Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်စပါးအစိုဓာတ်တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန်ခြေရာခံစနစ် တည်ထောင်ခြင်း စီမံကိန်းဆိုင်ရာတိုးတက်မှုများကို ရှင်းလင်းတင်ပြခြင်း

          ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနရုံးအမှတ်(၅၂) ၌ ဂျပန်နိုင်ငံJapan Development Service နှင့် Kett Electric Laboratory တို့မှ စီမံကိန်းတာဝန်ရှိသူများ က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့အား လာရောက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် JICA, Kett Electric Laboratory, ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆန်စပါးအစိုဓာတ်တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန်ခြေရာခံစနစ် တည်ထောင်ခြင်း စီမံကိန်းဆိုင်ရာတိုးတက်မှုများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုသို့ဆွေးနွေးတင်ပြခဲ့ခြင်းအပေါ် ညွှန်ကြားရေးမှူးချုပ်မှ ၎င်းစီမံကိန်းပြီးမြောက်သည်အထိစားသုံသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ITQM

 

၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ

 ၂၀၁၉ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြဌာန်းလိုက်သည့် စားသုံးသူကာကွယ်ရေးဥပဒေကို စားသုံးသူများနှင့် လုပ်ငန်းရှင် အသင်းအဖွဲ့များ သိရှိနိုင်စေရန် အသိပေးတင်ပြအပ်ပါသည်။

  အောက်ပါ Consumer Protection Law.pdf ဖိုင်တွင် ဖတ်ရှုနိုင်ပါသည်။

ITQM

သင့်မှာစားသုံးသူအခွင့်အရေးတွေရှိတယ်ဆိုတာ သိပါသလား? DOCA က ဒီလိုအခက်အခဲတွေကို ဖြေရှင်းဖို့ ကူညီပေးနေပါတယ်။

Telenor Myanmar Limited ၏ “Data Roaming PayGo”နှုန်းထားများပြောင်းလဲ ကောက်ခံခြင်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် Telenor Myanmar Limited မှ ဗီယက်နမ်၊ ထိုင်း၊စင်္ကာပူ၊ပါကစ္စတန်၊မလေးရှား၊ အင်ဒိုနီးရှား၊တရုတ်၊ကမ္ဘောဒီးယား နှင့် ဘင်္ဂလားဒေ့ရှ် စသော အာရှနိုင်ငံ (၉) နိုင်ငံတွင် တယ်လီနောဖြင့် အင်တာနက်အသုံးပြုလိုပါက Pay Go နှုန်းထားကို ယခင်က 1MB လျှင် ၁၄ကျပ်မှ ယခု ၁၅ ကျပ်နှုန်းဖြင့် ပြောင်းလဲကောက်ခံ မည့် ဝန်ဆောင်ခနှုန်းထားမြှင့်တက်မှုများအား သုံးစွဲသူ(Customer) များသိရှိနိုင်စေရန် အသိပေး ကြော်ငြာအပ်ပါသည်။

“ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ ၊ မြို့တော်ခန်းမ၌ စည်းကားသိုက်မြိုက်စွာကျင်းပ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီက ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် USAID တို့ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊USAID အဖွဲ့အစည်းနှင့်အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်လုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ၊ စုစုပေါင်း(၂၇၃)ဦး တက်ရောက်ခဲ့ပါသည်။

              ရှေးဦးစွာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပထမပိုင်းအခမ်းအနားကို မြို့တော်ခန်းမ အရှေ့ရှိ မုဒ်ဦးတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် USAIDမှAccess to Finance Lead ဖြစ်သူ Ms. Mary Millerတို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍  ဒုတိယပိုင်းအခမ်းအနားကို မြို့တော်ခန်းမအတွင်း ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့်USAID မှAccess to Finance Lead ဖြစ်သူ Ms. Mary Millerတို့က နှုတ်ခွန်းဆက်အမှာစကား အသီးသီးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြခန်းများကို လှည့်လည်ကြည့်ရှု့အားပေးခဲ့ပါသည်။  ထို့နောက် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေများကို စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက လည်းကောင်း၊စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများ ပိုမိုတိုးတက်လာစေရန်အတွက် Mobile  Applicationဖြစ်သည့် DOCA Myanmarနှင့် ပတ်သက်၍စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

              ဆက်လက်၍ “စားသုံးသူအကာအကွယ်ပေးရေးနှင့်ဒီဂျစ်တယ်ထုတ်ကုန်များ လုံခြုံ စိတ်ချ စွာ သုံးစွဲနိုင်ရေး” ခေါင်းစဉ်ဖြင့် Pannel Discussion ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ရာ Moderator အဖြစ် ပါမောက္ခ ဒေါက်တာအောင်မြင့်၊ ပါဝင်ဆွေးနွေးသူများအဖြစ် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး၊ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဒုတိယဥက္ကဌဦးကြည်အောင်၊ IT လုပ်ငန်းရှင် ဦးထွန်းဇံဖြိုးနှင့် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း နာယက ဦးမောင်မောင်ဦးတို့ကTrusted Smart Products များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များ အပေါ်ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

              ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း သိရှိရပါသည်။

ITQM

ကမ်ပိန်းစာနယ်ဇင်းမိတ်ဆက်ရှင်းလင်းပွဲ ကျင်းပခြင်းအခမ်းအနား

နေပြည်တော် _ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ပထမအကြိမ် အဖြစ်  “ စားသုံးသူများတွင် အခွင့်အရေးများရှိသည်” ဟူသောခေါင်းစဉ်ဖြင့်  Campaign မိတ်ဆက် ရှင်းလင်းပွဲ အခမ်းအနား ကို ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၅၂)၊ စားသုံးသူ ရေးရာဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ကမ္ဘာ့ကုလသမဂ္ဂကအဖွဲ့ကြီးမှ လမ်းညွှန်ထားသော စားသုံးသူအခွင့်အရေး(၈)ချက် ရှိပါကြောင်း ၎င်းတို့မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လုံခြုံစိတ်ချစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့် (Right to Safety), သတင်းအချက်အလက် ပြည့်စုံစွာရရှိနိုင်ခွင့်(Right to Information), မိမိစိတ်ကြိုက် ရွေးချယ်နိုင်ခွင့် (Right to choose), အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခွင့်(Right to Satisfaction of Basic Needs),  နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတင်ပြကြားနာနိုင်ခွင့် (Right to be Heard ), ထိခိုက်နစ်နာမှုများအတွက် လျော်ကြေးရပိုင်ခွင့် (Right to Redress), စားသုံးသူရေးရာကိစ္စနှင့်ပတ်သက်၍ သိရှိလေ့လာနိုင်ခွင့် ( Right to Consumer Education) နှင့်  ကောင်းမွန်ရှင်သန်နိုင်သော ပတ်ဝန်းကျင်ကိုရရှိနိုင်ခွင့် (Right to  Healthy Environment) တို့ ဖြစ်ပါကြောင်း၊ သို့ရာတွင် အဆိုပါစားသုံးသူ အခွင့်အရေး (၈)ချက်ရှိသည်ကို လူနည်းစုသာ သိရှိသေးကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက ကျင်းပပြုလုပ်မည့် “We are Consumers, We have Rights” ဟူသည့် စားသုံးသူများတွင် အခွင့်အရေးများရှိသည်ဟူသော လူထုလှုပ်ရှားမှု (Campaign)သည် စားသုံးသူများရသင့်သည့် အခွင့်အရေးများကို မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများသိရှိစေရန် အသိပညာပေးလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ရှင်းလင်းပြောကြားရာတွင် အဆိုပါ အမျိုးသားစားသုံးသူအခွင့်အရေးလှုပ်ရှားမှု (Campaign) ကို ရက်သတ္တပတ်(၆)ပတ်ကြာ ပြုလုပ်သွားမှာ ဖြစ်ပြီး အဆိုပါ ရက်သတ္တပတ် (၆)ပတ်တာကာလအတွင်း စားသုံးသူအသိပညာပေး ဇာတ်လမ်းတိုများကို နိုင်ငံပိုင် ရုပ်သံမီဒီယာနှင့် ရေဒီယိုလိုင်းများတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း၊ ထို့နည်းတူ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်Social Media Campaign ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၉ခုနှစ် ၊ မတ်လ (၁၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ် သွားမည့် “ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့” အခမ်းအနားတွင်လည်း စားသုံးသူများကို အသိပညာပေးမည့် အဆိုပါ Campaign ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများကို အကာအကွယ်ပေး လျက်ရှိပြီး စားသုံးသူများ၏တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ရာ၌ အဓိကတာဝန်ယူ ဆောင်ရွက်နေသော ဌာနတစ်ခု ဖြစ်ပါကြောင်း၊ စားသုံးသူများက ၎င်းတို့၏နစ်နာမှုများကို တိုင်ကြားလိုပါက မြန်မာနိုင်ငံတဝှမ်းရှိ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထား ရှိသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များသို့ လူကိုယ်တိုင် သွားရောက် တိုင်ကြားနိုင်သည့်အပြင် အွန်လိုင်းမှတစ်ဆင့် တိုင်ကြားလိုသောသူများအတွက် စားသုံးသူရေးရာ ဦးစီးဌာန၏ တရားဝင် Websiteဖြစ်သော http://www.doca.gov.mm ၊ မိုဘိုင်း Application ဖြစ်သော DOCA Myanmar နှင့် စားသုံးသူရေးရာဦးစီးဌာန Facebook Page မှတစ်ဆင့် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားမှုများနှင့် စပ်လျဉ်း၍ ရှေးဦးစွာ စားသုံးသူနှင့်လုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုများကို စားသုံးသူ ရေးရာဦးစီးဌာနမှ စေ့စပ်ညှိနှိုင်းပေးပါကြောင်း၊ ၊အဆိုပါ စေ့စပ်ညှိနှိုင်းမှုဖြင့်ဖြေရှင်းနိုင်ခြင်းမရှိပါက သက်ဆိုင်ရာ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ (DSB) သို့ တင်ပြ၍ သက်ဆိုင်ရာစားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ (DSB)မှ စားသုံးသူအကာ အကွယ်ပေးရေးဥပဒေပါ ယင်းအဖွဲ့၏အရေးယူပိုင်ခွင့် ပုဒ်မ၁၉နှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း၊ လိုအပ်ပါက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ အကြံပြုတင်ပြစေခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှုပေါင်း (၂၉၇)မှု နှင့် ကုန်စည်နှင့် ပတ်သက်၍ တိုင်ကြားမှုပေါင်း (၇၁)မှု နှင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် မသက်ဆိုင်သည့် တိုင်ကြားမှုပေါင်း (၃၃) မှု အပါအဝင်  တိုင်ကြားမှုပေါင်း (၄၀၁) မှုကို စားသုံးသူ သတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) များမှ လက်ခံရရှိခဲ့ပြီး (၃၅၃)မှုကို ဖြေရှင်းပေး နိုင်ခဲ့ပါကြောင်း။ ကျန်ရှိသည့်တိုင်ကြားမှု (၄၈)မှုမှာ ဖြေရှင်းဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ စားသုံးသူ ပြည်သူများ အနေဖြင့် မိမိတို့၏ရပိုင်ခွင့်အခွင့်အရေးများနှင့် ပတ်သက်ပြီး အသိပညာရရှိလာမည်ဆိုပါက တိုက်ရိုက်အကျိုး သက်ရောက်မှုအားဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုနှင့် ကုန်စည်များကိုလည်း ရရှိလာနိုင်မည် ဖြစ်သည့်အပြင် မိမိတို့နစ်နာမှုများ ကြုံတွေ့လာရပါကလည်း တိုင်ကြားမှုများ ပိုမိုဆောင်ရွက်လာနိုင်မည်ဟု မျှော်မှန်းထားပါ ကြောင်း၊ တစ်ဘက်တွင်လည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ ထုတ်လုပ်ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ၏အရည်အသွေးကို မြှင့်တင်၍ ထုတ်လုပ်ရောင်းချလာနိုင်စေရန် တွန်းအားတစ်ခု ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတော်နှင့် စားသုံးသူပြည်သူများအတွက်လည်း အကျိုးများစွာဖြစ်ထွန်းစေမည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

            အဆိုပါ အမျိုးသားစားသုံးသူအခွင့်အရေးလှုပ်ရှားမှု (Campaign) ကျင်းပ ရခြင်း၏ရည်ရွယ်ချက်မှာ စားသုံးသူများတွင် ကိုယ်စီအခွင့်အရေးများရှိပြီး ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု သုံးစွဲရာတွင် ဆုံးရှုံးနစ်နာမှုတစ်စုံတစ်ရာ ကြုံတွေ့လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားဆောင်ရွက်နိုင်ကြောင်းကို အသိပညာပေး လိုခြင်းဖြစ်ပါသည်။ အဆိုပါ Campaign ပြုလုပ်မည့်ကာလမှာ ရက်သတ္တပတ် (၆)ပတ်ကြာမြင့် မည်ဖြစ်ပြီး နိုင်ငံပိုင်ရုပ်သံမီဒီယာများနှင့် လူမှုကွန်ယက်များမှတစ်ဆင့် စားသုံးသူအခွင့်အရေးနှင့်ဆိုင်သော အသိပညာပေး ရုပ်သံဇာတ်လမ်းတိုများ၊ ရေဒီယိုဇာတ်လမ်းတိုများကို ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

စုလဲ့ဝါ

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခ

ရန်ကုန်မြို့တွင်ကျင်းပသော တိုက်ရိုက်ရောင်းချခြင်းဥပဒေမူကြမ်းအပေါ် အများပြည်သူ သဘောထား ဆန္ဒရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနက ပြုစု ရေးဆွဲလျှက်ရှိသော တိုက်ရိုက်ရောင်းချခြင်းဥပဒေမူကြမ်းအပေါ် အများပြည်သူသဘောထား ဆန္ဒ ရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ Public Consultation Workshop on Direct Selling Law (Draft) ကို ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမတွင် ၂၀-၂-၂၀၁၉ နံနက် ၉နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် တက်ရောက်ပြီး ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ USAID-funded Private Sector Development Activity မှ Chief of Party ဖြစ်သူ Mr. Steve Parker ကနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ Direct Selling Law Legal Expert ဖြစ်သူ Ms. Jodaniel က ပြည်ပ နိုင်ငံများ၏ တိုက်ရိုက်ရောင်းချခြင်းဥပဒေများ ပြဌာန်းထားရှိမှုအခြေအနေကို ရှင်းလင်းဆွေးနွေး ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ဥပဒေမူကြမ်းရေးဆွဲထားမှုအခြေအနေနှင့်စပ်လျဉ်း၍လည်းကောင်း ဥပဒေမူကြမ်းတွင်  ရေးသား ဖော်ပြထားသည့် အချက်များကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

          အဆိုပါ အလုပ်ရုံဆွေနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ ဒဂုံ တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာနီလာစိုး၊ တွဲဖက်ပါမောက္ခ ဒေါက်တာရီရီလွင် နှင့် ဆရာ/ဆရာမများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင် များနှင့် အထူးဖိတ်ကြားထားသည့် ပညာရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်

Public Consultation Workshop on Direct Selling Law (Draft) အခမ်းအနား ကျင်းပပြုလုပ်ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ပြုစုရေးဆွဲလျှက် ရှိသော တိုက်ရိုက်ရောင်းချခြင်းဥပဒေမူကြမ်းအပေါ် အများပြည်သူ သဘောထားဆန္ဒရယူဆွေးနွေး သည့် အလုပ်ရုံဆွေးနွေးပွဲ Public Consultation Workshop on Direct Selling Law (Draft) ကို မန္တလေးမြို့ Hotel Hazel Mandalay တွင် ယနေ့ နံနက် ၉ နာရီအချိန်တွင် စတင်ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြား ပြီး စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ဥပဒေမူကြမ်းရေးဆွဲထားမှုအခြေအနေနှင့် စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ အရာထမ်းများက ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူး များ၊ မန္တလေးတိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးကြပါကြောင်း စားသုံးသူပြည်သူများသို့ အသိပေးတင်ပြအပ်ပါသည်။

 

စားသုံးသူရေးရာဦးစီးဌာန

ရုံးချုပ်၊ နေပြည်တော်

စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အမိန့်ကြေငြာစာအမှတ်(၁/၂၀၁၈)အားရှင်းလင်းဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် (၂၅.၁.၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီချိန် တာချီလိတ်မြို့ နယ်စပ်ကုန်သည်ကြီးများအသင်းရုံး၌ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ သောက်ရေသန့်လုပ်ငန်းရှင်များ၊ ကုန်စည်လက်လီလက်ကား ရောင်းချသူများ၊ ဆေးဆိုင်/ ကုန်စုံဆိုင်နှင့် မုန့်လုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များအပါအဝင် စီးပွားရေး လုပ်ငန်းရှင်စုစုပေါင်း(၃၂)ဦးတို့အား စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ၏ (၂၆.၁၀.၂၀၁၈)ရက်စွဲပါ လုပ်ငန်းရှင်များလိုက်နာရမည့် ကုန်စည်များ တွင်မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့်အခြားဘာသာ တွဲလျှက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်များတွင် သုံးစွဲပုံနှင့်ပတ်သက်သောညွှန်ကြားချက်ကို ရှင်းလင်းအသိပေးပြီး လုပ်ငန်းရှင်များ၏ ပြန်လည်ဆွေးနွေးချက်များအပေါ် ဒုတိယပြည်နယ်ဦးစီးမှူးမှ ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးထုတ်ပြန်ထားသည့် ကြေငြာချက်ပါ ကုန်စည်(၉)မျိုးအား အမိန့်ကြေငြာစာထုတ်ပြန်ပြီး (၆)လပြည့်မြောက်သည့်နေ့တွင် စတင်အာဏာသက်ရောက်မည် ဖြစ်ကြောင်း နှင့် လိုက်နာမှုမရှိပါက စားသုံးသူအကာအကွယ်ပေးရေးဥပဒေပုဒ်မ ၁၉ အရ အရေးယူခံရမည့်ကိစ္စရပ်များအား ရှင်းလင်းပြီး ဒေသကုန်သွယ်မှုအခြေအနေများများကိုပါ စီးပွားရေးလုပ်ငန်းရှင်များများနှင့် ဆွေးနွေးကြပြီး ရှမ်းပြည်နယ် အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံတင်ပြဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလုပ်ငန်းရှင်များထံ ရှင်းလင်းအသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ရန်နောင် (ကျိုင်းတုံ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ