Main menu

HighLight News

Powered by Drupal

အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပေးရန်စီစဉ်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသအလိုက် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အညီ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးနှင့် ချိတ်ဆက်နိုင်မည့် ပညာပေး အစီအစဉ်များ ဖော်ဆောင်ရန်၊ အလုပ်လက်မဲ့နှင့် ကျပန်းလုပ်သားများအနေဖြင့် အလုပ်အကိုင် အတည်တကျရရှိခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီဥက္ကဌ တိုင်းဒေသကြီး သယံဇာတဝန်ကြီး ဦးတင်သန်းဝင်း ဦးစီးပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ၈ ရက်နေ့က ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လုပ်ငန်းခွင် လုပ်သားခန့်ထားနိုင်မည့် အလုပ်ရုံများ လုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပေးကာ လိုအပ်သည့် အတတ်ပညာသင်တန်းများပို့ချပေးရန် ဆွေးနွေးခဲ့ကြကြောင်း သင်တန်း ဆင်းပြီးနောက် လုပ်သားအဖြစ်လုပ်ကိုင်မည့်သူများအတွက် အလုပ်ရုံနှင့် ချိတ်ဆက်ပေးကာ ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူများအတွက်လည်း နိုင်ငံတော်မှထုတ်ချေးပေး လျက်ရှိသော ချေးငွေအမျိုးအစားများနှင့် ချိတ်ဆက်ပေးနိုင်ရေးဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့က ပူးပေါင်း၍ (၆)လ ဘဏ္ဍာနှစ် အတွင်း သင်တန်းအမျိုးအစား(၄)မျိုးဖွင့်လှစ်ပေးရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။ ဆက်လက်၍ ကော်မတီအဖွဲ့ဝင် အဖြစ်ပါဝင်သည့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်အဖွဲ့သည် ပထမဆုံးဖွင့်လှစ်မည့် မုန့်မျိုးစုံထုတ်လုပ်နည်း သင်တန်းအတွက် စစ်ကိုင်းတိုင်းဒေသကြီး မုန့်လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများနှင့် နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ဆုံကာ သင်တန်းဖွင့်လှစ်ပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ပေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေခြင်းတို့ဖြင့် ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
စစ်ကိုင်းတိုင်းဒေသကြီး

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးစပါးများစတင်ထွက်ပေါ်

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးစပါးများ စတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးစပါးစိုက်ဧက (၃၈၂၆၀၉) စိုက်ပျိုးနိုင်ခဲ့ပြီး ရွှေတောင်မြို့တွင် (၅၈၁၆၂) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။
(၉ . ၁၁ . ၂၀၂၁) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ရွှေတောင်မြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် မင်းကွန်းအုပ်စု ၊ မင်းကွန်း ကျေးရွာရှိ ကွင်းအမှတ် - B.43 ရှိ မှော်ဘီစပါး (၁၀) ဧက စိုက်ပျိုးသော တောင်သူ ဦးအောင်ဇော်မိုး ၏ လယ်သို့ ကွင်းဆင်းရာ စပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် (၆၅)တင်း ထွက်ရှိကြောင်း၊ စက်အရောက် စျေးမှာ (၄၆) ပေါင် တင်း (၁၀၀) လျှင် (၅၈၀၀၀၀) ကျပ်စျေးဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
စပါးစျေးနှုန်းများအနေဖြင့် ယခင်နှစ် မိုးစပါးပေါ်စတွင် (၄၆)ပေါင် တင်း (၁၀၀)လျှင် (၅၆၀၀၀၀) ကျပ်စျေးရှိပြီး ယခုနှစ်တွင် (၅၈၀၀၀၀) ကျပ်စျေးရှိ၍ ယခင်နှစ်ထက် စျေးပိုမိုရရှိသော်လည်း ယခုနှစ် အနေဖြင့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာစျေးနှုန်းများ မြင့်လာခြင်း၊ စက်သုံးဆီ ၊ ဒီဇယ်ဆီ ၊ ဓာတ်ဆီစျေး မြင့်တက်ခြင်း ၊ စပါးရိတ်သိမ်းခြွေလှေ့ခများ ကြီးမြင့်လာခြင်းတို့ကြောင့် ယခုထက်ပိုမို၍ စျေးကောင်းပိုမိုရရှိနိုင်ရေး မျှော်လင့်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပန်းတောင်းမြို့နယ်တွင် မိုးပဲတီစိမ်းများစတင်ထွက်ပေါ်

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်တွင် ပဲတီစိမ်းများစတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ပဲတီစိမ်းစိုက်ဧကမှာ (၅၉၉၅) စိုက်ပျိုးနိုင်ခဲ့ပြီး ပန်းတောင်းမြို့အနေဖြင့် (၁၈၀၂) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပန်းတောင်း မြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် (၉ . ၁၁ .၂၀၂၁ ) ရက်နေ့တွင် ဒေါင်းမြတ်နားအုပ်စု ၊ ‌ဒေါင်းမြတ်နား ကျေးရွာရှိ ပဲတီစိမ်း စိုက်ဧက (၃.၅) ဧက စိုက်ပျိုးသော တောင်သူ ဦးခင်မောင်ဌေး၏ လယ်သို့ ကွင်းဆင်းရာတွင် ပဲတီစိမ်း ထွက်ရှိမှု အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် (၉-၁၀) တင်းထွက်ရှိပြီး စုစုပေါင်းအထက်မှာ ၃၁ တင်းမှ ၃၅ တင်းကြား ထွက်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးသော ပဲတီစိမ်းမျိုးမှာ ကျောက်စိမ်းမျိုးဖြစ်ပြီး မျိုးတစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ရကြောင်း သိရှိရပါသည်။
စျေးနှုန်းများအနေဖြင့် ယခုအချိန်ထွက်ရှိသော မိုးပဲတီစိမ်းစျေးနှုန်းမှာ တစ်တင်းလျှင် (၄၃၀၀၀)ကျပ်ဖြစ်ပြီး ယခင်နှစ်တွင်လည်း တစ်တင်းလျှင် (၄၃၀၀၀) ကျပ်စျေးဖြင့် စျေးနှုန်းတူနေကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်အတိုင်း စျေးတူသော်လည်း ယခုနှစ်အနေဖြင့် သွင်းအားစုများ ဖြစ်သည့် ပိုးသတ်ဆေး ၊ အပင်အားဆေးများ စျေးနှုန်းမြင့်တက်မှုကြောင့် ယခုထက်ပိုမို၍ စျေးကောင်းရရှိနိုင်ရေး ပဲစိုက်တောင်သူများမျှော်လင့်လျှက်ရှိပါကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

စားသုံးဆီ တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးဆီ တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ စားသုံးဆီတင်သွင်း သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူတစ်ဦးချင်းဆီစားသုံးမှုမြင့်မားလျက် ရှိသည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်ဆီစားသုံးမှုပုံစံ ပြောင်းလဲကျင့်သုံးရန် လိုအပ်လျက်ရှိပြီး တစ်ဖက်တွင်လည်း ပြည်တွင်း၌ ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်၍ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်သွား ရမှာ ဖြစ်ကြောင်း၊ သို့မှသာ ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျော့ချဆောင်ရွက်သွားနိုင်မှာ ဖြစ်ကြောင်း၊ ကုမ္ပဏီအလိုက် တင်သွင်းရမည့်ပမာဏ လျာထားသတ်မှတ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကို ဝန်ကြီးဌာနမှ ချမှတ်ပေးသည့်မူဘောင်အတွင်းမှ ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ စားသုံးဆီများကို အရည်အသွေးဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ တင်သွင်းပြီး ဈေးကွက်၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချရေးကို စားသုံးဆီ တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီနှင့် Supply Chain တစ်လျှောက်ရှိ သက်ဆိုင်ရာ Stakeholder များအားလုံးမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် စားသုံးဆီ တင်သွင်း သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များက စားသုံးဆီ တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက် သင့်သည့် အစီအမံများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြခဲ့ကြပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စားသုံးဆီ တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်လျှောက် အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့သူများအားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ စားသုံးသူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စားသုံးဆီ တင်သွင်းမှုကို နှစ်အလိုက် လျော့ချခြင်း၊ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုကို အားပေး မြှင့်တင်ခြင်း၊ အရည်အသွေးပိုင်းဆိုင်ရာကိစ္စရပ်များကို စနစ်တကျထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ခြင်း၊ Consumer Pack ဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဦးစားပေး ဆောင်ရွက် ခြင်းအားဖြင့် ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီစားသုံးမှု အလေ့အကျင့်ကောင်း များ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန

EU နိုင်ငံများသို့ Bean Sprouting အတွက် မြန်မာပဲများတင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေး

နေပြည်တော်၊ (၁၀-၁၁-၂၀၂၁)
၂၀၂၂ ခုနှစ် ပဲရာသီတွင် EU သို့ ပဲတီစိမ်းများ တင်ပို့နိုင်ရေးအတွက် တင်ပို့လိုသည့် အဆိုပြု ကုမ္ပဏီများ ဖိတ်ခေါ်ခြင်း၊ တောင်သူပညာပေး သင်တန်းများ ပို့ချခြင်း၊ Farm၊ Collector နှင့် Processor စစ်ဆေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာပဲများတင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ၁၀-၁၁-၂၀၂၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စားသုံးသူ‌ရေးရာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန် ရှိသူများ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) မှ အုပ်ချုပ်မှုဒါရိုက်တာ၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် EU နိုင်ငံများသို့ Bean Sprouting အတွက် မြန်မာပဲများတင်ပို့နိုင်ရေး လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် EU သို့ Bean Sprouting အတွက် မြန်မာပဲများတင်ပို့နိုင်ရေးကို ၂၀၁၄ ခုနှစ်မှစတင်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာပဲများ တင်ပို့ရာတွင် EUနိုင်ငံမှ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ဥပဒေသတ်မှတ်ချက်များနှင့်ကိုက်ညီစွာ စိုက်ပျိုးထုတ်လုပ်တင်ပို့သွားနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံပဲ မျိုးစုံနှင့်နှမ်းကုန်သည်များအသင်းတို့ ပူးပေါင်း၍ ပဲစိုက်ပျိုးတောင်သူများ၊ Collerctor များနှင့် Inspector များအား နှစ်စဉ်သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ Processor စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း‌ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ EUသို့ Bean Sprouting အတွက် ပဲတီစိမ်းများကို နှစ်စဉ်တင်ပို့လျက် ရှိရာ ၂၀၁၅ ခုနှစ်မှ စတင်၍ ၂၀၂၁ ခုနှစ် အထိ စုစုပေါင်းတန်ချိန် (၅၅၇၁၄) တန် တင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါ ကြောင်းနှင့် ယခုလာမည့် ၂၀၂၂ ခုနှစ် ပဲရာသီတွင် EU သို့ Bean Sprouting အတွက် ပဲတီစိမ်း တင်ပို့ရာ၌ တိုးမြှင့်တင်ပို့သွားနိုင်‌ရေးအတွက် EU သို့ ပဲတီစိမ်းတင်ပို့လိုသည့် ကုမ္ပဏီများအား ဖိတ်ခေါ် ဆောင်ရွက် ခြင်း၊ ပဲတီစိမ်းစိုက်ပျိုး တောင်သူများအား GAP & GHP နည်းစနစ်များအတိုင်း စိုက်ပျိုးစေရန် နည်းပညာ ပေးသင်တန်းများပို့ချခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Farm၊ Collector နှင့် Processor စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များ သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင် ရာဌာနများနှင့်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အဆိုပြုကုမ္ပဏီများမှ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးက EU နိုင်ငံများ သို့ Bean Sprouting အတွက် မြန်မာပဲများတင်ပို့နေမှုအခြေအနေများ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာက ယခင်နှစ် မြန်မာ ပဲများတင်ပို့နိုင်ရန် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက EU နိုင်ငံများသို့ Bean Sprouting အတွက် မြန်မာပဲများ တင်ပို့နိုင်ရေး Phytosanitary Certificate ထုတ်ပေးမှုအခြေအနေများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ဦးစီးမှူးနှင့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးတို့က တောင်သူပညာပေး သင်တန်းပို့ချပေးနိုင်မည့် အခြေအနေ၊ တောင်သူစိုက်ကွင်း၊ အဝယ်ဒိုင်များစစ်ဆေးမည့် အခြေအနေများ နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးတို့က တောင်သူပညာပေးသင်တန်း ပို့ချနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်း ဆွေး နွေးပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဦးစီးဌာနများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိ သူများ၊ အဆိုပြု ကုမ္ပဏီများမှ တာဝန်ရှိသူများက ၂၀၂၂ ခုနှစ် ပဲရာသီတွင် EU သို့ ပဲတီစိမ်းများ တင်ပို့နိုင် ရေးအတွက် တင်ပို့လိုသည့် အဆိုပြုကုမ္ပဏီများဖိတ်ခေါ်ခြင်း၊ တောင်သူပညာပေးသင်တန်းများ ပို့ချခြင်း၊ Farm၊ Collector နှင့် Processor စစ်ဆေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန

ပြည်ပမှတင်သွင်းသော စားအုန်းဆီ(Palm Olein Oil) အရည်အသွေး သတ်မှတ်ချက် များထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား Virtual Meeting ကျင်းပ

၅.၁၁.၂၀၂၁ ရက်နေ့၊ နေ့လယ် (၀၂:၀၀) နာရီတွင် ပြည်ပမှတင်သွင်းသော စားအုန်းဆီ (Palm Olein Oil) အရည်အသွေးသတ်မှတ်ချက်များထုတ်ပြန်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ Virtual Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာကုန်ပစ္စည်းစစ်‌ဆေးရေးနှင့်စမ်းသပ်မှု လုပ်ငန်းလီမိတက်(MITS)၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန် ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် စားသုံးဆီသုံးစွဲမှုအနေ နှင့် တစ်နှစ်ကို တန်ချိန် ၁၂ သိန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်နိုင်မှု တန်ချိန် ၃ သိန်း ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ စားအုန်းဆီများကိုပြည်ပမှအများဆုံးတင်သွင်းလျက် ရှိရာ ရာခိုင်နှုန်းအားဖြင့် စုစုပေါင်း စားသုံးဆီတင်သွင်းမှု၏ ၉၅.၄၆၈ ရာခိုင်နှုန်းခန့်ရှိ ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချနိုင်ရေး၊ စားသုံးသူများ အရည်အသွေးပြည့်ဝသော စားသုံးဆီများဝယ်ယူ စားသုံးနိုင်ရေးနှင့် စားအုန်းဆီအရည်အသွေး သတ်မှတ်ချက်များအား ခေတ်နှင့်အညီ သတ်မှတ်နိုင်ရေးတို့အတွက် ပြည်ပမှတင်သွင်းသော စားအုန်းဆီ (Palm Olein Oil) အရည်အသွေးသတ်မှတ်ချက်အမိန့်ထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက စားအုန်းဆီအရည်အသွေး သတ်မှတ်ချက် (မူကြမ်း) အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပြီး အစည်းအဝေးအား နေ့လယ် ၁၅:၄၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ကောက်စောစပါးများ စတင်ထွက်ပေါ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ကောက်စောစပါးများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ယခုနှစ်တွင် မိုးစပါးစိုက်ဧကမှာ (၃၈၂၆၀၉)ဧက စိုက်ပျိုးပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ပျမ်းမျှ တင်း(၇၀)ခန့်ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ပျမ်းမျှအထွက်တင်းအနေဖြင့် (၂၆၈၁၄၉၆၇)တင်း ထွက်ရှိနိုင်ပြီး စားသုံးပိုလျှံမှုအနေဖြင့် ပြည်ခရိုင်တွင် လူဦးရေ(၉၄၈၇၄၆)ဦးရှိပြီး လူတစ်ဦးလျှင် တစ်နှစ် ပျမ်းမျှစားသုံးနှုန်းမှာ (၁၅)တင်းနှင့် မျိုး၊ အလေအလွင့်ထပ်နှုတ်ပါက စပါးတင်းပေါင်း (၁၁၀၁၄၁၁၀) တင်းခန့်ပိုလျှံနိုင်မည်ဖြစ်ပါသည်။
ပြည်ဈေးကွက်သို့ အနီးပတ်ဝန်းကျင်ဒေသများဖြစ်ကြသော ဇီးကုန်း၊ နတ်တလင်း၊မြန်အောင် နှင့် ကြံခင်းဘက်မှလည်း မိုးစပါးများ လာရောက်ရောင်းချကြလို့ နေ့စဉ် အရောင်းအဝယ်ဖြစ်လျှက် ရှိ ပါသည်။ စပါးဈေးနှုန်းများမှာ အစိုဓါတ် (၂၀%) မှ (၂၅%)ကြားရှိ ပေါင်(၅၀)ဝင် တင်း(၁၀၀)လျှင် စပါး အရည်အသွေးပေါ်မူတည်၍ (၆၀၀၀၀၀)ကျပ်ဈေးအထိ ဈေးဖွင့်ဝယ်ယူလျှက်ရှိပါသည်။ ဆန်ဈေး အနေဖြင့် ယခုထွက်ပေါ်သည့် ကြိတ်သစ်ဆန် (၂၅%)မှတ် (Well-Milled) (၁၀၈)ပေါင် တစ်အိတ်လျှင် (၂၄၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။ ဆန်ကွဲဈေးမှာ (2,3,4) တစ်အိတ်လျှင် (၂၀၀၀၀)ကျပ်၊ ဆန်ကွဲ (A 1,2 – Sorted ) တစ်အိတ်လျှင် (၂၄၀၀၀)ကျပ်ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်တင်ပို့သည့်လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးဆိုင်ရာ အချက်အလက်များ

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အစားအစာတင်ပို့မည့်/တင်ပို့လျက်ရှိသည့် လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၌ မှတ်ပုံတင်နိုင်ရေးဆိုင်ရာ အချက်အလက်များအား တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ သွင်းကုန်နှင့် ပို့ကုန်အစားအစာဘေးကင်းလုံခြုံရေးဗျူရိုမှ မြန်မာသံရုံး၊ ပေးကျင်းမြို့သို့ ပေးပို့လာသည့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်တင်ပို့သည့်လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးဆိုင်ရာ အချက်အလက်များ”အား အောက်ပါအတိုင်း လေ့လာနိုင်ပါသည်-

ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချသည့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်

      ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချသည့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ပြည့်စုံစွာဖော်ပြပါရှိစေရန်ရည်ရွယ်၍ ၁၇.၉.၂၀၂၁ ရက်နေ့၊ နံနက် ၁၁: ၀၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သနပ်ပင်မြို့နယ်ရုံး၌ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ သနပ်ပင်မြို့နယ်တာဝန်ခံမှ ဦးစီး၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ Talk Show တွင် ပဲခူးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သနပ်ပင်မြို့နယ် တာဝန်ခံ ဦးသိန်းဆွေက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အပေါ် အာမခံချက်ပေးရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ ဖော်ပြပါရှိစေရေးတို့ကို စီးပွားရေးလုပ်ငန်းရှင်များနှင့်ပြည်သူများအား ရှင်းလင်းတင်ပြခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချလျှက်ရှိသော ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားများနှင့်အညီ ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ထုတ်လုပ်၊ ဖြန့်ဖြူး၊ရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူလိုပါက လျှောက်ထားနိုင်ပါကြောင်း၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ရုံးချုပ်တို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် လျှောက်ထားရန်လိပ်စာများအား အသိပေးတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး(DOCA)

ကုန်စည်များ၌ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအားရှင်းလင်းဆွေးနွေးပွဲကျင်းပ

             ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချသည့်    ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသားများအား  စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ  ပြည့်စုံစွာဖော်ပြပါရှိစေရေးရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၁၆.၉.၂၀၂၁   ရက်နေ့ နံနက် ၁၀:၀၀  နာရီအချိန်တွင်  သာယာဝတီမြို့၊ အလယ်ကုန်း သိုလှောင်ရုံ၌     ဒေသထွက်ကုန်စည်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်(၅၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေပါ  ပြဌာန်းချက်များ အား ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊  သာယာဝတီခရိုင်ဦးစီးမှူး  ဦးအောင်သိန်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ခိုင်ရီ  (ဒုတိယဦးစီးမှူး)  က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်  ဝန်ဆောင်မှုများအပေါ် အာမခံချက်ပေးရမည့်   အချက်များ၊  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ  ဖော်ပြခြင်းနှင့်  စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ဖော်ပြပါရှိစေရေး  စသည့်  အကြောင်းအရာများကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး၊  တက်ရောက်လာသူများက ၎င်းတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး  စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ  အသိပညာပေး  လက်ကမ်းစာစောင်များ  နှင့်      ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။    

ပဲခူးတိုင်းဒေသကြီး(DOCA)

Pages

Subscribe to RSS - HighLight News