Main menu

HighLight News

Powered by Drupal

ညောင်တုန်းမြို့နယ် အ.ထ.က (၁) စာသင်ကျောင်းတွင် စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၁.၆.၂၀၂၂) ရက်နေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ညောင်တုန်း အ.ထ.က(၁) စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။ 

             အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိတ်ဖက်ဌာနဖြစ်သော ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးနှင့် သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။

            ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် က စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ ဌာန၏ မျှော်မှန်းချက် ရည်မှန်းချက်နှင့်  စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများလိုက်နာရမည့် တာဝန်များအကြောင်း၊ လုပ်ငန်းရှင်တို့၏ တာဝန်များ လိုက်နာရမည့် အချက်များနှင့် စားသုံးသူများ ကုန်စည်ကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်နှင့်  ကုန်စည်ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှု ရှိလာပါက နစ်နာဆုံးရှုံးမှုအတွက် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းများအကြောင်းသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူးမှ အပြန်အလှန့််ရှင်းလင်း ဖြေကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများ စုစုပေါင်း(၂၄၀) ဦး တက်ရောက်ခဲ့ပြီး နေ့လယ် ၁:၀၀ နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဗန်းမော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

           စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်မြင့်မြတ် (အကြီးတန်းစာရေး)သည် ၂၂.၆.၂၀၂၂ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဗန်းမော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် ဦးအောင်မြင့်မြတ် က ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် သတင်းအချက်အလက်ပြည့်စုံစွာရရှိနိုင်စေရန် ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်သည့် သတင်းအချက်အလက်များအားသေချာစွာဖတ်ရှု့ရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ အတွက်တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းကို စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၁၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် ကုန်မျိုးစုံဆိုင်များဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ    ဦးမြင့်ဌေးသည်  (၂၁.၆.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် အမှတ်(၆) ရပ်ကွက် ဘုရားလမ်း ရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ်(၆)ရပ်ကွက်၊ ဘုရားလမ်းရှိကုန်မျိုးစုံ   ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉  ပါပြဌာန်းချက်များအရ စားသုံးသူ၏ အခွင့်    အရေးနှင့်တာဝန်များ ၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ၊ တားမြစ်ချက်များ၊   ပြစ်မှုပြစ်ဒဏ်များ    စားသုံးသူကာကွယ်ရေးအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍မည်သည့်   စီးပွားရေးလုပ်ငန်းရှင်မဆို (ပုဒ်မ ၄၁) ပုဒ်မ ခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ    ရာတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍     တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး ၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်    အညီလိုက်နာဆောင်ရွက်ကြရန် စီးပွားရေးလုပ်ငန်းရှင် ဆိုင်ရှင်များအားရှင်းလင်းမှာကြားခဲ့ကြောင်း    သိရှိရပါသည်။      

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

စားသုံးသူရေးရာဦးစီးဌာန၊  မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးတို့တွင် ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၂.၆.၂၀၂၂ မှ ၂၄.၆.၂၀၂၂ထိ) (၃) ရက်ကြာ တပြိုင်နက် ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။

          အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။  ဘာသာရပ်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ရုံးလုပ်ငန်းလက်စွဲဘာသာရပ်များ၊ IT ဘာသာရပ်၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဘာသာရပ်၊ စားသုံးသူကာကွယ်ရေးဥပဒေသိကောင်းစရာများဘာသာရပ်၊ ငွေစာရင်းဘာသာရပ်၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲဘာသာရပ်၊ စီမံရေးရာဘာသာရပ်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာဘာသာရပ်၊ သတင်း/ဆောင်းပါးရေးသားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများဘာသာရပ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ သိကောင်းစရာများဘာသာရပ်၊ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့်ပတ်သက်၍ သိကောင်းစရာများဘာသာရပ်တို့အား ပို့ချသွားမည် ဖြစ်ပါသည်။

          အဆိုပါ သင်တန်းများကို သင်တန်းနည်းပြ (၁၀) ဦးနှင့် သင်တန်းသား/သင်တန်းသူ (၃၃) ဦးတို့ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

                                                                                                                                                 

 

စီးပွားရေးဆိုင်ရာအလုပ်သင် သင်တန်းသား/သင်တန်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          National Enlightenment Institute –NEI နှင့် မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော “စီးပွားရေးဆိုင်ရာ အလုပ်သင်အစီအစဉ် (အပတ်စဉ်-၂) သင်တန်းသား/သူများ၏ လုပ်ငန်းအတွေ့အကြုံများတင်ပြခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀.၆.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ Hotel KS ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ သင်တန်းဆင်းပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးနယ်ပယ်သို့ ဝင်ရောက်ကြမည့် သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

            ထိုသို့ ဟောပြောရာတွင် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် ၊ ဝန်ဆောင်မှုအသုံးပြုရာတွင် စားသုံးသူနစ်နာမှုဖြစ်ပေါ်လာပါက စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းဆင်းပွဲသို့  စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ သတင်းသား/သူများ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)

မြေပုံမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း

          ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင် မြေပုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၅-၆-၂၀၂၂)ရက်နေ့တွင် မြေပုံမြို့ပေါ်ရှိ ဆေးဆိုင်များ၌ရောင်းချလျက်ရှိသည့် ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မြို့နယ်ထွေအုပ်၊ ကျန်းမာရေးနှင့်မြို့နယ်စည်ပင်ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

         ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးရောင်းချမှု၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/ မရှိနှင့် Bella Plus Plaster ၊ ရသေ့ဆေး(သို့)ထိုင်းတိုင်းရင်းဆေးရောင်းချမှုရှိ/မရှိ ကိုအဓိကထား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ Bella Plus Plaster မှာ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registeration No.(IR) များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်းရောင်းချလျက်ရှိနေခြင်း၊ရသေ့ဆေး(သို့) ထိုင်းတိုင်းရင်းဆေ မှာ ထိုင်းနိုင်ငံမှ သုံးစွဲရန်မသင့်သည့်ဆေးဝါးအဖြစ်ထုတ်ပြန်ထားခြင်းနှင့် မြန်မာနိုင်ငံတွင်လည်း ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘဲ Online ပေါ်တွင် ရောင်းချနေသည့်အတွက် သုံးစွဲသူမိဘပြည်သူ များဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မိမိတို့မြို့နယ်ဈေးကွက်အတွင်းရောင်းချခြင်းမရှိစေရေးစိစစ်ဆောင်ရွက်ခဲ့ရာ ဆေးဝါး(၂)မျိုးလုံးမှာ ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ဆေးဝါးရောင်းချသည့်ဆေးဆိုင်လုပ်ငန်းရှင်များကို တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးနှင့် ဆေးပစ္စည်းများကိုသာရောင်းချစေရေး အသိပညာပေးဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ရသေ့ဆေး(သို့)ဗိန်းတောဆေးရောင်းချမှု ရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့်ဝန်ထမ်းများသည် ၂၁.၆.၂၀၂၂ရက်နေ့တွင် မိုးညှင်းမြို့အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်၍ ထိုင်းနိုင်ငံထုတ် ရသေ့ဆေး (သို့) တိုင်းရင်းဆေးသည် မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားမှုမရှိခြင်း၊ ဘေးအန္တရာယ်ဖြစ်စေသည့် တိုင်းရင်းဆေးဖြစ်ခြင်းနှင့် ဘေးဥပဒ်ဖြစ်စေသောပစ္စည်းများ တရားမဝင်တင်သွင်းရောင်းချခြင်းဖြစ်သဖြင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထိုင်းနိုင်ငံထုတ်ရသေ့ဆေး (သို့) တိုင်းရင်းဆေးအား မိုးညှင်းမြို့ပေါ်ရှိဆေးဆိုင်များတွင် ရောင်းချမှုမရှိပါကြောင်း းစိစစ်တွေ့ရှိရပြီး ရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် တရားဝင်မှတ်ပုံတင်ထားသော တိုင်းရင်းဆေးဝါးများကိုသာရောင်းချရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များပြည့်စုံသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချကြရန် အသိပေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)

စက်သုံးဆီအရောင်းဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

            ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးအဖွဲ့နှင့်အတူ ဇွန်လ (၁၆၊၁၇) ရက်နေ့များတွင် မြို့နယ်စည်ပင်သာယာနယ်နမိတ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီချင်တွယ်ပြည့်ဝမှုရှိမရှိ၊ ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုရှိမရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေများအား သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ၎င်းနောက် (၂၀.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင်လည်း မြို့နယ်တရားမဝင်ကုန်ပစ္စည်း တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ဖြင့် ဓာတ်မြေဩဇာအရောင်းဆိုင်များတွင်လည်း အမိုနီယံနိုက်ထရိတ်ဓာတ်မြေဩဇာများ သိုလှောင်ဖြန့်ဖြူးရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့်တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၁/၂/၃) အတွင်းရှိကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          စစ်ဆေးရေးမှူးများနှင့်တာဝန်ရှိသူများသည် ကုန်စုံဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ကုန်ပစ္စည်းများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ပိတ်ပင်ထားသောကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၉) ပါ “စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ”၊ အခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”နှင့် အခန်း (၁၈) ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းများနှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်များ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဘူးသွပ်ပုလင်းသွပ် ဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရန် လိုအပ်

         နေ့စဉ်ကြော်လှော်ချက်ပြုတ်သော မီးဖိုချောင်အခြေခံစားသောက်ကုန်များထဲတွင် ဆီသည်မပါမဖြစ်သောကုန်စည်ဖြစ်သည့်အလျောက် ဈေးကွက်အတွင်း၌ ဆီအမျိုးမျိုးကို အလေးချိန်များချင်တွယ်၍ လည်းကောင်း၊ ပုလင်း/ဘူးများတွင်သွပ်သွင်း၍ လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရောင်းချကြပါသည်။ ဈေးကွက်အတွင်းရောင်းချမှုအများဆုံးဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ ၊ နေကြာဆီနှင့် စားအုန်းဆီများဖြစ်ပြီး ဖွဲနုဆီ၊ ဝါစေ့ဆီ၊ ပြောင်းဆီနှင့် ပဲနှမ်းဆီများကိုလည်း ရောင်းချခြင်းများရှိပါသည်။  ယင်းဆီများထဲတွင် စားအုန်းဆီသည် စားသောက်ဆိုင်များ၊ အကြော်ဆိုင်များတွင်အသုံးပြုမှုများပြားသောကြောင့် ဈေးကွက်တွင်ကျယ်လျက်ရှိသည်။  

       ဈေးကွက်အတွင်း ကုန်အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိရာ အချို့သောစားသုံးဆီများသည် ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil , Cooking Oil ) ဟုသာ ဖော်ပြထားခြင်းများရှိသည်။ ယင်းဖော်ပြချက်သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏အမျိုးအမည်မဟုတ်ပဲ ယေဘုယျဆန်သည့်အမျိုးအမည်သာဖြစ်သောကြောင့် စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် ကုန်စည်အမျိုးအမည်နှင့် အသားတင်ပမာဏနှင့်အရွယ်အစား (မြန်မာ့အလေးချိန်ယူနစ် ဖြစ်သော ပိဿာ ၊ ကျပ်သားဖြင့်)တို့အား  မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil , Cooking Oil ) များ၌  ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များကိုလည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ  ညွှန်ကြားချက်ထုတ်ပြန်သည့်နေ့မှ (၆)လ ပြည့်မြောက်သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက် အာဏာသက်ရောက်သည့်နေ့မှစတင်၍ စားသုံးသူကာကွယ်ရေးဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင်ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။ လက္ကားပင်ရင်းဒိုင်ကြီးများအနေဖြင့် ယင်းညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်သကဲ့သို့ တစ်ဆင့်ပြန်လည်ဖြန့်ဖြူးရောင်းချသောဆိုင်ငယ်များ ၊ ရပ်ကွက်လက်လီဆိုင်များအနေဖြင့်လည်း မိမိတို့ရောင်းချသောကုန်စည်၏ သတင်းအချက်အလက်များကိုသိရှိရန် လိုအပ်လှပေသည်။ သတင်းအချက်အလက်များကိုမသိရှိခြင်းကြောင့် ညွှန်ကြားချက်နှင့်မညီသောကုန်စည်များကို ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်မိပါက ကုန်စည်လက်ဝယ်တွင်ရှိသောသူများသာ နစ်နာဆုံးရှုံးရသည်ဖြစ်သောကြောင့် ကုန်စည်ရောင်းချသူများအနေဖြင့် မိမိတို့ရောင်းချသော ကုန်စည်နှင့်ပတ်သက်သော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတင်းအချက်အလက်များကိုသိရှိရန်နှင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးရေးသားဖော်ပြလိုက်ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News