Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၁၅.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၅.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

မြင်းခြံခရိုင်၏ မိုးနှမ်းစိုက်ပျိုးထွက်ရှိမှု အခြေအနေ

မြင်းခြံခရိုင်တွင် မိုးနှမ်း၊ ဆောင်းနှမ်းနှင့် နွေနှမ်းဟူ၍ ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး မိုးနှမ်းများကို မေလနှင့်ဇွန်လတို့တွင် စတင်စိုက်ပျိုးကြပြီး ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ရိတ်သိမ်းလေ့ရှိပါသည်။
မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်များ၏ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများမှာ မြင်းခြံမြို့နယ်တွင် စိုက်ဧက ၅၅၁၅ ဧက ၊ ရိတ်ဧက ၅၅၁၅ ဧက ၊ အထွက်နှုန်း ၅.၁၀ တင်း ၊ အထွက်တင်း ၂၈၁၂၆ တင်း ၊ တောင်သာမြို့နယ်တွင် စိုက်ဧက ၄၄၅၅၃ ဧက ၊ ရိတ်ဧက ၄၄၅၅၃ ဧက ၊ အထွက်နှုန်း ၃.၅၇ တင်း ၊ အထွက်တင်းပေါင်း ၁၆၇၀၇၃ တင်း ၊ နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက ၁၇၃၆၀၉ ဧက ၊ ရိတ်သိမ်းဧက ၁၇၃၆၀၉ ဧက ၊ အထွက်နှုန်း ၁.၆၃ တင်း ၊ အထွက်တင်းပေါင်း ၂၈၂၉၈၂ တင်း ၊ ငါန်းဇွန်မြို့နယ်တွင် စိုက်ဧက ၆၄၀၁၀ ဧက ၊ ရိတ်ဧက ၆၄၀၁၀ ဧက ၊ အထွက်နှုန်း ၂.၀၁ တင်း ၊ အထွက်တင်းပေါင်း ၁၂၈၆၆၀ တင်း ထွက်ရှိခဲ့ပါသည်။ စားသုံးမှုအနေဖြင့် နှမ်းကိုကြိတ်ခွဲ၍ နှမ်းဆီအဖြစ် အဓိကစားသုံးကြပြီး နှမ်းစေ့ကို စားသောက်ကုန်များ ထုတ်လုပ်ရာတွင် လည်းကောင်း၊ ဆေးဖော်စပ်ရာတွင်လည်းကောင်း အသုံးပြု ကြပါသည်။ နှမ်းဆီကြိတ်ရာမှ ထွက်ရှိသော နှမ်းဖတ်များကိုလည်း တိရိစ္ဆာန်အစာ အဖြစ် အသုံးပြုကြပါသည်။
မြင်းခြံကုန်စည်ဒိုင်တွင် လက်ရှိရောင်းဝယ်လျက်ရှိသော နှမ်းဖြူတစ်ပိဿာ ဈေးနှုန်းမှာ ၃၂၈၀ ကျပ်မှ ၃၃၇၅ ကျပ်ထိဖြစ်ပြီး နှမ်းညိုတစ်ပိဿာဈေးနှုန်းမှာ ၂၈၄၀ ကျပ်မှ ၂၈၈၀ ကျပ်ထိရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ ဈေးနှုန်းမှာ နှမ်းဖြူတစ်ပိဿာလျှင် ၂၇၇၀ ကျပ်မှ ၂၈၈၀ ကျပ်ထိရှိပြီး နှမ်းညိုတစ်ပိဿာလျှင် ၂၃၂၀ ကျပ်မှ ၂၃၇၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
မြင်းခြံခရိုင်အနေဖြင့် ယခုလက်ရှိကာလတွင် နှမ်းဆီတစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ရောင်းဝယ လျက်ရှိပြီး ယခင်နှစ်ကာလတူဈေးနှုန်းမှာ နှမ်းဆီတစ်ပိဿာလျှင် ၇၅၀၀ ကျပ်ဖြစ်သဖြင့် နှမ်းဆီတစ်ပိဿာ ဈေးနှုန်းမှာ ယခင်နှစ်ထက် ယခုနှစ်တွင် ၅၀၀ ကျပ် ပိုမိုမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

မိုးမြေပဲများရိတ်သိမ်းပြီးဆောင်းမြေပဲများဆက်လက်စိုက်ပျိုးလျှက်ရှိ

            မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အနေဖြင့် မိုးမြေပဲ (၁၆၅၉၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၁၆၅၉၃)ဧက အားလုံးရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကအထွက်နှုန်းအနေဖြင့် (၄၉.၅၁) တင်း  ၊  အထွက်စုစုပေါင်း (၈၂၁၅၄၇)တင်း ထွက်ရှိကြောင်း  သိရှိရပါသည်။ ယခုအချိန်တွင် ဆောင်းမြေပဲများလည်း စတင်စိုက်ပျိုးနေပြီဖြစ်ရာ ကျောက်ဆည်ခရိုင် အနေဖြင့် ဆောင်းမြေပဲကို ကျောက်ဆည်မြို့နယ်တွင် (၂၉၇)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၅၀)ဧက၊ မြစ်သားမြို့နယ်တွင် (၇၄၃) ဧက၊ တံတားဦးမြို့နယ်တွင် (၃၇၇၂)ဧက၊ စုစုပေါင်း(၄၈၆၂)ဧက စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရ သိရှိရ ပါသည်။ ယခုနှစ်တွင် မြေပဲကို ယာမြေ ၊ ကုန်းမြေများပေါ်တွင် စက်တင်ဘာလကုန်ဝန်းကျင်မှ စတင်စိုက်ပျိုးထားခဲ့ရာ ယခုအချိန်တွင် မြေပဲပင်ပေါက်ကလေးများ ကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းနေပြီ ဖြစ်ပါသည်။ မြေပဲစိုက်ပျိုးမှုအနေဖြင့် မြေပဲတစ်ဧကကုန်ကျ စရိတ်မှာ (၂၀၀၀၀၀/-)ဝန်းကျင် ကုန်ကျကြောင်းသိရှိရပါသည်။ မြေပဲစျေးနှုန်းအနေဖြင့် ယခုအချိန် တွင် မြေပဲတောင့်တစ်တင်း လျှင်(၁၀၅၀၀)ကျပ်၊ မြေပဲဆံ တစ်ပိဿာလျှင် (၂၇၅၀)ကျပ် စျေးနှုန်း များဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

မကွေးတိုင်းဒေသကြီးအတွင်း ဝါသီးနှံစိုက်ပျိုးနိုင်မှု

         ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးနိုင်ပြီး မိုးကြိုရာသီတွင် ဖေဖေါ်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီတွင် မေလလယ်မှ ဇွန်လကုန်အတွင်း မိုးနှောင်းရာသီတွင် ဇူလိုင်လလယ်မှ ဩဂုတ်လအတွင်း စိုက်ပျိုးလေ့ရှိပါသည်။ ဝါစိုက်ပျိုးရာတွင် အထွက်နှုန်းနှင့် ဝါဂွမ်းမွှေး အရည်အသွေးကောင်းသည့် ငွေချည်-၆၊ ရွှေတောင်-၈ နှင့် ငွေချည်-၉ ဝါမျိုးစေ့များကို စိုက်ပျိုးသင့်ပါ သည်။ ငွေချည်-၆၊ ရွှေတောင်-၈ ဝါမျိုးစေ့များသည် သီးကိုင်းရှည်သည့်အတွက် တန်းကြား (၃)ပေ၊ ပင်ကြား(၃)ပေထား၍ စိုက်ပျိုးနိုင်ပြီး ငွေချည်-၉ ဝါမျိုးများကို သီးကိုင်းတိုသည့်အတွက် တန်းကြား(၂) ပေခွဲ၊ ပင်ကြား(၂)ပေခွဲထား၍ စိုက်ပျိုးနိုင်ပါသည်။

       ဝါအထွက်ကောင်းရရှိစေရန် သဘာဝဓါတ်မြေဩဇာ၊ နွားချေး၊ မြေဆွေးနှင့် ဓါတ်မြေဩဇာများကို တွဲဖက်အသုံးပြုနိုင်ပြီး သဘာဝမြေဩဇာနွားချေးသည် ဝါပင်အကြီးမြန်စေခြင်း၊ ရေအစိုဓါတ်ပိုမိုထိန်းသိမ်းနိုင်စေခြင်း၊ မြေတွင်းရှိ အာဟာရဓါတ်များကို စုပ်ယူလွယ်ခြင်းများကြောင့် နွားချေးနှင့်မြေဆွေးကို ဓါတ်မြေဩဇာအဖြစ် တွဲဖက်အသုံးပြုရန် အလွန် အရေးကြီးပါသည်။ဝါသီးနှံသည် ရေလုံလောက်မှုရရှိမှသာ အထွက်ကောင်းရရှိနိုင်မှာဖြစ်ပြီး ပန်းစပွင့်ချိန်၊ ပန်းပွင့် ဖြိုင်ချိန်နှင့် ဝါသီးကြီးထွားချိန်များတွင် အစိုဓါတ်မလုံလောက်ပါက ရေသွင်းပေးရန် လိုအပ်ပါသည်။ ဝါသီးနှံများတွင် ရောဂါကျရောက်မှုနည်းပါးစေရန်နှင့် ပိုးမွှားများဒဏ်မှကာကွယ်နိုင်ရန် သက်ဆိုင်ရာ ပိုးသတ်ဆေးများကိုလည်း ရွေးချယ်ပတ်ဖြန်းပေးရပါသည်။

      မကွေးတိုင်းဒေသကြီးတွင် မိုးကြိုးဝါကို ဖေဖေါ်ဝါရီနှင့် မတ်လအတွင်း၊ မိုးဝါကို မေလလယ်မှ ဇွန်လအတွင်း ချည်မျှင်ရှည်ဝါကို ဩဂုတ်လမှ စက်တင်ဘာလအတွင်း စိုက်ပျိုးကြပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုဧကမှာ (၁၄၁၁၇၇ဧက)စိုက်ပျိုးပြီး (၁၄၁၁၄၂ဧက)ခူးဆွတ် ရိတ်သိမ်းရာ (၁ ဧက) ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၄၆၆.၅၇ပိဿာ)ထွက်ရှိပြီး စုစုပေါင်းပိဿာချိန် အားဖြင့် (၆၅၈၅၂၅၉၆ ပိဿာ)ထွက်ရှိကြောင်း သိရှိရပါသည်။ ဝါတန်ဖိုးမြှင့် ထုတ်ကုန်များအနေဖြင့် စီးပွားဖြစ်ထုတ်လုပ်နိုင်မှုမရှိသော်လည်း ဝါသီးနှံမှ ဝါဂွမ်းဖတ်အဖြစ် ထုတ်လုပ်ပြီး ထွက်ရှိသည့် ဝါဂွမ်းဖတ်များကို မန္တလေးချည်မျှင်စက်ရုံ၊ ပလိပ်ချည်မျှင်စက်ရုံ၊ မိတ္ထီလာချည်မျှင်နှင့် အထည်စက်ရုံများသို့ ရောင်းချလျက်ရှိပြီး အောင်လံ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်နှင့် ပခုက္ကူမြို့နယ်များရှိ ဝါကြိတ်စက်ရုံများမှ စက်ရုံတစ်ရုံလျှင် တစ်နှစ်ပျမ်းမျှ ဝါပိဿာချိန် (၈)သိန်းမှ (၁၀)သိန်းအထိ ကြိတ်ခွဲနိုင်ပြီး ဝါ(၃)ပိဿာ ကြိတ်လျှင် ဝါဂွမ်းဖတ်(၁)ပိဿာ ထွက်ရှိကြောင်းလည်း သိရှိရပါသည်။

         မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ဝါအသင်းအဖွဲ့/အစုအဖွဲ့များ ဖွဲ့စည်းထားရှိမှုအနေဖြင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်သူ အစုအဖွဲ့(၂၉)ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်ကန်းလုပ်ငန်းရှင်အစုအဖွဲ့များလည်း ဖွဲ့စည်းပေးထားပြီး ရက်ကန်းလုပ်ငန်း အဓိကလုပ်ကိုင်နေသော မြို့နယ်(၆)မြို့နယ်တွင် လက်ရက်ကန်းအစုအဖွဲ့(၁၆)ဖွဲ့၊ စက်ရက်ကန်း အစုအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းပေးထားခဲ့ပြီးဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးတွင် ဝါများစိုက်ပျိုး၍ ဝါကြိတ်စက်များရှိသော်လည်း ဝါဂွမ်းဖတ်အထိသာ ထုတ်လုပ်နိုင်၍ အဆင့်အတန်းမီ ဝါချည်ထုတ်လုပ်သည့် စက်များမရှိသည့်အတွက် အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းထားခြင်းမရှိပါသေးပါကြောင်း သိရှိရပါသည်။

        ဝါနှင့် ဝါထွက်ပစ္စည်းလုပ်ငန်းရှင်များ၏ အတွေ့အကြုံများအရ မကွေးတိုင်းဒေသကြီးတွင် ဝါကုန် ကြမ်းများထွက်ရှိပြီး နည်းပညာအခက်အခဲများရှိ၍ ကုန်ချောအထိ မထုတ်လုပ်နိုင်ပါကြောင်း၊ ဝါနှင့် ဝါထွက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးတိုးတက်ပါက ဝါဂွမ်းမှသည် ကုန်ချောအထိထုတ်လုပ်၍ ပြည်ပဝင်ငွေ ရရှိနိုင်ပါကြောင်း၊ နိုင်ငံတော်မှ စီမံချက်ချစိုက်ပျိုးသည့် ငွေချည်-၆ဝါသည် စိုက်ပျိုးပြီး (၄)နှစ်သက်တမ်း ကျော်လာသည့်အချိန်တွင် အထွက်နှုန်းနှင့် အရည်အသွေးကျဆင်းလာ၍ Raka (6661-6662)(B-31) ဝါများစိုက်ပျိုးလာသည့်အတွက် အထွက်နှုန်းနှင့် အရည်အသွေးကောင်းသော်လည်း ဝယ်ယူရောင်းချရာတွင် ဘဏ်ငွေကြေး အခက်အခဲများလည်းရှိပါကြောင်း သိရှိရပါသည်။

          မိမိတို့ရေမြေဒေသနှင့်ကိုက်ညီသော အထွက်နှုန်းကောင်း မျိုးကောင်း/ မျိုးသန့်များကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများသို့ ဖြန့်ဖြူးပေးနိုင်ပါက အထွက်နှုန်းလည်း ကောင်းမွန်လာပြီး ဝင်ငွေများလည်း ပိုမိုရရှိကာ ဝါလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်၍ လူနေမှုအဆင့်အတန်းများလည်း မြင့်မားလာမည်ဖြစ်ပါသည်။

          နိုင်ငံတော်အစိုးရမှလည်း ပြည်ပသွင်းကုန်များ လျော့ချနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလယ်ယာထွက်ကုန်သီးနှံများ ပိုမိုထုတ်လုပ်မှုမြင့်မားလာရေးအတွက် ဝါသီးနှံမှာလည်း အဓိက ပါဝင်ခဲ့ရာ သက်ဆိုင်ရာဌာနများမှ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မျိုးကောင်း၊ မျိုးသန့်များနှင့် သွင်းအားစုများအတွက် ကွင်းဆင်းဆောင်ရွက်ပံ့ပိုးပေးသည့်အပြင် ထွက်ရှိသောဝါသီးနှံ များကို ထုတ်လုပ်သူ၊ ဝါလုပ်ငန်းရှင် (ဝါကြိတ်စက်ပိုင်ရှင်) အားအရည်သွေးမီ ဝါဂွမ်းဖတ်ထုတ်လုပ်နိုင် ရေး အားပေးကူညီဆောင်ရွက်လျှက်ရှိသည့်အတွက် ၂၀၁၉-၂၀၂၀ခုနှစ်တွင်  ဝါဂွမ်းပေါ်စအချိန်၌ (၁ပိဿာ ၁၁၅၀ကျပ်နှင့် ၁၃၅၀ကျပ်)တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၀-၂၀၂၁ခုနှစ်တွင် (၁ပိဿာ ၁၃၀၀ကျပ်)နှင့် အရည်အသွေးကောင်းဝါများကို (၁၃၅၀ကျပ်)အထိ ဈေးပေးဝယ်ယူနေသဖြင့် ဝါ ဈေးနှုန်းကျဆင်းမှု မရှိနိုင်ကြောင်းနှင့် ဝါသီးနှံများစိုက်ပျိုးခြင်းအားဖြင့် တောင်သူများအတွက် ဝင်ငွေ အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်အညွှန်းအမှတ်အသားစိစစ်ထုတ်ပေးမှုတိုးတက်လာ

        စားသုံးသူရေးရာဦးစီးဌာန၊  ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  အရာထမ်း/အမှုထမ်းများသည် ဒေသအတွင်းရှိ စားသုံးသူပြည်သူများ  အစားအသောက်ဘေးအန္တရာယ်  ကင်းရှင်းစေရေးနှင့် ကုန်စည်များအပေါ် စိတ်ချ ယုံကြည်စွာ အသုံးပြုနိုင်ရေးအတွက် ဒေသအတွင်း ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးလျက်ရှိပါသည်။

      စီးပွားရေးလုပ်ငန်းရှင်များအား  အသိပညာပေးတွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဉပဒေပါ ပြဌာန်းချက်များဖြစ်သည့် စားသုံးသူများ၏  အခွင့်အရေးနှင့် တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်း အရာများ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဉပဒေပါ ပြဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ကို စိစစ်ပေးနေကြောင်း ဆွေးနွေး၍ အသိပညာပေးလျက် ရှိကြောင်း သိရှိရပါသည်။

      ထိုသို့ အသိပညာပေးဆွေးနွေးခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဉပဒေအပေါ် လိုက်နာဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနစ်မှ ၂၀၂၁ ဒီဇင်ဘာလထိ လုပ်ငန်းရှင် ( ၃၀၃) ဦးမှ ကုန်စည်အမျိုးအစား ( ၃၃၆ ) ခုအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စိစစ်ပေးနိုင် ပါရန် တင်ပြလာမှုအပေါ် ဌာနအနေဖြင့် ဉပဒေနှင့် ကိုက်ညီမှုရှိသည့်ကုန်စည်များ၏ ကုန်အညွှန်းအမှတ် အသားအား ကိုက်ညီမှုရှိကြောင်းနှင့် ဉပဒေနှင့်ကိုက်ညီမှုမရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြန်လည်ပြင်ဆင်၍ တင်ပြပေးပါရန် စီးပွားရေးလုပ်ငန်းရှင် များအား အကြောင်းကြားစိစစ်ဆောင်ရွက်ပေးလျက် ရှိပါသည်။

      စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်   ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍  စိစစ်ဆောင်ရွက်ပေးနေခြင်းအားဖြင့် စားသုံးသူပြည်သူများ ကုန်စည်များအပေါ်တွင် ဖော်ပြပါ ကုန်အညွန်း အမှတ်အသားများအား လေ့လာ၍ ကုန်စည်ကို ရွေးချယ်ဝယ်ယူ စားသုံးတတ်လာခြင်း၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံသည့် ကုန်စည်များကို ယုံကြည်စွာ အသုံးပြုလာနိုင်ခြင်းတို့ကြောင့် ဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စျေးကွက်ခိုင်မာကာ ရောင်းလိုအားများ မြင့်တက်လာခြင်းကြောင့် လုပ်ငန်းများ၏ ကုန်သွယ်မှု ၊ ထုတ်လုပ်မှု၊ ရောင်းချမှုများ ဖွံ့ဖြိုးလာသဖြင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာသည့်အပြင် စားသုံးသူပြည်သူများမှာလည်း ကျန်းမာရေးနှင့်ညီညွတ်သော ကုန်စည်များကို  လုံခြုံစိတ်ချစွာ အသုံးပြုလာနိုင်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပဲခူးငါးချဉ်စျေးကွက် ဆက်လက်ဖွံ့ဖြိုးနေ

             ပဲခူးမြို့တွင် ဒေသထွက်ကုန်အနေဖြင့် ငါးချဉ်လုပ်ငန်းအား တနိုင်တပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြပြီးပဲခူးမြို့အခြေပြု ထုတ်လုပ် ရောင်းချသော ငါးချဉ်အမှတ်တံဆိပ်များတွင် ပဲခူး(မနီ)၊ အေးမိစံ၊ ကမ္ဘာကျော်၊ ကောင်းထက်စံ၊ ပဲခူးအောင်၊ မမွန်လေး၊ မနိုင်၊ ကျော်ကြား၊ ရွှေဟင်္သာစသည့် တံဆိပ်အသီးသီးဖြင့် ထုတ်လုပ်လုပ်ကိုင်လျက်ရှိကြရာ လုပ်ငန်းရှင်(၂၀)ဦးကျော် လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

             ငါးချဉ်ပြုလုပ်ရာတွင် အဓိကအသုံးပြုသည့်ငါးမှာ ငါးဖယ်ငါးဖြစ်ပြီး ငါးဖယ်ရှားပါးသော အချိန်ကာလများတွင် ငါးမြစ်ချင်းငါးကို အစားထိုး၍ ထုတ်လုပ်ပြီး၊ ကုန်ကြမ်း အဖြစ် အသုံးပြုသည့် ငါးများကိုပဲခူးမြို့ရှိငါးဒိုင်များမှ ဝယ်ယူအသုံးပြုလျက်ရှိပါသည်။ ငါးချဉ်ထုပ်ပိုးရာတွင် အသုံးပြုသည့် တောင်စွန်းဖက်ရွက်များကို ပွဲစားများထံမှ အရွက်ကြီးလျှင် ငါးကျပ်၊ အရွက်သေးလျှင် သုံးကျပ်ခန့် ဝယ်ယူရပြီး ငါးချဉ်တစ်ထုပ်လျှင် ငါးချဉ်၈ကျပ်သားခန့် ပါရှိကာ တောင်စွန်းဖက် သုံးရွက်ခန့် အသုံးပြု၍ ထုပ်ပိုးရောင်းချကြောင်း သိရှိရသည်။         

             ငါးချဉ်ထုတ်လုပ်သည့်လုပ်ငန်းငယ်တစ်ခုတွင် ၁ရက် ငါးပိဿာချိန် (၁၀)မှ (၉၀)အထိ လုပ်ကိုင်နိုင်ပြီး အချိန်(၁၀)လျှင် အထုပ်အရေအတွက်(၂၀၀)ခန့် ထွက်ရှိကြောင်း၊ ငါးအချိန်(၁၀) အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် (၁)သိန်းခွဲဝန်းကျင်ခန့် ရှိကြောင်းသိရပါသည်။ စျေးနှုန်း အနေဖြင့် ငါးချဉ်(၁၀)သား တစ်ဘူးလျှင် (၁၅၀၀) ကျပ်၊ ပုဇွန်ချဉ်(၁၀)သားတစ်ဘူးလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း ၊စျေးကွက်အနေအားဖြင့် ပဲခူးမြို့တွင် ဘုရားကြီး၊ မဒေါက်၊ ရွှေကျင်၊ ဒိုက်ဦး၊ ဝေါ၊ ပြွန်တန်ဆာ စသည့်မြို့နယ်များ၌လည်း ထုတ်လုပ်ရောင်းချ နေကြောင်း သိရှိရပါသည်။

             ငါးချဉ်သည် ငါးနှင့်ပြုလုပ်ထားသည့်အတွက် ဗီတာမင်D နှင့်Omega3 ကြွယ်ဝစေခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါအချို့ကို ကာကွယ်စေနိုင်ခြင်း၊ ငါးစားသုံးခြင်းသည် ကျန်းမာရေး နှင့် ညီညွတ်ခြင်း၊  ဗီတာမင်D နှင့်ပရိုတိန်းဓာတ်သည် အရိုးဆစ်ကြီးထွားရန်အတွက် အားပေးပြီး ကိုယ်ခံအားကို ကောင်းစေနိုင်ခြင်းစသည်တို့ကြောင့် ဝယ်ယူသုံးစွဲမူ မြင့်တက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းပြီး မတ်ပဲစိုက်ပျိုးရန်ပြင်ဆင်

         ပဲခူးတိုင်း‌ဒေသကြီးအတွင်း ပဲခူးခရိုင်အနေဖြင့် မတ်ပဲစိုက်ဧကမှာ ၁၂၆၇၉၁ ဧက ရှိပြီး ပဲခူးခရိုင် (၈)မြို့နယ်တွင် ကျောက်တံခါးမြို့နယ်သည် မတ်ပဲစိုက်ဧကအများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ရာ မတ်ပဲစိုက်ဧက (၆)သောင်းကျော် စိုက်ပျိုးလျက်ရှိသည်။ ယခုစိုက်ပျိုးကာလတွင် မတ်ပဲမျိုး တစ်တင်း လျှင် ၅၅,၀၀၀ကျပ် ရှိပြီးပဲစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် စိုက်ပျိုးစရိတ် ၂၉၀,၀၀၀ ကျပ်ခန့် ကုန်ကျလျက်ရှိပြီး တစ်ဧကလျှင်ပျမ်းမျှအားဖြင့် တင်း ၁၀ - ၁၈ တင်းထွက်ရှိကြောင်း သိရှိရပါသည်။ မတ်ပဲကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖေါ်ဝါရီလကုန် မတ်လထဲတွင် စတင်ရိတ်သိမ်း ထွက်ပေါ်ကြောင်း သိရှိရပါသည်။

       ၂၀၂၀-၂၀၂၁ ခုနှစ် မတ်ပဲစိုက်ပျိုးရာသီကာလတွင် မတ်ပဲ တစ်တင်းလျှင် ၃၀,၀၀၀ ကျပ်ခန့် စျေးရရှိပါက တစ်ဧကလျှင် ၁၀၀,၀၀၀ ကျပ်  အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။  တောင်သူများအနေဖြင့် မိုးစပါးရိတ်သိမ်းပြီးပါက အကျိုးအမြတ် ရရှိရန်သေချာသော  မတ်ပဲကို အဓိကထား ဦးစားပေးစိုက်ပျိုးလျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ယခင်နှစ်ထက် ကြံတစ်တန် တစ်သိန်းကျော် ပိုရနေသည့်ကြံဈေးကွက်

       ပဲခူးတိုင်းဒေသကြီးတွင် ကြံစိုက်ဧက၅သောင်းကျော် စိုက်ပျိူးလျှက်ရှိပြီး တောင်ငူခရိုင်အနေဖြင့် ၂သောင်းဝန်းကျင်ခန့် စိုက်ပျိုးလျှက်ရှိကြောင်းနှင့် ယခုဒီဇင်ဘာလတွင် စတင်ခုတ်သိမ်းနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။ တောင်ငူခရိုင်တွင် ပုဂ္ဂလိကပိုင် သကြားစက်များအနေဖြင့် ရေတာရှည်မြို့နယ်တွင်  အောင်ချမ်းသာသကြားစက်နှင့် မြို့လှ သကြားစက်၊ အုတ်တွင်းမြို့နယ်တွင် ဗောဓိကုန်းသကြားစက်၊ ဖြူးမြို့နယ်တွင် ဇေယျဝတီ ဆင်ဖြူတော်သကြားစက် စုစုပေါင်း သကြားစက် ၄စက် ရှိကြောင်းသိရှိရပါသည်။

      ယခုနှစ် သကြားစက်များမှ ကြံဝယ်ယူရာတွင် ကြံစိုက်တောင်သူများအား အုတ်တွင်းမြို့နယ် ဗောဓိကုန်းသကြားစက်နှင့် ဖြူးမြို့နယ် ဇေယျဝတီဆင်ဖြူတော်သကြားစက်တို့မှ စိုက်စရိတ် ကြိုတင်ချေးငွေ တစ်ဧကလျှင်၂သိန်းခွဲပေး၍ ဝယ်ယူကြောင်း၊ စိုက်စရိတ်များ ကြိုတင်ပေး၍ ဝယ်ယူသော သကြားစက်များမှာ ဈေးနှိမ်ဝယ်ယူခြင်းမဟုတ်ဘဲ တောင်သူနှင့်စက်ပိုင် အပြန်အလှန် အကျိုးပြုသည့်အနေဖြင့် မိမိစက်ရုံသို့ ကြံရောင်းချနိုင်ရေးအတွက် ကြိုတင်ချေးငွေများ ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ ဝယ်ယူသည့် ဈေးနှုန်းများအနေဖြင့် ရေတာရှည်မြို့နယ်ရှိ အောင်ချမ်းသာသကြားစက်နှင့် မြို့လှ သကြားစက်များမှ ကွင်းဈေးနှုန်း ကြံတစ်တန်လျှင် ၄၃၀၀၀ကျပ် စက်အရောက် ဈေးနှုန်း ၅၆၀၀၀ကျပ်ဖြင့် လည်းကောင်း၊ အုတ်တွင်းမြို့နယ် ဗောဓိကုန်းသကြားစက်မှ ကွင်းဈေးနှုန်း ကြံတစ်တန်လျှင် ၄၅၀၀၀ကျပ်၊ စက်အရောက်ဈေးနှုန်း ၅၈၀၀၀ကျပ်ဖြင့်လည်းကောင်း၊ ဖြူးမြို့နယ် ဇေယျဝတီ ဆင်ဖြူတော် သကြားစက်မှာ စက်အရောက် ဖြင့်သာဝယ်ယူပြီး ဈေးနှုန်းကြံတစ်တန်လျှင် ၅၅၀၀၀ကျပ်ဖြင့် အသီးသီး ဝယ်ယူလျက် ရှိကြောင်း သိရှိရပါသည်။

      တောင်ငူခရိုင်စက်ရုံများမှ ယခင်နှစ် ကြံဝယ်ယူမှုဈေးနှုန်းများမှာ ၄၀၀၀၀ မှ ၄၅၀၀၀ရှိခဲ့ပြီး ယခုနှစ်တွင် ၄၃၀၀၀ မှ ၅၈၀၀၀ထိ ဝယ်ယူသဖြင့်ဈေးနှုန်း များမြင့်တက်လာခဲ့ကြောင်း ယခုကဲ့သို့ ဈေးနှုန်းမြင့်တင်ဝယ်ယူလာခြင်းမှာ ယခုစိုက်ပျိုးကာလတွင် တောင်သူများအနေဖြင့် သွင်းအားစုများ  ကြီးမြင့်ခဲ့မှုကြောင့် ကုန်ကျစရိတ် ပိုမိုလာခြင်းနှင့် သယ်ယူခနှုန်းထားများ မြင့်တက်လာမှုများကြောင့်  တောင်သူများ တွက်ချေကိုက်မည့် နှုန်းထားများ သတ်မှတ်၍ ဝယ်ယူပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

လွိုင်ကော်မြို့၊ သိရီမင်္ဂလာဈေးအတွင်းဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးရုံးမှ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန်အတွက် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် လွိုင်ကော်မြို့၊ သီရီမင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများ ရှိ/မရှိကို သက်ဆိုင်ရာမိတ်ဖက်ဌာနဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချသောဆိုင် ( ၄ ) ဆိုင်မှ ထိုင်းစာသားပါ ဆန်ပြားထုပ်(၆)ထုပ်၊ ဟင်းလျာများတွင် အရသာအတွက် အသုံးပြုသော ဟင်းချိုမုန့် အလေးချိန်(1 Lb)ထုပ် (၁၀)ထုပ်နှင့် ပဲငပိ(၅)ဘူး၊ ငရုတ်ချဉ်စပ် (၅)ဘူးတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ရောင်းချသူများအနေဖြင့် နောင်တွင် အဆိုပါ စားသောက်ကုန်များအား ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့် ကိုက်ညီသော ကုန်ပစ္စည်းများသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုမရှိသော ပစ္စည်းများရောင်းချခြင်းမပြုရန် သတိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ကယားပြည်နယ်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီးမှ အောက်ဖော်ပြပါ ငှားရမ်းခြင်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

              (က) () နှစ်သက်တမ်း ငှားရမ်းခြင်း                                                                   

                      (၁) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂဝင်းရှိ သိုလှောင်ရုံအမှတ် (၂၅/၂၆) (၂)လုံးတွဲ သိုလှောင်ရုံ(၁)လုံး (၁၂၀'x၆၀'x၁၅') (သွပ်၊ သွပ်၊ ကွန်)

                      (၂) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂဝင်းရှိ သိုလှောင်ရုံအမှတ် (၂၃) သိုလှောင်ရုံ(၁)လုံး (၁၂၀'x၃၀'x၁၅') (သွပ်၊ သွပ်၊ ကွန်)

              ( ခ ) () နှစ်သက်တမ်း ငှားရမ်းခြင်း

                      ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ မော်တော်ယာဉ်ဝင်းရှိ အဆောက်အဦ(၁)လုံး (၁၁၄'x၈၇'x၁၇.၅') (သွပ်၊ အင်္ဂတေ၊ အင်္ဂတေ)

              ( ဂ ) တင်ဒါပုံစံရောင်းချမည့်ရက်       - (၁၅.၁၂.၂၀၂၁) ရက်မှ (၁၄.၁.၂၀၂၂)ရက်ထိ

                                                                  (ရုံးချိန်အတွင်း)

              (ဃ) တင်ဒါပုံစံရောင်းချရန်               - (၁၄.၁.၂၀၂၂)ရက် ညနေ(၁၆:၀၀)နာရီ

                     ပိတ်မည့်နေ့/အချိန်                 

              ( င ) တင်ဒါတင်သွင်းရမည့်နေရာ‌၊      - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊

                      စာရင်းပေးသွင်းရမည့်နေရာ၊        စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊ဒုတိယထပ်၊

                     တင်ဒါပုံစံရောင်းချမည့်နေရာ၊       ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊

                      တင်ဒါစည်းကမ်းချက်များ         - ရန်ကုန်မြို့။

                     ရှင်းလင်းမည့်နေရာ၊                

              ( စ ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန် -  ( ၂၀.၁.၂၀၂၂)ရက်နေ့၊ (၁၃:၀၀)နာရီ

              (ဆ) တင်ဒါစည်းကမ်းချက်များ         - (၂၀.၁.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီ

                      ရှင်းလင်းမည့်နေ့၊ အချိန်                                                    

              ( ဇ ) Deposit ပေးသွင်းနိုင်သည့်        - တင်ဒါစည်းကမ်း သတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။

၂။            စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် သိုလှောင်ရုံများနှင့် အဆောက်အဦတို့၏ မျက်မြင် အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

                                                                            တင်ဒါစိစစ်ရေးကော်မတီ

                                                            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ