Main menu

HighLight News

Powered by Drupal

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/၂၀၂၂) ဖွင့်လှစ်ခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ လူ့ စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်း ချက် (Mission) များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၂)ကို ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇွန် လ (၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ နေ့စဉ် နံနက်(၁၁:၀၀)နာရီမှ ညနေ (၁၂:၀၀)နာရီ အထိလည်း ကောင်း၊ ညနေ (၁၅:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီအထိ သင်ခန်းစာပို့ချပြီး (၅)ရက် တာသင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းသားဦးရေ စုစုပေါင်း(၁၂)ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က အဖွင့် အမှာစကားပြောကြားရာတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် အသစ်ခန့်ထားသော ဝန်ထမ်းများအနေဖြင့် ယခုဖွင့်လှစ်တဲ့ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းမှာ  ဝန်ထမ်းများ၏အရည်အသွေးတိုးတက်စေဖို့ဖြစ်ပြီး သင်တန်းမှာပို့ချသော သင်ခန်းစာများမှာ လက်တွေ့လုပ်ငန်းခွင် ဆောင်ရွက်ရာတွင် များစွာအထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း၊ မိမိကိုယ်ကို တိုးတက်အောင် တစိုက်မတ်မတ် လေ့လာသွားရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်တန်း ဆရာများ၏ ပို့ချသော သင်ခန်းစာများကို ဂရုတစိုက် သင်ယူကြရန်လိုကြောင်း၊ ဝန်ထမ်းစည်းမျဉ်း /စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          သင်တန်းတွင် ကယားပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်မှ ရုံးလုပ်ငန်း လက်စွဲဘာသာရပ်၊ ဒေါ်မြို့ရီ(ဦးစီးအရာရှိ)မှ စီမံရေးရာဌာနခွဲဘာသာရပ်၊ နိုင်ငံဝန်ထမ်းဥပဒေ ဘာသာရပ်၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ ဘာသာရပ်၊ စားသုံးသူရေးရာဌာနခွဲဘာသာရပ်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲဘာသာရပ်၊ ဒေါ်သစ္စာဖူး( ဦးစီးမှူး )မှ ငွေစာရင်းဌာနခွဲဘာသာရပ်၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲဘာသာရပ်နှင့် မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲဘာသာရပ်များ အသီးသီးပို့ချခဲ့ပြီး၊ ဇွန်လ (၁၀)ရက် နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် သင်တန်းပြီးဆုံး၍ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် (၅)ရက်တာ တက်ရောက်ခဲ့သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းမှ ဌာနခွဲအလိုက်ပို့ချသော သင်ခန်းစာများမှ သိသင့်သိထိုက်သည်များ သိရှိရပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုသည့် သင်ခန်းစာများရရှိကြောင်း သိရှိရပါသည်။

DOCA(ကယား)

                                     

မုံရွာတက္ကသိုလ်၌ စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီတွင် မုံရွာတက္ကသိုလ်၌ စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်နှင်းစန္ဒာတို့က သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောဆွေးနွေးကြပါသည်။

            ရှေးဦးစွာ မုံရွာတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် မိမိတို့တက္ကသိုလ်သို့ စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ လာရောက်ဆွေးနွေးဟောပြောပေးသည့်အတွက် တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် "စား၊ ဝတ်၊ နေရေး" ဟူသည့် အခြေခံအရေးသုံးပါးအတွက် နေ့စဉ်ဆောင်ရွက်ကြရာတွင် စားသုံးသူအရေးအရာများနှင့် ပတ်သက်နေမည်ဖြစ်ပါကြောင်း၊ မိမိတို့လူနေမှုဘဝအတွက် အရေးကြီးသည့် မှတ်သားဖွယ်ဗဟုသုတများ ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးမှ စားသုံးသူအခွင့်အရေးများဖြစ်ပေါ် လာပုံသမိုင်း၊ စားသုံးသူရေးရာဦးစီးဌာနသမိုင်း၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ ဌာနကဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို မိတ်ဆက်ရှင်းလင်း ဟောပြောပါ သည်။

           ထို့နောက် စားသုံးရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါရီလင်းထွဋ်က စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဟောပြောခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဌာနကဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူအငြင်းပွားမှုများနှင့်ပတ်သက်၍ နမူနာဖြစ်စဉ်များနှင့်တကွ ရှင်းလင်း​ဟောပြောခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်နှင်းစန္ဒာက အစားအသောက်ဘေးအန္တရာယ်အကြောင်း ရှင်းလင်းဟောပြောခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များမေးမြန်မှုအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး​ဆွေးနွေးဖြေကြားပေးခဲ့ပါသည်။

         အဆိုပါ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲသို့ မုံရွာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာအသိပညာပေး လက်ကမ်းစာစောင်များ၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“သိန်းသန်းစိုး” ယိုမျိုးစုံ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

            စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇွန်လ (၈) ရက်နေ့တွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ “သိန်းသန်းစိုး” ယိုစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မုံရွာခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွန်းအမှတ်အသားနှင့် ပတ်သက်၍ ဌာန အတည်ပြုချက်ရယူလိုသည့် လုပ်ငန်းရှင်များရှိပါက မိမိတို့ဌာနမှ ဆောင်ရွက်ပေးနေကြောင်း တဆင့်စကားပါးစေလိုကြောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ(၅/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးမှ ကုန်စည်များကို ဦးစားပေးကုန်စည် သတ်မှတ်၍ ကုန်အညွန်းအမှတ်အသား ပြည့်စုံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း  အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          “သိန်းသန်းစိုး” ယိုမျိုးစုံလုပ်ငန်းကို အမျိုးသမီးအလုပ်သမားဦးရေ(၁၅)ဦးဖြင့် လည်ပတ်ဆောင်ရွက်နေ‌ကြောင်း၊ ယိုစုံပြုလုပ်ရာတွင်အသုံးပြုသော ဇီးသီးကုန်ကြမ်းကို  ယင်းမာပင်ခရိုင်နှင့် မုံရွာခရိုင်ရှိ ဇီးစိုက်တောင်သူများထံမှ ဝယ်ယူပြီး သံပုရာကုန်ကြမ်းကို မုံရွာမြို့ပေါ်ရှိ သီးနှံပွဲရုံများမှ ဝယ်ယူအသုံးပြုကြောင်း၊ ထွက်ရှိသော ကုန်ချောယိုစုံများကို စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ခင်ဦးနှင့် ရေဦးမြို့နယ်များ၊ မြို့ပေါ်ဈေးဆိုင်များသို့ ဖြန့်ဖြူးရောင်းချပါကြောင်း၊ ယိုစုံများ၏(၁)ထုပ်တန်ဖိုးမှာ လက်ကားဈေး (၃၅)ကျပ်-လက်လီဈေး(၄၀)ကျပ်ဖြစ်ပြီး စားသုံးသူအရောက်(၅၀)ကျပ်ဖြစ်ကာ ကျောင်းဖွင့်ရာသီဖြစ်၍ အဆင်ပြေနေကြောင်း၊ (၁)ရက်လျှင် ဇီးသီးယို(အစို) (၁၀၀၀)ထုပ်၊ အခြောက် (၂၅၀)ထုပ်နှင့် သံပုရာ (၂၅၀)ထုပ် ပြုလုပ်ရောင်းချလျှက်ိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 “နယူးစတား” ပေါင်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

              စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့သည်  ဇွန်လ ၉ ရက်နေ့ နေ့လည် ၁၃ နာရီအချိန်တွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ “နယူးစတား” ပေါင်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေး ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မုံရွာခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

              “နယူးစတား” ပေါင်မုန့်လုပ်ငန်းကို ၂၀၂၀ ခုနှစ်ကစတင်လုပ်ကိုင်ခဲ့ကြောင်း၊  ကုန်ကြမ်းများကို မြို့တွင်းမှဝယ်ယူကြောင်း၊ ဂျုံ (၂၅) ကီလိုဂရမ်  တစ်အိတ်လျှင် (၄၀၀၀၀ မှ ၅၀၀၀၀)ထိ၊ စားအုန်းဆီ တစ်ပိဿာမှ (၈၂၅၀) ကျပ်၊ ကြက်ဥ တစ်ပိဿာ (၄၀၀၀ မှ ၅၀၀၀)ထိနှင့်  သကြား(၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၆၅၅၀၀)ကျပ်များရှိကြောင်း၊   တစ်နေ့တွင် ဂျုံ (၂၅) ကီလိုဂရမ် နှစ်အိတ် နှင့် သကြား (၅၀) ကီလိုဂရမ် တစ်အိတ်ပြုလုပ်လျှင် ကုန်ချောမုန့်ထုပ် အထုပ် (၅၀၀၀ မှ ၆၀၀၀)ထိ ထုတ်လုပ်နိုင်ပြီး တစ်ထုပ်လျှင် လက္ကားဈေး (၈၅) ကျပ် ရှိကြောင်း ၊   မုန့်များကို  မုံရွာမြို့နယ် အတွင်းနှင့် ဘုတလင်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ မော်လိုက်မြို့နယ်၊ တမူးမြို့နယ်များသို့  ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂)ဦးတို့သည် ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ ဇွန်လ ၇ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။ 

          Bella Plus Plasterသည် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No.(IR) များ ဖော်ပြထားခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်တင်သွင်းရောင်းချနေသည့် ကုမ္ပဏီများ အနေဖြင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများကြုံတွေ့နေရ၍ ဥပဒေနှင့်အညီ စိစစ်အရေးယူရန် အကြောင်းကြားလာပါသဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသည့် Bella Plus Plasterအား ရောင်းချ မှုမရှိကြောင်း စိစစ်တွေ့ရှိရ၍  ခရိုင်ဦးစီးမှူးက ရောင်းချသည့်ဆေးဆိုင်ပိုင်ရှင်များအား တရားဝင် မှတ်ပုံတင်ထားသည့် လူသုံးကုန်နှင့် အိမ်သုံးဆေးဝါးများကိုသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး  ဆွေးနွေးပွဲပြုလုပ်

                 ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ သက်ဆိုင်ရာတိုင်း အဆင့်ဌာနဆိုင်ရာများ၊ ပုသိမ်ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၇.၆.၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ အခမ်းအနားတွင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးက မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်ပစ္စည်းများနှင့်အခြေခံစီးပွားရေးလုပ်ငန်းများရှိပြီး ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုအတွက်လည်း ကြိတ်ခွဲနေသောခေတ်မီဆန်စက်ကြီးများ၊ ဆီစက်များ၊ နိုင်ငံတကာအဆင့်မီငါးမွေးမြူရေးနှင့် နိုင်ငံတကာအဆင့်မီသားငါးထုတ်လုပ်သည့်စက်ရုံများ၊ အလုပ်ကိုင်အခွင့်လမ်းများ ဖန်တီးပေးပြီး အများစုအလုပ်အကိုင်ရရှိစေမည့် အထည်ချုပ် စက်ရုံများ၊ ဘိလပ်မြေစက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ မှန်စက်ရုံ၊ စက္ကူစက်ရုံများလည်း တည်ရှိနေပြီး ကဏ္ဍစုံမှ၎င်းတို့၏ စက်မှုထုတ်ကုန်များ၊ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့လုပ်ကိုင်နေသော လုပ်ငန်းများ၏ လက်ရှိအခြေအနေလိုအပ်သော အခက်အခဲများရှိပါက ဖြေရှင်းရမည့်အပိုင်းများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားရန် အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်၊၊

                ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်မှ ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြ၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသက်ပိုင်က ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းဦးစက် စက်ရုံအလုပ်ရုံများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပါသည်၊၊ဆက်လက်၍ တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များမှ တင်ပြဆွေးနွေးမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအခမ်းအနားကို နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိသော စားသုံးရန်မသင့်သည့် အေးခဲအသားချောင်းများ အဖွဲ့စုံဖြင့် သိမ်းဆည်း မီးရှို့ဖျက်ဆီး

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာ ရပ်/ကျေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၉-၆-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၀၀ )နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးရန်မသင့်သည့် အေးခဲအသားချောင်းထုပ်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/ မရှိကို ဘားအံမြို့ရှိ အမှတ်(၁) စံပြဈေးတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဈေးကွက်အတွင်း စားသုံးရန်မသင့်သည့် အေးခဲအသားချောင်းထုပ်များ ရောင်းချဖြန့်ဖြူးနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့ကြောင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်မေသူနွယ်က ရောင်းချနေလျက်ရှိသော  စားသုံးရန်မသင့်သည့် အေးခဲအသားချောင်းထုပ်များကို ထပ်မံရောင်းချခြင်း မပြုရန် ဝန်ခံကတိ လက်မှတ်ရေးထိုးစေခဲ့ပြီး ရှောင်တခင်စစ်ဆေးချိန်တွင် တွေ့ရှိခဲ့သည့် အသားချောင်းထုပ်များကို သိမ်းဆည်းခဲ့ပါသည်။ သိမ်းဆည်းရမိသော အေးခဲအသားချောင်းထုပ်များဖြစ်သည့် 7Star (ဘဲဥအတု)၊ Super Pork (ဝက်ဥချောင်း)၊ UF (BBQ Shrimp)၊  SV (ရေညှိအသားချောင်း)၊ Thai Star (အနီရောင်ဟော့ဒေါ့)၊ ကြက်ဖပုံ (အနီရောင်အသားချောင်း) စုစုပေါင်းအမျိုးအစား(၆)မျိုးကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးအတွင်းရှိ စွန့်ပစ်ပစ္စည်းများ ထားရှိသည့်နေရာတွင် စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

မြိတ်မြို့၊ မြရိပ်ညို(၁၁)လမ်းရှိ မြိတ်ဒိုးနပ် မုန့်တိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး မုန့်တိုက်အား ကွင်းဆင်း

           တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်   (၉.၆.၂၀၂၂) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင်မြိတ်မြို့၊ မြိတ်တက္ကသိုလ်အနောက်ဘက်၊ မြရိပ်ညို(၁၁)လမ်းရှိ မြိတ်ဒိုးနပ် မုန့်တိုက်သို့ သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်များအား ရှင်းလင်းပြောကြားပြီး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

          မုန့်တိုက်လုပ်ငန်းရှင်နှင့် မုန့်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အစားသောက်ထုတ်လုပ်ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ မဖြစ်မနေပါဝင်ရမည့် အချက်များအား မြန်မာဘာသာဖြင့်တိကျစွာဖော်ပြရန်၊  အစားအသောက်သန့်ရှင်းရေးကိုအဓိကထားဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို  အလေးထား၍ထုတ်လုပ်ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူရေးရာဦးစီးဌာနတွင် ငွေကြေးပေးဆောင်စရာမလိုဘဲ လာရောက်လျှောက်ထားနိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်တို့ကို ရှင်းလင်းပြောကြားခြင်းနှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

စားသုံးသူအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ကျောက်တော်မြို့နယ် ၊ မြို့နယ်တာဝန်ခံ ဦးလှမောင် (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်မာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၉-၆-၂၀၂၂)ရက်နေ့ နေ့လည်(၁၀:၀၀)ခန့်အချိန်တွင် ကျောက်တော်မြို့မဈေးအတွင်းသို့ သွားရောက်၍ ဈေးအတွင်းရောင်းချနေသော စားသောက်ကုန်/အလှကုန်ပစ္စည်းများအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးနှင့် ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/မရှိ ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးလှမောင် (ဦးစီးမှူး)မှ ဈေးဆိုင်ပိုင်ရှင်များအား ရောင်းချနေသောကုန်စည်များသည် ဝယ်ယူစားသုံးသူ မိဘပြည်သူများအား ဘေးဉပါဒ်မဖြစ်စေရန် အလွန်အရေးကြီးပါကြောင်း ဤကဲ့သို့ ဘေးဉပါဒ်မဖြစ်စေရေးအတွက် မိမိတို့နိုင်ငံမှ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိမှု ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်(သို့) မြန်မာဘာသာနှင့်အခြားဘာသာတွဲလျှက် ဖော်ပြထားသော ကုန်ပစ္စည်းများကို ဦးစားပေးရောင်းချရန်လိုအပ်ပါကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေအရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို  ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက် သက်မှတ်ချက်များနှင့်အညီ ဖော်ပြရန်လိုအပ်ပြီး မြန်မာဘာသာ(သို့) မြန်မာဘာသာနှင့်အခြားဘာသာတွဲလျှက် ဖော်ပြရမည့်ဖြစ်သည့်အတွက် ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဉပဒေပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေးပြောကြားပြီး ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

စီးပွားရေးတစ်ခု ရေရှည်ရပ်တည်နိုင်ရန် စားသုံးသူသာ အဓိက

            ဘောဂဗေဒသည်လူမှုရေးသိပ္ပံဘာသာရပ်တစ်ခုဖြစ်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် ဖြန့်ဖြူးမှုတို့ကို ဖော်ပြခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ပြုလုပ်သော ပညာရပ်ဖြစ်သည်။

        ကူးသန်းရောင်းဝယ်ခြင်း ဆိုသည်မှာ ကုန်ပစ္စည်းများကို လူပုဂ္ဂိုလ်တစ်ဦးမှ တစ်ဦးသို့ ရောင်းဝယ်၊ ကုန်သွယ်၊ ဖလှယ်ခြင်းဖြစ်ပါသည်။ ကူးသန်းရောင်းဝယ်ခြင်းအား လုပ်ဆောင်စေသည့်ကွန်ရက်ကိုမူ ဈေးကွက်ဟုခေါ်သည်။ ကူးသန်းရောင်းဝယ်မှု၏ မူလမှာ ပစ္စည်းများကို တိုက်ရိုက်အလဲအလှယ် ပေးယူခြင်းပင် ဖြစ်သည်။

          နိုင်ငံတကာကုန်သွယ်ရေးသည် ငွေကြေးအရင်းအနှီးများ၊ ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုများကို နိုင်ငံတကာနယ်နိမိတ်များ သို့မဟုတ် ပိုင်နက်များအား ဖြတ်သန်း၍ လဲလှယ်ဖလှယ်ကြခြင်း ဖြစ်ပါသည်။ များစွာသော နိုင်ငံတို့တွင် ၎င်းသည် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဘိုး၏ ထူးခြားထင်ရှားသည့် ဝေစုဟုဖေါ်ပြပါသည်။ 

         ဈေးကွက်ထိုးဖောက်ခြင်း ဆိုသည်မှာ ကုန်စည် ဝန်ဆောင်မှု့ကို ရောင်းချလိုသော ရည်ရွယ်ချက်ဖြင့် ထိုကုန်စည် ဝန်ဆောင်မှု့၏တန်ဖိုးကို ဝယ်ယူသူများထံသို့ ဆက်သွယ်ခြင်း လုပ်ငန်းစဉ် ဖြစ်သည်။ 

        စီးပွားရေး လုပ်ငန်းတစ်ခုအား စီမံအုပ်ချုပ်ရာတွင် စီးပွားရေးလုပ်ငန်း လည် ပတ်ခြင်း နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း တို့နှင့် ပတ်သက်သော အလုပ်ပြီး မြောက်စေမှုနှင့် စီမံခန့်ခွဲမှုတို့ ပါဝင်သည့် အပြင်လူနှင့် အခြားသော စွမ်းအားစုများကို စနစ်တကျ စုရုံးခြင်းဖြင့် တူညီသော ပန်းတိုင်နှင့် ရည်ရွယ်ချက်သို့ ရောက်ရှိစေရန် ညွှန်ကြားခြင်းလည်း ပါဝင်သည်။ ယေဘုယျအားဖြင့် စီမံအုပ်ချုပ်ခြင်းတွင် ကျယ်ပြန့်သော စီမံခန့်ခွဲမှုလုပ်ငန်းဆောင်တာများဖြစ်သော ဘဏ္ဍာရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် သတင်းအချက်အလက်စနစ် စီမံခန့်ခွဲမှုတို့လည်း ပါဝင်သည်။ အချို့သော လေ့လာသုံးသပ်သူများက စီမံခန့်ခွဲခြင်းအား စီမံအုပ်ချုပ်ရေး၏ တစိတ်တပိုင်းအဖြစ်သာ ရှုမြင်ကြပြီး အဖွဲ့အစည်းတစ်ခု၏ နည်းပညာနှင့် လုပ်ငန်းလည်ပတ်ရေး ကဏ္ဍနှင့်သာ သက်ဆိုင်သည်ဟု ရှုမြင်ကြကာ အုပ်ချုပ်ရေးနှင့် မဟာဗျူဟာမြောက် စီမံခြင်းတို့မပါဝင်ဟု သတ်မှတ်ကြပါသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် စီမံအုပ်ချုပ်ခြင်း ဆိုသည်မှာ လုပ်ရိုးလုပ်စဉ် ရုံးအလုပ်များကို ဗျူရိုကရေစီဆန်ဆန်နှင့် လုပ်ငန်းလည်ပတ်ရန် ဆောင်ရွက်ခြင်းသာ ဖြစ်ပြီး ရုံးတွင်းကိစ္စရပ်များကိုသာ ဦးတည်ကာ ဖြစ်ပေါ်လာသည့် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ခြင်းမျှသာဖြစ်ပြီး ကြိုတင်စီမံ တုံ့ပြန်ခြင်း မဟုတ်ပေ။

          စီးပွားရေး စီမံအုပ်ချုပ်သူများသည် စီးပွားရေးလုပ်ငန်းနှင့် ၎င်း၏လုပ်ငန်း လည်ပတ်မှုတို့ကို စောင့်ကြပ်ကြည့်ရှုကြသည်။ ၎င်းတို့၏ အလုပ်မှာ စီးပွားရေးလုပ်ငန်းအနေနှင့် ချမှတ်ထားသော ရည်မှန်းချက်ပန်းတိုင်များကို ပြည့်မှီစေရန်နှင့် ၎င်းတို့အား အသေအချာ ညှိနှိုင်းပေါင်းစည်းနိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် အတွက်ဖြစ်သည်။ ထိုနေရာတွင်ရှိသော သူ၏ လုပ်ငန်းဆောင်တာများမှာ ကျယ်ပြန့်၍ အမျိုးမျိုး ကွဲပြားပြီး အမြဲဆိုသလိုပင် လူမှန်နေရာမှန် ရွေးချယ်တတ်ရန်နှင့် ၎င်းတို့ကို စနစ်တကျ လေ့ကျင့် သင်ကြားပေးနိုင်ရန်၊ စီးပွားရေး လုပ်ငန်းအောင်မြင်မှုအတွက် အစီအစဉ်များ ရေး ဆွဲရန်နှင့် နေ့စဉ် လုပ်ငန်းလည်ပတ်မှုကို စောင့်ကြပ်ကြည့်ရှုရန် စသည်တို့လည်း ပါဝင်သည်။ အကယ်၍ အဖွဲ့အစည်းတစ်ရပ်လုံးအနေနှင့် ပြောင်းလဲမှု လိုအပ်ပါက ထိုနေရာအား ရယူထားသူက ဦးဆောင်ရလေ့ရှိသည်။ အချို့သော အခြေအနေများတွင် စီးပွားရေးလုပ်ငန်းကို ထူထောင်သူ သို့မဟုတ် ပိုင်ဆိုင်သူက စီမံအုပ်ချုပ်သူနေရာမှ အသုံးတော် ခံလေ့ ရှိသော်လည်း အဖွဲ့အစည်းတိုင်းတွင် မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ကုမ္ပဏီမှ အခြားသူတစ်ဦးတစ်ယောက်ကို ထိုနေရာအတွက် ခန့်ထားလေ့ ရှိကြသည်။

       "စီးပွားရေး စီမံအုပ်ချုပ်ရေးသမား" အနေဖြင့် ရာထူး ရယူထားသူသည် ကုမ္ပဏီ၏ မန်နေဂျာ တစ်ယောက်အနေနှင့် လုပ်ငန်း လုပ်ဆောင်သည့်အပြင် အခြားသော မန်နေဂျာများ၏ မန်နေဂျာ အဖြစ်လည်း ဆောင်ရွက်သည်။ ထိုသူသည် မန်နေဂျာ ရာထူးရယူထားသူများအနေနှင့် ကုမ္ပဏီ၏ ပေါ်လစီများကို လိုက်နာမှု ရှိမရှိနှင့် ကုမ္ပဏီ၏ ရည်မှန်းချက်ပန်းတိုင်သို့အလေအလွင့်နည်းပါးစွာဖြင့် ရောက်ရှိအောင် လုပ်ဆောင်ကြခြင်း ရှိမရှိ စသည်တို့ကို သေချာစေရန် စောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်သည်။ ဥပမာအားဖြင့် စီးပွားရေး စီမံအုပ်ချုပ်ရေးသမားများသည် လူ့စွမ်းအားအရင်း အမြစ်ဌာန၊ ကုန်ထုတ်လုပ်ငန်း ဌာန၊ ဘဏ္ဍာရေးဌာန နှင့် အခြားသော ဌာန များ၏ မန်နေဂျာများနှင့် အတူလုပ်ငန်းဆောင်ရွက်ပြီး ထိုသူတို့အနေနှင့် လုပ်ငန်းဆောင်တာများကို ကုမ္ပဏီ၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်စေရန် ကြီးကြပ်ပေးပါသည်။ ထို့ပြင်ကုမ္ပဏီ ပြင်ပရှိ စီးပွားရေး လုပ်ငန်းအတူတကွ ဆောင်ရွက်သူများနှင့် ပစ္စည်း ရောင်းချသူများနှင့်လည်း ဆက်သွယ်ဆောင်ရွက်ကြသည်။

       စီးပွားရေးလုပ်ငန်း ဆိုသည်မှာ စီးပွားရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်း နှင့် အခြားခွင့်ပြုထားသော လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကုမ္ပဏီအက် ဥပဒေ နှင့် အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ အမြဲဆို သလိုပင် စီးပွားရေးလုပ်ငန်းများသည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ရောင်းချရန် ဖွဲ့စည်းလေ့ ရှိကြသည်။ နိုင်ငံများစွာ၏ ဥပဒေအရ သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်း အမျိုးမျိုး အစားစား ရှိပါသည်။ ၎င်းတို့တွင် ကော်ပိုရေးရှင်းများ၊ သမဝါယမ လုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများ၊ တစ်ဦးတည်း ရောင်းဝယ်ဖောက်ကားသူများ၊ ပေးရန် အကန့် အသတ်ရှိသော ကုမ္ပဏီများ နှင့် အခြား သီးခြား ခွင့်ပြု၍ အမည်ပေးထားသော လုပ်ငန်းများ ပါဝင်ပါသည်။ ထိုသီးခြား ဥပဒေများသည် နိုင်ငံအလိုက်၊ ပြည်နယ်အလိုက်၊ ဒေသအလိုက် ကွဲပြားခြားနားကြပါသည်။

       စီးပွားရေးလုပ်ငန်းတစ်ခုတွင် လုပ်ငန်းသစ်ပဲဖြစ်နေပြီး. လည်ပတ်နေဆဲ သက်တမ်းကြာနေပြီဖြစ်သောလုပ်ငန်းမျိုးပဲဖြစ်ပါစေ.. ရှေ့ဆက်ရပ်တည်နိုင်ရန်Idea သစ် များအမြဲလိုအပ်လျက်ရှိပါသည်။တစ်ချို့လုပ်ငန်းများသည် လည်ပတ်နေရင်းပင် အသစ်လုပ်ဖို့ မေ့လျော့နေ တတ်ပါသည်။ ယင်းအချက်မှာခဏမှာမသိသာပေမယ့် ဆန်းသစ်မှုမလုပ်သည့့်အခါမှာ ရေရှည် ရပ်တည် ရန်ခက်ခဲလာမည်ဖြစ်ပါသည်။ အခုလို ပြောင်းလဲအရွေ့မြန်သည့်လုပ်ငန်းများ သည်လည်း ခေတ်နှင့် အညီဆန်း သစ်နိုင်ဖို့ လိုအပ်ပါသည်။

      မိမိလက်ရှိလုပ်ငန်းကို ယခင်နှင့်မတူဘဲ ထူးခြားမှုပြောင်းလဲမှု လုပ်ချင်ရင်ဖြစ်စေ၊ လုပ်ငန်းချဲ့ထွင်ချင်ရင်ဖြစ်စေ Idea ကပဲ စတင်ရပါသည်။ မိမိလုပ်ငန်းမှာ ဆန်းသစ်မှု ထူးခြားမှုတစ်ခုခုပြုလုပ်ချင်သည့်အခါမှာ တိုးတက်လာသည့် ခေတ်နှင့်အညီ စီးပွားရေးလုပ်ငန်းများက တသတ်မှတ်တည်း အမြဲလုပ်ဆောင် နေလို့မရနိုင်ပါ။ပြုပြင်ပြောင်း လဲမှုတွေလုပ်ဆောင်ရပါသည်။ ရွှေ့လျားမှုနှင့်အတူ ရေရှည်ရပ်တည်နိုင်ရန် လုပ်ဆောင်ရပါသည်။.

       မိမိလုပ်ငန်းဝင်ငွေပိုရစေဖို့ နှင့် ရေရှည်ရပ်တည်ဖို့အတွက်စီးပွားရေးတစ်ခု ရေရှည် ရပ်တည်နိုင်ရန်အတွက် Customer အရေးကြီးပါသည်။ ကားတစ်စီး မည်မျှပင် ကောင်းနေပါစေ ဓါတ်ဆီမရှိရင် ရှေ့ဆက်သွားလို့မရပါဘူး ၎င်းဥပမာအတိုင်းပင် customer မရှိရင် ၀င်ငွေမရှိရင်ရေရှည်မှာလဲပြိုနိုင်ပါသည်။ လုပ်ငန်းရပ် တန့်သွားနိုင်ပါသည်။စီးပွားရေးလုပ်ငန်းတွေ၏အဓိက အချက်မှာမိမိတို့၏ ၀ယ်သူများကို ရေရှည် ထိန်းထားနိုင်ဖို့နှင့် Customer အသစ်ရှာဖွေရမှာပါက လုပ်ငန်းရှင်တွေနှင့် သူ့ရဲ့Team ကိုယ်တိုင်တို့ပင်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News