင့်ဝန်ထမ်းများသည်  (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အခြေခံပညာ အ-မ-က မူလွန်ကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများက မိမိတို့သက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကိုဟောပြောခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနရုံးမှ ရုံးအကူမှူး ဒေါ်နန်းအေးမူက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း၊ ရုံးအကူမှူး ဒေါ်ရီရီအောင်က စားသုံးသူပြည်သူများသိရှိလိုက်နာရမည့် စားသုံးသူအခွင့်အရေး (၈) ချက်အကြောင်းတို့ကိုလည်းကောင်း ဒေါ်သီတာဌေး (ဒုကြီးကြပ်ရေးမှူး) က စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် စာသုံးသူပြည်သူများလိုက်နာရမည့်တာဝန်နှင့် “စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ” CICC အကြောင်းကိုလည်းကောင်း နားလည်သဘောပေါက်လွယ်စေရန် မုန့်မျိုးစုံဖြင့် ဥပမာပြသ၍ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း (၁၀၃) ဦးတို့အား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသောအစားအသောက်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

ဇီးကုန်းမြို့နယ်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၄-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကိုဗစ်ချေးငွေရယူထားသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပေးခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ကိုဗစ်ချေးငွေရယူထားသော စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါသည်။

 အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်ချေးငွေ (၃) နှစ်ပြည့်သည့် လုပ်ငန်းရှင်များ၏ သတ်မှတ်ရက်များကိုအသိပေးခဲ့ပြီးနောက် သတ်မှတ်ကာလအတွင်း ချေးငွေများကိုအကြေဆပ်ရန်နှင့် သတ်မှတ်ကာလထက် (၃) လကျော်လွန်ပါက ဥပဒေအရ အရေးယူမှုများရှိလာမည်ဖြစ်သဖြင့် ကြိတင်အသိပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံကလည်း ချေးငွေပေးဆပ်မှုများရှိပါက မိမိဌာနသို့ ချိတ်ဆက်သတင်းပေးပို့ကြပါရန် လုပ်ငန်းရှင်များနှင့်မေတ္တာရပ်ခံညှိနှိုင်းခဲ့ပြီးနောက် ဆန်စက်/ဆန်ပွဲရုံလုပ်ငန်းရှင်များကို ဆန်စပါးဈေးကွက်အခြေအနေနှင့် လက်ကျန်များမေးမြန်းခဲ့ကာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

                            

ရေတာရှည်မြို့၊ ပြန်/ဆက်ရုံးစာဖတ်ဝိုင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရေတာရှည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ပြုလုပ်သည့် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော စာပေဝါသနာရှင်များကို စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

  မြို့နယ်တာဝန်ခံက Commerce Journal အတွဲ(၂၂)၊ အမှတ် (၇) တွင်ပါရှိသည့် “စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိဖို့ ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ပါ ဆောင်းပါးအချက်အလက်များကိုဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် စာပေဝါသနာရှင်များ၏သိလိုသည်များကို ပြန်လည်ရှင်းလင်း၍ဖြေကြားခဲ့ပါသည်။

 စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် စာပေဝါသနာရှင် ၈ဦးတို့တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများကို စားသုံးသူအသိပညာပေးဆွေးနွေး

  စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ ကျောင်းဆရာ၊ ဆရာမများမှတစ်ဆင့် ကျောင်းသားကျောင်းသူများ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများကို ပေါက်ခေါင်းမြို့၊ အ-ထ-က ကျောင်း၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

  ဆွေးနွေးဟောပြောပွဲတွင် ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားရေးသားဖော်ပြခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး (၁၈၄) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်းဝေငှပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                            

ပြည်ခရိုင်အတွင်းရှိ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများကို စားသုံးသူအသိပညာပေးဟောပြော

  စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း ဈေးကွက်များတွင်ရောင်းချနေသော ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်ရည်ရွယ်၍ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

 ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူတို့၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့်ပြဋ္ဌာန်းချက်များ၊ ကုန်ပစ္စည်းများပေါ်တွင် ရေးသားဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားရေးသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်အကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များ၏ သိရှိလိုသည်များကို ပြန်လည်မေးမြန်းမှုများအပေါ်  ရှင်းလင်းဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြပါသည်။

 အဆိုပါ ဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၂၀) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                                               

Pages

Subscribe to RSS - HighLight News