Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထူးခြားစွာဈေးနှုန်းမြင့်တက်နေတဲ့ ရှမ်းဒေသထွက်သီးနှံများ

            ယခုလအတွင်း ရှမ်းပြည်နယ်ဒေသထွက်သီးနှံများဖြစ်သော ဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် ရွှေပဲသီးဈေးနှုန်းများ ယခင်လများထက် ထူးခြားသိသာစွာ ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ဂေါ်ဖီဈေးနှုန်းမှာ ယခင်လများထက် တစ်ပိဿာလျှင် (၅၀၀ မှ ၆၀၀) ကျပ်အထိ ထိုးတက် လာခဲ့ပါသည်။ ယခင်လများတွင် ဂေါ်ဖီတစ်ပိဿာလျှင်   (၈၀၀မှ ၁၀၀၀) ကျပ်အထိသာ အများ ဆုံးရှိခဲ့သော်လည်း ယခုလမှာတော့  ဂေါ်ဖီတစ်ပိဿာလျှင် ၁၃၀၀ကျပ် အထိ ဈေးနှုန်းမြင့် တက် ခဲ့ပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ဂေါ်ဖီသီးနှံများကို မြဝတီမြို့ လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံ၏ ဝယ်လိုအားမြင့်တက်ခြင်း၊ သယ်ယူစရိတ်မြင့် တက်ခြင်း တို့ကြောင့် ဈေးနှုန်းအဆမတန်မြင့် တက်လာခြင်း ဖြစ်ပါသည်။

          ဒါ့အပြင် ရွှေပဲသီးနှံမှာလည်း ယခုလအတွင်း သိသိသာသာ ဈေးနှုန်းမြင့်တက်လာတာ ကိုတွေ့ရှိရပါသည်။ ယခင်လ များမှာ ရွှေပဲသီးတစ်ပိဿာလျှင် (၃၅၀၀မှ ၆၀၀၀)ကျပ်အထိသာ အမြင့်ဆုံးဈေးရှိခဲ့ပြီး ယခုလမှာတော့ ၁၃၀၀၀ကျပ် ခန့်အထိ မြင့်တက်လာခဲ့ပါသည်။ ရွှေပဲ သီးနှံကို ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာ စသော  ပြည်တွင်းဈေးကွက်ကြီးများ  သို့တင်ပို့လျက်ရှိပြီး ကုန်ထွက်ပမာဏနှင့် လက်ကျန်နည်းပါးချိန်တွင် ဝယ်လိုအားမြင့်တက်လာခြင်းများကြောင့် ဖြစ် ပါသည်။

          ခရမ်းချဉ်သီးနှံသည်လည်း ယခင်လများထက် ဈေးနှုန်းများစွာ မြင့်တက်လာ၍ ယခင်လများက ခရမ်းချဉ်တစ်ပိဿာ လျှင် (၁၀၀၀ မှ ၁၂၀၀ )ကျပ်အထိသာ ရှိခဲ့သော်လည်း ယခုလတွင် (၂၅၀၀မှ ၃၀၀၀) ကျပ်အထိ ဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ပါသည်။ ခရမ်းချဉ်သီးနှံကို ပြည်တွင်းဈေးကွက်များသို့သာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ခရမ်းချဉ်ကို ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအများအပြားတွင်စိုက်ပျိုး လျက်ရှိပြီး အင်းလေးဒေသတွင် ထွက်ကုန် မရှိတော့သည့် ကာလဖြစ်ခြင်း၊ ဝယ်လိုအားဖြင့်တက်နေခြင်းကြောင့် ဈေးနှုန်းမြင့် တက်လာခြင်း ဖြစ်ကြောင်း သုံးသပ်သိရှိရပါသည်။

DOCA(ရှမ်း)

မုံရွာမြို့ အထက(၁)ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများသည် (၂၀.၉.၂၀၂၂) ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန် မုံရွာမြို့၊ အထက(၁)ကျောင်းတွင် စားသုံးသူ အသိပညာ ပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ရာ အထက(၁) ကျောင်းအုပ်ဆရာကြီး  ဦးသန်းထွန်းက နှုတ်ဆက်အဖွင့်အမှာစကားပြောကြားပြီး ဆရာ/ဆရာမ (၂၅)ဦး၊ ကျောင်းသား/သူ (၈၅)ဦး စုစုပေါင်း (၁၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ထုတ်လုံဌာနခွဲတာဝန်ခံ ဒေါ်အေးမြင့်ငြိမ်းက “စားသုံးသူအခွင့်အရေးရရှိဘို့ ကုန်အညွှန်းမှတ်သားဖတ်ကြစို့”  ဆိုသည့် ခေါင်းစဉ်ဖြင့် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သိသင့်သည့် အချက်အလက်အထောက်အထား များအား လေ့လာသိရှိစေရန် ကုန်အညွှန်းအမှတ်အသားများ အကြောင်းနှင့် စားသုံးသူများနစ်နာမှု ရှိပါက တိုင်ကြားလို့ရနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခြင်း၊ စားသုံးသူ‌ရေးရာဌာနခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့က ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှုများ၊ စားသုံးသူကာကွယ်ရေးဉပဒေပါ အခွင့်အရေး နှင့် တာဝန်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဟောပြောခြင်းများနှင့် ဌာန၏ပညာပေး လက်ကမ်းစာစောင်များ၊ ကျောင်းသား/သူများ လေ့လာ သိရှိစေရန် အများမြင်သာသောနေရာတွင် ချိတ်ဆွဲနိုင်ရန်အတွက် စားသုံးရန်မသင့် ဗွီနိုင်းပိုစတာအား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်ကာ အစားအသောက်များနှင့် ပတ်သက်သည့်အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး စကားဝိုင်းဆွေးနွေးပွဲ

         ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး စကားဝိုင်းဆွေးနွေးပွဲကို (၂၀.၉.၂၀၂၂)ရက်နေ့ နံနက်(၈)နာရီအချိန် တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲကို ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနများမှ အဓိကထားကျင်းပ ဆောင်ရွက်ခြင်းဖြစ်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ စီးပွားရေးရာ ဝန်ကြီး၊  ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ၊ ဘဏ်များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆီထွက် သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလုပ်ငန်းရှင်များ စုစုပေါင်း (၅၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

          ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ မိမိတို့ပြည်နယ်သည် ဆန်/စပါးဖူလုံမှုရှိသော ပြည်နယ်ဖြစ်သော်လည်း စားသုံးဆီအနေဖြင့် ဖူလုံမှုမရှိသော ပြည်နယ်တစ်ခု ဖြစ်သောကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ ဆီထွက် သီးနှံများကို တိုးချဲ့စိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်အနေဖြင့် နိုင်ငံ့ စီးပွား မြှင့်တင်ရေး ရန်ပုံငွေ များရရှိထားပြီးဖြစ်၍ ၎င်းရန်ပုံငွေများအား ပြည်နယ်ဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အကျိုးရှိရှိ သုံးစွဲသွားမည် ဖြစ်ပါကြောင်း နှင့် စိုက်ပျိုးတောင်သူ များအနေဖြင့် လိုအပ်ချက်နှင့် အကြံပြုချက်များအား ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးပေးစေ လိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          ထို့နောက် ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မြန်မာ နိုင်ငံရင်းနှီးမြှပ်မှုဉပဒေ၊ နည်းဥပဒေအရရှိနိုင်သော အခွင့်အလမ်းများအား ဆွေးနွေး တင်ပြခြင်း၊ စိုက်ပျိုးရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှ ရှမ်းပြည်နယ်အတွင်း အဓိက စိုက်ပျိုး လျက်ရှိ သော မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီမုံညင်း၊ ဆီမုံလာ ဆီထွက်သီးနှံ (၆)မျိုး၏ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ လျာထားစိုက်ပျိုးပြီးစီးမှု အခြေအနေနှင့် တိုးချဲ့ စိုက်ပျိုးမည့်အခြေ၊ ဆီထုတ်လုပ်မှုနှင့်ဖူလုံမှုအခြေအနေ၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုး နိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး အခက်အခဲနှင့်များနှင့်စိန်ခေါ်မှုလိုအပ်ချက်များ၊ အကြုံပြု ချက်များ၊ ပြည်နယ်အစိုးရအဖွဲ့အဆင့်၊ ဉီးစီးဌာနအဆင့် ၊ ဝန်ကြီးဌာနအဆင့်၊ နိုင်ငံတော် အဆင့်က ကူညီဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။ ထပ်မံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဉီးစီးဌာန ညွှန်ကြားရေးမှူးမှ မိမိတို့ဌာနမှ ကုန်ထုတ်လမ်း တံတားလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်လျက် ရှိပြီး ၊ မြစိမ်းရောင်စီမံကိန်းကဲ့သော လူထုအကျိုးပြုလုပ်ငန်းများတွင် ကျေးရွာများဖွံ့ဖြိုး တိုး တက်ရေးအတွက် မတည်ရင်းနှီး ငွေများထုတ်ချေး ဖော်ဆောင်ပေးခြင်း များကိုလည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

          ဆွေးနွေးပွဲနိဂုံးအနေဖြင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆီထွက်သီးနှံထုတ်လုပ် စိုက်ပျိုးသည့် လုပ်ငန်းရှင်များပူးပေါင်း၍ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရာတွင်နှင့်ပြည်ပသို့ တင်ပို့ ရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်သည့် ကိစ္စရပ် များ၊ ပြည်နယ်အစိုးရအဆင့်၊ ဉီးစီးဌာနအဆင့်၊ နိုင်ငံတော်အဆင့်မှ ကူညီ ဆောင်ရွက်ပေး စေလိုသည့် ကိစ္စရပ်များနှင့် အကြံပြုချက်များအား ဝိုင်းဝန်းဆွေးနွေး၍ ဆွေးနွေးချက်များအပေါ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများမှ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲအား နေ့လည် (၁၂:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေး၊ ကုန်စည်/ ဝန်ဆောင်မှုတို့ကို ရယူသုံးစွဲရာတွင် စားသုံးသူတို့၏ အခွင့်အရေးများအား အပြည့်အဝရရှိနိုင်စေရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍  ပြည်ခရိုင်၊ ပြည်မြို့ရှိ  သူနာပြုနှင့် သားဖွားသင်တန်းကျောင်းခန်းမတွင် စက်တင်ဘာလ (၂၀)ရက်နေ့၌ ပြည်ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် သူနာပြုနှင့် သားဖွားသင်တန်းသူ/ သင်တန်းသား (၁၉၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါ ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးနှင့် စားသုံးသူဌာနခွဲတာဝန်ခံတို့မှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူတို့အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ရေးသားဖေါ်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များ၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းစသည့် အချက်များအား အသိပပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့နယ်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ ဟောပြောပွဲဆောင်ရွက်လျှက်ရှိ

   ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင် ၊ ပြည်မြို့နယ်အတွင်း တစ်လလျှင် ကျေးရွာ(၁၀)ရွာ ရွေးချယ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီး ဌာနတို့မှ ကျေးရွာများသို့ ကွင်းဆင်း၍ စားသုံးသူအသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျှက်ရှိပါသည်။

     အဆိုပါဟောပြောပွဲကို (၁၉.၉.၂၀၂၂)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီ မှ (၁၅:၃၀) နာရီတွင် ပြည်မြို့နယ် ကုန်းဇင်းကျေးရွာအုပ်စု၊ ဇီးတောကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မရုံ၌ ဇီးတော ကျေးရွာ၊ ဖျောက်ဆိပ်ကုန်းကျေးရွာများရှိတောင်သူ (၆၉)ဦးအား ဌာနအသီးသီးမှ အသိပညာပေး ဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်လင်းကလည်း စားသုံးသူ ရေးရာဦးစီးဌာနအကြောင်း ပြည်သူများပိုမိုသိရှိလာနိုင်စေရန် ဌာန၏စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်၍ လာရောက် ဆွေးနွေး ဟောပြောရခြင်းဖြစ်ပါကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့် စားသုံးသူ အကျိုးစီးပွား ကာကွယ်ရန် ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ စားသုံးသူအခွင့်အရေးများ ပြည့်ပြည့်ဝဝ ရရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ဖြင့် အတည်ပြုပြဌာန်း ဆောင်ရွက်လျှက်ရှိ ပါကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်တန်းနိုင်ရန် တိုင်းဒေသကြီး /ပြည်နယ်/ ခရိုင်ဦးစီးမှူးရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေး စင်တာ CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိပါကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                     

စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်၊ အ.ထ.က(၃)စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း

          ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ၁၉-၉-၂၀၂၂ရက်နေ့ နေ့လည်(၁:၃၀)နာရီတွင် စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်၊ အ.ထ.က(၃)စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ အ.ထ.က(၃)ကျောင်းအုပ်ဆရာကြီး ဦးလှမောင်သိန်းက ကျောင်းသား/သူများအား အစားအသောက်နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်ကိစ္စများကို ဌာနမှပြောကြားချက်များအား ကြားနာမှတ်သားစေရေး အဖွင့်အမှာစကားပြောကြားပါသည်။

     ထိုနောက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းက စားသုံးသူ ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက်(Mission)အနက် အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့်  ကျောင်းသား/သူများ အနေဖြင့်စားသုံးသူများ ဝယ်ယူရာတွင်၊ စားသုံးသူဥပဒေ‌ရေးရာ အခန်း(၁၈)၊ ပုဒ်မ(၄)ဖော်ပြချက်နှင့် ကိုက်ညီဖော်ပြထားသော စားသုံးကုန်များ ၊အလှကုန်များ ၊ဆေးဝါးများအား ဝယ်ယူသုံးစွဲရန်နှင့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သတ်၍ စားသုံးသူ၌ဆုံးရှုံးနစ်နာမှု များဖြစ်‌‌‌ပေါ်လာပါက ဌာနတွင်ဖွင့်လှစ်ထားသည့် Consumer Information and Complaint Center (CICC) ရုံးခန်းသို့ လာရောက်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးသိန်းအောင်နှင့် ဦးဇော်မင်းဦး(ဒုဦးစီးမှုး)တို့က စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူ တာဝန်(၄)ချက်အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား လေ့လာရန်နှင့် တိုင်ကြားလိုပါက www.doca.gov.mm Websiteနှင့်  DOCA Myanmar Mobile Application တွင်လည်းကောင်း ဝင်ရောက်ကြည်ရှုနိုင်ကြောင်း၊ Consumer Call Center 1535 ကိုခေါ်ဆို၍ မေးမြန်းတိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေစာအုပ် နှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူ ဦးရေ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအား နေ့လယ်(၃:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

ယခုနှစ် ကြံရာသီတွင် ကြံစိုက်တောင်သူများ ဈေးကောင်းမျှော်လင့်လျှက်ရှိ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ကြံများစိုက်ပျိုးထားရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ပြည်မြို့နယ်တွင် (၇၀၄၇)ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၂၀၄၉၅)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၄၀)ဧကနှင့် ရွှေတောင်မြို့နယ်တွင် (၂၅၆)ဧက၊ စုစုပေါင်း (၂၇၈၃၈)ဧက စိုက်ပျိုးထားပြီးဖြစ် ပါသည်။ မကြာမီအချိန်တွင် ကြံများထွက်ပေါ်လာမည်ဖြစ်သဖြင့် ကြံစိုက်တောင်သူများ အနေဖြင့် ဈေးကောင်းများရရှိရန် မျှော်လင့်နေချိန်ဖြစ်ပါသည်။ ယခင်နှစ်တွင် ကြံစိုက်ဧက (၃၂၀၉၄)ဧကရှိပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ကြံတန်ချိန် (၂၂)တန်ခန့်ထွက်ရှိခဲ့ပါသည်။ ကြံတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၇၅၀၀၀၀-၈၀၀၀၀၀ကျပ်အထိကုန်ကျခဲ့ပါသည်။ ကြံတစ် တန်ဈေးမှာ စက်ရုံအရောက် (၅၄၀၀၀)ကျပ်ခန့် ရှိခဲ့၍ တစ်ဧကဝင်ငွေမှာ (၁၁၈၈၀၀၀) ကျပ် ရှိပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၈၈၀၀၀)ကျပ်ခန့် ရရှိခဲ့ပါသည်။

   ယခုနှစ်အနေဖြင့် ကြံတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၁၃)သိန်းကျပ်ခန့်ရှိပြီး မကြာမီ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများမှစတင်၍ ကြံများခုတ်သိမ်းရတော့မည်ဖြစ်သဖြင့် တစ်ဧက လျှင် ကြံတန် (၂၅)တန်လောက်အထိ ထွက်ရှိနိုင်မည်ဟု ကြံစိုက်တောင်သူထံမှ သိရှိရပါသည်။ ယခုနှစ်တွင် သွင်းအားစုများဈေးမြင့်လာသဖြင့် တစ်ဧကကုန်ကျစရိတ်မှာ ယခင်နှစ်ကထက်စာရင် ထက်ဝက်နီးပါးခန့် ဈေးများမြင့်တက်လာခဲ့ပါသည်။ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်များ ကြီးမြင့်လာသည်နှင့်အညီ ထွက်ရှိလာသည့် ကြံများလည်း ဈေးကောင်းရရှိမှသာ စိုက်ပျိုးစရိတ် ကြေပြီး အကျိုးအမြတ်များကို မိမိတို့စားဝတ်နေရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကြံစိုက်ပျိုးသူတောင်သူများအနေဖြင့် ယခုနှစ်တွင် ကြံတစ်တန်လျှင် အနည်းဆုံး (၈၀၀၀၀) ကျပ်ခန့်ရရှိမှသာ ကြံတစ်ဧကအထွက်နှုန်း အနိမ့်ဆုံး (၂၂)တန်ခန့်ဖြင့် တွက်ချက်ပါက တစ်ဧကအကျိုးအမြတ်အနေဖြင့် (၄၆၀၀၀၀)ကျပ်ခန့်ရရှိမည်ဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး စိုက်ပျိုး ထွက်ရှိသည့်သီးနှံဖြစ်သည်နှင့်အညီ ကြံစိုက်ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံးဝင်ငွေအဖြစ် အကျိုးအမြတ် ရရှိနိုင်စေရေးအတွက် ကြံစိုက်တောင်သူများအနေဖြင့် ကြံဈေးကောင်းများရရှိရေး မျှော်လင့် လျှက်ရှိပါကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

ဒေါတမရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၃၅)ဦးကို COVID စည်းကမ်းများနှင့်အညီ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

             အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သက်မာအောင် (အကြီးတန်းစာရေး) က ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များကိုလည်းကောင်း၊ ကုန်စည်( သို့ )ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှု နှင့်စပ်လျဉ်း၍ စားသုံးသူဘက်မှ တောင်းဆိုနိုင်သည့် အချက်များကိုလည်းကောင်း၊ စားသုံးသူများ လိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊ ကုန်အညွန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်း များဝယ်ယူ သုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမူများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာန သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ DOCA Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းများကို သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။    

DOCA(ကယား)

သီတင်းကျွတ်အကြို ပြည်မြို့၏ ရောင်စုံမီးပုံး၊ ဆီမီးခွက်ဈေးကွက်နှင့် အလုပ်အကိုင်အခွင့်အလမ်း

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် သီတင်းကျွတ်အကြို ရောင်စုံမီးပုံးများ၊ မီးအိမ်များ၊ ဆီမီးခွက်များစတင်ရောင်းချလျှက်ရှိပါသည်။ တစ်နှစ်မှတစ်ခါသာ ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါရောက်တိုင်း အိမ်တိုင်းအိမ်တိုင်းတွင်  ဆီမီးများထွန်း၍ ပူဇော်ကြသလို ရောင်စုံ အလှမီးပုံးများကို အိမ်များတွင် ချိတ်ဆွဲ၍ အလှဆင်ကြပါသည်။ ပြည်မြို့တွင် ရောင်းချ နေသောမီးပုံးဈေးနှုန်းများမှာ တရုတ်ရောင်စုံမီးပုံး အသေး၊ အကြီး၊ ဒီဇိုင်းအလှ အဆန်း ပေါ်မူတည် ၍ တစ်ပုံးလျှင် (၃၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်အထိ ဈေးရှိပါသည်။ ထို့အပြင် ဒေသတွင်း တစ်ပိုင် တစ်နိုင် လက်မှုလုပ်ငန်းပညာရှင်များမှ ပြုလုပ်ရောင်းချသည့် ရောင်စုံမီးပုံးများ၊ ကလေးဆော့ကစား သည့် အရုပ်လက်တွန်းလှည်းမီးပုံးများမှာလည်း တစ်ခုလျှင် အကြီး၊ အသေးပေါ်မူတည်၍ (၁၀၀၀) ကျပ်မှ (၃၀၀၀) ကျပ်အထိ အရောင်းအဝယ်ဖြစ်သလို  ပေါက်ခေါင်းဒေသနှင့် ပန်းတောင်းဒေသတို့မှ ထွက်ရှိသော ဆီမီးခွက်ဈေးများမှာလည်း  (၂၅)ခွက် လျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရပါသည်။

     ထို့ကြောင့် ပြည်ဒေသအတွင်း လက်မှုလုပ်ငန်းလုပ်ကိုင်လျက်ရှိသော ရောင်စုံမီးပုံလုပ်ငန်းနှင့် ဆီမီးခွက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ပေါက်ခေါင်းမြို့နယ် ချောင်းဂေါင်းကျေးရွာနှင့် ပန်းတောင်းမြို့နယ်ရှိ ဖောင်းကံဒေသတို့တွင် ယခုလို သီတင်းကျွတ်အခါသမယတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

လောဓမ္မအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၄၈)ဦးကို COVID စည်းကမ်းများနှင့်အညီ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး(ဦးစီးအရာရှိ)က ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ ကိုလည်းကောင်း ကုန်စည်( သို့ )ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း ၍ စားသုံးသူဘက်မှ တောင်းဆိုနိုင်သည့် အချက်များကိုလည်းကောင်း၊ စားသုံးသူများ လိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊ ကုန်အညွန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီသတိပြုရမည့်အချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့် အရေးများနစ်နာ ဆုံးရှုံးမူများရှိပါကစားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ DOCA Myanmar application များမှဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းများကို သက်ဆိုင်ရာကျောင်း အုပ်ဆရာကြီးထံသို့ ပေးအပ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA(ကယား)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ