Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊  အင်္ဂပူမြို့နယ်တာဝန်ခံသည်  (၂၀.၉.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ အ-ထ-က ကျောင်းမုန့်ဈေးတန်းအား  ကျောင်းကျန်းမာရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ် မုန့်များသန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက် ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေ ရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန် ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေ့သည့် လုပ်ငန်းများ အကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု

      လူ့သမိုင်းတစ်လျှောက်လုံးတွင် လူသားတို့သည် အဆင့်ဆင့်သော ပြောင်းလဲ ရေးများကို ဖြတ်သန်းလာခဲ့ရပြီး လူသားတို့၏ အသိဉာဏ်တိုးတက်လာသည်နှင့်အမျှ တိုးတက် ပြောင်းလဲမှုများသည်လည်း အရှိန်အဟုန်မြင့်မားလာခဲ့ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိ သော အရာများအပေါ်တွင် သက်ရောက်မှုရှိသော စက်မှုတော်လှန်ရေးသည်လည်း လူ့သမိုင်း၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။

      စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ခြင်းသည်လည်း နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်လာ မှုကို အဓိကတွန်းအားပေးသော အရာဖြစ်သည်ဟု ပညာရှင်များကမှတ်ယူကြပေသည်။ နိုင်ငံများကို ယေဘူယျအားဖြင့် ဝင်ငွေနိမ့်ကျသောနိုင်ငံ ( Low income incountry) ၊ ဝင်ငွေအလယ်အလတ် ရှိသော နိုင်ငံ( Middle income incountry)၊ ဝင်ငွေမြင့်မားသောနိုင်ငံ ( High income incountry) ဟူ၍ ခွဲခြားသတ်မှတ်ကြပါသည်။ ထို့အပြင်နိုင်ငံတစ်နိုင်ငံ၏ တိုင်းပြည်ဝင်ငွေ (သို့) စုစုပေါင်း တိုင်းပြည် ထုတ်ကုန်(GNP) ၊ စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP) တို့ကို စိုက်ပျိုးရေး၊ စက်မှု လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းဟူသော အမျိုးအစားများခွဲကာ မည်သည့်နိုင်ငံသည် မည်သည့် အမျိုးအစားသော စီးပွားရေးလုပ်ငန်းများအများဆုံးပါဝင်သည်ကိုလေ့လာသုံးသပ်ကြပါသည်။

    စက်မှုထွန်းကားသောခေတ်နှင့်အညီ စက်မှုထွန်းကားအလွန်ခေတ်ဟူ၍လည်း လုပ်သား ထုတ်လုပ်မှုရှုထောင့်မှလည်းလေ့လာသုံးသပ်ကြပါသည်။ စက်မှုထွန်းကားလာခြင်းသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးပေါ်တွင်သာမကပဲ လူသားတို့၏ အသက်ရှင်ရပ်တည်ရေး၊ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲလာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များအပေါ်တွင်ဆိုးရွားစွာ သက်ရောက် လာခြင်း၊ နိုင်ငံတွင်းနှင့် နိုင်ငံများအကြားမညီမျှမှုများကို ပိုမိုကြီးထွားလာခြင်း အစရှိသော ပြဿနာများနှင့် ပတ်သက်ဆက်နွှယ် မှုရှိကြောင်းကိုတွေ့ရှိရပါသည်။

     ယနေ့ကမ္ဘာတွင်ဖွံ့ဖြိုးတိုးတက်ရေးဟူသောစကားသည် အလွန်ရေပန်းစားကာ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းသုံးစွဲကြပေသည်။ ထိုအထဲတွင်မှ အမျိုးအစားများခွဲခြားကာစီးပွားရေး တိုးတက်မှု၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု စသည်ဖြင့် ခွဲခြားကာ လေ့လာဆန်းစစ်ကြလျှက်ရှိပါသည်။ ဖွံ့ဖြိုးတိုးတက်မှုဟူသောစကားလုံးကို အဓိပ္ပါယ်အမျိုးမျိုးဖြင့် ရှုထောင့်အမျိုးမျိုးမှ ဖွင့်ဆိုကြပါသည်။ အခြေခံအကျဆုံးသော အဓိပ္ပွါယ် တစ်ခုမှာ  မူရင်းရှိရင်းစွဲ အခြေအနေတစ်ခုမှ ပိုမိုကောင်းမွန်သောအခြေအနေတစ်ခုဆီသို့ ပြောင်းလဲ ဖြစ်စဉ်ဟု ဆိုရပေလိမ့်မည်။ ဖွံဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာအောင် ဖော်ဆောင်ဆောင်ရွက်ရာ တွင် နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ၎င်းတို့၏ ဦးစားပေးအရာများ၊ မဟာဗျူဟာများနှင့် မူဝါဒများ ရှိကြပေသည်။ ထိုမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဖက်ဖက်မှ ချင့်ချိန် စဉ်းစားပြီး အကောင်းဆုံးနှင့် အမှန်ကန်ဆုံးဖြစ်ရန်လိုအပ်လျက်ရှိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအောင် လုပ်ဆောင်ရာတွင်လည်း လူနည်းစုအရင်းရှင်များအတွက်သာ အကျိုးရှိသော ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ မဖြစ်အောင် အခြေခံလူတန်းစားများ၏ အကျိုးစီးပွား ကိုပါ ကာကွယ်စောင့်‌ရှောက်မြှင့်တင် ပေးနိုင်သောမူဝါဒများ ဖြစ်ရန်လည်းလိုအပ်ပေသည်။ ထိုဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်တံ့သောဖွံ့ဖြိုး တိုးတက်မှု ဖြစ်ရန်လည်းလိုအပ် ပါသည်။

          ၂၀၁၅ အလွန်ကာလသို့ရောက်ရှိလာသောအခါ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖြည့်စွက်စဉ်းစား လာကြပြီး ၂၀၃၀ခုနှစ်ထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုများအမည်ရှိသော  (၁၇)ချက်ပါဝင်သော သဘောတူညီချက်ကို တစ်ရပ်ကို အတည်ပြု ဆုံးဖြတ်ခဲ့ကြပေသည်။ ထိုအချက်(၁၇) ချက်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ငတ်မွတ် ခေါင်းပါးမှု မရှိစေရေး၊ ကောင်းမွန်သောကျန်းမာရေး စောင့်‌ရှောက်မှုရရှိစေရေး၊ အရည်အချင်းပြည့်ဝသော ပညာရေးရရှိရေး၊ ကျား-မ တန်းတူညီမျှမှု ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး၊ လူတိုင်းလက်လှမ်းမီမှုရှိပြီး သန့်ရှင်းသောစွမ်းအင်ရရှိရေး၊ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် စီးပွားရေးဖွံ့ဖြိုးမှုရရှိရေး၊ စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှုနှင့် အခြေခံအဆောက်အအုံမြှင့်တင်ရေး၊ မညီမျှမှုများ လျော့နည်းသွား စေရေး၊ ရေရှည်တည်တံ့သော မြို့ပြဒေသများနှင့် ကျေးလက်လူမှု အဖွဲ့အစည်းများ ထူထောင် ရေး၊ တာဝန်သိသော စားသုံးမှု ပုံစံဖြစ်ပေါ်လာစေရေး၊ ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး၊ ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်‌ရှောက် ရေး၊ မြေပေါ် သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေး၊ ရည်မှန်းချက်များ အားလုံးအတွက်မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး တို့ဖြစ်ပါသည်။

      ရေရှည်တည်တံ့ဖွံ့ဖြိုးမှုဆိုသည်မှာ လူမှုကမ္ဘာနှင့် သဘာဝကမ္ဘာကို လူသားတို့၏ အတွေး အခေါ်များနှင့် လုပ်ရပ်များအပေါ်  အမှီသဟဲပြုလျက် အခြေအနေကို ဖန်တီးခြင်းဖြစ်ပေသည်။  လူသားတို့၏ အတွေးအခေါ်နှင့် လုပ်ရပ်များသည် သိပ္ပံပညာရပ်နှင့်အတူ တဖြည်းဖြည်းတိုးတက် လာခဲ့သော်လည်း သဘာဝကမ္ဘာအတွက်တွင်မူ အနုတ်သဘောဆောင်မှုများသာ ဖြစ်ပေါ်လာခဲ့ပါ သည်။ စက်မှုလုပ်ငန်းများတိုးတက်ထွန်းကားလာပြီး  လူသားတို့၏ လူနေမှုအဆင့်အတန်းများနှင့် လိုအင်ဆန္ဒများကို အလွယ်တကူ ပြည့်ဝလာခဲ့သော်လည်း  ထိုစက်မှုလုပ်ငန်းများ တိုးတက်လာခြင်း ကြောင့်  လူမှုကမ္ဘာတွင် လူသားများ၏  ကျန်းမာရေးပြဿနာများ၊ မညီမျှသော လူမှုရေးပြဿနာ များအပြင် လူသားများအပေါ် အဓိကရိုက်ခတ်လာသော  သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု များ၊ ဂေဟစနစ်များဆိုးရွားစွာပျက်ဆီးခြင်းများစသော သဘာဝကမ္ဘာမြေပျက်ဆီးခြင်း၏ အကျိုး ဆက်ကို လူသားများက ခံစားရပါသည်။ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ခြင်းကို လူမှုစီးပွားရေးနှင့် ‌ဂေဟဗေဒတို့၏ ရှုထောင့်မှလည်း လေ့လာကြပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် အတွက် မည်ကဲ့သို့ ပြုမူလုပ်ဆောင်ရမည်ကို ပညာရှင်များက အကြံပြုကြပါသည်။ ကမ္ဘာလူဦး ရေသည် တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့ပြီး စိုက်ပျိုးထုတ်လုပ်ရေးသည်လည်း နှစ်ဆခန့် တိုးတက်လာခဲ့ပေသည်။  ထို့ကြောင့် စက်မှုလုပ်ငန်းများတိုးတက်လာခြင်းကြောင့် သက္ကရာဇ် ၁၉၀၀ မှစတင်ကာ ကမ္ဘာ့စီးပွားရေးသည်လည်း နှစ်စဉ်၃ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါသည်။ ထိုကဲ့သို့ တိုးတက်လာသည်နှင့်အမျှ  သဘာဝအရင်းမြစ်များဖြစ်သော သတ္တုများနှင့် စွမ်းအင်သုံးစွဲမှုနှုန်း များလည်း မြှင့်တက်လာခဲ့ပါသည်။  လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ပါဝင်မှုသည် လည်း ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိမြှင့် တက်လာခဲ့ပါသည်။ ရေထုနှင့် မြေထုထဲတွင် နိုက်ထရိုဂျင်နှင့်ဖော့စဖိတ်ပါဝင်မှုနှုန်းသည်လည်း ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ပြီး ရေအရင်း မြစ်ညစ်ညမ်းမှုများနှင့် မြေဆီလွှာပျက်ဆီးမှုများကိုပါ ဖြစ်ပေါ်စေခဲ့ပါသည်။

   ဆင်းရဲနွမ်းပါးမှု ပြဿနာသည် တစ်ကမ္ဘာလုံးရင်ဆိုင်နေရသော ကမ္ဘာလုံးချီ ပြဿနာ တစ်ခု ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးမှုဟူသော စကား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း အမျိုးမျိုးသော ရှုထောင့်မှ ဖွင့်ဆိုကြပါသည်။  ဆင်းရဲနွမ်းပါးမှုကို လျော့ချရာတွင် အဓိက အရေးပါသော အရာ သုံးခုမှာ  (၁) ဝင်ငွေ၊ (၂) ရုပ်ဝတ္ထုချို့တဲ့မှု နှင့် (၃) စွမ်းရည်ချို့တဲ့မှု တို့ဖြစ်ပါသည်။ ထိုဆင်းရဲနွမ်းပါး မှုသည် ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသောအရာဟု ဘောဂဗေဒပညာရှင်အများစုက ယူဆကြပါသည်။ ထို့ကြောင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ဆင်းရဲနွမ်းပါးမှု အပေါ် သက်ရောက်မှုများစွာရှိနေသည်ဟုလည်း လေ့လာတွေ့ရှိရပါသည်။  ကောင်းမွန်သော အစိုးရ၊ အကျိုးရှိသောမူဝါဒ များ၊ မှန်ကန်သော အုပ်ချုပ်မှုနည်းစနစ်များ အစရှိသော အုပ်ချုပ်ရေးမဏ္ဍိုင်၏ အရေးပါမှုသည်လည်း စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းက ဆင်းရဲနွမ်းပါးမှုအပေါ် အပေါင်း လက္ခဏာ သက်ရောက်ခြင်းလား၊ အနုတ်လက္ခဏာ သက်ရောက်ခြင်းလားဟူသည်ကို အဓိက အဆုံးအဖြတ်ပေးနေပေသည်။

    နိုင်ငံတစ်နိုင်ငံ၏ စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်မှုသည် အလယ်အလတ်တန်းစား လူဦးရေတိုးပွား လာအောင်ပြုလုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ခြင်း၊ အခြေခံ အဆောက်အအုံများကို စနစ်တကျနှင့် တိုးပွားစေခြင်း၊ သဘာဝပတ်ဝန်းကျင် အပေါ်တွင် သက်ရောက်မှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်စေခြင်း၊ မျှတသောယှဉ်ပြိုင်မှုကို အားပေးခြင်းစသော အရာများကို ဦးတည်ခြင်းမရှိဘဲ လူနည်းစုအရင်းရှင်များသာ  ကြီးပွားစေခြင်း၊ လူလတ်တန်းစား များကို ပိုမိုဖိနှိပ်မှုများဖြင့် လူတန်းစားကွာဟမှုများကို ပိုမိုဖြစ်ပွားစေခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးမှုများကို လျစ်လျူရှုမှုများ  ပြုမူခြင်းစသော  လူ့အဖွဲ့အစည်းအတွင်း အနုတ်လက္ခဏာ များကို ဖြစ်ပေါ် စေနိုင်ပါသည်။

     စက်မှုလုပ်ငန်းများတိုးတက်လာခြင်းကြောင့် အလွန်အမင်း မြို့ပြဆန်လာခြင်း၊ ကျေးလက် ဒေသမှ မြို့ပြများဆီသို့  အစုလိုက် အပြုံလိုက်လာခြင်း၊  ကျေးလက်မြို့ပြကွာဟမှုများ လာခြင်းတို့ သည်လည်း ရေရှည်တည်တံ့မှုသောဖွံ့ဖြိုးတိုးတက်မှုကို အားနည်းစေသော အဓိကအချက်များ အဖြစ်ပါဝင်ပါသည်။  အထူးစီးပွားရေးဇုန်များ ၊ အမြန်လမ်းမကြီးများ၊ ရေနက်ဆိပ်ကမ်းများ အစရှိသော စက်မှုလုပ်ငန်းများ တိုးတက်လာခြင်း၏ နောက်ဆက်တွဲ အပြုအမူများကြောင့် ကျေးလက်ဒေသနေ ဒေသခံများ၏ လယ်ယာမြေများ မတရားသိမ်းပိုက်ခံရခြင်း၊ သဘာဝ‌ဘေး အန္တရာယ်များခံစားရပြီး  အလုပ်အကိုင်များ ရှားပါးလာခြင်းတို့ကြောင့် မိမိတို့‌ဒေသများကို စွန့်ခွါကာ မြို့ပြများဆီသို့ လူသားများ‌ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်စေကာ လူနေမှုပိုမိုထူထပ်လာပြီး ကျန်းမာရေး၊ ပညာရေး၊လူမှုရေးအစရှိသော မညီမျှမှု ပြဿနာများ ကိုဖြစ်ပွားစေပါသည်။ ထိုမညီမျှမှုများကြောင့် ကျား/မ တန်းတူညီမျှမှုများကို ပိုမိုကွာဟစေခြင်းများ၊ မှုခင်းများပိုမိုထူပြောလာပြီး လူသားလုံခြုံရေး ပါ ထိခိုက်လာစေနိုင်ပါသည်။

     သဘာဝပတ်ဝန်းကျင် ပျက်ဆီးထိခိုက်မှုစစ်တမ်းစသော သဘာဝပတ်ဝန်းကျင်  ပျက်ဆီးမှုကို လေ့လာသော ကြိုးပမ်းအားထုတ်မှုသည်လည်း စက်မှုလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက် လာရာတွင်  အရေးပါလှပေသည်။  ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတွင် စီးပွားရေး စွမ်းဆောင်ရည်မြင့်မားမှု ၊ လူမှုရေးတန်းတူညီမျှမှု ၊ လူသားများလုံခြုံရေး၊ ဂေဟစနစ်တည်မြဲရေးနှင့် ပြန်လည် ပြုပြင်ရေး တို့အဓိကပါဝင်ပါသည်။  ထိုကဲ့သို့ အခြေခံတန်ဖိုးများကို  ဖော်ဆောင်ပေးရန် အတွက်  စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအစိတ်အပိုင်းဖြစ်သော နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများအား လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံလုပ်ငန်းများအား လုပ်ကိုင် စေခြင်းဖြင့် ရေရှည်တည်တံ့သော စက်မှုလုပ်ငန်းများကို ဖော်ဆောင်နိုင်ပါကြောင်းရေးသား တင်ပြ လိုက်ရပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

         ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင် သည် (၂၃.၉.၂၀၂၂)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

        ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန် များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ် ချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှု မရှိပါက ပြစ်မှုပြစ်ဒဏ်များ အတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင် လည်းကောင်း ၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက် လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၂၀.၉.၂၀၂၂)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ  စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်း လမ်း၊ ကျန်းမာရေးဆိုင်ရာအချက်များနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၃)ဆိုင်အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အိုဇုန်းလွှာပျက်စီးခြင်းကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ခွင့်ရရှိနိုင်

     လူနေမှုအဆင့်အတန်းမြင့်မားလာတာနဲ့အမျှ လူသားတို့အဆင်ပြေပြီး သက်တောင့်သက်သာ နေထိုင်နိုင်ရန် ထုတ်လုပ်သုံးစွဲနေသာ ပစ္စည်းများထဲမှ နေ့စဉ်အသုံးပြုနေသော ရေခဲသေတ္တာ၊ လေအေး ပေးစက်နှင့် အအေးခန်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။ အဆိုပါ ပစ္စည်းများ တွင် အသုံးပြုသည့် အအေးပေး ဓာတုပစ္စည်းများဖြစ်သော ဒြပ်ပစ္စည်းများကြောင့် လေထုထဲမှာရှိတဲ့ အိုဇုန်းလွှာ ပါးလွှာပျက်စီးနေသည်ကို သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိခဲ့ပါတယ်။ အိုဇုန်းလွှာပျက်စီးမှုကြောင့် ကမ္ဘာမြေပေါ်ကို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ပမာဏများလာပြီး လူသားတွေမှာ အရေပြား ကင်ဆာရောဂါ၊ မျက်စိတိမ်စွဲခြင်း၊ ခုခံအားကျဆင်းခြင်းတွေဖြစ်စေနိုင်ပါတယ်။ စိုက်ပျိုး‌ရေး ကဏ္ဍတွင် သီးနှံပင်များ ကြီးထွားမှုနှောင့်နှေးခြင်း၊ အထွက်နှုန်းကျဆင်းခြင်း၊ အာဟာရဖြစ်စေမှုကို ကျဆင်းစေပြီး အဆိပ် အတောက်ဖြစ်မှုကို တိုးပွားစေနိုင်ခြင်းတို့ ဖြစ်ပေါ် စေနိုင် သည့်အပြင် အပင်နှင့် ပိုးမွှားဂေဟစနစ်၊ အဏ္ဏဝါ ဂေဟစနစ်ပျက်စီးမှုတို့ဖြစ်ပေါ်စေနိုင်ပါတယ်။ ရာဘာ၊ ပလပ်စတစ်၊ သုတ်ဆေး၊ သစ်သား၊ စက္ကူ၊ သားမွှေးနှင့် ချည်ထည် စသည့် ရုပ်ဝတ္ထုပစ္စည်းများအတွက် ယိုယွင်းပျက်စီး မှုများ ဖြစ်ပေါ်လာနိုင်ပြီး ကြာရှည်ခံမှုနှင့် အသုံးဝင်မှုသက်တမ်း လျော့ကျစေကြောင်းသိရပါတယ်။

    ကမ္ဘာ့လေထုတွင် အလွှာ (၄) ခုရှိသည့်အနက် အိုဇုန်းလွှာသည် ဒုတိယအလွှာတွင် တည်ရှိပြီး ကမ္ဘာမြေပြင်အထက် အမြင့် ၁၅ ကီလိုမီတာမှ ၃၅ ကီလိုမီတာအကြားတွင် တည်ရှိပါတယ်။ အိုဇုန်းလွှာ ဟာ အိုဇုန်းအငွေ့များ စုစည်းထားသည့် ၃ မီလီမီတာ အထူမျှရှိပြီး ပါးလွှာသည့် အငွေ့တန်း ကလေး ဖြစ်ပြီး ကမ္ဘာကြီးကို လွှမ်းခြုံကာကွယ်ထားပါတယ်။ အိုဇုန်းလွှာသည် သက်ရှိများအတွက် နေမှလာသော အန္တရာယ်ဖြစ်စေသည့် ခရမ်းလွန် ရောင်ခြည်များကို ကမ္ဘာမြေပေါ်သို့ တိုက်ရိုက်မကျရောက်စေရန် ကာကွယ်ပေးပါတယ်။

    လက်ရှိ လူသားများရဲ့ လုပ်ရပ်များနောက်ကွယ် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းနှင့် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် လက်ရှိ ၂၀၂၀ခုနှစ် NASA ဒေတာများအရ ကမ္ဘာ့အိုဇုန်းလွှာ၏ ၁၇ရာခိုင်နှုန်းခန့်သည် ပျက်စီးသွားခဲ့ရကြောင်းသိရကာ ယခင်အခြေအနေပြန်ရောက်အောင် ကမ္ဘာနှင့်တစ်ဝှမ်း ထိန်းသိမ်း ကာကွယ်မှုများပြုလုပ်လျက်ရှိနေပါတယ်။ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ အသုံးပြု မှုကို ကာကွယ် ထိန်းချုပ်ရန် မွန်ထရီရယ်သဘောတူစာချုပ်ကို ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံများရဲ့ သဘော တူညီချက်နဲ့ အတည်ပြုချမှတ်ခဲ့ကြောင်းသိရပါတယ်။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ(၁၆)ရက်နေ့ကို "World Ozone Day - ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့" အဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘာပေါ်ရှိ နိုင်ငံများ လက်ရှိကြုံတွေ့နေရသည့် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန်၊ အနာဂတ်မျိုးဆက် များအတွက် ကမ္ဘာမြေပေါ်ရှိ သက်ရှိများကိုကာကွယ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စုပေါင်းအင်အားဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို ရပ်ဆိုင်းရန် ကြိုးစားခဲ့ခြင်းကြောင့် အိုဇုန်းလွှာအပေါက်သည် ပြန်လည်ကောင်းမွန်လာခဲ့ပြီး လူသားများ၏ ကျန်းမာရေး၊ စီးပွားရေးနှင့် ဂေဟစနစ်များကိုပါ ကာကွယ်ပေးနိုင်ခြင်းဖြစ်ပါတယ်။

      အိုဇုန်းလွှာပျက်စီးခြင်းကို ကာကွယ်ထိန်းသိမ်းရန် လူတစ်ဦးချင်းမှ အစပြု၍ ကမ္ဘာ့နိုင်ငံများ အားလုံး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးရန် နည်းလမ်းများကတော့

• အိုဇုန်းလွှာပျက်စီးသော ဒြပ်ပစ္စည်းများကို ဝယ်ယူခြင်းမှ ရှောင်ကြဉ်ပါ။ မိမိတို့ ဝယ်ယူသည့် ပစ္စည်းများတွင် CFCs ပါဝင်မှုနည်းသည့် သို့မဟုတ် လုံးဝမပါသည့် ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုပါ။

• ရေခဲသေတ္တာနှင့် လေအေးပေးစက်များကို ဝယ်ယူအသုံးပြုမည်ဆိုပါက “အိုဇုန်းကိုအန္တရာယ်မပြုသော/ Ozone friendly ၊” “HCFC ကင်းလွတ်/ HCFC free” (သို့မဟုတ်) စွမ်းအင်ခြိုးခြံချွေတာမှု စသည့် အမှတ်အသားများပါသည်ကို ကြည့်ရှုဝယ်ယူပါ။

• နိုက်ထရက်အောက်ဆိုဒ်သည် လေထုကို အလွန်ညစ်ညမ်းစေသဖြင့် စိုက်ပျိုးရေး ကဏ္ဍတွင် တောင်သူများအနေဖြင့် သီးနှံအတွက် ဓာတ်မြေဩဇာတွင် နိုက်ထရက် အောက်ဆိုဒ်ကို လိုအပ်သည့် ပမာဏကိုသာ သုံးစွဲပြီး တတ်နိုင်သမျှ လျှော့ချသုံးစွဲပါ။

• ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန် စွမ်းအင်ချွေတာခြင်းဖြင့် တစ်ဦးချင်း မော်တော်ယာဉ် အသုံးပြုမှုကို တက်နိုင်သမျှ လျှော့ချပါ။ စက်ဘီးစီးခြင်းနှင့် လမ်းလျှောက်ခြင်း အလေ့အကျင့်တို့ကို လေ့ကျင့်ပျိုးထောင်ပါ။

• မိမိပတ်ဝန်းကျင်ရှိ ပြည်သူလူထုကို အိုဇုန်းလွှာပျက်စီးရခြင်း၊ ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ပေးပါ။

 အအေးပေးပစ္စည်းများသည် လူမှုစနစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းကျိုးပေးနိုင်သကဲ့သို့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ မရှိစေရေးအတွက်လည်း အိုဇုန်းလွှာ မထိခိုက်စေသည့် အစားထိုး အအေးပေးဒြပ်ပစ္စည်းနှင့် စွမ်းအင်ချွေတာပြီး စွမ်းဆောင်ရည်ကောင်းသော အအေးပေးပစ္စည်း များကိုသာ တင်သွင်းဖြန့်ဖြူး အသုံးပြုသွားရန်လိုအပ်ပါသည်။ အအေးပေးဒြပ်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် ဆလင်ဒါပုံစည်ပိုင်းများဖြင့် ထုပ်ပိုးမှုများဆောင်ရွက်ကြပါသည်။ အဆိုပါ စည်ပိုင်းတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို တံဆိပ်ကပ်ခြင်း၊ ရိုက်နှိပ်ခြင်း၊ ထွင်းထုခြင်း နည်းများဖြင့် ဖော်ပြကြသည်။ ဖော်ပြထားသောဒြပ်ပစ္စည်းအမျိုးအစားနှင့် သတင်းအချက်အလက်များသည် တင်သွင်းသူ၊ ဖြန့်ဖြူးရောင်းချသူ၊ သုံးစွဲသူတို့အတွက်အရေးကြီးသလို ကုန်သွယ်မှုစာရင်းထိန်းသိမ်းခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့အတွက် အရေးပါပါသည်။ စနစ်တကျ မှန် ကန်စွာဖော်ပြခြင်း မရှိ ပါက အသုံးပြုသူများ၏ ကျန်းမာရေးနှင့်ဘေးကင်းမှုကို အာမခံနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် တံဆိပ် မူမမှန်ခြင်း၊ တံဆိပ်ဖော်ပြမှုမရှိခြင်း၊ တရားမဝင်တင်သွင်းလာခြင်းများကို တားဆီးရမည်ဖြစ်ပါသည်။ လူသားများအပါအဝင် သက်ရှိများ၏ဘဝ ရှင်သန်ရပ်တည်နိင်ရန် အတွက် အိုဇုန်းလွှာကောင်းမွန်ရေး သည် အလွန်အရေးပါသည့်အတွက် အိုဇုန်းလွှာထိန်းသိမ်းရေးမှာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ပါတယ်။ စားသုံးသူအခွင့်အရေးများအနက် ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းဟူသည့် အခွင့်အရေးပြည့်ဝအောင် သက်ဆိုင်ရာဥပဒေ၊ ညွန်ကြားချက်များဖြင့် ကာကွယ်ပေးလျက်ရှိပါတယ်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်၊ ကောင်းမွန်သန့်ရှင်းတဲ့ ဂေဟစနစ်တွေကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းရပ်တည်နိုင်ရန် မိမိတို့အားလုံး သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားပြီး ထိန်းသိမ်းသွားကြရမည် ဖြစ်ပါတယ်။

DOCA(စစ်ကိုင်း)

ခရမ်းမြို့နယ်၊ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

    ရန်ကုန်တိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တာဝန်ခံသည် (၂၁.၉.၂၀၂၂)ရက်နေ့၊ နံနက် ၉:၃၀ အချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲကို အဆိုပါကျောင်း၏ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲအား ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းသူ/ကျောင်းသား (၂၅၈)ဦး စုစုပေါင်း(၂၆၈)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ အဖွင့်အမှာစကားကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမိုးမှ ပြောကြားခဲ့ပြီး ခရမ်းမြို့နယ် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်အာ/ကာမှူးမှ အသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ချက်များ ကို ပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်(ဒု-ဦးစီးမှူး)မှ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးနှင့်  စပ်လျဉ်း၍ ဗဟုသုတများ တိုးပွားလာစေရန်နှင့် ကျောင်းသား/ကျောင်းသူများ အစားအသောက်တွေကို မှန်ကန်စွာ ရွေးချယ်စားသောက်တက်စေရန် ကျန်းမာတဲ့လူငယ်များဖြစ်စေရန် ရည်ရွယ်၍ မိမိတို့ ဦးစီးဌာန၏ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းများနှင့် အစားအသောက် များကို ရွေးချယ်ဝယ်ယူရာတွင်လုပ်ဆောင်ရမည့် နည်းလမ်း များနှင့် ကုန်အညွှန်းအမှတ်အသားတွင် ပါရှိသည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများအား ဝန်ဆောင်မှုနှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် လည်းကောင်း (သို့မဟုတ်)အစားအသောက်နှင့် ပတ်သက်၍လည်းကောင်း နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားနိုင် သည့်ဖုန်းနံပါတ်များနှင့် လိပ်စာတို့ကိုပါ အသိပေးပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ တဆင့် မိသားစုနှင့်လူမှုဝန်းကျင်တွင် စားသုံးသူကာကွယ်ရေး အသိပညာများအား လက်ဆင့်ကမ်းဖြန့်ဝေ ပြောကြားပေးကြပါရန် တိုက်တွန်းပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)                                                    

လားရှိုးမြို့နှင့်အနီးရှိ ကျေးရွာများ၌ ပြောင်းများစိုက်ပျိုး

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့အတွင်းနှင့် မြို့အနီးအနားရှိ ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း၊ စီးပွားဖြစ်အတွက်သော်လည်းကောင်း၊ ပြောင်းများ စိုက်ပျိုးနေကြကြောင်း သိရှိရပါသည်။ ဒေသခံအချို့မှာ တစ်ပိုင်တစ်နိုင်အဖြစ် ရှမ်းပြောင်း နှင့် သကြား ပြောင်းများကို ဖူးစားပြောင်းများအဖြစ် စိုက်ပျိုးကြပြီး အချို့မှာ စီးပွားဖြစ် ဝက်စား ပြောင်း(CP)ပြောင်းများကို စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ သကြားပြောင်းကို တစ်ဖူးလျှင် ငါးရာ ကျပ် နှုန်းဖြင့် ရောင်းချကြပြီး ရှမ်းပြောင်းများကိုမူ တစ်ဖူးလျှင် နှစ်ရာကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ သကြားပြောင်းများကို အကြော်ကြော်ရာတွင်လည်းကောင်း၊ မာလာဟင်း၊ မာလာရှမ်းကော များနှင့် အခြားရိုးရာဟင်းပွဲများ ချက်ပြုတ်ရာတွင်လည်းကောင်း အများအပြား အသုံးပြုကြကြောင်း သိရှိ ပါသည်။ ဒေသပြောင်း(ခ) ရှမ်းပြောင်း မျိုးများကို အပင်မှ အဖူးများတွင် အရင့်ထားကာ မျိုးယူ၍ စိုက်ပျိုး ကြပြီးဖူးစားပြောင်းများကိုမူ ကုမ္ပဏီများမှ တံဆိပ်အမျိုးမျိုးဖြင့် တင်သွင်းလာသော (CP)ပြောင်း မျိုးစေ့ များကို စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုနည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

   ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ် ၊ ပနွတ်ကျေးရွာအုပ်စု  ၊ နှင်းပုလဲကျေးရွာ ဓမ္မာရုံ၌ စက်တင်ဘာလ ၁၅ရက်နေ့တွင် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ဒိုက်ဦးမြို့နယ် ၊ အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ဒိုက်ဦးမြို့နယ်ဦးစီးမှူး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ ကျေးလက်လမ်းဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ၊ စက်မှု လယ်ယာ ဦးစီးမှူး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ၊ ဆည်မြောင်းဦးစီးအရာရှိ နှင့် စိုက်ပျိုးရေး ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးတို့မှ တက်‌ရောက်ခဲ့ကြပြီး မိမိတို့ဌာနများ၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူများမှ သိရှိလိုသည်များမေးမြန်းခဲ့၍ ဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၂၁)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံနှင့် ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးတို့ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၄     )ရပ်ကွက်၊ လောကမာရဇိန်ဘုရားဈေးတန်းရှိ “ဧကရီ” ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးသည့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်သည် အသစ်ဖွင့်လှစ် ရောင်းချသည့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်ဖြစ်သဖြင့် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စားသုံးသူရေးရာဦးစီးဌာနသည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(က)အရ Covid-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို အမိန့်ကြော်ငြာစာအမှတ်(၂၁/၂၀၂၀)ဖြင့် အရေးကြီးကုန်စည်အဖြစ်သတ်မှတ်လိုက်ပြီး အဆိုပါကုန်စည်များ အားဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ဆောင်ရွက်နေသည် ကို စိစစ်တွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ၎င်းအပြင် အမိန့်ကြော်ငြာစာအမှတ်(၂၂/၂၀၂၀)ဖြင့် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(ခ)အရ အထက်ပါတားမြစ်ထားသည့် ကုန်စည်များကို တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့်စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခွင့်ကို စားသုံးသူရေးရာဦးစီးဌာနအား အခွင့်အာဏာ အပ်နှင်းထားကြောင်း၊ ကျန်းမာရေး အထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးအား စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းစပ်လျဉ်း၍  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ် ဖြန့်ဖြူး ရောင်း ချ ကြရန်နှင့် ဥပဒေပါအကြောင်းအရာများအား အကျေယ်တဝင့်ရှင်းလင်းဆွေးနွေး ခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေ၍ ဆေးဈေးနှုန်းနှင့် လက်ကျန်အခြေအနေ များမေးမြန်းဆွေးနွေးခဲ့ပြီး ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လိုင်စင် အသစ်လျှောက်ထား ရာတွင် လိုအပ်သည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စံမညီဆေးဝါးများ၊ တားမြစ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခြင်းနှင့် ရောင်းချမှုရှိ/မရှိ ပူးပေါင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း) 

ဒိုက်ဦးမြို့နယ်တွင်  သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချ

     ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ (၂၀.၉.၂၀၂၂)ရက်နေ့တွင် စားသုံးသူ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ဆီတစ်ပိဿာလျှင် ၅၉၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် ဆီတစ်ပိဿာစီ ရောင်းချပေးလျှက်ရှိကြောင်း သိရှိရပါသည်။

       ထိုသို့ ရောင်းချပေးရာတွင် ဒိုက်ဦးမြို့ ၊ ဒရယ်မီး မြို့သစ် (ခ)ရပ်ကွက်နှင့် အမှတ် (၆)မင်း တဲရပ်ကွက် ၊ မြို့သစ် (က)ရပ်ကွက်အတွင်းတို့၌ အိမ်ထောင်တစ်စုလျှင် ဆီတစ်ပိဿာစီ လှည့်လည် ရောင်းချပေးလျှက်ရှိပြီး ကျန်ရှိနေသော ရပ်ကွက်များသို့လည်း ဆက်လက် ရောင်းချပေး သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ဒိုက်ဦးမြို့နယ်အတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စားအုန်းဆီများ လိုက်လံရောင်းချပေးခြင်းကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ