Main menu

HighLight News

Powered by Drupal

မင်းဘူးမြို့၏ အိမ်သုံးဆေးဝါးဈေးနှုန်းအခြေအနေ

            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်ရှိ အိမ်သုံးဆေးဆိုင်များတွင် စားသုံးသူပြည်သူများအတွက် လိုအပ်လျက်ရှိသော အိမ်သုံးဆေးပစ္စည်းများကို ရောင်းချပေးလျက် ရှိပါသည်။

            ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော အိမ်သုံး ဆေးဝါးဈေးနှုန်းများမှာ sanovit အားဆေး(၁)ကတ်လျှင် ကျပ်(၁၉၅၀)၊ Calcium Magesium အရိုးဆေး(၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၆၀၀)၊ Tensar 80 သွေးကျဆေး (၁)ကတ်လျှင် ကျပ်(၁၇၀၀)၊ Enervon-C (ကြီး) အားဆေး(၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၆၀၀၀)၊ Decolgen (ဆေးပြား) (၁၀)ပါ (၁)ကတ်လျှင် ကျပ်(၂၅၀၀)၊ Decolgen (ဆေးတောင့်) (၁၀)ပါ (၁)ကတ်လျှင် ကျပ်(၂၅၀၀)၊ Aspilet (ရိုးရိုး) သွေးကျဲဆေး(၁)ကတ်လျှင် ကျပ်(၁၈၀၀)၊ Amlong 5 သွေးကျဆေး (၁၀)ကတ်ပါ (၁)ဘူးလျှင် ကျပ်(၄၉၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက sanovit အားဆေး(၁)ကတ်လျှင် ကျပ်(၅၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကျန်ဆေးဈေးနှုန်း များမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနများနှင့်ပူးပေါင်း၍ (၁၈.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ချောက်မြို့၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ချောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက “ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသောပစ္စည်းများ ရွေးချယ်ဝယ်ယူတတန်စေရန်နှင့် Online လိမ်လည်မှုဆိုးကျိုး များအကြောင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်း စရာများ” ကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး  အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

           ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ကျောင်းအတွင်း ရောင်းချနေသော မုန့်စျေးတန်းရှိမုန့်ဆိုင်များအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့ပေါ်ရှိ ကိတ်မျိုးစုံ၊ ပေါင်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၈.၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ မောင်းတိုင်(၁)ရပ်ကွက်ရှိ “နေလ” ကိတ်မုန့်နှင့် ပေါင်မုန့်ထုတ်လုပ်သည့် လုပ်ငန်းသို့သွားရောက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ညွှန်ကြားချက်များနှင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြစေရေး  အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်အနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရာတွင် စီးပွားရေးလုပ်ငန်းရှင်များသိရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်အညွှန်းအမှတ် အသားဆိုင်ရာပြဌာန်းချက်များနှင့် ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အသိပညာ‌ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်ကြီးမြို့၊ ရွှေအိုး(၂)ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၉.၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တောင်းတွင်ကြီးမြို့၊ ရွှေအိုး(၂)ရပ်ကွက်၌ ဘူးသွပ်ဆီများ ရောင်းချလျက်ရှိသည့်ဆီဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိ/မရှိ  သက်ဆိုင်ရာ(FDA)ထောက်ခံချက်ပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ဘူးသွပ်ဆီများ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် စပ်လျဉ်း၍  စားသုံးသူကာကွယ်ရေးဥပဒေဖြင့် ကိုက်ညီမှုရှိကြောင်းနှင့် သက်ဆိုင်ရာ(FDA) ထောက်ခံချက်များလည်း ပြည့်စုံစွာပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာ (၈)ချက်အားလည်းကောင်း၊ အခန်း(၁၀)၊ ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့်  အချက်(၁၁)ချက်အားလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၌ စားသုံးသူရေးရာအသိပညာပေး(Talk Show)ကျင်းပ

           မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူရေးရာ အသိပညာပေး (Talk Show) ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ စားသုံးသူရေးရာအသိပညာပေး (Talk Show)တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများအားသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကိုဆောင်ရွက်ပါက မှတ်ပုံတင်လက်မှတ်လျှောက်ထားရယူရမည့်လုပ်ငန်းနှင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များစစ်ဆေးမှု၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မရှိဘဲ Online Shopping ရောင်းချသူများအား အရေးယူဆောင်ရွက်မှုများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးချက်များအပေါ် ချောက်မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ရှိရွှေမြင့်မော် မုန့်မျိုးစုံလုပ်ငန်းသို့ကွင်းဆင်းလေ့လာခြင်း

           စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ် ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အား ဆောင်ရွက်လျှက်ရှိရာ ပြည်တွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်းရှိ MSMEs လုပ်ငန်းရှင်များထံ ကွင်းဆင်း သွားရောက် တွေ့ဆုံပြီး လုပ်ငန်းရှင်၏ ကြုံတွေ့နေရသည့် အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့် ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုများအား တွေ့ဆုံမေးမြန်းကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မကွေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ကင်းရပ်ကွက်ရှိ “ရွှေမြင့်မော်” မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်တွေ့ဆုံပြီး နေ့စဉ်ကုန်ကြမ်းသုံးစွဲမှု၊ ထုတ်လုပ်မှု၊ စျေးနှုန်းစျေးကွက်အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

          “ရွှေမြင့်မော်” မုန့်လုပ်ငန်းမှ ကိတ်ခြောက်၊ ပေါင်မုန့်ခြောက်၊ ပေါင်မုန့်ရှည်၊ နို့စိမ်းကိတ်နှင့် ပဲဒါးလှီးမုန့်များ ထုတ်လုပ်လျက်ရှိရာ (၁)ရက်လျှင် ကုန်ကြမ်းဂျုံ (၃၅၀)ပိဿာနှင့် စားအုန်းဆီ (၁၅၀) ပိဿာခန့် သုံးစွဲရကြောင်း၊ ထွက်ရှိလာသော ကုန်ချောကိတ်ခြောက် (၁၆)ချပ်ပါ (၁)ထုပ် လျှင် ကျပ်(၃၀၀၀)၊ ပေါင်မုန့်ခြောက် (၁)ထုပ်လျှင် ကျပ်(၃၈၀၀)၊ ပေါင်မုန့်ရှည်(၁)ထုပ်လျှင် ကျပ် (၂၀၀၀)၊ ပဲဒါးလှီး(၄)ခုပါ (၁)ထုပ်လျှင် ကျပ်(၁၈၀၀)နှင့် နို့စိမ်းကိတ်(၁)ထုပ်လျှင် ကျပ်(၂၈၀၀) နှုန်းတို့ဖြင့် မကွေးမြို့နယ်အတွင်းသာမက မင်းဘူးမြို့၊ မင်းလှမြို့၊ နတ်မောက်မြို့၊ တောင်တွင်း ကြီးမြို့၊ ကျောက်ပန်းတောင်းမြို့နှင့် ချောက်မြို့များအထိ ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း၊ ဝန်ထမ်း အင်အားအနေဖြင့် အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၈)ဦးရှိပြီး အမျိုးသားဝန်ထမ်း (၁)ဦးလျှင် ကျပ်(၂၀၀၀၀၀-၂၅၀၀၀၀)၊ အမျိုးသမီးဝန်ထမ်း(၁)ဦးလျှင် ကျပ်(၁၈၀၀၀၀-၂၀၀၀၀၀)  လစာပေး ချေရပြီး လုပ်ငန်းအတွက် အဓိကလိုအပ်သော စားအုန်းဆီများအား စားသုံးသူရေးရာ ဦးစီးဌာန၏ ကူညီချိတ်ဆက် ဆောင်ရွက်ပေးမှုကြောင့် လစဉ်ခွဲတမ်းဝယ်ယူရရှိနေ၍ လုပ်ငန်းအဆက်မပြတ် လုပ်ကိုင်နေရကာ လုပ်ငန်းရှင်သာမက လုပ်ငန်းတွင် မှီခိုလုပ်ကိုင်နေသော ဝန်ထမ်းများပါ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

ရေနံချောင်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(လှည်းတန်း)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံသည်(၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရေနံချောင်းမြို့နယ်၊ အိုးဘိုရပ်ကွက်ရှိ အခြေခံပညာမူလတန်း ကျောင်း(လှည်းတန်း)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

          ရေနံချောင်းမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပုဒ်မ(၄၁)အရ ကုန်စည် တစ်ခုတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့် ပါဝင်ရမည့် အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းက ကလေးအလုပ်သမားပပျောက်ရေးအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းက ရာသီတုတ်ကွေးအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရေနံချောင်းမြို့မဈေးအတွင်း စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံသည် (၁၈.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၄၅)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ရေနံချောင်းမြို့မစျေးအတွင်း ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင် များတွင် သတ်မှတ်ရည်ညွှန်းစျေးထက်ကျော်လွန်၍ စျေးနှုန်းကြီးမြင့်ရောင်းချခြင်းရှိ/မရှိနှင့် ဘူးသွပ် ဆီများတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDAထောက်ခံချက်ပါရှိခြင်းရှိ/မရှိတို့အား စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ဈေးနှုန်းကြီးမြင့် ရောင်းချခြင်းမရှိကြောင်း၊ ဘူးသွပ်ဆီများများတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံ ချက်ပါရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်းအရာ (၈)ချက်အားလည်းကောင်း၊ အခန်း(၁၀)၊ ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့်  အချက်(၁၁)ချက်အားလည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်ရှိ အငယ်စားမုန့်လုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဝန်ထမ်းများသည် (၂၀.၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်ရှိ MSMEs လုပ်ငန်းများမှ ကောင်းဦးထက် မုန့်လုပ်ငန်းသို့သွားရောက်၍  လုပ်ငန်းလည်ပတ်မှု၊ ကုန်ကြမ်း ဝယ်ယူရရှိမှု၊ ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ဈေးကွက်ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

             ၂၀၁၉ခုနှစ်တွင် ပေါင်မုန့်ဖုတ်စက် (၁)လုံး၊ ကိတ်မုန့်ဖုတ်စက်(၁)လုံးဖြင့် လုပ်ငန်းစတင် လည်ပတ်ခဲ့ပြီး အရင်းအနှီးအနေဖြင့် ကျပ်သိန်း(၅၀)ခန့်ကုန်ကျကြောင်း သိရသည်။  ယခုအချိန်တွင် လုပ်ငန်းမှာအောင်မြင်ဖြစ်ထွန်းလာသောကြောင့် ပေါင်မုန့်ဖုတ်စက်(၂)လုံး၊ ဓါးလှီးစက်(၁)လုံး၊ ပါကင် ပိတ်စက်(၁)လုံးတို့ဖြင့် တိုးချဲ့လုပ်ကိုင်လည်ပတ် လျက်ရှိပါသည်။ ပေါင်မုန့်ပြုလုပ်ရာတွင် လိုအပ် သောကုန်ကြမ်းများဖြစ်သည့် ဂျုံ၊ နို့မှုန့်၊ သကြား နှင့်ပွဆေးတို့ကို  မန္တလေးမြို့မှအဓိကဝယ်ယူ ကြောင်း၊ လုပ်သားအင်အားမှာ (၁၃)ဦးရှိပြီး  တစ်ဦးလျှင် တစ်ရက်လုပ်အားခ ကျပ်(၈၀၀၀-၁၀၀၀၀) ခန့်ပေးရကြောင်း၊ တစ်ရက်လျှင်  ဂျုံ(၂၅)ပိဿာပါ (၅)အိတ်ခန့်ကုန်ကျပြီး ပေါင်မုန့်အလုံးရေ (၇၅၀၀)ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ပေါင်မုန့်ပြုလုပ်ရာတွင်  ဂျုံ(၅)အိတ်လျှင် သကြား(၃)အိတ်နှင့် အခြားပါဝင်ပစ္စည်းများ အချိုးအစားညီမျှအောင်ထည့်၍ သမအောင်မွှေရပြီး ရရှိလာသောမုန့်အနှစ် များကို (၄၀)ဂရမ်မုန့်အလုံးများဖြစ်အောင် ပိုင်းဖြတ်ကြောင်း၊ ထို့နောက် ၎င်းမုန့်လုံးများကို ဗန်းထဲ ထည့်၍ မုန့်ဖုတ်စက်အတွင်းထည့်ကာ မီးအပူချိန်ညှိ၍ မုန့်ဖုတ်ကြောင်း၊ ထွက်ရှိလာသောပေါင်မုန့် များအား ဓါးခွဲစက်ထဲသို့ထည့်ပြီး နှစ်ခြမ်းခွဲ၍ အသင့်ပြုလုပ်ထားသော ရွှေကြည်အနှစ်အား အစာသွပ်ပြီးပါကင်ထုတ်ပိုးကြောင်း၊ ပါကင်ထုတ်ပြီးသော ပေါင်မုန့်ထုပ်များအား (၁၀)ထုပ်ပါ အထုပ် ကြီးတစ်ထုပ်လျှင် လက်ကားဈေး ကျပ်(၄၅၀၀)ဖြင့် မကွေးမြို့နှင့် အောင်လံမြို့ပေါ်ရှိ လက်ကား ဆိုင်များသို့အဓိကတင်ပို့ပြီး ၎င်းဆိုင်များမှတဆင့်  အခြားမြို့နယ်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။  ကုန်ကျစရိတ်အနေဖြင့် တစ်ရက်လျှင် ကျပ်(၂၇)သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ် အနေဖြင့် တစ်ရက်လုပ်အားခနှုတ်ပြီး ကျပ်(၅၇၁၀၀၀) ခန့်ရရှိကာ ကျောင်းဖွင့်ရာသီနှင့်သီးနှံပေါ်ချိန် များတွင် ပေါင်မုန့်မှာ အရောင်းပို၍သွက်လျက်ရှိပြီး လုပ်ငန်းအတွက်အဓိကလိုအပ်သော လုပ်ငန်းသုံး ဆီ(စားအုန်းဆီ)များအား စားသုံးသူရေးရာဦးစီးဌာနမှ ကူညီချိတ်ဆက်ဆောင်ရွက်ပေးမှုကြောင့် လုပ်ငန်းမှာ စဉ်ဆက်မပြတ်လုပ်ကိုင်နေရ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရွှေကယားသောက်ရေသန့်စက်ရုံ၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ( ၂၁ ) ရက်နေ့၊ နေ့လယ်( ၁၂:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း( ၂ )ဦးသည် လွိုင်ကော်မြို့၊  ရွှေကယားသောက်ရေသန့်စက်ရုံရှိ ဝန်ထမ်း စုစုပေါင်း( ၁၅ )ဦးကို  စားသုံးသူအကာ အကွယ်ပေးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူး ဦးကျော်ဇင်ထွေးမှ စားသုံး သူကာကွယ်ရေးဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးရာတွင် စားသုံးသူ၏အခွင့်အရေးနှင့် လိုက်နာ ရမည့်တာဝန်များ၊ လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စား သုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT၊ Ooredoo၊ Telenor၊ Mytel ဆင်းကဒ်များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်း နိုင်ပါကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - HighLight News